ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

25/11/2011

လွမ်းမောမိသည့် နေ့ရက်လေးများ ( ၁၁ )

1. စီးဆင်း ရင်ခွင် | 11/25/2011 | 2. 3. 4. 5. 6. Best Blogger Tips


    ဇေတ၀န်ကျောင်းတော်ရာကနေ မြတ်စွာဘုရားတန်ခိုးပြဋိဟာပြရာ ကဏ္ဍမ္ဗသရက်ဖြူကုန်းကို သွားရောက်ကြတယ်၊ စေတီပျက်ကြီးနေရာမှာ တောင်ကုန်းလေးတစ်ခုဖြစ်ပြီး မို့မောက်နေတယ်။ အသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီတော်ကြီးနေရာပါ၊ ဘုရားရှင်ဟာ ဒီနေရာမှာပဲ ရေမီးအစုံစုံသော တန်ခိုးပြဋိဟာကို ပြတော်မူပြီး တာဝတိံသာနတ်ပြည်ကို (၂-လှမ်း ၃-ဖ၀ါးဖြင့်) ကြွသွားခဲ့ပါတယ်။      
    ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်တဲ့ ပဏ္ဍူကမ္ဗလာ မြကျောက်ဖျာထက်မှာထိုင်တော်မူကာ မယ်တော်ဖြစ်ဖူးခဲ့တဲ့ သန္တုဿိတနတ်သားကို အမှုးထားပြီး စကြာဝဠာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့အား ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့တာပါ။ လူ့ပြည်သို့ ကြွပြီး ဆွမ်းခံချိန် ဆွမ်းစားချိန်တို့မှာ နိမ္မိတရုပ်ပွားတော်မြတ်ကို ဖန်ဆင်းထားပြီး ဟောကြားစေ ခဲ့ပါတယ်။ လူ့ပြည်မှာ ခေတ္တသီတင်းသုံးခိုက် အရှင်သာရိပုတ္တရာကို အကျဉ်းနည်းဖြင့် ဟောကြားပါတယ်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ် ခဲ့ဘူးတဲ့ ရဟန်းငါးရာတို့ကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားပါတယ်။ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့မှာ နတ်ဗြဟ္မာအပေါင်းခြံရံကာ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ကြွဆင်းတော်မူခဲ့တာပါ။
     အဘိဓမ္မာတရားတော်ဟာ အမေ့ကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည် ၌ ဟောကြားခြင်း၊ သုံးလကြာမျှ ဟောကြားခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်း ဆိုတဲ့ ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံပါတယ်။ ဒီမျှမက အဘိဓမ္မာတရားတော်ဟာ ပါဠိ၏နက်နဲခြင်း၊ သဘောအဓိပ္ပါယ်၏နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်းဆိုတဲ့ နက်နဲခြင်း တို့နှင့်လည်း ပြည့်စုံပါတယ်။
     ဒေ၀ဒတ်နှင့် စိဉ္စမာဏတို့ကို မြေမျိုခဲ့တဲ့နေရာလို့ ယူဆ ရတဲ့ရေကန်တို့ကိုတော့ ကားပေါ်ကနေပဲ ကြည့်ဖြစ်ကြတယ်၊ ဒီရေကန်အနီး နားမှာ မြေမျိုခံခဲ့ရတယ်လို့ မှန်းဆကြတာပါ။ အချိန်မရတော့တာကြောင့် မဟာမွန်ဂို ထိုင်းကျောင်းကို သွားရောက် မလေ့လာ နိုင်ခဲ့ကြဘူး၊ သိပ်ကြီးကျယ်တဲ့ နေရာအဖြစ် နာမည်ကြီးပါတယ်။ မြန်မာကျောင်းကို မိမိတို့ပြန်ရောက်တော့ တော်တော်ကို မှောင်နေပါပြီ၊ မြန်မာနိုင်ငံက ဘုရားဖူးလာရောက်ကြတဲ့ အဖွဲ့တွေနှင့်လည်း ဆုံတွေ့ ကြတယ်။
     နောက်တစ်ရက် စောစောထ ဆွမ်းချိုင့်စီစဉ်ကြပြီး ဗာရာဏသီကို ခရီးဆက်ကြပါတယ်၊ အချိန်ကြာကြာ မောင်းရတဲ့ ခရီးပါပဲ။ နေ့ဆွမ်းချိန်မှာ လမ်းဘေးဆိုင်ကောင်းကောင်း တွေ့တာကြောင့် အိန္ဒိယအစားအစာ တစ်ချို့မှာကာ ယူလာတဲ့ဆွမ်းဟင်းတွေနဲ့ ဘုန်းပေးကြတယ်။ ဦးကုဏ် လက်ရာ ချဉ်ပေါင်ကြော်ကတော့ လက်စွဲပေါ့၊ နေ့ခင်းတစ်နာရီလောက်မှာ ဗာရာဏသီမြို့ကို ရောက်ရှိပါတယ်။
     ဗာရာဏသီမြို့ဟာ ဂင်္ဂါမြစ်ကမ်းဘေးမှာ တည်ရှိပြီး ဟိန္ဒူဘာသာ ၀င်များအတွက် အထွတ်အမြတ်ထားရာမြို့ဖြစ်ပါတယ်၊ ကမ္ဘာရှေးဟောင်း အကျဆုံး မြို့တော်ကြီးအဖြစ် သတ်မှတ်ကြတာပါ။ စာပေတွေမှာတော့ မျောက်ဦးခေါင်းနှင့်တူသဖြင့် (သို့မဟုတ်) မျောက်ဦးခေါင်းနှင့် တူသော ကျောက်ဖြာရှိသဖြင့် ဗာရာဏသီလို့ ခေါ်ဆိုကြောင်း ဖွင့်ပြကြတယ်၊ ဗာရာဏသီမြို့သားတွေရဲ့ ကြံဆချက်အရ ၀ရုဏမြစ်နှင့် အသိ(အဆိ)မြစ်တို့ရဲ့ အကြားမှာ တည်ရှိတဲ့မြို့ဖြစ်တာကြောင့် ဗာရာဏသီလို့ ခေါ်ဆိုပါတယ်။ မိမိနှင့် ဦးကုဏ်တို့ ပညာသင်ကြားနေရာ မြို့လဲဖြစ်ပါတယ်။
     ’မင်းမသိ ဗြဟ္မဒတ်၊ပြည်မသိ ဗာရာဏသီ‘ လို့ ပြောလေ့ရှိကြသလို နှစ်ပေါင်းများစွာကတဲက တည်ရှိတဲ့မြို့ဖြစ်တာကြောင့် Acient City ရှေးဟောင်း မြို့တော်လို့ ခေါ်ကြပါတယ်။ ဘာသာရေးအမြင်ဖြင့် ဟိန္ဒူ ဘာသာဝင်တို့က သူတို့ရဲ့ အထွဋ်အမြတ်ထားရာ နေရာဖြစ်လို့ Holy city ဟု ခေါ်ကြတာပါ။ ဒီနေရာဟာ မြတ်ဗုဒ္ဓ စမ္မစကြာတရားဦးဟောကြားပြီး၊ အတ္တ၀ါဒကို တော်လှန်ပြီး အနတ္တ၀ါဒ ကို ဖော်ထုပ်ပြရာ နေရာမြတ်ဖြစ်တာမို့ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့်လည်း Holy city လို့ သတ်မှတ် ခေါ်ဆို နိုင်ပါတယ်။
     ယခုအခါ ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ တည်ရှိပြီး (၁၅၅၀) စကွဲယား ကီလိုမီတာ ကျယ်ဝန်းကာ လူဦးရေ (၃၁၄၇၉၂၇)ဦးတို့ နေထိုင်လျှက်ရှိကြတယ်။



     ဗာရာဏသီ ပိုးထည်ဟာ အိန္ဒိယ အမျိုးသမီးများကြားမှာ သိပ်ရေပန်းစားသလို ဗာရာဏသီ ကွမ်းယာနှင့် ဒိန်ချဉ်တို့ဟာလဲ သိပ်ကို နာမည်ကြီးလှပါတယ်။ အိန္ဒိယလူမျိုးတွေက ဒီမြို့ကို သိပ်တန်ဖိုး ထားကြတာပါ။ ဒီမြို့မှာ ခေါင်းချရရင်တောင် ကောင်းရာဘ၀ ရောက်ရ တယ်လို့ ယူဆကြပါသတဲ့။ ဒါကြောင့် တစ်ချို့ ချမ်းသာသူတွေက နောက်ဆုံးထွတ်သက်ကို ဒီမြို့မှာ ထွတ်ဖို့အတွက် ကြိုတင် အိမ်ဝယ်ထား ကြတယ်၊ တစ်ချို့သူတွေကတော့ ကျမ္မာရေး အခြေအနေမကောင်းရင် ဒီမြို့ကို သယ်ဆောင်လာကြတယ်။ ဒီကလူတွေ ပြောပြလို့သိရတာလေးတွေ မျှဝေလိုက်တာပါ။ ဒါကြောင့်ထင်တယ်။ အသုဘချတာတွေ မကြာခဏဆိုသလို တွေ့ရတတ်တယ်။ သင်္ချိုင်းကလဲ ဂင်္ဂါမြစ်ကမ်းဘေးမှာပါ။ ဂင်္ဂါမြစ်ရေနဲ့ ရုပ်အလောင်းကို အရင်ဆေးကြောပြီးမှ မီးရှို့ကြတာပါ။ အသုဘချရင်တောင် တခမ်းတနားလုပ်တာမျိုးမရှိဘဲ အမျိုးသားတွေပဲ လိုက်ပါပို့ဆောင်ကြတာကို တွေ့ရပါတယ်။ 
                                              သိမ်မွေ့ဦး (BHU)

No comments:

Post a Comment