ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။
30/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၁၃ )
1. စီးဆင်း ရင်ခွင် | 11/30/2011 | 2. 3. 4. 5. 6. Best Blogger Tips
    နောက်တစ်နေ့မှာ မိမိပညာသင်ကြား နေထိုင်နေရာ ဘနားရပ်စ် ဟိန္ဒူတက္ကသိုလ်က နိုင်ငံတကာကျောင်းသားဆောင်မှာ နေ့ဆွမ်းစားတယ်၊ ဗာရာဏသီမြို့မှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် လေ့လာစရာ များရှိသလို ခေတ်မီပညာရပ်များကို သင်ကြားပို့ချပေးနေတဲ့ တက္ကသိုလ်ကြီး တွေလဲ ရှိပါတယ်။ ဘနားရပ်စ် ဟိန္ဒူတက္ကသိုလ် ၊ သမ္ပူရဏာနန္ဒ ဆန်ဆကရစ် တက္ကသိုလ်၊ မဟတ္တမဂန္ဓီကာသိတက္ကသိုလ်၊ ဗဟိုအဆင်မြင့် တိဗက်လေ့လားရေး တက္ကသိုလ်တို့ဟာ ထင်ရှားပါတယ်။
     မိမိ ပညာဆည်ပူး နေရာ ဘနားရပ်စ် ဟိန္ဒူတက္ကသိုလ်ကတော့ အိန္ဒိယနိုင်ငံမှာ အကျယ်ဆုံး တက္ကသိုလ်ကြီးဖြစ်ပါတယ်။ ယင်းတက္ကသိုလ်မှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်(၃)ခု၊ မဟာဌာန ကြီး(၁၆)ခု၊ ဌာနပေါင်း(၁၄၀)ခု တည်ရှိပြီး ၀ိဇ္ဇာ သိပ္ပံ စိုက်ပျိုးရေး စီးပွားရေး ပညာရေး ဥပဒေ စီမံခန့်ခွဲရေး စက်မှု ဆေး တိုင်းရင်းဆေး ပန်းချီပန်းပု ဂီတ ရှေးဟောင်း စစ်ပညာ ကွန်ပျူတာ စတဲ့ ဘာသာရပ်များစွာကို မဟာဌာနအလိုက် ဖွဲ့စည်းထားပါတယ်။
     နိုင်ငံတကာတွင် ထင်ရှားသည့် တက္ကသိုလ်တစ်ခု အဖြစ်ပါဝင်ပြီး ဤတက္ကသိုလ်ကို ဟိန္ဒီနှင့် သက္ကတစာပေများ ကာကွယ်ထိန်းသိမ်းရန်, ဟိန္ဒူယဉ်ကျေးမှုနှင့် အတွေးအခေါ်များ တွင်ကျယ်လာစေရန်, အိန္ဒိယ၏ ရှေးဟောင်းယဉ်ကျေးမှုများကို သိရှိနားလည်စေရန်, ၀ိဇ္ဇာ သိပ္ပံ ပညာရပ်များ အားလုံး သုတေသနလုပ်ငန်းများ ဖွံဖြိုးလာစေရန်, ရည်ရွယ်ချက်ဖြင့် အိန္ဒိယမျိုးချစ်ခေါင်းဆောင်ကြီး ပဏ္ဍိတ် မဒန် မိုဟန် မာလ၀ိယ (Pandit Mandan Mohan Malaviya) က ၁၉၁၆-ခုနှစ်မှာ ဦးဆောင် တည်ထောင်ခဲ့တာပါ။ ယင်းတက္ကသိုလ်ဟာ အမျိုးသားလွတ်လပ်ရေး လှုပ်ရှားမှုတွင် အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး အိန္ဒိယနိုင်ငံမှာ အကြီးကျယ်ဆုံးပညာသင်ကြားရာ ဌာနတစ်ခုအဖြစ် စွမ်းဆောင်နိုင် ခဲ့ပါတယ်။ ယခုအခါ နိုင်ငံပေါင်းစုံမှ ကျောင်းသား ကျောင်းသူ များစွာ ပညာသင်ကြားနေကြလျှက် ရှိပါတယ်။
ဦးကုဏ် ပညာသင်ကြားလျှက်ရှိတဲ့ သမ္ပူရဏာနန္ဒ ဆန်ဆကရစ် တက္ကသိုလ်ကိုလည်း ၀င်ရောက်လေ့လာခဲ့ကြတယ်။ ယင်းတက္ကသိုလ် နေရာဟာ ယခင်က ဘုရင်မကောလိပ် (Queen’s College)ဖြစ်ပြီး ၁၉၇၁-ခုနှစ်မှာ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ပညာရေးဝန်ကြီးဖြစ်သူ ’သမ္ပူရဏာနန္ဒ‘ က သက္ကတ တက္ကသိုလ်အဖြစ် ပြောင်းလဲပြီး တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းပါ။ ဒါကြောင့် တက္ကသိုလ်ကို သမ္ပူရဏာနန္ဒ ဆန်ဆကရစ်တက္ကသိုလ် လို့ ခေါ်တွင်ပါတယ်။ ယင်းတက္ကသိုလ်ဟာ အဓိက အားဖြင့် သက္ကတဘာသာကို သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်ပါတယ်။ သက္ကတစာပေနှင့် ပတ်သက်ပြီး ဌာနအမျိုးမျိုး ခွဲခြားထားပါတယ်။ မြစ်ကြီးငါးစင်းမှာ အပါအ၀င်ဖြစ်တဲ့ နာမည်ကြီး ဂင်္ဂါမြစ်၊ ဂင်္ဂါမြစ်ကမ်းကနေ ကြည့်မ၀တဲ့ ဗာရာဏသီရဲ့ အလှ၊ မြို့ရဲ့ နာမည်ကြီး ပြတိုက် ရာမနာဂါရ်တို့ကိုလည်း ကြည့်ရှုလေ့လာခဲ့ကြတယ်။ 
                                                               သိမ်မွေ့ဦး (BHU)
28/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၁၂ )
1. စီးဆင်း ရင်ခွင် | 11/28/2011 | 2. 3. 4. 5. 6. Best Blogger Tips
    မိဂဒါဝုန် အနီး ယနေ့ခေတ်အခေါ် ဆာရနာထ်မှာရှိတဲ့ Hotel Buddha International မှာ တည်းခိုကြတယ်။ နှစ်ညအိပ်ဖို့ အချိန်ပေးထားတဲ့ နေရာဖြစ်တာကြောင့် ဘုရားဖူးကို နောက်တစ်ရက် မနက်ပိုင်းမှပဲ အေးအေးဆေးဆေးသွားဖြစ်ကြတယ်၊ ဘုရားရှင် ဓမ္မစကြာတရားဦး ဟောကြားရာနေရာ ဓမ္မရာဇိက စေတီတော်ကို ဦးစွာ ကန်တော့ကြတယ်။ မိမိတို့တစ်ဖွဲ့လုံး ဓမ္မစကြာသုတ်ကို ရွတ်ဖတ် ပူဇော်ကြသလို မစ္စတာIanIနှင့် မစ်ဆယ်လီ တို့လည်း အာနာပါနစီးဖြန်းပြီး ကုသိုလ် ယူကြပါတယ်။ မြန်မာနိုင်ငံမှ ဘုရားဖူးလာရောက်ကြတဲ့ အဖွဲ့ကြီးနှစ်ဖွဲ့လည်း တွေ့ရတယ်။
     နန္ဒိယကျောင်းတော်ရာကို ၀င်ရောက်လေ့လာကြတယ်။ အဆောက် အဦးဟောင်းကြီး ကြီးကြီးမားမားနှင့် တကယ့်ခန့်ညားလှတဲ့ ကျောင်းတော်ကြီးပါ၊ ကျောင်းတုံးကြီးတွေနဲ့ တည်ဆောက်ထားခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ နန္ဒိယကျောင်းဒကာဟာ မသေခင်ကတဲက နတ်ပြည်မှာ ဘုံဗိမာန်ပေါက်နေတဲ့ သူဖြစ်ပါတယ်။ ကျောင်းတော်ရာအတွင်းက ဘုရားရှင် ဖလသမာပတ်ဝင်စားပြီး နေ့သန့်စင် သီတင်းသုံးတဲ့နေရာ၊ တရားဟော တော်မူရာနေရာတို့ကိုလည်း ဖူးမျှော်ခဲ့ကြတယ်။
     ကျောင်းတော်ရာအနောက်ဘက်မှာရှိတဲ့ ကွန်ကရစ်အမိုးနှင့် သံတိုင် များကာရံထားတဲ့ အသောကကျောက်စာတိုင်ကိုလည်း လေ့လာခဲ့ကြတယ်၊ အရပ်လေးမျက်နှာသို့ မျက်နှာ လှည့်နေတဲ့ ခြင်္သေ့လေးစီးနှင့် ထိုခြင်္သေ့ လေးစီးရဲ့အောက် စမ္မစကြာဘီးတပ်ဆင်ထားတဲ့ သီဟ နာဒ-ခြင်္သေ့မင်း ဟိန်းဟောက်ဟန် ကျောက်စာတိုင် ခေါင်ပိုင်းကိုတော့ ပြတိုက်ထဲမှာ တွေ့ရတယ်။
     ရှေ့ဆက်ပြီး မြတ်ဗုဒ္ဓတရားဟောတော်မူရာ ပလ္လင်တော်ကြီးကို ပူဇော်ကြတယ်၊ ယသသူဌေးသားနှင့်သူငယ်ချင်း ၅၄-ယောက်တို့ကို တရားထူးရစေခဲ့တဲ့နေရာလို့ ယုံကြည်ထားကြတာပါ၊ အနတ္တလက္ခဏ သုတ်ဟောကြားရာ ဓမ္မေခစေတီတော်ကိုလည်း ဖူးမျှော်ကြတယ်၊ သိရီဓမ္မာသောကမင်းကြီးရဲ့ ကောင်းမှုဖြစ်ပြီးဥာဏ်တော်၁၀၄-ပေ မြင့်ပါတယ်၊ စေတီတော် ကြီးအောက်ပိုင်းကို ကျောက်တုံးကြီးများဖြင့် တည်ထားပြီး အပေါ်ပိုင်းကို အုပ်စီထား တယ်၊ ကျောက်တုံးပေါ်မှာ စကြာပုံများ ခြူးပန်းခြူးနွယ်များဖြင့် တန်ဆာဆင်ထားပါတယ်၊ ကုမာရဒေ၀ီကျောင်းတော်ရာနှင့် သမင်တို့အားဘေးမဲ့ပေးထားရာ သမင် တောတို့ကို လည်း လေ့လာဖြစ်ခဲ့ကြတယ်။
     ဗုဒ္ဓသာသနာသမိုင်းမှာ ဤမိဂဒါဝုန်တောဟာ သိပ်အရေးပါခဲ့ပါတယ်၊ ဘုရားရှင် ပထမ၀ါကပ်တော်မူခဲ့ခြင်း၊ ပဉ္စ၀ဂ္ဂီငါးပါးတို့ ရဟန္တာဖြစ်ခဲ့ခြင်း၊ ယသနှင့် သူငယ်ချင်း(၅၄)ယောက်တို့ ရဟန္တာဖြစ်ခဲ့ခြင်း၊ ပဌမ၀ါမှာပင် စုစုပေါင်း ရဟန္တာ(၆၀) ဖြစ်ခဲ့ပြီး ၀ါကျွတ်တဲ့အခါ နယ်လေးရပ်သို့ သာသနာပြုစေလွှတ်ခဲ့ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ခြင်း စသဖြင့် ထူးခြား မွန်မြတ်တဲ့ နေရာထူးတစ်ခု ဖြစ်ပါတယ်၊ ဘုရားရှင်နောက်ထပ် အကြိမ်ကြိမ် ကြွရောက်ပြီး သုတ္တန်ပေါင်းများစွာ ဟေားကြာခဲ့ပါတယ်။
      မိဂဒါဝုန်အရာမ်ရဲ့ အရှေ့ဘက်မှာတည်ရှိတဲ့ မူလဂန္ဓကုဋိ ၀ိဟာရ ကိုလည်း သွားရောက်ဖူးမျှော်ကြတယ်၊ ဓမ္မစကြာဟောတော်မူဟန် ရုပ်ပွားတော်ကို သပ္ပါယ်စွာ ဖူးတွေ့ရတယ်၊ ဤမူလဂန္ဓကုဋိကို အနာဂါရိကဓမ္မပါလ ဦးစီးတဲ့ မဟာဗောဓိအသင်းက ၁၉၃၁-ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှူငွေများစွာ ပါဝင်လှူဒါန်းခဲ့ကြတာပါ၊ မနီးမဝေးမှာရှိတဲ့ ဗောဓိပင်နှင့် ပဉ္စ၀ဂ္ဂီငါးပါးအား ဘုရားရှင် တရားဟောတော်မူဟန် ထုလုပ်ထားတဲ့ ရုပ်ပွားတော်တို့ကိုလည်း ဖူးမျှော် ခဲ့ကြတယ်။
      ထိုမှတဆင့် ပဉ္စ၀ဂ္ဂီ ငါးဦးတို့ ဘုရားရှင်ကို ခရီးဦးကြိုဆိုတဲ့ နေရာမှာ တည်ထားတဲ့ ချောက်ခဏ္ဍီစေတီကို သွားရောက်ကြတယ်၊ ပဉ္စ၀ဂ္ဂီ ငါးဦး တို့ဟာ ကမ္မဌာန်းမှ လျှောကြလာတဲ့ ရဟန်းဂေါတမကို မကြိုကြစတမ်းလို့ ကတိက၀တ်ပြုထားခဲ့ကြတယ်၊ သို့သော်လည်း ဘုရားရှင်ရဲ့ မေတ္တာတော် ကြောင့် ကတိက၀တ်ကို မစောင့်နိုင်ကြတော့ဘဲ ဤနေရာမှာ ကြိုဆို ခဲ့ကြပါတယ်၊ နေရာလေးဟာ ကျယ်ဝန်းပြီး မျက်ခင်းစိမ်းစိမ်းလေးတွေနဲ့ သန့်ပြန့်နေအောင် ပြုပြင်ထားတာမို့ သိပ်ကို သာယာလှပါတယ်၊ အားလုံးကို ဖူးပြီးတဲ့အချိန်မှာ အချိန်ဟာ (၁၁)နာရီကျော်နေပါပြီ၊ ဒါကြောင့် တည်းခိုတဲ့ ဟိုတယ် ကို ပြန်ကာ နေ့ဆွမ်းဘုန်းပေးကြတယ်။
                                                                      သိမ်မွေ့ဦး (BHU)
25/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၁၁ )
1. စီးဆင်း ရင်ခွင် | 11/25/2011 | 2. 3. 4. 5. 6. Best Blogger Tips
    ဇေတ၀န်ကျောင်းတော်ရာကနေ မြတ်စွာဘုရားတန်ခိုးပြဋိဟာပြရာ ကဏ္ဍမ္ဗသရက်ဖြူကုန်းကို သွားရောက်ကြတယ်၊ စေတီပျက်ကြီးနေရာမှာ တောင်ကုန်းလေးတစ်ခုဖြစ်ပြီး မို့မောက်နေတယ်။ အသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီတော်ကြီးနေရာပါ၊ ဘုရားရှင်ဟာ ဒီနေရာမှာပဲ ရေမီးအစုံစုံသော တန်ခိုးပြဋိဟာကို ပြတော်မူပြီး တာဝတိံသာနတ်ပြည်ကို (၂-လှမ်း ၃-ဖ၀ါးဖြင့်) ကြွသွားခဲ့ပါတယ်။      
    ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်တဲ့ ပဏ္ဍူကမ္ဗလာ မြကျောက်ဖျာထက်မှာထိုင်တော်မူကာ မယ်တော်ဖြစ်ဖူးခဲ့တဲ့ သန္တုဿိတနတ်သားကို အမှုးထားပြီး စကြာဝဠာတိုက် တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့အား ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့တာပါ။ လူ့ပြည်သို့ ကြွပြီး ဆွမ်းခံချိန် ဆွမ်းစားချိန်တို့မှာ နိမ္မိတရုပ်ပွားတော်မြတ်ကို ဖန်ဆင်းထားပြီး ဟောကြားစေ ခဲ့ပါတယ်။ လူ့ပြည်မှာ ခေတ္တသီတင်းသုံးခိုက် အရှင်သာရိပုတ္တရာကို အကျဉ်းနည်းဖြင့် ဟောကြားပါတယ်။ အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ် ခဲ့ဘူးတဲ့ ရဟန်းငါးရာတို့ကို မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားပါတယ်။ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားပြီး သီတင်းကျွတ်လပြည့်နေ့မှာ နတ်ဗြဟ္မာအပေါင်းခြံရံကာ လူ့ပြည် သင်္ကဿနဂိုရ်ပြည်သို့ ကြွဆင်းတော်မူခဲ့တာပါ။
     အဘိဓမ္မာတရားတော်ဟာ အမေ့ကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည် ၌ ဟောကြားခြင်း၊ သုံးလကြာမျှ ဟောကြားခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီ ဟောကြားခြင်း ဆိုတဲ့ ထူးခြားချက် လေးမျိုးနှင့် ပြည့်စုံပါတယ်။ ဒီမျှမက အဘိဓမ္မာတရားတော်ဟာ ပါဠိ၏နက်နဲခြင်း၊ သဘောအဓိပ္ပါယ်၏နက်နဲခြင်း၊ ဟောကြားပုံ အစီအစဉ်၏ နက်နဲခြင်းဆိုတဲ့ နက်နဲခြင်း တို့နှင့်လည်း ပြည့်စုံပါတယ်။
     ဒေ၀ဒတ်နှင့် စိဉ္စမာဏတို့ကို မြေမျိုခဲ့တဲ့နေရာလို့ ယူဆ ရတဲ့ရေကန်တို့ကိုတော့ ကားပေါ်ကနေပဲ ကြည့်ဖြစ်ကြတယ်၊ ဒီရေကန်အနီး နားမှာ မြေမျိုခံခဲ့ရတယ်လို့ မှန်းဆကြတာပါ။ အချိန်မရတော့တာကြောင့် မဟာမွန်ဂို ထိုင်းကျောင်းကို သွားရောက် မလေ့လာ နိုင်ခဲ့ကြဘူး၊ သိပ်ကြီးကျယ်တဲ့ နေရာအဖြစ် နာမည်ကြီးပါတယ်။ မြန်မာကျောင်းကို မိမိတို့ပြန်ရောက်တော့ တော်တော်ကို မှောင်နေပါပြီ၊ မြန်မာနိုင်ငံက ဘုရားဖူးလာရောက်ကြတဲ့ အဖွဲ့တွေနှင့်လည်း ဆုံတွေ့ ကြတယ်။
     နောက်တစ်ရက် စောစောထ ဆွမ်းချိုင့်စီစဉ်ကြပြီး ဗာရာဏသီကို ခရီးဆက်ကြပါတယ်၊ အချိန်ကြာကြာ မောင်းရတဲ့ ခရီးပါပဲ။ နေ့ဆွမ်းချိန်မှာ လမ်းဘေးဆိုင်ကောင်းကောင်း တွေ့တာကြောင့် အိန္ဒိယအစားအစာ တစ်ချို့မှာကာ ယူလာတဲ့ဆွမ်းဟင်းတွေနဲ့ ဘုန်းပေးကြတယ်။ ဦးကုဏ် လက်ရာ ချဉ်ပေါင်ကြော်ကတော့ လက်စွဲပေါ့၊ နေ့ခင်းတစ်နာရီလောက်မှာ ဗာရာဏသီမြို့ကို ရောက်ရှိပါတယ်။
     ဗာရာဏသီမြို့ဟာ ဂင်္ဂါမြစ်ကမ်းဘေးမှာ တည်ရှိပြီး ဟိန္ဒူဘာသာ ၀င်များအတွက် အထွတ်အမြတ်ထားရာမြို့ဖြစ်ပါတယ်၊ ကမ္ဘာရှေးဟောင်း အကျဆုံး မြို့တော်ကြီးအဖြစ် သတ်မှတ်ကြတာပါ။ စာပေတွေမှာတော့ မျောက်ဦးခေါင်းနှင့်တူသဖြင့် (သို့မဟုတ်) မျောက်ဦးခေါင်းနှင့် တူသော ကျောက်ဖြာရှိသဖြင့် ဗာရာဏသီလို့ ခေါ်ဆိုကြောင်း ဖွင့်ပြကြတယ်၊ ဗာရာဏသီမြို့သားတွေရဲ့ ကြံဆချက်အရ ၀ရုဏမြစ်နှင့် အသိ(အဆိ)မြစ်တို့ရဲ့ အကြားမှာ တည်ရှိတဲ့မြို့ဖြစ်တာကြောင့် ဗာရာဏသီလို့ ခေါ်ဆိုပါတယ်။ မိမိနှင့် ဦးကုဏ်တို့ ပညာသင်ကြားနေရာ မြို့လဲဖြစ်ပါတယ်။
     ’မင်းမသိ ဗြဟ္မဒတ်၊ပြည်မသိ ဗာရာဏသီ‘ လို့ ပြောလေ့ရှိကြသလို နှစ်ပေါင်းများစွာကတဲက တည်ရှိတဲ့မြို့ဖြစ်တာကြောင့် Acient City ရှေးဟောင်း မြို့တော်လို့ ခေါ်ကြပါတယ်။ ဘာသာရေးအမြင်ဖြင့် ဟိန္ဒူ ဘာသာဝင်တို့က သူတို့ရဲ့ အထွဋ်အမြတ်ထားရာ နေရာဖြစ်လို့ Holy city ဟု ခေါ်ကြတာပါ။ ဒီနေရာဟာ မြတ်ဗုဒ္ဓ စမ္မစကြာတရားဦးဟောကြားပြီး၊ အတ္တ၀ါဒကို တော်လှန်ပြီး အနတ္တ၀ါဒ ကို ဖော်ထုပ်ပြရာ နေရာမြတ်ဖြစ်တာမို့ ဗုဒ္ဓဘာသာဝင်တို့အနေဖြင့်လည်း Holy city လို့ သတ်မှတ် ခေါ်ဆို နိုင်ပါတယ်။
     ယခုအခါ ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ တည်ရှိပြီး (၁၅၅၀) စကွဲယား ကီလိုမီတာ ကျယ်ဝန်းကာ လူဦးရေ (၃၁၄၇၉၂၇)ဦးတို့ နေထိုင်လျှက်ရှိကြတယ်။
     ဗာရာဏသီ ပိုးထည်ဟာ အိန္ဒိယ အမျိုးသမီးများကြားမှာ သိပ်ရေပန်းစားသလို ဗာရာဏသီ ကွမ်းယာနှင့် ဒိန်ချဉ်တို့ဟာလဲ သိပ်ကို နာမည်ကြီးလှပါတယ်။ အိန္ဒိယလူမျိုးတွေက ဒီမြို့ကို သိပ်တန်ဖိုး ထားကြတာပါ။ ဒီမြို့မှာ ခေါင်းချရရင်တောင် ကောင်းရာဘ၀ ရောက်ရ တယ်လို့ ယူဆကြပါသတဲ့။ ဒါကြောင့် တစ်ချို့ ချမ်းသာသူတွေက နောက်ဆုံးထွတ်သက်ကို ဒီမြို့မှာ ထွတ်ဖို့အတွက် ကြိုတင် အိမ်ဝယ်ထား ကြတယ်၊ တစ်ချို့သူတွေကတော့ ကျမ္မာရေး အခြေအနေမကောင်းရင် ဒီမြို့ကို သယ်ဆောင်လာကြတယ်။ ဒီကလူတွေ ပြောပြလို့သိရတာလေးတွေ မျှဝေလိုက်တာပါ။ ဒါကြောင့်ထင်တယ်။ အသုဘချတာတွေ မကြာခဏဆိုသလို တွေ့ရတတ်တယ်။ သင်္ချိုင်းကလဲ ဂင်္ဂါမြစ်ကမ်းဘေးမှာပါ။ ဂင်္ဂါမြစ်ရေနဲ့ ရုပ်အလောင်းကို အရင်ဆေးကြောပြီးမှ မီးရှို့ကြတာပါ။ အသုဘချရင်တောင် တခမ်းတနားလုပ်တာမျိုးမရှိဘဲ အမျိုးသားတွေပဲ လိုက်ပါပို့ဆောင်ကြတာကို တွေ့ရပါတယ်။ 
                                              သိမ်မွေ့ဦး (BHU)
23/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၁၀ )
1. စီးဆင်း ရင်ခွင် | 11/23/2011 | 2. 3. 4. 5. 6. Best Blogger Tips
  ဒီလိုနဲ့ဆက်လာလိုက်တာသာဝတ္ထိကို နှစ်နာရီလောက်မှာ ရောက်ပါတယ်။ မြန်မာကျောင်းမှာတည်းခိုကြပါတယ်၊ မြန်မာကျောင်း ဆရာတော် ဦးသြဘာသကတော့ ဘုံဘေမြို့ ဘုရားထီးတော်တင်လှူပွဲ သွားတဲ့ အတွက် မကန်တော့ခဲ့ရဘူး၊ ခေတ္တနားကြပြီး ဘုရားဖူးပတ်ကြတယ်။  
    ပိုမိုပြည့်စုံအောင် နားလည်စေချင်တာကြောင့် မြန်မာကျောင်းမှာ သီတင်းသုံးတဲ့ ဦးဝါယမိန္ဒက လိုက်ပါပို့ဆောင်ကာ ကုသိုလ်ယူပါတယ်။ ဦးစွာ ကောသလမင်းကြီး နန်းတော်ရာနေရာနှင့် မြို့ရိုး တို့ကို လေ့လာကြတယ်။ ကောသလတိုင်း သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလ မင်းကြီးနှင့် ဥာဏ်ပညာကြီးမားထက်မြက်လှတဲ့ မိဖုရားကြီးမလ္လိကာတို့ စံမြန်းခဲ့တဲ့ နေရာဖြစ်ပါတယ်။ မိမိတို့ရောက်ချိန်မှာ ထိုင်းနိုင်ငံက ဘုရားဖူး အဖွဲ့တွေ လည်း ရောက်နေတဲ့အတွက် နန်းတော်ရာတစ်ခုလုံး အဖြူရောင်ဝတ်ရုံ တွေနှင့် ဖုံးလွှမ်းနေပါတယ်။
     နန်းတော်ရာကနေ ခပ်ရေးရေးမြင်ရတဲ့ အစိရ၀တီမြစ်နှင့် သာဝတ္ထိ မြို့တော်ဟောင်းတို့ကို လှမ်းမျှော်ကာ ကြည့်ရှုကြတယ်၊ ဘုရားရှင် (၂၅)၀ါတိုင်တိုင် ၀ါဆိုသီတင်း သုံးတော်မူခဲ့ တဲ့မြို့ ဖြစ်ပါတယ်။ ကျောင်းအမကြီးဝိသာခါ လှူဒါန်းတဲ့ မြို့ရဲ့ အရှေ့ရပ်က ပုဗ္ဗာရုံ ကျောင်းတော် နှင့် အနာထပိဏ်သူဌေးကြီး လှူဒါန်းတဲ့ မြို့ရဲ့တောင်အရပ်က ဇေတ၀န် ကျောင်းတော်တို့ဟာ သိပ်ကို ထင်ရှားတာပါ။ သာဝတ္ထိမှာ လူဦးရေ သန်း(၇၀)ရှိပါတယ်၊ သန်း (၅၀) ဟာ အရိယာဝင်တွေ ဖြစ်ကြပြီး သန်း(၂၀) ကတော့ ကလျာဏပုထုဇဉ်တွေ ဖြစ်ကြပါတယ်။ သမိုင်းသုတေသီ တစ်ချို့ ကတော့ ကောသလတိုင်းနှင့် ကာသိတိုင်းမှာရှိတဲ့ လူဦးရေ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုကြတယ်။ နန်းတော်အနီးမှာ ရှိတဲ့ သုဒတ္ထ စေတီ(ကာကျစ်ကုဋိ)၊ အင်္ဂုလိမာလစေတီ(ပါကစ်ကုဋိ) တို့ကိုလည်း ဖူးမျှော်ခဲ့ကြတယ်။
   ပိဋကတ်လာ သုတ်တော်တွေမှာ သာဝတ္ထိမြို့တွင်းမှာ (၄)သုတ်၊ ပုဗ္ဗာရုံကျောင်းမှာ(၂၃)သုတ်၊ ဇေတ၀န်ကျောင်းမှာ (၈၄၄)သုတ်တို့ ဟောကြားထားခဲ့တာကို တွေ့ရပါတယ်။ အစိရ၀တီမြစ်ရေ တိုက်စားထား တာကြောင့် ပုဗ္ဗာရုံကျောင်းတော်ရာကတော့ မရှိတော့ ပါဘူး၊ နေရာလောက် ကိုပဲ မှန်းဆပြီး ကြည်ညိုကာ ပြသကြပါတယ်။ အစိရ၀တီမြစ်ဟာ ဘုရားရှင်လက်ထက်က ပဋာစာရီသူဌေးသမီး သားကြီးရေမျှောပြီး သားငယ်စွန်ချီခံခဲ့ရတဲ့မြစ် ဖြစ်တယ်၊ ဒါ့အပြင် သာကီဝင်တစ်မျိုးလုံးကို သတ်ဖြတ်ပြီးပြန်လာတဲ့ ၀ိဋဋူဘမင်းနှင့် စစ်တပ်ကြီးတို့ကို ညဥ့်အခါ စခန်းချ အိပ်စက်နားနေတုံး ရေလွှမ်းမိုးနစ်မြုပ် သုတ်သင်ခဲ့တဲ့မြစ်လည်း ဖြစ်ပါတယ်။ ပိဋကတ်စာပေတွေမှာ သာဝတ္ထိမြို့က ဖြစ်ရပ်ပေါင်းစုံတို့ကို များစွာ တွေ့ရပါတယ်။
    ရှေ့ဆက်ပြီး ဇေတ၀န်ကျောင်းတော်ရာကိုသွားရောက်ဖူးမျှော်ကြတယ်။ ငယ်စဉ်ကလေးဘ၀ မင်္ဂလသုတ်သင်စဉ်ကတဲက ရင်နှီးခဲ့ရတဲ့ ကျောင်းတော် ကြီးပါ၊ အနာထပိဏ်သူဌေးကြီးက (၅၄)ကုဋေသော ဥစ္စာတွေကို စွန့်ကြဲပြီး လှူဒါန်းခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဇေတမင်းသားရဲ့ ဥယျာဉ်မှာ ဆောက်လုပ်ခဲ့တဲ့ကျောင်းဖြစ်တာကြောင့် ဇေတ၀န်ကျောင်းလို့ ခေါ်ဆို ကြခြင်းပါ၊ ကျောင်းတော်ကြီးဟာ အလွန်ကျယ်ဝန်းပြီး ကျောင်းတော်ရာ ဟောင်းတွေ စေတီတွေ သစ်ပင်ကြီးတွေ ဝေေ၀ဆာဆာမို့ တကယ့်ကို သာယာလှပလှပါတယ်။
     မြတ်ဗုဒ္ဓကိုယ်စား ပရိဘောဂစေတီထိုက်တဲ့ အာနန္ဒာဗောဓိပင်ကြီးကို ဦးစွာ ဖူးမျှော်ကြတယ်၊ အရွက်ပင်စည်တွေ ကြီးကြီးမားမားနဲ့ ဖူးမျှော် ကြသူတိုင်း ဖူးမျှော်မ၀ဖြစ် ကြရတဲ့ ဗောဓိပင်ကြီးလည်း ဖြစ်ပါတယ်။ ဒီဗောဓိပင်ကြီးဖြစ်လာပုံက- သာဝတ္ထိမြို့သူ မြို့သားတွေနှင့် ဘုရားဖူးတွေဟာ ဘုရားရှင်ကို ဖူးမျှော်ဖို့ လာကြပါတယ်၊ ဘုရားရှင်ဒေသစာရီကြွချိန်တွေမှာ မဖူးတွေ့နိုင်တာကြောင့် ပူဇော်ရန်ယူဆောင်လာကြတဲ့ ပန်းနံ့သာတွေကို ကျောင်းတော်အ၀မှာ စွန့်ပစ်ကြပါတယ်၊ အရှင်အာနန္ဒာက ဒီအကြောင်းကို ဘုရားရှင်အား လျှောက်ကြားတဲ့အတွက် ဘုရားရှင်ကိုယ်စား ဗောဓိပင်ကို ပူဇော်ရန်ခွင့်ပြုခဲ့တယ်၊ အရှင်မဟာမောဂ္ဂလာန်က ဗုဒ္ဓဂါယာ မဟာဗောဓိပင်မှ ဗောဓိမျိုးစေ့ကို ယူဆောင်ကာ အရှင်အာနန္ဒာကို ပေးပါတယ်။ ဘုရင်မျိုးနွယ် အရှည်တည်တံ့ရန်ခက်ခဲတာကို သိတဲ့အတွက် ကောသလမင်းကြီးဟာ ဗောဓိမျိုးစေ့ကို ကိုယ်တိုင်မစိုက်ပျိုးဘဲ အနာထပိဏ်သူဌေးကြီးကို စိုက်ပျိုးစေခဲ့ပါတယ်၊ သူဌေးကြီး လည်း ဇေတ၀န် ကျောင်းပေါက်ဝမှာ စိုက်ပျိုးခဲ့ပါတယ်။ အရှင်အာနန္ဒာရဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့တာကြောင့် အာနန္ဒာဗောဓိလို့ ခေါ်ကြပါတယ်။
    ဘုရားရှင်(၁၉)၀ါတိုင်တိုင် သီတင်းသုံးခဲ့တဲ့ ဂန္ဓကုဋိ (ပန်းနံ့သာ မွှေးကျောင်း)ကိုလည်း ဖူးမျှော်ကြတယ်၊ ပွင့်တော်မူပြီး ပွင့်တော်မူမည့် ဘုရားရှင်တိုင်း ဒီဂန္ဓကုဋိမှာ စွဲစွဲမြဲမြဲ သီတင်း သုံးတော်မူတာကြောင့် အ၀ိဇဟိတဌာနနေရာမြတ်လည်း ဖြစ်ပါတယ်၊ မိမိတို့ ရောက်သွားတဲ့ အချိန်မှာ မိမိတို့လိုပဲ ဖူးမျှော်လာရောက်ကြသူ နိုင်ငံတကာ ဘုရားဖူးတွေနဲ့ ပြည့်လျှံနေပြီး ဂုဏ်တော်သံတွေ ပဲ့တင်ထပ်နေပါတယ်။ ရွက်ဖတ်ပူဇော်ကြ တရားထိုင်ကြနဲ့ ဤဂန္ဓကုဋိကျောင်းတော်မှာ အချိန်ပေးပြီး ကုသိုလ်တွေ လုပ်ဖြစ်ကြတယ်။ ဂန္ဓကုဋိကျောင်းရှေ့ရှိ မြတ်စွာဘုရားခြေဆေးတော်မူရာ ရေတွင်း တရားဟောတော်မူရာ ပလ္လင်တော်နှင့် အရှင်သီဝလိကျောင်း ဆောင်တို့ကို ဖူးမျှော်ကြတယ်၊ ဒါအပြင် ကရေရိကုဋိ(ရေခံတက်ပင်ရှိသော ကျောင်းတော်)၊ ကောသမ္ဘကကုဋိ (ကြို့ပင်ရှိသောကျောင်းတော်)၊ သလလာဂါရကုဋိ(သလကုဋိကျောင်းတော်)တို့နှင့် ပူတိဂတ္တတိဿစေတီ စတဲ့ စေတီဟောင်း များစွာ ကျောင်းတော်ရာ များစွာတို့ကို ဖူးမြင်ခဲ့ကြတယ်။
                                                                                   သိမ်မွေ့ဦး (BHU)
21/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၉ )
1. စီးဆင်း ရင်ခွင် | 11/21/2011 | 2. 3. 4. 5. 6. Best Blogger Tips
    နိဂြောဓာရုံကျောင်းတော်ကနေ ဘုရားလောင်းမွေးဖွားရာ လုမ္ဗိနီကို သွားရောက်ကြပါတယ်၊ လုမ္ဗိနီရောက်တော့ မှောင်ရိပ်ပျိုးနေပါပြီ၊ ဦးစွာ ဘုရားလောင်းမွေးဖွားရာ အဆောက်အဦးအတွင်းက ခြေတော်ရာနှင့် အင်ကြင်းပင် ပေါက်ရာနေရာတို့ကို ဖူးမြှင်ကြပါတယ်၊ အသောကမင်းကြီး နန်းစံနှစ် အနှစ်(၂၀) မှာ စိုက်ထူခဲ့တဲ့ ကျောင်းတိုင်ကြီးကိုလည်း တွေ့ရပါတယ်။ လက်ရှိကျောက်တိုင်မှာ ကျိုးနေတဲ့အတွက် ၁၀-ပေခန့်ပဲ မြင့်ကြရတော့တာပါ၊ စိုက်ထူတုံးက တိုင်ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကျောက်တိုင်အနီး ဘုရားအလောင်းတော် ဖွားလျှင်ဖွားခြင်း ခြေခုနှစ်လှမ်း ကြွလှမ်းတဲ့ အထိမ်းအမှတ်အဖြစ် တည်ထား တဲ့ စေတီအုပ်ခုံ လေးဆူကိုတွေ့ရပါတယ်။ 
   မယ်တော်မာယာရေကန်ကလည်း ကြည်လင်လှပါတယ်၊ ဘုရား အလောင်းတော် ဖွားမြင်တဲ့အခါ ကောင်းကင်ယံမှ ရေပူ ရေအေး စမ်းနှစ်သွယ်စီဆင်းလာပြီး မယ်တော်နှင့်သားတော်ကို ရေသပ္ပါယ်ကာ သန့်ရှင်းစင်ကြယ် နွေးထွေးစေခဲ့ပါတယ်။ အဲဒီရေတွေ စီးဆင်းကျလာ မှုကြောင့် ဒီရေကန် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်၊ ပတ်လည် ၀န်းကျင် မှာလည်း ကျောင်းတော်ရာဟောင်းများ စေတီငယ်အုပ်ခုံများစွာကို ဖူးမြှင်ရပါတယ်။
      ဒီလုမ္ဗိနီဥယျာဉ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀-ကျော်က အင်ကြင်းပင်တွေနဲ့ ဝေဆာနေခဲ့တဲ့နေရာပါ။ ကပိလ၀တ်နှင့် ဒေ၀ဒဟတိုင်းပြည် နှစ်ခု အကြားတည်ရှိပါတယ်၊ မာယာဒေ၀ီ မိဘုရားကြီးဟာ ကိုယ်ဝန် အရင့်အမာနှင့် ဒေ၀ဒဟပြည် ဆွေတော်မျိုးတော်များအထံ အသွား လမ်းခရီးအကြားက ဒီလုမ္ဗိနီသာမော အင်ကြင်းတောမှာ ဘုရား အလောင်းတော်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အချိန်အားဖြင့် မဟာ သက္ကရာဇ် ၆၈-ခုနှစ်(ဘီစီ-၆၂၃) ကဆုန်လပြည့် သောကြာနေ့ဖြစ်ပါတယ်။
    ဘုရားဖူးကြ မှတ်တမ်းတင်ကြအပြီးမှာတော့ အတော်ကို မှောင်နေပါပြီ၊ တည်ခိုမဲ့ မြန်မာကျောင်းနှင့်လည်း သိပ်မဝေးတာမို့ ဘုရားဈေးတန်းကို လှည့်လည်ကာ လက်ဆောင်လေးတွေ ၀ယ်ဖြစ်ကြတယ်၊ လရောင်လဲ ရှိနေတာကြောင့် အပြန်မှာ စကားတပြောပြောနဲ့ ပြန်လာဖြစ်ကြတယ်။ မြန်မာကျောင်းအနီးမှာ တည်ထားပူဇော်တဲ့ လောကမဏိ စူဠာစေတီ တော်ကိုလည်း ဖူးမျှော်ဖြစ်ခဲ့ကြတယ်၊ မနက်စောစော ခရီးဆက်ရအုံးမှာမို့ စောစောပဲ အိပ်ရာဝင်ဖြစ်တယ်။
     နောက်တစ်ရက် မနက် ငါးနာရီလောက်ထကြပြီး မိမိနဲ့ ဦးကုဏ်တို့ဟာ နေ့ဆွမ်းအတွက် ဆွမ်းချိုင့်စီစဉ်ကြတယ်။ ဒီနေ့လည်း အချိန်အတော်ကြာ မောင်းရမဲ့ ခရီးလမ်းပါ၊ လုမ္ဗိနီကနေ သာဝတ္ထိကို ဆက်ရမှာပါ။ နံနက်၇-နာရီလောက်မှာ လုမ္ဗိနီကနေ စတင်ထွတ်ခွါပါတယ်၊ ၀န်းကျင်တစ်ခု လုံးလည်း ဆီးနှင်းတွေ လွှမ်းခြုံထားဆဲပါ။ အဆင်တပြေပဲ နီပေါဂိတ်ကို ဖြတ်ကျော်ပြီး အိန္ဒိယထဲကို ၀င်ခဲ့ကြတယ်၊ တစ်ခါတစ်ရံ နီပေါလမ်းဟာ ပြဿနာများပြီး တစ်နေကုန်လမ်းပိတ်တတ်လို့ ဘုရားဖူးတွေ စောင့်ကြရ တတ်ပါတယ်။
   လမ်းဘေးတစ်လျှောက် လယ်ကွင်းတွေ ယာခင်းတွေ စိမ်းစိမ်းစို့စို့မို့ ကြည့်ရတာ မျက်စိပသာဒ ဖြစ်လှပါတယ်၊ စိတ်ကိုလည်း လန်းဆန်း ကြည်နူးစေပါတယ်။ မတူညီတဲ့ ဓလေ့တွေက လမ်းဘေးမှာ စားသောက်ဆိုင်ကြီးကြီးမားမားမရှိတာ၊ အပေါ့အလေး စွန့်ဖို့ သီးသန့်နေရာ မရှိတာတွေက ဘုရားဖူးခရီးသည်တွေအတွက် စိတ်အနှောက် အယှက်ဖြစ်စေပါတယ်။ ကားကလည်း အရှိန်နဲ့ မောင်းလာလိုက်တာ ၁၀-နာရီတောင်ခွဲခဲ့ပါပြီ၊ မစ္စတာIan က နေ့ဆွမ်းအတွက် အချိန်ကို သတိ ပေးပါတယ်၊ ဒါနဲ့ လမ်းဘေးကားရပ်နားပြီး ဆွမ်းစားလို့ကောင်းမဲ့နေရာကို ကားပေါ်ကနေပဲ မောင်းရင်းရှာရင်း ရှာကြပါတယ်။ နေရာကို မတွေ့နိုင်အောင်ပါပဲ၊ သစ်ပင်တွေပေါပြီး အုပ်အုပ်မှိုင်းမှိုင်းနေရာတွေဆိုရင်လဲ မစင်ပုံတွေ များလွန်းတဲ့အတွက် အဆင်မပြေ ပါဘူး။ မြန်မာနိုင်ငံလိုသာဆိုရင် အိန္ဒိယမှာ စိမ်းစိမ်းစိုစိုနဲ့ အနားယူဖို့ကောင်းတဲ့နေရာတွေ သိပ်ကိုပေါတာပါ။
     အချိန်ကလဲ ၁၁-နာရီကျော်လာပြီမို့ အရိပ်ကျိုးတိုးကျဲတဲရှိတဲ့ သစ်ပင်တန်းလေးရဲ့အောက်မှာ ဆွမ်းစားဖို့ ဆုံးဖြတ်ကြပါတယ်။ ရွာနှင့်လဲ တော်တော်ဝေးတဲ့နေရာပါ၊ သတင်းစာတွေ ချခင်းကာ ဆွမ်းဟင်းတွေ ပြင်ဆင်ပြီး စားဖို့ အဆင်သင့်ဖြစ်နေမှ ဦးကုဏ်က သတိပေးပါတယ်။ ကြည့်လိုက်တော့ အန္တရာယ်တွေက မလွတ်ပြန်ပါဘူး၊ ပြင်ဆင်ပြီးပြီဆိုတော့ ဖြစ်သလိုပဲ စားလိုက်ကြပါတယ်။ ဦးသိရိန်က အရယ်အသွမ်းလေးတွေနဲ့ မှတ်တမ်းတင်သလို ဒေါ်အိကလည်း တဟားဟားရယ်ပါတယ်၊ ကောင်းမဲ့ ထင်တဲ့ လွတ်မယ်ထင်တဲ့ နေရာရွေးလိုက်ကာမှ မစင်ပုံတွေ ရှိနေပြန်တော့ မိမိမှာ ငိုရမလို ရယ်ရမလို ပါပဲ။ တူညီခဲ့ကြတာကတော့ အားလုံး အဆာပြေ လောက်ပဲ ထမင်းစားနိုင်ကြတာပါ။
                                                                                      သိမ်မွေ့ဦး (BHU)
18/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၈ )
1. စီးဆင်း ရင်ခွင် | 11/18/2011 | 2. 3. 4. 5. 6. Best Blogger Tips
   မဟာပရိနိဗ္ဗာနစေတီတော်မှတဆင့် မနီးမဝေးမှာ တည်ရှိတဲ့ဘုရားရှင် နောက်ဆုံးရေသပ္ပါယ်ခဲ့တဲ့နေရာကို သွားရောက်ကြပါတယ်၊ ဘုရားကျောင်း ဆောင် ဆောက်လုပ်ထားပြီး ဈာနမုဒြာခေါ်ဈာန်ဝင်စားဟန် ထိုင်တော် မူရုပ်ပွားတော်မြတ် သီတင်းသုံးပါတယ်၊ အေဒီ၁- ရာစု ကနိသျှခေတ် လက်ရာဖြစ်ပြီး ဥာဏ်တော် ၅-ပေ ၆-လက်မရှိပါတယ်။ 
    ထိုမှတဆင့် ဘုရားရှင်ရဲ့ ရုပ်ကလာပ်တော်ကို မီးပူဇော်တဲ့နေရာမှာ တည်ထားတဲ့ စေတီတော်ကြီးကို သွားရောက်ဖူးမျှော်ကြပါတယ်၊ ရုပ်ကလာပ်တော် တေဇောဓာတ် လောင်ကျွမ်းပြီးတဲ့နောက်ကျန်ရစ်တဲ့ မီးသွေးများကို ဌာပနာပြီး စေတီတည်ထားတာမို့ အင်္ဂါရ(မီးသွေး)စေတီလို့ ခေါ်ကြပါတယ်၊ မလ္လမင်းတို့ရဲ့ ဦးသျှောင်ထုံးတဲ့ နေရာမှာတည်ထားတဲ့ စေတီဖြစ်လို့ မကုဋဗန္ဓနစေတီ(မကုဋ=ဦးသျှောင်၊ဗန္ဓန-ထုံးဖွဲ့ခြင်း)လို့လည်း ခေါ်ကြပါတယ်၊ ဒီစေတီတော်ကြီးကို မိမိတို့ရောက်တော့ တော်တော် မှောင်နေပါပြီ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်ကြ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တည်းခိုရာဟိုတယ်ကို ပြန်လာကာ အနားယူအိပ်စက်ခဲ့ကြပါတယ်။
   နောက်တစ်ရက်မှာ စောစောလေးထပြီး လုမ္ဗိနီကို ခရီးဆက် ကြပါတယ်။ နေ့ဆွမ်းအမှီ ရောက်တယ်လို့ပြောကြတဲ့အတွက် ဆွမ်းကို ထုပ်မယူဖြစ်တော့ပါဘူး၊ အိန္ဒိယနယ်စပ်ကိုရောက်တော့ တော်တော်ကြီးတဲ့ ကျွန်းတောကြီးကို ဖြတ်ကြ ရတယ်၊ မျောက်တွေကလည်း ပေါမှပေါပဲ။ ကားရပ်ပြီး အစားအစာကျွေးရင် လူကို အန္တရာယ်ပြုတတ်တယ်လို့ သိရတဲ့အတွက် ကားပေါ်ကနေပဲ ငှက်ပျောသီးတွေ ပစ်ကျွေးကြတယ်။
     နီပေါ အိန္ဒိယနယ်စပ် ဖြတ်ကျော်ခ အဖြစ် အသွားအပြန် အိန္ဒိယ ရှုပီး (၂၀၀၀)ပေးရတယ်၊ လုမ္ဗိနီမှာရှိတဲ့ မြန်မာကျောင်းကို နေ့ဆွမ်းအမှီပဲ ရောက်ရှိတယ်၊ နေ့ဆွမ်းစားအပြီး ခဏနားကာ ကပိလ၀တ္ထုမြို့တော်ဟောင်း နေရာကို သွားရောက်လေ့လာကြတယ်၊ မြို့တော်ဟောင်းနေရာဟာ လုမ္ဗိနီမှ အနောက်မြောက်(၁၀)မိုင်ခန့် ဝေးပြီး တောကျကာ လူပြတ်ပါတယ်၊ တစ်ခါတစ်ရံ လုယက်တတ်တယ်လို့ သိရပါတယ်၊ ဒါကြောင့် မိမိတို့လိုပဲ private လာရောက်ကြတဲ့ စင်္ကာပူက မအေးတို့ အဖွဲ့နှင့် အတူ သွားရောက်ကြပါတယ်၊ ဒီနေရာဟာ ဒီနေ့ခေတ်မှာတော့ နီပေါနိုင်ငံ တောလိဝှါမြို့နယ်မှာ တည်ရှိပြီး ပဒရီးယားလို့ ခေါ်ကြပါတယ်။
     ကပိလရသေ့ရဲ့ သင်္ကန်းကျောင်းနေရာမှာ တည်ထားတဲ့ မြို့တော် ဖြစ်တာမို့ ကပိလ၀တ္ထုမြို့လို့ အမည်တွင်တာပါ၊ မြတ်စွာဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီး နန်းစိုက်ခဲ့ပြီး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဒေ၀ဒဟတိုင်းသူ ယသော်ဓရာ နှင့် လက်ဆက်ကာ ၁၆-နှစ်သားမှ ၂၉- နှစ်သားအထိ ထီးနန်းစည်းစိမ် စံစားခဲ့တဲ့ မြို့တော် ဖြစ်ပါတယ်။ ၀ိဋဋူဘမင်းသား ဘုရင်ဖြစ်လာတဲ့အခါ ကျွန်မသားလို့ စော်ကားခံရတာကို ရန်ငြိုးထားပြီး အမျိုးဖြုတ် သတ်ဖြတ်နှိမ်နှင်းခဲ့တာမို့ သာကီဝင်မင်းမျိုး ပျောက်ခါနီး အထိ ဖြစ်ခဲ့ရတာပါ။
     မြို့တော်ဟောင်းနေရာမှာ ဗောဓိပင် သစ်ပင်ကြီးတွေ ကြီးကြီး မားမားတွေ မြင်တွေ့ရပါတယ်၊ ဒီအပြင် အနောက်ဘက်ဂိတ်နေရာ နန်းတော်ဟောင်းနေရာ ဘုရားအလောင်းတော်တောထွတ်ခဲ့တဲ့ အရှေ့ တံခါးမုခ်တို့ကိုလည်း မြင်တွေ့ ရပါတယ်။ တောထဲမှာ ဖြစ်နေပေမဲ့ ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် နီပေါအစိုးရက တန်ဖိုးထားကာ သိမ်းဆည်းထားပုံ ရှိပါတယ်။
  မြို့တော်ဟောင်းနေရာမှ တဆင့် ဖခင်သုဒ္ဓေါဓနမင်းကြီးနဲ့ ဆွေတော် မျိုးတော်များဆောက်လုပ်လှူန်းခဲ့တဲ့     နိဂြောဓာရုံကျောင်းနေရာကို လေ့လာ ကြတယ်၊ နိဂြောဓသာကီဝင်မင်းသားရဲ့ ဥယျာဉ်နေရာမှာ ဆောက်လုပ်ခဲ့တဲ့ ကျောင်းဖြစ်တာမို့ နိဂြောဓာရုံကျောင်းလို့ အမည်တွင်ခြင်းပါ၊ ဘုရားရှင်ဟာ မာန်မာန ကြီးမားလှကြတဲ့သာကီဝင်မင်းမျိုးတို့ရဲ့ မာန်မာနကို ကျစေ လိုတဲ့အတွက် တန်ခိုးပြဋိဟာ ပြတော်မူပြီး စိုစေသူကို စိုစေပြီး မစိုစေသူကို လုံးဝမစိုစေတဲ့ ပေါက္ခရ၀ဿမိုး ရွားသွန်းဖြိုးစေကာ ဒီကျောင်းတော်မှာပဲ ဝေဿန္တရာဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
   ဒီကျောင်းတော်မှာ ဘုရားရှင် (၁၅)၀ါမြောက် ၀ါကပ်တော်မူခဲ့တယ်၊ ညီတော်နန္ဒနှင့် သားတော် ရာဟုလာတို့ ရဟန်းပြုခဲ့ကြတယ်၊ တရားဒေသနာ များစွာကို ဟောကြားခဲ့ပါတယ်။ အရင်က ဖြစ်ရပ်ပေါင်းစုံခဲ့တဲ့ ကျောင်းတော် ကြီးဟာ ယနေ့ချိန်မှာတော့ ကျောင်းဆောင်ဟောင်း တစ်ဆောင်ပဲ တွေ့ရ ပါတယ်၊ ကျောင်းဝိုင်းတစ်ဝိုင်းလုံး သရက်ပင်တွေ ဝေေ၀ဆာဆာနှင့် သာသာယာယာရှိလှပါတယ်။
                                                                                         သိမ်မွေ့ဦး (BHU)
16/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ရ )
1. စီးဆင်း ရင်ခွင် | 11/16/2011 | 2. 3. 4. 5. 6. Best Blogger Tips
       တည်းခိုမဲ့ အတိထိနိဝါသဟိုတယ်မှာ အခန်းယူကြပြီးတစ်နာရီလောက် အနားယူကြတယ်၊ ရေမိုးချိုးကာ အပန်းဖြေကြပြီး တဲ့နောက် ဘုရားရှင် မဟာပရိနိဗ္ဗာန်ဝင်စံရာ နေရာမြတ်ကို သွားရောက်ဖူးမျှော်ကြတယ်၊ ဦးစွာ မဟာနိဗ္ဗာနစေတီတော်ဘေးက ဘုရားရှင်ကျောင်းတော်ရာမှာ သီတင်း သုံးတဲ့ ပရိနိဗ္ဗာန်ပြုတော်မူဟန် ရုပ်ပွားတော်မြတ်ကို ၀င်ရောက် ဖူးမျှော်ကြတယ်၊ လက်ရာဟာ သက်ရှိထင်ရှားဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သကဲ့သို့ အသက်ဝင် ပီပြင်လှပါတယ်၊ အေဒီ ၅-ရာစုက မဟာဝိဟာရ ကျောင်းနေ ဟရိဗလ ရဟန်းတော်ရဲ့ ကောင်းမှုဖြစ်ပြီး မထုရာပြည်သား ဒိနာဆိုသူက ထုလုပ်ထားတာဖြစ်ပါတယ်၊ ညောင်စောင်းရဲ့ ရှေ့မျက်နှာမှာ ဆရာဇီဝကပုံ၊ အရှင်အာနန္ဒာပုံ၊ သုဘဒ္ဒရဟန်းပုံတို့ကို ပုံသေးလေး တွေအနေနဲ့ ထုဆစ်ထားပါတယ်။
    ဤပရိနိဗ္ဗာန်ပြုတော်မူဟန် ရုပ်ပွား တော်မြတ်ကို ဖူးမြှင်ကြပြီး စိတ်မခိုင်သူဘုရားဖူးတစ်ချို့ဟာ ငိုကြွေး လေ့ရှိကြပါတယ်၊ ဦးသိရိန်က ဗွီဒိယို မှတ်တမ်းတင်တာကြောင့် မိမိလည်း မဟာပရိနိဗ္ဗာနသုတ်တော်ကို ကြည်ညိုစွာ ပြောပြ ပူဇော်ဖြစ်ပါတယ်၊ ဘုရားရှင်ရဲ့ ’ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိ ဝေါ၊ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။‘ ဆိုတဲ့ နောက်ဆုံး စကားတော်ကိုလည်း ပွားများဆင်ခြင်ကာ သံဝေကာ ဖြစ်မိကြတယ်။
        မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူတဲ့နေရာမှာ တည်ထားတဲ့ မဟာပရိနိဗ္ဗာနစေတီတော်ကိုလည်း လက်ယာရစ်ပတ်ကာ ပူဇော်ကြတယ်၊ စေတီတော်ကြီး ကို အလုံးအ၀န်းပုံသဏ္ဌန်တည်ထားပြီး ထုံးဖြူသင်္ကန်း ကပ်လှူထားပါတယ်၊ စေတီဒါယကာကို အတိအကျ မသိရဘဲ အဆင့်ဆင့်ထပ်ကာထပ်ကာ တည်ဆောက်ပြုပြင်ခဲ့ကြပါတယ်၊ တစ်ချို့ကတော့ ဟူယင်ဆန် မှတ်တမ်း များအရ အသောကမင်းကြီး တည်ထားတယ်လို့ ဆိုကြပါတယ်၊ ခေတ်အဆက်ဆက် ပြန်လည်ပြုပြင်ခဲ့ရာမှာ မြန်မာတို့ရဲ့ ကုသိုလ်လဲ အထင်ကရ ပါဝင်ခဲ့ပါတယ်။
     စေတီတော်ကြီးကို ကျောက်စာဌာနက ထွင်းဖောက်ရှာဖွေပြီးတဲ့နောက် ၁၉၁၂-ခုနှစ်မှာ ဟင်္သာတမြို့သား ဦးဖိုးကျားက ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ပါတယ်၊ ဥာဏ်တော်အမြင့် ၁၆၇-ပေရှိပြီး ထိုခေတ်က ရှုပီးငွေ ၁၈၀၀၀-ကုန်ကျခဲ့ပါတယ်၊ ၁၉၂၇-ခုနှစ်မှာ ထီးတော်တင်လှူခဲ့ပြီး ထီးတော်အတွက် ရှုပီးငွေ ၁၁၁၀၀- ကုန်ကျခဲ့တယ်၊ အဲဒီအချိန်က ထီးတော်ကို နေရောင်ဟတ်တဲ့ အခါ ရွှေရောင်တလက်လက် တောက်ပနေတာကို ဖူးမျှော်နိုင်ခဲ့ကြတယ်၊ နောက်ပိုင်း ငလျင်ဒဏ်ကြောင့် ထီးတော်ကြီးလဲ မြေခခဲ့ရတယ်လို့ သိရပါတယ်။ စေတီတော်ကြီးရဲ့ ပတ်လည် ၀န်းကျင် မှာတော့ ကျောင်းတော်ရာဟောင်းအုပ်ခုံများ၊ ရဟန္တာဓာတ်တော် ဌာပနာသည့် စေတီငယ်များကို ဖူးတွေ့ရပါတယ်။
     ယနေ့ခေတ်မှာတော့ ဒီနေရာဟာ ကုရှိနာဂါရ် လို့ခေါ်တဲ့ ရွာငယ်လေး တစ်ရွာပါ၊ ဘုရားရှင်ခေတ်ကလဲ စည်ကားတဲ့ မြို့ကြီးတစ်မြို့တော့ မဟုတ်ခဲ့ပါဘူး၊ နောက်ဆုံးသာဝကဖြစ်တဲ့ သုဘဒ္ဒပရိဗိုဇ်ကို တရားရေအေး တိုက်ကျွေးတော်မူလိုခြင်း၊ မဟာသုဒဿန စကြာဝတေးမင်းကြီးဘ၀က ကုသာဝတီနေပြည်တော်ဖြစ်ခဲ့ခြင်း၊ ဓာတ်တော်များကို ဒေါန ပုဏ္ဏားက ဖြန့်ဖြေ၍ ဝေဖန်အပ်သော အကြောင်းရှိခြင်း၊ အတိတ် ခုနှစ်ဘ၀က ဦးခေါင်းချခဲ့တဲ့နေရာဖြစ်ခြင်းစတဲ့ အကြောင်းတွေကြောင့် ဒီတောမြို့လေးမှာ ပရိနိဗ္ဗာန်ပြုခဲ့တာပါ၊ မိမိအနေနဲ့ ဒီနေရာကို ဘုရားဖူးရောက်တာ သုံးခေါက်ရှိပါပြီ၊ ရောက်တိုင်းလဲ ဘုရားရှင်ပရိနိဗ္ဗာန်ပြုခဲ့တဲ့ နေရာပါလား ဆိုတဲ့ အသိနဲ့ ၀မ်းနဲသလို ခံစားရပါတယ်၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး မိန့်တော်မူခဲ့တဲ့ တရားစကားတော်ကို အမှတ်ရမိတယ်။
      အချိန်ကား မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။ ဘုရားရှင်ဟာ ပရိနိဗ္ဗာန်ပြုခါနီး မလ္လမင်းတို့ရဲ့ အင်ကြင်း ဥယျာဉ်အတွင်း အင်ကြင်းပျိုအစုံတို့၏အလယ် ခင်းထားအပ်တဲ့ ညောင်စောင်းထက်မှာ မြောက်အရပ်ကို ဦးခေါင်းပြုပြီး လျောင်းစက်တော် မူပါတယ်၊ လက်ယာခြေပေါ်မှာ လက်ဝဲခြေကို အနဲငယ်လွန်စေကာ တင်ထားပြီး သတိရှိ ဆင်ခြင်လျက် မြတ်သော လျောင်းစက်ခြင်းကို ပြုတော်မူပါတယ်၊ အင်းကြင်းပင်အစုံတို့ဟာ အခါမဲ့ပွင့်တဲ့ ပန်းတွေဖြင့် ပင်လုံးကျွတ် ပွင့်နေကြတာပါ၊ ဘုရားရှင် ကိုယ်ပေါ်သို့ ပန်းတို့ကို ကြဲဖြန့် နေပါတယ်၊ မန္ဒာရ၀(ထင်ရှားပန်း) တွေကလည်း ကောင်းကင်မှ ကျလာနေပါတယ်၊ နတ်မှာဖြစ်တဲ့ စန္ဒကူးနံ့သာမှုန့် တို့ဟာလည်း ကောင်းကင်မှ ကျလာနေပါတယ်၊ နတ်တူရိယာတို့ တီးမှုတ်ကြပြီး နတ်သီချင်းတွေလည်း သီဆို ပူဇော်နေကြပါတယ်။
      ဒီလို အထူးထူးသော အချင်းအရာတွေနဲ့ ပူဇော်နေတာကို သိတဲ့ ဘုရားရှင်က ‘ဤကဲ့သို့ ပူဇော်ခြင်းသည် အကောင်းဆုံးပူဇော်ခြင်း မဟုတ်သေး၊ တရားနှင့် လျော်စွာ ကျင့်ကြံနေထိုင်မှအမြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏’လို့ မိန့်တော်မူခဲ့ပါတယ်၊ ဒီတရားတော်ကို သတိရမိ သည်နှင့် တစ်ပြိုင်နက် မိမိရော အမြတ်ဆုံး ပူဇော်ရာရောက်ဖို့ ဘယ်လောက်ထိကျင့်ကြံနေပြီလဲလို့ မ၀ံ့မရံ မေးမိပါသေးတယ်။
                                             သိမ်မွေ့ဦး (BHU)
15/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၆ )
1. စီးဆင်း ရင်ခွင် | 11/15/2011 | 2. 3. 4. 5. 6. Best Blogger Tips
    ၇-နာရီကျော်တာတောင် ပတ္တနားမှာ နှင်း မကွဲသေးပါဘူး။ သီရိဓမ္မာ သောကမင်းကြီး တတိယသင်္ဂါယနာတင်ခဲ့တဲ့ အသောကာရုံ ကျောင်းတော်ရာကို ခဏ၀င် ကာလေ့လာ ဖြစ်ကြတယ်။ ကျောင်းတော် ၀င်းဟာ ကျယ်ကျယ်ပြန့်ပြန့် သာသာယာယာ ရှိပေမဲ့ ရှေးဟောင်း အမွေအနှစ်တွေကိုတော့ သိပ်မတွေ့ရတော့ပါဘူး။ အထင်ကရ အနေနဲ့ ကျောက်တိုင် အကျိုးအပဲ့ကြီးတစ်ခုကိုပဲ မြင်တွေ့ခဲ့ရပါတယ်။ 
     တကယ်တော့ ဒီနေရာဟာ သာသနာတော်အတွက် သိပ်အရေး ပါခဲ့တဲ့နေရာပါ။ ကြမ်းတမ်းတဲ့ စဏ္ဍာသောကမင်းကြီးကနေ တူတော်သူ ခုနှစ်နစ်သားကိုရင်နိဂြောဓကို ဖူးမြင်ရပြီး ဓမ္မာသောက မင်းကြီး ဖြစ်ခဲ့ပါတယ်။ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ရဲ့ ဆုံးမမှုကို ခံယူကာ အဓမ္မ၀ါဒတွေကို ဖြိုခွင်းပြီး ဤနေရာမှာပဲ တတိယ သင်္ဂါယနာ တင်ခဲ့ကြတာပါ။ မထေရ်မြတ်လည်း အဘိဓမ္မာ ခုနှစ်ကျမ်းမှာ တစ်ကျမ်းအပါအ၀င်ဖြစ်တဲ့ ကထာဝတ္ထုကျမ်းကြီးကို ဘုရားရှင်ရဲ့ အကျဉ်းနည်းကို အကျယ်ချဲ့ကာ ဤနေရာမှာပဲ ဟောခဲ့ပါတယ်။ ဗုဒ္ဓသာသနာတော် ပြန့်ပွားဖို့အရေး ကိုးတိုင်းကိုးဌာနကို သာသနာပြုဖို့ အတွက် ဤကျောင်းတော်ကြီးကနေ စတင်စေလွှတ်ခဲ့တာပါ။
     “သုဝဏ္ဏဘူမိံ ဂန္တွာန ၊ သောဏုတ္တရာ မဟိဒ္ဓိကာ။” ဆိုတဲ့အတိုင်း မိမိတို့ မြန်မာနိုင်ငံကိုလည်း အရှင်သောဏ အရှင်ဥတ္တရတို့ သာသနာကို သယ်ဆောင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ကျေးဇူးတွေကြောင့် မိမိတို့တစ်တွေ ဗုဒ္ဓရဲ့ တရားတွေကို သင်ယူ ကြားနာခွင့် ကျင့်ကြံခွင့်တွေ ရနေကြတာ မဟုတ်လား။ အခုတော့လည်း သမိုင်းကြောင်းတွေ ပြန်ပြောကြရင်တောင် ယုံနိုင်စရာ မရှိနိုင်လောက် တဲ့ နေရာတစ်ခုလိုပါပဲ။ အားလုံးဟာ သင်္ခါရတွေပဲလေလို့ နှလုံးသွင်းမိပါတယ်။
     ပတ္တနားကနေ ဝေသာလီကို ခရီးဆက်ခဲ့ကြပါတယ်။ ဝေသာလီမြို့ဟာ ဘုရားရှင်ခေတ်ကတော့ ထင်ရှားတဲ့မြို့တစ်မြို့ပါ၊ ဝေသာလီပြည် လိစ္ဆ၀ီမင်း တွေက သူတို့အတွက် ဝေစုရတဲ့ ဘုရားရှင်ရဲ့ ဓာတ်တော်တွေကို သိမ်းဆည်းထားတဲ့ ဓာတ်တော်တိုက်ကို ဦးစွာ ဖူးမျှော်ကြပါတယ်၊ ကျောက်ပြားတွေ ထူထူထပ်ထပ်နဲ့ ကျကျနနကို သိုမှီးထားတာပါ၊ ပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း ပန်းခြံကြီးတစ်ခုလို ပြင်ဆင်ထားလို့ သာသာယာယာရှိလှပါတယ်။ လိစ္ဆ၀ီမင်း များ ရေကစားရာ ရေကန်တော်ကို လည်း ပျော်မွေ့ဖွယ် မြင်တွေ့ခဲ့ရပါတယ်။
  ဒုတိယသင်္ဂါယနာတင်ခဲ့တဲ့ ဝေသာလီပြည် ၀ါလိကာရုံကျောင်းနေရာ ကို ဆက်လက် သွားရောက်ကြပါတယ်၊ အသောကမင်းကြီး တည်ထားခဲ့တဲ့ စေတီတော်ကြီး၊ တိုက်ထိပ်မှာ ခြင်္သေ့ရုပ်ကြီး ကြီးကြီးမားမားနဲ့ ကျောက်တိုက်ကြီး၊ အပြာရောင်သန်းနေတဲ့ရေတွေနဲ့ ပြည့်နေတဲ့ ရေကန်၊ စေတီဟောင်း အုပ်ခုံများစွာနဲ့ လေ့လာလို့ မကုန်နိုင်အောင်ပါဘဲ၊ သမိုင်းမှာ ကြီးကျယ်ခဲ့တဲ့ နေရာအဖြစ် ပုံရိပ်တွေက ညွှန်ပြနေပါတယ်။ ၀န်းကျင်တစ်ခုလုံးလည်း လှပအောင် ပြုပြင်ထားတာမို့ စိတ်ရွှင်းလန်းမှုကို များစွာ ဖြစ်စေပါတယ်။
     ဒုတိယ သင်္ဂါယနာတင်ရခြင်းရဲ့ အကြောင်းကတော့ သာသနာ နှစ်(၁၀၀) ပြည့်တဲ့အခါ ဝေသာလီပြည် ၀ဇ္ဇီပုတ္တက ရဟန်းတော်တွေက ၀ိနည်းတရားတော်တွေကို မိမိတို့စိတ်ကြိုက်ပြင်ဆင်ကြပါတယ်။ မအပ်စပ်တဲ့ ၀တ္ထု (၁၀)ပါးကိုလည်း အပ်စပ်တယ်လို့ ပြကြပါတယ်၊ ဒီလို ဖြစ်လာတဲ့အဓမ္မ အမှုတွေကို တားဆီးကာကွယ်ဖို့အတွက် အရှင်မဟာယသ အရှင်ရေ၀တ အမှုးပြုတဲ့ ရဟန္တာ ရ၀၀-တို့ဟာ ကာဠာသောကမင်းကြီးရဲ့ ချီးမြှောက်မှုကို ခံယူပြီး ဒီနေရာမှာ ဒုတိယသင်္ဂါယနာတင်ခဲ့ကြပါတယ်။
     ဘုရားရှင်လက်ထက်မှာတုံးက ဤဝေသာလီပြည်ဟာ ၇၇၀၀-သော လိစ္ဆ၀ီမင်းတို့ ဒီမိုကရေစီစနစ်နှင့် အလှည့်ကျ အုပ်ချုပ်ခဲ့ကြတာပါ၊ ကပ်ရောဂါဘေးကြီးဖြစ်တော့ ဘုရားရှင်ကိုယ်တိုင်ကြွရောက်ပြီး ရတနာ သုတ်ပရိတ်တော်ကို အရှင်အာနန္ဒာအား ဟောတော်မူခဲ့ပါတယ်၊ အရှင်အာနန္ဒာလည်း ဝေသာလီမြို့ တံတိုင်းသုံးထပ်အကြား လှည့်လည်ပြီး ပရိတ်ရွတ်ဖတ်ပေးရာ ကပ်ရောဂါလည်း ကင်းရှင်းပပျောက်သွားခဲ့ပါတယ်၊ ဘုရားရှင် ကြိမ်ဖန်များစွာ သီတင်းသုံးတော် မူခဲ့တဲ့ မြို့ဖြစ်ပြီး နောက်ဆုံးဝါကိုလည်း ဝေသာလီမြို့အနီးက ဝေဠုဝရွာမှာ ၀ါကပ်ကာ အာယုသင်္ခါရကို လွှတ်တော်မူခဲ့ပါတယ်၊ အခြားအထင်ကရ အနေနဲ့ စစ်သူကြီးမဟာလိ မွေးဖွားခဲ့တဲ့မြို့ ဖြစ်တယ်၊ အလှဘုရင်မ အမ္ဗပါလီ ကြောင့်လည်း ဤမြို့ဟာ ပိုပြီးထင်ရှားကျော်ကြားခဲ့ပါတယ်။
     ဝေသာလီကနေ ကုသိနာရုံကို ဆက်လက်ထွတ်ခွါခဲ့ကြတယ်၊ တစ်နေကုန် မောင်းရတဲ့ ခရီးပါ၊ နေ့ဆွမ်းအတွက်ကို ပတ္တနားကတဲက ဆွမ်းချိုမ့်နှင့် စီစဉ်ခဲ့ကြတယ်၊ အဝေးပြေးလမ်းဘေး တစ်နေရာက တစ်ဆိုင်တည်း ထီးထီးကြီးဖွင့်လှစ်ထားတဲ့ Reliance ဆိုတဲ့ စားသောက်ဆိုင်ကြီးမှာ နေ့ဆွမ်းဘုန်းပေးကြပါတယ်၊ တိဗက်ဘုရားဖူးတွေ ခရီးသည်တွေနဲ့ ပြည့်နေပါတယ်၊ သီးသန့်ခန်းယူကြပြီး ဆိုင်က စားသောက်စရာ အချို့မှာယူကာ ထည့်ယူလာတဲ့ ဆွမ်းဟင်းတွေနဲ့ ဘုန်းပေးကြတယ်၊ ဆွမ်းစားအပြီး ခရီးဆက်ကြရာ ညနေလေးနာရီခန့်မှာ ကုသိနာရုံကို ရောက်ရှိပါတယ်။
                                                                              သိမ်မွေ့ဦး (BHU)
12/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ ( ၅ )
1. စီးဆင်း ရင်ခွင် | 11/12/2011 | 2. 3. 4. 5. 6. Best Blogger Tips
   အခုလည်း ရာဇဂြိုဟ် ရေပူစမ်းလို့ နာမည်ကြီးလှတဲ့ ဒီနေရာမှာ ၉၆-ပါး ရောဂါပျောက် တယ်ဆိုရင်တောင် ရေချိုးဖို့ အတော်ကို အားယူရမှာပါ။
       အဇာတသတ် ဘုရင် တည်ဆောက်ထားတဲ့ ရာဇဂြိုဟ် ခံတပ် မြို့သစ်နေရာနှင့် မြို့ဦးစေတီတို့ကိုလည်း ၀င်ရောက်ခဲ့ကြတယ်။ မြို့ဦး စေတီနေရာမှာ ဘာသာခြားတို့ သင်္ချိုင်းလုပ်ဖူးတော့ မဖျက်စီးဘဲ ထားတဲ့ ဂူတွေမြင်နေရတာကိုက စိတ်အနှောင်အယှက် ဖြစ်စရာပါ။ ရှေ့ဆက်ပြီး ကမ္ဘာကျော် လှတဲ့နာလန္ဒာတက္ကသိုလ်ကြီးကို ရောက်ခဲ့ကြတယ်။
    ကမ္ဘာကျော်လှတဲ့ နာလန္ဒာ တက္ကသိုလ်ဟောင်းကြီးကတော့ အခုချိန်ထိ ခန့်ခန့်ညားညား တည်ရှိနေတုံးပါ။ အဆောက်အဦဟောင်း ကြီးတွေ ကြီးကြီးမားမားနှင့် ရဲတိုက်ခံတယ်ကြီး တစ်ခုလို ထင်ရ လောက်အောင် ကြီးကျယ်လှပါတယ်။ အဆောက်အဦးကြီးတွေကလည်း စေတီနှင့် ဇရပ်များအတန်း တက္ကသိုလ်ကျောင်းဆောင်ကြီးများအတန်း နှစ်တန်းခွဲကာ ဆောက်လုပ်ထားလို့ လွန်စွာ စနစ်ကြလှပါတယ်။ များပြားလှတဲ့ အဆောက်အဦးကြီးတွေမှာ ဘုရားခန်း သံဃာတွေ သီတင်းသုံးတဲ့ အခန်း စာသင်တဲ့အခန်း ရေချိုးရာရေတွင်း စသည်ဖြင့် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ ဒီတက္ကသိုလ်ကြီးကပဲ ကမ္ဘာကျော် ပညာရှင်များစွာ မွေးဖွားပေးခဲ့ပါတယ်။ သမိုင်းကောက်ကြောင်းတွေ ပြန်လည်တူးဖော်ကြည့်ရင် ၀မ်းသာစရာ ၀မ်းနဲစရာတွေနှင့် ပြည့်နေတဲ့ တက္ကသိုလ်ကြီးပါ။
       ဤတက္ကသိုလ်ကြီးကို မဟာယာန၀ါဒကို စတင်တီထွင်သူ ပထမဆုံး တိုက်အုပ်ဆရာတော် နာဂအဇ္ဇုန ဆရာတော်က စတင်တည် ထောင်ခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဂုတ္တမင်းဆက် အစဉ်ဆက်တို့ စောက်ရှောက်လှူဒါန်းခဲ့ကြပါတယ်။ ဘုရင်နန်းတော် ထက်တောင် ဒီတက္ကသိုလ်ကြီးက ကြီးကျယ်ပြီး လူသိများခဲ့ပါတယ်။ မင်းအဆက်ဆက်တို့ဟာ မိမိတို့ လက်ထက် ကောင်းသထက်ကောင်းအောင် တက္ကသိုလ်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြတာပါ။ အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ရွာပေါင်း(၁၀၀)ကိုတောင် ကျောင်းတော်ကြီးကို လှူဒါန်းခဲ့ကြပါတယ်။ စာသင်ရဟန်း တစ်သောင်းကျော်အထိ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ပညာရေးနှင့် နေထိုင်စားသုံးစားရိတ်စတဲ့ ကုန်ကျစားရိတ် အားလုံးကို မင်းအဆက်ဆက်တို့က ထောက်ပံ့ပေးခဲ့ကြတာပါ။
     မဂိုဘုရင်များလက်ထက်မှာတော့ ရဟန်းတော်များကို ရက်ရက် စက်စက် သတ်ဖြတ်ကာ တက္ကသိုလ်ကြီးကိုလည်း မီးရှို့ဖျက်စီးခဲ့ကြပါတယ်။ ရဟန်းတော်ပေါင်းထောင်ပေါင်း များစွာ သွေးမြေကျခဲ့ကြတယ်။ တက္ကသိုလ် ကြီးကို ခံတပ်လုပ်ကာ တာခ်စစ်သားတွေက ကျောင်းတော်ကြီးမှ ရွှေငွေ ရတနာတွေကိုလည်း ယူငင်သွားကြတယ်လို့ မှတ်သားဖူးပါတယ်။ ၀မ်းသာစရာ ၀မ်းနဲစရာတွေနဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးရဲ့ ပုံရိပ်တွေပါ။
  အခုချိန်ထိ မားမားမတ်မတ်နဲ့ ခန့်ညားနေတဲ့ စေတီတော်ကြီးကတော့ အရှင်သာရိပုတ္တရာ စေတီတော်ကြီးပါ။ သီရိဓမ္မာသောကမင်းကြီးရဲ့ ကုသိုလ်ဖြစ်ပါတယ်။ ပညာအရာ အသာဆုံးဧတဒက် လက်ယာတော်ရံ မထေရ်မြတ်ကြီးဟာ ဒီနေရာမှာ မွေးဖွားပြီး ဒီနေရာမှာပဲ ပရိနိဗ္ဗာန် စံခဲ့ပါတယ်။ မိမိ သားသ္မီးတွေ ခုနှစ်ယောက်တောင် သာသနာဘောင်မှာ ရဟန္တာ ဖြစ်နေကြပေမဲ့ မိခင်သာရီပုဏ္ဏေးမကြီးဟာ ဗုဒ္ဓဘာသာတောင် မဖြစ်သေးပါဘူး။ မထေရ်မြတ်ကြီးဟာ နောက်ဆုံးမိခင်ကြီးကို ကျေးဇူးဆပ်ဖို့ ဆိုပြီး မိမိ မွေးဖွားရာတိုက်ခန်းကို အရောက်ပြန်ခဲ့ပါတယ်။ ကြမ်းတမ်းလှတဲ့ သွေးသွန်ရောဂါ ခံစားနေရင်းက မိခင်ကြီးကို ကျေးဇူးဆပ် တရားဟောကာ သောတာပန်ဖြစ်စေခဲ့ ပါတယ်။ ဒီစေတီတော်ကြီး ရှေ့မှာပဲ သံဃာဂုဏ်ကို အာရုံပြုပြီး ပူဇော်ဖြစ်ခဲ့ ပါတယ်။
      နာလန္ဒာတက္ကသိုလ်ဟောင်းကြီးကအပြန်မှာတော့ အိန္ဒိယ ရှေးဟောင်း ယဉ်ကျေးမှုဝန်းကြီးဌာနက အသစ်ဖွင့်လှစ်ထားတဲ့ နာလန္ဒာတက္ကသိုလ် အသစ်ကို ၀င်ဖြစ်ခဲ့တယ်။ အဲဒီမှာ မြန်မာရဟန်းတော်များစွာ ပညာသင် ကြားနေပါတယ်။ သူတို့ရဲ့ အဆောင်ကို ခေတ္တ၀င်ရောက်ကာ ဓာတ်ပုံ အမှတ်တရ ရိုက်ကြပြီး ပတ္တနားကို ခရီးဆက်ခဲ့ကြတယ်။
   ပတ္တနားမြန်မာကျောင်းကို ရောက်တော့ ည ၈-နာရီလောက် ရှိပါပြီ။ ဆရာတော်ကို သွားရောက်ကန်တော့ကြပြီး အေးအေးဆေးဆေး အနားယူကြပါတယ်။ မနက်ဖြန်လဲ စောစောထပြီး ခရီးဆက်ရမှာမို့ စောစောပဲ အိပ်ရာဝင်ဖြစ်ပါတယ်။
         မနက် ၅-နာရီ အိပ်ရာထပြီး နေ့ဆွမ်းအတွက် ကြိုတင် စီစဉ် ထုပ်ပိုးကြတယ်။ ဒီနေ့ ခရီးက လမ်းမှာပဲ ဆွမ်းစားကြရမှာမို့ စီစဉ်ကြခြင်းပါ။ မနက် ၆-နာရီခွဲလောက်မှာ အာရုံဆွမ်း ဘုန်းပေးကြတယ်။ ဒီတော့မှ ဆရာတော်နှင့် ဦးသိရိန်တို့ စကားလက်ဆုံ ပြောဖြစ်ကြတယ်။ ညတုံးက ခရီးပင်ပန်းလာမှန်းသိလို့ အလိုက်သိတတ်တဲ့ ဆရာတော် ဦးဝိလာသဂ္ဂက စကားသိပ်မပြောခဲ့ဘူး။ ဒီနေ့ မနက်အာရုံဆွမ်းဝိုင်းမှာ စကားစပ်မိကြတော့မှ နှစ်ပါးလုံး တစ်ကျောင်းတည်းထွတ်တွေ ဖြစ်နေကြတယ်။ ဆရာတော် ဦးဝိလာသဂ္ဂ က မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် မင်္ဂလာဗိမာန်မှာ နေခဲ့ပြီး ဦးသိရိန်ကတော့ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင်မှာ နေခဲ့ ကြတာပါ။ စာသင်သားဘ၀က အတူတူ ပညာဆည်းပူးခဲ့ကြတဲ့သူတွေ တနယ်တကျေးမှာ အခုလို ပြန်လည်ဆုံတွေ့ကြတော့ ၀မ်းသာအားရ ဖြစ်ကြတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး စကားစပ်မိလိုက်ကြတာ တော်တော်နဲ့ မပြီးကြဘူး။ ၇-နာရီကျော်မှပဲ ခရီးဆက်ဖြစ်တော့တယ်။
                                                      သိမ်မွေ့ဦး (BHU)
11/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ (၄)
1. စီးဆင်း ရင်ခွင် | 11/11/2011 | 2. 3. 4. 5. 6. Best Blogger Tips
    ဆက်လက်ပြီး ဝေဠုဝန်ကျောင်းတော်ကြီးကို ၀င်ရောက်လေ့လာ ကြပါတယ်။ ကျောင်းတော်ဝန်းဟာ ကျယ်ဝန်းသန့်ရှင်းပြီး စိတ်ချမ်းမြေ့စရာ ကောင်းလှပါတယ်။ ဝေဠုဝန- ၀ါးတောဆိုတဲ့ နာမည်နှင့် လိုက်ဖက်အောင်ကို ၀ါးပင်တွေနဲ့ ပြည့်နေပါတယ်။ ပါဠိတော်တွေမှာတော့ ဝေဠုဝနေ ကလန္ဒက နိဝါပေ ဆိုပြီး တွဲဘက်ကာ ဟောထားပါတယ်။ ကလန္ဒကနိဝါပေ-ရှဥ့်နက် တို့အား အစာကျွေး၍ မွေးမြူရာဖြစ်သော၊ ဝေဠုဝနေ- ဝေဠုဝန်ကျောင်းတော် ၌၊ ဆိုပြီးတော့ တွေ့ရတာပါ။
    ကျောင်းတော်ဟောင်း အဆောက်အဦးတွေ ကိုတော့ မတွေ့ရတော့ပါဘူး။ ကျောင်းတိုက်အလယ်က သန့်ရှင်း ကြည်လင်ပြီး အပြာရောင်သန်းနေတဲ့ ရေတွေနှင့် သာယာလှပနေတဲ့ ကလန္ဒကရေကန်ကြီးကတော့ ထင်ထင်ရှားရှား ရှိနေပါတယ်။ နိုင်ငံတကာ ဘုရားဖူးတွေ ကန်ဘောင်ပေါ်မှာ အေးရိပ်ခိုကြပြီး ဘုရားဂုဏ်တော်တွေ အာရုံပြုကြ၊ သံဃာတွေ ရှင်းလင်းပြလို့ နာယူနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ ဝေဠုဝန်- ၀ါးတောကျောင်း ဆိုတဲ့ သဘောကို နားလည်နေကြတဲ့ ဦးသိရိန် နဲ့ မိမိတို့ဟာ ၀ါးရုံလှလှကြီးတွေရဲ့ရှေ့မှာ တဖြတ်ဖြတ်ဓာတ်ပုံရိုက်ကြပြီး မှတ်တင်းတင်ကြပါတယ်။ 
     အေးရိပ်ကောင်းလှတဲ့ ၀ါးခြုံကြီးရဲ့အောက် မြက်ခင်းပြင်ပေါ်မှာ ထိုင်ကာအနားယူကြပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို အာရုံပြုကြပါတယ်။ ဘုရားလောင်းသိဒ္ဓတ္တမင်းသားဟာ တောထွက်ရဟန်းပြုပြီး ရာဇဂြိုဟ်မြို့ကို ရောက်တဲ့အချိန် ဗိမ္ဗိသာရမင်းကြီးနှင့် တွေ့ပါတယ်။ မင်းကြီးက သဘောကြပြီး ထီးနန်းတစ်ဝက်အပ်ပေမဲ့ လက်မခံဘဲ ပယ်ချကာ ဘုရားဖြစ်ဖို့ကိုပဲ ဦးတည် ကျင့်ကြံခဲ့ပါတယ်။ သို့ပေမဲ့ ဘုရားဖြစ်က ရာဇဂြိုဟ်ကို ပထမဆုံး ကြွခဲ့မယ်ဆိုတဲ့ ကတိကိုတော့ ပေးခဲ့ပါတယ်။ ဒီကတိအတိုင်း ဓမ္မစကြာတရာဦး ဟောကြားပြီးတဲ့နောက် ရဟန်းပေါင်း တစ်ထောင်ခြံရံကာ ရာဇဂြိုဟ်ကို ကြွလာခဲ့ပါတယ်။ ဘုရင်ကြီးကလည်း ဘုရားရှင်ကို လေးစားလှတဲ့အတွက် မာဂဓတိုင်း အထင်ကရ ပုဏ္ဏားသူကြွယ်တွေ တစ်သိန်းနှစ်သောင်းခြံရံကာ တခမ်းတနား ကြိုဆို ခဲ့ပါတယ်။ ဒီကြိုဆိုပွဲမှာ ဘုရားရှင်က မဟာနာရဒ ကဿပဇာတ်တော်ကို ဟောကြားခဲ့ပါတယ်။ ဘုရင်ကြီးနှင့်တကွ အခြံအရံ တစ်သိန်းတစ်သောင်း တို့ဟာ သောတာပန်တွေဖြစ်သွားကြပြီး ကျန်တဲ့ တစ်သောင်းကတော့ သရဏဂုံ မြဲတဲ့ ဥပါသကာတွေ ဖြစ်သွားခဲ့ကြပါတယ်။
     သောတာပန်ဖြစ်သွားတဲ့ ဗိမ္ဗိသာရ ဘုရင်ကြီးဟာ နောက်ရက်အတွက် ဘုရားရှင်ကို ဆွမ်းစားပင့်ပြီး ဝေဠုဝန်ကျောင်းတော်ကြီးကို ရေစက်ချ လှူဒါန်းခဲ့ပါတယ်။ ရေစက်ချ လှူဒါန်းပြီးသည်နှင့် တစ်ပြိုင်နက် ယူဇနာနှစ်သိန်းလေးသောင်း အထုရှိတဲ့ ဤကမ္ဘာမြေကြီးဟာ ကောင်းချီး ပေးသည့်အနေဖြင့် သွပ်သွပ်ခါ တုန်လှုပ်ခဲ့ပါတယ်။ ဇမ္ဗူဒိပ် တစ်ကျွန်းလုံးမှာ မြေကြီးလှုပ်တဲ့ တစ်ခု တည်းသော ကျောင်းအလှူဖြစ်ပါသတဲ့။ ဤသာသနာ တော်မှာလည်း ပထမ ဆုံးသော ကျောင်းအလှူဖြစ်ပါတယ်။
     ဤကျောင်းတော်ကြီးအတွင်း ဘုရားရှင် သြ၀ါဒပါတိမောက် ပြတဲ့နေရာမှာ တည်ထားတဲ့ ရုပ်ပွားဆင်းတုတော်မြတ်ကို ဖူးမျှော် ကြည်ညိုခဲ့ကြတယ်။ မိမိတို့လိုပဲ နိုင်ငံတကာ ဘုရားဖူးတွေ လက်ယာရစ် လှည့်ပတ်ပြီး ရွက်ဖတ်ပူဇော်နေကြတာကိုလည်း တွေ့မြင်ရတယ်။ ဒီနေရာမှာပဲ ဘုရားရှင်က “ မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင် စိတ်ကိုထား။” စတဲ့ ဂါထာသုံးပုဒ်နဲ့ ပထမဆုံးအကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူခဲ့တယ်။
     ဤကျောင်းတော်မှာပဲ လက်ယာရံ လက်ဝဲရံ ဖြစ်လာကြမဲ့ ဥပတိဿနှင့် ကောလိတတို့ ဧဟိဘိက္ခူဖြစ်ခဲ့ကြပါတယ်။ သာသနာတော်မှာ ပထမဆုံးအကြိမ် သံဃာ့အစည်းအဝေးပွဲကြီးကျင်းပခဲ့တယ်။ ဘုရားရှင် (ပထမ၊ဒုတိယ၊တတိယ) သုံးဝါတိတိ ၀ါဆိုတော်မူခဲ့ပြီး ဒေသနာတော်များကို ဟောကြားကာ သတ္တ၀ါများစွာကို ကယ်တင်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ ဖြစ်စဉ်တွေ တစိမ့်စိမ့်တွေးမိလေ တသိမ့်သိမ့် ကြည်နူးစရာ ကောင်းလောက်အောင် သဒ္ဓါတရားတွေ တိုးပွားစေတဲ့နေရာမြတ်လည်း ဖြစ်ပါတယ်။
      ဝေဠုဝန်ကျောင်းက အပြန်မှာတော့ မနီးမဝေး ဝေဘာရတောင်ခြေမှာ တည်ရှိတဲ့ ရေပူစန်းကို ၀င်ရောက်လေ့လာကြတယ်။ တပေါဒါမြစ်လို့ခေါ်တဲ့ မြောင်းငယ်ကို တံတားဖြင့် ဖြတ်ကူးသွားရပါတယ်။ ဒီမှာ ရေချိုးရင် ၉၆-ပါး ရောဂါပျောက်တယ်လို့ ယုံကြည်ကြပြီး ရေချိုးသူတွေ များပြား စည်ကားလှပပါတယ်။ ရေပူစမ်းအနီးမှာ အစားအသောက်ဆိုင်တွေ ကျုလယာဆိုင်တွေလည်း များပြားလှပါတယ်။ ရေချိုးတဲ့နေရာမှာ သုံးဆင့်ခွဲခြား သတ်မှတ်ထားပါတယ်။ ဇာတ်စနစ် ခွဲခြားမှု ပြင်းထန်တဲ့ နိုင်ငံဖြစ်လေတော့ ပထမဆုံး စဥ့်ပွန်များမှ စီးကျလာတဲ့ရေကို ဇာတ်မြင့်တို့ ချိုးကြရပါတယ်။ ဇာတ်မြင့်တွေ ချိုးပြီမှ ကျဆင်းလာတဲ့ရေကို အလယ်အလတ်တန်းစားတို့ ချိုးကြရပါတယ်။ နှစ်ဆင့်ချိုးပြီး အညစ်အကြေးနှင့်တကွ စီးကျလာတဲ့ ရေကိုမှ ဇာတ်နိမ့်တွေ ချိုးကြရတာပါ။ ရေချိုးဆိပ်တွေကိုလည်း သူ့နာမည်နဲ့သူ ပေးထားပါတယ်။ ပထမဆုံး ချိုးတဲ့နေရာကို ကြည့်တော့ချိုးချင်စရာ ရှိပေမဲ့ နောက်နှစ်ဆင့်ကတော့ အတော်ကို ညစ်ပတ်ပါတယ်။ ချိုးဖို့မပြောနဲ့ မြင်ရတာနဲ့တောင် စိတ်ပျက်စရာကောင်းလှပါတယ်။ သူ့အယူအဆနှင့် သူဆိုတော့လည်း ပျော်ပျော်ကြီး ချိုးနေလိုက်ကြတာ တိုးမပေါက်အောင်ပါပဲ။ မိမိတို့အဖွဲ့တော့ သူတို့ကို ကြည့်ပြီး တအံ့တသြ ဖြစ်ခဲ့ကြတယ်။
        ဒီနေရာကို ရောက်တော့ ကြားဖူးတဲ့ ဖြစ်ရပ်လေးတစ်ခုကို ပြန်လည် သတိရမိပါတယ်။ ရှေးခေတ်က စာရေးဆရာတွေက မန္တလေးမြို့ ရွှေတစ်ချောင်းမြောင်းရဲ့ ကြည်လင်သန့်ရှင်းအေးမြပုံ၊ ရေချိုးပါက ၉၆-ပါးသော ရောဂါတွေ ပျောက်ကင်းပုံတွေကို စာတစ်တန် ပေတစ်တန်ဖွဲ့ပြီး အင်္ဂလိပ်လို မှတ်တမ်းတင် ရေးခဲ့ကြပါသတဲ့။ သူတို့ခေတ်ကတော့ အမှန်ဖြစ်မှာပေါ့။ မြန်မာနိုင်ငံကို အလည်လာရောက်တဲ့ နိုင်ငံခြားသား ဧည့်သည်တစ်ယောက်က သူ့စိတ်ထဲမှာ အဓိက သွားလည်ရမဲ့နေရာအဖြစ် ရွှေတစ်ချောင်းမြောင်းကိုလည်း ထည့်ထားပါတယ်။ သူ့စိတ်ထဲမှာ မန္တလေးရောက်ရင် ချောင်းထဲမှာ ပျော်ပျော်ကြီးရေချိုးပြီး ချောင်းရေတွေ အ၀သောက်လိုက်မယ်ပေါ့။ ဂိုက်လုပ်တဲ့သူကို မန္တလေးရောက်ရင် ရွှေတစ်ချောင်းကို အဓိက ပို့ပေးဖို့ ပြောပါသတဲ့။ ဒီလိုနဲ့ မန္တလေး ရွှေတစ်ချောင်းမြောင်းလဲ ရောက်ရော ရေချိုးဖို့ မပြောနဲ့ ကမ်းဘေးကနေ တနိုးနိုး ပြောပြီး နှားခေါင်းပိတ်ထားသတဲ့လေ။ အခုခေတ်မှာတော့ အမှိုက်တွေပြည့်ပြီး ညစ်ပတ်နေတဲ့ ရွှေတစ်ချောင်းမြောင်းဟာ အမြဲကို နံစော်နေတာပါ။
                                                      သိမ်မွေ့ဦး (BHU)
09/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ (၃)
1. စီးဆင်း ရင်ခွင် | 11/09/2011 | Best Blogger Tips
    ရတနာဂီရိတောင်ကနေ ခြေလျှင်ဆင်းပြီး ဂိဇ္ဈကုဋ်တောင်ထိပ်က ဘုရားရှင်နေ့ရက်များစွာ သီတင်းသုံးတော်မူခဲ့တဲ့ ကျောင်းတော်ရာနေရာကို ၀င်ရောက်ဖူးမျှော်ကြတယ်။တောင်ခြေရင်းက အရှင်အာနန္ဒာ ရဟန္တာ ဖြစ်တော်မူခဲ့ရာ လှိုင်ဂူတော် အရှင်သာရိပုတ္တရာ ဖလသမာပတ် ၀င်စားပြီး သီတင်းသုံးတော်မူခဲ့ရာ နေရာတို့ကိုလည်း ဖူးမျှော်ခဲ့ကြသေးတယ်။ 
     စာပေမှာတော့ ဂိဇ္ဈကူဋေ-လင်းတနှုတ်သီး ပုံမှီးမချွတ် တူသော အထွဋ်ရှိသောကြောင့် ဂိဇ္ဈကုဋ် အမည်ရှိသောတောင်လို့ဆိုတယ်။ ဘုရားရှင် ခေတ်ကတော့ နတ်ဗြဟ္မာတွေ မကြာခဏ စည်းဝေးနေထိုင်ကြပြီး “သေလျှင်ငုတ်တုတ် ဂိဇ္ဈကုဋ်” ဆိုရလောက်အောင် ပြိတ္တာတွေ သိပ်ပေါ တယ်လို့ မှတ်သားရတယ်။ ကျောင်းတော်ရာနေရာကို ဖူးမျှော်ရင်း ဒီကျောင်းတော်မှာ ဟောခဲ့တဲ့ သုတ်များစွာအနက် မဟာဂေါဝိန္ဒသုတ်တော်ကိုလည်း အာရုံပြုကာ ကြည်ညိုခဲ့ကြသေးတယ်။ တောင်ထိပ် ကနေ တောင်အောက်ကို လှမ်းကြည့်မိတော့ ဒေ၀ဒတ်ကြီး ဘုရားရှင်ကို ကျောင်းမောင်းဆင်ကာ လုပ်ကြံတာကို သတိရမိတယ်။ တဆက်တည်း ဘုရားရှင်ဆွမ်းခံကြွနေတုံး နာဠာဂီရိဆင်ကို အရက်မူးအောင်တိုက်ပြီး လုပ်ကြံခိုင်းတာ၊ လေးသမားတွေကို စေလွှတ်ပြီး လုပ်ကြံခိုင်းတာတွေကို အမှတ်ရပြီး သံဝေဂဖြစ်မိသေးတယ်။
     ကျောင်းတော်ရာကနေ ရာဇဂြိုဟ်မြို့ဟောင်းထဲ ဆက်လက်ထွတ် ခွါလာခဲ့တယ်။ရှေးဘုရင် အစဉ်အဆက်စံမြန်းခဲ့ပြီး “တောင်ငါးလုံးကာခို ရာဇ ဂြိုဟ်” လို့နာမည်ကြီးလှတဲ့  မြို့ပါ။တောင် ငါးလုံးကတော့ ဝေပုလ္လ ဝေဘာရ ပဏ္ဋ၀ ဂိဇ္ဈကုဋ် ဣသိဂိလိတောင် တို့ဖြစ်ပါတယ်။ဘုရားရှင်ခေတ်က အဇာ တသတ်ဘုရင်တို့ စံမြန်းခဲ့တဲ့နေရာ၊ ဆရာဇီဝကက သူ့ရဲ့ သရက်ဥယျာဉ်ကို ဘုရားရှင်ကိုလှူဒါန်းခဲ့တဲ့နေရာ၊ သားတော် အဇာတသတ်က ဖခင် ဘုရင်ဗိမ္ဗိသာရကို ထောင်တွင်းအကျဉ်းချ သတ်ဖြတ်ခဲ့တဲ့နေရာ၊ ဒေ၀ဒတ်က ဘုရားရှင်ကို သတ်ဖြတ်ရန်ကြိုးစားခဲ့တဲ့နေရာ၊ ဘုရားရှင် မဟာသာမညဖလ သုတ်စတဲ့ တရားဒေသနာတော်များစွာ ဟောကြားခဲ့တဲ့နေရာ စတာတွေနှင့် ဖြစ်ရပ်ပေါင်းစုံခဲ့တဲ့ ရာဇဂြိုဟ်မြို့ ဖြစ်ပါတယ်။
     ဘုရင်ဗိမ္ဗိသာရမင်းကြီးစံမြန်းစဉ်က သူဌေးကြီး ငါးဦး ကောင်းမှုရှင် ငါးဦးတို့အပြင် သူဌေးသူကြွယ်တွေ ပေါများလှတဲ့အတွက် နာမည်ကြီးပြီး အင်မတန် စည်ကားလှပါတယ်။ ယနေ့ခေတ်မှာတော့ သစ်ပင်တွေသာ ဖုံးလွှမ်းပြီး မြို့ပြရဲ့ အရိပ်အရောင်နှင့်တူတာ ဘာဆိုဘာမှ မရှိတော့ပါဘူး။ မမြဲတဲ့နိယာမ သဘောတရားတွေပဲ မဟုတ်လား။ဆရာဇီဝကရဲ့ သရက် ဥယျာဉ်ကျောင်းကိုတော့ ကားပေါ်ကပဲ ဖူးမျှော်ခဲ့တယ်။ အဇာတသတ်မင်းကြီး ဓာတ်တော်တွေကိုမြှပ်နှံဝှက်ထားခဲ့တဲ့ မဏိယာမတ်ကိုလည်း ၀င်ရောက် ဖူးမျှော်ဖြစ်တယ်။ဒါအပြင် ဘုရင်ဗိမ္ဗိသာရလက်ထက်က ရွှေတိုက်တော် အဖြစ် အသုံးပြုခဲ့တဲ့ ဆွန်ဘဏ္ဋာလိုင်ဂူ၊ သားတော်အဇာတသတ်က ဖခင် ဘုရင်ဗိမ္ဗိသာရမင်းကြီးကို အကျဉ်းချချုပ်နှောင်ခဲ့တဲ့နေရာ၊ ကျောက်ဖြာ အထက်က ရှေးကုန်သည်များ ကုန်သည်မှုသွားလာ အသုံးပြုရာ လှည်းဘီးရာ တို့ကို လေ့လာခဲ့ကြတယ်။တောင်ထိပ်ပေါ်က မြို့ရိုးကျောက် တံတိုင်းကြီးတွေ၊ ဝေဘာရတောင်ထိပ်က ပိပ္ပလိလှိုင်ဂူနှင့် ဂျိန်း ကျောင်းတွေ ကိုလည်း လှမ်းမျှော်ကာ ကြည့်ရှုခဲ့ကြတယ်။
     ဘုရင်ဗိမ္ဗိသာရ အကျဉ်းထောင်နေရာကို လေ့လာနေတဲ့အချိန် ၀မ်းနဲစရာမြင်ကွင်းတွေက ကွက်ကွက်ကွင်းကွင်းမြင်ရောင်လာစေတယ်။ သားအပေါ်မှာ အချစ်ကြီးပြီး ရက်စက်မှုတွေကို ခံခဲ့ရတဲ့ ဖခင်ဘုရင်ကြီးက ဘုရားရှင်ကို ဖူးမျှော်လို့ ရနိုင်တဲ့နေရာမှာ သူ့ကို အကျဉ်းချဖို့ တောင်းဆိုခဲ့ တယ်။ ဒါကြောင့် ဂိဇ္ဈကုဋ်တောင်ထိပ်က ဘုရားရှင်ကို လှမ်းပြီး ဖူးမြှင်လို့ရနိုင်တဲ့ ဒီနေရာမှာ အကျဉ်းချခဲ့တယ်။ ဘုရားကို လှမ်းဖူးလိုက် သမာပတ်ဝင်စားလိုက်နှင့် သောတာပန်ဘုရင်ကြီးဟာ လောကဓံကို ကြံ့ကြံ့ခံခဲ့တယ်။ ဒါအပြင် ခင်ပွန်းအပေါ်မှာ သစ္စာရှိပြီးဝတ္တရားကျေပွန်ခဲ့တဲ့ ဝေဒေဟီမိဘုရားရဲ့ ပုံရိပ်တွေ၊ မိမိဖခင်ကို အဖေရင်းလို တန်ဘိုး မထားနိုင်လောက်အောင် အာဏာရစ်မှုးကာ ကမ္ဘာတုန်အောင် ရက်စက်ပြ ခဲ့တဲ့ အဇာတသတ်မင်းသားရဲ့ ပုံရိပ်တွေဟာ တသီးကြီးပေါ်လာပြီး ရင်ကို နာကျင်စေပါတယ်။ အခုတော့ သမိုင်းရုပ်ကြွင်း တစ်ခုအဖြစ် ကျန်နေခဲ့ပြီပေါ့။
         နေ့ဆွမ်းကိုတော့ မဏိယာမတ်အနီးက ကျယ်ဝန်းပြီးသန့်ရှင်းလှပတဲ့ ဇယပရကာဆ် ဥဒ္ဓယာန်း ပန်းခြံကြီးထဲမှာ စားခဲ့ကြတယ်။ ဆာကလည်းဆာ ဦးကုဏ်လက်ရာ ချဉ်ပေါင်ကြော်ကလည်း ကောင်းတော့ အားလုံး ခေါင်းမဖော်နိုင်လောက်အောင် မြိန်ခဲ့ကြတယ်။ စားပြီးတော့ နေရာကလည်း သန့်ရှင်း ခရီးပင်ပန်းမှုကလဲ ဖြစ်တော့ခေတ္တ အနားယူကြတယ်။
     ပန်းခြံထဲက ထွတ်လာပြီး ကားပေါ်ပြန်တက်ကြတော့ တာဝန်ကျေ စိတ်ကောင်းရှိလှတဲ့ ကားဆရာလေးက တစ်ကားလုံးကို သန့်ရှင်းရေး လုပ်ထားတယ်။(ခရီးစဉ် တလျှောက်လုံး အားလုံးကို စိတ်ချမ်းသာအောင် တာဝန်ကျေခဲ့တဲ့ ကားဆရာလေးပါ။) ကားပေါ်ရောက်တော့ မစ္စတာ လိန်းနှင့်ဒေါ်အိတို့က သူတို့တစ်ရှုးနဲ့ ဂရုတစိုက် သန့်ရှင်းပြီး ကားပေါ်မှာ သိမ်းထားခဲ့တဲ့ ရေခဲ မုန့် မြေအိုးခွက်လေးတွေက သန့်ရှင်းတဲ့အထဲ ပါသွားတယ်။ ပန်းခြံထဲ မ၀င်ခင် သူတို့သုံးရောက် ရေခဲမုန့် ၀ယ်စားကြ တယ်။ရေခဲမုန့်ထည့်တဲ့ မြေအိုးလေးတွေက ပန်းဘောင်လေးတွေ အနား ကွက်ပြီး ၀ိုင်းဝိုင်းလုံးလုံးလေးနဲ့ အနုပညာလက်ရာ မြောက်လှပါတယ်။ ဒါကြောင့် စားပြီး လွင့်မပစ်ကြဘူး။ သန့်ရှင်းပြီး သိမ်းထားကြတာ။ ကားဆရာက သန့်ရှင်းရေးလုပ်တော့ အမှိုက်ထင်ပြီး လွင့်ပစ် လိုက်တာပေါ့။ သူတို့နှစ်ယောက်က နှမြှောလိုက်ကြတာ။ ပြောမဆုံးကြဘူး။ မစ်ဆယ်လီ ကတော့ သန့်ရှင်းပြီးသူဆွဲတဲ့ အိပ်ထဲ သိမ်းထားတော့ ကံကောင်း သွားတယ်၊သူကတော့ သူ့အိုးခွက်လေး ပါမသွားလို့ဆို့ပြီး ၀မ်းသာ အားရနဲ့ ပြောမပြီးဘူး။ နောက်တနေရာရောက်တော့ ဒီပုံစံ အိုးခွက်လေး လိုချင်လို့ဆိုပြီး ထပ်ဝယ်စားကြသေးတယ်။ ဒါပေမဲ့ ဒီပုံစံလို လှပတဲ့ အိုးခွက်လေးတွေတော့ မရခဲ့ကြဘူး။
                                                                                  သိမ်မွေ့ဦး (BHU)
08/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ (၂)
1. စီးဆင်း ရင်ခွင် | 11/08/2011 | 2. 3. 4. 5. 6. Best Blogger Tips
      ဦးစွာ သိရီဓမ္မာသောကမင်းကြီး တည်ထားသောမူခဲ့တဲ့ မဟာ ဗောဓိစေတော်မြတ်ကြီးနှင့် အတွင်းမှာ စံမြန်းတဲ့ ရွှေရောင်ဝင်ပြီး သုံးဆယ့်နှစ်ပါးသော ယောင်္ကျားမြတ်လက္ခဏာတော်တွေနှင့် ပြည့်စုံနေတဲ့ ရုပ်ပွားတော်မြတ်ကြီးတို့ကို ရှိခိုးပူဇော်ကြပါတယ်။ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန် လပြည့်နေ့ သောကြာနေ့မှာ ဘုရားရှင် သဗ္ဗညုတရွှေဥာဏ်ကို ရရှိခဲ့တဲ့ နေရာမြတ်ဖြစ်ပါတယ်။
    မိမိက သတ္တဌာန ဖြစ်တော်စဉ်တွေကို ကြည်ညို ဖွယ်ဖြစ်အောင် ရှင်းပြပါတယ်၊ မှတ်တမ်းတင် ရိုက်ကူးရာမှာ ၀ါသနာကြီးလှတဲ့ ဥူးသိရိန်ကတော့ အားလုံးကို မလွတ်တမ်း မိမိရရ ရိုက်ကူးပါတယ်၊ ဓာတ်ပုံကင်မရာတစ်လုံး ဗွီဒီယို ကင်မရာ တစ်လုံးနှင့် တကယ့်ကို မလွတ်တမ်း ရိုက်ယူပါတယ်။ ရှင်းလင်းပြမှု မှတ်တမ်းတင်မှုတွေ အပြီးမှာတော့ ဘုရားရှင်တိုင်း သဗ္ဗညုတဥာဏ် ရရှိရာ မြေမြတ်မဟာ ဖြစ်တဲ့ မဟာဗောဓိပင်ကြီးရဲ့အောက်မှာ ရွတ်ဖတ်ပူဇော်ခြင်း အာနာပါန စီးဖြန်း ပွားများခြင်းတို့ဖြင့် ကုသိုလ်ယူကြပါတယ်။ 
    ညနေပိုင်းမှာ ဘုရားရှင် အလောင်းတော်ဘ၀တောထွတ်ပြီး ခြောက်နှစ် တိတိ ဒုက္ကရစရိယ ကျင့်ကြံအားထုတ်ခဲ့တဲ့ တောင်က လှိုင်ဂူနေရာကို သွားရောက်ဖူးမျှော်ကြတယ်၊ လှိုင်ဂူတော် အလျား(၁၀)တောင်၊ အနံ (၆) တောင် ကျယ်ဝန်းပါတယ်၊ မဟာယာနတိဗက် ဘုန်းတော်ကြီးတွေ အစဉ်အဆက် စောက်ရှောက်ကြတယ်လို့ သိရပါတယ်။ တော်ပေါ်ရောက်လို့ ဘုရားမဖူးရသေးခင် တိဗက်ရဟန်းတော်တစ်ပါးက အပြုံးနှင့် ကြိုဆိုပြီး ရေနွေးကြမ်းနှင့် ဧည့်ခံပါတယ်၊ ရေနွေးကြမ်းသောက်ကာ ခဏအမောဖြေ ပြီးမှ လှိုင်ဂူတော် အတွင်းကို ၀င်ရောက်ဖူးမျှော်ကြပါတယ်။ လှိုင်ဂူတော် အတွင်း ထုဆစ်ကိုးကွယ်ထားတဲ့ အရိုးပျိုင်းပျိုင်းထကာ ကျင့်ကြံအားထုပ် နေဟန် ရုပ်ပွားတော်မြတ်ဟာ သပ္ပါယ်ပြီး အသက် ၀င်လှပါတယ်။ ဖူးမြင်သူတွေကို ၀ီရိယဓာတ်တွေ ကူးစက်စေပါတယ်။
     တောင်ပေါ်က အဆင်းမှာ တန်းစီပြီးစောင့်နေကြတဲ့ အိန္ဒိယ ဆင်းရဲသားလေးတွေကို တစ်ယောက်လျှင် မုန့်တစ်ထုပ်စီ ဝေငှပေး ကြပါတယ်၊ ရှစ်ဆယ်လောက်ရှိပါမယ်၊ လိုချင်တာ ရသွားကြတဲ့ အတွက် သူတို့မျက်နှာလေးကလည်း ပြုံးရွှင်လို့ပေါ့၊ ဘုရားဖူးရင်း ပြုခဲ့ရတဲ့ အမှတ်တရ ကုသိုလ်လေးတွေပါ။ တောင်ပေါ်ကနေ ဥရုဝေလတောကို လှမ်းမျှော်ကြည့်ကြတယ်၊ သဲကမ်းပါးတောလို့ အမည်ရတဲ့ ဒီတောဟာ ဘုရားရှင်ခေတ်ကတော့ သစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ အင်မတန် ပျော်မွှေ့စရာ ကောင်းတဲ့တောအုပ်ကြီးပေါ့၊ ဒီတောမှာပဲ ရသေ့တွေဟာ သူတို့ရဲ့ အကျင့်ဖြစ်တဲ့ ဇယ်တောက် တုံးခုံ နေပူလှမ်း မီးလှုံ စတဲ့ အကျင့်တွေကို ကျင့်ကြံခဲ့ကြတယ်။ အလုံးစုံဟာ မမြဲတဲ့ အနိစ္စသဘောတွေပဲ မဟုတ်လား၊ အခုခေတ်မှာတော့ သစ်ပင်လေးတွေ ကြိုးတိုး ကြဲတဲနှင့် တောအုပ်အသွင် ပျောက်နေပါပြီ။ သဲသောင်ပြင်တွေကတော့ ဥရုဝေလရဲ့ အသွင် ကို ဆောင်ပြနေတုံးပါပဲ။
     ဥရုဝေလတောက ပြန်လာပြီး နေရဉ္ဇရာမြစ်ကို ဖြတ်ကာ ဘုရားရှင်ကို ဃနာနို့ဆွမ်းဆက်ကပ်ခဲ့တဲ့ သုဇာတာ သူဌေးသမီး အိမ်နေရာ၊ ဃနာနို့ဆွမ်း ဘုန်းပေးတဲ့နေရာ၊ရွှေခွက်မျှော တဲ့နေရာ၊သောတ္ထိယ(သုဒ္ဓိယ) မြစ်ထန်းသမား မြစ်ရှစ်ဆုပ်လှူတဲ့နေရာတွေကို ၀င်ရောက်ဖူးမျှော်ကြတယ်။ ဘုရားဖူးလိုက် တရားထိုင်လိုက်နှင့် ဗုဒ္ဓဂါယာမှာ နှစ်ရက်တိတိ အချိန်ပေးပြီး ကုသိုလ်တွေ အပြည့်အ၀ယူခဲ့ကြတယ်။
  သုံးရက်မြောက်နေ့ နံနက်စောစောမှာ ရာဇဂြိုလ်ကို ခရီးဆက် ခဲ့ကြတယ်၊ မနေ့က ဥရုဝေလတောဘက်ရောက်တော့ ဆန်ဖရန်စစ္စကို - ဒေါ်အိက အိန္ဒိယမှာ ပြောင်ပြောင်လက်လက်လည်း မတွေ့ရဘူး ဆိုပြီး ပြောတယ်။ ဂိုက်လုပ်တဲ့ ဦးကုဏ်ကလဲ အားကျမခံပဲလေ။ “ရှိပါဗျာ ဒကာမကြီး၊မနက်ဖြန်မှ ပြမယ်” တဲ့။ အတွေ့အကြုံရင့် ဂိုက်ပဲ မဟုတ်လား။ ဒီနေ့ ပြမယ် ဆိုတော့ ဒေါ်အိကလည်း စိတ်ဝင်တစား စောင့်မျှော်လိုပေါ့။ ကားထွတ်ပြီး မကြာခင် နေရဉ္ဇရာမြစ်ကမ်းဘေးရောက်တော့ ဦးကုဏ်က “ဒကာမကြီး ဟိုမှာကြည့် ၊ပြောင်ပြောင်လက်လက်တွေဆိုပြီး” ပြပါလေရော။ နံနက်စောစောဆိုတော့ ရေမရှိတော့တဲ့မြစ်ထဲက သဲသောင်ပြင်မှာ မစင်စွန့်နေကြတဲ့ ကုလားတွေ စီတန်းလို့ပေါ့။ ပြောင်ပြောင်လက်လက် တွေလဲ တစီတတန်း။ ဒီတော့မှ ဒေါ်အိက သဘောပေါက်ပြီး အူတက်အောင် ရယ်ပါလေရော။ ကားပေါ်ကနေ ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ သူ့သမီးထံကို ဖုံးပြောတဲ့ အသံကိုလည်း ကြားလိုက်ရသေးတယ်။ “သမီးရေ အိန္ဒိယမှာ ပြောင်ပြောင်လက်လက်တွေ ပေါတယ်”တဲ့။ တဘက်က သမီးက“ဘာတွေလဲ အမေ”မေးတော့ “အမေပြန်ရောက်မှ ပြောမယ်”ဆိုပြီး ဖုံးချလိုက်ပါရော။ မိမိတို့ သုံးပါးက ဘေးကနေ တဟားဟားနဲ့ ရယ်မိကြတယ်။
   သုံးရက်မြောက်နေ့ နံနက်စောစောမှာ ရာဇဂြိုဟ်ကို ခရီးဆက် ခဲ့ကြတယ်။ ရာဇဂြိုဟ် ဂိဇ္ဈကုဋ်တောင်အနီးရောက်တော့ သိပ်စောနေ သေးတဲ့အတွက် ရတနာဂီရိတောင် တက်တဲ့ ကေဘယ်(စတီးကြိုးတပ် ကုလားထိုင်) က မဖွင့်သေးဘူး။ ဒါကြောင့် နံနက်စာ စားလိုက် ဓာတ်ပုံ ရိုက်လိုက် ဆိုင်ခန်းတွေ လျှောက်ကြည့်လိုက်နှင့် တစ်နာရီလောက် စောင့်ကြ ရတယ်၊ ကေဘယ် ရထားဖွင့်တော့ တစ်ယောက်ကို တစ်တွဲစီးပြီး ရတနာဂီရိတောင်ထိပ်ကို တက်ကြရတယ်။ တကယ့်ကို ရင်တုန်စရာပါ။ မစ်ဆယ်လီကတော့ ကြောက်လွန်းလို့ မျက်စိမှိတ်ပြီး တုန်ကို တုန်လို့။ ဒေါ်အိကတော့ အသဲကောင်းတယ်၊ အမူအရာ တချက်မှ မပျက်ဘူး။ တောင်ပေါ်ရောက်တော့ ဥူးနာရဒါဘိဝံသ ခေါင်းဆောင်တဲ့မြန်မာ ဘုရားဖူး အဖွဲ့နှင့် တွေ့တယ်။ ဒီအဖွဲ့ထဲမှာ ဒေါ်အိရဲ့ မိတ်ဆွေ ဆန်ဖရန် စစ္စကိုမှာနေတဲ့ မသန်းသန်းအေးနဲ့ လာတွေ့တယ်။ သူတို့ အချင်းချင်း ၀မ်းသာအားရ စကားပြောကြ ဓာတ်ပုံရိုက်ကြနှင့် အမှတ်တရဖြစ်ကြတယ်။ ရတနာဂီရိ တောင်ထိပ်မှာ သာသနာ ၂၅၀၀-ပြည့် အထိမ်းအမှတ်အဖြစ် ဂျပန်ရဟန်းတော် အရှင်ဖီဂျီ တည်ထားတော်မူခဲ့တဲ့ ၀ိရွှသျန္တီ (ကမ္ဘာငြိမ်းချမ်းရေး) စေတီတော်ကို ဖူးမျှော်ကြတယ်။ ဖွား ပွင့် ဟော စံ ပုံတော်လေးခုကို ပုံဖော်ထားပြီး ထုံးသင်္ကန်း ကပ်လှူထားတဲ့ စေတီ တော်ကြီးဟာ အလွန်ကို သပ္ပါယ်လှပါတယ်။
                                                                                                သိမ်မွေ့ဦး (BHU)
06/11/2011
လွမ်းမောမိသည့် နေ့ရက်လေးများ (၁)
1. စီးဆင်း ရင်ခွင် | 11/06/2011 | 2. 3. 4. 5. 6. Best Blogger Tips
                                                        သိမ်မွေ့ဦး (BHU)
                              ချစ်ကျွမ်းဝင်ခြင်းသည် မြတ်သော အရသာ ဖြစ်၏။
                               ချစ်ကျွမ်းဝင်သူသည် အကောင်းဆုံးဆွေမျိုးဖြစ်၏။
    ဘုရားဟော ဒေသနာလေးတွေပါ။ မိမိနားလည်မိသလောက် ဖွင့်ပြ ရရင် ဘယ်လို ပင် ဆွေမျိုးတော်စပ်နေပါစေ ဖော်ရွှေ ရင်နှီးမှု,နွေးထွေခင်မင် မှုတွေ မရှိခဲ့ရင် အကောင်းဆုံးဆွေမျိုးတွေ မဟုတ်သေးပါဘူး။ တစိမ်းတရံတွေ ဖြစ်နေကြပေမဲ့ ဖော်ရွှေရင်နှီးမှု,အကျွမ်းဝင်မှု,နွေးထွေးမှုတွေ အပြည့်ရှိနေ ကြရင် အဲဒီသူဟာ ကိုယ့်ဘ၀အတွက် အကောင်းဆုံး ဆွေမျိုးပါ။
           ဘယ်လောက်ကောင်းတဲ့ အရသာတွေ ဖြစ်နေပါစေ၊ဖော်ရွှေ ရင်နှီးမှု မရှိတဲ့နေရာမှာ ခင်မင်မှုမရှိတဲ့ သူတွေနဲ့ အတူစားရရင် အကောင်းဆုံး အရသာလို့ မဆိုနိုင်သေးပါဘူး။စာကောင်းသောက်ဖွယ်တွေ မဟုတ်ပေမဲ့ ကိုယ်သိပ်ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ အတူစားရရင် အကောင်းဆုံး အရသာ ဖြစ်ပါတယ်။မြိန်ရည်ယှက်ရည် ရှိလှတယ်ပေါ့။ ဒါကြောင့်လဲ မြန်မာ စကားပုံ မှာ“ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း“ လို့ ဆိုကြတယ် မဟုတ်လား။
     ပိဋကတ်စာပေတွေ ဖတ်နေရင်း ဒီစာပိုဒ်တွေ တွေ့မိတော့ ၂၀၀၉ခုနှစ် မတ်လက သံဝေဇနိယ လေးဌာန ဘုရားဖူးသွာခဲ့တဲ့ အချိန်လေးတွေကို ပြန်လည်ပြီး သတိရမိပါတယ်။ သတိရမိတာကြောင့် အခုလို ခရီးသွား မှတ်တမ်းလေးကို ချရေးဖြစ်ပါတယ်။
    အမေရိကန်ဆရာတော် ဥူးသိရိန်က သူ့ရဲ့ကျောင်းက ဒကာ, ဒကာမတွေ ဖြစ်ကြတဲ့ မစ္စတာလန်း,မစ်ဆယ်လီ၊ ဆန်ဖရန်စစ္စကိုက ဒကာမကြီး ဒေါ်အိတို့နှင့် အတူ အိန္ဒိယကို ဘုရားဖူးလာမဲ့အကြောင်း,ဘုရားဖူး ခရီးစဉ်ကို မိမိလိုက်ပါ ပို့ဆောင်ပေးစေချင်ကြောင်း ကြိုတင်အကြောင်း ကြားလာပါတယ်။
    တကယ်တော့ မိမိဟာ အိန္ဒိယမှာ ပညာသင်ကြားနေတဲ့ စာသင်သား တစ်ပါးပါ၊ သူများကို လမ်းညွှန်လုပ်ဖို့ မပြောနဲ့ မိမိကိုယ်တိုင်တောင် သံဝေဇနိယ လေးဌာနစုံအောင် မရောက်ဖူးသေးပါဘူး၊ ဒါပေမဲ့ နှစ်ပေါင်း များစွာကတဲက ညီအကို အရင်းလို ခင်မင်ရင်းနှီးနေတဲ့ ဥူးသိရိန်တို့ လာမယ်ဆိုတော့လည်း လိုက်ပါပို့ဆောင်ပေးစေချင်တဲ့စိတ်တွေ တားမရ အောင် ဖြစ်ရပါတယ်။ ဒါကြောင့်လဲ လိုက်ပါဖို့ ဆုံးဖြတ်ပြီး ဘုရားဖူးခရီးစဉ်ကို နှစ်ကြိမ်ရောက်ဖူးတဲ့ ဦးကုဏ်နဲ့ တိုင်ပင်ကာ အစီအစဉ်တွေ ရေးဆွဲ ကြပါတယ်။ တည်းခိုမဲ့ နေရာတွေနှင့် ငှားမဲ့ ကားကို ကြိုတင် ဘွတ်ကင် လုပ်ကြ ပါတယ်။ ဘုရားဖူးခရီးစဉ်တလျှောက် ဘုန်းပေးပို့အတွက် လ္ဘက်, ငါးပိကြော်နှင့် ချဉ်ပေါင်ကြော်တို့ စီမံကြပါတယ်။
     ဦးကုဏ်နှင့် မိမိတို့ဟာ ဥူးသိရိန်တို့ ဗုဒ္ဓဂါယာကို မရောက်ခင် ကြိုတင်ပြီး ရောက်နေခဲ့ကြတယ်၊ သူတို့လာရင် လေဆိပ်မှာ အဆင်သင့် ကြိုနိုင်အောင် ဖို့ပါ၊ စရောက်တဲ့ရက်မှာတော့ ဘုရားဖူးမသွားသေးဘဲ ဗုဒ္ဓဂါယာ ကျောင်းသားပညာရေးဗိမာန်တော်မှာ တည်းခို အနားယူကြပါတယ်။ နောက်တစ်ရက်မှ ဘုရားဖူးခရီးစဉ်ကို စတင်ခဲ့ကြပါတယ်။
     မဟာဗောဓိစေတီတော်ဝန်းကျင်မှာ တိဗက်ဘုရားဖူးတွေ နိုင်ငံတကာ ဘုရားဖူးတွေနှင့် ကြက်ပျံမကျ စည်ကားနေပါတယ်၊ အိန္ဒိယမှာ နေထိုင်ကြတဲ့ တိဗက်လူမျိုးအများစုဟာ ဘုန်းကြီး ကိုရင်တွေရော လူဝတ်ကြောင်တွေပါ အေးချမ်းတဲ့ ဆောင်းရာသီ ဒီဇင်ဘာလ ရောက်ပြီဆိုရင် ဗုဒ္ဓဂါယာမှာ လာရောက်နေထိုင်လေ့ရှိကြပါတယ်၊ တချို့သူတွေက သုံးလ လောက်နေ ကြပြီး တချို့သူတွေ ကတော့ လေးလလောက်နေကြပါတယ်။ ဘုရားဖူးရင်း အပူရှောင်ရင်း လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။ နံနက် လေးနာရီ မဟာဗောဓိဘုရားဝန်းဖွင့်တာနဲ့ တဖွဲဖွဲ လာရောက်ကြပြီး ၀တ်ပြုမှုကို စကြပါတယ်။တချို့က ဘုရားဝန်းအစပ်ကနေ ထိုက်ထိုး ၀တ်ပြုလာကြပြီး တချို့ကတော့ဘုရားဝန်း မိမိသတ်မှတ်ထားတဲ့ နေရာ ရောက်မှ ၀တ်ပြုကြပါတယ်၊ ခိုက်ခိုက်တုန်အောင် အေးနေတဲ့ ရာသီဥတုမှာတောင် သူတို့မှာ ချွေးတွေပျိုင်းပျိုင်းကျနေကြပါပြီ၊ သူတို့ရဲ့ ထက်သန်တဲ့ သဒ္ဓါတရားကို အကြိမ်ကြိမ် သာဓု ခေါ်မိပါတယ်၊ တနေကုန် ထိုက်ထိုးလိုက်, ရွတ်ဖတ်လိုက်နှင့် ပူဇော်ကြပါတယ်၊ အများစုကတော့ ညနေလေးနာရီ လောက်ဆိုရင် မိမိတည်းခိုတဲ့ နေရာကို ပြန်ကြပါတယ်၊ တချို့ကြတော့လဲ ညကိုးနာရီ ဘုရားဝန်းတံခါးပိတ်တဲ့အချိန်ထိ ပူဇော် ကြပါတယ်။ ၀တ်ပြုနေတဲ့ သူအားလုံးကို သူတို့ရဲ့ အဖွဲ့အစည်းတွေက နေ့စဉ် နှစ်ရာ သုံးရာ စသည်ဖြင့် စားသောက်စရိတ် လိုက်လံလှူဒါန်းပါတယ်၊ တိဗက်လူမျိုးတွေတင် မဟုတ်ဘဲ အခြားဝတ်ပြုနေတဲ့ သံဃာအားလုံး ကိုလည်း လှူပါတယ်။
     မိမိတို့ မဟာဗောဓိကို ရောက်တဲ့အချိန်ဟာ ကြုံတောင်ကြုံခဲ တိဗက်ဘုရားတွေ စည်ကားနေတဲ့အချိန်ပါ၊ ဘုရားဝန်းတစ်ခုလုံး ထိုင်ဝတ်ချစရာ နေရာမရှိလောက်အောင် စည်ကားနေပါတယ်။ အားလုံးဟာ အညိုရောင်သင်္ကန်းတွေ ၀တ်ဆင်ထားပြီး ၀တ်ပြုကြ ရွတ်ဖတ်ကြနှင့် ပူဇော်နေကြပါတယ်။ ဘုရားရင်ပြင်တစ်ခုလုံး စိတ်ကို အေးမျှ ချမ်းမြေ့စေတဲ့ အရောင်တွေ ဖုံးလွှမ်းပြီး ဓမ္မသံတွေ ပျံ့လွင့်နေပါတယ်၊ မြင့်မြတ်ဆုံးနေရာမှာ အမြတ်ဆုံးဘုရားရှင်ကို အာရုံပြုပြီး ဖူးမြင်ရတဲ့ ကြည်နူးမှု၊ ဘုရားဖူးကြ ရွတ်ဖတ်ပူဇော်နေကြတဲ့ သံဃာတွေနှင့် ၀န်းကျင်တခုလုံး ပြည့်နှက်စွာ ဖူးမြင်ရတဲ့ ၀မ်းမြောက်မှုတွေဟာ မိမိတို့ကို ကုသိုလ်သောမနဿဇောတွေ များစွာ ဖြစ်စေပါတယ်။ သံဃာတွေ သိန်းပေါင်းများစွာ ခြံရံပြီး တရားဟောနေတဲ့ သက်တော်ထင်ရှားဘုရားရှင်ရဲ့ ပုံရိပ်တွေကိုလည်း မှန်းဆမိ ကြည်ညိုမိစေပါတယ်။
                                                                                          သိမ်မွေ့ဦး (BHU)
04/11/2011
နေညိုညချမ်း
1. စီးဆင်း ရင်ခွင် | 11/04/2011 | 2. 3. 4. 5. 6. Best Blogger Tips
                                              အရှင်ဥာဏိကာဘိဝံသ
    အံ့လောက်စရာ၊ မိမာတာနှင့်၊ ပိတာအဘ၊ မြတ်ဂုဏအား၊ ဆပ်ညားပါလို၊ မိကိုလက်ျာ၊ ဘမှာ လက်ဝဲ၊ အမြဲ ထားလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဘူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ် နိုင်တည်း။
                      (ပုတ္တောဝါဒပျို့)
    ဖေ့စ်ဘွခ်မှာ တရားစာလေးတစ်ပုဒ် ရိုက်ပေးပါလို့ တစ်ယောက်ကတောင်းဆိုလို့ ပုတ္တောဝါဒလာ အထက်က ဆုံးမစာ လင်္ကာလေးကို ရိုက်ပေးလိုက်တယ်။ ဒီိဆုံးမစာလေး ရိုက်ပေးဖြစ်ရတဲ့အကြောင်းက ရင်းနှီးခင်မင်ရသူ တစ်ဦးနဲ့ အလျင်နေ့က စကားပြောဖြစ်တာ ကြောင့်ပါ။ ခင်မင်ရသူတစ်ဦးနဲ့ အင်တာနက်ကနေ အမှတ်မထင် စာရိုက်ကာ စကားပြောဖြစ်တယ်။ စကားစပ်မိရင်း သူ့မိခင်ကြီး ကျန်းမာရေး အကြောင်း မေးဖြစ်တော့ သွေးပေါင်ချိန်တက်တဲ့အကြောင်းပြောပါတယ်။ မိခင်ကြီးက ကွန်ပ လိန်းများတယ်။ စိတ်တိုလွယ်တယ်။ အများစုသော အရွယ်ကြီးသူတွေနဲ့စာရင် သူ့ရဲ့လက်ရှိအနေအထားက အများကြီးကောင်းတယ်။ ဒါပေမယ့် ဟိုဟာ ဒီဟာ အလိုမကျနိုင် မှုတွေ များတယ်ဆိုတဲ့ ညည်းညူသံ စကားကို ထူးထူးဆန်းဆန်း ကြားရတယ်။
     ပွင့်လင်းရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးပုံစံရှိတဲ့ မိခင်နဲ့သမီးကြားမှာ ခုလိုဝေဖန်သံစွက်တဲ့စကားကို မထင်မှတ်စွာ ကြားရတော့ အတန်ငယ် အံ့သြသလိုတော့ ဖြစ်မိပါတယ်။ ရင်းနှီးသူက အသိပညာနဲ့ ဆင်ခြင်နိုင်စွမ်း မြင့်မား တဲ့သူ။ ကျေးဇူးဂုဏ်တရားရဲ့ မြင့်မားတဲ့တန်ဖိုးကို သိနားလည်နိုင်စွမ်းရှိလောက်သူ။ ဒါကြောင့် ခုလိုကြားမိတော့ အံ့သြမိတာပါ။ ဟိုဟိုဒီဒီ အလိုမကျမှု သိပ်မများတဲ့ လူကြီးသူမ တစ်ဦးဦးနဲ့ နှိုင်းယှဉ်ကာ မိခင်အပေါ်မှာ ခုလို အမြင်မျိုး ဖြစ်နေသလားလို့လည်း တွေးမိပါတယ်။ ဘဝ ပုံသဏ္ဌာန်နဲ့ အတွေ့အကြုံ ပုံစံမတူတဲ့သူတွေကို နှိုင်း ယှဉ်ကာစဉ်းစားရင် ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်မှာ ပိုပိုသာသာ ဖြစ်သွားတတ် တာမျိုး ရှိတတ်တယ် မဟုတ်လား။
     အသက်အရွယ်ကြီးရင့်သူတွေကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ရတဲ့ အတွေ့အကြုံ သိပ်မရှိလို့ အသက်အရွယ် ကြီးရင့်သူတွေအကြောင်း ကို ကောင်းကောင်းမသိပေမယ့် သက်ကြီးရွယ်အိုဆိုင်ရာ စိတ်ပညာအကြောင်းကို အချိန်တော်တော်များများ လေ့လာသင်ယူဖူးထားလို့ အသက်အရွယ် ကြီးရင့်သူတွေမှာ ဖြစ်တတ်တဲ့ စိတ်ခံစားမှု သဘောတရာများကိုတော့ တော်တော်များများ သိထားပါတယ်။ အဲဒီလို သူတို့အကြောင်းကို သိရလို့လည်း အလျင်က နားမလည်နိုင်ခဲ့တဲ့ လူကြီးသူမအချို့ရဲ့ ထိလွယ်ခိုက်လွယ် သဘောထားများအပေါ်မှာလည်း အလျင် ကထက် နားလည်ပေးနိုင်လာပါတယ်။
     တခါခါမှာ သက်ကြီးရွယ်အိုအချို့ရဲ့ အလိုမကျနိုင်ဖြစ်နေတတ်ခြင်းရဲ့ အကြောင်းရင်းမှန်ဟာ သူတို့တကယ်တမ်း အလိုမကျနိုင်ဖြစ်နေတာ တွေနဲ့ လုံးဝမဆိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီအခါမျိုးမှာ လက်ရှိ ဘယ်အရာတွေ ဘယ်လောက်ပဲ ပြည့်စုံအောင် ဖြည့်ဆည်းဖြည့် ဆည်း၊ အလို မကျနိုင်ဖြစ်ရခြင်းအကြောင်းရင်းက တခြားမို့ လို အင်ဆန္ဒများလွန်းတယ်လို့ အထင်မှား မှုမျိုး ဖြစ်တတ်ပါတယ်။
     စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ ခွန်အားယုတ်လျော့လာတဲ့ သက်ကြီးရွယ်အိုများရဲ့ ပြုမူတွေးတောပုံတွေဟာ ငယ်ရွယ်သူများနဲ့ မတူနိုင်တာ ကတော့ ဖြစ်မြဲနိယာမတစ်ခုသာပါ။ တစ်ဦးချင်းစီရဲ့ သဘောထားနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကွာခြားမှုကြောင့် မတူခြင်းရှိသလို မျိုးဆက်ကွာဟခြင်းကြောင့်လည်း ခြားနားခြင်း ဖြစ်နိုင်ပါတယ်။ မတူနိုင်တာတွေကို တူလာနိုင်စေဖို့ ညှိနှိုင်းလို့ ရနိုင်တဲ့အချို့ခြားနားခြင်းတွေ ရှိသလို လုံးဝညှိနှိုင်းလို့ မရနိုင်တဲ့ ခြားနားခြင်းတွေလည်း ရှိနိုင်ပါတယ်။ မတူနိုင်တဲ့ အချို့အရာတွေအတွက် စာနာတွေးနဲ့ ညှာတာပေးရတာမျိုးဆို တာ အကြီးအငယ်ကြား၊ အားရှိအားမဲ့ကြားမှာ မြင့်မြတ်စိတ်ထားရှိသူတွေအတွက် သက်သေပြုနိုင်စရာ သဘာဝ က ပေးထားခဲ့တဲ့ လက်ဆောင်ကောင်းတစ်ခုသာပါ။ ဒီလက်ဆောင် မျိုးကို မြတ်နိုးစွာ ခံယူတတ်ဖို့ လိုပါတယ်။
     ဟိုဟိုဒီဒီ အလိုမကျနိုင်မှု များတယ်လို့ ကိုယ်မြင်တဲ့ အသက်အရွယ် ကြီးရင့်သူတွေသူတို့အရွယ်ကို တစ်ချိန်မှာ တော့ ကိုယ်ကိုယ်တိုင် ရောက်လာဦးမှာပါ။ ကိုယ်ကိုယ်တိုင် ဒီအရွယ်မျိုးရောက်လာတဲ့အခါ ကိုယ်မြင်တဲ့အမြင် မျိုး ကိုယ့်ကိုယ်အမြင်မခံရအောင် နေထိုင်တတ်ဖို့ လို ကိုယ်ရောက်လာတဲ့အခါမှာ သူတို့လို ကိုယ်မဖြစ်စေဖို့ လိုမယ်ရယ်လို့ သူ့ကိုပြောဖြစ်ပါတယ်။
     သူ့ကို ပြောဖို့မေ့သွားတဲ့စကားထဲမှာ သူတို့အရွယ် ကိုယ်ရောက်ရဦးမယ်ဆိုတာ မသေချာတဲ့အတွက် ခုသေချာ နေတဲ့ သက်ကြီးရွယ်အို တွေအပေါ်မှာ ဘယ်အရာကိုပဲဖြစ်ဖြစ် နားလည်ပေးနိုင်အောင် နေပေးပေးလိုက်ဖို့ ဆို တာကိုပါ။ သက်ကြီးရွယ်အိုတွေကို နားလည်ပေး နိုင်ခြင်း၊ သူတို့အတွက် တတ်အားသမျှ ဖြူစင်စိတ်ထားနဲ့ ကူ ညီပေးခြင်းဆိုတာ မြင့်မြတ်တဲ့ လုပ်ရပ်ဆိုတာ လူတိုင်းနားလည်နိုင်ကြမှာပါ။
     သက်ကြီးရွယ်အိုတွေကို ဖေးမကူညီဖို့အခွင့်အရေးကို အချိန်မရွေး၊ နေရာမရွေးမှာ ရနိုင်ပေမယ့် မိဘဆိုတဲ့ အနန္တဂိုဏ်းဝင် သက်ကြီး ရွယ်အုမျိုးကို ပြုစုစောင့်ရှောက်နိုင်ဖို့ အခွင့်အရေးကောင်းဆိုတာကိုတော့ အချိန်တိုင်း နေရာတိုင်းမှာ ရနိုင်လိမ့်မယ် မဟုတ်ပေဘူး။ လူတိုင်းလည်း ရနိုင်လိမ့်မယ် မဟုတ်ပေဘူး။ မိမဲ့ဘမဲ့ ဘဝနဲ့နဲ့နဲ့ ကြီးပြင်းခဲ့ကြရတဲ့သူတွေ၊ ကိုယ်ကတဖန် ကျေးဇူးတုံ့လှယ် ပြုစုစောင့် ရှောက်နိုင်တဲ့ အရွယ်ရောက်ကာမှ မိဘ တွေက ကွယ်လွန်အနိစ္စရောက်ခဲ့ကြတာမျိုးတွေ၊ အဲဒီလို ဘဝတွေအတွက် ကျွေးမွေး စောင့်ရှောက်လိုပါတယ်ဆို တာတောင်မှ အခွင့်က သာပေတော့မယ် မဟုတ်ပေဘူးပေါ့။ တကယ်တော့ ကုသိုလ်ကံထူးတဲ့ သားသမီးတို့မှာ သာလျင် မိအိုဘအိုတို့ကို စောင့်ရှောက်နိုင်တဲ့အခွင့်အလမ်း ရနိုင်ကြတာပါ။ အရွယ်အိုသူကို စောင့်ရှောက်ခွင့် ရခြင်း၊ အနန္တဂိုဏ်းဝင်ကို ပြုစုခွင့်ရခြင်း။ ဒါဟာဖြင့် နှစ်ထပ်ဖြစ်တဲ့ အမြတ်လက်ဆောင်လို့ ဆိုရမှာပါ။
     မိဘဆိုတာ ထားလိုက်ပါဦးလေ။ ကိုယ့်ရဲ့အကြင်နာနှစ်လုံးသားကြောင့် လူတစ်ဦးတစ်ယောက် ဘဝတစ်ခုရဲ့ နေညိုညချမ်းမှာ စိတ်ချမ်း မြေ့ခြင်းဆိုတဲ့ရသလေး လှလှပပ ခံစားသွားရတယ်ဆိုလျင်ကိုပဲ ကိုယ့်အဖို့ ဘယ် လောက်တောင် ဂုဏ်ယူကျေနပ်ဖွယ် ကောင်းလိုက် ပါသလဲ။ ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ် 
မှ ကူးယူဖော်ပြသည်။
01/11/2011
ပီယဆေး
1. စီးဆင်း ရင်ခွင် | 11/01/2011 | 2. 3. 4. 5. 6. Best Blogger Tips
                                                         သာမဏေကျော်
    ရဟန္တာကို ဖူးချင်ရင် အရှင်ဘုရားကို သွားဖူးလို့ တပည့်တော်ရဲ့ ကိုယ်စောင့်နတ်က ညကအိပ်မက်ပေးလို့ အရှင်ဘုရားကို လာဖူးတာပါဘုရား။
    ဒကာ၊ ဘုန်းကြီးက ရဟန္တာမဟုတ်သေးပါဘူး။ ပုထုဇဉ်ပဲ ရှိပါသေးတယ်။
လောဘဖြစ်စရာနဲ့တွေ့ရင် လောဘဖြစ်ပါသေးတယ်။ ဒေါသဖြစ်စရာနဲ့တွေ့ရင် ဒေါသဖြစ်ပါသေးတယ်။
      ဒကာက ပုလိပ်မြို့က ဖြစ်ပါ၏။ အမရပူရမြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသအား ထိုဒကာက မဟာဂန္ဓာရုံ ကျောင်းတိုက်သို့ လာရောက် လျှောက်ထားသဖြင့် ဆရာတော်ကြီးက အထက်ပါ အတိုင်း မိန့်ကြားခြင်း ဖြစ်ပါ၏။
ဆရာတော်ကြီး၏ ထိုစကားကို ကြားရသည့်အခါ ဆရာတော်ကြီး ဟောထားသည့်တရား တိပ်ခွေတခွေထဲမှ စကားလေးတခွန်းကို သတိရလာမိပါ၏။ ထိုစကားလေးကား-
ဖြောင့်ဖြောင့်သွားရင် မြန်မြန် ရောက်တယ်-ဟူ၍ ဖြစ်ပါ၏။
     ဆရာတော်ကြီးသည် သံဃာ့ဂုဏ်တော် ကိုးပါး ထဲမှ ဥဇုပ္ပဋိပန္နဂုဏ်တော်၏ အဓိပ္ပါယ်ကို ရှင်းပြရင်း ထိုစကားလေးကို မိန့်ကြားခဲ့ပါ၏။ ဘုရားတပည့် အရိယာ သံဃာတော်တို့သည် ကိုယ် နှုတ် စိတ်ထားတို့၌ အကောက်အကွေ့ ကင်းအောင် ဖြောင့်မှန်စွာကျင့်တော်မူကြပါပေ၏။ ဤဂုဏ်သည် ဥဇုပ္ပဋိပန္နဂုဏ် ဖြစ်ပါ၏။ နိဗ္ဗာန်ခရီးကိုသွားကြသူတို့သည် ဖြောင့်ဖြောင့်သွားမှသာ မြန်မြန် ရောက်နိုင်ကြပါ၏။ ကွေ့ကွေ့ ကောက်ကောက် သွားလျှင် နိဗ္ဗာန်နှင့် ဝေးလျက်သာ ရှိနေကြပါ၏။
     မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် ပုထုဇဉ်သာဖြစ်ပါသေး၏။ အရိယာ မဟုတ်သေးပါ။ အရိယာ မဟုတ်သေးသော ဆရာတော်ကြီးသည်ပင် ရိုးသားဖြောင့်မှန်မှုဂုဏ်နှင့် ပြည့်စုံနေပါ၏. ရိုးသားဖြောင့်မှန်မှုဂုဏ်သည် အလွန်ကြည်ညို လေးစားစရာကောင်းသော ဂုဏ်ဖြစ်ပါ၏။ ရိုးသားဖြောင့်မှန်မှု ဂုဏ်သည် မြင့်မြတ်သူတို့၏ နှလုံးသား၌သာ တည်ရှိပါ၏။ ယုတ်နိမ့်သူတို့၏ နှလုံးသား၌ မတည်ရှိပါ။
     ရိုးသားဖြောင့်မှန်မှုသည် ဘ၀ကို ထွန်းလင်းစေနိုင်ပါ၏။ တောက်ပစေနိုင်ပါ၏။ တင့်တယ်စေနိုင်ပါ၏။ အသရေ ရှိစေနိုင်ပါပေ၏။ လှပစေနိုင်ပါ၏။
     ကွေ့ကောက်မှုသည်ကား ဘ၀ကို မှောင်စေနိုင်ပါ၏။ မှေးမှိန်စေနိုင်ပါ၏။ သိက္ခာကျစေနိုင်ပါ၏။ အသရေ ပျက်စေနိုင်ပါ၏။ အကျည်းတန်စေနိုင်ပါ၏။
     ရိုးသားဖြောင့်မှန်မှုကို လူတိုင်း မြတ်နိုး၏။ တန်ဖိုးထား၏။ ကွေ့ကောက်မှုကိုကား လူတိုင်း ရွံ၏။ မုန်း၏။ အလိုမရှိပါ။
     ရိုးသားဖြောင့်မှန်မှုသည် လောကအတွက် ဆေးဖြစ်၏။ ကွေ့ကောက်မှုသည် လောကအတွက် အဆိပ်ဖြစ်၏။ လူသားတို့သည် အဆိပ်ကို ကြောက်ကြ၏။ ဆေးကိုကား ကြိုက်ကြ၏။
ရိုးသားဖြောင့်မတ်မှုကင်းသော ရုပ်အလှသည် ဆွဲဆောင်အား မရှိ။
ရိုးသားဖြောင့်မတ်မှုကင်းသော ပစ္စည်းကြွယ်ဝမှုသည် စိတ်ချမ်းသာမှု မကြွယ်ဝ။
ရိုးသားဖြောင့်မတ်မှုကင်းသော ပညာတတ်မှုသည် အဆိပ်လူးသော မြားနှင့်တူ၏။
ရိုးသားဖြောင့်မတ်မှုကင်းသော အောင်မြင်မှုသည် အခြေခံအုတ်မြစ် မကောင်းသော အဆောက်အအုံ သဖွယ် ဖြစ်၏။
     ရုပ်လည်း မလှ၊ ပစ္စည်းလည်း မရှိ၊ ပညာလည်း မတတ်၊ သို့သော် ရိုးသားဖြောင့်မှန်၏။ ထိုကဲ့သို့သော လူမျိုးကို လူတို့အလိုရှိကြ၏။
ရုပ်လည်း လှ၏၊ ပစ္စည်းလည်း ချမ်းသာ၏၊ ပညာလည်း တတ်၏၊ သို့သော် ကောက်ကျစ်၏။ ကောက်ကွေ့၏။ ထိုကဲ့သို့သော လူမျိုးကို လူတို့ အလိုမရှိကြပါ။
ရုပ်ရည် ပစ္စည်းဥစ္စာ ပညာတတ်မှုတို့ထက် ရိုးသားဖြောင့်မှန်မှုသည် ပို၍တန်ဖိုးရှိ၏။
ကောက်သော် မစားလောက်၊ ဖြောင့်သော် စားမကုန်-ဟူသော မြန်မာစကားပုံသည် ရိုးသားဖြောင့်မှန်မှုဂုဏ်ကို ဖော်ကျူးထားဖြင်း ဖြစ်ပါ၏။ ရိုးသားဖြောင့်မှန်မှု၏ တန်ဖိုးကို ထုတ်ပြထားပါ၏။
  မရိုးသား မဖြောင့်မှန်သူတို့သည် ကိုယ်မရှိသောဂုဏ်တို့ကို ရှိဟန်ဆောင်၍ ပြကြ၏။ ကိုယ့်မှာရှိသောအပြစ်တို့ကို ဖုံးကွယ်ကြ၏။
     ရိုးသားဖြောင့်မှန်သူတို့ကား ကိုယ့်မှာ မရှိသောဂုဏ်တို့ကို ရှိဟန်ဆောင်၍ မပြကြပါ။ ကိုယ့်မှာရှိသော အပြစ်တို့ကို မဖုံးကွယ်ကြပါ။
    မဟာဂန္ဓာရုံ ဆရာတော်ကြီးသည် သူ့မှာမရှိသောဂုဏ်ကို ရှိဟန်ဆောင်၍ မပြော။ သူ့မှာရှိသော အပြစ်ကိုလည်း မဖုံးကွယ်ပါ။ ရိုးသားပါ၏။ ဖြောင့်မတ်ပါ၏။ ဖြောင့်စင်းပါ၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ရိုးသားမှု၊ ဖြောင့်မှန်မှု၊ ဖြောင့်မတ်မှု၊ ဖြောင့်စင်းမှု တို့သည် သူ့ဘ၀ကို ထွန်းလင်းစေကြပါ၏။ တောက်ပစေကြပါ၏။ တင့်တယ်စေကြပါ၏။ အသရေ ရှိစေကြပါ၏။ လှပစေကြပါ၏။
     ကိုယ့်ဘ၀ကို ထွန်းလင်းစေလိုသူတိုင်း တောင်ပစေလိုသူတိုင်း တင့်တယ်စေလိုသူတိုင်း အသရေရှိစေလိုသူတိုင်းလှပစေလိုသူတိုင်းရိုးသားကြရပါမည်။ ဖြောင့်မှန်ကြရပါမည်။  ဖြောင့်မတ်ကြရပါမည်။ ဖြောင့်စင်းကြရပါမည်။
ရိုးသားသူ ဖြောင့်မှန်သူ ဖြောင့်မတ်သူ ဖြောင့်စင်းသူကို လူတို့အားကိုးကြ၏။ လေးစားကြ၏။ ချစ်ခင်ကြ၏။
ကောက်ကွေ့သူကိုကား ဘယ်သူမှ အားမကိုးချင်၊ မလေးစားချင်ကြပါ။ ရိုးသားဖြောင့်မှန်မှုသည် အစွမ်းထက်သော ပီယဆေး တလက် ဖြစ်ပါ၏။
     ရိုးသားဖြောင့်မှန်မှုဖြင့် ကိုယ့်ဘ၀ကိုလည်း အလှဆင်ကြရပါမည်။ လောကကြီးကိုလည်း အလှဆင်ကြရပါမည်။ ရိုးသားဖြောင့်မှန်မှုဖြင့် အလှဆင်အပ်သောဘ၀သည် ထာဝရ လှပနေပါလိမ့်မည်။ လောကကြီးသည်လည်း ထာဝရ လှပနေပါလိမ့်မည်။ မိမိဘ၀ကိုရော လောကကြီးကိုပါ အလှဆင်နိုင်သော လူသားတဦး ဖြစ်အောင် ကိုယ်စီကိုယ်စီ ကြိုးစားသင့်ကြပါသည်။
                                                                                      ( သာမဏေကျော် )