ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

27/05/2012

"လက်ပံတော"

1. စီးဆင်း ရင်ခွင် | 5/27/2012 | 2. 3. 4. 5. 6. Best Blogger Tips


“လက်ပံတော”

လောဘကြီးလို့  မဟုတ်
လူသားရဲ့ လုံ့လ
သေခါမှ လျှော့လိုတဲ့
ဦးမော့နေတဲ့ ဇွဲသတ္တိကြောင့်ပါ။

တကယ်မဖြစ်တော့လဲ
ရယ်ပစ်နိုင်ပါတယ်။

တကယ် မရတော့လဲ
တဲအိုပျက်မှာ နေရ နေရ။

စိတ်ဓာတ်မကျ အလံမလဲစတမ်း
ရောင့်ရဲ တင်းတိမ်
ဘဝမှာ ခံတွင်း မြိန်တက်ပါတယ်။

လူသားတို့  ရွာကို
လက်ချည်းလာခဲ့တဲ့ ငါဟာ
ဘာကိုများ မက်မောလို့ 
လက်ပံတောကို တမ်းတနေရအုံးမှာလဲ။

နေလဲပျော်ပျော်၊ သေလဲပျော်ပျော်
ငါ့အဖော်တွေ တပုံကြီးပါကွယ်။ ။

        တင်မိုး
   ၃၀၊ ဇန္နဝါရီ၊ ၁၉၉၉
   စနေ နေ့  နံက်ခင်း

22/05/2012

“အပြောင်းအလဲနဲ့ အလဲအပြောင်း”

1. စီးဆင်း ရင်ခွင် | 5/22/2012 | 2. 3. 4. 5. 6. Best Blogger Tips
         “မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း” ဆိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်တဲ့အခါမှာ တစ်ခါတည်း ခေါင်းနဲ့ ပန်း လှန်သလို ပြောင်းပြီး လဲပစ်မလား၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်းယူ မလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ခြင်းဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ” 
                            (တောင်တွင်းကြီး၊ နတ်မှီတောရဆရာတော်ကြီး)  

      ၁၃၃၅-၃၆ (၁၉၇၄-၇၅)ခုနှစ်များက ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ နိကာယ် ငါးရပ်သင်တန်းမှာ မြတ်စွာဘုရားရှင်ရဲ့ တရား ဦးဒေသနာ(ဓမ္မစကြာ)နဲ့ ပတ်သက်လို့ အတော်လေး အကျယ်တဝင့် ဆွေးနွေးပြောဆိုကြပါတယ်။ သင်တန်းတာဝန်ခံ (စာချ)ဖြစ် တဲ့ ဒေးဒရဲ ကွင်းကျောင်းဆရာတော်ကြီးက “ဗုဒ္ဓပွင့်တော်မူချိန်အထိ မဇ္ဈိမဒေသမှာ အဓိက လွှမ်းမိုးထားတဲ့ အယူဝါဒက “အတ္တဝါဒ”ပဲ။ အတ္တဝါဒ ဆိုတာ အကျဉ်းချုပ်ကတော့ “နိစ္စ = မြဲတယ်၊ ဓုဝ = ခိုင်ခန့်တယ်၊ သဿတ = ဒီအတ္တကလေးချည်း တစ်ဆက်တည်းဖြစ်နေတယ်၊ အဝိနာသီ = ဒီအတ္တကလေးဟာ ပျက်စီးခြင်းလည်း မရှိဘူး၊ သဗ္ဗဗျာပီ = တစ်ကိုယ်လုံးမှာရော အရာခပ်သိမ်းမှာပါ ပျံ့နှံ့ပြီး တည်နေတယ်၊ သယံဝသီ = အဲဒီအတ္တရဲ့ အလိုကျအတိုင်းသာ အရာရာက လိုက်နေရတယ်” လို့ ယုံကြည်လက်ခံတဲ့ ဝါဒပေါ့။

       “ဆင်းရဲကင်းပျောက် ချမ်းသာရောက်ရေး” ဆိုတဲ့ နေရာမှာလည်း ဒီအတ္တကို အခြေခံ “အရှိ”အဖြစ် ခံယူပြီးတော့ပဲ “အတ္တရဲ့အလိုကျ လိုအပ်သမျှ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ရှာဖွေခံစားပေးခြင်းဟာ ချမ်းသာအစစ်ပဲလို့ ခံယူပြီး အမြဲကြိုးစားကျင့်သုံးကြတဲ့ “ကာမသုခလ္လိကာနုယောဂ” အုပ်စုရယ်၊ ဒီအတ္တကလေး ဒီခန္ဓာကိုယ်ကြီးကို ငြီးငွေ့စွန့်ခွာပြီး မဟာပရမတ္ထမလို့ခေါ်တဲ့ မူလအတ္တကြီးဆီပြန်ရောက်မှ ချမ်းသာအစစ်ကိုရရှိမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတဲ့ အတ္တကလေးကို အမျိုးမျိုးညှင်းဆဲကျင့်သုံးတဲ့ “အတ္တကိလ မထာနုယောဂ” အုပ်စုရယ်ဆိုပြီး အုပ်စုနှစ်မျိုးကွဲသွားတာပါ။ 

    တို့မြတ်စွာဘုရားရှင်လည်း အလောင်းတော်သိဒ္ဓတ္ထမင်းသားဘဝမှာ ဒီအစွန်းနှစ်ခုလုံးကို ကိုယ်တိုင်ကျင့်သုံးခဲ့တာပဲ မဟုတ်လား။ ကပိလဝတ်နန်းတော်ထဲမှာ ကာမသုခလ္လိကာနုယောဂအကျင့် ကိုလည်း သူမတူ အစွန်းရောက်အောင် ကျင့်သုံးခဲ့တာပဲ။ “အတ္တ”ဆိုတာ သူ့အလို အတိုင်း ဖြစ်စေတယ်လို့ ဆိုထားပေမယ့် တကယ့်လက်တွေ့မှာ အိုတာ၊ နာတာ၊ သေတာကို ကျတော့ သူဘာမှ မတတ်နိုင်ဘူး ဆိုတာလည်း သိရော တစ်ခါတည်း ဥရုဝေလတောအရောက် ထွက်သွားတော့တာပဲ။ 

       ကပိလဝတ်နန်းတော်ထဲတုန်းက အတ္တရဲ့ အလိုလိုက် အကြိုက်ဆောင်ပေးနေပေမယ့် တကယ့်ဒုက္ခကို မငြိမ်းစေဘူး ဆိုတဲ့ သတိသံဝေဂရခဲ့ပေ မယ့် “အတ္တဆိုတာ ရှိကို မရှိဘူး၊ အနတ္တပဲ” ဆိုတဲ့ အသိမျိုးတော့ မရခဲ့ဘူးလေ။ ဒါကြောင့်လည်း ဥရုဝေလတောထဲရောက်တော့ အဲဒီအတ္တကလေးကိုပဲ အရှိလို့ ထင်မြဲထင်နေပြီး ကျင့်သုံးတဲ့နေရာမှာတော့ နန်းတော်ထဲကနဲ့ ဆန့်ကျင်ဘက်အဖြစ်နဲ့ အတ္တကို လုံးဝအလိုမလိုက်ဘဲ ဆန့်ကျင်ညှင်းဆဲတဲ့အကျင့်ကို ကျင့်ပြန်ရော။ ဒါဟာလည်း နောက်ဆုံး တော့ “သေဖို့ပဲရှိတော့တယ်” ဆိုတဲ့ အခြေအနေရောက် လာတော့ မှ ကောင်းကောင်းကြီး သံဝေဂရသွားတော့တာ။ 

     အတ္တဆိုတာ “သယံဝသီ = သူ့အလိုကျအတိုင်း ဖြစ်ရမယ်” ဆိုပေမယ့် အခုလို အစားအသောက် ပါဖြတ်လိုက်တဲ့ အခါမှာတော့ ဒါရဲ့ဆိုးကျိုးက အတ္တကို ထိခိုက်တာမတွေ့ရဘဲ ခန္ခာကိုယ်ကြီးကိုပဲ ထိခိုက်တော့တာကိုး။ အဲဒီတော့မှ “အတ္တ” ဆိုတာ မရေရာ မသေချာတဲ့ အယူဝါဒ တစ်ခုပဲဆိုတာကို ရေးရေးသဘောပေါက်လာတာ။ 
    ဒါနဲ့ အလောင်းတော်သိဒ္ဓတ္ထမင်းသားဟာ အတ္တဆိုတာကို ဂရုမစိုက်တော့ဘဲ ခန္ဓာကိုယ်ကို ရပ်တည်နိုင်စေမယ့် အစားအစာကို စားသုံးပြီး ဗောဓိမဏ္ဍိုင်ကို ကြွတော့တာပေါ့။ ဗောဓိ ပင်ခြေရောက်တဲ့အခါ အတ္တအကြောင်းကို မစဉ်းစားတော့ဘဲ ခန္ဓာကိုယ်ရဲ့ တကယ့်အရှိ တရားကို ရှာဖွေသုံးသပ်မိရာက တကယ့်တရားစစ် တရားမှန်ကို ရှာဖွေတွေ့ရှိပြီး သဗ္ဗညုဘုရား အဖြစ်ရောက်သွားတာပေါ့။ 
    ဒီနေရာမှာ တပည့်သားများအနေနဲ့ နှိုင်းယှဉ်သတိထားစရာ အချက်တစ်ခုရှိတယ်၊ မြတ်စွာဘုရားရှင်ဟာ ကိုယ်တိုင် ဘုရားဖြစ်ဖို့အရေးမှာ ကပိလဝတ်နန်းတော်ထဲက ထွက်ခဲ့ပြီးနောက် ဥရုဝေလတော ထဲမှာ ခြောက်နှစ်လုံးလုံးမျက်စေ့လည်ခဲ့ရတာ။ 
        ဒါကြောင့် တောထွက်ချိန်ကစပြီး ဘုရားဖြစ်ချိန်အထိ အချိန်(၆)နှစ်တောင် ကြာသွားခဲ့တယ်။ အဲ.. တပည့်သားများကျတော့ ပထမဆုံး တပည့်ဦးကြီးတွေဖြစ်တဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ တရားဟောလို့ (၆)ရက်မြောက်မှာပဲ အနတ္တလက္ခဏသုတ်ကို ဟောလိုက်တော့ အားလုံးအာသဝေါကုန်ခန်းတဲ့ ရဟန္တာတွေ ဖြစ်ကုန်ကြတယ်။ တချို့တပည့်သားတွေဆိုရင် တခဏချင်းနဲ့တောင် ရဟန္တာတွေ ဖြစ်ကုန်ကြ တာရှိတယ်လေ။ ဒီနေရာမှာ ဘုရားရှင်ရဲ့ “သတ္ထာဒေဝမနုဿာနံ = နတ်လူအပေါင်းတို့ရဲ့ ဆရာကောင်း ခေါင်းဆောင်ရှေ့သွားကောင်းဖြစ်တယ်” ဆိုတဲ့ ဂုဏ်ဟာ အလွန်ထင်ရှားတယ်” ဆိုပြီး ဆရာတော်က စကားကို ခဏရပ်လိုက်ပါတယ်။ 

    “ဆရာတော် ခေါင်းဆောင်ကောင်း ပီသပုံလေးလဲ ထင်ရှားအောင် နည်းနည်းချဲ့ပြီး ပြောပေးပါဦးဘုရား” လို့ လျှောက်ထားကြတဲ့အခါ ဆရာတော်က -
      ဘုရားပွင့်တဲ့အချိန်မှာ ရာဇဂြိုဟ်ဝန်းကျင်မှာ ထင်ရှားတဲ့ဘာသာရေး ဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုတာ ထင်ရှားရှိနေပြီ၊ အဲဒီဂိုဏ်းကြီးတွေကို အသီးအသီးဦးဆောင်ကြတဲ့ ဂိုဏ်းဆရာကြီးတွေက ပုရာဏကဿပစတဲ့ ဆရာကြီးတွေပေါ့။ အဲဒါအရှင်တို့လည်း သိကြပြီးသားပဲ။ အဲဒီဂိုဏ်း ဆရာကြီးတွေဟာ အမှားနဲ့အမှန်ကွဲပြားအောင် ဘာကျင့်စဉ်မှ ဟုတ်တိပတ်တိ ကျင့်ကြဖူးသာ မဟုတ်ဘူး။ 
     သူတို့ စိတ်ကူးရသလို တချို့လည်း ကြားဖူးနားဝရှိတဲ့အထဲက သူတို့စိတ်ကူးနဲ့တည့်သလို ရှောင်ဖို့ ပညတ်တာတွေလည်း ရှိတယ်။ ဆောင်ဖို့ တိုက်တွန်းတာတွေလည်း ရှိတယ်။ သူတို့ကသာ ဂိုဏ်းဆရာကြီးတွေအဖြစ်နဲ့ ကိုယ့်ကိုယ် ကိုယ်အထင်ကြီးပြီး အခန့်သား အပူဇော်ခံနေကြပေမယ့် သူတို့ညွှန်ကြားတဲ့အတိုင်း လိုက်နာပြီး ရှောင်ကြ၊ ဆောင်ကြလို့ ဘယ်တပည့်မှတော့ ဆင်းရဲဒုက္ခ လွတ်ငြိမ်းချမ်းသာသွားတယ်လို့ မရှိပါဘူး။ ဒါပေမယ့် သူတို့ကတော့ ဇွတ်အတင်းပဲ လိုက်နာ ခိုင်းနေကြတာပဲ။ 
    လူတွေဆိုတာကတော့ ဆင်းရဲကိုကြောက်ပြီး ချမ်းသာကို မျှော်နေကြတာဆိုတော့ ဘာရယ်လို့မဟုတ်ဘူး၊ အပြောအဟောကောင်းတာကို ရမ်းယုံလိုက်ကြတာပဲ။ ပြီးတော့ “မောဟစရိတဿ အာဓာနဂ္ဂါဟိတာ ဒုပ္ပဋိနိဿဂ္ဂိတာ = အသိဉာဏ်ချို့တဲ့သူများဟာ အယူအစွဲ ပြင်းထန် သလောက် အယူဝါဒကို စွန့်လွှတ်ဖို့ ခဲယဉ်းကြတယ်” (ဝိသုဒ္ဓိမဂ်-၁၀၃) ဆိုတဲ့အတိုင်း အယူဝါဒကို ယုံကြည်လက်ခံပြီးရင်လည်း “အမှားကြာတော့ အမှန်ဖြစ်၊ အမှန်အစစ် အမှားထင်၊ ဘုရားပင် ကုလို့မရ” ဆိုတာမျိုးတွေ ဖြစ်ကုန်တတ်ကြတော့ ဒီဆရာကြီးတွေရဲ့ နောက်လိုက်တွေမှန်သမျှဟာ အယူဝါဒတစ်ခုရဲ့ အစမ်းသပ်ခံ သားကောင်များဘဝနဲ့ပဲ “နေလည်း ဆင်းရဲ၊ သေလည်း ဆင်းရဲ” ဆိုတဲ့အဖြစ်မျိုးနဲ့ ရခဲတဲ့ လူ့ဘဝကြီးတစ်ခုလုံး အချည်းအနှီး ဆုံးရှုံးနစ်နာသွားကြတယ်။ 

      မြတ်စွာဘုရားရှင်ကို “နတ်လူအပေါင်းတို့ရဲ့ ရှေ့သွားခေါင်းဆောင်ကောင်း (သတ္ထာဒေဝမနုဿာန)လို့ ဆိုရတာက မြတ်စွာဘုရား ရှင်အနေ နဲ့ ရှောင်ရှားရမည့် အစွန်းကျင့်စဉ်မှား နှစ်ခုနဲ့ပတ်သက်ပြီး အစမ်းသပ်ခံ သားကောင်အဖြစ်နဲ့ ဘယ်တပည့် သားကိုမှ အသုံးမချဘူး သူ့ကိုယ်သူသာ အသုံးချခဲ့တာ။ အစွန်းမှားနှစ်ခုထဲက အတ္တကိလမထအစွန်းမှားကျင့်စဉ်ဆိုတာ တကယ့်အာဇာနည်စစ်စစ်ဖြစ်တဲ့ အလောင်းတော်ကြီးမို့သာခံနိုင်တာ သာမန်ပုဂ္ဂိုလ်မျိုးဆိုရင် ခြောက်နှစ်မပြောနဲ့ ခြောက်ရက်အထိ ခံနိုင်ရင် ကံကောင်း။ 
          ဒါကြောင့်လည်း ဘုရားအလောင်းတော်ဟာ ကိုယ်တိုင်အစမ်းသပ်ခံအဖြစ်နဲ့ ခြောက်နှစ်အထိ အစမ်းသပ်ခံပြီးတဲ့အခါ “ဒုက္ခော = ဆင်းရဲရုံသက်သက်ဖြစ်တယ်၊ အနတ္ထသံဟိတော = ဘာကောင်းကျိုးမှ မရနိုင်ဘူး” ဆိုပြီး ယတိဖြတ် ဆုံးဖြတ် လိုက်တယ်။ နောင်လာနောက်သား တပည့်များအနေနဲ့ ဒီလိုအမှားစွန်းရောက်အောင် အစမ်းသပ်ခံစရာ မလိုတော့ဘူး။ 
      ဒါကြောင့်လည်း ဘုရားကိုယ်တော်တိုင် ဘုရားဖြစ်ရေး အားထုတ်ရာမှာ ခြောက်နှစ်အထိကြာခဲ့ပေမယ့် တပည့်တွေကျတော့ ဉာဏ်ဓာတ်ခံကြီး ရင် ကြီးသလို တချို့အချိန်ပိုင်းအတွင်း၊ တချို့ ရက်ပိုင်းအတွင်း ကျင့်ဖွယ်ကိစ္စတွေ ပြီးမြောက်သွားကြတာပေါ့။ ဒါဟာ ခေါင်းဆောင်ကောင်း ဆရာကောင်း တို့ရဲ့ နောက်လိုက်တပည့်ဖြစ်ရခြင်းရဲ့ အကျိုးပဲ။ ဘုရားရှင်ကို ခေါင်းဆောင်ကောင်း ဆရာကောင်းလို့ ချီးကျူးဂုဏ်ပြုရတာဟာလည်း အမှားရဲ့ဒဏ်ကို အများ(နောက်လိုက်တွေ)မခံရစေဘဲ ကိုယ်တိုင် အစမ်းသပ်ခံ အဆင်းရဲခံပြီးမှ လမ်းမှန်ကို ချွင်းချက်မရှိ တိတိကျကျ ညွှန်ပြဦးဆောင်နိုင်လို့ပဲပေါ့။ 

      ကိုယ်တိုင် စမ်းသပ်ခံရခြင်းရဲ့ ကျေးဇူးက ဘယ်လောက်ထိရောက်မှုရှိသလဲဆိုရင် ကာမသုခလ္လိကအစွန်းကို ပယ်ရမယ်ဆိုတဲ့ ကိစ္စမှာ သာမန်တစ်ယောက်ယောက်ကသာ ပြောမယ်ဆိုရင် “စပျစ်သီးမှည့်ကို မမှီလို့ ချဉ်တယ်ပြောနေတာ” ဆိုတာမျိုး ဖြစ်နေမှာ၊ ခုတော့ စကြာဝတေး မင်းဖြစ်မည့် စည်းစိမ်ကိုတောင်စွန့်ခဲ့တာဆိုတော့ ဘယ်သူမှ အပြစ်မပြောသာတော့ဘူး။
          ပြီးတော့ အတ္တကိလမထ ကျင့်စဉ်ဆိုတာ အဲဒီခေတ်တုန်းက လူအလေးစားဆုံး အထင်အကြီးဆုံး အကျင့်လေး၊ သာမန်ပုဂ္ဂိုလ်ကသာ ဒီအကျင့်မျိုးကို ပယ်ရမယ်လို့ပြောရင် “သူမကျင့်နိုင်လို့ အပြစ်ပြောတာ”လို့ အတွန့်တက်ခံရမှာပေါ့။ ကိုယ်တိုင်ခြောက်နှစ်ကြီးများတောင် စံချိန်ချိုးပြီး ကျင့်ခဲ့ တာဆိုတော့ ဘယ်သူကမှ အပြစ်မပြောနိုင်တော့ဘူး။ 
       အစွန်းတရားတွေဟာ အမှားတွေဖြစ်ပေမယ့် တရားဦးကိုတော့ အများကြီး ကျေးဇူးပြုခဲ့တယ် မဟုတ်လား။ အဲဒါ ကိုယ်တိုင် အစမ်းသပ်ခံခဲ့ လို့ပဲပေါ့။ လောကမှာ နောက်လိုက်တပည့်သားများကို စွန့်လွှတ်အနစ်နာခံကြဖို့ ပြောဆိုတဲ့ ခေါင်းဆောင်မျိုးတွေ ပေါလှပေမယ့် ကိုယ်တိုင် စံပြဖြစ်အောင် စွန်လွှတ်အနစ်နာခံတဲ့ ခေါင်းဆောင်မျိုးက အရှားသား မဟုတ်လား။ ဒါကြောင့် တရားဦးဓမ္မစကြာ ကို သေသေချာ ချာလေ့လာကြည့်ရင် ဘုရားရှင်ရဲ့ ခေါင်းဆောင်ကောင်း ပီသမှုဟာ အလွန်ထင်ရှားတယ်လို့ ပြောတာ။ 

           အဲ .. နောက်တစ်ချက်က “လူအများ လက်ခံယုံကြည်နေကြတဲ့ “အတ္တ” ဆိုတဲ့ ဝါဒကြီးဟာ မရှိကို အရှိထင်နေကြတဲ့ ဝါဒကြီးသာ ဖြစ်တယ်။ တကယ့်အမှန်အကန်တရားက အတ္တမရှိတဲ့ “အနတ္တ” သာ ဖြစ်တယ်လို့ သိမြင်တော်မူပြီးတဲ့ အနတ္တဝါဒီ ဘုရားရှင်ဟာ ပထမဆုံး တရားဦး အဖြစ် ရွေးချယ်ရာမှာ အနတ္တလက္ခဏသုတ်ကို မရွေးချယ်ဘဲ ဓမ္မစက္ကပဝတ္တနသုတ်ကိုသာ ရွေးချယ် ဟောကြားတော်မူတယ်။ ဒီသုတ်ကို ငါးရက်လုံးလုံး ဟောကြားတော်မူစဉ်မှာ “အနတ္တ” ဆိုတာနဲ့ ပတ်သက်လို့ တစ်လုံးတစ်ပါဒမျှ ဟောမသွားခဲ့ဘူး။ 

   ဒါဟာလည်း အလွန်အရေးပါတဲ့ ရွေးချယ်ဟောပြောမှုပဲ။ မြတ်စွာဘုရားရှင်ရဲ့ အဟောအပြောလိမ္မာမှု ဒေသနာကောသလ္လ ဉာဏ်တော် အစွမ်းကလည်း အလွန့်ကို အံမခန်းပဲ။ ဒီအကြောင်းအရာကတော့ မဇ္ဈိမဒေသရဲ့ ဘာသာရေး အတွေးအခေါ်များနဲ့ပတ်သက်ပြီး ကျွမ်းကျင် ပိုင်နိုင်တဲ့ နတ်မှီဆရာတော်ကိုယ်တိုင် ရှင်းပြတာ ပိုပြီးကောင်းပါလိမ့်မယ်၊ ဆရာတော် ရှင်းပြပေးပါဦး” ဆိုပြီး ပြောဆိုလျှောက်ထား လိုက်ပါတယ်။ ဆရာတော်ကြီးက - 
       “အဘိဓမ္မာတစ်ရပ်မှာပဲ ဖြစ်ဖြစ်၊ အယူဝါဒ တစ်ခုခုမှာပဲဖြစ်ဖြစ်၊ ခေတ်စနစ် တစ်ခုမှာပဲဖြစ်ဖြစ်၊ “မှားရာက မှန်၊ မဲရာက ဖြူ၊ ဆိုးရာက ကောင်း” ဆိုတဲ့ အခြေအနေရောက်အောင် ပြုလုပ်တဲ့အခါမှာ တခါတည်း ခေါင်းနဲ့ပန်းလှန်သလို ပြောင်းပြီး လဲပစ်မလား၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်း ယူမလားဆိုတာ အခြေအနေအရ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ရေးဟာ ခေါင်းဆောင်ကောင်းတို့ရဲ့ အလွန်အရေးကြီးတဲ့ အရည်အချင်းတစ်ခုပဲ။
      စပ်ကူးမတ်ကူးဆိုတဲ့ ကာလမျိုးမှာ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ရဲ့ ဒီဆုံးဖြတ်ချက် အမှားအမှန်ဟာ အဖွဲအစည်းတစ်ခုရဲ့ အောင်မြင်တည်တန့်မှုနဲ့ ဆုံးရှုံးပျက်စီးမှုကို အဆုံးအဖြတ် ပေးသွားမှာ။ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်ကောင်း ဟုတ်၊ မဟုတ်ဆိုတာဟာလည်း သူ့ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်လုပ်ကိုင်မှုနဲ့ အောင်မြင်တည်တန့်မှုကို ကြည့်ပြီးတော့ပဲ သတ်မှတ်ကြတာ မဟုတ်လား။

              အခုန ကွင်းကျောင်းဆရာတော် ပြောသွားသလိုပဲ မြတ်စွာဘုရားရှင်အနေနဲ့ ပထမဆုံး သာသနာပြုတရားအဖြစ်နဲ့ မိဂဒါဝုန်တောမှာ တရားဟောပြ ရမှာက ပဉ္စဝဂ္ဂီငါးဦးတို့ ဖြစ်နေတယ်။ ဒါက ပထမဆုံး အလေးအနက်ထား စဉ်းစားရမယ့် ကိစ္စပဲ။ ဒီနေရာမှာ ပဉ္စဝဂ္ဂီငါးဦးတို့ မဟုတ်ဘဲ တခြားပုဂ္ဂိုလ်တစ်ဦးဦးလည်း ဖြစ်ခဲ့မယ်၊ အဲဒီပုဂ္ဂိုလ်ကလည်း အယူဝါဒနဲ့ ပတ်သက်လို့ အမှားနဲ့အမှန်ကိုသာ တိတိကျကျသိချင်တယ်လို့ ဆိုလာရင်တော့ ဘုရားရှင်အနေနဲ့ ဘာမှ သိပ်ရှည် ရှည်ဝေးဝေး ပြောစရာမလိုဘူး “သင်တို့ အများစု ယုံကြည်လက်ခံနေကြတဲ့ “အတ္တ” ဆိုတဲ့ အယူဝါဒဟာ မှားတယ်၊ ငါဘုရားရှင် ရှာဖွေတွေ့ရှိထားတဲ့ “အနတ္တ”သဘောတရားကသာ အမှန်ဖြစ်တယ်” လို့ ပြောဆိုလိုက်ရုံပဲရှိမှာပေါ့။ 
      ဒါပေမယ့် အခုတရားနာကြမည့်ပုဂ္ဂိုလ်တွေက ပဉ္စဝဂ္ဂီငါးဦးဖြစ်နေတယ်လေ။ အားလုံးသိထားတဲ့အတိုင်းပဲ ပဉ္စဝဂ္ဂငါးဦးထဲမှာ ဦးစီးဦးဆောင်ဖြစ်တဲ့ ကောဏ္ဍညပုဏ္ဏားကြီးဆိုတာက တကယ့် အတ္တဝါဒီအကြီးစားကြီးလေ၊ ဗြဟ္မဏတို့ရဲ့ အတ္တဝါဒနဲ့ အတ္တဝါဒအခြေခံဝေဒကျမ်း အတတ်ပညာမှာ တစ်ဖက်ကမ်းခတ် တတ်ကျွမ်းလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းဆရာ ဖြစ်ခဲ့တာ။ အလောင်းတော်မင်းသား ဖွားမြင်ခါစမှာ “ဘုရားဖြစ်မှာ ဧကန်” လို့ တစ်ခွန်းတည်း ဟောနိုင်စွမ်းရှိတဲ့ ပညာရှင်ကြီး မဟုတ်လား။ 
     သူနဲ့အတူ ကျန်တဲ့အဖွဲ့ဝင်လေးဦးတို့လည်း ဘာထူးမလဲ အတ္တဝါဒကို အခိုင်အမာ အစွဲပြင်းထန်ကြသူတွေပဲ။ ဒါကြောင့်လည်း ဥရုဝေလတောမှာ အလောင်းတော်က အတ္တကို ညှင်းဆဲဖို့ ပြင်းပြင်းထန်ထန်အားထုတ်နေစဉ်မှာ ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်နေသူတွေ ဖြစ် ခဲ့တာပေါ့။ နောက်တော့ အလောင်းတော်က အတ္တကိုညှဉ်းဆဲတဲ့ အယူအကျင့်ကို စွန့်လွှတ်ပြီး ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ဖို့ အစာစားလိုက်တာနဲ့ တပြိုင်နက် အလောင်းတော်အပေါ်မှာ အယုံအကြည် မရှိတော့ဘဲ စွန့်ခွာသွားကြတဲ့ ပုဂ္ဂိုလ်တွေမဟုတ်လား။ 
        အဲဒီပုဂ္ဂိုလ်တွေကို တရားဦးဟောတဲ့အခါ “ဝင်ဝင်ချင်း ဆောက်နဲ့ထွင်း” ဆိုတာလို “မင်းတို့ မှတ်ထင်နေတဲ့ “အတ္တ”ဆိုတဲ့ဝါဒက အမှားကြီးကွ၊ အခု ငါ ရှာဖွေတွေ့ရှိခဲ့တဲ့ “အနတ္တ”ဆိုတာ ကမှ အမှန်လို့သာ ဟောကြည့်လိုက်ပါလား၊ မိဂဒါဝုန်မှာ တရားပွဲကြီးဖြစ်သွားမလား၊ ငြင်းခုံရန်တွေ့ ပွဲကြီး ဖြစ်သွားမလား၊ ဒါကို မြတ်စွာဘုရားက ချင့်ချိန်စဉ်းစားရတာပေါ့။ 

          သမားကောင်းတို့မည်သည်လူမမာက ရောဂါပြင်းနေရင် ဆေးကို ငြင်းတတ်တယ်၊ ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ တိုက်ရိုက် ပဋိပက္ခဆေးကို တိုက်ကျွေးခဲ့ရင်လည်း လူမမာက အော့အန်ပြီး ထွေးထုတ်ပစ် တတ်တယ်ဆိုတာကို သိထားရတယ်လေ။ မြတ်စွာဘုရားကိုလည်း “မဟာဘိသက္က = ကျွမ်းကျင်လိမ္မာတဲ့ တရားဆေးဆရာကြီး”လို့ ဆိုကြတယ် မဟုတ်လား။ မြတ်စွာဘုရားရှင်က ဒီအခြေအနေအရပ်ရပ်ကို ကျွမ်းကျင်နားလည်ပြီးသား။ ဒါကြောင့် အတ္တသမားတွေနဲ့ ထိပ်တိုက်တွေ့ရမည့် ပထမဆုံးတရားဦးမှာ “အနတ္တ”ဆိုတဲ့ စကားလုံးကို တစ်လုံးတစ်ပါဒမျှ မပြောတာပေါ့။ 
          တရားဦးအဖြစ်နဲ့ ဟောတော်မူတဲ့ ဓမ္မစကြာတရားတော်ဟာ မြတ်စွာဘုရားရှင်ရဲ့ ပထမဦးဆုံးတရားတော် ဖြစ်တာနှင့်အညီ အဘက်ဘက်က ဘယ်လိုမှ ဟာကွက်မရှိ ရအောင် ဟောထားတဲ့ ဒေသနာတော်ဖြစ်လို့ အခုခေတ်ကာလစကားနဲ့ ပြောရမယ်ဆိုရင် “ဘုရားရှင်ရဲ့ မာစတာပိစ်” လို့တောင် ပြောလို့ရလိမ့်မယ်။ ဒီတရားဦး ဒေသနာတော်ကို အသေအချာ လေ့လာကြည့်ရင် မြတ်စွာဘုရားရှင်ရဲ့ တရားဟောပုံ ကျွမ်းကျင်လှ တဲ့ ဒေသနာကောသလ္လဉာဏ်တော်ကိုလည်း ခန့်မှန်းသိနိုင်လောက်တယ်။ 

       ဒီတရားတော်မှာ အဓိကဖြစ်တဲ့ သစ္စာလေးပါးကို ဟောကြားတော်မူတဲ့အခါမှာ ပထမဆုံးသစ္စာအဖြစ်နဲ့ ဒုက္ခသစ္စာကို ပြလိုက်တယ်။ စည်းရုံးရေးပုံစံအရ ကြည့်မယ်ဆိုရင် ဒါဟာ တကယ့်ကို အရေးပါတဲ့ ကိစ္စပဲ။ တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်မဖြစ်အောင် ဟောပြောတဲ့အခါမှာ အရေးအကြီးဆုံးက ပထမဦးဆုံး တင်ပြတဲ့အချက်အပေါ်မှာ နှစ်ဦးနှစ်ဖက် ဆန့်ကျင်ငြင်းခုံစရာ မရှိတဲ့အချက်ဖြစ်ဖို့က အလွန်အရေးကြီးတယ်။
      ဒါကြောင့်လည်း ဘုရားရှင်က ဘယ်သူမှ ငြင်းဆန်လို့ မရနိုင်တဲ့ ဒုက္ခသစ္စာကို အဦးဆုံး ချပြလိုက်တာပဲ။ အဲဒီအချက်ဟာ တရားနာနေကြတဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ မဆိုထားနှင့် ဘုရားရှင်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ပြုနေတဲ့ ဘာသာရေးဂိုဏ်းဆရာကြီးတွေ ပင် ဖြစ်စေဦးတော့ မြတ်စွာ ဘုရားရှင် ချပြလိုက်တဲ့ “အိုခြင်း၊ နာခြင်း၊ သေခြင်းဟာ ဆင်းရဲခြင်း အမှန်ဖြစ်တယ်” ဆိုတဲ့အချက်ကို ဘယ်သူမှ ဆန့်ကျင်ကြမှာ မဟုတ်ပါဘူး။ ဒီနေ့အထိလည်း ဒီအဆိုကို ဆန့်ကျင်ပြီး “သေရတာဟာ ဒုက္ခမဟုတ်ပါဘူး၊ သုခစစ်စစ်ပါ” လို့ ပြောတဲ့ ဘာသာရေးဂိုဏ်းဂဏဆိုတာ ရှိမယ် မဟုတ်ပါဘူး။ အဲဒီလို ဘယ်သူမှ ငြင်းချက်မထုတ်နိုင်တဲ့ အဆိုကို ဘုရားရှင်က ချပြလိုက်တာ၊ ပဉ္စဝဂ္ဂီငါးဦးလုံး ဘယ်သူမှ မငြင်းဘူး အားလုံး တညီတညွတ်တည်း သဘောတူထောက်ခံကြရတာပဲ။

             အဲ ... ဒုတိယသစ္စာကတော့ အတော်ကြီးကို အရေးပါတဲ့ သစ္စာပဲ။ ပထမအဆိုဖြစ်တဲ့ ဒုက္ခသစ္စာရဲ့ လက်သည် အကြောင်းတရားမှန်ကို ချပြရမှာကိုး။ တကယ်က ဘာသာဝါဒတွေ အသီးသီးကွဲပြားခြားနားကြရတာဟာ ဒီဒုက္ခသစ္စာရဲ့အကြောင်း လက်သည်သတ်မှတ်တဲ့နေရာမှာ ကွဲပြားခြားနားသွားကြတာပဲ။ ပဉ္စဝဂ္ဂီတို့ ကိုယ်တိုင်လည်းပဲ ဒီအချက်နဲ့ပတ်သက်ပြီး မျက်စေ့လည်နေကြတာပဲ။ သူတို့က ဒုက္ခဆိုတာ မဟာပရမ အတ္တကြီးရဲ့ ကိုယ်ပွားများဖြစ်တဲ့ ဗြဟ္မာ၊ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးက မကျေနပ်လို့ ဖြစ်ပေါ်ကြုံတွေ့နေရတယ်လို့ ထင်မှတ်ယုံကြည်နေကြ တာကိုး။ 
      အဲဒီမှာ ဘုရားရှင်က “ဒုက္ခရဲ့ လက်သည်တရားခံ အစစ်အမှန်ဟာ ကိုယ်က ကျေနပ်စရာ၊ မကျေနပ်စရာဆိုပြီး ထင်မြင်စွဲလမ်း ကပ်ငြိထားတဲ့ တဏှာသမုဒယကြောင့်ဖြစ်ရတာ” လို့ ချပြလိုက်တယ်။ ဒီတရားတော်ကို ပဉ္စဝဂ္ဂီငါးဦးလုံး တညီတညွတ်တည်း လက်ခံလာတဲ့အထိ ငါးရက်တိတိ ဟောကြား ရတယ်ဆိုတာ ဒီဒုတိယသစ္စာအပေါ်မှာ မကျေညက်ကြလို့ အထပ်ထပ်အခါခါ ဆွေးနွေး ရှင်းပြနေရ တာကြောင့်ပဲ ဖြစ်လောက်တယ်။ 
      ဒီနေရာမှာကျတော့ သူတို့ထင်မြင်ယုံကြည်လက်ခံထားတဲ့ အချက်နဲ့က ဆန့်ကျင်နေတာကိုး။ အကြိမ်ကြိမ်အထပ်ထပ် သုံးသပ်ကြည့်လိုက်တော့မှ “ဘယ်သူမဆို ကိုယ်ထင်မြင်စွဲလမ်းထား တဲ့ ကျေနပ်စရာ မကျေနပ်စရာများနဲ့ ပတ်သက်မှသာ ကျေနပ်စရာထင်တဲ့ အရာနဲ့ကျတော့ မတွေ့ဆုံ မပြည့်စုံလို့ ဒုက္ခဖြစ်ရတယ်၊ မကျေနပ်စရာလို့ ထင်ထားတဲ့ အရာနဲ့ကျတော့ လွှဲဖယ်မရဘဲ ကြုံတွေ့နေရတဲ့အတွက် ဒုက္ခဖြစ်ကြရတယ်” ဆိုတဲ့အချက်က ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘဲ လက်ခံသွားကြတော့တာ။
   ဒီအချက်ကို လက်ခံသွားတာနဲ့တပြိုင်နက် ကျန်တဲ့သစ္စာတွေကလည်း အလိုလို သဘောတူသွားကြမှာပါပဲ။ ဟုတ်တယ်လေ အားလုံးမျက်စေ့ လည်နေတဲ့အချက်က အကျိုးတရား အပေါ်မှာမှ မဟုတ်ဘဲ၊ အကြောင်းတရားအပေါ်မှာ မျက်စေ့လည်ပြီး ဝိဝါဒကွဲနေကြတာ မဟုတ်လား။ အခုဒီအချက်ကို ကျေနပ်သဘောတူသွားပြီဆိုရင် ကျန်တဲ့ သစ္စာနှစ်ပါးက သိပ်ပြီး ငြင်းခုံဆန့်ကျင်စရာ မရှိတော့ဘူး။ “ဒုက္ခ”ဆိုတာ ရှိသလို “ဒုက္ခခပ်သိမ်းချုပ်ငြိမ်းမှု” ဆိုတဲ့ အမှန်တရားလည်းရှိတယ်ဆိုတဲ့ တတိယသစ္စာကိုလည်း လွယ်လွယ်ကူကူ လက်ခံသွားကြမှာပါပဲ။
    အဲ .. ဒုက္ခချုပ်ငြိမ်းကြောင်း မဂ္ဂသစ္စာကျတော့လည်း သူတို့အရင်က ထင်ထားသလို “မဟာပရမအတ္တကြီးရဲ့ အလိုကျဖြစ်လို့” ဆိုတဲ့အချက်က ဒုတိယသစ္စာမှာကတည်းက ဒီအယူအဆကို စွန့်လွှတ်ခဲ့ပြီးဖြစ်လို့ အထွေအထူးငြင်းနေစရာ မရှိလောက်တော့ပါဘူး၊ အားလုံးသဘောတူ လက်ခံသွားကြမှာပါပဲ။ ဒီသစ္စာလေးပါးလုံးကို ကျေကျေနပ်နပ် သိမြင်လက်ခံနိုင်သွားတာနဲ့ တပြိုင်နက် တရားသဘောကို အမှန်အကန်သိမြင်တဲ့ ပထမဆုံးအရိယာပုဂ္ဂိုလ်အဆင့်(သောတာပန်)ပုဂ္ဂိုလ်ဖြစ် သွားကြတော့တာပါပဲ။
    ဒီဓမ္မစကြာတရားဦးမှာ မြတ်စွာဘုရားရှင်က “အနတ္တ”ဆိုတဲ့ စကားလုံးကို တစ်လုံးတစ်ပါဒမှ မပြောပေမယ့် အရေးကြီးတဲ့ အစားထိုး လဲလှယ်မှုကြီးကိုတော့ အောင်အောင်မြင်မြင်ကြီး ပြုလုပ်နိုင် လိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ “ဆင်းရဲ ဒုက္ခတို့၊ ဒုက္ခချုပ်ငြိမ်းမှုတို့ဆိုတာ အတ္တတို့ ဗြဟ္မာ ဗိဿနိုးစတဲ့ တန်ခိုးရှင်ကြီးတို့က ဖန်ဆင်းလို့ ဖြစ်ရတာ မဟုတ်ဘူး အကြောင်းတရားကြောင့် ဖြစ်ရတဲ့ အကျိုးတရားများ သာ ဖြစ်တယ်” ဆိုတဲ့ အချက်ပဲ။ “အတ္တနဲ့ အတ္တရဲ့ ကိုယ်ပွားတန်ခိုးရှင်များ” ဆိုတဲ့အကြောင်းမှားကို သမုဒယçမဂ္ဂဆိုတဲ့ အကြောင်းမှန်များနဲ့ အစားထိုး လဲပေးလိုက်တာပါပဲ။ 
       ဓမ္မစကြာတရားတော်မှာ အဲဒီအကြောင်းမှန်ကလေးကို လဲပေးလိုက်တာနဲ့ တစ်ပြိုင်နက် အတ္တနယ်သားများဖြစ်နေတဲ့ ပဉ္စဝဂ္ဂီငါးဦးတို့ဟာ ဘယ်သူကမှ အထူးတိုက်တွန်းစရာမလိုတော့ဘဲ အတ္တနယ်ကနေ အနတ္တနယ်ကို ပြောင်းသွားကြတာပဲ။ ဒါကြောင့်လည်း ၆ရက်မြောက် တရားပွဲအဖြစ် အနတ္တလက္ခဏသုတ်ကို ဟောတော်မူတဲ့အခါမှာတော့ အနတ္တဝါဒကို အားလုံး ကျေကျေနပ်နပ်ကြီး လက်ခံသွားကြပြီး အနတ္တနယ်သားစစ်စစ် ရဟန္တာကြီးများ ဖြစ်သွားကြတာ။ ဒါကြောင့် အသွင်ကူးပြောင်းရေးဆိုတာ ခေါင်းနဲ့ပန်း လှန်သလို တစ်ခါတည်း ပြောင်းပြီး လဲပစ်ဖို့ဆိုတာ သာမန်ပုဂ္ဂိုလ်များမဆိုထားနဲ့ တိဟိတ်ဥက္ကဋ္ဌ ပါရမီရှင်စစ်စစ်ကြီးတွေဖြစ်တဲ့ ပဉ္စဝဂ္ဂီငါးဦး တို့မှာတောင် ပြောသလောက် လွယ်ကူတာမဟုတ်ဘူး၊ တဆင့်ချင်း လဲပြီးတော့မှ ပြောင်းလာနိုင်ကြတာ။

       အဲဒါကို သဘောမပေါက်ဘဲ ဘယ်အရာမဆို မှားရာကနေ မှန်လာအောင်၊ မဲရာ ကနေ ဖြူလာအောင်၊ ဆိုးရာကနေ ကောင်းလာအောင် တစ်ခါတည်း ပြောင်းပြီးလဲပစ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တစ်ထစ်ချင်း တက်ရ မယ့် နေရာကို ခုန်ပြီးတက်သလိုပေါ့၊ လိုချင်တဲ့နေရာ တစ်ခါတည်းရောက်သွား ရင်တော့ ကောင်းရဲ့၊ မရောက်လို့ ပြန်ကျပြီဆိုရင်တော့ တစ်ထစ် ချင်းသမားကျသလို အကောင်းပကတိအဖြစ်နဲ့ ပြန်ကျဖို့မလွယ်ဘူး၊ အကျိုးကျိုးအပဲ့ပဲ့ ဖြစ်သွားနိုင်တဲ့အတွက် နောက်တစ်ခါ တစ်ထစ် ချင်း ပြန်တက်နိုင်ဖို့တောင် မလွယ်ဘဲဖြစ်သွားတတ်တယ်။ အဲဒါကို သာသနာပြု စည်းရုံးရေးလုပ်ကြရမည့် ပုဂ္ဂိုလ်တွေက ကြပ်ကြပ် သတိထား သင့်တယ်” ဆိုတဲ့အကြောင်း အကျယ်တဝင့် မိန့်ကြားသွားပါတယ်။ 
                                      အားလုံးသတိထား အသိပွားနိုင်ကြပါစေ 
                                            ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) 
                                   

             မေတ္တာများဖြင့် 
       အရှင်သိရိန္ဒ မေတ္တာဥယျာဉ် 
           မှ ကူးယူဖော်ပြသည်။

18/05/2012

သံဝေဇနိယ လေးဌာန

1. စီးဆင်း ရင်ခွင် | 5/18/2012 | Best Blogger Tips
မြတ်စွာ ဘုရား၏ ဖွား ပွင့် ဟော စံ သံဝေဇနိယ လေးဌာန အမှတ် တရ ဗီဒီယို မှတ်တမ်း။

08/05/2012

“မြန်မာနဲ့  ကမ္ဘာရွာ”

1. စီးဆင်း ရင်ခွင် | 5/08/2012 | 2. 3. 4. 5. 6. Best Blogger Tips
  ဘုရားပွဲနဲ့  နွားလှည်းနဲ့ 
  မန်းကျည်းချဉ်နဲ့  ဆီချဉ်နဲ့ 
  တမာတန်းနဲ့  ရွာလမ်းနဲ့ 
  ကောက်ညှင်းပေါင်းနဲ့  နှမ်းထောင်းနဲ့ 
  အုတ်ရေတွင်းနဲ့  တလင်းနဲ့ 
  လက်ဖက်ကြုတ်နဲ့  ဆွမ်းအုပ်နဲ့ 
  လည်ပေါ်ကျောင်းနဲ့  တန်ဆောင်းနဲ့ ။

  ဒိုးယိုးလမ်းပေါက်၊ ထင်တိုင်းရောက်
  စိတ်နောက်ကိုယ်ပါ၊ ကမ္ဘာရွာမှာ
  မြန်မာ ငါ မေ့နိုင်ပါ့မလား။

  အမြင်က ကျဉ်း၊ သတင်းကျုံ့ 
  ခေါင်းငုံ့  ခြေချုပ်၊ ကြိုးတုပ် ဖွဲ့ နှောင်
  မြန်မာ့ဘောင်မှာ
  ပျော်အောင် နေနိုင်ပါ့မလား။ 

 ဓလေ့နဲ့ ခေတ် 
 အတွေ့ နဲ့  စနစ်တို့ 
 ပြေပြစ်မျှတ၊ အနေလှအောင်
 နေမှ နေတက်ပါ့မလား။ ။ 
 
 
                    တင်မိုး
          ဖေ့ဘွတ်မှ ကူးယူသည်။