ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

28/12/2012

ပါဠိစာပေ နှင့် သင်ကြားနည်းစနစ်

1. စီးဆင်း ရင်ခွင် | 12/28/2012 | 2. 3. 4. 5. 6. Best Blogger Tips
    “အမျိုးသားပညာရေးအစ…ဘုန်းတော်ကြီးကျောင်းက”…ဟူ၍ဆိုရိုးစကား သမိုင်းများ ရှိခဲ့ကြသ ကဲ့သို့…ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်သည် ဟိုတောကြိုအုံကြား ရပ်/ ရွာများမှ မြို့နယ်တိုက်ကြား ရွှေနန်းတော်များအထိ ခရီးပေါက်မြောက်ခဲ့ပေသည်။ ထိုဘုန်းတော်ကြီး  သင်ပညာရေးစနစ်သည် အမိမြန်မာပြည်ကြီး သူ့ကျွန်ဘဝကိုလိုနီ နယ်ချဲ့အောက် ကျရောက်သည်မှစ၍ တစတစနှင့်အနှိမ်နင်းခံ နင်းကြမ်းဘဝသို့ ရောက်မှန်းမသိ ရောက်ရှိသွားကာ ပစ္စုပ္ပန် မျက်မှောက် ကျောင်းတော်ကြီး၏ ခေါင်းလောင်းသံသည်ကား….တိတ် ဆိတ်ငြိမ်သက်ခြင်းကို အဖော်ပြုပြီး အနာဂါတ်၏ရင်သွေးငယ်များအတွက် တာဝန်မဲ့သယောင် ယောင် အသွင်ဆောင်၍နေ ခဲ့လေပြီတကား………။ 

      ယင်းကဲ့သို့ အနှိမ်ခံနင်းကြမ်းဘဝသို့ ကျရောက်သွားခြင်း၏အကြောင်းရင်းမှာ…ဘာသန္တရစာပေများကို အားပေးမှုနည်းသောရှေးဆရာများ၏ရှေးရိုးစဉ်လာ ပညာသင်ကြားရေးနည်း စနစ်ကို မပြောင်း လဲလိုခြင်း….လောကီနှင့်လောကုတ္တရာကိုမရောထွေးခြင်း…ဟူသောအကြောင်း တရားနှစ်ရပ်ကို ယေဘုယျ အားဖြင့် ရှုမြင်သုံးသပ်တွေ့ရှိပေသည်။

သာသနာကို ဘယ်သူ စောင့်ရှောက်သင့်သနည်း

1. စီးဆင်း ရင်ခွင် | 12/28/2012 | 2. 3. 4. 5. 6. Best Blogger Tips
     ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတို့သည်၊ ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး တို့နှင့် ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားတို့ကို အသက်ထက်ဆုံး ယုံကြည်ကြ ကုန်သည်။ မြတ်စွာဘုရားရှင်သည် ချစ်သားအာနန္ဒာကိုခေါ်၍ မိန့်တော်မူသော စကားတော်မှာ ငါဘုရားမရှိသည့် နောက်ပိုင်း ဖူးမျှော်စရာ သံဝေဇနိယလေးဌာန ရှိလိမ့်မည်၊ သွားရောက်၍ ကုသိုလ်ကောင်းမူတို့ကို ပြုလုပ်လျှင် အပါယ်လေးပါးမှ လွတ်မြောက်၍ လူ နတ် နိဗ္ဗာန် သုံးတန်သော သုဂတိဘ၀သို့ ရောက်ရှိကြောင်း မိန့်တော်မူခဲ့သည်။ 

       ထို့ကြောင့် ဗမာလူမျိုးတို့သည် ဘုရာပွင့်ရာ သံဝေဇနိယလေးဌာနသို့ ဘုရားဖူး သွားရလျှင် လောကီချမ်းသာ လောကုတ္တရာချမ်းသာကို ရမည်ဟု အလေး အနက် ယုံကြည်ကြ၍ လာရောက် ဖူးမျှော်ကြပေသည်။ သို့အတွက်ကြောင့် ဘုရားလဲဖူး လိပ်ဥလဲတူးဟူသော စကားပုံကို လက်ကိုင်ထား၍ တပည့်တော်သည် ဘုရားပွင့်ရာ မဇ္ဈိမဒေသခေါ် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်သို့ ပညာသင်ရန် ရောက်ရှိခဲ့သည်။

23/12/2012

သာသနာတည်ကြောင်းနှင့် သာသနာကွယ်ကြောင်းတရားများ..။

1. စီးဆင်း ရင်ခွင် | 12/23/2012 | 2. 3. 4. 5. 6. Best Blogger Tips
            (သာသနာတော်နှစ်၂၅၅၆-ခု ကောဇာသက္ကရာဇ်၁၃၇၄-ခု၊ခရစ်သက္ကရာဇ် ၂၀၁၂-ခု(၁၅-၁၂-၁၂) စနေနေ့ အိန္ဒိယနိုင်ငံ မဇ္စျိမဒေသ ဗာရာဏသီမြို့ B.H.Uတက္ကသိုလ်နှင့် ဆန်းစခရစ်တက္ကသိုလ်တို့ တွင် ပညာသင် ကြား နေကြသော မြန်မာသောသတုဇနရဟန်းတော်များ၏ စာတမ်းဖတ်ပွဲတွင် ဘုရားတပည့်တော်အနေနှင့် စာတမ်း ဖတ်ခွင့်ရသဖြင့် အင်မတန်မှ ၀မ်းမြောက်ပီတိဖြစ်ရပါသည် ဘုရား။ ၀ါဆိုလပြည့်နေ့တွင် ဓမ္မစကြာရွတ်ဆိုပွဲကျင်းပ ပြုလုပ်ချိန်က စာတမ်းဖတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု ကြားသိရ၍သုတ မင်္ဂလာ ဖြစ်ရပါသည်ဘုရား။ ဗာရာဏသီတက္က သိုလ်နှစ်ခုမှ သောတုဇနသံဃာအများသည် သာသနာအရေးသည်ဒို့အရေး၊ သာသနာ့တာဝန်သည် ဒို့တာဝန်ဟူသော စိတ်ထားဖြင့် ကိုယ်ဆင်းရဲမှု-ကာယိကဒုက္ခ စိတ်ဆင်းရဲမှု-စေတ သိကဒုက္ခများကို ပဓာနမထားကြပဲ စိတ်အားထက်သန်စွာ ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များကို တွေ့ဆုံခွင့်ရပြီး စာတမ်းဖတ်ပွဲအထမြောက်အောင်မြင်ပါသဖြင့် ဒိဋ္ဌမင်္ဂလာဖြစ်ရပါသည်ဘုရား။ 

  ယနေ့ သုတမင်္ဂလာ ဒိဋ္ဌမင်္ဂလာနှစ်ပါးစုံညီတဲ့နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်ဘုရား။ ဘုရားတပည့်တော် အနေနှင့် ဗဟုသုတနည်းသည်ဟုပင် ဆိုလေမလားစားတမ်းဖတ်ပွဲ ဆိုတာ ယခုအိန္ဒိယရောက်မှ သာ တွေ့ကြုံဖူးပါသည်ဘုရား။ သို့အတွက်ကြောင့် ပုထုဇဉ်ပီပီ အမှားများပါနိုင်သည်ကို ခွင့်လွတ်တော်မူကြပါအရှင်မြတ်တို့ဘုရား။ 

22/12/2012

မျက်မှောက်ခေတ်သာသနာ နှင့် အင်တာနက်

1. စီးဆင်း ရင်ခွင် | 12/22/2012 | 2. 3. 4. 5. 6. Best Blogger Tips
        အနှိုင်းမဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမ စကားတော်တို့ကို သာသနာဟု ခေါ်ပေသည်။ ထိုသာသနာတော်သည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ ဟု သုံးတန်တည်ရှိပေသည်။ ထိုတွင် ပရိယတ္တိဟူသည် ပိဋကတ်စာပေသင်ကြားမှု ဖြစ်၏။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရားဖြစ်သည်။ သမထဘာဝနာ ၀ိပဿနာဘာဝနာတို့ကို ကျင့်ကြံပွားများ အားထုတ်မှုဖြစ်သည်။ ပဋိဝေဓ ဟူသည်မှာမူ- မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်းဖြစ်သည်။ 

         ထိုသာသနာတော် သုံးရပ်တို့သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ- ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြု နေကြသည်၊ ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်၊ မှန်ကန်သော ပဋိပတ်ကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာကို ဆိုက်ရောက်နိုင်ပေသည်။

21/12/2012

ပညာတတ်တစ်ယောက်၏ တန်ဘိုး

1. စီးဆင်း ရင်ခွင် | 12/21/2012 | 2. 3. 4. 5. 6. Best Blogger Tips
        ပညာဟူသော ဝေါဟာရမှာ မြန်မာစာပေနယ်ပယ်မှ များစွာ အသုံးပြုခဲ့ကြ၊ အတိတ်ခေတ်များကပင် တွင်ကျယ်ခဲ့ကြသောကြောင့် မြန်မာဝေါဟာရကဲ့သို့ဖြစ်နေကြသည်။ လူအများ နားလည်းသော အဓိပ္ပါယ်မှာ ငယ်စဉ်မှတက္ကသိုလ်အထိဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံပညာ ဘာသာရပ်များကို ကျောင်းဆရာ၊ ဆရာမတို့မှ တပည့်ကျောင်းသားများကို စာသင်ခန်းထဲမှာ သင်ပြ ပို့ချပေးချက်များ ဟု ဖြစ်ပေသည်။ ပညာဟူသည် ကျောင်း ကျောင်းစာများ နှင့် မကင်းနိုင်ပါ ဆရာ ဆရာမများ နှင့် သက်ဆိုင်လေ့ရှိရာ ဤအနက် အဓိပ္ပါယ် ပေါ်လွင်စေပါသည်။ ပါဠိ အဋ္ဌက ထာကျမ်းဂန်များ၌ ပ+ပ်ဥာ (ဥာ)ဓာတ်၊ ပါရှိသည်။ (ပ)ကရှေ့ဆက် ပစ္စည်းဖြစ်၍ ထူးထူး ခြားခြား အနက် အများအပြားမှုရှိနေသလို(ဥာ)ဓာတ်က သိခြင်း၊ နားလည်ခြင်း၊ ခံယူခြင်းတို့ကို ထွန်းပြ သည်။ ထို့ကြောင့် အသိတစ်ခုခု ပညာရပ် ဘာသာရပ် အတတ် တစ်ခုခုကိုကွဲကွဲ ပြားပြားစုံလင်စွာ တတ်သိ နားလည်၍ သဘောပေါက် ခြင်းကို ပညာဟူ၍ ဆိုကြသည်။  

19/12/2012

လောကပျက်စီးမှုကို ဘယ်လို တားဆီးကြမလဲ..

1. စီးဆင်း ရင်ခွင် | 12/19/2012 | 2. 3. 4. 5. 6. Best Blogger Tips
         ဥပနီယတိ လောကော အဒ္ဓုဝေါ ၊ လောကော-လောကကြီးတစ်ခုလုံးဟာ၊ ဥပနီယတိ-ရွေ့ နေတယ်၊ အဒ္ဓုဝေါ- မမြဲဘူး ၊ပကမ္ပတိ-တုန်လှုပ်နေတယ်၊ ရဌပါလသုတ်မှာ စကားကြီးလေး ခွန်းထဲက တစ်ခွန်းကို ဖေါ်ပြထားတာပါ၊ တိုက်တိုက်ဆိုင်ဆိုင် သီတဂူဆရာတော်ဘုရားကြီးရဲ့ ရဌပါလသုတ် တရားတော်ကို နာနေတဲ့အချိန် မကြာခင်မှာဘဲ စစ်ကိုင်းပြက်ရွေ့ကြော လှုပ်လာတဲ့ ငလျင်ဒဏ်ကြားရပါတယ်၊ လောကကြီးဟာ တုန်လှုပ်ရွေ့လျော ပျက်စီးနေတယ်ဆိုတာ မှန်တာပဲလို့ သဘောပေါက်လိုက်မိတယ်၊ (၁၁-၁၁-၂၀၁၂)ခုနှစ် ညနေက လှုပ်ခတ်လာတဲ့ မြေငလျင်ကြီး စစ်ကိုင်း မန္တလေး ရွေဘိုတို့ကို ဗဟိုပြုကာ ၆.၈ စကေး ပြင်းအားရှိတဲ့ မြေငလျင်ကြီးဆိုတာ တွေ့ကြုံခံစား ရသူတိုင်း သိကြပါတယ်၊ (ဥပနီယတိ လောကော အဒ္ဓုဝေါ-လောကကြီးဟာ တုန်လှုပ်ပျက်စီး နေတဲ့ အကြောင်း မြတ်စွာဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ပျက်စီးနေပါတယ်။

စီစဉ်သူ၏ မုဒိတာစကား

1. စီးဆင်း ရင်ခွင် | 12/19/2012 | 2. 3. 4. 5. 6. Best Blogger Tips
                                          စီစဉ်သူ၏ မုဒိတာစကား 
    ဤစာတမ်းဖတ်ပွဲကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ တက္ကသိုလ် အသီးသီးတွင် ပညာဆည်းပူးနေကြသော မြန်မာကျောင်းသား ရဟန်းတော်များ ဆုံဆည်းကြသည့် အမှတ်တရ မိတ်ဆုံပွဲ တစ်ပွဲ ဖြစ်စေရန်၊ ပညာသင် ကျောင်းသားတို့၏ လွတ်လပ်သော အတွေးအခေါ်တို့ကို ထေရ၀ါဒနှင့် ဆန့်ကျင်မှု မရှိဘဲ ပွင့်လင်းစွာ ဖော်ထုပ်ပြနိုင်ရန်၊ နိုင်ငံတကာပွဲများတွင် ပါဝင်ဆင်နွဲနိုင်ရေးအတွက် အလေ့အကျင့် ဖြစ်စေရန် စသော ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ရခြင်း ဖြစ်သည်။ စာတမ်းများ ကို မျှော်လင့်ထားသည်ထက်ပင် ပိုမို၍ လက်ခံရရှိခဲ့သည်။  

17/12/2012

စာတမ်းဖတ်ပွဲ အစီအစဉ်များ..။

1. စီးဆင်း ရင်ခွင် | 12/17/2012 | 2. 3. 4. 5. 6. Best Blogger Tips
အိန္ဒိယနိုင်ငံ၊ ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ စာတမ်းဖတ်ပွဲ အခမ်းအနား အစီအစဉ်များ
 ၁။ ရှေးဦးစွာ နမော တဿ - သုံးကြိမ် ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင် ဖွင့်လှစ်ရန်။
 ၂။ ဗာရာဏသီမြို့၊ ဆေးဝင်္ကဘာကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်မဏ္ဍလမှ သြ၀ါဒကထာ ချီးမြှင့်ပေးရန်။
 ၃။ ဗာရာဏသီဆိုက် ကျောင်းသားအဖွဲ့ကြီး၏ ဥက္ကဋ္ဌဆရာတော် အရှင်နိပုဏာလင်္ကာရမှ သန္ဒေသကထာ လျှောက်ကြားရန်။
၎။ စာတမ်းရှင် ဆရာတော်များမှ စာတမ်းများ ဖတ်ကြားတင်သွင်းကြရန်။ 
၅။ စာတမ်းရှင် ဆရာတော်တို့အား ဂုဏ်ပြုလက်မှတ်နှင့် တံဆိပ်တို့ကို ချီးမြှင့်ပေးရန်။ 
၆။ အလှူရှင်တို့အား စာတမ်းဖတ်ပွဲ ဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်မှ ဂုဏ်ပြု လက်မှတ်တို့ကို ချီးမြှင့်ပေးရန်။ 
၇။ ကြွရောက်လာကြသော သံဃာတော်များမှ ဇယန္တော ဗောဓိယာ- စသော အောင်ဂါထာတော်တို့ကို ရွတ်ဖတ်ပူဇော်ကြရန်။
 ၈။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု - သုံးကြိမ် ရွက်ဆို၍ အခမ်းအနားကို ရုတ်သိမ်းရန်။

15/12/2012

ဗာရာဏသီ စာတမ်းဖတ်ပွဲ ပုံရိပ်များ..။

1. စီးဆင်း ရင်ခွင် | 12/15/2012 | 2. 3. 4. 5. 6. Best Blogger Tips
                                          စာတမ်းများ ဖတ်ကြားတင်သွင်းကြစဉ်..။
ဆန်စခရက် တက္ကသိုလ်မှ အရှင်ဇောတိက

ဗာရာဏသီ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

1. စီးဆင်း ရင်ခွင် | 12/15/2012 | 2. 3. 4. 5. 6. Best Blogger Tips
အိန္ဒိယနိုင်ငံ၊ ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ စာတမ်းဖတ်ပွဲကို အစီအစဉ် (၈) ချက်တို့ဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။ အစီအစဉ်များ နှင့်စာတမ်းများကို တင်ပြပေးသွားပါမည်။
 
အခမ်းအနား စတင်စဉ်

ဆေးဝင်္ကဘာဆရာတော်မှ သြ၀ါဒချီးမြှင့်စဉ်
နာဂဇုနတက္ကသိုလ် အရှင်သုစိတ္တမှ ဖတ်ကြားတင်သွင်းစဉ်။

12/12/2012

အလှုစာရင်းရှင်းတမ်းနဲ့  ပဏာမအလှုအတွက် အစီစဉ် ပြီးစီးအောင်မြင်ကြောင်းl

1. Anonymous | 12/12/2012 | 2. 3. 4. 5. 6. Best Blogger Tips





အလှု စာရင်းရှင်းတမ်းနဲ့ အလှုရှင်စာရင်းလေးကို ဒီနေ့ အသိပေးတင်ပြလိုက်ပါတယ်

ယခုပြုလုပ်တဲ့အလှုအတွက်  ပါဝင်စုပေါင်းထောက်ပံ့ကြသော  သူငယ်ချင်းမိတ်ဆွေ

အလှုရှင်များအားလုံးကို  မောင်(စွယ်စုံကျမ်း) မှ  ကျေးဇူးအထူး  တင်ရှိရပါကြောင်း

ပြောကြားပါတယ် ။စိတ်ကူးလိုက်တဲ့ အစီစဉ်လေး ပြီးစီးအောင်မြင်သွားလို့ ရင်ထဲမှာ

အတိုင်းမသိ ၀မ်းမြောက်ပီတိဖြစ်ရပါတယ်။ပဏာမအစီစဉ် ၀က်ဆိုဒ်ဆယ်ခုအတွက်

ဒိုမိန်းလှုတာ အောင်မြင်သွားပါပြီ ။

30/11/2012

အမေ ဘယ်လိုပဲ ချောသိပ်သိပ် ၊ သားအိပ်မှပျော်မယ် အမေရယ်......။

1. စီးဆင်း ရင်ခွင် | 11/30/2012 | 2. 3. 4. 5. 6. Best Blogger Tips
                  မြူမှုန်ကင်းတဲ့ တန်ဆောင်မုန်းလပြည့်ရဲ့ ညဥ့်နက် သုံးနာရီ အချိန်မှာ အရှင်လက်လက် အကောင်းပကတိကနေ ဒီအခြေနေမျိုးကို ရောက်သွားပါတယ် အမေ......... 

အမေပြောခဲ့တယ် မှတ်မိသေးလား "မတရားမှု့မှန်သမျှတွန်းလှန်ကြ"ဆိုတာမှတ်မိမှာပေါ့အမေ.......
          အမေပြောခဲ့တာမဟုတ်လား "လုပ်ရဲတာ သတ္တိမဟုတ်ဘူး၊ ခံရဲတာသတ္တိ" ဆိုတာအမေ့စကားပါ အမေ...

              အခုတော့ အမေ့စကားကို သဲအူလှိုက်လှဲကြိုက်ခဲ့မိလို့ တနည်းအားဖြင့် အမေကို အားကျလို့ ပွဲတစ်ပွဲဆင်နွဲလိုက်တာ မျက်လုံးကန်းသူကန်း သေရာပါ ဒဏ်ရာရသူရနေတာ အမေ မျက်မြင် မဟုတ် ပါလား..... ဒီနေ့ အမေ ဦးဇင်းတို့ကို လာပြီးအားပေးဖော်ရလို့ ကျေးဇူးအထူးတင်ပါတယ်......

.         ဒါပေမယ့် သားတို့ကို ဒီမတရားမှု့အတွက် ဆန္ဒမပြပါနဲ့ နောက်ဆုတ်လိုက်ပါလို့ ဘယ်တော့မှ မပြောပါနဲ၊ အမေဘယ်လိုချော့သိပ်သိပ် ၊ သားအိပ်မှ ပျော်မှာပါ။ သားမအိပ်ချင်သေးဘူး အမေရာ၊ မတရားမှု့အတွက် သားတို့တတွေ ဆက်လက်တိုက်ပွဲဝင်အုန်းမှာပါ၊ အခု သားတို့တိုက်နေတဲ့ တိုက်ပွဲက ကြေးနီးစီမံကိန်းရပ်ဆိုင်းရေး အတွက် တစ်ခုတည်းမဟုတ်ပါဘူး။ စစ်အာဏာရှင်ဆန်တဲ့ လုပ်ရပ်မှန်သမျှကို တွန်လှန်ဖြိုဖျက်မှာပါ အမေ...........

.     အမေ...သား မအိပ်ချင်သေးဘူး။ လူထုတွေ ဆင်းရဲတယ်၊ ဒီအာဏာရှင်စနစ်ကြီး မပြုတ်ကျသရွှေ သားအိပ်ပျော်မှာမဟုတ်ဘူး။ 

အမေ...မှတ်မိမှာပေါ့...... သားတို့ စက်တင်ဘာတုန်းက အမေလွတ်မြောက်ဖို့အတွက် ဒီလိုပဲ လူထုနဲ့အတူ တိုက်ပွဲဝင်ခဲ့တာပါ။ အမေ့မျက်နှာလေးတောင် သားမြင်လိုက်ရသေးတယ်။ အဲဒီတုန်းက သားတို့က အမေ့ကို အားပေးတယ်၊ အခု သားတို့ကို အမေက အားပေးတယ်။ ဝမ်းသာပါတယ်အမေ..... သားတို့နဲ့ အမေဟာ ဘဝတွေ နေရာတွေ အဆင့်တွေ အသက်တွေသာ ကွာခြားပေမယ့်.... အာဏာရှင်စနစ်ကို ဖြုတ်ချတွန်လှန်တဲ့နေရာမှာ တူညီနေပါတယ်။ 

    အမေ တာဝန်ကျေပါတယ်.. သားတို့ ဆက်လက်ပြီး တာဝန်ထမ်းဆောင်ရအုန်းမှာဖြစ်တယ်အမေ........ အမေက သားထက် ပညာရှိပါတယ်....... အမေက တိုက်ပွဲဝင်ခဲ့တာ သားတို့ထက်တောင် စောသေးတယ် အမေဟာ စစ်သူကြီးပါ.... အခုမှ သားတို့က စပြီး အာဏာရှင်ကို တိုက်ရမယ်လေ၊ ဒါပေမယ့် ဘယ်လောက်ပဲတိုက်ပွဲတွေ ဝင်ခဲ့ဝင်ခဲ့ အမေတို့နဲ့သားတိြု့ ပည်သူတွေဟာ အမြဲတမ်းရှုံးနေတယ်မဟုတ်ပါလား....... အဲဒီရှုံးကျွေးတွေကို ပြန်ဆပ်ဖို့ သားတို့ အလုပ်လုပ်နေတယ်ဆိုတာ အမေနားလည်မှာပါ... 

   အမေ့ကို တစ်ခုမှာလိုက်ချင်တယ်အမေ............ သားတို့ကို ချစ်တယ်ဆိုရင် လက်ရှိကြေးနီးစီမံကိန်း မတရားမှု့အတွက် လွတ်တော်မှာဖော်ထုတ်ပေးပါလို့ သားတောင်းဆိုချင်ပါတယ်.......... အားကိုးစရာဆိုလို့ အမေတစ်ယောက်တည်းပဲရှိတယ်... 

    ဒါပေမယ့် အမေရာ သားမအိပ်ချင်သေးဘူး....... အမေ ဘယ်လိုချောသိပ်သိပ် ၊သားအိပ်မှ ပျော်မယ်..........ဆိုတာ အမေသိပါတယ်...... ........................................... 

(ကြေးနီးစီမံကိန်း ဆန္ဒပြပွဲမှာ ဘဝတွေပေးဆက်လိုက်ရတဲ့ ရဟန်းရှင်လူများအတွက် ခံစားချက်ကို တင်ပြလိုက်ပါသည်) (ခံစားတတ်တဲ့ နှလုံးသားတော့ရှိတယ် စာရေးစမရှိလို့ သတ်ပုံမှားရင်ခွင့်လွတ်ပါ) 
                                                        ထောက်စူး
( လက်ပံတောင်း တောင် အကြမ်းဖက် ဖြိုခွဲသည့်အတွက် အများနည်းတူ   ၀မ်းနဲကျေကွဲစွာ ခံစားရပါသည်။ ထို့ ကြောင့် ဖေ့ဘွတ်ခ် မှ တွေ့သော ရင်ကိုစိုက်ဝင်သည့် စာမူတစ်ခုအား မျှဝေလိုက်ပါသည်။ )

23/11/2012

ရိုးသားဖြောင့်မတ်ခြင်းဖြင့် ဘ၀ကို ဂုဏ်ယူပါ..။

1. စီးဆင်း ရင်ခွင် | 11/23/2012 | 2. 3. 4. 5. 6. Best Blogger Tips
      ရိုးသားခြင်း ၊ဖြောင့်မတ်ခြင်း၊ တည့်မတ်ခြင်းဆိုတာဟာ လူတစ်ယောက် ရဲ့ တန်ဖိုးဖြစ်တယ်။ ရိုးသားဖြောင့်မတ်ခြင်းဆိုတဲ့ ဂုဏ်သိက္ခာကိုလည်း တန်ဖိုးထားရမယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် ရိုးသားဖြောင့်မတ်တဲ့ ဂုဏ် ကို ရှေ့တန်းတင်ကြရမယ်။

        ဂုဏ်သတင်းကျော်စောမှုဆိုတာ ကိုယ်က လိုချင်ပြီး အတင်းလိုက်လို့ ရလေ့ရှိတဲ့ အရာမဟုတ်ပါဘူး။ အရိပ်လို လိုက်လေ ပြေးလေပါပဲ။  


         တကယ်တော့ ... ကျော်စောမှုဂုဏ်သတင်းဆိုတာ ပန်းဥယျာဉ်ထဲမှာ ပျံသန်း ကျက်စားနေတဲ့ လိပ်ပြာလေးတွေလိုပဲ ပန်းဥယျာဉ်မှာ ပန်းစုံ၊ အနံ့စုံရင် သူတို့ အလိုလိုလာပြီး ပျော်ကြတာပါပဲ။ လိပ်ပြာလေးတွေကို အတင်းလိုက်ဖမ်းလို့ အကျိုးမရှိပါဘူး။ ဒီလိုလှပတဲ့ လိပ်ပြာလေးတွေကို ကိုယ်ပိုင်ဖြစ်အောင်ဆိုပြီး အတင်း ပိုက်နဲ့ ဖမ်း၊ ပင်အပ်နဲ့ထိုးပြီး စက္ကူနဲ့ကပ်၊ မှန်သေတ္တာထဲ ထည့်ထားပြန်တော့လည်း ပန်းပွင့်ပ်ါမှာ ပျံသန်းနေသလို နှစ်လိုဖွယ်ရာ မဖြစ်တော့ပါဘူး။ ဒီတော့ ပန်းခြံထဲမှာ ပန်းမျိုးစုံစိုက်ထားရင် လိပ်ပြာလေးတွေဟာ တစ်သုတ် ပြီး တစ်သုတ် မပြတ်လာကာ ပျံသန်းမြူးတူးပြီး ဥယျာဉ်ရဲ့ အလှကျက်သရေကို တိုး စေမှာအမှန်ပါပဲ။ 

        ကျော်စောမှုဆိုတာကလည်း ဒီလိုပါပဲ ။ လိပ်ပြာလေးတွေ ပျော်စေတဲ့ ပန်းမန် စိုက် ပျိုးသလို ကိုယ့်ရဲ့ အရည်အချင်းတွေကို အမြဲတိုးတက်နေအောင် ရိုးရိုးသားသားနဲ့ ကြိုးပမ်းအားထုတ်နေရင် ကျော်စောမှုက ပန်းလိပ်ပြာဝဲသလို အမြဲရှိနေမှာပါပဲ ။ 

     ဒါပေမဲ့ ... ကျော်စောမှု ရှာဖွေတဲ့နေရာမှာ ရိုးသားဖြောင့်မတ်တဲ့နည်းနဲ့ ရှာဖွေဖို့တော့ လိုအပ်ပါတယ်။ ကိုယ့် ပညာအရည်အချင်းကို မှီပြီး ရအောင် ကြိုးပမ်းရတာကတော့ မြန် လည်းမမြန်ဘူး ၊ သက်သက် သာသာနဲ့လည်း ဘယ်တော့မှ ရလေ့မရှိဘူး ။ 

     ဘယ် အရာပဲဖြစ်ဖြစ် အထက်ကို ဆန်တက်ရရင် ခက်ခဲလေ့ရှိတာ သဘာဝပါ၊ ဂုဏ်သတင်း ကျော်စောမှုတစ်ခု ရဖို့ အတွက် မရိုးသားတဲ့ စိတ်နေစိတ်ထားနဲ့ ဖြတ်လမ်းနည်းကို အ သုံး မပြုဖို့ အရေးကြီးပါတယ်။

                                                                  (ဆရာမကြီး ဒေါ်ခင်မျိုးချစ်)

19/11/2012

"ဗာရာဏသီ အလွမ်း"

1. စီးဆင်း ရင်ခွင် | 11/19/2012 | 2. 3. 4. 5. 6. Best Blogger Tips
ဘွားဘွားက
ကွမ်းနံ့ ထုံသင်း အာခံတွင်းနဲ့ 
 ပုံခင်းပြောပြ။

ကျွန်တော်က
 ကျောကအဖု တဖုနှစ်ဖု
အဖုထိုးပေး။

 ဗာရာဏသီအစချီလို့ 
 ဗြဟ္မာဒတ္တဘုရင် တင်မြှောက်မြဲပင်။


ဘီစီ အေဒီ 
ဘယ်ခေတ်ဆီကလဲ။ 

ဗာရာဏသီ 
ခုဘယ်ပြည်နေရာလဲ။ 

 ဗြဟ္မာဒတ္တဘုရင် 
နန်းစဉ်နန်းဆက်တွက်နိုင်ကြလား။

 မနုဿလူမှု သမိုင်းပြုသူ 
သုတေသီတို့  လိုက်လို့ မမီ 
ဘွားဘွားတည်တဲ့ ထိုတိုင်းပြည်။ ။ 
                 မောင်အောင်ပွင့်

14/11/2012

အလွမ်းသင့် ဒေ၀ါလီ..။

1. စီးဆင်း ရင်ခွင် | 11/14/2012 | 2. 3. 4. 5. 6. Best Blogger Tips
     ဒေ၀ါလီတဲ့..။ ဗျောက်အိုးသံတွေ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် တစ်ညလုံး ဆူညံနေတော့သည်။ ကောင်းကင်ယံတစ်ခုလုံး တိုက်ပွဲဖြစ်နေကြသည့် အလား ထိန်းလင်းနေပေ၏။ ယနေ့ညတော့ အိပ်လို့ရမည် မထင်ပေ။ ဒေ၀ါလီရောက်တိုင်း အမိမြေက သီတင်းကျွတ်ပွဲကို လွမ်းမိသည်။ အမိမြေ၏ သီတင်းကျွတ်နှင့် ဝေးခဲ့သည်မှာ ငါးနှစ်တောင် တိုင်ခဲ့ပေပြီ။
                                                  တက္ကသိုလ် မိန်းဂိတ်..။
    ငယ်ငယ်တုံးက သီတင်းကျွတ်ရောက်လျှင် ဗျောက်အိုးတို့ ဖောက်ကာ ပျော်ရသည်။ ကြောက်တတ်သော မိန်းကလေးတို့အနီးနား ဖျောက်ဖောက်ပြီး ပြေးရသည်။ သူမတို့ ကြောက်ပြီး အော်လျှင် ကလေးသဘာဝ အပျော်ကြီး ပျော်နေတော့သည်။ အိမ်တိုင်းအိမ်တိုင်း ဆီးမီးတိုင်တို့ ထွန်းညှိကာ တာဝတိံသာမှ အမိကျေးဇူဆပ် အဘိဓမ္မာတရားဟောပြီး လူ့ပြည် သင်္ကဿနဂိုရ်သို့ ဆင်းလာသော မြတ်ဗုဒ္ဓကို ကြိုဆိုပူဇော်ကြသည်။ 

     ကျွန်ုပ်တို့ရွာတွင် သီတင်းကျွတ်လပြည့်နေ့ညရောက်တိုင်း ဆီမီးပဒေသာပင်ကို အက၊အခုံတို့ဖြင့် တစ်ရွာလုံး လှည့်လည်ကြပြီး ရွာဦးဘုန်းကြီးကျောင်းသို့ ဆီးမီး ပဒေသာနှင့် လှူဖွယ်တို့ကို သွားပို့ကြရသည်။ ထိုအချိန် ရွာထဲမှ လုံမပျိုများ အစွမ်းကုန် အလှပြင်ကြကာ ဆီးမီးပဒေသာပင်ကို ရွက်ကြသည်။ ပဒေသာပင်မှာ ငှက်ပျောတိုင်တွင် ပိုက်ဆံတို့ကို ပန်းလုပ်ကာ အလှဆင်ကြပြီး ဖယောင်းတိုင်တို့ကို ထွန်းညှိကြသည်။ ဖယောင်းမီးညိမ်းလျင် လုံမပျိုများ ဘေးတွင် ကပ်ပါလာကြသော လူပျိုများက ပြန်လည်ထွန်းညှိပေးကြသည်။ ရွာ သီတင်းကျွတ်ပွဲကို ကာလသားလူပျိုတိုင်း မဖြေမနေ ပျော်ရွှင်စွာ ဆင်နွဲကြသည်။ 

    ကျွန်ုပ်တို့ ကလေးတစ်သိုက်ကား ဗျောက်အိုးများ ဆူညံစွာ ဖောက်ကြသည်။ လှည့်လာရာတွင် ကပြဖျော်ဖြေသော တိုးရုပ်အကတွင် တစ်ယောက်ပြီး တစ်ယောက် ၀င်ကကြကာ ပျော်ကြရသည်။ ရွာသီတင်းကျွတ်ပွဲတွင် လူကြီးတွေလဲ မြတ်ဗုဒ္ဓကို ပူဇော်ရလို့ ပျော်ကြသည်။ အပျို လူပျိုတွေလဲ အလှပြကြရ၊ ရွာဓလေ့ နွဲကြရသမို့ ပျော်ကြသည်။ ကလေးတွေလဲ ဆော့ကြရလို့ ပျော်ကြသည်။ အရွယ်တန်းစား မရွေး ပျော်ကြရသည့် ရပ်ရွာသီတင်းကျွတ်ပွဲ လွမ်းမိပါတော့သည်။

 

   စစ်အစိုးရခေတ် ဗျောက်အိုးများ မဖောက်ရဟု တားမြစ်ပိတ်ပင်ထားသဖြင့် ဗျောက်သံများ မကြားရသည်မှာ ကြာခဲ့ပြီ။ ခုတော့ ခေတ်ပြောင်းခါစမို့ ခွင့်ပြုလေပြီလား မသိပေ။ ကျွန်ုပ်တို့ ရွာဓလေ့ရော ကျွန်ုပ်တို့ငယ်စဉ်ကကဲ့သို့ ပျော်စရာမှ ကောင်းသေးပါလေစ။ သာသနာဘောင်ရောက်ပြီးကတဲက ရွာသီတင်းကျွတ်နှင့် ဝေးခဲ့သည်မို့ နှစ်တွေကြာခဲ့လေပြီ။
 
                                 အဆောင်ရှေ့ ဖျောက်ကစားနေတဲ့ ကျောင်းသားတစ်စု..။      
           ရွာသီတင်းကျွတ်နှင့် ဝေးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ။ အမိမြေ သီတင်းကျွတ်နှင့် ဝေးခဲ့သည်မှာ ငါးနှစ်စွန်းခဲ့ပြီ။ ခု အိန္ဒိယ ဒေ၀ါလီ( မီးထွန်းပွဲတော်) နှင့် ဆုံခဲ့သည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ။ ဒေ၀ါလီ ပွဲတော် ဗျောက်သံဖောက်သည်မှာလည်း စစ်ပွဲဖြစ်နေသကဲ့သို့ ဆူညံလွန်းလှသည်။ သူတို့ ရိုးရာ သူတို့ ပျော်ကြမည်ဖြစ်သော်လည်း ကျွန်ုပ်အတွက်တော့ အမိမြေကို အလွမ်းပိုစေတော့သည်။ 

  တက္ကသိုလ်ကျောင်းသား ရဟန်းတော် တစ်ပါးအတွက် ဒေ၀ါလီပွဲတော်သည် သိပ်မဆက်စပ်လှသော်လည်း အမိမြေ အလွမ်းပြေအဖြစ် အဓိပတိလမ်းမကြီးပေါ် လမ်းလျှောက် ထွတ်ဖြစ်သည်။ ရာသီဥတုက ခပ်အေးအေး၊ ဆောင်းနှင်းတို့က ခပ်ဖွေးဖွေးမို့ လမ်းလျှောက်ရသည်မှာ ကဗျာပင် ဆန်နေသေးတော့သည်။ ကျောင်းဆောင်တို့တွင် တပ်ဆင်လှသော မီးရှုး မီးပန်းတို့၏ အလှကိုလည်း ငေးမောဖြစ်သည်။

    ဒေ၀ါလီအလှ ကျေနပ်အောင်ခံစားပြီး နေထိုင်ရာ နိုင်ငံတကာ   ကျောင်းသားဆောင်တို့ ပြန်လာခဲ့သည်။ အဆောင်ရှေ့ ကျောင်းသားတစ်ခု ဗျောက်ဖောက်ကာ ပျော်နေကြသည်။ ဒေ၀ါလီသည် အလွမ်းဓာတ်ခံရှိသော ကျွန်ုပ် နှလုံးသားကို လှုပ်ခတ်ခဲ့ပါပေ၏။ 
                                                               သိမ်မွေ့ဦး (BHU)

11/11/2012

သာသနာတော်သုံးရပ်

1. စီးဆင်း ရင်ခွင် | 11/11/2012 | 2. 3. 4. 5. 6. Best Blogger Tips
     ဗုဒ္ဓဘာသာတွင် သာသနာတော် ၃-ရပ် ရှိသည်။ ယင်းတို့မှာ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတို့ ဖြစ်ကြသည်။
             ဤတွင် ပရိယတ္တိ ဆိုသည်မှာ ပိဋကတ်စာပေ သင်ကြားမှု ဖြစ်သည်။ ပဋိပတ္တိ ဆိုသည်ကား အကျင့်တရား ဖြစ်သည်။ တနည်းအားဖြင့်-သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ တို့ကို ကျင့်ကြံပွားများ အားထုတ်မှု ဖြစ်သည်။ 
        ပဋိဝေဓ ဆိုသည်မှာမူ-မဂ်တရား ဖိုလ်တရားတို့ကို ထိုးထွင်း၍ သိခြင်း ဖြစ်သည်။ ဤသာသနာတော် သုံးရပ်သည် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ-ဆိုသကဲ့သို့ အချင်းချင်း ဆက်နွယ် အကျိုးပြုနေကြသည်။

            ပရိယတ္တိသာသနာ တည်မှသာ မှန်ကန်သော ပဋိပတ္တိသာသနာ တည်ရှိနိုင်သည်။ မှန်ကန်သော ပဋိပတ္တိသာသနာကို အားထုတ်မှသာလျှင် ပဋိဝေဓသာသနာသို့ ဆိုက်ရောက်နိုင်သည်။ 

     ဥပမာ-ဆိုရသော် ပရိယတ္တိသည် သစ်ပင်၌ အမြစ်နှင့် တူသည်။ ပဋိပတ္တိသည် ပင်စည်၊ အကိုင်းအခက်နှင့် တူသည်။ ပဋိဝေဓသည် အသီးအပွင့်နှင့် တူသည်။ အမြစ်ခိုင်ခန့် ကောင်းမွန်များပြား သလောက် ပင်စည်အကိုင်းအခက် ကြီးမားသန်စွမ်းနိုင်သည်။ ပင်စည်အကိုင်းအခက် ကြီးမား သန်စွမ်းသလောက် အသီးအပွင့်တို့ ဖွံ့ဖြိုးထွားကျိုင်း၍ အနံ့ အရသာနှင့် ပြည့်စုံနိုင်သည်။ 

           ထိုဥပမာကဲ့သို့-ပရိယတ္တိသာသနာတည်းဟူသော အမြစ်ပြည့်စုံ ထင်ရှားစွာ တည်ရှိမှသာလျှင် ပဋိပတ္တိသာသနာတည်းဟူသော ပင်စည် အကိုင်းအခက်တို့ တည်ရှိနိုင်မည်။ မှန်ကန်သော ပဋိပတ္တိတည်း ဟူသော အကိုင်းအခက်ဖြစ်မှသာလျှင် ပဋိဝေဓတည်းဟူသော အသီးအပွင့်တို့ကို ရရှိသုံးဆောင်ကြရပေ မည်။ တနည်းအားဖြင့်-ပရိယတ္တိသာသနာသည် ကန်ပေါင်နှင့် တူသည်။ ပဋိပတ္တိသာသနာသည် ရေနှင့်တူသည်။ ပဋိဝေဓသာသာနသည် ကြာနှင့်တူသည်။ 

         ထိုဥပမာအရ ကန်ပေါင်ရှိမှ ရေတည်သည်။ ရေတည်မှ ကြာရှိနိုင်သည်။ ထို့ကြောင့် ကန်ပေါင်တည်း ဟူသော ပရိယတ္တိ မကျိုးမပေါက် မပျက်မစီးအောင် အားထုတ်ကြရမည်။ ကန်ပေါင်တည်းဟူသော ပရိယတ္တိ ကောင်းမွန်ခိုင်ခန့်သမျှ ကာလပတ်လုံး ရေတည်ရှိမည်ဖြစ်သည်။ ရေတည်းဟူသော ပဋိပတ္တိ ရှိနေသမျှ ကာလပတ်လုံး ကြာပန်းတည်းဟူသော ပဋိဝေဓသည်လည်း တည်ရှိနေမည် ဖြစ်ပေသည်။

          ဤကား ရွှေကျင်သာသနာပိုင် ဆရာတော်ကြီး ဖြစ်တော်မူခဲ့သော အဘိဓဇမဟာရဋ္ဌဂုရု ရွှေဟင်္သာ ဆရာတော်ကြီး (၁၂၅၅-၁၃၅၇) ဥပမာပြု၍ မိန့်တော်မူခဲ့သော အဆိုအမိန့်ဖြစ်သည်။ သို့ပါလျက်နှင့် ခံယူချက် လွဲမှားနေသူအချို့က ပရိယတ်ကို သင်ကြားနေဖို့ မလိုပါဘူး။ ပရိယတ်က မဂ်ဖိုလ်ရနိုင်တာ မဟုတ်ဘူး။ ပဋိပတ်ကမှ မဂ်ဖိုလ်ရနိုင်တာ-စသည်ဖြင့် ပြောဆိုနေကြသည်မှာ အလွန်ဝမ်းနည်းဖွယ် ဖြစ်သည်။ ထိုသူတို့ကိုယ်တိုင်လည်း မိမိတို့စကား ဘယ်သို့တိုင်အောင် ရောက်သွားသည်ကို ဉာဏ်ယှဉ်၍ ဆင်ခြင်မိပါမူ ၀မ်းနည်းမဆုံး ဖြစ်ရပေလိမ့်မည်။ 

      ရွှေဟင်္သာဆရာတော်ဘုရားကြီးက-ဘုရားရှင်ကိုယ်စား ထားတော်မူခဲ့သော သုတ္တန်၊ အဘိဓမ္မာ၊ ၀ိနည်း ဟူသည်မှာ ပရိယတ်ပင် ဖြစ်သည်။ဤပရိယတ်အတွင်းမှ လိုရာလိုရာ ပဋိပတ်တို့ကို ထုတ်ယူကျင့်ကြံ အားထုတ်ကြရသည်။ နှလုံးသွင်းကြရသည်။ ပွားများကြရသည်။ ပရိယတ်သည် ဘုရားအရာ၌ တည်သော ဆရာပေတည်း။ သော ဝေါ မမစ္စယေန သတ္ထာ-ဟူ၍ မိန့်တော်မူခဲ့ပြီ။

        ပရိယတ်တည်းဟူသော ဆရာကင်းသော ပဋိပတ်သည် မှားသော ပဋိပတ်သာ ဖြစ်သည်။ မှားသော ပဋိပတ်ကို အားထုတ်သော ပုဂ္ဂိုလ်သည် လမ်းမှားနေသောကြောင့် မဂ်ဖိုလ်ကို မရနိုင်ပေ။ တနည်းဆိုရ လျှင်-ပရိယတ်ဓမ္မက္ခန္ဓာတို့သည် ဘုရား၏ကိုယ်တော်စား ဘုရားများဖြစ်သောကြောင့် ပရိယတ်ကို ပယ်သော ပုဂ္ဂိုလ်သည် ဘုရားကိုပယ်သည် မည်တော့သည်။ ဘုရားကို ယုံကြည် ကိုးစားအားထားသော ပုဂ္ဂိုလ် မဟုတ်တော့ချေ-ဟူ၍ ဆိုဆုံးမတော်မူခဲ့သည်။ 

            ထို့ပြင် ရွှေဟင်္သာဆရာတော်ဘုရားကြီးက-ရဟန္တာ-ဟု ထင်ရှားကျော်စောခဲ့သော ဘုန်းတော်ကြီး ဦးသီလသည် ပဋပတ်အကျင့်ဖြင့်သာ နေသော အရှင်မြတ်ဖြစ်ပေသည်။ သို့ရာတွင် သာသနာအဓွန့်ရှည်စွာ တည်စေခြင်းငှါ သင့်လျော်သော အရည်အချင်းရှိ ရဟန်းတော်တို့ကို ရွေးချယ်ခဲ့သည်။ ထိုထိုမြို့ရွာတို့၌ ပရိယတ္တိ စာသင်တိုက်တို့ကို တည်ထောင်စေခဲ့သည်။ အားပေးတော်မူခဲ့သည်-စသည်ဖြင့်လည်း မိန့်တော်မူခဲ့သည်။ မှတ်သား သတိပြု ဆင်ခြင်ဖွယ်ပင်တည်း။

06/11/2012

သာသနာပြုလုပ်ငန်းနှင့် ဒေသဓလေ့

1. စီးဆင်း ရင်ခွင် | 11/06/2012 | 2. 3. 4. 5. 6. Best Blogger Tips
     “ကိုယ့်ဝါဒကျယ်ပြန့်ထွန်းကားစေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါးမပုတ်ခတ်ရဘူး”             
                                                                               ဆရာတော်အရှင်သေဋ္ဌိလ
       ဒေးဒရဲမှာပြုလုပ်တဲ့ အရှင်အာဒိစ္စ၀ံသ အထိမ်းအမှတ်ပွဲမှာ နေ့ခင်းပိုင်းစကားဝိုင်းပြန်စတော့... ဒေးဒရဲ ကွင်းကျောင်းဆရာတော်က ဆရာတော် အရှင်သေဋ္ဌိလကို... “ဆရာတော်... ဒီမှာအခုရောက်လာကြတဲ့ ရဟန်းငယ်တွေထဲမှာ တချို့က ပြည်တွင်းမှာ ကိုယ်စွမ်းနိုင်ရာရာက သာသနာပြုနေကြတာလဲ ရှိတယ်။ တချို့ကလဲ ဆရာတော်လိုပဲ တစ်ချိန်မှာ နိုင်ငံခြားတိုင်းပြည်တွေအထိ သာသနာပြုကြဖို့ ရည်ရွယ်ကြိုးစားနေကြတာလဲ ရှိတယ်။ သူတို့တွေ မှတ်သားနည်းယူဖို့ ဆရာတော်ရဲ့ ကမ္ဘာသာသနာပြု အတွေ့အကြုံကိုလဲ မိန့်ကြားပါဦး” လို့ လျှောက်ထားပါတယ်။ 

  ဆရာတော်ကြီးက... “သာသနာပြုတယ်ဆိုတာ ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကားအောင် လုပ်တာပဲ၊ အရေးကြီးတာက ကိုယ့်ဝါဒ ကျယ်ပြန့်ထွန်းကား စေချင်ရင် သူ့ဝါဒ သူ့ဓလေ့ကို မထိပါး မပုတ်ခတ်ရဘူး။ ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လူမျိုးမှာ မဆို သူတို့ရဲ့ မိရိုးဖလာ အယူဝါဒ ဓလေ့ထုံးစံဆိုတာရှိတယ်။ ဒါတွေကို အလကား မိစ္ဆာဝါဒတွေ ရူးကြောင်ကြောင်အလုပ်တွေ ဆိုတဲ့ ပုံစံမျိုးနဲ့ မစော်ကားမိဖို့ အရေးကြီးတယ်။
      မြတ်စွာဘုရားပွင့်တော်မူလာတဲ့ အချိန်က မဇ္ဈိမဒေသဆိုတဲ့ အိန္ဒိယမှာ ၀ါဒစွဲ၊ အမျိုးဇာတ်စွဲ၊ ဓလေ့ထုံးစံစွဲတွေ ရှုပ်ထွေးနေတာပေါ့။ ဒီကြားထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုတော်မူသွား တယ်ဆိုတာ မျက်ခြေမပြတ်စေနဲ့၊ လေ့လာရတယ်။ အတုယူရတယ်၊ ဘုရားသာသနာပြုမယ့် ပုဂ္ဂိုလ်က ဘုရားကို အတုယူကျင့်သုံးမှပေါ့။ အရှင်ဘုရားတို့ ၀ိနည်းသိက္ခာပုဒ်တွေထဲမှာ မြတ်မနှုတ်ရ၊ သစ်ပင် မခုတ်ရဆိုတာမျိုးတွေ တွေ့တယ် မို့လား၊ ဒါတွေဟာ လောကအနေနဲ့ ကြည့်ကြည့်၊ ဓမ္မအနေနဲ့ ကြည့်ကြည့် အကုသိုလ်လို့ ပြောစရာ ဘာရှိလို့တုန်း၊ ဒါပေမယ့် မြတ်စွာဘုရားက ‘အဲဒါတွေကို မလုပ်ရ’ လို့ ဘာလို့ ပညတ်ထားသလဲ၊ အကျိုးမရှိဘဲနဲ့ မပညတ်ဘူး၊ အကျိုးရှိလို့ ပညတ်တာ” “အဲဒီခေတ်မှာ တချို့လက်ခံစွဲလမ်းထားတဲ့ ဓလေ့စွဲ တစ်ခုက သစ်ပင်ကို ခုတ်ထစ်တာဟာလဲ ဣနြေ္ဒတစ်ခုရှိတဲ့ သတ္တ၀ါကို ညှင်းဆဲတာပဲ လို့ မှတ်ယူထားကြတာ။ အဟိံသာ ပရမောဓမ္မာ၊ မညှင်းဆဲခြင်းသာ အမြတ်ဆုံးတရား ဆိုတာ ဒီလို အယူအစွဲရှိသူတွေရဲ့ လက်သုံးစကားပေါ့။ ဒါကို ဖောက်ဖျက်ကျူးလွန်ရင် လူယဉ်ကျေးလို့တောင် စာရင်းမသွင်းဘူး။ 
         ဒါကြောင့် မြတ်စွာဘုရားက ကိုယ့်ဝါဒ မကျယ်ပြန့် မထိရောက်သေးဘဲ သူ့ဝါဒနဲ့ ဆန့်ကျင်ဘက် လုပ်လိုက်ရင် ကိုယ့်စကားကို နားထောင်မယ့်သူတောင် ရှိမှာမဟုတ်လို့ သူ့ဝါဒနဲ့ မဆန့်ကျင်အောင် ဒီသိက္ခာပုဒ်တွေကို ပညတ်တာ။ ဒါကို ပညတ်လိုက်လို့ ကိုယ့်ဝါဒမှာလဲ ဘာမှ ထိခိုက်နစ်နာစရာ အကြောင်းမရှိဘူး။ ဒါကို သဘောပေါက်ဖို့ အရေးကြီးတယ်” လို့ မိန့်ကြားပါတယ်။ 

         နတ်မှီတောရ ဆရာတော်ကြီးကတော့... “အယူဝါဒ ဓလေ့ထုံးတမ်းဆိုတာ မှန်တာ မှားတာ အပထား။ သူတို့က ဦးထိပ်မှာထားပြီး လေးစားကိုးကွယ်နေကြ တာ ဆိုတော့ ဒါကို ထိပါးပုတ်ခတ်လိုက်ရင် ဦးခေါင်းကို ထိပါးပုတ်ခတ်တာထက် နာကြဉ်းတတ်တယ်။ ဒါဟာ ဘာသာဝါဒ တိုင်းမှာ ဖြစ်တတ်တဲ့ သဘာဝပဲ။ ဘယ်ဝါဒနဲ့မှ ထိပ်တိုက်မတိုးရဘူး။ 

   ပိဋကတ်တော်တွေထဲမှာ မြတ်စွာဘုရားက... အဲဒီခေတ်က ဂိုဏ်းဆရာကြီးတွေ အပေါ် ပြောဆိုသုံးစွဲတဲ့ ဝေါဟာရတွေကို ကြည့်ပါလား။ တိတ္ထိကြီးတွေ၊ မိစ္ဆာ၀ါဒီကြီးတွေလို့ ဒီလို ရင့်ရင့်သီးသီး မသုံးဘူး။ သာမညဖလသုတ်မှာ ပါတယ်မို့လား၊ ဂိုဏ်းဆရာကြီးတွေကို ခေါ်ဆိုတဲ့ ဝေါဟာ ရတွေလေ။ ‘သင်္ဃီ= အပေါင်းအစုခေါင်းဆောင်။ ဂဏီ= ဂိုဏ်းရဲ့ခေါင်းဆောင်။ ဂဏာစရိယော= ဂိုဏ်းဆရာ။ ဉာတော= ထင်ရှားကျော်ကြားသူ။ ယသဿီ= အခြံအရံအသိုင်းဝိုင်းရှိသူ။ တိတ္ထကရော= အယူဝါဒကို ပြုတတ်သူ။ သာဓုသမ္မတောဗဟုဇနဿ= လူအများက သူတော်ကောင်းလို့ သတ်မှတ်ထားသူ’ ဆိုတာတွေဟာ ဘုရားလက်ခံ သုံးစွဲတဲ့ ဝေါဟာရတွေ ဖြစ်လို့ ပိဋကတ်မှာ ထည့်သွင်းပြီး သင်္ဂါယနာ တင်ထားတာတွေပေါ့။ ဒါတွေဟာ မြတ်စွာဘုရားရှင်ရဲ့ သူတော်ကောင်း စိတ်ထားကို ဖော်ပြတဲ့ စကားတွေပဲ။ သူတော်ကောင်းဆိုတာ ဘယ်တော့မှ သူတစ်ပါးကို ထိပါးပုတ်ခတ် မပြောဘူး” လို့ ဖြည့်စွက်ပြောပါတယ်။

      ဒေးဒရဲကွင်းကျောင်းဆရာတော်ကြီးကတော့ ဆေးပညာလဲ နားလည်ကျွမ်းကျင်တာဆိုတော့... “လူမမာဆေးကုရသလိုပေါ့ ဘုရား၊ အပူလွန်တယ်ဆိုပြီး ဆန့်ကျင်ဘက်ဆေးအေးတွေ တွန်းတိုက်လိုက်ရင် တစ်ခါတည်း လူမမာငန်းဖမ်းပြီး သေသွားတတ်တယ်။ တဖြည်းဖြည်းချင်း ဆေးချက်သွင်းရတယ်။ ကိသာဂေါတမီကို မြတ်စွာဘုရားက... တရားဆေးနဲ့ ကုသလိုက်ပုံကြည့်ပါလား။ သားသေကို ဆေးကုပေးဖို့ ဆိုတာဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ ဒါပေမယ့် ဟိုက အားကိုးတကြီးနဲ့ လာတာ။ သောကမီး ကလဲ တောက်နေတာ။ တရားဟောလိုက်ရင်လဲ သောကပူနဲ့ တရားအအေးနဲ့ ဖြောင့်ဖြောင့်ဆန့် ကျင်နေတော့ အကျိုးမရှိတဲ့အပြင် တရားကို ကလန်ကဆန် လုပ်မိလို့ ဓမ္မန္တရာယ် ဖြစ်ဦးမယ်။ သေသူဆိုတာ ကုလို့ ရတာမျိုးမဟုတ်ဘူး လို့ တိုက်ရိုက်ကြီး ပြောလိုက်ပြန်လဲ အပူမီးတောက်နေသူ အတွက် နေပူက လာသူကို အရိပ်ကနေ ဆီးကန်လွှတ်သလို ဖြစ်သွားမှာ။ ဒီတော့ မြတ်စွာဘုရားက သူ့အပူသူ ငြိမ်းနိုင်အောင် ပရိယာယ်နဲ့ အိမ်က မုန်ညင်းစေ့ ရှာခိုင်းတယ်။ မရတော့ ‘သေတယ်ဆိုတာ အိမ်တိုင်းနဲ့ ဆိုင်တဲ့ တရားပဲ’ လို့ သဘောပေါက်ပြီး သောကအပူအေးသွားတော့မှ တရားရေအေးတိုက် ကျွေး လိုက်တော့ အနာနဲ့ဆေး တစ်ခါတည်းကိုက်ပြီး အရိယာ ဖြစ်သွားသလိုပေါ့။

      မြတ်စွာဘုရားရှင်ရဲ့ ဒီလို နည်းပရိယာယ်မျိုးကို လေ့လာအတုယူရမှာပေါ့” လို့ ကောက်ချက်ချပြပြီး စကားဝိုင်းကို ရပ်နားလိုက်ပါတယ်။ “နာတိမညေထ ကတ္ထစိ နကိဉ္စိ= ဘယ်အရပ်မှာ မဆို ဘယ်လို ပုဂ္ဂိုလ်တစ်စုံ တစ်ယောက်ကိုမျှ မထီမဲ့မြင် မပြုပါစေလင့်”

                                                                           ဓမ္မဘေရီ အရှင်ဝိရိယ

24/10/2012

အာဇာနည် အရှင် မြင်ပါလှည့်..။

1. စီးဆင်း ရင်ခွင် | 10/24/2012 | 2. 3. 4. 5. 6. Best Blogger Tips
        မင်းဒင်လို ငပါမွှားနှင့် သာသနာ့အာဇာနည် အရှင်တပါးအကြား မမေ့နိုင်စရာ ဇာတ်လမ်းများ ရှိသည်ဆိုလျှင် ယုံတမ်းပုံပြင်လို့တော့ မထင်ကြပါလေနှင့်။ အဝေးရောက် မင်းဒင်တယောက် ခါးတောင်းပဲ ထကျိုက်ရမလို၊ ဟိုအပုံပဲ ပြေးဟပ်ရမလို ဖြစ်လောက်အောင် ဇာတိမြေက တိုက်ပွဲခေါ်သံတွေ မြည်ဟီးတုန်ခါ ထွက်ပေါ်လာနေချိန်မှာ ဆိုရေးရှိ၍ ဆိုရပါဦး မည်။
                                         x x x x x x x  
ဘာသာရေးနှင့် အလှမ်းဝေးလှသော မင်းဒင်သည် သာသနာ့အာဇာနည်အရှင်ကို လွန်ခဲ့သော ၁၈ နှစ်ကျော်က သိလည်းမသိ၊ ကြားလည်းမကြားသိခဲ့။ ၁၉၉၀ ခုနှစ်ပိုင်း ရက်များဆီက ဇနီးသည် ငပိကြော်နေတာကို စပ်စုရင်း ရန်ကုန် မဟာ ဂန္ဓာရုံကျောင်းတိုက်က ယောက်ဖ၀မ်းကွဲ ဘုန်းတော်ကြီးတပါး သူ၏ ကျောင်းထိုင်ဆရာတော်နှင့် အတူ ထောင်ကျနေကြောင်း စကားစမိခဲ့သည်။
 ‘ဘာအမှုတဲ့လဲကွာ’
 ‘ကံဆောင်လို့ဆိုလားပဲ’ 
‘ဘာလဲဟ ကံဆောင်တယ်ဆိုတာ’
 ‘ကျုပ်လည်း သေချာမသိဘူး အစိုးရကပ်တဲ့ဆွမ်း မစားဘူးဆိုလားပဲ’ 
 ‘မင်းဥစ္စာက ဆိုလားပဲချည်းပါလား၊ ဆရာတော်ကကော’
 ‘ဘွဲ့တော့ ကျုပ်လည်းမသိဘူး၊ စာတော့ တော်တော်တတ်တယ်ဆိုလားပဲ’ 
                   x x x x x x x 

            နောင်သော် ထိုဆရာတော်အရှင်မှာ မင်းဒင်နှင့် ဆရာအရင်း၊ ဒကာအရင်း ဖြစ်လာခဲ့ ပါသည်။ ဆရာတော်မှာ နိုင်ငံကျော် သာသနာ့အာဇာနည် မန္တလေးမဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘာသာဋီကာအကျော် ရှင်ဇနကာဘိဝံသ၏တပည့်ရင်း ဖြစ်ပါသည်။ ၁၃၃၀ ခုနှစ်မှစ၍ တိပိဋကဓရ ရွေးချယ်စာမေးပွဲကြီးကို ၀င်ရောက်ဖြေဆိုရာ အပိုင်းလေးပိုင်းလုံး အာဂုံ၊ ရေးဖြေ တွဲလျက်ချည်းအောင်မြင်၍ တိပိဋကဓရ စာမေးပွဲအစအဆုံး ပထမနေရာမှ ချည်း အောင်စာရင်းကြေညာခြင်း ခံခဲ့ရပါသည်။ ၀ိနယဓရ၊ ၀ိနယကောဝိဒ၊ အဘိဓမ္မိက၊ အဘိဓမ္မ ကောဝိဒ၊ ဒီဃနိကာယကောဝိဒ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တော်များကို ၁၃၃၅ ခုနှစ်၊ သက်တော်၂၇-နှစ်တွင် အစုံအလင်ရရှိခဲ့ပါသည်။

    တိပိဋဓရဘွဲ့တံဆိပ် ဆက်ကပ်ခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်က “ဘုန်းကြီး အထူးအပင်ပန်းခံပြီး အားမထုတ်ခဲ့ရပါဘူး။ အာဂုံရော ရေးဖြေပါ သက်တောင့်သက်သာ ဖြေဆိုနိုင်ခဲ့ပါတယ်။ ကျန်းမာရေးကြောင့် တနှစ်နားခဲ့ရတဲ့ အတွက် ရဟန်းဝါ (၆) ၀ါမှာ ပြီးရမဲ့အစား (၇)၀ါမှာ ပြီးဆုံးခဲ့ပါတယ်” ပိဋကတ်သုံးပုံကို သက်တော် (၂၇)နှစ်ဖြင့် အာဂုံရေးဖြေ ဖြေဆိုအောင်မြင်ခဲ့သော ထိုအရှင်၏ ဉာဏ်ပညာကား အံ့မခန်း ကြီးမားလှပြီး ကြည်ညိုမဆုံးနိုင်သော အာဂယောင်္ကျား အာဇာနည်ပေတည်း။ တစတစ သာသနာ့အာဇာနည်များ၏ ထေရုပ္ပတ္တိများကို ဖတ်ရှုလေ့လာရာမှ ဆရာတော်၏ ပါရမီတော်ကို ဆပွားကြည်ညိုလာခဲ့ရပါသည်။
                                                  x x x x x x x 

   ဆရာတော် ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းနှင့် စပ်လျဉ်း၍ မင်းဒင်ကိုယ်တိုင် လျှောက်ထား ခဲ့ဘူးပါ၏။ ၁၉၈၉ ခုနှစ် “တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့အဖွဲ့တွေက စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံ၊ ပြည် သူတွေကို နှိပ်စက်သတ်ဖြတ်ပုံတွေဟာ ပတ္တနိက္ကုဇ္ဇနကံဆောင် ထိုက်မထိုက်ဆုံးဖြတ်ပေးဘို့ ဘုန်းတော်ကြီးဆီကို စာကပ်လာကြပါတယ်။ ဘုန်းကြီးဆီ စာ ရောက်တာကို ထောက်လှမ်းရေးကသိတော့ အရှင်ဘုရား ဖြစ်နိုင်ရင် စာမပြန်ပါနဲ့။ ပြန်မယ်ဆို ရင်လည်း မဆောင်ထိုက်ဘူးလို့ ပြန်ဖြေပေး ပါလို့ လျှောက်ကြပါတယ်။ ဘုန်းကြီးက ဒကာတို့ သတိပေးတာ ကျေးဇူးတင်တယ်၊ သို့သော် ဘုရားစကားကို သာ ဘုန်းကြီး နားထောင်ရလိမ့်မယ်။ တရားတော်မှာလာတဲ့အတိုင်းသာ ကျမ်းတတ်ဘုန်းကြီးတပါး အနေနဲ့ ဖြေရပါလိမ့်မယ်လို့ ဘုန်းကြီး ပြန်လည်မိန်ကြားပါတယ်။ ကံဆောင်ထိုက်ကြောင်း အဆုံးအဖြတ် စာတမ်းရေးပြီး ရဟန်းပျိုအဖွဲ့တွေထံကို ဘုန်းကြီး ပြန်ကြားပေးခဲ့ပါတယ်။ မကြာပါဘူး၊ ဖမ်းတာပါပဲ။ အဖမ်းခံရ မယ်ဆိုတာ ဘုန်းကြီးသိပြီးသားပါ။ ဘုန်းကြီးကို အင်းစိန်ထောင်ကနေ မြစ်ကြီးနားထောင်ကို ပို့တော့ လေယာဉ်ပေါ်မှာ ထောက်လှမ်းရေးတွေက လမ်းတလျှောက်လုံး ကြိမ်းမောင်းလာ ပါတယ်။ မြစ်ကြီးနားထောင်ထဲ မပို့ခင် မြစ်ကြီးနားထောက်လှမ်းရေးတပ်မှာ ဘုန်းကြီးကို အရပ်ဝတ် အတင်းဝတ်ခိုင်းပြီး အရာရှိ လုပ်သူက စစ်တပ်ဟာ အမိန့်ရထားရင် ဘာမဆို လုပ်မယ်ဆိုတာသိသလားတဲ့။ သူတို့ပုံစံက ရိုက်နှက်နှိပ်စက်မဲ့ဟန်ပါပဲ။ ဘုန်းကြီးအာနာပါနကို တလျှောက်လုံး မှတ်လာခဲ့ပါတယ်။ ဘုန်းကြီး မုသားမပြောဘူး။ ကြောက်စိတ်ရှိသော်ငြားလည်း ဆုံးဖြတ်ချက်ကို မပြင်နိုင်တဲ့အကြောင်း၊ ရဟန်းဘဝကို စွန့်ဘို့ထက် အသက်ကိုသာ စွန့်မဲ့အကြောင်း ပြောခဲ့တာဘဲ။ 
                                           x x x x x x x 
           မကြာမကြာ ရန်ကုန် မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်နေသဖြင့် တခါသော် ယောက်ဖ ဘုန်းကြီးနှင့် တွေ့စဉ် -
 ‘အရှင်ဘုရားက (၁၀)နှစ်၊ ဆရာတော်က အနှစ်(၂၀) ပြစ်ဒဏ်ကျပြီး ဘာဖြစ်လို့ (၂)နှစ်ခွဲနဲ့ ပြန်လွတ်လာသလဲဘုရား’ 
‘ရွှေဟင်္သာဆရာတော်ဘုရားကြီးက အစိုးရဆီက အလှူခံခဲ့တာပါ။ ဒီလို သာသနာ့ အာဇာနည်တပါးကို ဒီလို ချုပ်နှောင်ဖမ်းဆီးထားတာဟာ သာသနာအတွက် အရုပ်ဆိုးလှတဲ့ အတွက် မပြုကောင်း၊ မလုပ်ကောင်းဘူးဆိုပြီး အလှူခံခဲ့တာပါပဲ’
                                           x x x x x x x 
    
    စစ်အစိုးရကား မတတ်သာ၍ ပြန်လွှတ်ပေးခဲ့ရပြီး ဒကာ၊ ဒကာမတို့၏ ကောင်းမှု ကြောင့် ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်ကြီး တစစ စည်ပင်လာသည်ကိုပင် အမြင် မကြည်နိုင်ကြ။ သူပုန်ဘုန်းကြီး၊ အတိုက်အခံဆရာတော် ဟူသောဘွဲ့က ကြောက်ခမန်းလိလိ ကပ်ငြိနေခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ (၁၄)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးတွင် ထိုဆရာတော်က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ယင်းအခမ်းအနား၏ သံဃာအဖွဲ့အတွင်းရေးမှူးနှင့် စစ်အစိုးရအတွင်းရေးမှူးတို့ ဆုံကြပုံကို ဆရာတော်က မှတ်မှတ်ရရ မိန့်ကြားခဲ့ဘူးလေသည်။
 ‘တိုက်တိုက်ဆိုင်ပါပဲ ဒကာကြီးရာ၊ ရွှေကျင်သာသနာ့ဗိမာန်ကြီးရဲ့ အပေါ်ထပ်မှာ အစည်းအဝေးလုပ် မှာဖြစ်တဲ့အတွက် အပေါ်ထပ်ကိုအကြွမှာ ဗိုလ်ခင်ညွန့်နဲ့ လှေခါးရင်းမှာ ဗြုန်းကနဲ ဆုံမိကြတယ်။ တံခါးတပေါက်ဆီက ၀င်လာကြတာဆိုတော့ ထောက်လှမ်းရေးဘက် ကရော သံဃာတော်တွေဘက် ကရော ကြောင်ကြည့်နေကြတယ်။ ပထမလှေခါးထစ်ကို ဘုန်းကြီးတက်လိုက်တော့ ဗိုလ်ခင်ညွန့်ကလည်း မလျှော့ဘူး။ ဘုန်းကြီးနဲ့ ရင်ဘောင်တန်း တက်လာတယ်။ လေး၊ ငါး၊ ခြောက်ထစ် ရင်ဘောင်တန်းတက် လာတော့ ဘုန်းကြီးစဉ်းစားတယ်။ လျှော့ပေးပြီး လှေခါးထစ်ချန်ပြီးနေခဲ့ရင် ကောင်းမလားပေါ့။ သို့သော် ဘုန်းကြီးဟာ ၀ိနည်းတော် နဲ့အညီ နေထိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ငါလျှော့ခဲ့သော် သာသနာတော်ကို ညှိုးအောင် လုပ်ရာ ကျလိမ့်မယ်ဆိုပြီး ရင်ဘောင်တန်းလျက်ပဲ အပေါ်ထပ်ကို ရောက်ခဲ့ပါတယ်။ သူ့စိတ်ထဲ ဘယ်လို နေမယ်ဆိုတာ ဘုန်းကြီး မသိပေမဲ့ ဘုန်းကြီးအနေနဲ့ သူ့ကို ဘယ်အခါမှ စိတ်မကွက်ခဲ့ပါဘူး’ ဆရာတော် စကားအရဆိုလျှင် ဗိုလ်ခင်ညွန့် ကံကြီးထိုက်လေသလော။ 
                               x x x x x x x 

     တောင်မရောက်၊ မြောက်မရောက် မင်းဒင်ကား ဆရာတော်နှင့် ရင်းနှီးလာသည်နှင့် အမျှ ပေါက်ကရမေးခွန်းတွေ လျှောက်ထားခဲ့ဘူး၏။
 ‘အရှင်ဘုရား ဗုဒ္ဓဘုရားရှင်ရဲ့ အရပ်တော်ဟာ ၁၈ တောင်တို့၊ ၉ တောင်တို့ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ တပည့်တော်က အင်ဂျင်နီယာဖြစ်တဲ့အတွက် ဘုရားရှင်လက်ထက်က ကျောင်းတွေ၊ အဆောက်အဦးတွေရဲ့ ပန္နက်ပုံတွေကို လေ့လာရင်း မဖြစ်နိုင်ဘူးထင်ပါတယ်’ 
‘ဒကာမင်းဒင်၊ ဘုရားရှင်ရဲ့ အရပ်တော်နဲ့ ပတ်သက်လို့ ပါဠိ၊ အဋ္ဌကထာတွေဟာ အမျိုးမျိုးပြဆိုကြသော်ငြားလည်း ဘုန်းကြီးအသိဉာဏ်နဲ့ ချိန်ဆရာမှာ ဘုရားရှင်ဟာ အိန္ဒိယ သွေးပါတဲ့အတွက် ကုလားလူမျိုးများကဲ့သို့ အသားရည်ရှိမယ်။ မဟာပုရိသလက္ခဏာများနဲ့ ပြည့်စုံတဲ့အတွက် အရပ်အမောင်းကောင်းမှာ အမှန်ဖြစ်တယ်။ ယသော်ဓရာမိဖုရားဟာ သာမန် အမျိုးသမီးအရပ်မောင်းမျှသာ ဖြစ်တဲ့အတွက် အရပ် ၁၈ တောင်ရှိသူနဲ့ စပ်ယှက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘုန်းကြီးသဘောအရဆိုရင် ၁၈ မိုက်ဟာ သင့်တော်မှန်ကန်မယ်လို့ ယူဆပါတယ်’ 
လက်တွေ့ကျလှသော ဆရာတော်အဖြေကား မင်းဒင်ပါးစပ်ကို ရုတ်ချည်း ပိတ်သွားစေ ခဲ့ပါသည်။ ပညာစမ်းသည့်သဘော ဖြစ်ခဲ့ခြင်းအတွက်လည်း သတိရတိုင်း ဆရာတော်သို့ ရည်မှန်းကန်တော့ တောင်းပန်ဆဲပင် ဖြစ်ပါ၏။ 

                                         x x x x x x x
    ဆရာတော်၏ ဉာဏ်ပညာနှင့် ပရိယတ္တိသင်ကြားပို့ချမှုကဏ္ဍတို့အတွက် ၁၉၉၈ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်ရာဇ၀ိဇ္ဇာလယတက္ကသိုလ်မှ ဗုဒ္ဓစာပေဆိုင်ရာ ဂုဏ်ထူး ဆောင် ပါရဂူ(Ph.D)ဘွဲ့ ဆက်ကပ်ခံရစဉ်ကလည်း စစ်အစိုးရက သံသယမကင်း။ “ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က စာတစောင်ရောက်လာတယ်။ ဘုန်းကြီး ရေးလိုတဲ့ ဗုဒ္ဓစာပေဆိုင်ရာ စာတမ်းတခုကို ပါဠိချည်း သက်သက် ရေးပို့ဖို့ လျှောက်ထားတာပါ။ ဘုန်းကြီး စာမျက်နှာလေးဆယ်ရှိတဲ့ စာတမ်းကို ရေးပို့ပြီး။ မကြာခင်မှာ ဒေါက်တာဘွဲ့ ဆက်ကပ် တဲ့အကြောင်း စာရောက်လာပါတယ်။ ဒါကို အစိုးရက သွေးရိုးသားရိုးမှဟုတ်ပါ့မလား ဆိုပြီး မယုံဘူးဗျာ”
 “အဲဒီအခမ်းအနားကို လွှတ်မလိုလို၊ မလွှတ်လိုလိုနဲ့ နောက်ဆုံးကျမှ အစောင့်နဲ့ တက်ခွင့်ရတယ်။ သူတို့ကတော့ ကပ္ပိယအနေနဲ့ လိုက်တာပါပေါ့။ ဒါပေမဲ့ အခမ်းအနား ကျင်းပ နေချိန်အထိ ဗိုလ်ခင်ညွန့်ဆီကို အသေးစိတ် သတင်းပို့နေတာ ဘုန်းကြီးကြားနေတာပဲ။ ဘုန်းကြီးဘွဲ့အမည်ခေါ်ပြီး ဘွဲ့လက်မှတ်ကပ်ပြီးမှပဲ သူတို့ စိတ်အေးသွားပုံပဲ” 
၂၀၀၀ ခုနှစ် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ ဘာသာ ပေါင်းစုံ ညီလာခံသို့ ကြွရောက်ပြီး မြန်မာပြည်ပြန်ရောက်သည်နှင့် ဆရာတော်ကို စစ်အစိုးရ ရာဇမာန် ရှပြန်ပေသည်။
 “ဘုန်းကြီး ဘာတတ်နိုင်မလဲ။ သူတို့က ဘယ်သတင်းဌာနနဲ့မှ စကားမပြောပါနဲ့လို့ မှာထားတယ်။ ဘုန်းကြီးတပါးတည်း ဟိုတယ်ခန်းမှာရှိနေတုန်း ဟဲလို တပည့်တော် စိန်ကျော်လှိုင်ပါဘုရား၊ တိပိဋကဆရာတော် ရှိပါသလားဘုရားဆိုတော့ ဘုန်းကြီး ဘယ့်နှယ်လုပ် လိမ်မလဲ။ အေး ဘုန်းကြီးပဲဆိုပြီး သူတို့မေးတာ သုံးလေးခွန်းဖြေလိုက်တယ်။ သာသနာရေး နဲ့သာ ပတ်သက်တယ်။ ပြန်လည်းရောက်ရော အစိုးရတဖွဲ့လုံး ခပ်တန်းတန်း ဖြစ်နေရာ” 

                          x x x x x x x 
   ၂၀၀၄ ခုနှစ်ဆန်းပိုင်း မင်းဒင် ဘန်ကောက်မှာရှိစဉ် ‘အမိမြေက ဇနီးသည်က ဖုန်းဆက် လာသည်။ “ရှင့်ဆရာတော် ဘန်ကောက်ဆေးရုံမှာ တက်နေတယ်။ ရှင့်ကို မေးနေတယ် ပြော တယ်” 
“ဆေးလာ စစ်တာလား” 
“မဟုတ်ဘူး၊ နေမကောင်းတာ” 
“ဘာရောဂါများလည်းကွာ” 
“သေချာတော့မသိဘူး၊ ကိုယ်တိုင်သာ သွားလျှောက်ပေတော့” သည်လိုနှင့် မေးရင်းစမ်းရင်း ချူလာလောင်ကွန်ဆေးရုံကိုရောက်တော့ ဆရာတော် တပည့် ဦးဉ္ဇင်းက -
 “ဒကာကြီးလာတာ အတော်ပဲ။ ဒကာကြီးကို ဆရာတော် မေးနေတာ နှစ်ခါသုံးခါရှိပြီ” ချက်ချင်းဝင်ဖူးခွင့်ရသည်။ ဆရာတော်၏ရောဂါကာ ရိုးတွင်းခြင်ဆီကင်ဆာဟု ဆိုပါသည်။ “အရှင်ဘုရား နေသာပါရဲ့လား ဘုရား”
 “အခုတော့ နေလို့ ထိုင်လို့ကောင်းပါတယ်။ သို့သော် ဘုန်းကြီးဘ၀င်မကျစရာ တခု တော့ ရှိတယ်။ ဒကာကြီးရာ၊ ဘုန်းကြီးနေမကောင်းတာကို တာဝန်ရှိသူတွေကို အကြောင်း ကြားတော့ ဆရာဝန်ကြီးတွေ လွှတ်ပေးတယ်။ အဲဒီဆရာဝန်ကြီးတွေက ‘ဘာမှမဖြစ်ဘူးတဲ့ဗျာ’ ဘုန်းကြီးက ခံစားနေရသူဆိုတော့ သေချာစစ်ပါဦးပြောတော့လည်း မကြိုက်ကြဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ်သွားမယ် ပြောတာတောင် မယုံလို့ထင်ပါရဲ့၊ လွယ်လွယ်နဲ့ မလွှတ်ဘူး။ အကြိမ်ကြိမ်စစ်မေးပြီးမှ သွားခွင့်ရတယ်။ ဒီရောက်တော့မှ သေချာကြပ်မတ်စစ်ဆေးကြည့်တော့ ရောဂါသိရလို့ ကုသပေးနေကြတာ ဗမာပြည်မှာဆို ဘုန်းကြီးသေလောက်ပြီ“
 ဆရာတော်၏ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းဘုရင့်မိသားစုက တာဝန်ကျေလှ ပါ၏။ ထိုင်းဘုရင်တပ်မတော်မှ ဗိုလ်ချုပ် ၀ိချစ်ယာဒိပ်၏ သတင်းပို့မှုကြောင့် ထိုင်းဘုရင်မိသားစု က ဆရာတော်၏ ဆေးဝါးကုသစရိတ် အ၀၀ကို ထိုင်းဘတ်ငွေ ၃ သန်းခန့်အထိ အကုန်အကျခံ ခဲ့ပြီး ထိုင်းသာသနာပိုင်သာ အသုံးပြုရသည့် သံဃာ့ဝဇီရဉာဏဆောင်မှာပင် ပြုစုကုသပေး သည်။ ဗမာတို့ ရှက်ဘို့ကောင်းလေစွ။ 
                                 x x x x x x x

        မြန်မာဆရာဝန် သမားတော်ကြီးများက ဘာမှမဖြစ်ပါဟု ဘာကြောင့် မှတ်ချက်ချခဲ့ သည်မသိ။ ဆရာတော်ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဆရာဝန်များက အင်္ဂလန်၊ အမေရိကန် နိုင်ငံတို့ရှိ အနုဇီဝ ဓါတ်ခွဲခန်းတို့၏ အကူအညီဖြင့် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော်လည်း ယမန်နှစ် ဤအချိန် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ (၀၇း၃၅) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်၌ ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့လေပြီ။
                                 x x x x x x x 

  ဤသို့လျှင် ထိုသို့လျှင် လွန်ခဲ့သော ၁၈ နှစ်ကပင် ဗမာစစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထိုက်သည်ဟု ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ခဲ့သော ဗမာအစိုးရ အငြိုးကြီးခဲ့သော ထိုဆရာ တော် အရှင်မြတ်ကား အခြားသူ မဟုတ်။ ရန်ကုန်မြို့မဟာဂန္ဓာရုံကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် တိပိဋဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓမ္မပါဠိပါရဂူ၊ ပရိယတ္တိ သာသနာ့အကျော် ဘဒ္ဒန္တ အရှင်သုမင်္ဂလ လင်္ကာရ (Ph.D) ပင် ဖြစ်ပါသည်။ ဆရာတော်အရှင်မြတ်ဘုရား၊ အရှင်ဘုရား လက်မွန်မဆွ ဆုံးဖြတ်ခဲ့သော ပတ္တနိက္ကုဇ္ဇန ကံဆောင်သောအမှုကို ယခုအခါ မြန်မာပြည်တ၀ှမ်း သံဃာအာဇာနည်များမှ ရွပ်ချွံပြောင်မြောက် စွာ ပြုလျှက်ရှိရာ သာသနာသမိုင်းတွင် အလေးအမြတ် မှတ်တမ်းပြုရမည့် အခြေအနေသို့ ရောက်ရှိနေပါပြီ ဘုရား။ ရွှေဝါရောင်လှိုင်းလုံးကြီး တနိုင်ငံလုံးတွင် ဖုံးလွှမ်းနေသည်ကို ရောက်ရှိရာ မြင့်မြတ် သော ဘုံဘ၀မှ မြင်လှည့် ကြားလှည့်စေလိုပါသည်ဘုရား။ 
                    ☼ ☼ ☼ ☼ ☼ 
                                              မင်းဒင် (၂၄၊ ၉၊ ၀၇)


( ၁၃၆၈-ခုနှစ်၊ သီတင်းကျွတ်လဆန်း တွင် ဘ၀နတ်ကျာင်း ရွှေ့ပြောင်းသွားတော်မူသော မိမိ၏ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ဆရာတော်ဘုရားအား အထူးပင် လွမ်းဆွတ်မိပါသည်။)

ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်းများ သံဝေဇနိယ လေးဌာန ဘုရားဖူးခရီး..။

1. စီးဆင်း ရင်ခွင် | 10/24/2012 | 2. 3. 4. 5. 6. Best Blogger Tips
Type your summary here Type rest of the post here

29/09/2012

အချစ်ကုထုံး

1. စီးဆင်း ရင်ခွင် | 9/29/2012 | 2. 3. 4. 5. 6. Best Blogger Tips
                    " ပိယတော ဇာယတေသောကော၊ ပိယတော ဇာယတေ ဘယံ။
                     ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ " (ဓမ္မပဒ) 

         အချစ်နှင့်သက်ရောက်မှု သို့မဟုတ် အချစ်နှင့်အန္တရာယ်တို့ကို အစောဆုံး ထောက်ပြခဲ့သူမှာ ဗုဒ္ဓမြတ်စွာပင်၊ B.C ခြောက်ရာစုကပင်ဟု အထက်ပါ ဂါထာငယ်ကို သာဓကပြုပါမည်။ ချစ်ခြင်းကြောင့် သောကဖြစ်ရ၊ ဘေးဒုက္ခတို့ကြုံရကာ အချစ်မှလွတ်မြောက်လျှင်တော့ သောက လည်း ငြိမ်း၊ ဘေးလည်းမရှိ...တဲ့။ 

         စန္ဒကိန္နရီတို့မျက်ရည်၊ ကိုဒါသအတွက် မပဋာ၏သောက၊ သစ္စာရှာဖို့ မြင်းစီးထွက်ခွာသွားသူအတွက် ယသောဓရာ၏ အလွမ်း၊ ဂျူးလိယက်အတွက် ရိုမီယို၏ဘေး၊ မစ္စစ်ဆင်မဆင်အတွက် ထီးနန်းဝေးခဲ့ရသူ အက်ဒွက်ဘုရင် ...စသည် ... စသည် ...။

          နိပါတ်တော်မှာပဲ ကြည့်ကြည့်၊ ဒဏ္ဍာရီမှာပဲ ရှုရှု၊ သမိုင်းထဲမှာပဲ မျှော်မျှော်၊ ပစ္စုပ္ပန်မှာပဲ ငေးငေး၊ အချစ်ဘေးသင့်ခဲ့သူတွေ၊ သင့်နေသူတွေ အစုနှင့်အဝေး၊ ဒုနှင့်ဒေးပင်။ ထိုများပြားစွာသော သာဓကတွေထဲတွင် သူပါလိမ့်မည်ဟု မထင်ခဲ့၊ ယောင်၍မျှပင် မတွေးမိခဲ့၊ ယခုတော့မူ ...။

          ပထမမူ အကြားသတင်း၊ ကမာရွတ် လှည်းတန်းမှာ ဆရာဝန်မလေးတယောက်ကို လူတဦးက ဓာတ်ဆီလောင်း၊ မီးရှို့လို့တဲ့ ။ ဘုရား ... ဘုရား ... ဘုရား ... ဒါလောက်တောင် စရိုက်ဆိုးတွေ ထွန်းကားနေပြီလား။ အွန်လိုင်းကို ကိုယ်တိုင်ဖတ်လိုက်တော့ ... " ရည်းစား " ဆိုသော အသုံးအနှုန်းလေးကို သတိပြုမိကာ အော် ... ဒီလူနှယ် ... စိတ်မသက်မသာဖြစ်မိယုံသာ။ ထိုသူ၏ နာမည်ကိုတွေ့မိတော့ ... အသိတွေ ထဲမှာ သည်နာမည်ရှင် နှစ်ဦးရှိနေတာ ကို အမှတ်ရသည်။ 

          စကားဝိုင်းတွေမှာ မိုက်မဲသူဟု သတ်မှတ်ကာ၊ ဆေးရုံတင်ထားရသူ ဆရာဝန်မလေးကိုတော့ သနားကြသံတွေ ကြားနေရသည်။ ကိုယ်ကတော့ အချစ်ဘေးသင့်သူတစ်ယောက်ဟုသာ။ 

          နောက်နေ့မှာတော့ ဆရာဝန်မလေး မီးသင့်ဒဏ်နှင့် သေဆုံးသွားကြောင်း သတင်းတက်လာသည်။ အားလုံးက စိတ်မကောင်းကြ၊ ရည်းစားဆိုသူကိုလည်း အမျက်ပိုကြ။ အဲဒီသတင်း ဖတ်နေစဉ်မှာပင် ကွန်ပြူတာထောင့်မှာ Email တခု တက်လာ၍ ဖွင့်လိုက်ရာ ...

         " သတင်းဆိုးပါဘုရား " ၊ ခေါင်းစီးကြောင့် ထိတ်ကနဲဖြစ်သွားသည်။ ဘာများပါလိမ့်၊ " ဘုန်းဘုန်း ... ကိုလွင်ဦးတို့ စိတ်မထိန်းနိုင်ဖြစ်ပြီး ... " သူ့သူငယ်ချင်း၊ ကိုယ့်တပည့် ဧခိုင်၏ ကြေကွဲမေးလ် ... အော် ... ကိုယ့်အသိ နှစ်ယောက်ထဲက တယောက်ဖြစ်နေပါပေါ့လား။ ဘယ်လိုမှထင်မထားခဲ့၊ တလောကပင် သူနှင့် Chatting ထိုင်ခဲ့သေး၊ သူက စင်္ကာပူ ရောက်နေခဲ့တာပဲ၊ ဘယ်လိုကဘယ်လို ...။ 

         ဘုန်းဘုန်း ဆုတောင်းမေတ္တာ ပို့ပေးပါဦး ... တဲ့။ လောလောဆည်တော့ ကိုယ့်မေတ္တာသည် ကိုယ့်ရင် ကိုပင် အေးမြစေနိုင်စွမ်းမည်မထင်။ သူ့နာမည်ကို ဖွဖွရွတ်နေမိသည်။ ဖြစ်ရလေ ... ဘာလို့များ စိတ်လိုက်မာန်ပါပြု ... အင်း ... 

  ၂၀၀၆ ... ခုနှစ်ဆီက ကိုယ့်ထံကိုရောက်လာတတ်သည့် ရေကြောင်း တက္ကသိုလ် ကျောင်းသားလေးတသိုက်၊ ကိုဧခိုင် (စိုင်းပြင်း)၊ ကျော်သူဟန်၊ ကိုစံသို့ဝ်၊ ဘိုတောက်နှင့် ... ကိုလွင်ဦးဆိုသည့် ... သူ ...။ စာအလွန်ဖတ်သော၊ တိုးတက်သောအမြင်ရှိသော၊ ပညာတော်သော၊ ရိုးသားတည်ငြိမ်သော လူငယ်လေးများ။ ထိုအထဲတွင် ဘာသာတရားကိုင်းရှိုင်း၍ နှိမ့်ချတတ်သောသူ့ကို သတိပြုမိသည်။ ကိုယ်တို့တတွေ မေတ္တာအကြောင်းတွေ ဆွေးနွေးဖြစ်ကြသည်။ 

       မေတ္တာဆိုတာ ... တဦးကိုတဦး မလှည့်စားခြင်း၊ တဦးကိုတဦး မထီမဲ့မြင် မလုပ်ခြင်း၊ တဦးဆင်းရဲမှုကို တဦးက အလိုမရှိခြင်းကိုခေါ်ကြောင်း ... ဒီသဘောထားသုံးရပ်ကို အကျိုးလိုလားမှုနှင့်ယှဉ်ပြီး ကြီး၊ ငယ်၊ အလတ်၊ ဆူ၊ ကြုံ့၊ အလတ်၊ နီးနေ၊ ဝေးနေ စသည့် သူတွေအပေါ်မှာ ထားခြင်းကိုပင် မေတ္တာ ထားသည်ခေါ်ကြောင်း။ ဒါကိုပင် ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးက-

         " လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ ... အထင်သေးခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ ... ဆင်းရဲလိုခြင်း အချင်းချင်း၊ ကင်းရှင်းကြပါစေ ... " လို့ လင်္ကာသီခဲ့ကြောင်းတွေ ... 

       နောက်ပြီး ... မြတ်စွာဘုရားဟောသည့် မတရားမှု မကောင်းမှုကို၊ မကောင်းမှုမှန်း ရှုမြင်ရဲဖို့၊ ရှုမြင်ပြီး ငြီးငွေ့ဖို့၊ ငြီးငွေ့ပြီး စက်ဆုတ်ရွံမုန်းဖို့၊ ရွံမုန်းပြီး လွတ်မြောက်အောင်လုပ်ဖို့ ဆိုရာမှာ ခေါင်းဆောင်မျှော်တတ်သည့် ကိုယ်တို့လူမျိုးတွေ အကြောင်း၊ မိမိသည် ပင်လျှင် ခေါင်းဆောင်ဖြစ်နိုင် ကြောင်းတွေ ဆရာတပည့်လည်းမကျ၊ မိတ်ဆွေလည်းမကသည့် ကိုယ်တို့တတွေ မပြတ်ဆွေးနွေးခဲ့ကြ။ 

       သည်လိုနှင့် ယုံကြည်မှုတွေခိုင်ခဲ့ကြ၊ ရင်းနှီးမှုတွေပိုခဲ့ကြ၊ သမိုင်း၏ အစိတ်အပိုင်းတခုထဲကို တိုးဝင် ခဲ့ကြ၊ နောက်တော့ သီကြိုးပြတ်သည့် ပုလဲတွေလို ကြဲပြန့်သွားကြ၊ ကိုယ်က အဝေးဆုံးဆီ လွင့်စင်သွားခဲ့ရ၊ ခုတော့ ဒီကောင်လေးက ကိုယ့်ထက် သာ၍ဝေးရာဆီကို ထွက်ခွာသွားရဦးမှာလား ...၊ ဘုရား ... ဘုရား ... ဘုရားမ လို့၊ မဖြစ်ပါစေနှင့်၊ အချစ်ကိုစောင့်သော ဗီးနပ်စ် နတ်သမီးသည် ငယ်သူတို့အချစ်ကို စာနာတတ်၊ စောင့်ရှောက်တတ်ပါစေသား ...။

        ဒီနေ့မှာတော့ ကိုယ်တို့စိတ်ကို ပို၍ထိစေသည့် သတင်းနောက်ဆက်တွဲ တက်လာပြန်သည်။ အင်ဂျင်နီယာဖခင်နှင့် ဆရာဝန်မိခင်တို့၏ တဦးတည်းသောသား၊ ရှေ့နေနှင့် ဆေးလိပ်ခုံပိုင်ရှင်တို့၏သမီး ...တို့၏ ငယ်ချစ်သံယောဇဉ်ဘွဲ့၊ လေးနှစ်လေးမိုး ရပ်ခြားမြေဝေး ချစ်သူအတွက် ဥစ္စာရှာ သွားသောကောင်လေး ပြန်လာသောအခါ ချစ်သူ၏ သွေဖီမှုနှင့် တိုးလေသောအခါ ... ရင်ကိုလောင်သော မီးမှ ဘဝကိုပါ ကြွမ်းစေခဲ့ပါပေါ့လား၊ အချစ်ကြောင့် ဘေးသည်သင့်ခဲ့ပြီ။ 

       မောင်က ပုဒ်မများစွာနှင့် အချုပ်ထဲမှာ၊ မေက ... တမလွန်ဆီ၊ တဦးက အသက်ဆုံး၊ ကျန်တဦးက ဘဝသေ၊ နောက်ဆုံးသက်ငင်ချစ်အဖြစ် မေက မှာသွားသတဲ့၊ သူ့ချစ်သူကို ခွင့်လွှတ်ပေးကြပါ ... တဲ့၊ သူကလည်း ခွင့်လွှတ်သွားပါသတဲ့။ 

         သူ့ဆန္ဒအတိုင်း ခွင့်လွှတ်နိုင်ကြပါစေ၊ ခွင့်လွှတ်နိုင်ကြပါစေ၊ ဒါပေမယ့် ...... ။ အော် ... အချစ် ... အချစ် ... အသုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးပါကလား၊ 

        ဆင်ခြင်တုံတရားတွေ၊ အသိပညာတွေကို ကွယ်ပျောက်စေတတ်သည့်ဘေးကြီးပါကလား၊ ဒါကြောင့် လည်း ဘုရားရှင်က ပီယတော ဇာယတေ ဘယံ တဲ့၊ ငယ်သုတို့နယ်မှာ ဘယ်လောက်များ အဆာကျယ်နေဦးမှာပါလိမ့်။ တကယ်လို့ Chatting ထိုင်တုန်းကသာ အကြောင်းစုံသိခဲ့ရလျှင် 

        ကာမရောဂါ၊ ဝမ်းတွင်းနာကား ကုရာနတ္ထိ၊ ဆေးမရှိဘူး မိမိ ပညာ ၊ သတိ သာလျှင် မဟာ သြသဓ၊ ဆေး မည်စွ ... လို့ ကိုယ့်ညီကို ပြောဖြစ်ခဲ့မည် အမှန်၊ ယခုတော့မူ ....... ။ 

                                                                             ကံထွန်းသစ်
                                                                           07-06-2012 
                                                                            1:40 A.M 

                    မေတ္တာများဖြင့် 
                အရှင်သိရိန္ဒ မေတ္တာဥယျာဉ် 
                  မှ ကူးယူဖော်ပြသည်။

19/09/2012

မျောက်ဘုရင် ရွေးပွဲ

1. စီးဆင်း ရင်ခွင် | 9/19/2012 | 2. 3. 4. 5. 6. Best Blogger Tips


     ခေါင်းဆောင်ကောင်း နောက်လိုက်ကောင်းဖြစ်တဲ့ လူသားတစ်ယောက်ရဲ့ အခြေခံစွမ်းရည်ဆိုတာ ဘာတွေလဲ။ ဘုရားရှင်ကတော့ လူသားတစ်ယောက်ဟာ သတ္တိကောင်းရမယ်၊ သတိပညာကောင်းရမယ်၊ အကျင့်ကောင်းရမယ်လို့ တိဌာနသုတ်မှာ ဒီစွမ်းရည်သုံးမျိုးဟောကြားခဲ့ပါတယ်။ ဒီစွမ်းရည်များဟာ လူသားတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်များဖြစ်ပါတယ်။ သူရဲကောင်းအဆင့် သူတော်ကောင်းအဆင့် တက်လှမ်းချင်သူတွေ အတွက် ပထမအဆင့်အနေနဲ့ကော နောက်ဆုံးအဆင့်အထိပါ တည်ဆောက်ထားရမဲ့ စိတ်စွမ်းရည်အဆောက်အအုံဖြစ်ပါတယ်။ ကိုယ့်ကိုယ့်ကို သူရဲကောင်းလို့ ထင်နေသူတွေ သူတော်ကောင်းလို့ထင်နေသူတွေအတွက် စောစောစီးစီးပြန်မေးရမဲ့ မေးခွန်းများဖြစ်ပါတယ်။ ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ ကိုယ်တိုင်စစ်ရမဲ့ စာမေးပွဲဟာ ဒီသုံးမျိုးဖြစ်ပါတယ်။ 

  သတ္တိမကောင်းပဲ သတိပညာမကောင်းပါဘူး၊ အမှားကို ရှောင်ကြဉ်ဖို့ဆိုတာ သတ္တိကောင်း သူတွေအတွက်ဖြစ်ပါတယ်။ အမှားအမှန်ကို သိနားလည်ဖို့ဆိုတာလဲ သတိပညာကြီးသူတို့ရဲ့ အရာ ဖြစ်ပါတယ်။ အမှန်တရားကို ရဲရဲဝံ့ဝံ့ဟောပြောဖို့ အကောင်အထည်ဖော်ဖို့ဆိုတာဟာလဲ သတ္တိရှိတဲ့ ပညာတတ်လူကောင်းတို့ အရာသာဖြစ်ပါတယ်။ နောက်ပြီးတော့ အစစ်အမှန် အကျင့်ကောင်း သူ၊ပေးဆပ်တတ်သူ၊စွန်လွှတ်အနစ်နာခံသူဆိုတာလဲ သတ္တိကောင်းသူ သတိပညာကောင်းသူ တို့သာ ရောက်နိုင် ရနိုင်တဲ့ သရဖူတစ်မျိုးဖြစ်ပါတယ်။ သတ္တိကောင်းသူ၊သတိပညာကောင်းသူ၊ အကျင့်ကောင်းသူဆိုတဲ့ လူ့အခြေခံ ဒီ”ကောင်းသုံးကောင်း”ဟာ လူတိုင်းစိတ်ထဲမှာ စွဲထင်ကျန်နေသင့်တဲ့ စကားသုံးခွန်းဖြစ်ပါတယ်။

         ဒီနေရာမှာ ငါးရာငါးဆယ်ဇာတ်တော်ထဲက တရားသုံးပါးဇာတ်တော်ဟာ စွဲထင်မှတ်သားစရာတစ်ခု ဖြစ်လာပြန်ပါတယ်။ အချိန်တိုင်း နေရာတိုင်း နယ်ပယ်တိုင်းမှာ ရင်ဆိုင်ယှဉ်ပြိုင် ရုန်းကန်နေရတဲ့ လူသားများအတွက် နေရာတစ်ခုရဖို့ နေရာမပျောက်ဖို့ လိုအပ်တဲ့ အရည်အသွေး သုံးမျိုးကို ဒီဇာတ်တော်မှာတွေ့ရပါတယ်။ ခေါင်းဆောင်နဲ့ နောက်လိုက်တို့ရဲ့ လောကမာယာ သဘောသဘာဝကိုလည်း အကဲခပ်ခွင့်ရပါတယ်။ ဒီဇာတ်တော်ကို ဘုရားရှင် ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ်မှာ ဒေ၀ဒတ်က ဘုရားရှင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတာကို အကြောင်းပြုပြီး ဟောကြားတော်မူခဲ့တာပါ။

        ဒေ၀ဒတ်ဟာ သာကီဝင်မင်းသမီးယသော်ဓရာရဲ့မောင် ဘုရားရှင်ရဲ့ ယောက်ဖတော်စပ်သူဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ တပည့်ရဟန်းတစ်ပါးဖြစ်ပြီး တစ်ချိန်က ဈာန်အဘိညာဉ်ရ သူတော်စင်တစ်ပါးလဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ မတရားနည်းလမ်းနဲ့ ဘုရားရှင်ကို ယှဉ်ပြိုင်ခဲ့သလို ဘုရားသတ်ပြီး ဘုရားလုပ်လိုတဲ့ အာဏာရူးတစ်ယောက်လဲ ဖြစ်လာပါတယ်။ ဘာမှ မသိနားမလည် ငယ်ရွယ်တဲ့ အဇာတသတ်မင်းသားကို အဖေသတ်ပြီး အာဏာရူးတစ်ယောက်ဖြစ်အောင်လဲ သူပဲ မြွေတွေနဲ့ ဖန်ဆင်းခြိမ်းခြောက် သိမ်းသွင်းခဲ့သူဖြစ်ပါတယ်။ သူဟာ တစ်ဘ၀တည်းမှာတင် မိုးကောင်းကင်ပြာထက်မှာ ဈာန်ပျံဝဲခဲ့သလို မဟာပထ၀ီမြေပြင်အောက်ကိုလဲ ငရဲမီးဝတ်ရုံနဲ့အတူ စူးဝင်နစ်မြုပ်သွားခဲ့ရရှာပါတယ်။ ဘုရားရှင်က ဒေ၀ဒတ္တ၀ိပတ္တိသုတ်တော်ထဲမှာ “ဒေ၀ဒတ်ဟာ ရိုက်ချက်ပြင်းတဲ့ လောကဓမ်ရှစ်ပါးအောက်မှာ ဒူးထောက်ရှုံးနိမ့်ခဲ့ရတယ်”လို့ မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။

       တရားသုံးပါးဇာတ်တော်ဟာ ဇာတကပါဠိတော် ဧကနိပါတ်မှာ လာရှိပါတယ်။ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းစိုးစံအုပ်ချုပ်စဉ်က ဒေ၀ဒတ်လောင်းဟာ ဟိမ၀န္တာတောအုပ်ထဲက မျောက်မျိုးနွယ်တစ်စုရဲ့ ဘုရင်ဖြစ်ခဲ့ပါတယ်။ ဒေ၀ဒတ်လောင်းမျောက်မင်းဟာ သူနဲ့စပ်ပြီးမွေးလာသမျှ မျောက်ထီးကလေးတွေ အားလုံးကို သူ့အာဏာလုမှာကြောက်ပြီး ဝှေးစေ့တွေ ကိုက်ဖောက်ပစ်ပါသတဲ့။ ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်ကောင်း၍ ပညာတော်ရမည်ဆိုတဲ့ အရည်အချင်းနှစ်ခုမရှိဘဲ မနာလိုဝန်တိုအောက်တန်းကျတဲ့စိတ်ဓာတ်၊ ကောက်ကျစ်ယုတ်မာတဲ့နည်းနဲ့အနိုင်ယူခြင်းသာ ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေ၀ဒတ်လောင်းမျောက်ဘုရင်ရဲ့ သားအဖြစ် ဘုရားလောင်းဟာ ပဋိသန္ဓေနေမိပြန်တယ်။ 

      ဘုရားလောင်းရဲ့ မိခင်မျောက်မဟာ ဘုရားလောင်းလေး ဝှေးစေ့ဖောက်ထုတ်သတ်ဖြတ်ခံရမှာစိုးလို့ အဝေးတစ်နေရာကို ထွက်ပြေးခဲ့ပြီး ဘုရားလောင်းကို ခက်ခဲနာကျင်စွာ မွေးဖွားခဲ့တယ်။ ဘုရားလောင်း အရွယ်ရောက်လို့ အားကောင်းမောင်းသန် စဉ်းစားဥာဏ်ရှိတဲ့အချိန်မှာ မျောက်သားအမိ ဟာ မျောက်အုပ်ကြီးထဲကို ပြန်လာခဲ့ကြတယ်။ ဒေ၀ဒတ်မျောက်မင်းက ဘုရားလောင်းကိုမြင်တော့ ဘုရင်ရာထူးလုယူမှာစိုးပြီး ဘုရားလောင်းကို ပွေ့ဖက်ညှစ်သတ်ဖို့ လုပ်တယ်။ ဒါပေမဲ့ ဘုရားလောင်းက ခွန်အားကြီးမားသူဖြစ်တော့ သတ်လို့မရဘူး။ သူပဲ သေလုမျောပါး ခံစားလိုက်ရတယ်။ နောက်တော့ သူက အသက်ကြီးပြီမို့ ဘုရင်ရာထူးပေးမယ်၊ ကြာပန်းတွေ ခူးခဲ့ပါဆိုပြီးတော့ ဘုရားလောင်းကို ဘီလူးစောင့်တဲ့ရေကန်က ကြာပန်းတွေ အခူးခိုင်းတယ်။ သူသတ်လို့မရတော့ ဘီလူးအစားခံရအောင်ပေါ့လေ။ ခေါင်းဆောင်ဘုရင်က လိမ်ညာယုတ်မာပြီး ငယ်သားကို သတ်ဖို့ ကြံစည်တာပါ။ ဘုရားလောင်းက ဘီလူးစောင့်တဲ့ ရေကန်ထဲ ချက်ချင်းမဆင်းဘဲ ဘေးဘီဝဲယာခြေရာများကို ကြည့်တော့ ရေကန်ထဲ ဆင်းတဲ့ခြေရာပဲတွေ့ပြီး ပြန်တက်လာတဲ့ခြေရာကို မတွေ့ဘူး။ ဒီမှာတင် ဒီရေကန်မှာ ဘီလူးရှိတယ်ဆိုတာ သိသွားပြီး ရေမရှိတဲ့ ကုန်းပေါ်ကပဲ ဟိုဘက်ဒီဘက်ခုန်ကူးပြီး ကြာပန်းတွေကို ခူးခဲ့တယ်။ ရေကန်စောင့်ဘီလူးက ဘုရားလောင်းလုပ်ပုံကိုင်ပုံကြည့်ရင်း အတော်သဘောကျ အထင်ကြီးသွားတယ်။ ဆက်လက်ပြီး ရေကန်စောင့်ဘီလူးဟာ သူရဲကောင်းတစ်ပါးရဲ့ အရည်အချင်းသုံးပါးကို ချီးမွမ်းခန်းဖွင့်ခဲ့တယ်။
       “လိမ္မာပါးနပ်ပါပေ့…။ ရဲစွမ်းသတ္တိရှိပါပေ့…။ ဥာဏ်ပညာကြီးမားပါပေ့…။ ဒီအရည်အချင်းသုံးပါးပိုင်ရှင်ဟာ ရန်သူတိုင်းကို ကျော်ဖြတ်နိုင်ပြီး တိုက်ပွဲတိုင်းကို အောင်နိုင်သူဖြစ်တယ်”

      ရေကန်စောင့်ဘီလူးဟာ ကြာပန်းတွေကို ကိုယ်တိုင်ထမ်းပိုးပြီး ဘုရားလောင်းနောက်က လိုက်ပို့တယ်။ ဒေ၀ဒတ်လောင်းဟာ ဘီလူးနဲ့ ဘုရားလောင်းကို မြင်တော့ မနာလိုဝန်တို အဆိပ်တက် ကြောက်စိတ်ဝင်ကာ ရင်ကွဲနာကျ သေဆုံးခဲ့ပါတယ်။ ဘုရားလောင်းဟာ မျောက်အပေါင်းရဲ့ ဘုရင်ဖြစ်သွားခဲ့ပြီး ခေါင်းဆောင်ကောင်းရှိခြင်းရဲ့ ရလဒ်ဖြစ်တဲ့ ဘေးရန်ကင်းခြင်း ချမ်းသာ လုံခြုံခြင်းတွေ ပေးနိုင်ခဲ့ပါတယ်။

       တောတွင်းတိရိစ္ဆာန်မျောက်ဘုရင်နှစ်ကောင်ရဲ့ မျောက်ဘုရင်ရွေးပွဲဇာတ်လမ်းမှာ မှတ်တမ်းတင်စရာတွေ တစ်ပုံကြီးရှိနေပါတယ်။ မနာလိုဝန်တိုတဲ့ သွေးကြောင်ပြီး အာဏာရူး တဲ့ မျောက်ဘုရင်က ယုတ်မာရက်စက်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တယ်။ နောက်လိုက်ငယ်သား အားလုံးဟာ အချိန်တိုင်း ကြောက်လန့်နေရပြီး သွေးစွန်းတဲ့အဖြစ်ဆိုးတွေ မြင်တွေ့နေကြရတယ်။ သာယာယစ်မူးဖွယ် ပန်းရနံ့များ အဓိပ္ပါယ်ကင်းမဲ့ခဲ့ရပြီး ကြည်လင်အေးမြတဲ့ တောတောင်စိမ့်စမ်းများလဲ ပူအိုက်ခြောက်သွေ့သယောင် ဖြစ်ခဲ့ရတယ်။ ချိုအိမွှေးသစ်သီးများ အရသာပျက်ယွင်းခဲ့သလို အသိုက်အမြုံအားလုံးဟာလဲ လုံခြုံမှုကင်းမဲ့ခဲ့ရပါတယ်။ 
      ဘုရားလောင်းမျောက်မင်းကတော့ အရာအားလုံးကို မေတ္တာမျက်လုံးနဲ့ကြည့်ပြီး အားနွဲ့သူတိုင်းကို ဖေးကူထူမပေးခဲ့တယ်။ ဘေးရန်အန္တရာယ်ဆိုတာကို ပြိုင်ပွဲကောင်းတစ်ခုအဖြစ်သဘော ထားပြီး တရားနည်းလမ်းကျ ရင်ဆိုင်ကျော်လွှားဖို့ ခွန်အားတွေ အပြည့်ရှိခဲ့တယ်။ ခေါင်းဆောင်ကောင်း တိုင်းဟာ သက်ရှိသတ္တ၀ါတိုင်းရဲ့ ဘ၀ဒဏ်ရာအသစ်တွေလျော့ပါးစေသလို ဒဏ်ရာဟောင်းက အမာရွတ်တွေကိုလဲ ပျောက်ကွယ်လွှင့်ပါးစေပါတယ်။ မိစ္ဆာအတွေးမှား ညစ်ညမ်းလုပ်ရပ်တွေကို ရပ်တန့်ကွယ်ပျောက်စေပြီး လွတ်လပ်ပွင့်လင်းတဲ့ အသိဥာဏ်တံခါးတွေပွင့်စေပါတယ်။ အရိပ်ရ အသီးစားသစ်ပင်တွေလို သတ္တ၀ါတိုင်းကို လုပ်ကျွေးပြုစုပြီး မြစ်များချောင်းများလိုလဲ သက်ရှိသက်မဲ့အားလုံးကို အေးမြစေပါတယ်။

     မင်းလုပ်အုပ်ချုပ်တယ်ဆိုတဲ့ ဒီနေရာမှာလဲ ခေါင်းဆောင်ကောင်းတို့လက်ထက်ဆိုရင် မင်းလုပ်အုပ်ချုပ်တယ်ဆိုတဲ့စကားလုံးအစား နောက်လိုက်ငယ်သားအားလုံးကို သားရင်းသမီးရင်းပမာ တရားနည်းလမ်းကျ ကာကွယ်စောင့်ရှောက်ပေးတယ်လို့ သုံးနှုန်းတာ တစ်ချို့နေရာမှာ တွေ့ရပါတယ်။။ ဥပမာအားဖြင့် လူတိုင်း ဘုရားရှိခိုးစဉ်မှာ ရွတ်ဆိုနေတဲ့ “ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ= အစိုးရခေါင်းဆောင်တိုင်းဟာ တိုင်းသူပြည်သားအားလုံးကို သားရင်းသမီးရင်းပမာ တရားနည်းလမ်းကျ ကာကွယ်စောင့်ရှောက်ပါစေ ” ဆိုတဲ့ ပါဠိလိုမျိုးမှာပေါ့။ တကယ်တော့ လောကရဲ့ အနိမ့်အမြင့်အတက်အကျအဖြစ်အပျက်များက လူတိုင်းရဲ့ ကိုယ်ကျင့်တရား၊ ရဲစွမ်းသတ္တိနဲ့ ဥာဏ်ပညာကို စမ်းသပ်စစ်ဆေးနေပါတယ်။ အခက်အခဲအကြပ်အတည်းများက လူတိုင်းကို သတ္တိကောင်း များ မွေးထုတ်ပေးပြီး ဘယ်လိုဖောက်ထွက်ရမယ်ဆိုတဲ့ ဥာဏ်ပညာစွမ်းရည်ကို မြှင့်တင်ပေးနေပါတယ်။ 

      နိဂုံးချုပ်အနေနဲ့ လူ့လောက တိရိစ္ဆာန်လောက မည်သည့်လောကမှာပင်ဖြစ်စေ၊ ခေါင်းဆောင်ရွေးပွဲ သမ္မတရွေးကောက်ပွဲ မည်သည့်ရွေးကောက်ပွဲမှာပင်ဖြစ်စေ နောက်လိုက်ကောင်းများဖြစ်အောင် ကြိုးစားရင်း ဒေ၀ဒတ်လောင်းမျောက်ဘုရင်ကဲ့သို့ သွေးကြောင် အာဏာရူး ပညာမဲ့ အမိုက်အမဲများကို ခေါင်းဆောင်အဖြစ်မရွေးချယ်မိဘဲ ဘုရားလောင်းမျောက်ဘုရင်ကဲ့သို့ သတ္တိကောင်း ကြင်နာတတ် ပညာတတ်များကို ခေါင်းဆောင်အဖြစ်ရွေးချယ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
                                                        နိုဝင်ဘာ (တန့်ဆည်)

16/09/2012

အားလုံးမှာ တာဝန်ရှိသည်

1. စီးဆင်း ရင်ခွင် | 9/16/2012 | 2. 3. 4. 5. 6. Best Blogger Tips


      မဟာဂန္ဓာရုံဆရာတော်ကြီးသည် အမိမြန်မာနိုင်ငံကြီး လွပ်လပ်ရေးရခါနီးတွင် နိုင်ငံတော်ကြီးကို အဘက်ဘက်က ပြုပြင်စေလိုသည့်အတွက်အနာဂတ်သာသနာရေးကျမ်းစာကို ရေး၍ နိုင်ငံသူနိုင်ငံသားအား
လုံးအား တပ်လှန့်ခဲ့ပါသည်။ ဆရာတော်ကြီးသည် တိုင်းပြည်နှင့်သာသနာကိုလည်း ကမ္ဘာ့အလယ်မှာ တင့်တယ်ထည်ဝါစေချင်၏။ ထို့ကြောင့် ဘာသာထိရင် မချိအောင်နာတတ်ဖို့အတွက် “ဘာသာသွေး” စသော ကျမ်းစာအုပ်များကိုလည်း ရေးတော်မူ ခဲ့ပြန်ပါသည်။


       တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့်သာသနာကို ချစ်မြတ်နိုးသည့်စိတ်ကို အမျိုးသားရေးစိတ်ဓာတ် ဟုခေါ် ၏။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ အမျိုးသားရေးစိတ်ဓာတ်ကား အံ့မခန်းပင်။ ဆရာတော်ကြီးသည် အမျိုးသားရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ သာသနာ ရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ ရဟန်း သံဃာတော် များ သွေးအေးအေးနေသည်ကို သဘောကျတော်မမူ။ သံဃာတော်များသည် ကမ္ဘာ့အခြေအနေကိုလည်း စိတ်မ၀င်စား၊ တိုင်းပြည်၏အခြေအနေကိုလည်း ကောင်းကောင်း နားမလည်ဘဲ ရိုးရိုးအေးအေးနေကြ လျှင် ခေတ်ပညာတတ် လူပုဂ္ဂိုလ်များ၏ အထင်သေးမှုကို ခံရမည်ဖြစ်ကြောင်းကိုလည်း သတိပေးတော်မူခဲ့ ပါသည်။ ထို့ကြောင့် သံဃာတော်အရှင်များသည် မဟာဂန္ဓာရုံဆရာတော် ညွှန်ပြထားသကဲ့သို့ အမျိုး သားရေးစိတ်ဓာတ် ရှိသင့်၏။ 

       ယခုအချိန်၌လည်း နိုင်ငံတော်ကြီးသည် ခေတ်သစ်စနစ်သစ်ဖြင့် ချီတက်လျက်ရှိသောကြောင့် ဖွံဖြိုးတိုးတက်ဖို့ အတွက် အညွန့်တလူလူ တက်လျက်ရှိ၏။ မကြာခင်သောအချိန်ဝယ် နိုင်ငံတကာမှ စီး ပွားရေးလုပ်ငန်းရှင်ကြီးများ လာရောက်ကျပေတော့မည်။ ထိုအခါ ကျွဲကူးရေပါဆိုသကဲ့သို့ တိုင်းတပါး ယဉ်ကျေးမှု ဓလေ့စရိုက်များသည်လည်း ရောထွေးယှက်တင် ပါလာတော့မည်ဖြစ်သည်။

      သို့ဖြစ်က အမျိုးသားရေး စိတ်ဓာတ်အားနည်းသော တိုင်းရင်းသား လူငယ်လေးများအား ရေခြားမြေခြား ယဉ်ကျေးမှု ဓလေ့စရိုက်များ ကူးစက်ခံရပေလိမ့်မည်။ ယင်းသို့ကူးစက်ခံရလျှင် အမျိုးဘာသာ သာသနာ သည် ခြစားခံရ သော အိမ်တိုင်ကဲ့သို့ ပြိုလဲသွား နိုင်ပေသည်။ ထို့ကြောင့် ယခုကတဲကစပြီး ကြိုတင်၍ လူငယ်များ အမျိုးသားရေး စိတ်ဓာတ် ရှင်သန်ထက်မြက်စေဖို့ ကြိးစားရမည် ဖြစ်၏။

    အဆိုတစ်ခုရှိ၏။ ``လူမျိုး၏အသက်သည် ယဉ်ကျေးမှု၊ ယဉ်ကျေးမှု၏ အသက်သည် စာပေ`` ဟူသတတ်။ တန်ဖိုး မဖြတ် နိုင်သော ဆိုရိုးတစ်ခုပင်။
      ထိုသို့ဖြစ်လျှင် မြန်မာလူမျိုး၏အသက် မြန်မာယဉ်ကျေးမှု၊ မြန်မာ့ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ် စာပေဖြစ်၏ဟု ဆိုရချိမ့်မည်။ ထိုစကားဆိုသင့်စွာ့။ ပထမမြန်မာနိုင်ငံတော်သည် ပုဂံခေတ်မှာ ဖြစ်ပေါ်လာ ၏။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှု ဆိုသည်မှာ ပုဂံယဉ်ကျေးမှုပင် ဖြစ်ပေသည်။ ပုဂံယဉ်ကျေးမှုသည်လည်း ပိဋကတ်စာပေ (ဗုဒ္ဓစာပေ)မှာ မြစ်ဖျားခံ၏။ ဘာ့ကြောင့်နည်း၊ “လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း၊ စာကြည့်တိုက်အစ ပိဋကတ်တိုက်က” ဆိုသည့်အတိုင်း ပုဂံခေတ်တွင် ပိဋကတ်စာပေကို အထူးလေ့လာ သင်ယူကြ၏။ လူနေမှုစနစ်တစ်ခုလုံးကိုလည်း ပိဋကတ်စာပေနှင့်အညီ ပြုပြင်ပြောင်းလဲလိုက်၏။ ထို့ကြောင့် ပုဂံ ယဉ်ကျေးမှု၏ အသက်သည် ပိဋကတ်စာပေပင် ဖြစ်ပေသည်။

      ချဲ့ဦးအံ့။ ဘုရင်အနော်ရထာသည် အရှင်အရဟံကို ဆရာတင်၍ ပုဂံမြို့ကြီးကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ သာသနာရေးစသဖြင့် ဘက်ပေါင်းစုံမှ တိုးတက်အောင် ခိုင်ခိုင်ခန့်ခန့် တည်ဆောက်ခဲ့၏။ ဆရာသခင် အရှင်အရဟံက လည်း ဘုရားသားတော်ပီပီတိုင်းသူပြည်သားလူအများအား သမ္ပဒါ တရား၊ လောကပါလတရား၊ အရိဟာနိယ တရား၊ မင်းကျင့်တရား၊ သင်္ဂဟတရား၊ သိင်္ဂါလောဝါဒတို့ကို ပို့ချဟောပြကာ ထည်ဝါသော၊ ဂုဏ်သရေရှိသော ပုဂံယဉ်ကျေးမှုကို အကောင် အထည်ဖေါ်ခဲ့ ပေသည်။

      ထိုကဲ့သို့ ဆရာဒကာလက်တွဲ၍ ကြိုးစားအားထုတ်ခဲ့သောကြောင့် မြန်မာနှင့် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာ သာနှင့် မြန်မာ ခွဲခြား၍ မရလောက်အောင် ပုဂံယဉ်ကျေးမှုသည် ဘုန်းမီးနေလတောက်ခဲ့၏။ ထိုကို ဂုဏ် ယူသောအားဖြင့် “သာကီမျိုးဟေ့၊ တို့ဗမာ”ဟုပင် ကြွေးကြော်ခဲ့ကြပေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံ များကလည်း “ဘုရင်အနော်ရထာ”ဆိုလျှင် ဖိန့်ဖိန့်တုန်အောင် လေးစားခဲ့ကြ၏။
      ထို့ကြောင့် မြန်မာလူမျိုးများအတွက် အရှင်အရဟံနှင့် ဘုရင်အနော်ရထာ၏ ကျေးဇူးတို့ကား ဆပ်၍မကုန်နိုင်လောက်အောင် ကြီးမား လှပေသည်။

         “မြန်မာ”ဆိုသည့် စကားလုံးသည် ပုဂံမှ အစပြုကာ ကမ္ဘာ့မြေပုံပေါ်၌ ထင်ရှားပေါ်ပေါက်လာခြင်းဖြစ် သည်။ ထိုမှတဖန် ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းဘုရားတို့ ကလည်း ဘုရင်အနော်ရထာ၏ ခြေရာကို နင်းခဲ့ကြပြန်သော
ကြောင့် မြန်မာ့ယဉ်ကျေးမှုသည် ဆက်လက်၍ အားကောင်း မောင်းသန် ရှင်သန်ခဲ့ရပေသည်။
        
       ထို့ထက် ပို၍ထင်ရှားသည်ကား ကုန်းဘောင်မင်းဆက်မင်းတုန်းမင်းတရားကြီးတည်း။ ထိုမင်း တရားကြီးသည် သာသနာ တော်ကို အလွန်ကြည်ညို၏။ဘုန်းကြီးကျောင်းတိုက်ပေါင်း မြောက်များစွာ တည်ဆောက်လှူဒါန်းခဲ့၏။ ထိုကျောင်းတိုက်ကြီး များသည် ယနေ့ခေတ်အခေါ်အရ ပြောလျှင် ဗုဒ္ဓကောလိပ်၊ ဗုဒ္ဓတက္ကသိုလ်ကြီးများပင်တည်း။

      ထိုမင်းတရားကြီးသည်ကား ပဉ္စမသင်္ဂါယနာတင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွဲကာ ဘုရားမြတ် စွာဟောကြားခဲ့သည် ပိဋကတ်စာပေကို ကျောက်ထက်အက္ခရာထိုးခဲ့သဖြင့် မြန်မာ့ယဉ်ကျေးမှုသည် ပိဋကတ်စာပေနှင့် တထပ်တည်းဖြစ်ကြောင်း ကမ္ဘာသိ ကြေငြာ လိုက်ပြန်တော့သည်။ ပိဋကတ်သုံးပုံကို မှတ်တမ်းတင်ထားသော ယင်းကျောက်စာချပ်များသည်ကား “ကမ္ဘာ့အကြီးဆုံး စာအုပ်” ဟု ကမ္ဘာ့ဂန္ထ၀င်၌ မှတ်တမ်းဝင်သွားလေတော့၏။
           ထို့နောက်
          အမိမြန်မာနိုင်ငံကြီးသည်အင်္ဂလိပ်လက်အောက် ရောက်သွားသဖြင့် မြန်မာ့ယဉ်ကျေးမှုသည် မှေးမှိန် ခဲ့ရပြန်သည်။ အုပ်ချုပ်သူအင်္ဂလိပ်များက တိုင်းတပါးမှ ဘာသာခြားလူမျိုးခြားများကို နေရာပေးကြ၏။ သူတို့စိတ်ကြိုက်ပုံ ဖေါ်နိုင်ဖို့ အတွက် နယ်စပ် ဒေသရှိ အလွန်ရိုးစင်းသော တိုင်းရင်းသားများအား သူတို့စာပေ၊ ဘာသာ၊ ယဉ်ကျေးမှုကို ရိုက်သွင်း ပေးလိုက်တော့၏။ မြန်မာ့ဇာတိသွေး ဇာတိမာန်တို့ကို ချိုးနှိမ်ခဲ့၏။
 
       ယင်းသို့လျှင် ဘာသာခြား လူမျိုးခြားများ၏ လက်အောက်၌ နေရခြင်းကြောင့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် အနှိမ်ခံနင်းပြားဘ၀သို့ မရှုမလှ ရောက်ခဲ့ရပေသည်။ ထို့ကြောင့် သူ့ကျွန်မခံလိုသော စိတ်ဖြင့် တိုင်းပြည်လွပ်လပ်ရေး ရဖို့အတွက် တစ်မျိုးသားလုံး ကြိုးစားခဲ့ရပေသည်။ လွပ်လပ်ရေးလည်း ရခဲ့ပါ၏။ သို့သော် စစ်အတွင်းက မရုန်းထွက်နိုင်ခဲ့။ နယ်ချဲ့သမားတို့၏ အရောင်ဆိုးခြင်းခံလိုက်ရသော တိုင်းရင်းသားများက တော်လှန်ပုန်ကန်ကြသဖြင့် “တိုင်း ပြည်ကနုနု၊ မုန်တိုင်းကထန်ထန်”ဆိုရလောက်ေ အာင် ပြည်တွင်းစစ်ဖြစ်ကြပြန်၏။ ယခုအချိန်၌ ပြည်တွင်းစစ်ဖြစ်နေခြင်းသည် ယင်းနယ်ချဲ့သမားတို့ လက်ချက်ကြောင့်တည်း။

       ယင်းသို့ပင် အခြေအနေအမျိုးမျိုးဖြင့် ရင်ဆိုင်နေရစေကာမူ. . . မြန်မာနိုင်ငံကြီး လွပ်လပ်ရေးရပြီးနောက်တွင် သမ္မတ၊ ၀န်ကြီးချုပ်အမှူးရှိသော နိုင်ငံအကြီးအကဲများက ရှေးရှေး သာသ နာပြုမင်းများကို နှလုံးမူကာ အမျိုး ဘာသာ သာသနာ မတိမ်ကောစေဖို့အတွက် ပထမပြန် စာမေးပွဲများ ကျင်းပပြုလုပ်ခြင်း၊ ပါဠိတက္ကသိုလ်များကို ဖွဲ့စည်းပေးခြင်း၊ ဆွမ်းဆန်တော်နှင့် န၀ကမ္မအလှူငွေ များ ထောက်ပံ့ခြင်း၊ ပဋိပတ်ရိပ်သာများ တည်ထောင်ဖွင့်လှစ်ခြင်း၊ တိပိဋကစာမေးပွဲ များ ကျင်းပခြင်း၊ ဘွဲ့ တံဆိပ်တော်များ ဆက်ကပ်ခြင်း စသော ကြီးကျယ်သော သာသနာ့ အလုပ်များကို အစဉ်အလာ မပျက် ကျင်းပပြုလုပ်ခဲ့ကြပေသည်။
      ထိုမှတပါး ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကိုလည်း ပြည်ပနိုင်ငံများကိုပါ ဖိတ်ကြား၍ တခန်းတနားဆင်နွှဲခဲ့ကြပြန် ပါသည်။
          ထိုကဲ့သို့သာသနာပြုအလုပ်များကို ပြုလုပ်ကြခြင်းသည် မြန်မာ့အသက်ဖြစ်သော ပိဋကတ်စာပေကို မကွယ် ပျောက်ဖို့နှင့် အမျိုးသားရေး လက္ခဏာများ မတိမ်ကောစေဖို့ ဖြစ်ပေသည်။

       နိုင်ငံတော်အကြီးအကဲများသည် ထိုမျှလောက်နဲ့အားမရသဖြင့် “သာသနာရေး ၀န်ကြီးဋ္ဌာန”ဟု ၀န်ကြီးဋ္ဌာနတစ်ခု ဖွဲ့စည်း ပေးခဲ့ပါသည်။ ထို့ကြောင့် သာသနာရေးဝန်ကြီးဋ္ဌာနဟူသည် မြန်မာလူမျိုးတို့၏ အသက်ဖြစ်သော “ပိဋကတ် စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာန” ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ခရစ်ယာန် ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ် ဘာသာ စသော ဘာသာတိုင်းနှင့် သက်ဆိုင်သော“ဘာသာရေးဝန်ကြီး ဋ္ဌာန” မဟုတ်ပါ။

                            ဤသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပေသည်။
         ရှင်းပါဦးအံ့။ “သာသနာ (သာသန)”ဟူသော စကားသည် ပါဠိစကားဖြစ်၏။ “ဘုရားအဆုံးအမဖြစ်သော ပိဋကတ်စာပေ” ဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် မည်သည့်ဘာသာနှင့်မျှမဆိုင်။ ဗုဒ္ဓသာသနာတော်နှင့်သာ သက်ဆိုင်သော စကားလုံးဖြစ်၏။ တချို့ ဘာသာများကား ထို“သာသနာ”ဆိုသော စကားလုံးကိုပင် အတု ယူထားကြ၏။ ဥပမာ- အစ္စလာမ် သာသနာ။ ယင်းကဲသို့ သာသနာဟူသော စကားလုံးကို ယူထားခြင်းသည် ဗုဒ္ဓသာသနာကို ဝေါဟာရဖြင့် ပူးသတ်ခြင်း ပင်တည်း။ ထိုအသုံးအနှုံးမျိုး မသုံးနှုန်းဖို့ရန် ကန့်ကွက်ရပေ မည်။ ထို့ကြောင့် “သာသနာရေးဝန်ကြီးဋ္ဌာန ဆိုသည်မှာ ပိဋကတ်စာပေကို ထိန်းသိမ်းသော ၀န်ကြီးဋ္ဌာ နဖြစ်ကြောင်းကိုလည်းကောင်း၊ သာသနာဟူသော စကားလုံး ဝေါဟာရမှာ ဗုဒ္ဓသာသနာနှင့်သာ သက်ဆိုင်သော စကားလုံး ဝေါဟာရ ဖြစ်ကြောင်း ကိုလည်းကောင်း” ကို လွှတ်တော်ထဲရောက်အောင် တင်သွင်းရပေမည်။

      လွှတ်တော်ဆိုသည်မှာ တစ်တိုင်းပြည်လုံးနှင့်သက်ဆိုင်သော စည်းကမ်းဥပဒေများကို အကြံပေးခြင်း၊ ရေးဆွဲခြင်း၊ အတည် ပြုခြင်း၊ ထုတ်ပြန်ခြင်းစသည်ဖြင့် ဥပဒေပြုအာဏာကို ချုပ်ကိုင်သော ဋ္ဌာနချုပ်ကြီး တစ်ခုပင်တည်း။ ထို့ကြောင့် အသက်တမျှ အရေးကြီး လှ၏။ ယင်းသို့ အသက်တမျှ အရေးကြီးသော လွှတ်တော်ထဲ၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီး၏ သာသနာရေးနှင့် ပတ်သက်သော အကြောင်းအရာများကို တိုက်ရိုက် တင်သွင်းခွင့်၊ ညွှန်ကြားခွင့် ရပါ၏လော။ (သို့မဟုတ်) အမျိုး ဘာသာ သာသနာကို မှေးမှိန်စေသာ တခြားသူများ၏ အဆိုပြုလွှာများကို ကန့်ကွက်ခွင့် ရှိပါ၏လော။ စဉ်းစားသင့်၏။
           
          တချို့ဘာသာခြားလွှတ်တော်အမတ်များက ကိုးကွယ်မှုဘာသာ၊ လူမျိုးရေးနှင့် ပတ်သက်သော အကြောင်းအရာ များကို အဆိုတင်သွင်းကြ၏။ ဥပမာ- ဘူးသီးတောင် မောင်းတောမှ ဘင်္ဂါလီလူမျိုးများ ကို ပြည်မကြီးထဲ၌ တံခါးမရှိဓားမရှိ သွားလာနိုင်ဖို့အတွက် အဆိုတင်သွင်းခြင်း၊ ဘူးသီးတောင် တခွင်မှာ ဘာသာစကား အခက်အခဲကြောင့် မြန်မာလူမျိုးစစ်စစ် ဖြစ်သော ဆရာ ဆရာမများကို မခန့်ဘဲ ဘင်္ဂါလီ လူမျိုးဖြစ်သည့် ဆရာ ဆရာမများကို ခန့်အပ်ဖို့အတွက် အဆိုတင် သွင်းခြင်း၊ စသည်စသည်တို့ဖြစ်ပါသည်။

         မြန်မာနိုင်ငံဖြစ်ပါလျက် မြန်မာစကားသည် သူတို့အတွက် ခက်ခဲနေသတဲ့။ အလွန်ကန့်ကွက်သင့်သော အဆိုပြု လွှာတည်း။ ပြည်ထောင်စုဝန်ကြီးကလည်း လက်မခံပါ။ ဘာသာခြားတို့၏ အဆိုပြုလွှာကို ထောက် ဆပါက ဘာသာခြား လူမျိုးခြားတို့သည် မြန်မာ စကားကို ပစ်ပယ်လိုခြင်း၊ မြန်မာ့ ယဉ်ကျေးမှု ကို ဖျောက် ဖျက်လိုခြင်း၊ သူတို့ ဘင်္ဂါလီစကားကိုသာ သုံးနှုံးလိုခြင်း၊ သူတို့ယဉ်ကျေးမှု သူတို့ ဘာသာကိုသာ တွင် ကျယ်စေလိုခြင်း စသော သူတို့၏ သဘောထား ဆန္ဒကို မှန်းဆနိုင်ပေသည်။ ထိုဆန္ဒမှာ . . .စာပေစကားဖြင့် ပြောလျှင် “ပါပိစ္ဆာ”ဟု ပြောရပေမည်။ “ပါပိစ္ဆာ”ဟူသည် အမျိုးဘာသာ သာသနာကို ဖျက်ဆီးလိုသော အလိုဆိုးတည်း။
 
         ထိုအဆိုပြုလွှာများကို ကန့်ကွက်ဖို့အတွက် မိမိတို့ သံဃာတော်များက တာဝန်ယူရပေမည်။ ထိုမျှလောက်မျှ လုပ်ပိုင်ခွင့် မရှိလျှင် သံဃာ့အဖွဲ့အစည်းကြီးတစ်ခုလုံးသည် လူ့အခွင့်အရေးချိုးဖောက် ခံရခြင်းပင် ဖြစ်ပေ၏။ ယနေ့ သံဃာ့အဖွဲ့အစည်းကြီးသည် ယင်းသို့သော “လူ့အခွင့်အရေး” ရပါ၏လော။ စစ်ကြောသင့်၏။ အားလုံးစုပေါင်း၍ ဥပဒေ ဘောင်အတွင်းက တောင်းဆိုဖို့ လိုအပ်ပေသည်။ တစ်သာသနာလုံးနှင့် သက်ဆိုင်သောကြောင့် ညီညီ ညွတ်ညွတ်နဲ့ အရေးဆိုဖို့ လိုအပ်လှပေသည်။

        အမျိုးသားရေးစိတ်ဓာတ် ထက်သန်သော နိုင်ငံတော် သံဃမဟာနာယကဆရာတော်တစ်ပါးက ပြော ဖူး၏။ “သက်ဆိုင်ရာ ဋ္ဌာနကို အမျိုးဘာသာ သာသနာနှင့် ပတ်သက်သည့်ကိစ္စမှန်သမျှ အကြံပြုစရာရှိလျှင် အကြံပြုမည်၊ တိုက် တွန်း စရာရှိလျှင် တိုက်တွန်းမည်၊ ကန့်ကွက်စရာကန့်ကွက်မည်ဆိုပြီး သက်ဆိုင်ရာကို အဆိုတင်သွင်းတယ်၊ ညွှန်ကြား တယ်၊ ဒါပေမဲ့ သဲထဲရေသွန်သလိုပဲ ဘာမှ မထိရောက်ခဲ့ဘူး”ဟု အမိန့်ရှိဖူး၏။

     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် တစ်ပါးဖြစ်ပါလျက် ထိုဆရာတော်၏ အရှိန်သြဇာသည် သက်ဆိုင်သော ဋ္ဌာနသို့ ဘာ့ကြောင့် မသက်ရောက်သနည်း။ နိုင်ငံတော်၏ အခြေခံ “စည်းမျဉ်းဥပဒေ၊ မူဝါဒ” အားနည်း သောကြောင့် ဖြစ်ပေသည်။ ယင်းကဲ့သို့ အားနည်းခြင်းသည် သံဃမ ဟာနာယက အဖွဲ့တစ်ခုတည်းနှင့် မသက်ဆိုင်ပေ။ တစ်သာသနာလုံးနှင့် သက်ဆိုင်၏။ တစ်မျိုးသားလုံးနှင့် သက်ဆိုင်၏။
         ထို့ကြောင့် အမျိုးဘာသာ သာသနာနှင့်သက်ဆိုင်သော “မူဝါဒ”ကို သံဃာထုတစ်ရပ်လုံးကို ကိုယ်စားပြုသော အဖွဲ့အစည်း တစ်ခုခု (ဥပမာ- နိုင်ငံတော်သံဃမဟာနာယက၊ နိုင်ငံတော် ၀ိနည်းဓိုရ် အဖွဲ့၊ ပညာရေးအဖွဲ့၊ တိုင်း သံဃနာယက၊ မြို့နယ် သံဃနာယကစသည်) က လွှတ်တော်ထဲမှာ တင်သွင်း ခွင့်၊ ညွှန်ကြားခွင့် ရှိရပေမည်။

          သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒဗုဒ္ဓသာသနာကို ကိုးကွယ်သော ဒီမိုကရေစီနိုင် ငံပင်ဖြစ်၏။ သို့သော် ထိုနိုင်ငံသည် ဗုဒ္ဓသာသနာကို အထူး အားပေး၏။ နိုင်ငံတော်သမ္မတသည်ပင် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို သည့်နေ့၌ သူတို့နိုင်ငံရှိ စွယ်တော်ကိုလည်းကောင်း၊ သံဃမ ဟာနာ ယက ဆရာတော်များကိုလည်းကောင်း သွားရောက်၍ ဦးတိုက်ရ၏။ ထိုမှတပါး၊ လွှတ်တော်ထဲ၌ သာသနာရေးကိစ္စများကို ဆောင်ရွက်နိုင်ဖို့အတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို လွှတ်တော်အမတ် အဖြစ် တက်ရောက်ခွင့် ပြုထား၏။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာကဲ့သို့ ဖြစ်နေရကား ထိုအခွင့် အရေးပေးထားခြင်း ဖြစ်၏ဘာသာခြားများကိုကား ထိုကဲ့သို့ အခွင့်အရေး မပေးပါ။ မြန်မာနိုင်ငံမှာ ကော ထိုကဲ့သို့ မဖြစ်သင့်ပေဘူးလား။

          ဒီမိုကရေစီနိုင်ငံဖြစ်ဖြစ်၊ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံဖြစ်ဖြစ်၊ မည်သည့်နိုင်ငံမှာမဆို ကိုယ့်ဘာသာကို တန်ဖိုးထား ကြသည်မှာ ထုံးစံပင်တည်း။ အီရန်နိုင်ငံ၏ လူဦးရေ အများစုသည် မွတ်စလင် ဘာသာဝင်များ ဖြစ်၏။ ထို့ကြောင့် သမ္မတမှအစ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို မွတ်စလင်ဘာသာ ၀င်များသာ တာဝန်ယူထားကြပါသည်။ အပြစ် မဆိုသာပေ။ မွတ်စလင် ဘာသာရေး ခေါင်းဆောင် အယာတိုလာ ခါမေ နီ၏ အရှိန်သြဇာသည် အီရန်သမ္မတ အပေါ်မှာပင် တိုက်ရိုက် သက်ရောက်လျှက် ရှိပေ၏။ မိမိတို့ဘာသာကို တန်ဖိုးထားသည့် ထိုကဲ့သို့သော နိုင်ငံများကို အတုယူ၍ မြန်မာ နိုင်ငံသည်လည်း ဗုဒ္ဓဘာသာ ၀င်အများစု နေထိုင်သော နိုင်ငံဖြစ်သောကြောင့် မိမိတို့ ဗုဒ္ဓ သာသနာကို ရှေးဘုရင် များကဲ့သို့ အထူးတလည် အားပေးသင့်လှ၏။

         သံဃာ့အဖွဲ့အစည်းကြီးသည် မြန်မာလူမျိုးတို့၏အသက်ဖြစ်သော ပိဋကတ်စာပေကို သင်ယူပို့ ချနေကြရကား အနော်ရထာ အစထား ရှေးရှေးသောဘုရင်တို့သည် သံဃာ့အဖွဲ့အစည်းကြီးကို အလွန်အား ကိုးကြ၏။ ထိုကဲ့သို့ အားကိုးခဲ့ သောကြောင့်လည်း ယနေ့ အချိန်၌ မြန်မာယဉ်ကျေးမှုသည် မတိမ်ကော မပျောက်ကွယ်ခြင်း ဖြစ်ပေသည်။

          လွှတ်တော်မရှိသော ပုဂံခေတ်ကဆိုလျှင် အရှင်အရဟံသည် ဘုရင်အနော်ရထာကို တိုင်းသူပြည်သား လူအများ အား မင်းကျင့်တရားနှင့်အညီအုပ်ချုပ်ဖို့ ဆုံးမ၏။ တိုက်တွန်း၏။ ဒုစရိုက်တရားများကို မလုပ်ဖို့ တားမြစ်၏။ ထို့ ကြောင့် ပုဂံနေပြည်တော်သည် ကမ္ဘာက လေးစားရသည့်အနေအထား ရောက်ရှိခဲ့ခြင်း ဖြစ် ၏။

          “ပုဂံခေတ်သာ ယခုခေတ်ကဲ့သို့ လွှတ်တော်ရှိလျှင် လွှတ်တော်အဓိပတိသည် ဆရာတော်သံဃာတော် များပင် ဖြစ်လောက် စရာရှိ၏” ဟု တွေးမိပေသည်။ ဘာ့ကြောင့်နည်း၊ သံဃာတော်အရှင်မြတ်များသည် သက်ဦးဆံပိုင် ဘုရင် ဧကရာဇ်များကိုပင်ချုပ်ကိုင်နိုင် သောကြောင့် တည်း။ မြန်မာ့စာပေ၊ မြန်မာ့ ယဉ်ကျေး မှု၊ မြန်မာအုပ်ချုပ်ရေးနှင့် ပတ်သက်၍ သံဃာအဖွဲ့အစည်းကြီးသည် မည်မျှလောက် အရေးပါသည်ဆိုသည် ကို သမိုင်းဆရာများ ကောင်းကောင်းကြီး သိရှိကြပါ၏။

          ရှေးခေတ်သံဃာတော်များသည် ဘုရင်ကို ဆုံးမသွန်သင်နိုင်သည့် အခွင့်အာဏာ၊ အမိန့်သြဇာ ရှိသေးသည် ဆိုလျှင် ယနေ့ ခေတ် သံဃာတော်များသည် လွှတ်တော်ထဲ၌ တစုံတစ်ခုသော လုပ်ပိုင်ခွင့် အာဏာ ရှိသင့်သည်သာ။ မြန်မာနိုင်ငံ၌ သံဃာတော် အရေအတွက်သည် ၅၀၀၀၀၀ (ငါးသိန်း) ၀န်းကျင် ရှိ၏။ ထိုမျှလောက်များပြားသော သံဃာ့ အဖွဲ့အစည်း ကြီးသည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အောက်မှာ ရှိ၏။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များ၏ သာသနာရေးနှင့် ပတ်သက်သော ညွှန်ကြားလွှာများသည် လွှတ်တော်ထဲ၌ သက်ရောက်မှုရှိကို ရှိစေရ မည်။ ရှိလည်း ရှိသင့် ပေသည်။

         ဗုဒ္ဓစာပေတည်တံ့မှ ပုဂံယဉ်ကျေးမှုတည်တံ့မည်ဖြစ်သောကြောင့် မြန်မာကို ချစ်သော မြန်မာ လူမျိုး မှန်သမျှသည် ဗုဒ္ဓစာပေကို အသက်တမျှ တန်ဖိုးထားရပေမည်။ ဗုဒ္ဓစာပေကွယ်ပျောက်လျှင် ပုဂံယဉ်ကျေးမှု ကွယ်ပျောက်သွားပေမည်။ ပုဂံယဉ်ကျေးမှု ကွယ်ပျောက်လျှင် မြန်မာ့ယဉ်ကျေးမှုလည်း ကွယ်ပျောက် သွားပေမည်။ မြန်မာ့ယဉ်ကျေးမှုကွယ်ပျောက် သွားလျှင် မြန်မာလူမျိုး ဆိုသည်မှာလည်း ကွယ်ပျောက် သွားမည်ဖြစ်၏။ သို့ဖြစ်ရကား အမျိုးဘာသာသာသနာ မကွယ်ပျောက်ဖို့ အတွက် တက်ညီလက်ညီ ကြိုးစား သင့်ပေသည်တကား။
                                                       သီတဂူ အရှင်ဒေ၀ိန္ဒာဘိဝံသ (စစ်ကိုင်း)