ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

29/03/2012

တပေါင်း၏ သြဇာနှင့် ဆရာအို၏ ပြဿနာ

1. စီးဆင်း ရင်ခွင် | 3/29/2012 | 2. 3. 4. 5. 6. Best Blogger Tips


   အချိန်မှာ ကျွန်ုပ်တို့၏ ရန်ကုန်တက္ကသိုလ် နွေရာသီကျောင်းပိတ်ချိန် တနေ့သော နံနက်ခင်း ဖြစ်လေသည်။ ကျွန်ုပ်သည် ပင်စင် ယူရခါနီးပြီဖြစ်သော ကထိက ဆရာအိုကြီးတဦး ဖြစ်ပေ၏။ ကျွန်ုပ်သည် မည်သူကမျှ မပညတ်မီကပင် ကိုယ့်ဖာသာစည်းကမ်း သတ်မှတ်ပြီး ကျောင်းသို့ ၉ နာရီ မှန်မှန်ရောက်အောင် လာလေ့ရှိသည်။

     ကျောင်းသားတွေအတွက် ကျောင်းပိတ်ပြီးဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ် သေးသော ရက်များ၌ပင်လျှင် ဤအချိန်ဇယားကို စည်းကမ်းကြီးစွာနှင့် စောင့်ထိန်းလေ့ရှိသည်။

        ကျွန်ုပ်သည် နေအိမ်မှ ကျောင်းသို့ ခြေလျင် လျှေက်ရခြင်းကိုလည်း နေပူမရှောင်၊ မိုးရွာမရှောင် ကျင့်သုံးသော အလေ့ လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းသည်မှာ ဤအလေ့ကြောင့် တကြောင်းဖြစ်သည်။ လူငယ်ဆရာတွေက မော့စ်ဗစ်၊ ဘဲလောက်စ်ဗစ်တာ စသော ကားကလေးများ ၀ယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲဖြေလွှာ ဖျက်ခထဲမှသော်၎င်း အပတ်တကုတ် ကြိုးစား၍ ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ ပင်စင်ယူလျှင် ကိုယ့်ဝင်း၊ ကိုယ့်ခြံ၊ ကိုယ့်အိမ် ကလေးနှင့် နေနိုင်အောင် စုဆောင်း နေရပေသည်။

        ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာ သစ်ပင်စိုက်ရင်း ရုက္ခဗေဒ သုတေသန လုပ်ရန်စိတ်ကူး ထားသည်။ ရုက္ခဗေဒသည် ကျွန်ုပ်သင်ကြား ပြသနေရသော ဘာသာရပ်ကား မဟုတ်ပါ။ ၀ါသနာအလျောက် လေ့ လာနေသော အပျော်လုပ်ငန်းတခုသာ ဖြစ်လေသည်။

    ကျွန်ုပ်သည် တက္ကသိုလ်ရိပ်သာ လမ်းမကြီး ကိုဖြတ်ပြီး ပုဂံလမ်းထဲသို့ ၀င်လာလေသည်။ ၀င်လာမိသည်နှင့် တပြိုင်နက် ပုဂံလမ်းတွင် နေထိုင်ကြသော ဘူမိဗေဒပါမောက္ခ ဒေါက်တာ သာလှ၊ မြန်မာစာပါမောက္ခ ဦးအေးမောင်၊ ရူပဗေဒပါမောက္ခ ဒေါက်တာမောင်မောင်ခ၊ ပိဋကတ်တိုက်မှုး ဦးသိန်းဟန် (ဇော်ဂျီ)၊ မော်ကွန်းထိန်း အရာရှိ ဦးယုခင်နှင့် ဘာသာပြန်နှင့် ထုတ်ဝေရေး ဦးဝန်(မင်းသုဝဏ်) တို့သည် အားလုံးပင် ကျွန်ုပ်ထက်ငယ်သူများ ဖြစ်ကြောင်း ဗြုံးကနဲ သတိရသွားလေသည်။

        ကျွန်ုပ် ကူးဖြတ်ခဲ့ရသော တက္ကသိုလ်ရိပ်သာ လမ်းမကြီးနှင့် ပုဂံလမ်းမှာ ခြားနားလှသည်။ ပုဂံလမ်းထဲ ၀င်လိုက်သည်နှင့် တပြိုင်နက် ငြိမ်သက်အေးချမ်းခြင်း အရသာကို ထူးထူးခြားခြား ခံစားလိုက်ရ၏။ နဂါးဘက်စ်ကားနှင့် ပရိုက်ဗိတ်ကားသံများသည် ပျောက်ကွယ်သွားသည်။ ပူရှိန်ကောင်းစ တောက်ပ၀င်း ထိန်နေသော နေခြည်များမှ ကင်းလွတ်ခဲ့ပြီး ပုဂံလမ်းပေါ်သို့ ဖြာဆင်းနေသော သစ်ပင်ရိပ် ကြီးများ အောက်သို့ အေးခနဲ ၀င်ရောက်လာ ခဲ့လေသည်။

      လမ်း၏ဟိုဘက် သည်ဘက်မှ ထင်းရူးပင်ကြီးများသည် ကျွန်ုပ်အား ထီးမိုးပေးနေ ကသည်နှင့် တူ၏။ ခြံစည်းရိုးများပေါ်မှ ကျော်ထွက်နေကြသော တရုတ်စကား အကိုင်းအခက်များ သည် ငွေဖြူစကား ပန်းရိပ်များဖြင့် ကျွန်ုပ်အား လက်ဝှေ့ရမ်းကာ နှုတ်ဆက်နေကြသည် နှင့်တူ၏။

     ကျွန်ုပ်သည် အစပထမ၌ ထင်းရူးပင်ကြီးများကို ရုက္ခဗေဒ အမြင်ဖြင့် လေ့လာကြည့်မိ၏။ မျိုးစေ့ကို လျှို့ဝှက် သိုလှောင်သော အပင်မျိုးနှင့် မျိုးစေ့ကို တမင်ဖော် ပေးထားသော အပင်နှစ်မျိုးရှိရာ ထင်းရူပင်မှာ ဒုတိယအပင်မျိုး ဖြစ်ကြောင်းနှင့် ရန်ကုန်သည် ထင်းရူးပင်၏ မူလပေါက်ဖွားရာ အရပ်မဟုတ်ကြောင်း သတိရနေလေသည်။

     တရုတ်စကားပင်၏ မျိုးစု၊ မျိုးခွဲ၊ မျိုးစပ် စသော ရုက္ခဗေဒ ဇယားကို သူ့အခေါ်အဝေါ် နှင့်တကွ မှတ်မိအောင် လေ့လာကြည့်သည်။ ကျွန်ုပ်မှာ လူငယ်များလို မှတ်ဥာဏ်မကောင်းတော့ချေ။ သို့သော် ထိုးထွင်းဥာဏ် တီထွင်ဥာဏ် တို့ကား ပိုမိုထက်မြတ်လာသည်ဟု ထင်ပါ၏။

   အချို့ငုပင်များသည် ပုဂံလမ်းပေါ်၌ ရွှေဝါပန်းကုံးများကို သွယ်ချထားကြပြီး အချို့ငုပင်များကမူ နီလာပန်းကုံးများ သွယ်ချထားကြ၏။ ကျွန်ုပ်သည် ငုရွှေဝါ၊ ငုနီလာတို့ကိုကား ရုက္ခဗေဒ အမြင်ဖြင့် ကြည့်၍ မရတော့ပါ၊ အလှကြည့်သာ ကြည့်မိပါ တော့၏။ စိန်ပန်းပင်များ သည်လည်း ပင်လုံးကျွတ် ပွင့်ကုန်ကြလေပြီ။ နီရဲဝင်းထိန်သော ပတ္တမြားပန်းများပေတည်း။

     ကျွန်ုပ်သည် နွေဦးပန်းများ၏ အလှတွင် ကြည်နူးနေရာမှ အတန်ကြာတော့ ယစ်မူးသွားလေပြီ။ စကားပန်းငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်းပတ္တမြားတို့သည် ကျွန်ုပ်၏ မနောအကြည် ဓါတ်တွင် ရောင်စုံရိုက်ခတ်ပြီး တဖျတ်ဖျတ် နေကြလေပြီ။

   ပုဂံလမ်းသည် အခါတိုင်းလိုပင် ယာဉ်အသွားအလာ နည်းသည်။ ယနေ့မူ လူသူလေးပါးပင် အသွားအလာမရှိ။ ထို့ကြောင့် တိတ်ဆိတ် ငြိမ်သက် လှပေ၏။ ထိုအခိုက် မြောက်ဖက်မှ မျက်နှာ တူရူ ဆော်သွင်းလာသော် လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်တွင် တိုးဝှေ့ကစားပြီး ကျွန်ုပ်၏ ပါးစပ်များကို နမ်းရှုတ်လိုက်လေသည်။ လတ်ဆက် ထုံသင်းလှသော လေညင်းပေတည်း။ ထိုအချိန်တွင် ပုဂံလမ်းကို ကျွန်ုပ် တစ်ဦးတည်း ပိုင်ဆိုင်နေသည်ဟု ကျွန်ုပ်ထင်မှတ်လိုက်ပေ၏။

       ကျွန်ုပ်မှာပင်စင် ယူရခါနီး ဆရာအိုကြီးဖြစ်သဖြင့် တခါတခါ ဒူးဆစ်များ ကိုက်ခဲတတ်သည်။ သို့ရာတွင် ကျွန်ုပ်၏ ခြေလှမ်းများမှာ ခပ်မှန်မှန်ပင်ဖြစ်၏။ ထိုင်နေသောအခါ ခါးမှာ အနည်းငယ်ပင် ကိုင်းနေပါသည်။ သို့ရာတွင် ကျွန်ုပ်သည် ခပ်မတ်မတ်ပင် လမ်းလျှောက် ပေသည်။ ကျွန်ုပ်၏ ဆံပင်များမှာ ဖြူကုန်ပါပြီ။ သို့ရာတွင် သေသပ်စွာ ဖြီးထားပါ၏။ မျက်လုံးများမှာ အနီးကြည့်အတွက် ခပ်မွဲမွဲ ဖြစ်သဖြင့် မျက်မှန်ဆောင်ထားရ၏။ အဝေးကြည့်အတွက်ကား မျက်မှန် မလိုပါ။

       ပုဂံလမ်းသည် လမ်းတိုကလေး ဖြစ်ပြီး ဟိုဘက်ထိပ်မှ သည်ဘက်ထိပ် တောက်လျှောက် မြင်နိုင်သည်။ ကျွန်ုပ်သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်းပတ္တမြားတို့တွင် ပျံဝဲကာ အလှဝတ်ရည် များ သောက်သုံးနေသော မျက်လုံးများကို ရှေ့လှမ်းပြီး တည့်တည့်လွှတ် လိုက်လေသည်။ လမ်းတလျှောက်လုံး ငွေဖြူရောင်၊ ရွှေဝါရောင်၊ နီလာရောင်နှင့် ပတ္တမြားရောင်များ ကွန့်မြူးယှက် သန်းနေသည်။ ကျွန်ုပ်သည် ပုဂံလမ်းတခုလုံးကို ကျွန်ုပ်တစ်ဦးတည်း ပိုင်သည်ဟု ထင်မှတ်ခဲ့၏။

    ယခုတော့ ကျွန်ုပ်တစ်ဦးတည်း ပိုင်သည်မဟုတ်ကြောင်း တွေ့ရသဖြင့် ၀န်တိုခြင်းဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။ ပုဂံလမ်းကို ကျွန်ုပ်နှင့်ပူးတွဲ၍ ပိုင်သူမှာ မိန်းမပျိုလေးတဦး ဖြစ်နေ၏။

   ရုတ်တရက်သော် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ရှေ့ကသွားနေသူမိန်းမပျိုအား နောက်မှခြေ ၄-၅ လှမ်းလိုက်ရင်း စူးစိုက်ကြည့်မိသောအခါ စိတ်ဝင်စားသွားလေသည်။

  သူမလမ်းလျှောက်သွားပုံမှာ ကြည့်၍ကောင်းလှသည်။ ဖျက်ဖျက်လတ်လတ် လျှောက်သွားသော် လည်း ကြော့ရှင်းယဉ်ကျေးမှု မပျက်ခြင်းမှာ ထူးခြား၏။

  ဤမိန်းမပျိုသည် ဘယ်ကလာသနည်း။ ဆရာမကလေးလော။ ကျောင်းသူလော။ ကျွန်ုပ် သို့ လောသို့လော တွေးတော နေသည်။ မိန်းမပျိုသည် အောက်သူလော၊ အညာသူလော၊ ရခိုင်လော၊ ရှမ်းလော၊ ထားဝယ်သူလော၊ ဘိတ်သူလော။

    သို့ကလို တွေးတော ကြည့်နေရာမှ မနုဿဗေဒခေါ် အင်သရိုပိုလိုဂျီ အတိုင်းအထွာ စံချိန်များနှင့် တိုင်းထွာ ကြည့်လိုစိတ်များ ပေါ်လာလေသည်။ အင်သရိုပိုလိုဂျီ အမျိုးအစား ဇယားများတွင် သွင်းကြည့်လျှင် ဘယ်လို နေပါလိမ့် မည်ဟု စဉ်းစားရန် စမိသည်။ သို့ရာတွင်ထိုသို့စဉ်းစား၍ မရပါ။ ငုရွှေဝါ၊ ငိုနီလာတို့အား ရုက္ခဗေဒအမြင်ဖြင့် ဆင်ခြင်မရခဲ့သည့် အတိုင်းပင် ဖြစ်ပါသတည်း။ ရှင်းနေသော လမ်းပေါ်တွင် ထိုမိန်းမပျိုအား မြင်လိုက်ရသည်မှာ ပွင့်ချပ် အာခါစ ကြာပန်းကြီး ထိုးစိုက်ထားသော ပန်းအိုးကို ထီးထီးကြီး မြင်လိုက်ရသည်နှင့် တူနေ၏။

    သူမ၏ အရပ်အမောင်းမှာ နွဲ့နွဲ့ နောင်းနောင်း ဖြစ်၏။ သို့ရာတွင် ကိုယ်လုံးကိုယ်ထည်ကား တောင့်တင်း ကျစ်လစ် သည်ပင်ဖြစ်၏။ ကျွန်ုပ်သည် ကျောင်းဆရာ ဖြစ်ရုံမက အသက်အရွယ်လည်း ကြီးပေပြီ။ သို့ရာတွင် မိန်းမပျို၏ အိစက်ဖေါင်းကြွသော တင်သားနှင့် သေးသွယ် ၀ိုင်းကျစ်သော ခါးတို့အပေါ်တွင် မျက်စိမကစားပဲ မနေနိုင်ပါ။ စိတ်လည်း မကွန့်မြူးပဲ မနေနိုင်ပါ။ ကွေးကွေး ကလေး ပြေပြစ်စွာ ကျဆင်းသော ပခုံးများကိုလည်း သတိမပြုဘဲ မနေနိုင်ပါ။ ရှေ့ကသာဆီးပြီး ကြည့်ရလျှင် ထင်ရှားစွာ ဖေါင်းမို့နေသော သူမ၏ ရင်သားများကို မြင်ရလိမ့်မည်ဟု စိတ်ဆန္ဒ မဖြစ်ဘဲလည်း မနေနိုင်ပါ။ မယ်တက္ကသိုလ်၊ သို့မဟုတ် မယ်ဗမာတို့များ ဖြစ်လေသလော။

    ခပ်မှန်မှန် လှမ်းနေသော ကျွန်ုပ်၏ ခြေလှမ်းများသည် ခပ်မြန်မြန် ဖြစ်လာလေ၏။ နောက်ကနေပြီး အကဲခတ်ရခြင်းဖြင့် ထိုမိန်းမပျိုသည် အသက် ၂၀ ကျော်လောက်တွင်ရှိမည်ဟု ခန့်မှန်းရလေ၏။ ကျွန်ုပ်နှင့် အသက် ၃၀ ကျော်ကွာရပေမည်။ ကျွန်ုပ်သည် ထိုခဏ၌ သူမနှင့် ကျွန်ုပ်အသက် ကွာခြားခြင်း ကို မေ့စပြုလေပြီ။

   မိန်းမပျိုသည် ဘယ်သို့သော ပန်းကိုပန်ပြီး ဘယ်သို့သော ဆင်ယင်ထုံးဖွဲ့နည်းများ ကိုသုံးသည်၊ ဘယ်အရောင် ဘယ်ပုံရှိသော အင်္ကျီနှင့် ဘယ်အဆင်အသွေး ရှိသော ထမီတို့ကို ၀တ်ဆင်သည် စသည့်ဖြင့် ကျွန်ုပ်စာမဖွဲ့တတ်ပါ။ ခေတ်သိပ်မမှီသော အဘိုးကြီး ဖြစ်သဖြင့် ဆင်ယင်ထုံးဖွဲ့မှု အခေါ်အဝေါ်များ ကိုလည်း နားမလည်။ သူမ၏ဆင်ယင်ထုံးဖွဲ့မှု၌လည်း အသေးစိတ်စိတ်မ၀င်စားပါ။

    သို့ရာတွင် ကျွန်ုပ်တခုတော့ ပြောချင်သည်။ သူမ၏ အဆင်းရူပကာနှင့် သူမ၏ဆင်ယင်ထုံးဖွဲ့မှုတို့သည် စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာ၊ စိန်ပန်းပတ္တမြားတို့နှင့်ကား အပြန်အလှန် အရောင်ဟပ်၍ များစွာ ပနံရနေပေသည်။

    မြောက်ဖက်မှ ဆော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်မှာ ဝှေ့ကစားသလို မိန်းမပျို၏ ရင်ခွင်မှာလည်း ဝှေ့ကစားခဲ့ပေလိမ့်မည်။ လေညင်းသည် ကျွန်ုပ်၏ပါးကို နမ်းရှုတ်သလို သူမ၏ပါးကိုလည်း နမ်းရှုတ်ခဲ့ပေလိမ့်မည်။ ယင်းသို့ ဆင်ခြင်မိသည်နှင့် တပြိုင်နက် ကျွန်ုပ်၏ ကိုယ်စိတ်နှစ်ပါးသည် လေ ကဲ့သို့ ပေါ့ပါးသွားလေသည်။ ထိုင်နေလျှင် ခပ်ကိုင်းကိုင်း ဖြစ်တတ်သောခါး၊ လျှောက်လျှင် မတ်မတ်ထားပြီး လျှောက်ရသောခါး။

    ကျွန်ုပ်၏ ထိုခါးသည် စစ်ရေးပြသော ခါးကဲ့သို့ မတ်သွားသည်။ ကျွန်ုပ်၏ ဆံပင်ဖြူတို့သည် မည်းနက်လာကုန်၏။ ကျွန်ုပ်၏ မွဲမွဲခြောက်ခြောက် မျက်လုံးတို့သည် ကြည်လင် ထွန်းတောက်လာကုန်၏။ ကျွန်ုပ် ဆရာအိုကြီး မဟုတ်တော့ဘဲ ကျောင်းသားကလေး ဖြစ်သွားတော့၏။

     ကျွန်ုပ်က မြန်မြန်လျှောက်ပြီး လိုက်သော်လည်း သူမသည် မှန်မှန်သာ လျှောက်၏။ တဖက်တချက် နိမ့်တုံမြင့်တုံ ဖြစ်နေသော သူမ၏ တင်သားများမှာ ဆန်ကောဝိုင်းသလို လည်နေပေရာ ကြည့်မငြီးအောင်ဖြစ်၏။ ကျွန်ုပ်မှာ အထွေအထူး လုပ်ရန် စိတ်ကူးသည့်ပြင် မပေါက်သော်လည်း သူမ၏ တင်သားများကို လက်ဝါးဖြင့် အသာအယာ ပွတ်ပွတ်စမ်း လိုက်ချင်စိတ်ကား ပေါက်လာပါသည်။ ပါးလွှာသောအကျီ င်္ နှင့်သေးးငယ်သော ဇာဘော်လီကြိုး များကြားမှ ထွင်းဖောက် ပေါ်လာသော ၀ါဝင်းသည့် ကျောပြင်မှာ ရွှေတလင်းပြင်နှင့် တူလေ၏။ ကျွန်ုပ်သည် သူမအား မီလာ ပြီးဘေးတိုက် လျှောက်နေလေပြီ။

    ကျွန်ုပ်က သူမဘက်သို့ ငဲ့ကြည့်လိုက်လာသောအခါ သူမသည် တချက်လောက်သာ ကျွန်ုပ်ဘက်သို့ လှမ်းကြည့် လိုက်ပြီး ရုတ်ခြည်းပင် မျက်လွှာချသွားလေသည်။ သူမ၏ ခြေလှမ်းများ သည်ကားမတုံ့ပါ။ နောက်တကြိမ်လည်း ထပ်မကြည့်ပါ။

  ကျွန်ုပ်ကသာ သူမအား ထပ်ထပ်ကြည့်နေသည်။ သူမသည် မျက်တောင်ကော့ကော့၊ နှာတံပေါ်ပေါ်နှင့် ဖြစ်သည်။ ဘေးတိုက်မြင်လိုက်ရသော ရင်သားမှာ တင့်ထွားထင်ရှားလှပေသည်။ ကျွန်ုပ်သည် သူမအား ဘေးတိုက်ကြည့်ရရုံ ဖြင့်အားမရ။ ရှေ့ကနေပြီး ကြည့်ချင်မြင်ချင် ပြန်လေသည်။

   ကျွန်ုပ်သည် ခပ်သွက်သွက် ကျော်တက် လျှောက်သွား၏။ ပေတရာလောက်ရှေ့က လျှောက်သွား မိသောအခါ လမ်းဘေးသို့ ကပ်လိုက်၏။ ခြံစည်းရိုးမှ ထိုးထွက်နေသော ကြက်သွေးရောင် ပန်းစက္ကူ ကိုင်းများကို ဆွဲချိုးမည်ကဲ့သို့ ဟန်ဆောင် နေလေသည်။ ကျွန်ုပ်သည် ပန်းမှာ စိတ်ဝင်စားနေသည် မဟုတ်ပါ။ မိန်းမပျို အပေါ်မှာသာ စိတ်ဝင်စား နေပါသည်။

     သူမမှာ လှပပြုံးချိုသော မျက်နှာရှိ၏။ နီရဲသော နှုတ်ခမ်းကလေးများမှာ ပန်းချီဆရာ ဆေးဖြင့်ရေးပြီးတွင် ကျွန်ုပ်၏ မျက်လုံးများသည် သူမ၏ နှုတ်ခမ်းများပေါ်တွင် ကြာရှည်မနေပါ။ ဖောင်းကြွပြည့်ဖြိုးသော ရင်သားများနှင့် သွယ်တန်း အိစက်သော ပေါင်လုံးများဆီသို့သာ ဆင်းသွားကြကုန်၏။

   ကျွန်ုပ် အိနြေ္ဒမဲ့စွာ ကြည့်နေသော်လည်း မိန်းမပျိုသည် ရှိုးတိုးရှန့်တံ့ လုံးဝမဖြစ်ပါ။ ကျွန်ုပ်က တပ်မက်ခြင်းဖြင့် စူးစိုက်၍ ကြည့်နေသည်ကိုပင် သတိမူမိရှာ ပုံမပေါ်ပါ။ မျက်လွှာချ၍ ရှေ့သို့ လျှောက်နေသည်။ ရွှေပေးလို့ မရသော အိနြေ္ဒမျိုး ပင်တည်း။

   မိန်းမပျိုက ကျွန်ုပ်ရှေ့သို့ ရောက်သွားပြန်လေပြီ။ ကျွန်ုပ်သည် ဆွဲထားသော ပန်းစက္ကူကိုင်းကြီးကို လွှတ်လိုက်သည်။ ပန်းပွင့်အချို့ကြွေကျသွားလေသည်။ ကြွေကျသောပန်းပွင့် အနည်းငယ်ကို ကောက် ယူကာ သူမနောက်သို့ ကောက်ကောက်ပါအောင် လိုက်ပြန်လေသည်။

    တဖက်တချက်တွင် မြင့်တုံနိမ့်တုံ ဖြစ်သော ဆန်ကော ၀ိုင်းနေသော တင်သားများကို လက်ဝါးဖြင့်အသာအယာ ပွတ်ပွတ်စမ်းလိုသော စိတ်ပိုလာပြန်ပါပြီ။ ရွှေသလင်းပြင်နှင့်တူသော သူမ၏ကျောပြင်ပေါ်တွင် ကျွန်ုပ်၏ပါးကို ကပ်ထား လိုသည်။ သည်မျှမကသေး။ သည့်ထက်ပိုကဲ၍ သူမ၏ သေးသွယ်လုံးကျစ်သောခါးကို ဖက်၍ ညှစ်လိုက် ဖျစ်လိုက်ချင်တော့သည်။ သူမသည် ကျောင်းသူဖြစ်၏။ ကျွန်ုပ်ကား ကျောင်းသားဖြစ်၏။

       ကျွန်ုပ်က သူမ၏သေးသွယ်လုံးကျစ်သော ခါးကိုဖက်လျှက် သူမကမူ ကျွန်ုပ်၏သေးသွယ်လုံးကျစ်သော ခါးကို ဖက်လျက် သူမကမူ ကျွန်ုပ်၏ ဘယ်ဘက်လက်မောင်းအုံကြီးပေါ်တွင် ခေါင်းမီလျှက်နှစ်ယောက်သား ညုကာ တာကာ ယုယကာပိုက်ထွေးကာဖြင့် လျှောက်သွားနေကြသည်။

    သူမမှာ အသက် ၂၀ ကျော်ကျော် ရင့်ကျက်သော မိန်းမပျိုကလေး။ ကျွန်ုပ်မှာမူကား အသက်အစိတ်ကျော်ကျော် ရင့်ကျက်သောလူပျိုကလေး။ ရွှေချောင်းထဲက မြရေယဉ်မှာ ပတ္တမြားလှေ ကိုစီးပြီး ငွေရွက်လွှင့်နေကြလေသည်။

     သို့သော် ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်သို့ရောက်ခါနီးသောအခါ ရွှေချောင်းမှာဆုံးသွားပြီး မြရေယဉ်မှာ ရပ်စဲသွား လေသည်။ ပတ္တမြားလှေသည် ပေါက်ကွဲပြီး ငွေရွက်သည် လဲကျသွားလေသည်။

    ပုဂံလမ်းထိပ်၊ စစ်ကိုင်းလမ်းပေါ်တွင် လူငယ်တဦးသည် အရှေ့မှအနောက်သို့လျှောက်သွားလေသည်။ မိန်းမပျိုသည် ထိုလူငယ်အားမြင်လိုက်သောအခါ `ဟလို´ဟု အော်ကာ နှုတ်ဆက်လိုက်လေသည်။ လူငယ်သည် သူမအား ပြုံးရွှင်စွာဖြင့် `ဟလို´ဟု တုံ့ပြန်လိုက်လေသည်။ လှောင်အိမ်တခု စီမှာ လှောင်ထားရာမှ လွှတ်လိုက်သော ဟင်္သာမောင်နှံလို မြူးသွားကြပြီး တဦးထံတဦး ချည်းကပ်သွားကြလေသည်။

    ကျွန်ုပ်၏ ရှေ့မှာ လျှောက်သွားနေသော မိန်းမပျိုတွင် ရွှေပေးလို့မရသောအိနြေ္ဒသည်မရှိတော့ပါ။ ကျွန်ုပ်နှင့် စိတ်ကူးယဉ်အိမ်မက်ထဲ တွင် ဖက်ကာမှီကာ ယုကာယကာ လျှောက်သွားနေသော မိန်းမပျိုသည် တကယ့်အဖြစ်မှာတော့ ထိုလူငယ်နှင့် ဖက်ကာ၊ မီကာ၊ ယုကာ လျှောက်သွားကြတော့မည်ဟု ထင်ရပါလေသည်။

    ကျွန်ုပ်ကား ပထမသော် နှမြောဝမ်းနည်းသလို ဖြစ်မိ၏။ နောက်တခဏ၌ကား မိန်းမပျိုနှင့်လူငယ်တို့သည် ရွယ်တူ တန်းတူ၊ ကျောင်းသူ ကျောင်းသားကလေးများဖြစ်ကြောင်း သတိရလာလေသည်။ ကျွန်ုပ်၏ မတ်မတ်ထားအပ်သော ခါးသည်ကိုင်းသွားပါသည်။ သန်သန်နှင့်မြန်မြန်လျှောက်နေသော ခြေထောက် များသည် ချည်နဲ့ပြီး လေးကွေးသည်။ ပိနေအောင် ဖီးထားသော ဆံပင်များသည် ပွထလာကာ ဖြူစွတ်ခြင်းကို တံခွန်လွှင့်ပြနေကြ သည်နှင့်တူ၏။

   သူငယ်နှင့် မိန်းမပျိုတို့သည် တဦးဆီတဦး မြူးတူးခုန်ပေါက် ခပ်မြန်မြန်လျှောက်သွားပြီးနောက် နီးကပ်နေမှ အရှိန် သတ်လိုက်ကြသည်။ တဦးနှင့်တဦး ကိုယ်ထိလက်ရောက် ဖက်ယမ်းခြင်း၊ ကိုင်တွယ်ခြင်းမရှိ။ သို့ရာတွင် သူတို့၏ အပြုံးနှင့် မျက်လုံးများကား ဖက်ယမ်း နမ်းရှုတ်နေကြပေသည်။

       လူငယ်သည် ကျွန်ုပ်ထံသို့ လှမ်း၍ `ဂွတ်မောနင်း ဆရာ´ဟု ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ပြီးတော့ `ဆရာ ဒီနေ့ နဲနဲ နောက်ကျတယ် ဆရာ´ဟု ပြောသေး၏။

    ကျွန်ုပ်၏ မျက်စိများသည် မွဲခြောက်သွားကြဟန်တူ၏။ လူငယ်၏မျက်နှာကို ကြည့်သည်။ သူကား ကျွန်ုပ်၏ တပည့်ဖြစ်ကြောင်းကို သိပါ၏။ သို့ရာတွင် ဘယ်သူဘယ်ဝါဖြစ်သည်ဟု နာမည်နာမနှင့်တကွ တပ်အပ် သတိမရတော့ချေ။ ကျွန်ုပ်သည် တပည့်အား ရှက်ပြုံးဖြင့်ကြည့်ပြီး

  `အေး၊ နဲနဲနောက်ကျသွားတယ်။ ပန်းကလေးတွေ ကောက်နေရလို့´ ဟု ပြောစရာ မရှိ ပြောလိုက်လေသည်။ မဖူလုံသော အကြောင်းပြချက်ဖြစ်၏။

     ကျွန်ုပ်၏ အတွင်း ဖောက်ပြန်မှုကို တပည့်များ မိသွားသဖြင့် ကျွန်ုပ်မှာ အခြေပျက်နေပါပြီ။ ရှက်စိတ်ဖြင့် ပူထူနေသည်။ မိန်းမပျိုနှင့် ကျွန်ုပ်၏ တပည့်တို့သည် တယောက် တယောက် ပြုံးကြည့်ရင်း ရှေ့မတိုး၊ နောက်မဆုတ် ရပ်နေကြ၏။ သူတို့သည် ကျွန်ုပ်၏ စိတ်ဖောက်ပြန်ပုံကိုသိပြီး ကျွန်ုပ်အား လှောင်ပြောင်သော အားဖြင့် ၀မ်းသာလုံးဆို့ကာ ပြုံးရုံသာပြုံးပြီး ကြည့်နေကြဟန် တူပါသည်။

  ကျွန်ုပ်သည် သူတို့အားကျော်ပြီး ခပ်မြန်မြန် လျှောက်လာခဲ့၏။ ` ပန်းပွင့်တွေ ဘာလုပ်ဖို့ ကောက်လာသလဲ ဆရာ´ ဟု တပည့်ကျော်က ထပ်ဆင့်မေးပြန်လျှင် ကြံဖန်ပြောနေရဦးမည်။ ရူပဗေဒနည်းအရ ပန်းပွင့်ပေါ် အလင်းရိုက်ပုံကို ကြည့်၍ မျိုးဆက်ပြန့်ပွားနေပုံကို လေ့လာရန်ဖြစ်သည်ဟု ပြောမည်လော။ တခုခုကြံဖန် ပြောနေရပေလိမ့်မည်။ မိန်းမပျိုကို ရှေ့ကဆီးကြည့်ချင်၍ ပန်းခူးချင်ယောင်ဆောင်ခဲ့ရသည့် အဖြစ်ကို ကျွန်ုပ်ကြံဖန်ဖုံးဖိ မနေချင်တော့ပါ။ ကျွန်ုပ်သည် ရှေ့သို့သာတွင်တွင်လျှောက်သွား၏။

   တပည့်ကျော်ကတော့ ကျွန်ုပ် ကျောင်းနောက်ကျသဖြင့် မြန်မြန် လျှောက်သွားသည်ဟု ထင်ကောင်း ထင်ပေမည်။ ကျွန်ုပ် မြန်မြန်လျှောက်ခဲ့သည့် အကြောင်းရင်းမှာကား မိန်းမပျိုနှင့် ကျွန်ုပ် နှစ်ယောက် ထဲပူးတွဲကာ ပုဂံလမ်းကို ပိုင်လိုက်ရသည့် တခဏ၌ စိတ်ဖောက်ပြန်မိခြင်းအတွက်သာ ဖြစ်ပါသည်။

   ကျွန်ုပ်၏ အခန်းထဲရောက်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်မိသောအခါ ဒူးတွေကိုက်နေသည်ကို သတိရမိလေသည်။ ၅၀ ကျော်ကတည်းက ဒူးဒုက္ခပေးလာခဲ့သည်။ သည်တော့ အိုခြင်းတရားကို ပိုပြီးစဉ်းစားမိသည်။ သို့ကလို အိုပါလျှက် ပုဂံလမ်းပေါ်မှာ မိန်းမပျိုကလေးတွေ့သော အခါ နုပျိုစိတ်တွေဝင်ပြီး တက်ကြွလာတာ ဘာကြောင့်လဲဟု စဉ်းစားနေမိပြန်သည်။

  ကျွန်ုပ်၏ သီးသန့်ချွတ်ယွင်းချက် ဖြစ်သလော။ ပုထုဇနော၊ ဥမ္မာတကော တွေမို့ လူ့သဘာဝ ဖြစ်လေသလော။ သို့တည်းမဟုတ် ပုဂံလမ်း၏ စကားငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် ပတ္တမြားရောင်စုံ ရှက်သန်းသော နွေဦးအလှနှင့် မိန်းမပျို၏ နုပျိုလန်းဆတ်သော အလှတို့ကပင် ကျွန်ုပ်အား သွေးသစ်သားသစ် လောင်းပေးပြီး နုပျိုသော စိတ်ကူးတွင် ယစ်မူးပျော်မြူးစေသလော။ ကျွန်ုပ်ကား မဖြေတတ်အောင် ရှိပါသည်။

   အိမ်မှ တလနီးပါး ထွက်ခွာကာ ဥပုသ်စောင့်နေသော အိမ်ကဟာမကြီးပြန်လာလျှင် သည်အကြောင်းမေးကြည့်ရ ကောင်းမလား။ အိမ်ကဟာမကြီးကတော့ ကလေးကလားစကားတွေ မပြောစမ်းပါနှင့်ဟုပြောကာ ဆီးပိတ်လိမ့်မည်လား မဆိုနိုင်ပါ။ ကျွန်ုပ်မှာတော့ ပြဿနာဖြစ်နေပါသတည်း။ ။

                                                                   သိန်းဖေမြင့်

                                                                    ( ၁၉၅၉)


နောက်ဆက်တွဲ

   တပေါင်း၏ သြဇာနှင့် ဆရာအို၏ ပြဿနာ

   ကျွန်တော်သည် လွန်ခဲ့သော နှစ်အနည်းက ရှုမ၀မဂ္ဂဇင်းတွင် `ဆရာအို၏ ပြဿနာ´ဟူသော ၀တ္တုတိုကလေး တပုဒ်ကို ရေးလိုက်လေသည်။

  လူတော်တော်များများသည် ထိုဝတ္တုကလေးကို မဖတ်မီ ခေါင်းစဉ်ကို မြန်လိုက် ရရုံဖြင့် မြင်းအို၊ နွားအိုကြီးများကဲ့သို့ သက်ကြီးရွယ်ကြီး ဆရာအိုကြီးများမှာ စားဝတ်နေရေးနှင့်ပတ်သတ်ပြီး ဘယ်ပုံဘယ်နည်း အခက်အခဲတွေ့ပုံကို ပြဿနာလုပ်ပြီး ရေးထားဟန်ရှိသည်ဟု ထင်မှတ်လိုက်ကြကြောင်း သိရလေသည်။

   သို့သော် ဖတ်ကြည့်လိုက် သောအခါပြဿနာတမျိုးဖြစ်နေသည်ကို အံ့သြစွာတွေ့ရှိကြရလေသည်။ အချို့က သဘောကျပြီး ကျွန်တော့်အား ချီးကျူးကြ၏။ တချို့ကမူ ကျွန်တော်သည် ဤလိုကိစ္စကို ပြဿနာ လုပ်ကာ စာပေတပုဒ် မရေးသင့်ဟုဆိုကြသည်။ ဤလို မရေးသင့်ဟု ထင်မြင်ချက်ပေးသူများထဲတွင် ဆရာဇော်ဂျီလည်း ပါဝင်လေသည်။

  ကျွန်တော့်လို စာရေးဆရာသည် စိတ်ဖောက်ပြန်တာတွေကို ရေးနေရန်မဟုတ်။ စိတ်ဖောက်ပြန်မှု ဆိုသည်မှာ သည့်ထက်ဆိုးရွား စွာပင် ဖောက်ပြန်တတ်သေးသည်။

   ကျွန်တော်တို့ ရေးရန်မှာ စိတ်ကိုထိန်းချုပ်ပုံ၊ ဖောက်ပြန်တတ်သော စိတ်ကို နိုင်နင်းစွာ ပဲ့ပြင်နိုင်ပုံ စသည်တို့သာ ဖြစ်သင့်သည်ဟုဆိုလေသည်။

    ကျွန်တော်ကား ဆရာအို၏ ပြဿနာဝတ္တုတိုကို ရေးရာ၌ ရည်ရွယ်ချက်ကြီးတွေ တမင်လက်ကိုင်ပြု၍ စိတ်ဖောက်ပြန်တတ်ပုံ ဖော်ပြရန်သော်၎င်း၊ ဖောက်ပြန်တတ်သော စိတ်ကိုနှိင်နင်းစွာ ပဲ့ပြင်ပုံ ကိုသော်လည်းကောင်းသရုပ်ဆောင်ရန် ရေးခြင်းမဟုတ်ပါ။

     တပေါင်းလ ပတ်ဝန်းကျင်၏ သြဇာသည် ကျွန်တော့်အပေါ်မှာ သက်ရောက်လာ၏။ ကျွန်တော့်တွင် တပေါင်းလ စိတ်ကူးနှင့် ခံစားမှုများပေါ်လာ၏။ သို့ကလို သဘာဝအလျောက် ပေါ်လာသောစိတ်ကူးနှင့် ခံစားမှုများကိုမူ တည်ကာ ဆရာအို၏ ပြဿနာ ၀တ္တုတိုကလေးကို ဖန်ဆင်းလိုက်ခြင်း ဖြစ်လေသည်။

  တပေါင်းတန်ခူးသည် နွေဦးရာသီဖြစ်၏။ ဆောင်းကိုနေရစ်ခဲ့တော့ဟု နှုတ်ဆက်ပြီး နွေကို ကြိုဆိုနေလေသည်။ ပိတောက်ပင်နှင့် သပြေပင်တို့မှာ ရွက်ဟောင်းတွေအကုန်ကြွေပြီး ရွက်သစ်တွေဝေနေသည်။ မဒမပင်ကားရွက်ဟောင်းတွေ အကုန်ကြွေကျပြီး အရိုးပြိုင်းပြိုင်း ထနေတုန်း ဖြစ်၏။ ကုက္ကိုပင်ကြီးနှင့် သင်္ကန်းပင်ကြီးတို့မှာ ရွက်သစ်တွေ ခက်ဖြာတင့်နေရုံမျှမက အပွင့်တွေ ရှက်ဖြာဆင့်နေသည်။

  လက်ပံပင်ကြီးကမူ အရွက်ဗလာဖြစ်နေသော ရိုးတံများမှ နီရဲသောအပွင့်ကြီးများဖြင့် စည်ကားလှိုင်ဝေ နေပေသည်။ ဥသြတွန်သံကသာပြီး ဂျိုးကူသံက အေးမြလှ၏။ သစ်ပင်တောတောင်နှင့် ငှက်အပေါင်းသည် နှစ်သစ်ကိုကြိုဆို နေသည်။ တပေါင်း တန်ခူးနွေဦးရာသီ သည် နှစ်ဟောင်းကုန်၊ နှစ်သစ်ကူးသော ရာသီဖြစ်ရုံမက တောတောင်၊ သစ်ပင်၊ ကျေးငှက်စသည့် ပတ်ဝန်းကျင်တို့သည် အဟောင်းမှအသစ်သို့ ကူးပြောင်းချိန်လည်း ဖြစ်သည်။

     ထိုအချိန်တွင် သဘာဝပတ်ဝန်းကျင်၏ အဟောင်းမှအသစ်သို့ ကူးပြောင်းမှုသည် လူကိုလည်း အဟောင်း အသစ် ကူးပြောင်းစေထိုက်ပေသည်။ ရာသီမှာတပေါင်းရှိသလို လူ့ဘ၀မှာလည်း တပေါင်းရာသီ ရှိထိုက်သည်။ ဟောင်းမြင်း သည့်ဘ၀၊ အိုမင်းရင့်ရော်ရာမှ ပြန်လည်ဆန်းသစ်နုပျိုသင့်လေသည်။ ရုပ်ဝတ္တုကို ဆန်းသစ်၍ မရသေးသည့်တိုင်အောင် စိတ်ကတော့ပြန်လည်ဆ်နးသစ် ပျိုမြစ်ခြင်းသို့ ရောက်ရန်တမ်းတမိသည်။ လွမ်းဆွတ် မိသည်။ သူငယ်ပြန်ချင် သည်ဆိုပါက ဆိုစေတော့။

  ဆရာအိုသည် ပြန်ပျိုချင်သည်။ ညိုးနွမ်းပျော့ခွေနေသော ဆရာအို၏ ဖိုဓာတ်သည် ပြန်လည် သန်မာလာချင်သည်။ `သောတပန် မဟာထေရ်တို့တောင် မဆည်နိုင်မျက်ရည် စို့ရတယ်၊ လွမ်းဖို့ အိုကောင်း လတပေါင်း´တွင် ဖူးပွင့်စ ပန်းကလေးလို သစ်လွင်လှပသော ကျောင်းသူကလေးကို မြင်မိသော ဆရာအိုသည် ကျောင်းသားဘ၀ကို ပြန်လိုချင်သည်။

   တကယ့်တကယ် ကျောင်းသားဘ၀ကို ပြန်မရလျှင်ကား ဆရာအိုဘာတတ်နိုင်ရှာမည်နည်း။ လက်မှိုင်ချရ မည်သာပင်။ သို့သော်ဆရာအို၏ လွမ်းဆွတ်တသခွင့်၊ စိတ်ကူးခွင့်နှင့် စိတ်ဖောက်ပြန်ခွင့်တို့ကား ကျွန်တော်တို့ စာရေးဆရာများက မချုပ်ချယ်သင့် သော အခြေခံလူ့သဘာဝ အခွင့်အရေးပေတည်း။

                                                                          (၁၉၆၄)

                    ဆရာသိန်းဖေမြင့် ၀တ္ထုတိုပေါင်းချုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။ 
                      မောက္ခပညာရေး မဂ္ဂဇင်းမှ  တဆင့် ကူးယူဖော်ပြပါသည်။

24/03/2012

အချစ်မရှိတဲ့ တစ်နေ့သောအခါ.......

1. စီးဆင်း ရင်ခွင် | 3/24/2012 | 2. 3. 4. 5. 6. Best Blogger Tips


      တစ်ခါတုန်းက ပရိယတ္တိ ပဋိပတ္တိကျွမ်းကျင်တဲ့ ဆရာတော်တစ်ပါးရှိပါတယ်။ ဆရာတော်က စာလည်းချပါတယ်၊ တရားလည်းဟောပါတယ်၊သံဃာ့အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့အစည်းတွေမှာလည်း ပါနေတော့စည်းဝေးပွဲတွေလည်း မကြာခဏတက်နေရပါတယ်။ ဆိုလိုတာကတော့ နေ့စဉ်အလုပ်များနေတဲ့ ဆရာတော်ပါ။

        တစ်နေ့တော့ ဆရာတော့်မှာ နှလုံးရောဂါပုံစံမျိုး ရောဂါတစ်ခုဝင်လာပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောသလဲဆိုတော့ " ဆရာတော်နှလုံးရောဂါဖြစ်ချင်တဲ့ လက္ခဏာပဲ ဘုရား၊ အဲဒါ ဆရာတော် ဘာအလုပ်မှမလုပ်ဘဲတစ်လလောက်အနားယူပေးပါဘုရား၊ စာလည်းမချပါနဲ့၊ တရားလည်း လိုက်မဟောပါနဲ့၊ သာရေးနာရေးတွေလည်း မလိုက်ပါနဲ့၊ စိတ်ကိုလည်း အနားပေး၊ ရုပ်ကိုလည်း အနားပေးထားပါဘုရား " လို့ လျှောက်ပြပြီး သောက်ဆေးလည်း ပေးလိုက်ပါတယ်။

    ဆရာတော်ကလည်း ဆရာဝန်ပြောတဲ့အတိုင်းပဲ တစ်လအနားယူလိုက်ပါတယ်။အဲဒီတစ်လအတွင်း စာလည်းမချ၊ တရားလည်းမဟော၊ သာရေးနာရေးလည်း မလိုက်ဘဲနေနေလိုက်ပါတယ်။

     အဲဒီတော့ ဘာအလုပ်မှမလုပ်ရတော့ အချိန်တွေက တအားပိုနေပါတယ်။တခြားဘာမှ လုပ်စရာမရှိ တာနဲ့ တရားပဲထိုင်အားထုတ်ပစ်နေလိုက်ပါတယ်။ ဆရာတော်က တရားအားထုတ်ရင်းနဲ့ စိတ်ထဲမှာ လည်း ကျေကျေနပ်နပ်နဲ့ဝိပဿာနာဉာဏ်စဉ်လေးတွေ ၀င်လာပါတယ်။

   တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း ဆရာတော်တစ်ပါးကြွလာပါတယ်။ ကြွလာတာကတော့ လူနာမေးကြွလာတာပါ။

    စကားတွေပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်ကဘာပြောသလဲဆိုတော့ " ဆရာတော်ရယ်၊ တပည့်တော် ဒီရောဂါဖြစ်လိုက်တော့စာလည်းမချရ၊ တရားလည်းမဟောရ၊ သာရေးနာရေးလည်း မလိုက်ရ ဆိုတော့ အချိန်တွေကပိုနေတယ်ဘုရား၊ တရားမှတ်ရင်းနဲ့ ဉာဏ်စဉ်လေးတွေလည်း ထိုက်သင့် သလောက်ဝင်လာတော့ စိတ်ထဲမှာလည်း အေးအေးချမ်းချမ်းရှိလာတယ်ဘုရား။ တပည့်တော်ဘယ်လို စဉ်းစားမိသလဲဆိုတော့ ငါ့ဒီရောဂါသာမဖြစ်ရင်ဒီလိုအားထုတ်ဖြစ်မှာမဟုတ်ဘူး။ ရောဂါဖြစ်လို့ တရား အားထုတ်ဖြစ်တာလို့စဉ်းစားမိတယ်ဘုရား။ ပြီးတော့ ရောဂါဖြစ်တာတောင် ကျေးဇူးတင်နေမိတယ်ဘုရား "လို့ လျှောက်ပြပါတယ်။

    ဒီတော့ သူငယ်ချင်း အာဂန္တုဆရာတော်ဘုရားက ဘာပြန်ပြောသလဲဆိုတော့" ကပ်ကြီးဆိုက်တော့ လာဘ်ကြီးတိုက်တာပေါ့ " လို့ ပြန်ပြောလိုက်ပါသတဲ့။

    ကျောင်းထိုင်ဆရာတော်ကလည်း အာဂန္တုဆရာတော်ပြောတဲ့ "ကပ်ကြီးဆိုက်တော့ လာဘ်ကြီး တိုက်တာပေါ့ " ဆိုတဲ့စကားကိုသိပ်သဘောကျသွားပါသတဲ့။

  ဒါဟာ ရောဂါဝေဒနာက ၀ိပဿနာကုသိုလ်ဖြစ်ဖို့အတွက်ကျေးဇူးပြုလိုက်တာ ပါ။ ရောဂါ ဖြစ်တာကကို ကျေးဇူးတင်စရာ ဖြစ်သွားပါပြီ။

  တကယ်တော့ ၀ိပဿနာတရားဟာ နေရာတိုင်းမှာ အသုံးပြုလို့ရနေတာပါ။ ဒါကကို အံ့သြစရာ ကောင်းနေတာပါ။

   ဒီလိုအပြုအမူလေးတွေ ပြုမူနိုင်ဖို့ဆိုတာကလည်း ကိုယ့်မှာတရားဗဟုသုတလေးတွေ ရှိမှပါ။ တရားဗဟုသုတမရှိပြန်ရင်လည်း အော်လို့ပဲငြီးနေရမှာပါ။ တရားဗဟုသုတလေးတွေရှိဖို့ အလွယ်ကူဆုံး ကတော့ စာဖတ်တာပါပဲ ။ပြဿနာကြုံလာတဲ့အခါ ကိုယ်ဖတ်ထားတဲ့အထဲက တရား ဗဟုသုတ လေးတွေကိုပြန်နှလုံးသွင်းပြီး ကျင့်သုံး ကျင့်သုံးသွားလို့ရပါတယ်။ ကိုယ်သိထားတဲ့ ဗဟုသုတလေးတွေနဲ့ လက်တွေ့ တစ်ခါအသုံးချကြည့်ဖြစ်တိုင်း တော်တော်ဟုတ်တဲ့ ငါပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သိပ်အားရ ကျေနပ်ရတာပါ။

          လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီးရယ်ပါ။ ကိုယ့်မှာနှလုံးသွင်းစရာ တရားဗဟုသုတ တစ်ခုခု ရှိနေမှပါ။ မရှိရင် သိပ်ပူလောင်ရတာပါ။

   စာရေးသူကတော့ နှလုံးသွင်းစရာ တရားအသိလေးတွေရဖို့ယောဆရာတော်ဘုရား၊ ဆရာတော်ဦးဇောတိက၊ ဘုန်းကြီးဦးဆေကိန္ဒ၊ဦးဇင်းအရှင်ဆန္ဒာဓိကတို့ရဲ့ စာအုပ်တွေ တရားခွေတွေကို အလုပ်တစ်ခုလိုကိုသဘောထားပြီး ဖတ်ဖြစ်နာဖြစ်ပါတယ်။ ဒီဆရာတော်ဘုရားတွေက အပြင်မှာ လက်တွေ့အသုံးချလို့ရအောင် ရေးပြဟောပြထားလို့ပါ။ ကိုယ်တိုင်က ကြည်ညိုတာလည်းပါသလို ပုဂ္ဂိုလ်ရေးသံယောဇဉ်ရှိတာလည်း ပါပါတယ်။

       အဓိကရည်ရွယ်ချက်ကတော့ အာရုံဆိုးတွေနဲ့တွေ့တဲ့အခါနှလုံးမသွင်းတတ်ဘဲ အမှားတွေ ကျူးလွန်မိမှာ စိုးလို့ပါ။

              လောဘကြောင့်သေ ပြိတ္တာပြည်။

              ဒေါသကြောင့်သေ ငရဲပြည်။

             မောဟကြောင့်သေ တိရစ္ဆာန်ပြည်။

အားလုံးကြားဖူး ရဖူးတဲ့စကားလေးပါ။ ဒါပေမယ့် သုတ်ပါထေယျအဋ္ဌကထာစက္က၀တ္တိသုတ် မှာကျတော့-

          လောဘဆိုတဲ့ အငတ်ဘေးကြောင့်သေရင် ပြိတ္တာပြည်။

          ဒေါသဆိုတဲ့ လက်နက်ဘေးကြောင့်သေရင် ငရဲပြည်။

   "မောဟဆိုတဲ့ အနာရောဂါဘေးကြောင့်သေရင် နတ်ပြည်။" ဆိုတော့ကြားဖူးနေကျ စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

    အဋ္ဌကထာဆရာက ရောဂါဝေဒနာ ခံစားနေရတဲ့အခါမှာ ကိုယ်ခံစားနေရတဲ့ရောဂါလေးတွေကို အာရုံပြုပြီး " အခုလို ငါစားနေရသလို သတ္တ၀ါတွေမခံစားရပါစေနဲ့ " လို့ မေတ္တာ စိတ်ဖြစ်နေမယ်၊ မေတ္တာပို့နေမယ်ဆိုရင်အဲဒီမေတ္တာစိတ်နဲ့ သေသွားရင် နတ်ပြည် ရောက်မှာပါတဲ့။ ဒါကြောင့်အနာရောဂါနဲ့ သေရင် နတ်ပြည်လို့ ပြောတာပါတဲ့။

   ရောဂါဝေဒနာဖြစ်လာတဲ့အခါ ကိုယ်ခံစားနေရတာကို အာရုံပြုရင်းကိုယ်ချင်းစာစိတ်မွေးပြီး " ငါခံစားနေ ရသလို သူလည်းမခံစားနေရပါစေနဲ့ "လို့ မေတ္တာပွားတဲ့နည်းကလည်း တစ်မျိုးစိတ်ဝင်စားစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ အသုံးချကြည့်လို့ ရလို့ပါ။ ရောဂါဝေဒနာကြီးကြီးမှတင်မဟုတ်ပါဘူး။ ဥပမာ-ခေါင်းကိုက်နေရင်လည်း "ငါခေါင်းကိုက်ဝေဒနာခံစားနေရသလို သူလည်း မခံစားရပါစေနဲ့ " လို့မေတ္တာပွားလို့ ရပါတယ်။

  လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်စိတ် အစဉ်သဖြင့် ဖြစ်နေဖို့သိပ်အရေးကြီးတာဆိုတော့ ကိုယ့်ရင်ထဲမှာ မေတ္တာစိတ်ဖြစ်နေရင်လည်းကုသိုလ်စိတ် ဖြစ်နေတာပါ။ အဲဒီစိတ်ကလေး နဲ့ ဖြတ်ကနဲ သေသွားရင်တောင်ကောင်းတဲ့ဂတိတစ်ခုခုတော့ ရောက်သွားမှာ အသေအချာပါပဲ။

 ဝေဒနာဖြစ်လာပြီဆိုရင် ကိုယ့်မှာ တရားဗဟုသုတလေးတွေရှိနေမှအဲဒီတရားဗဟုသုတလေးတွေနဲ့ နေနေမှ အဆင်ပြေတာပါ။

    အဲဒီလိုမှမဟုတ်ဘဲ ဖြစ်ပေါ်နေတဲ့ ဝေဒနာကို သည်းမခံနိုင်ဘဲအော်ဟ်ငြီးတွားနေမယ်ဆိုရင် ပိုလို့ပဲ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရမှာပါ။

   အကောင်းဆုံးကတော့ ဝေဒနာဖြစ်လာပြီဆိုရင် တရားလေးနဲ့နေတာကတော့အကောင်းဆုံးပါပဲ။ ဂုဏ်တော်ပဲပွားပွား ၊ မေတ္တာပဲပွားပွား၊၀ိပဿနာပဲပွားပွား တစ်ခုခုကို ပွားနေဖို့ပါ။ ဒါမှမဟုတ် ဂုဏ်တော်တစ်လှည့်ပွားလိုက်၊ မေတ္တာတစ်လှည့်ပွားလိုက်၊ ၀ိပဿနာတစ်လှည့်ပွားလိုက်တစ်လှည့်စီ ပွားနေလို့လည်း ရပါတယ်။

  ရှေ့ က အာဂန္တုဆရာတော်ဘုရားပြောသလို ဝေဒနာဖြစ်လာတာကိုယ့်အတွက် လာဘ်ကြီးလာ တိုက်တာပါ။

   ဝေဒနာဖြစ်လာတော့ ဘာအလုပ်မှ လုပ်စရာမလိုတော့ဘဲ အချိန်တွေအပြည့်ရနေတာပါ။ လူတစ်ယောက်ရဲ့ ဘ၀မှာ အဲဒီလို အချိန်ပြည့်ရဖို့ဆိုတာတော်တော်မလွယ်တဲ့ကိစ္စပါ။

    ဒီတော့ ကိုယ်က " ဒါဟာ ငါ့အတွက် မဟာအခွင့်အရေးကြီးပဲ "ဆိုပြီး တရားကို ဖိအားထုတ်ပစ်ဖို့ပါ။

  ရောဂါဖြစ်နေတုန်း တရားအားထုတ်တာဟာ တစ်ဖက်က ဘုရားဆေးနဲ့ကုပေးနေတာ ပါ။ လောကီ ဆေးသက်သက်တင်မဟုတ်ဘဲ လောကုတ္တရာဆေးပါပေါင်းကုလိုက်တော့ရောဂါအတွက် တစ်ခုခုတော့ အထောက်အကူပြုသွားမှာပါ။

      လူတိုင်းမဟုတ်ပေမယ့် တချို့ကုလို့မရတော့တဲ့ ရောဂါတွေဝိပဿနာတရားအားထုတ်ရင်း ပျောက်သွား တဲ့သာဓကတွေ ကိုယ်တွေဖြစ်ရပ်တွေကိုစာတွေထဲမှာ ပြန်ရေးပြထားတာတွေ ဖတ်ကြရဖူး မှာပါ။

   တစ်သက်လုံး နာလာခဲ့တဲ့ဒူး တရားအားထုတ်လိုက်မှ ပျောက်သွားတာ၊ဗိုက်ထဲကအလုံး တရားအားထုတ်ရင်း ပျောက်သွားတာ စသည်ဖြင့် အများကြီးပါပဲ။

    တချို့ ရောဂါဝေဒနာတွေဟာ စိတ်ဆင်းရဲမှုကြောင့်ရောဂါပိုဆိုးသွားရတောတွေ အများကြီးရှိ ပါတယ်။ ဒါက အားလုံးသိပါတယ်။ရောဂါဖြစ်နေချိန်မှာ စိတ်ချမ်းသာနေဖို့ သိပ်အရေးကြီးပါတယ်။ စိတ်ချမ်းသာဖို့အတွက် ၀ိပဿနာတရားက သိပ်အဓိက ကျတာပါ။

   စိတ်ဆင်းရဲတယ်ဆိုတာ ရင်ထဲမှာ အကုသိုလ်ကိလေသာတစ်ခုခုဝင်နေလို့ပါ။ ၀ိပဿနာတရား မှတ် နေရင် အကုသိုလ် ကိလေသာတွေ တဒင်္ဂငြိမ်းနေတာပါ။ ရင်ထဲမှာ အကုသိုလ်ကိလေသာ ငြိမ်းနေရင် စိတ်ချမ်းသာနေရတာပါ။

     ဒါကြောင့် ရောဂါဝေဒနာ ဖြစ်လာရင် စိတ်မဆင်းရဲဖို့နဲ့ဝိပဿနာတရားလေးကို အထောက်အကူ အဖြစ် ယူထားသင့်ပါတယ်။

ခန္ဓာရှိနေတဲ့အတွက် ဝေဒနာကလည်း ရှိနေမှာပါ။ ခန္ဓာမရှိမှသာဒီဝေဒနာက မရှိတော့မှာပါ။

ခန္ဓာမရှိဖို့အတွက်လည်း ဒီခန္ဓာကြီးကိုပဲ ပြန်အားကိုးရမှာပါ။ပြန်အသုံးချရမှာပါ။

    ဘာပဲပြောပြော လူ့ဘ၀နေရတာကကို သိပ်ပြီး ကံကောင်းနေတာပါ။ဘာဖြစ်လို့လဲဆိုတော့ လူ့ပြည်မှာ စိတ်ကြိုက်ကုသိုလ်တွေ ပြုခွင့်ရနေလို့ပါ။ဒါနပဲပြုပြု သီလပဲဆောက်တည်ဆောက်တည်၊ ပရဟိတပဲလုပ်လုပ်၊ သမထပဲပွားပွား၊၀ိပဿနာပဲပွားပွား ကိုယ်ကြိုက်ရာကို ကြိုက်သလို ပြုခွင့်ရနေလို့ပါ။

     အချစ်ကြောင့် သောကရောက်လို့ပဲ အားထုတ်အားထုတ်၊ ပါရမီဖြစ်ကုသိုလ်ဖြစ်ပဲ အားထုတ် အားထုတ်၊ စိတ်ချမ်းသာဖို့ သက်သက်အတွက်ပဲအားထုတ်အားထုတ်၊ စိတ်ဆင်းရဲမှုတွေ ပျောက်ဖို့ အတွက်ပဲ အားထုတ်အားထုတ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ အားထုတ်အားထုတ်၊ ၀ိပဿနာတရားကို အားထုတ်ဖြစ်နေတာကကို လူ့ဘ၀ရခိုက်မှာ အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုကိုလုပ်နေတာပါပဲ။

   " အချစ်မရှိတဲ့ တစ်နေ့သောအခါ " ဖြစ်အောင်ကိုယ်စီကြိုးစားရမှာပါ။ ဘယ်တော့ ရောက်ဖြစ် ကြမယ်တော့ မသိပါဘူး။သံသရာအဆက်ဆက် ချစ်ခဲ့ရတဲ့အချစ်တွေကလည်း မနည်းတော့ပါဘူးလေ။ ဘာပဲပြောပြော "အချစ်မရှိတဲ့ တစ်နေ့သောအခါ " ဖြစ်ဖို့အတွက် ၀ိပဿနာတရားမှတစ်ပါး အခြားမရှိတာတော့ အမှန်ပါပဲလေ။

                                                                                     (ရဝေနွယ်-အင်းမ)
                                                                                    အလင်းတန်းဂျာနယ်
                                                                                         2-10-2006

23/03/2012

ရှက်ပါ.........ကြောက်ပါ......လိပ်ပြာသန့်စွာ.....။

1. စီးဆင်း ရင်ခွင် | 3/23/2012 | 2. 3. 4. 5. 6. Best Blogger Tips


       တခါတလေ ကိုယ့်ရဲ့လူငယ်ဘ၀ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက် စဉ်းစားကြည့် မိတယ်။ကျွန်မ ခုနစ်နှစ်၊ ရှစ်နှစ် သမီးအရွယ် လောက်တုန်းကပေါ့။ အဘိုးရယ်၊ အဘွားရယ်၊ ကျွန်မရယ်၊ မြေးဘိုး မြေးဘွားသုံးယောက် စစ်ကိုင်းဘက်က အမျိုးတွေဆီကို အလည်သွားကြတာ ...။

    ကျွန်မ 'ဘဘ' ရဲ့ တ၀မ်းတည်းကွဲတဲ့ ညီအစ်ကို မောင်နှမတွေ ဆီကိုပေါ့။ ကျွန်မတို့ အင်းဝ ကူးတို့ဆိပ်၊ ငှက်ဆိပ်ကနေ ငှက်ကလေးနဲ့ ဒုဋ္ဌ၀တီ၊ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကို ဖြတ်ပြီး စစ်ကိုင်းဘက်ကို သွားရ တာလေ။

    ဟို့ရောက်တော့ အမျိုးတွေရဲ့ အိမ်မှာစားကြ သောက်ကြရင်း၊ လူကြီးတွေက စကားစမြည် ပြောနေချိန် ကျွန်မတို့ ကလေးတသိုက်က ဆော့ကြ၊ ကစားကြရင်းနဲ့ အိမ်အတွင်းဘက်က စာအုပ်စင်တွေ နား ရောက်သွားကြတယ်။ ကျွန်မနဲ့ ရွယ်တူ ဦးလေး ၀မ်းကွဲတယောက်က စာအုပ်တွေကို ဆွဲချပြီး ဆော့တော့ ကျွန်မတို့လည်း စာအုပ်တွေကို လျှောက်လှန် ကြည့်ကြတယ်။ အရုပ်ကြည့်တာလေ။ အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့ အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့ ကာတွန်းကို ရှာတာပေါ့။ စာအုပ်ကြီး တွေကလည်း ဓာတ်ပုံ ရုပ်ပုံတောင် မပါတဲ့ အထူကြီးတွေ။ အဲဒီကြားထဲက ကျွန်မ ဦးလေး ၀မ်းကွဲက ကာတွန်းပါတဲ့ စာအုပ်တအုပ်ရ သွားတယ်။

     တကယ်တော့ စာအုပ်က လယ်ယာစိုက်ပျိုးရေး စာအုပ်၊ ကာတွန်းစာအုပ် မဟုတ်ဘူး။ ဒါပေမယ့် လယ်ယာ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကာတွန်းလေးတွေပါတော့ ကျွန်မတို့ ကာတွန်းမက် ကလေးတွေ ခေါင်းချင်းဆိုင်ပြီး ဖတ်ကြတာပေါ့။

   အဲလို ဖတ်နေတုန်းမှာပဲ အပြင်ကနေ အဘိုးနဲ့ အဘွားက "သမီးရေ ပြန်ကြစို့" တဲ့။ ဒီမှာက ဖတ်စရာကာတွန်းက အများကြီး ကျန်သေးတယ်။ အဲဒီမှာတင် ကျွန်မက ကျွန်မဦးလေးကို ဒီစာအုပ် ကျွန်မယူသွားမှာလို့ ပြောတယ်။ ကျွန်မရဲ့ ဗိုလ်ကျနေကျ ထုံးစံအတိုင်းပေါ့။ ဒါပေမယ့် အဲဒီဦးလေး ၀မ်းကွဲကလည်း သူ့အိမ်မှာ ဗိုလ်ဆိုတော့ မပေးဘူးလေ။ စာအုပ်ကို ပြိုင်လု နေကြတုန်း သူ့ အမေက နောက်ဖေးက လှမ်းခေါ်တော့ သူက ပြေးထွက်သွားရော။ စာအုပ်ကို တအားလိုချင်နေတဲ့ ကျွန်မက ဘာလုပ်တယ်မှတ်လဲ။

   ဂါဝန်အောက်နားစကို 'မ' ပြီး စာအုပ်ကို ထည့်ထုပ်တယ်။ ပြီးတော့ ဂါဝန်စကို လက်နဲ့ စုကိုင်ပြီး အခန်းအပြင်ဘက်ကို ထွက်လာတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ လုံလှပြီပေါ့။

    အပြင်က လူကြီးတွေက ကျွန်မကို ကြည့်ပြီး "သမီး ...ဂါဝန်ထဲက ဘာတွေလဲ" လို့ မေးတယ်။ ကျွန်မက မဖြေဘဲ ကျွန်မအဘွား ရင်ခွင်ထဲ တိုးဝင်တယ်။ အဘွားက "ပြပါဦး" ဆိုပြီး ကြည့်တော့မှ စာအုပ် တအုပ် ထွက်လာတော့ အားလုံး ၀ိုင်းရယ်ကြ တာပေါ့။ ပြီးတော့ ဘဘရဲ့ ညီမ ကျွန်မဘွားလေးက "အော် သမီးက ဒီစာအုပ်ကို လိုချင်လို့လား .. ယူ ..ယူ" လို့ပြောတယ်။ ကျွန်မ ၀မ်းသာအားရ အဲဒီ စာအုပ်ကို ယူခဲ့တာပေါ့။ အပြန်လမ်းမှာ အဘိုးနဲ့ အဘွားရဲ့ မျက်နှာရိပ် မျက်နှာကဲလည်း ကလေးဆိုတော့ နားမလည်။ 
       တခါတည်းစစ်ကိုင်းပွဲဆိပ်၊ ငှက်ဆိပ်သောင်ပြင်လည်းရောက်ရော ကျွန်မအဘိုးက ကျွန်မတခါမှ မကြားဖူးတဲ့ အသံမာမာကြီးနဲ့ 'ပေး စမ်း' ဆိုပြီး ကျွန်မလက်ထဲက စာအုပ်ကို ဆွဲယူပြီး သောင်ပြင်ပေါ် လွှင့်ပစ်လိုက်တာ။ ပြီးတော့ ကျွန်မလက်နှစ်ဖက်ကို စုကိုင်ပြီး အော်တော့ တာပဲ။

       "ဘာလို့ သူများစာအုပ်ကို လိုချင်ရတာလဲ၊ သူများ မသိအောင် ဘာလို့ယူရ တာလဲ၊ သူများပစ္စည်းကို မသိအောင် မယူရဘူး။ နောက် ဘယ်တော့မှ မလုပ်ရဘူး" အများကြီးပဲ ပြောတာ။ ဒေါသသံ အကျယ်ကြီးနဲ့။ "နောက်လုပ်ဦးမလား၊ လုပ်ဦးမလား" လို့လည်း မေးသေးတယ်။

      အဲဒီအချိန်မှာ ကျွန်မဖြစ်သွားတာကတော့ တအားကြောက်သွားတာပါပဲ။ သိပ်အလိုလိုက် သိပ်ချစ်တဲ့ အဘိုးရဲ့ တခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ အသံနဲ့ မျက်နှာ အမူအရာကိုလည်း တအားကြောက်တယ်။ အဘိုးပြောတဲ့ စကားတွေကိုလည်း တအား ကြောက်တယ်။ ကြောက် ကြောက်နဲ့ ဘာမှမပြောနိုင်ဘဲ ကျွန်မက တအား အော်ငိုတော့တာပဲ။ အဘွားကို အားကိုးတကြီး ဖက်ပြီးတော့ပေါ့။ အဘွားကလည်း တစက်ကလေးမှ ကျွန်မကို မချော့ဘဲ လက်ကိုပဲ အသာဆွဲခေါ်သွားပြီး ငှက်ပေါ်တက်တယ်။ ငှက်ပေါ်မှာ ထိုင်မိတာနဲ့ ရှိုက်ရှိုက်နေတဲ့ ကျွန်မ မျက်ရည်တွေ ကို အသာသုတ်ပေးပြီး ဘာပြောသလဲ သိလား။

       "သမီး . ပေါင်းလှဲကြီး ဘုရားက ရုပ်ပုံတွေကို မှတ်မိလား" တဲ့။ ကျွန်မ သိပ်မှတ်မိတာ ပေါ့။ ကျွန်မတို့ အင်းဝ၊ တံတားဦးနယ်မှာ ကလေးတွေ နည်းနည်း သိတတ် လာတာနဲ့ တံတားဦးမြို့ ပြင်ဘက်နား က ပေါင်းလှဲကြီး (လျောင်းလဲကြီး) ဆိုတဲ့ လျောင်းတော်မူဘုရားကို ခေါ် သွားတတ်ကြတယ်။ အဲဒီဘုရားမှာ ကံငါးပါးရဲ့ အကျိုးအပြစ်တွေကို ဆွဲထားတဲ့ နံရံဆေးရေး ပန်းချီတွေ ရှိတယ်။ ပါဏာတိပါတာ ကံ၊ သူ့အသက်ကို သတ်ရင် ဘယ်လို အပြစ်ခံရတယ်။ မုသာဝါဒါ၊ လိမ်လည်ခြင်းအမှုကို ကျူးလွန်ရင် ဘယ်လို အပြစ်ခံရတယ် ဆိုတာတွေကို နံရံမှာ အကြီးကြီးတွေ ဆွဲထားတာ။

   "အဲဒီပုံတွေထဲမှာ ငရဲသားကြီးတွေက လူတွေကို ဆီဒယ်အိုးကြီးတွေထဲမှာ ခက်ရင်း ခွကြီးတွေနဲ့ နှစ်ပြီး ကြော်နေတာလေ၊ အဲဒီပုံ ငါ့သမီး မှတ်မိလား"

   အိုး ကျွန်မ သိပ်မှတ်မိတာပေါ့။ အဲဒီပုံဟာ ကျွန်မ အကြောက်ဆုံးပုံ။ ကြည့်ပြီးခါစ ညမှာ အိပ်မက်တောင်မက်တဲ့ပုံ။

   "အေး .အဲဒါ အဒိန္နဒါနကံကျူးလွန်တဲ့သူတွေကို ငရဲပြည်ကျရင် အဲလို အပြစ်ပေးတာပေါ့။ အဒိန္နဒါနကံဆိုတာ သူများပစ္စည်းကို မသိအောင် ယူတဲ့ကံလေ။ သူများပစ္စည်းကို မသိအောင် ယူတဲ့သူတွေဟာ .."

      "ကြောက်တယ်၊ ကြောက်တယ်၊ မပြောနဲ့၊ မပြောနဲ့" ဆိုတဲ့ ကျွန်မရဲ့ အော်သံ၊ ငိုသံဟာ ဧရာဝတီမြစ်ပြင် ကျယ်ကြီးပေါ်မှာ အကျယ်ကြီးပေါ့။

   ဘယ်လိုပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်လေးဟာ ကျွန်မကို သိပ်ကိုကြောက်လန့် စေခဲ့တယ်။ အဲဒါနဲ့ပဲ အသက်အရွယ် ရလာတဲ့ အချိန်မှာ ထူးဆန်းတဲ့ မိတ်ဆွေတယောက်ကြောင့်လည်း အံ့ဩစရာ အသိတခုကို သိရပြန်ရော။

    လမ်းလျှောက်လာကြရင်း လမ်းပေါ်မှာ ကျကျန်နေခဲ့တဲ့ ငါးရာတန်ငွေစက္ကူကို ရှောင်ကွင်းသွားရင်း "ဒါ ကျွန်တော် ယူလို့မရပါဘူး၊ သူများပစ္စည်းပါ။ မယူရပါဘူး။ မယူရပါဘူး" တဲ့။ သူက ဆက်ပြောသေးတယ်။ "ကျွန်တော်တို့ အဖေက သင်ခဲ့တာ" တဲ့ လေ။

    ကျွန်မတို့ အဘိုးအဘွား၊ အဖေအမေ တွေက သင်ခဲ့ကြပါတယ်နော်။

  ခုအသက်အရွယ်မှာ လောကဇာတ်ခုံရဲ့ အဖြစ်သနစ်များစွာထဲက ခိုးယူခြင်းအမျိုးမျိုးကို ကျွန်မမြင်တွေ့ဖူးပြီ။ ခိုးယူရခြင်းရဲ့အကြောင်းရင်း အမျိုးမျိုးတွေကိုလည်း ကျွန်မစဉ်းစားဖူးပြီ။ စာတွေလည်း ရေးဖူးပြီ။

   ခိုးယူခြင်းအမျိုးမျိုးမှာ.. အနုပညာဖန်တီးမှုကိုတောင် ခိုးယူကြသတဲ့။ စာနာစိတ်တွေ ကင်းမဲ့ပြီး တကိုယ်ကောင်းစိတ်တွေနဲ့ ခိုးယူခြင်းဆိုတာကို ထမင်းစားရေသောက်လို ဖြစ်သွားမှာ ကျွန်မစိုးတယ်။

   ဒါ့ထက်.. ဒါ့ထက် ကိုယ်မဟုတ်တာ လုပ်နေတယ်ဆိုတာကိုတောင် ကိုယ့်ဟာကိုယ် မသိတော့လောက်အောင် ကိုယ်ကျင့်တရားတွေ ပျက်ပြားသွားမှာကို၊ လူငယ်များအတွက် .. လူငယ်များရဲ့ လက်ထဲက ကျွန်မတို့ နိုင်ငံအတွက်.. ကျွန်မ စိုးရိမ်လှပါတယ်။



                                                                              နုနုရည် အင်းဝ

                                                                News Pic အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၂)

18/03/2012

ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်

1. စီးဆင်း ရင်ခွင် | 3/18/2012 | 2. 3. 4. 5. 6. Best Blogger Tips
     ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအား ထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ဟားဗတ်တက္ကသိုလ်ကဆရာ တွေ  ပြော ပလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ထိတွေ့ဖို့အချိန်မရှိဘူး။  
   ကမ္ဘာ့ထိပ်ဆုံးကျောင်း တစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ် ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

  ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင် ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
 မှတ်ချက်။ ။ ထာဝရ သူငယ်ချင်းများ ဘလော့ဒ်မှ ကူးယူပါသည်။

15/03/2012

လေးနေရင် ဖွကြည့်လိုက်

1. စီးဆင်း ရင်ခွင် | 3/15/2012 | Best Blogger Tips



    ရင်းနှီးတဲ့ တပည့်မိသားစုမှာ တစ်ဦးတည်းရှိတဲ့ သားကလေး မမျှော်လင့်ပဲ ရုတ်တရက် ဆုံးပါးသွားကြလို့ အတော်ကို ယူကျုံးမရ ဖြစ်ကြ ရရှာပါတယ်။ ဖြစ်တဲ့အချိန်မှာတော့ မိမိက ခရီးထွက်နေလို့ မရောက်ဖြစ်ဘူး၊ အဝေးကပဲ ဖုန်းနဲ့နှစ်သိမ့်စကား အနည်း အပါး ပြောလိုက်ပါတယ်။ တစ်ခုတော့ အလေးအနက် သတိပေးလိုက်ပါတယ်။



    “ အေး..ဝမ်းနည်းပူဆွေးဖို့ အကောင်းဆုံး ကိစ္စမျိုးနဲ့ ကြုံရတာကို “ဝမ်းနည်းမနေပါနဲ့”လို့ ဘယ်သူမှ မပိတ်ပင်သင့်တဲ့ ကိစ္စဖြစ်လို့ငါလဲ မပိတ်ပင်ချင်ဘူး၊ မင်းတို့ သတိပြုရမှာကတော့ ဝမ်းနည်းကြေကွဲရတာကို ရင်ထဲမှာ မျိုသိပ်မထား မိပါစေနဲ့၊ ငိုချင်လာရင် မျက်ရည်ထွက်အောင် ငိုပစ်လိုက်၊ မကျေနပ်သေးရင် အသံထွက်ပြီး ငိုပစ်ကြပါ။ နောက်ဆုံး “ငိုကြည့်တော့လဲဘာမှမထူးပါလား” လို့ ကိုယ်တိုင်ကျေကျေ နပ်နပ်သဘောပေါက် လာတဲ့အထိ ငိုကြနော်”လို့။ ရက်လည်နေ့ မှာတော့ မိမိလဲ ရောက်ခဲ့ပါတယ်၊ သူတို့မျက်နှာကြည့်ရတာ သောက ထုထည်တယ်ပါးသေးပုံ မပေါ်တဲ့အတွက် ဘာမှအထွေအထူး မပြောဖြစ်ပါဘူး၊ သာမန်လုပ်ရိုးလုပ်စဉ်ပဲ လုပ်ပေးခဲ့တယ်။


တစ်လပြည့်တဲ့နေ့မှာတော့ “ သောက တနုကဘာဝံ ဉတွာ = သောကပါးလောက်တဲ့ အခြေအနေကို သိပြီးတော့ ” ဆိုတဲ့ ဋီကာ အရှင်မြတ်တို့ မှာကြားချက်အတိုင်း ပြောသင့်တာလေးတွေကို ပြောပေးခဲ့ပါတယ်။ အခု အဲဒီမှာ ပြောခဲ့ တာလေးတွေကို အများလဲ သိရှိ စဉ်းစားကြစေ လိုတဲ့ အတွက် ပြန်ပြောလိုက်ပါတယ်။


   အေးအေး ဆေးဆေးလေး တွေးကြည့်မယ်ဆိုရင်တော့ တကယ့်ကို ဘာမှအထူးအဆန်း မဟုတ်ပါဘူး၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ဖို့ လပိုင်းအလိုလောက်မှာ အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံ ခေါပနေတံအာနန္ဒ ယံ မနုဿဘူတော ကာလံ ကရေယျ = အာနန္ဒရဲ့ မွေးဖွားလာသူတိုင်းအတွက် ဒီသေခြင်းတရား ဆိုတာက ဘာမှ အဆန်းမဟုတ်ပါဘူး” ဆိုတဲ့ စကားအတိုင်းပါပဲ။


    ဒါကလဲ တကယ်ကို အေးအေးဆေးဆေး စဉ်းစားနိုင်ရင်သာ ဒီသဘောမျိုးကို လက်ခံနိုင်တာနော်၊ ခုလို သွေးပူကြုံမှ ထပြီး စဉ်းစား ရင်တော့ အတော့်ကို ဆန်းနေသလိုကြီးပဲ။ ဆန်းသမ ဒီအဖြစ်အပျက်မျိုးက ကိုယ်တစ်ဦးတည်းမှာမှ ကွက်ပြီးကြုံရသလားလို့ ထင်မှား မိလောက်အောင်ကို ဆန်းနေကြတယ် မဟုတ်လား။ ဒါဟာ တကယ်တမ်းကတော့ ဘာကြောင့်မှ မဟုတ်ဘူး၊ ဘာမှ ရေရေရာရာ မသိနိုင်တဲ့ ကံတရားကြီးကို တကယ်ရေရာ သေချာတဲ့ အားကိုး စရာကြီး လို ပုံပြီးယုံမိကြလို့ပဲ။


   တို့လူစုကလဲ ဘယ်လောက်များ ကံကို ပုံအပ်မိလိုက်သလဲဆိုရင် “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ” လို့တောင် ဆိုလိုက်ကြသေး မို့လား။ ကိုယ့်အမိအဖလို ကိုယ့်အပေါ်မှာ ညှာတာမှု ထောက်ထားမှု မရှိတဲ့ကံကို မိဘလို သဘော ထားပြီး အယုံလွန်၊ အပုံလွန်ကြလို့ လဲ ခုလို ကြုံရတဲ့အခါကတော့ “တို့ထင်သလို မဟုတ်ရလေခြင်း” ဆိုပြီး ငိုကျွေးတာ တို့ ပူဆွေးတာတို့တွေ ဖြစ်ကြရတာပေါ့။


   အမှန်ကတော့ ကံဆိုတာ မိဘလဲမဟုတ်၊ ဆွေးမျိုးလဲ မဟုတ်ပါဘူး၊ သူ့နယ်ပယ်ထဲက မလွန်ဆန်နိုင်သူအားလုံးကို သူ့နိယာမအတိုင်း သူလုပ်နေတာပါ။ ဒါပေမယ့် တို့တတွေကတော့ လူ့ပြည်သားတွေပီပီ နိယာမတရားရုံးတော်ကိုလဲ လူ့ပြည်က ရုံးတွေလို သဘောထားမိကြပုံ ရပါတယ်။



   တစ်ခါတစ်လေတော့လဲ ကံကို ကိုယ့်အတွက် မျက်နှာသာရ အောင် လျှောက်လဲပေး တဲ့ ရှေ့နေ လို မြင်ကြတာလဲရှိရဲ့။ တစ်ခါတစ်လေတော့လဲ ကိုယ့်ကိုမှ တမင်ရန်ငြိုးဖွဲ့ပြီး ဆွဲချလို ဒုက္ခပေး တယ်လို့ ထင်တတ်ကြတာ လဲ ရှိရဲ့ပေါ့။ တကယ်တော့ “ကံ” ဆိုတာ တကယ့်ကိုမှ လာဘ်မစား ဘက်မလိုက်တဲ့ ဓမ္မနိယာမ တရားသူကြီး သက်သက်ပါ။ အခုကာယကံရှင်တွေဆိုရင်ပဲ အခုကြုံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကံတရားကို ဆွဲချကြီးလို မြင်နေကြတယ် မဟုတ်လား။


   အဲဒါဘာကြောင့်လဲ၊ ဒါကိုနည်းနည်းစဉ်းစားကြည့်ကြရအောင်။ အမှန်ကတော့ တို့တတွေအားလုံး ကံရဲ့အုပ်ချုပ်မှု နယ်ပယ်ထဲက လွတ်အောင် မရုန်းနိုင်ကြသေးတာကတော့ အဓိကအကြောင်းရင်းပေါ့လေး။ ဒီထက်ပို ဆိုးတာကတော့ တို့ရဲ့ “အတ္တ” လို့ ခေါ်တဲ့ “ငါ” ဆိုတဲ့ အစွဲပါပဲ။ ကံရဲ့ ပိုင်နက်ထဲမှာနေပြီး ကံပိုင်တဲ့ အရာတွေကို “ငါ ပိုင်တယ်”လို့ စွဲယူထားမိကြတယ်မဟုတ်လား။ သိတဲ့အတိုင်းပဲ ဘယ်သူမဆို “ငါ” လို့ ထင်မှတ်ထားတဲ့ ဧရိယာက အလွန်ကျဉ်း တတ်ကြတာ ဓမ္မတာပဲ။ ဧရိယာကသာ ကျဉ်းပေမယ့် ငါပိုင်ဆိုင်တယ် လို့ စွဲလမ်းထားတဲ့ အရာတွေ ကတော့ ဘယ်သူမှ မနည်းကြဘူးလေ။


    ဒီဧရိယာ ဘောင်ကျဉ်းကျဉ်းကလေးထဲမှာ စွဲလမ်းစရာတွေကို “ မဆန့်မပြဲ” လို့ ဆိုရလောက်အောင် သိုလှောင် ထားတဲ့အတွက် စွဲလမ်းထားတဲ့ အရာတိုင်းဟာလဲ အဆမတန်ကို သိပ်သည်းပြီး အရာရာတိုင်းဟာ လေးလံနေကြ တာပါ။


   လူနဲ့လူချင်းက ဘာမှမထူးခြားပေမယ့် အဲဒီလူဟာ ငါ့သား၊ ငါ့မယား၊ ငါ့မိဘ၊ ငါ့ဆွေမျိုးဆိုပြီး ငါဆိုတဲ့ဘောင်ထဲ ထိုးသိပ်လိုက်တဲ့ အခါကျတော့ ငါရဲ့ဘောင်ထဲမှာ ရှိနေတဲ့ လူနည်းစုကလေးက အပြင်မှာရှိနေတဲ့ လူတွေအားလုံးထက် ပိုပြီးလေးသလို ခံစားရမှာပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တ(ငါ)ရဲ့ ဘောင်ထဲက လူက ကျဉ်းမြောင်းသိပ်သည်း သွားတော့တာကိုး။


   ဥပမာ - ခဲ တစ်ပိဿာနဲ့ မှို့တစ်ပိဿာဆိုပါတော့၊ ချိန်ခွင်ထဲထည့်ပြီး ချိန်ကြည့်ရင်တော့ အလေးချိန်ချင်းက အတူတူပါပဲ။ ဒါပေမယ့် ကိုင်ကြည့် မçကြည့်မယ်ဆိုရင်တော့ ခဲတစ်ပိဿာက လေးသလို ဖြစ်နေမယ်မဟုတ်လား။


   ဟောပြောပွဲတစ်ခုမှာ ဟောသူနာသူ အမေးအဖြေ အစီအစဉ်ပါတော့ ဆရာကြီးဒေါက်တာသန်းထွန်းဖြေရမယ့် အလှည့်မှာ မေးသူက “ဆရာကြီးခင်ဗျား - ခဲတစ်ပိဿာနဲ့ မှို့တစ်ပိဿာ ဘယ်ဟာက ပိုလေးပါသလဲ” ဆိုပြီးမေးတယ်။ ဆရာကြီးက “ အဲဒါ မင်းကိုယ်တိုင် တကယ်သိချင်ရင် အဲဒီပစ္စည်းနှစ်မျိုးကို အပေါ်မြှောက်ပြီး အောက်ကနေ ခေါင်းနဲ့ ခံကြည့် လိုက်လေ”လို့ ဖြေသွား ဖူးတယ်။ အလေးချိန်ချင်း တူပေမယ့် ကိုယ့်အပေါ် သက်ရောက်လာတဲ့အခါမှာတော့ သိပ်သည်းတဲ့ အရာက ပိုပြီးလေးလံသလို ခံစားရတာပေါ့။ အဲဒီအတိုင်းပါပဲ - လူချင်းတူပေမယ့် ငါဆိုတဲ့ အတ္တဘောင် ထဲမှာ ထည့်သိပ်စွဲလမ်းထားတဲ့ လူတွေနဲ့ ပတ်သက်လာရင် တခြားလူတွေ ထက် ပိုပြီး လေးလံသလို ခံစားရမှာပဲ။


   အခုလဲ ကံရဲ့ပိုင်နက်ထဲက ကံပိုင်လူသားလေးတစ်ဦးကို ကံက အသက်ရှင် နေထိုင်ခွင့် ကုန်ပြီလို့ သတ်မှတ်ခံ လိုက်ရ တဲ့အခါ၊ ဒီရန်ကုန်မြို့ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ လူပေါင်း ၇၀ ခန့်လောက် ဒီလိုပဲ ကံရဲ့ဆုံးဖြတ်ခြင်း ခံနေကြရတဲ့ ကိစ္စတွေက မှို့ထုပ် ကိုယ်ပေါ်ကျသလောက်ပဲဖြစ်ပြီး “ငါ့သား” လို့ သတ်မှတ်စွဲလမ်း သိမ်းပိုက်ထားတဲ့ ဒီလူလေး တစ်ယောက် ကျတော့ ခဲတစ် ပိဿာ ခေါင်းပေါ်ကျသလို ခံစားကြရတာမို့လား။ တစ်ပိဿာချင်း တူလျက်နဲ့ ဘာကြောင့် ထိချက်ချင်းမတူ ရသလဲ။ မြတ်စွာ ဘုရားဟောတော်မူတဲ့ “ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ = အတိုချုပ် ကတော့ ဥပါဒါန်နဲ့ စွဲလမ်းထားတဲ့ ခန္ဓာငါးပါးတို့ ဟာ ဒုက္ခပဲ” ဆိုတဲ့ စကားက ဒါကိုပြောတာပဲ။ အဲဒါသဘောပေါက် အောင် ဖြေးဖြေး စဉ်းစား ကြည့်ကြရမယ်။


    “ဒါဖြင့် “ခဲ” လို လေးလံဖိစီးနေတဲ့ ဒီဝန်ထုပ်ကြီးပေါ့သွားအောင် ဘယ်လိုလုပ်ရမလဲ” ဆိုရင်တော့ ခဲလို မလေးစေချင် ရင် မှို့လို ပွသွားအောင် “ ဖွပစ်လိုက်” လို့ပဲ ပြောရမှာပါ။


   ဒီလို သဘောမျိုးကို မြတ်စွာဘုရားရှင်က လက်တွေ့ကျင့်သုံး ခိုင်းတဲ့ သာဓကတစ်ခု ပိဋကတ်တော်မှာ ရှိခဲ့ဘူးတယ်။ အတော်များ များ ကြားဖူးနားဝ လည်း ရှိကြမယ်ထင်ပါတယ်။


“ကိသာဂေါတမီ” ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းလေ။


  ဒီမိန်းကလေးက မျိုးရိုးစဉ်ဆက်အရတော့ သူဋ္ဌေးမျိုးပါပဲ၊ သူ့မိဘများ လက်ထက်ရောက်တော့ စီးပွားပျက်ပြီး ဆင်းရဲနေကြလို့ သူလည်း ဆင်းရဲသူမလေး ဖြစ်နေတာပေါ့။ သူတို့နဲ့ တစ်မြို့ထဲနေတဲ့ သူဋ္ဌေးကြီးမှာလည်း ကမ္မဇိဒ္ဓိ ကုန် ချိန်ရောက်တော့ ဘဏ္ဍာတိုက်မှာ သိုလှောင်ထား တဲ့ ရွှေတွေက မီးသွေးတွေလို ဖြစ်သွားတယ်။ မိတ်ဆွေများရဲ့ အကြံပေးချက်အရ အဲဒီမီးသွေးတွေလို ဖြစ်နေ တဲ့ ရွှေတွေကို အိမ်ရှေ့မှာ ဈေးခင်း သလို ဖြန့်ထားတယ်။



  “ဒီပစ္စည်းတွေ ထိုက်တန်အောင် ဘုန်းကံ ရှိသူ တစ်ဦးဦးက မြင်တဲ့အခါမှာ မူလပကတိအတိုင်း ရွှေတွေအဖြစ်နဲ့ မြင်လိမ့်မယ်၊ အဲဒီအခါမှာ ဒီပစ္စည်းတွေ ကို သူ့လက်နဲ့ အထိခိုင်းလိုက်ရင် ရွှေတွေပဲ ပြန်ဖြစ်လိမ့်မယ်။ ပြီးရင်တော့ ယောကျာ်းဆိုရင်လည်း သမက်တော်လိုက်၊ မိန်းမဆိုရင် လည်း ချွေးမတော်လိုက်ပေါ့” ဆိုတဲ့ မိတ်ဆွေများရဲ့ အကြံပေးချက်အရ ဘုန်းကံရှိသူကို မျှော်လင့်နေ တာ။


  တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီသူဋ္ဌေးကြီးအိမ်ရှေ့ ကိသာဂေါတမီဆိုတဲ့ မိန်းကလေး ရောက်သွား တဲ့အခါမှာတော့ မိန်းကလေးက “အဘတို့ ဘာဖြစ်လို့ ရွှေတွေကို အိမ်ရှေ့မှာ မီးသွေးဈေးခင်းသလို ထုတ်ထားရတာလဲ” လို့ မေးလိုက်တော့ “ ဘယ်မှာလဲ ရွှေတွေ၊ ကိုင်ပြစမ်းပါ” ဆိုပြီး တိုက်တွန်းလိုက်တယ်။ မိန်းကလေးရဲ့ လက်နဲ့လည်း ကိုင်လိုက်ရော ရွှေတွေ ဖြစ်သွားတော့ သူ့သားနဲ့ လက်ထပ်ပေးပြီး ချွေး မတော်လိုက်လို့ သူဋ္ဌေးချွေးမဖြစ်သွားခဲ့တာ။


   “လွယ်လှချည်းလား” လို့ မထင်လိုက်နဲ့၊ ဒါဟာ မဇ္ဈိမဒေသရဲ့ ဓလေ့ထုံးတမ်းကို သိထားမှ ပိုသဘောပေါက်မှာ၊ အဲဒီမှာ မိန်းကလေး တစ်ယောက် လူရာဝင်ရေးက တကယ့်ကို “ယောကျာ်း သနားမှ မိန်းမလူရာဝင်”ရတဲ့ ဘဝမျိုး။ ဒါကြောင့် ဒကာမကြီး လူထုဒေါ် အမာက တောင် သူ့စာတစ်ပုဒ် (အမေရှေးစကား ထင်ပါတယ်) ထဲမှာ “သားကို သခင်၊ လင်ကို ဘုရား” လိုသဘောထား ကိုးကွယ်နိုင်မှ မိန်းကလေးများ လူရာဝင်ခွင့်ရတဲ့ နိုင်ငံကြီးနှစ်နိုင်ငံကြားမှာ ကျွန်မတို့ မြန်မာပြည်က မိန်းကလေးတွေ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အား ကိုယ်ကိုးပြီး လူရာဝင်ခွင့်ရကြ တာဟာ မြန်မာလူမျိုးတို့ရဲ့ ထူးခြားချက်ပဲ” ဆိုတဲ့ အကြောင်းရေးထားတာ ဖတ်ရဖူးတယ်။


   ကဲ ထားပါတော့ ဒီလိုနဲ့ ကိသာဂေါတမီဟာ သူဋ္ဌေးသားကတော်ဖြစ်သွားရော ဆိုပါတော့။ သူ့ခင်ပွန်းသည်မှာ သူ့အရင်က ထိမ်းမြားလက်ထပ်ထားတဲ့ မယားတွေလဲ ရှိသေးတယ်။ သူတို့က သားဦးမဖွားဖြစ်ကြတဲ့အတွက် အရိုက်အရာ ခံမရှိလို့ “ကတော်” စာရင်းအသွင်းမခံရဘူး၊ အလုပ်အကျွေး ကိုယ်လုပ်မောင်းမဆိုတဲ့ အဆင့်လောက်ပဲ သတ်မှတ်ခံကြရတာ။


   ကိသာဂေါတမီ ရောက်ခါစမှာတော့ တခြားကျေးကျွန်အခြွေအရံတွေကလဲ ဘာမှအထင်မကြီးကြဘူး။ “ဆင်းရဲသူမက ခုမှ သူဋ္ဌေးအိမ်ရောက်လာပြီး စည်းစိမ်တွေခံစားနေရတာ” ဆိုတဲ့ သဘောနဲ့ မလေးမစား စောင်းမြောင်းညူစူ သဘောမျိုးတွေနဲ့ ဆက်ဆံကြ တာပေါ့။ အချိန်တန်လို့ ကိသာဂေါတမီမှာ သားဦးရတနာလေးရတော့မှ အရိုက်အရာ ခံရပြီဆိုပြီး ကိသာဂေါတမီကို သူဋ္ဌေးကတော် အဖြစ်နဲ့လဲ အသိအမှတ်ပြုလိုက်ရော အိမ်မှာရှိတဲ့ အလုပ်အကြွေး ကိုယ်လုပ် မောင်း မ တွေရော ကျေးကျွန် အခြွေ အရံတွေ ကပါ “ဖူးဖူးမှုတ်၊ ပြားပြားဝပ်”ဆိုသလို ရိုသေလေးစား လာကြတာ။ မရိုသေလို့လဲ မဖြစ်ဘူးလေ သူကတစ်ချိန်မှာ အိမ်ကြီးရှင် သူဋ္ဌေး ကတော်ကြီးဖြစ်မှာဆိုတော့ ကျန်တဲ့ အခြွေအရံတွေရဲ့ ကံကြမ္မာက သူ့အပေါ်မှာ တည်နေတော့မှာကိုး။


  ဒါကြောင့် ကိသာဂေါတမီအတွက် ဒီသားလေးဟာ သူ့ဘဝရဲ့ အတက်အကျ အနိမ့်အမြင့်ကို ဆုံးဖြတ်ပေးမယ့် တကယ့်ကိုယ်ပွား ကလေးဖြစ်နေတယ်။ အဲဒီလိုနဲ့ သားရဲ့အရှိန်အဝါနဲ့ ကိသာဂေါတမီရဲ့ တန်ခိုးအာဏာတက် နေစဉ်မှာပဲ ရုတ်တရက် သားကလေး ဆုံးပါးသွားတာ။ ဒါဟာ ကိသာဂေါတမီအတွက် သားတစ်ယောက်သာ ဆုံးပါးသွားတာမဟုတ်ဘူး။


   သူ့ဘဝတစ်ခုလုံး ဆုံးပါးသွားရတာပါ။ သူရဲ့အရှိန်အဝါ တန်ခိုးအာဏာ ကံကြမ္မာတွေက ဒီသားလေးနဲ့ပဲ တွဲနေတာ။ သားကလေး မရှိတော့ရင် အရိုက်အရာခံမရှိတော့ဘူး၊ အရိုက်အရာခံမရှိတော့ရင် သူလဲအိမ်ကြီးရှင်မ မဖြစ်နိုင် တော့ဘူးလေ။


  ဒါကြောင့် ကိသာဂေါတမီဟာ “သားရောဘဝပါ ဆုံးရှုံးရပါပေါ့ကလား” ဆိုပြီး သွေးရူးသွေးတန်း ကို ဖြစ်သွား တော့တာ။ ဘာမှကို ဆောက်တည်ရာ မရနိုင်တော့ဘူး။ သားသေကိုရင်မှာ ပိုက်ပြီး “ကျွန်မသားလေးကို ရှင်အောင် လုပ်ပေးကြပါ” ဆိုပြီး လမ်းစုံ အော်ဟစ်ပြေးနေတော့တာ။ နောက်ဆုံးမှာ အကြင်နာတရားရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးက “ဂေါတမီ နင့်ဒုက္ခကို ကယ်နိုင်မှာဆို လို့ ဂေါတမမြတ်စွာဘုရားပဲ ရှိတယ်၊ ဘုရားရှိရာ ဇေတဝန် ကျောင်းကိုသာ သွားပေရော့” ဆိုပြီးညွှန်လိုက်လို့ ဘုရားရှင်ဆီရောက် လာတာ။


   ဘုရားရှင်က အခြေအနေ အရပ်ရပ်ကို သိလိုက်ပြီး တကယ်လို့သာ “ဟဲ့ - နင့်သားက သေနေပြီပဲ ဟာ၊ သေသူကို ရှင်အောင်ကုလို့ ဘယ်မှာရတော့မှာလဲ” ဆိုပြီး တည့်တိုးကြီးသာ ပြောချလိုက်ရင် အဲဒီနေရာမှာ ကိသာဂေါတမီဟာ တစ်ခါတည်း အရုပ်ကြိုးပြတ် လိုဖြစ်ပြီး တကယ်ကို ဘဝဆုံးသွားမှာမလွဲဘူး။


    မဟာကရုဏာရှင်ဖြစ်တော်မူတဲ့ ဘုရားရှင်က ဒီအခြေအနေအားလုံးကို သိရှိတော်မူတဲ့အတွက် သားသေ အကြောင်းကို ဘာမှ မပြောဘဲ “ချစ်သမီး ဂေါတမီ ... နှမ်းတစ်ဆုပ်ရှာခဲ့ပါ ၊ အဲဒီနှမ်းဟာ သား၊ သမီး၊ မိဘ၊ မောင်ဘွား စသည်တစ်ဦးမှ မသေဆုံးဖူးတဲ့ အိမ် ကတော့ ဖြစ်ပါစေ” လို့ မိန့်ကြားလိုက်ပါတယ်။


   ဘုရားရှင် မိန့်ကြားတဲ့အထဲမှာ “အဲဒီနှမ်းတစ်ဆုပ်ရရင် သေနေတဲ့သားကို ရှင်အောင်လုပ်ပေးမယ်” ဆိုတဲ့ စကားတော့ မပါပါဘူး။ ဘုရားရှင်တို့မည်သည် ဘယ်လိုအကြောင်းကြောင့်မှ မုသားစကားကိုတော့ မပြောပါဘူး။ ဒါပေမယ့် ကိသာဂေါတမီကတော့ ဒါဟာသူ့သားနဲ့ သူ့အတွက်ဧရာမ မျှော်လင့် ချက်ကြီးပဲလို့ ခံယူပြီး ချက်ချင်းပဲ နှမ်းရှာ လှည့်လည် တော့တယ်။


   သူတောင်းတာကို အိမ်တိုင်းကပဲ ကြည်ကြည်ဖြူဖြူ ပေးပါတယ်။ သို့သော် အိမ်တိုင်းမှာ သေခြင်းနဲ့က မကင်းကြလို့ ကိသာဂေါတမီ မယူခဲ့ရဘူး။


    ပထမတစ်အိမ် အဖသေသတဲ့ ၊ ဒီလောက်နဲ့တော့ မမှုသေးဘူး “သူတို့မှာက အဖေသေတာ၊ ငါ့မှာက သား၊ ဘာဆိုင် လဲပေါ့” နောက်တစ်အိမ် အမိသေသတဲ့။ ကိသာဂေါတမီ နည်းနည်းတွေ သွားပြီ။ နောက်တစ်အိမ် မနေ့တစ်နေ့ကမှ သမီးလေးသေ သွားသတဲ့။ ဒီတစ်အိမ်ရောက်အပြီးမှာတော့ ကိသာဂေါတမီရဲ့ “ငါ့မှာသာ” ဆိုတဲ့ အတ္တလှောင်အိမ်က အတော်လေး လှုပ်ခါ သွားပြီ။ နောက်တစ်အိမ် သားကလေးသေဆုံးလို့ ဒီနေ့မှ သင်္ဂြိုလ်ခဲ့ရတာ ဆိုတဲ့ အသံလဲကြား လိုက်ရော ကိသာဂေါတမီရဲ့ အတ္တလှောင်အိမ် တစ်ခါတည်း ပွင့်ထွက်သွားတော့ တယ်။ လှောင်အိမ် ပွင့်သွားပြီ ဆိုတော့ လှောင်ထားခဲ့မိတဲ့ “ ငါ့သားမှာသာ ဒီအဖြစ်မျိုး နဲ့ ကြုံရလေခြင်း” ဆိုတဲ့ အထင်မှားတွေလဲ တစ်ခါတည်း လွင့်စဉ်ပြန့် ကျဲပြီး သိပ်သည်း ဆတွေအားလုံး ပျက်သွားတော့ တယ်။


    မြတ်ဗုဒ္ဓရဲ့ ရည်ရွယ်ချက်ကလဲ ဒီလိုပျက်ပြယ်çပြန့်ပွသွားစေဖို့ပဲ အိမ်ပေါက်စေ့မှာ လိုက်လံကျဲဖြန့်ပြီး အဖွခိုင်းလိုက်တာပါ။ အတ္တလှောင်အိမ်ကျိုးပျက်ပြီး ဥပါဒါန်တွေ ဖြန့်ပွသွားတာနဲ့အမျှ လေးလံ မှုတွေလဲ လျော့သွား တာပေါ့။


   လေးလံမှုတွေလျော့သွားတာနဲ့အမျှ ဆင်ခြင်တုံတရားတွေ၊ သတိတရား အသိတရားတွေ ကလဲ နေရာယူလို့ ရလာတော့တာပေါ့၊ “ အော် ... သေခြင်းဆို တာ ငါ့တစ်အိမ်တည်းမှာ၊ ငါ့သားတစ်ယောက်မှာသာ ကြုံရတဲ့ အရာ မဟုတ်ဘူး၊

    “မွေးဖွား၊ ရှင်သန်နေထိုင်ကြတဲ့သူတွေ အားလုံးနဲ့ဆိုင်တဲ့ ဘုံဆိုင် ဓမ္မတာတရား တစ်ခုပါလား” ဆိုတာကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့ အခါမှာတော့ နှမ်းရှာတဲ့ ခရီးကိုအဆုံးသတ်လိုက်ပြီး မြို့ပြင်ကိုထွက်လာခဲ့တယ်။ သုဿာန်မှာ သားသေကို သင်္ဂြိုဟ်ပြီးတော့မှ ဘုရားရှင်ထံမှောက် ပြန်ရောက် လာတယ်။ “ ဘယ်နှယ်လဲ ချစ်သမီး ... နှမ်းရခဲ့သလား” လို့ဘုရားရှင် က မေးတဲ့အခါ မှာတော့ “ တပည့်တော် အတွက် နှမ်းမလိုအပ်တော့ပါဘုရား၊ အရှင်ဘုရား ဟောမြွက်မယ့်တရားဓမ္မကိုသာ အလိုရှိပါတယ်” ဆိုတော့မှ “ သောကပါးပြီ၊ ဆောက်တည်ရာရပြီ” ဆိုတာကို သိတော်မူလို့ ဘုရားရှင်က တရားဓမ္မ ဟောကြား ပေးတဲ့ အခါ တရားအသိတွေရ ပြီး နောက်ဆုံးတော့ ကိသာဂေါတမီ ရဟန္တာထေရီမကြီး ဖြစ်သွားခဲ့ပါတယ်။


   ဟုတ်ပါတယ်။ “ငါ့မှာသာ” ဆိုတဲ့ အတ္တလှောင်အိမ်ထဲမှာ ထည့်ပြီး သိပ်သည်းအောင် စွဲလမ်းထားကြလို့သာလေး နေတာပါ။ အားလုံးနဲ့ မျှဖြန့်ပြီး ကြည့်လိုက်ရင်တော့ “အတ္တ” ဆိုတဲ့ ဘောင်ဟာ အထင်သက်သက်ပဲဆိုတာ သဘောပေါက်ပြီး ပွင့်သွားမှာပါ။


   ကျဉ်းမြောင်းတဲ့ အတ္တဘောင် ပွင့်ပျက်သွားပြီဆိုတာနဲ့ လှောင်ပိတ်မိပြီး သိပ်သည်းနေတဲ့ စွဲလမ်းစရာတွေ အားလုံး ဟာလဲ ပြန့်ပွပြီး နောက်ဆုံးတော့ ပျက်ပြယ်ပျောက်လွင့်သွားရစမြဲပါပဲ။ ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့စကားထဲက အတိုင်းပြော ရမယ်ဆိုရင် အတ္တဘောင်ကို မဖျက်ဘဲ ဒီအတိုင်းကြည့်တာနဲ့ အတ္တဘောင်ကို ဖျက်ပြီး ဖွကြည့်တာဟာ “သေဆုံးခြင်း”ဆိုတဲ့ ချိန်ခွင်ထဲမှာ ထည့်ချိန်ကြည့်ရင်တော့ “သေတယ်” ဆိုတဲ့ အလေးချိန်ချင်းက အတူတူပဲလို့ ဆိုနိုင်ပေမယ့်ဖွကြည့်လိုက်တဲ့အခါ ခဲတစ်ပိဿာ လိုကနေ မှို့တစ်ပိဿာလို အဖြစ်မျိုးပြောင်းလဲ သွားတယ်လို့လဲ ဆိုနိုင်တာပေါ့။


    အဲဒါပါပဲ၊ ကိသာဂေါတမီရဲ့ ဖြစ်ရပ်မှာတော့ မြတ်ဗုဒ္ဓက ကိသာဂေါတမီရဲ့ သောကတွေကို အိမ်ပေါက်စေ့ လှည့်လည်ပြီး “ဖြန့်ဖွကြည့်လိုက်” လို့ ခိုင်းတဲ့သဘောပေါ့။ ဒီသဘောမျိုးကို တိပိဋကဓရ မင်းကွန်းဆရာတော် ဘုရားကြီးကတော့ “မကျေနပ်ရင် ငုံ့ကြည့်လိုက်ပါ” တဲ့။ ငုံ့ကြည့်လိုက်တဲ့အခါ ကိုယ့်ထက် အဖြစ်ဆိုးသူတွေ၊ အခြေအနေဆိုးသူတွေကိုတွေ့မြင်လိုက်ရတော့ ကိုယ်က သူတို့နဲ့ စာရင် “ငါ့ အဖြစ်က တော်သေးရဲ့”ဆိုတဲ့ အသိနဲ့ အလိုလို အထက်မှာ ရောက်နေပြီပေါ့။ သူတို့ရဲ့ အထက်မှာ ရောက်နေ ပြီဆိုကတည်းက သူတို့ထက်ပေါ့သွားပြီပေါ့။ ဒီလို ပေါ့သွားတာဟာ ကိုယ့်ရဲ့ အတ္တဘောင်ကျိုး၊ ပေါက်၊ ပွ၊ ပြန့် သွားလို့ပါပဲ။


  ဆရာတော်ကြီးက ဆက်ပြီး မိန့်ကြားတာလဲရှိသေးတယ် “သိပ်ပြီး ကျေနပ်နေရင်လဲ မော့ကြည့်လိုက်ပါ”တဲ့။


  အထက်ကို မော့ကြည့်လိုက်တော့ “ငါဟာ ဘာမှ မဟုတ်သေးပါလား”ဆိုတာကို သိမြင်ပြီး အတ္တဘောင်ထဲမှာ သိုလှောင် ထားမိတဲ့ မာနတွေ အာဃာတတွေလဲ ပွပြန့်လွင့် ပျယ်ပြီး ပေါ့ပါးပါးဖြစ်သွားမှာပါ။


   ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုလေးလံတဲ့ ဒဏ်တွေပဲ ဖိစီးနေနေ “ငါ”ဆိုတဲ့ အတ္တဘောင်ကျိုးပျက်သွားအောင် ဖွ ၊ ဖြန့်ပြီးတော့သာ ကြည့်ပေး ပါ။ “ငါ” ဆိုတဲ့ ဘောင်ကျိုးပျက်သွားပြီဆိုရင်တော့ အရာအားလုံးဟာ အားလုံးရဲ့ ဘုံဆိုင်သဘာဝ နိယာမကြီး တစ်ခုအဖြစ် သိမြင်ပြီး ပေါ့သွားကြမှာ မလွဲပါဘူး။ မြန်မာစကားမှာ “ပွပွရွရွ၊ ပေါ့ပေါ့ပါးပါး” ဆိုတာ ရှိသမို့လား။


   ဖွလိုက် ဖြန့်လိုက်ရင် ပွသွား ရွသွားမယ်၊ “ရွ” တယ်ဆိုတာ သိပ်သည်းဆတွေ ပျက်သွားတာပါပဲ၊ “ရွ”သွားပြီဆိုရင် ထုထည် ပမာဏကလဲ ပါးပါးလေးဖြစ်ပြီး “ပေါ့” သွားမယ်လို့ ဆိုလိုတဲ့ သဘောပါပဲ။


   တိုတောင်းးတဲ့ ဘဝမှာ ပေါ့ပါး လန်းးဆန်းးပြီးး အသိမှန် အမြင်မှန် ရကြပါစေ ...။

                                                        ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

မေတ္တာများဖြင့် 
မေတ္တာဥယျာဉ် မှ ကူးယူဖော်ပြသည်။

14/03/2012

ကိုယ့်....ကိုသတိရပါ

1. စီးဆင်း ရင်ခွင် | 3/14/2012 | 2. 3. 4. 5. 6. Best Blogger Tips


  လုပ်ငန်းတစ်ခုခုလုပ်တော့မယ်ဆိုလျင် သင့်တင့်တဲ့ အချိန်အခါကောင်းကိုရွေး တတ်ကြ တယ်။ ရွေးချယ်ပုံကတော့ အမျိုးမျိုးပေါ့။ လက်တွေ့ဆန်တဲ့အချို့က ရာသီ ဥတု၊ နေရာဒေသစတဲ့ လောလောဆည် အခြေအနေကိုသုံးသပ်ပြီကိုယ်လုပ်မည့်အလုပ်နဲ့ လိုက်လျောညီထွေ ဖြစ်မည့်အချိန်ကိုရွေးချယ်ကြတယ်။



  အချို့ကတော့ ဗေဒင်ဆရာလို၊ အခါပေးလိုသူတွေဆီကအကြံပြုစကားကိုရယူပြီးနက္ခတ်တွေ ဂြိုဟ်တွေကိုမှီကာနေ့ကောင်းရက်သာချိန်ခါမျိုးကိုရွေးတတ်ပါတယ်။ ကိုယ့်အတွက် အရေးကြီးတယ်လို့ ထင်တဲ့အခါမျိုး၊ အထူးသဖြင့် ကိုယ့်ဘဝအတွက် မှတ်တိုင်ဖြစ်မယ့် အလုပ်တစ်ခုခုကိုလုပ်မည့် အခါမျိုးမှာဆိုပိုပြီးအချိန်အခါကောင်းကိုရွေးတတ်ပါတယ်။


လုပ်ငန်းသဘောကိုအခြေခံပြီးလက်တွေ့ကျတဲ့ ရွေးချယ်မှုမျိုးကတော့ ရှိရမည့်အရာမျိုးပါ။ ဗေဒင်တွေ အကြားအမြင်တွေအခြေခံတဲ့ ရွေးချယ်မှုမျိုးအတွက်တော့ ဘာမှမှတ်ချက်မပြုလိုပါဘူး။ (ကိုယ့်ပတ်ဝန်းကလူတွေတော်တော်များများကဒီဖက်မှာအခြေခံပြီးရွေးချယ်မှုတွေလုပ်တတ်လို့ သူတို့တွေနဲ့မငြင်းခုံလိုတာကြောင့်ပါ)။ကိုယ်ကိုယ်တိုင်ကတော့ဒီဖက်မှာအားမသန်တာကြောင့် ဘယ်လို ကိစ္စမျိုး ကိုမှ ဂြိုဟ်နက္ခတ်တွေ၊ ဗေဒင်ယတြာစတာမျိုးတွေအခြေခံကာမလုပ်ခဲ့ဖူးပါဘူး။


  ဗုဒ္ဓကတော့ သုနက္ခတ္တံသုမင်္ဂလံ၊ သုပ္ဗဘာတံသုဟုဋ္ဌိတံ၊သုခဏောသုမုဟုတ္တောစ= သုစရိုက်တရားသုံးပါးတို့ကို ဖြည့်ကျင့်တဲ့နေ့ဟာနက္ခတ်ကောင်းတဲ့နေ့၊ မင်္ဂလာရှိတဲ့နေ့ ၊ အပြစ်ကင်း ရှင်း ကောင်းသောမိုးလင်းတဲ့နေ့၊ သာယာသန့်ရှင်းကောင်းခြင်းအတိနဲ့ အိပ်ရာမှ ထခြင်းရှိ တဲ့နေ့၊ ကောင်းသောခဏကောင်းသောသမယရှိတဲ့အချိန်အခါလို့ မိန့်တော်မူပါတယ်။ ဗုဒ္ဓအဆုံးအမနဲ့ ပတ်သက်လာလျင် သံသယဟူ မြူတစ်မှုန်မျှ မရှိလေတဲ့ကိုယ့်အဖို့ ကောင်းခြင်းချိန်ခါ မင်္ဂလာ ဆိုတာ ကိုယ့်ဆီကပဲလာတယ်လို့ အကြွင်းမဲ့စွာယုံကြည်ထားတာလေ။


   ဗုဒ္ဓမိန့်လိုရင်းကတော့ ကောင်းရာလုပ်တဲ့အချိန်ဟာကောင်းတဲ့ချိန်ခါပါပဲ။ အချိန်နက္ခတ် ဘယ်လိုကောင်းကောင်းမကောင်းမှု လုပ်ချိန်ဆိုတာမကောင်းတဲ့အချိန်အခါပဲလို့ အပြန်အားဖြင့် ဆိုရမှာပါ။ ဒါကြောင့် ကိုယ့်အတွက် အချိန်အခါကောင်းဖြစ်စေချင်လျင် အကြံကောင်းကိုအခြေခံပြီးအပြောကောင်း၊ အလုပ်ကောင်းကိုပြောဖို့လုပ်ဖို့လိုပါမယ်။မကောင်းစိတ် မကောင်းကြံကိုအခြေခံပြီး မကောင်းပြော မကောင်းလုပ်တွေ ပြောနေလုပ်နေပြီးကျော်ဇောချီးမွမ်းမှုကိုခံယူလိုခြင်း၊ ကောင်းကျိုး ရလဒ်ကို ရလိုခြင်း မျိုးကတော့ ကံတရားရဲ့ မျက်နှာမလိုက်တတ်တဲ့အလှကိုအကျည်းတန်အရုပ်ဆိုးအောင် အိုးမဲသုတ်လိုတဲ့ အရိုင်းအစိုင်းစိတ်ဓာတ်မျိုးသာဖြစ်လေမှာပါ။


      တကယ် ဖြစ်မလာသည်ပင် ရှိပါစေ၊ လူတိုင်းလူတိုင်းကတော့ အကောင်းဆုံးကိုသာမျှော်လင့်ကြတာပါ။ မကောင်းတဲ့အရာများနဲ့ မတွေ့လိုမဆုံလိုသလိုမကောင်းတဲ့အရာများကိုလည်းမကြားမမြင်လိုကြပါဘူး။ သို့ပေမယ့်လည်းလောကထဲမှာနေနေကြရတဲ့ လောကသားတို့အဖို့မှာကလောကထဲမှာ ဖြစ်မြဲဓမ္မတာဖြစ်တဲ့ 
 ကောင်းဆိုးလောကဓံဆိုတာတွေကိုအနည်းနဲ့အများဆိုသလိုတွေ့ကြုံနေကြရစမြဲပါ။



  အချို့လောကဓံဆိုးများကိုဥာဏ်စွမ်းအားဝီရိယစွမ်းအားနဲ့ ရှောင်ရှားလို့ ရတာမျိုးရှိသလို အချို့အရာများကိုတော့ ဥာဏ်ဝီရိယစွမ်းအားများနဲ့ ရှောင်လွှဲလို့ မရနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ကံရဲ့ ပြဋ္ဌာန်းသတ်မှတ်ချက်အောက်ကနေပေါ်ထွက်လာတဲ့ ကြမ္မာဆိုးလောကဓံမုန်တိုင်းမျိုး ကိုတော့ ဘယ်လိုတန်ခိုးရှင်မှ ငြင်းပယ်ဟန့်တားနိုင်စွမ်းမရှိပါဘူး။ဒါကြောင့် ကြမ္မာကောင်း ထွက်ပေါ်မှုကိုလိုလား တယ်ဆိုလျင်ဖြင့် ကောင်းကံတွေကိုလုပ်ကြဖို့လိုပါတယ်။


     အတၱာနေဥၥပိယံဇညာ ၊ရေကၡယ် နံသုုရကၡိတံ၊ တိဏၰံအညတရံယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော-ရယ်လို့ ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုလျင် ချစ်ရာရောက်အောင် နေဖို့ မိန့်ကြားခဲ့တဲ့ စကားလေး တစ်ခွန်းရှိတယ်။စွမ်းအားရှိသလောက် ကောင်းကျိုးများတဲ့ လုပ်ငန်းတွေလုပ်နေသူဟာ ကိုယ့်ကိုယ်ကို ချစ်သူအစစ်ဖြစ်တယ်လို့ဆိုလိုတယ်။

     ကောင်းကျိုးများတဲ့အလုပ်ဆိုတာကကုသိုလ်ပါပဲ။တစ်ဖက်မှာလည်းမကောင်းလုပ်မကောင်းပြောလုပ်တော့
မယ် ပြောတဲ့မယ်အကြံဖြစ်လျင်ဖြင့် ဒီမကောင်းမှုဒဏ်ကိုခံရမယ့်သူဟာ ကိုယ်သာဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို ပြန်လည်သတိရဖို့လိုပါတယ်။ကုသိုလ်ဆိုတာဘာကိုပဲအကြောင်းပြုပြီးလုပ်လုပ်။ လုပ်ဖြစ်လျင် ကောင်းတာပါပဲ။ ဒါနဲ့ ပြောင်းပြန်၊ အကုသိုလ်ကတော့ ဘယ်လိုအကြောင်းကြောင့်ပဲမလုပ်ဖြစ်၊ မလုပ်ဖြစ်။ မလုပ်ဖြစ်လေကောင်းလေပါ။


  စိတ်ကူးတစ်ခုပေါ်လာလို့ တစ်ခါမှ မလုပ်ဖြစ်ခဲ့ဘူးတဲ့ မွေးနေ့ပွဲကိုအမှတ်တရ လုပ်ပါမယ်။ မွေးနေ့ကိုအခြေခံလို့ ကောင်းမှုကုသိုလ်တစ်ခုခုကိုယ်တိုင်လုပ်ဖြစ်လျင် ကိုယ့်အတွက် အမြတ်ဖြစ် စေသလိုကိုယ်နဲ့နီးစပ်သူတွေ လုပ်ဖြစ်တယ်ဆိုလျင်လည်းသူတို့တွေအတွက် အမြတ်ဖြစ်စေ နိုင်မယ်လို့ လည်းယုံကြည်မိပါတယ်။


   ကိုယ့်မွေးနေ့က မြန်မာလိုဆိုတပို့တွဲလထဲမှာ။ တပို့တွဲလဆိုတာကမီးဖုန်းပွဲတော် ကျင်းပတဲ့လ။ တပို့တွဲလအကြောင်းကိုမြန်မာစာဆိုတော်ကြီးဦးကြော့ကတော့-ရွှေယုဂံနန်းညိုမြက၊ စန်းခိုခ လျှံလူ။ ချမ်းဆိုမျှ စံမတူသည်၊ သယမ္ဘူသော်မှ။ မီးမယ်ဖျူး ရွှေလက်ကင်သည်၊ ရေစက်တွင် အေးတဲ့သည်လ-လို့ ဖွဲ့ဆိုခဲ့ပါတယ်။ သွေးသားနဲ့တည်ဆောက်ထားတဲ့ မြတ်ဘုရားသော်မှ ခြေလက်ဖျားတွေ အေးစက်တော်မူတာကြောင့် မီးကင်တော်မူရတယ်လို့ အစဉ်အလာစကားရှိခဲ့တဲ့ လရာသီပေါ့။

  ကိုယ်ငယ်ငယ်ကရွာဦးကျောင်းမှာတပို့တွဲလပြည့်နံနက်စောစောနံ့သာထင်းမီးတွေနဲ့ မြတ်ဗုဒ္ဓကိုမီးပူဇော်ခဲ့ရ တာကိုတမ်းတမိတယ်။ အလယ်မှာဝါးစိမ်းတစ်လုံးကိုအူတိုင်အနေထောင်ပြီးသနပ်ခါးသားတွေ၊ သီးသား တွေကိုအထပ်ထပ်ဘေးမှာရံပြီးမီးပူဇော်ခဲ့ရတာ။ လေလုံတဲ့ဝါးစိမ်းလုံးကိုမီးလောင်တော့ ဖျောင်းကနဲ
ဖောင်း ကနဲအသံကမိုင်ဝက်လောက်ဝေးတဲ့ ရွာထဲကပင်ကြားရတယ်။



  ဝါးမီးပေါက်သံကိုကြားလျင်ဖြင့် အာရုဏ်တက်ဖို့နီးပြီရယ်လို့သိတဲ့ ရွာသားများကမိသားစုဝိုင်းဖွဲ့ မီးလှုံရင်းညဦးပိုင်းကပျော်ပျော်ပါးပါးထိုးခဲ့တဲ့ ထမနဲများကိုကျောင်းသွားပို့ဖို့ အချိန်ရောက်ပြီလို့ နားလည် လိုက်ကြတယ်။ ခဏအကြာမှာတော့ ထမနဲအုပ်တွေကိုယ်စီသယ်လို့ ကျောင်းကိုရောက်လာကြတယ်။


  တပိုတွဲလကဗုဒ္ဓကိုရည်မှန်းပြီး လှူဒါန်းတဲ့ မီးဖုန်းပွဲနဲ့အတူထမနဲ(ထမင်းနှဲ) ပွဲတော်ကိုလည်း တပျော်တပါးခြိမ့်ခြိမ့်သဲသဲကျင်းပတဲ့လပေါ့။ အချိုးအစားမျှတပြီးစနစ်တကျထိုးထားတဲ့ ထမနဲဟာ ရာသီစာ ဖြစ်တာကြောင့် ကျန်းမာရေးမျှတကောင်းမွန်စေသလို ကြာရှည်လည်းခံပါတယ်။ ညီညွတ်မှုနဲ့ အတူ အားမာန်ကိုကိုယ်စားပြုလို့ ထမနဲပွဲဆိုတာပေါင်းစည်းယှဉ်တွဲခြင်းသရုပ်ကိုလည်းပေါ်လွင်စေတဲ့ ရိုးရာပွဲ တစ်ပွဲပေါ့။


   လယ်ယာလုပ်ငန်းအခြေခံတဲ့ မြန်မာတို့ရဲ့ ကောက်ရိတ်သိမ်းပြီး၊ လယ်ယာလုပ်ငန်းခွင်လည်း ပြီးစအချိန်။ ငွေစလေးတွေရွှင်တဲ့ ဒီအချိန်ကာလမျိုးမှာဟိုရွာဒီရွာကနေ ကြားရတဲ့ အလှူပွဲများဆီက စည်ဗျောသံတွေလည်းဝေစည်တဲ့အချိန်ကာလပေါ့။


    အညာဒေသရဲ့ နံနက်လင်းစများမှာဆိုဆောင်းနှောင်းလရဲ့ နှင်းစတို့နဲ့အတူ မှုန်ပျပျ မြူဆိုင်များက ရိတ်သိမ်းပြီးစရိုးပြတ်တောပေါ်မှာဝေ့သီရစ်ဝဲလို့။လယ်နုားချောင်းကမ်းတွေမှာအလေ့ကျပေါက်လေ့ရှိတဲ့ ပေါက်
ပင်ကြီးတွေ၊ လက်ပံပင်ကြီးတွေရဲ့ ပင်ယံဖျားမှာလည်းနီတျာတျာ အပွင့်တွေကတစ်ပင်လုံးရဲရဲ နီရုံမကတတောလုံးကိုပင်လျင်ပတ္တမြားရောင်တွေချယ်သထားသလိုထင်ရတယ်။



  တခါခါမှာဦးဦးဖျားဖျားရောက်လာတတ်တဲ့ ဥသြငယ် တစ်ကောင်စ နှစ်ကောင်စရဲ့ လွမ်းဆွေးတသ နွမ်းလျလျတွန်သံကိုလည်းတောကြိုမြိုင်စကနေ ကြားရတတ်တဲ့ သမယပေါ့။ ဆောင်းနှောင်းနွေဦး ရာသီထူးရဲ့ မြူးဖွယ်ကာလညာဒေသကငယ်ဘဝများတသအောက်မေ့ အလွမ်းငွေ့က ရင်မှာဝေ့သီ၊ အော်.. ကြာချီကြာညောင်းအဟောင်းများမင့် အသစ်တဖန် ရစ်ပြန်လည်လီ။


   ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာကိုယ့်ရဲ့မွေးနေ့ကျရောက်ပါမယ်။ ခြောက်ဆယ့်လေးမှာမွေးခဲ့တာမို့ လာမယ့်မွေးနေ့ကလေးဆယ့်ခြောက်အလွန် မွေးနေ့များထဲကတစ်ခုသာပေါ့။အတ္တသမံပေမံနတ္ထိ-ကိုယ့်ကိုယ် ကိုချစ်သလို ပြန်လည်ချစ်နိုင်တဲ့ အခြားသူတစ်ဦးဆိုတာမရှိဘူးတဲ့။ ကိုယ့်ကိုယ်ကိုချစ်တဲ့ သူတိုင်းကိုယ်နဲ့ကိုယ် နှစ်သလိုဖြစ်စေမယ့် မကောင်းအလုပ် မကောင်းအပြော မကောင်း အကြံတွေကိုမလုပ်မပြောမကြံမိအောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်လေ။ တစ်ဖက်မှာလည်း ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ရှိလောကသားတွေ သယာယာငြိမ်းချမ်းစေရေး။ ပိုမိုတိုးတက်ကောင်း မွန် စေရေးတွေအတွက်လည်းလုပ်ဆောင်ပေးဖို့လိုပါတယ်။


  ဖေဖော်ဝါရီလမွေးလူငယ်တွေနဲ့တွေ့တိုင်းဖေဖော်ဝါရီမွေးနေ့ရှင်တွေကတော်တယ်ကွ။ ဥပမာပြောရ ရင်ပေါ့၊ နိုင်ငံခေါင်းဆောင်ကြီးများထဲကဆိုအမေရိကန်သမတကြီးလင်ကွန်း၊ သူကဖေဖော်ဝါရီ ၁၂ နေ့ကမွေး တယ်။ ဂျော့ဝါရှင်တန်ကတော့ ဖေဖော်ဝါရီလ ၂၂ရက်နေ့။ သမတရေဂင်ဆိုလည်းဖေဖော်ဝါရလ ၆ ရက်ဖွား ပေါ့။



  ဒို့နိုင်ငံရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကဖေဖော်ဝါရီလ ၁၃ ရက်လေ။ ဒါကြောင့် ဒို့ငယ်ငယ်ကဆို ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊ ရှေ့နေဦးဖာသားစသဖြင့် ကဗျာတွေဆိုခဲ့ရဖူးတယ်။ သိပ္ဗံခေတ်ဦးရဲ့ ကိုပါနီးကပ်တို့လို၊ သတ္တမျိုးနွယ်ဝင် လူသားတစ်ဦးရဲ့ဖြစ်စဉ် ကိုရဲရဲဝံ့ဝံ့တင်ပြခဲ့တဲ့ ချားလ်ဒါဝင်တို့လိုပုဂ္ဂိုလ်ကြီိးများ၊ ဂီတဖက်မှာလည်းချိုပင်တို့လို သူတွေ။ အဲဒီလို ကျော်ကြားတဲ့ သူတွေဒီဖေဖော်ဝါရီလ မှာ  မွေးတာပေါ့။ပြီးတော့ နောက်ကျော်ကြားသူတစ်ဦး လည်းရှိသေး တယ်။ အဲဒါသိလား။ အဲဒါ ကိုယ်လေ၊ ကိုယ်လည်းဖေဖော်ဝါရီလ ၁၁ ရက်နေ့မွေးတာပေါ့လို့ သူတို့ကိုစလေ့ရှိတယ်။


   ကိုယ်ကအဲဒီလိုပြောတော့ ဖေဖော်ဝါရီလမွေးဒကာလေးတစ်ဦးကပြောတယ်။ ဒါဆိုနောက်တစ် ယောက် လည်းထည့်ပါဦး။ သူလည်းဖေဖော်ဝါရီလမွေးပါတဲ့။ သူ့ကိုတော့ ခုလိုပြောလိုက်ပါတယ်။ အဲမင်းလည်းကျော်ကြားသူတွေထဲပါချင်ရင် တစ်ခုလုပ်ဖို့တော့ လိုတယ်။ အဲဒါကခုဖေဖော်ဝါရီမွေးနှေ့ ရှင်ဖြစ်တဲ့ကိုယ်ကဒီဖေဖော်ဝါရီလမှာပဲမွေးနေ့အမှတ်တရကုသိုလ်ကောင်းမှုတစ်ခုလုပ်မယ်။



  အဲဒီထဲမှာအလှူငွေများများပါဝင်တယ်ဆိုရင် မင်းကိုလည်းကျော်ကြားသူထဲထည့်မယ် လို့ ပြောလိုက်တယ်။ ဖေဖော်ဝါရီမှာမွေးတဲ့ အခြားသူများလည်းကျော်ကြားသူတွေထဲပါချင်လျင်တော့ အဲဒီဒကာလေးလိုပဲ ပြောရမှာပေါ့။


  ဖေဖော်ဝါရီမွေးနေ့ရှင်တစ်ဦးလည်းဖြစ်၊ ကိုယ့်အမိနိုင်ငံရဲ့ ကျေးဇူးရှင်ဖခင်တစ်ဦးလည်းဖြစ်တဲ့ဗိုလ်ချုပ်ေ အာင်ဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အတ္ထုပ္ဗတ္တိကိုရုပ်ရှင်ရိုက်ကူးမည့် အစီအစဉ်အတွက် အမှတ်တရအလှူငွေ လှူဒါန်းမယ်လို့ ရည်ရွယ်ထားတယ်။ဒါဟာဖေဖော်ဝါရီလ ၁၃ ရက်မွေးနေ့ရှင် ဗိုလ်ချုပ်အတွက် အကောင်းဆုံးပေးဆပ်ဖြစ်တဲ့ မွေးနေ့လက်ဆောင်တစ်ခု ဖြစ်မယ်လို့ လည်းယုံကြည် မိတယ်။


  ဗိုလ်ချုပ်ဆိုတာကစံပြုစရာပုဂ္ဂိုလ်နည်းပါးလှတဲ့ လူ့ပတ်ဝန်းကျင်မှာအနည်းငယ်မျှလောက်သာရှိတဲ့ စံပြုထိုက်သူထဲကအထင်ကရတစ်ဦး။စွန့်လွှတ်စွန့်စားမှုများစွာနဲ့တိုင်းပြည်အတွက် လွတ်လပ်မှု အမေတေမျိုးစေ့ကို ချပေးခဲ့သူ။ နောက်သားနောက်လူများအတွက် စံထားအားကျဖွယ်ရာ။ ဗိုလ်ချုပ်လိုစံနမူစရာယူထိုက်သူတွေရဲ့အကြောင်းမသိမမြင်ရအောင် ဖျောက်ဖျက်ထား၊ ဖုံးအုပ်ထားတာ အလွန်မှဝမ်းနည်းဖွယ်ကောင်းလှပါတယ်။


   ကောင်းတုယူခွင့်မသာတဲ့လူ့အသိုင်းအဝိုင်းမှာကောင်းမှုကောင်းရာလုပ်လိုတဲ့စိတ်ထားပြန့်ပွားခြင်းခေါင်းပါး
တတ်တာဓမ္မတာပဲပေါ့။ဖေဖော်ဝါရီမွေးနေ့ရှင်တစ်ဦးဖြစ်တဲ့ ဖရက်ဒရစ်ဒေါက်ဂလပ်ရဲ့ ‘ မှန်တာလုပ်တဲ့ သူုတိုင်းနဲ့ ပေါင်းပြီးမမှန်တာ လုပ်တဲ့သူနဲ့တော့ မပေါင်းသင်းနိုင်ဘူး’ ဆိုတဲ့ စကားလေးကိုသတိရမိပါတယ်။ တိုင်းပြည်နဲ့လူမျိုး အကျိုးကောင်းရာကောင်းကြောင်းလုပ်တဲ့သူတွေကိုအားပေးရမယ်။ သူတို့တွေရဲ့ ဂုဏ်ကိုလည်း မြှင့်တင် ရမယ်လေ။


   မွေးနေ့အခါသမယမှာကုသိုလ်ဖြစ်ဖွယ်အလုပ်တစ်ခုခုလုပ်ဖြစ်မှာအတွက် ကြိုတင်ပြီး ကြည်နူးမိပါတယ်။ ကိုယ့်ရဲ့အလုပ်ကတိုင်းပြည်နဲ့လူမျိုးအကျိုးကောင်းကျိုးဖြစ်စေမယ့်အလုပ်မို့နောင်လည်းအချိန်ကြာကြာကြည်နူးေ
နရလိမ့်ဦးမယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်။


  ကိုယ့်နိုင်ငံကို၊ ကိုယ့်လူမျိုးကို၊ ကိုယ့်ဘာသာသာသနာကို၊ ကိုယ့်…..ကိုချစ်တဲ့သူတစ်ဦးအဖို့ ကိုယ့်ရဲ့အမှတ်တရ နေ့တစ်နေ့မှာကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ကိုယ့်ဘာသာသာသနာ၊ ကိုယ့်အပေါ် ကျေးဇူးရှိသူ တစ်ဦးဦးကို သတိရမိခြင်းဟာကောင်းခြင်းမင်္ဂလာ သာဖြစ်တယ်လို့လည်း ယုံကြည်မိပါတယ်။ အချိန်ကြာ အနေဝေးသမို့သွေးအေးလို့တော့မသွားစေချင်ပါဘူး။



ကိုယ့်…ကိုချစ်သူတိုင်းကိုယ့်လိုပဲကိုယ့်...ကိုသတိရဖို့ တိုက်တွန်းစကားဆိုချင်ပါတယ်။ ။
                                     
                                                         အရှင်ဥာဏိကာဘိဝံသ





မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်
ကူးယူဖော်ပြသည်