ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

25/04/2012

“ကျေးလက်ဂီတ”

1. စီးဆင်း ရင်ခွင် | 4/25/2012 | 2. 3. 4. 5. 6. Best Blogger Tips
                                                “ကျေးလက်ဂီတ”
                                              တက်တက်တူ ခါးခါး
                                              ကျောက်ကုန်းမြေ ခံတောကြားက
                                              ခါ တွန်သံကြား...။

                                             ရွှေဘုတ်မ တပူပူ
                                             ချိုးငှက် တကူကူနဲ့ 
                                             ဖိုးတောင်သူ ယာလုပ်တဲဆီက
                                             ပုလွေသံ ကြူဟန်ချွဲတယ်
                                             စွဲ ချစ်စရာများ...။  

                                            ၀တိံဖျားက စည်တမြွာ
                                            ဂျိုးဂျိုးဂျိမ့် လှိမ့်သံသာ 
                                            မိုး ဖြောက်ဖြောက်ရွာ 
                                            ဖားတင်္ဂါ အုံးအင်ဟစ်လေတော့ 
                                            ပုရစ်က တကျစ်ကျစ်မြည်ကြွေး...။ 

                                            ချောင်းလေးမှာ ရေဒီးဒီးရယ်နဲ့  
                                            သပြေသီး ပလုပ်တုတ်ကြွေ
                                            ခြေတံရှည် ဗျိုင်းတွေအောက်တယ် 
                                            အံ့လောက်ဖွယ် တေး...။ 
                                                                               သန်းစိန် 
                                                      ဖေ့ဘွတ် မှ ကူးယူသည်။

19/04/2012

မင်္ဂလာပါ မနက်ဖြန်

1. စီးဆင်း ရင်ခွင် | 4/19/2012 | 2. 3. 4. 5. 6. Best Blogger Tips


     ‘ နေမင်းကြီးဝင်သွားတဲ့အခါ တို့အတွက် ဘာတွေချန်ခဲ့ပြီး တို့ထံက ဘာတွေ ယူသွားပါလိမ့်’
‘အော် …. နေမင်းဟာ တို့ရဲ့ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး အိုမင်းခြင်း ဇရာတွေကို ချန်ထားခဲ့ပါလား’ ဘုရားအလောင်း နေမိမင်းကြီး၏ သံဝေဂလေးကို သတိရလိုက်သည်မှာ ‘မနက်ဖန်မွေးနေ့ရောက်ပြီနော် စာလေး ဘာလေး ရေးဦးလေ’ ဟု အမတစ်ယောက်၏ တိုက်တွန်းသံ အဆုံး မှာပင်။
     ဟုတ်ပါရဲ့၊ ကိုယ် ကလောင်နဲ့ ဝေးနေခဲ့တာ နိုဝင်ဘာက စပြီး ရေတွက်လျှင် အလို .. နှစ်တ၀က်စာမျှပင် ရှိနေပါပေါ့လား။


     အံ့သြ သွားမိသည်၊ သည်ကာလတွေကို အမှတ်မဲ့ ကုန်လွန်စေခဲ့တာများလား၊ ပြန်ဆင်ချင်မိသည်၊ ပုံရိပ်တို့သည် အရောရော အထွေးထွေး၊ ‘ဘယ်တော့မှ မအိပ်သော မြို့’ ဆိုသည့် နယူးယောက်ကို ရောက်နေခဲ့သည်၊ ဟားဘတ်တက္ကသိုလ်ကြီးရှိရာ မက်ဆာချူးဆက် ကို ရောက်သည်၊ ရွှေတိဂုံစေတီပွါးရှိရာ နယူးဂျာစီကိုရောက် သည်၊ ပြီးတော့ ငြိမ်းချမ်းရေးခေါင်းလောင်း ကြီးနှင့် စစ်ပြေငြိမ်းမှု လက်မှတ်ထိုးရာ ဖီလ်ဒယ်ဖီးယားမြို့ကို ရောက်သည်၊ ယခုမူ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ကြီးရှိရာ မေရီလင်း ပြည်နယ်မှာ ……။


  ဆုံခဲ့သည်လူများ၊ ကြုံခဲ့သည်အရေးများ၊ တွေ့ခဲ့သည် အရာများကား ရေးချင့်ဘွယ် အကြောင်းအရာများပင်၊ ရေးဦးမှ ရေးဦးမှ နှင့် စဉ်းစားဆဲမှာပင် အကြောင်းအရာ အသစ်တို့က ဆင့်လောင်းလာစမြဲ၊ ကိုယ့်မြို့ကို ပြန်ရောက်လျင်ဖြင့် တစချင်း ထွင်ထုတ်ငင်ယူရေးသားရဦးမည်။


    ပြီး စာရော လူပါ ဘယ်ပျောက်နေလဲဟု မကြာခဏမေးလာကြသည့် အော်ရီဂွန်က ဖွားရွှေကြည်တို့၊ ကိုသန်းဝင်းတို့၊ အယ်လ်အေ က အမ ခင်နှင်းအုန်းတို့၊ ကိုမျိုးမောင်နှံတို့၊ ချီကာဂိုက ဆရာမ ဒေါ်စန္ဒာဝင်းတို့၊ မီချီဂန်က မသိင်္ဂီတို့ ၊ ဆန်ဖရန်က ဒေါ်တူးနှင့် ဒေါ်သန်းငြိမ်းတို့ စသည်စသည် စာဖတ် ပရိသတ်ကို ကျေးဇူးပြုရမည်။ ခုတော့ ----။


     အို - - ဘာဖြစ်လို့ ၀က်စ်ကွန်စင် ပြန်ရောက်သည်အထိ ဆိုင်းနေမှာလဲ၊ ဧည့်သည်အာဂန္တုမို့၊ ဖိစီးနေသည့် ကိုယ်ရေး ကိုယ်တာတွေ ရှိလို့ ဆိုသည့်အကြောင်းပြတွေဟာ ခိုင်လုံလှသည်မထင်၊ ကိုယ်မစွမ်းရာကို မိန်းမောရင်း၊ ကိုယ်စွမ်းရာကို မေ့လျော့နေခဲ့တာပါလား၊ တကယ်ဆို စွမ်းရာကို ထမ်းပြီး မစွမ်းရာကို ငံ့လင့်နေရ မည်မဟုတ်လား။


   ယခုကိုယ်ရောက်နေသော ဘော်လ်တီမိုးမြို့၊ ၀င်ဒီဟီးလ်က ဝေဇယန္တာကျောင်းလေးသည် တကယ့်မွေ့ လျော်ဘွယ် နေရာလေးပင်။ နောင်တော်ကြီး ဦးဣန္ဒာစာရနှင့် ညီတော် ဒေါက်တာသြသဓ တို့ကလည်း နွေးထွေးဖော်ရွှေသော အာဝါသိကများ၊ သူတို့အတွေ့အကြုံ သူတို့အကြောင်းတွေကို ဖွဲ့လျင်ပင် စာတစ်စောင် ပေတဖွဲ့ မက။


  ဒါမှ မဟုတ်၊ အမိမြေက အကြောင်းတွေကို ရေးမလား၊ ရေးဘို့ ကောင်း မှ ကောင်း၊ ပြောင်းလဲ မှုဆီ ရှေ့ရှုနေသည့် ဖြစ်စဉ်များ၊ ရယ်မော ကခုန်နေကြသည့် ပုံရိပ်များ၊ ပျော်ရွှင်ဘွယ် အနာဂတ်မျှော် စိတ်ကူးများ၊ စသည်စသည်။


     တရားနှင့်စပ်၍ ဆိုလျင်လည်း စိတ်ဖိစီးမှုတွေ များပြားသည့် ဒေသတွင်စိတ်ကိုဖော့တတ်ဘို့
“မဖြစ်သေးပြန်၊ အကုသလံ၊ ရှောင်ရန်လုံ့လထား။
ပြုမိခဲ့ပြန်၊ အကုသလံ၊ ပယ်ရန်လုံ့လထား။
မဖြစ်သေးပြန်၊ ကုသလံ၊ ပြုရန်လုံ့လထား။
ပြုပြီးခဲ့ပြန်၊ ကုသလံ၊ ပွါးရန်လုံ့လထား’’ စသည်ဖြင့် နယူးယောက် လောကချမ်းသာကျောင်း ထမနဲပွဲမှာ ဟောခဲ့သည့် တရားလေးကို ပြန်ရေးမလား။ အဲဒါမှ မဟုတ် ----


   ခက်တာက၊ ရေးမလို့ ကွန်ပြုတာရှေ့ ထိုင်လိုက်လျင်ပဲ သတင်းကမ္ဘာထဲ မျောပါသွားပြန်တော့သည်။ သတင်းတွေနောက် ခြေရာကောက်ရင်း တောအလယ် မောတယ် ဖြစ်ရပြန်သည်။


    ယခုလည်း မနက်ဖန်တွင် ကျရောက်မည့် ကိုယ့်မွေးနေ့အတွက် အမတစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် ဆောင်းပါးလေး ရေးဦးမည်ဟု စိတ်ကူးဖြင့် ကွန်ပြူတာရှေ့ ရောက်နေပြီ။ ထုံးစံအတိုင်း သတင်းတို့ကို လိုက်မြည်းနေစဉ် ‘’’ တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင် ----- Read more နေရာကို ကပျာကယာ ကလစ် လိုက်မိသည်။ မျက်လုံးပြူးသွားသည်။ သွားပြီထင်ရဲ့၊ ထိုဈေုးတွင် မိအို ဖအိုကို လုပ်ကျွေးရင်း၊ နှစ်ရှည် လများ ဈေးရောင်းခဲ့ကြသော ကိုယ့်နှမတွေ၏ အထည်ဆိုင်ရှိသည်၊ ပါများ သွားလေသလား။


   သိလိုစိတ်ကြောင့် မဆိုင်းနိုင်၊ ဖုန်းဆက်လိုက်တော့ ‘’အကုန် ကုန်တာပဲ ဦးဇင်း ------ တပည့်တော်မတို့တော့ ----- စကားမဆုံး။ အသံတိုးတိမ်သွားခဲ့သည်၊ ဘယ်စကားဖြင့် အားပေးရပါ့၊ စဉ်းငယ်ကြာမှ

   ‘’ ဘာက စ လောင်တာလဲ၊’’
   ‘’ မနက်မှာ ဒေါ်စု လာပြီး ဟောပြောမယ်လေ၊ ဈေးက မဏ္ဍပ်တွေဘာတွေ ထိုးထားတာ၊ အဲဒါ အဲဒီ ညမှာပဲ ---‘’


       မပြေးသော် ကန်ရာ ရှိခဲ့ပြီ၊ သံသယတွေသာ ဖြစ်ပါစေတော့၊ ဖြစ်ပါစေတော့ --- ။


      ကြည့်စမ်း မနေ့က ပိုင်ဆိုင်မှုတွေနဲ့ ရွှင်ပြုံးနေခဲ့သော ကိုယ့်နှမတွေသည် သည်နေ့မှာတော့ လက်မဲ့ ဘ၀ဖြင့် ငြိုးငယ်နေကြရော့မည်၊ ရောက်လုလု သင်္ကြန်သည် သူတို့အတွက် အပျော်မဲ့တော့မည်၊


           နှစ်ဟောင်းသည် သူတို့၏ပျော်ရွှင်မှုတို့ကို ယူဆောင်သွားကာ သောက ဗျာပါဒတွေကို ထားရစ်ခဲ့ပြီ။
နှစ်စဉ်ဆောင်းနှောင်းရာသီတိုင်း မီးရန်သူ၏ ၀ါမျိုမှုကို မတားတတ် မဆည်းနိုင် အကြိမ်ကြိမ်ခံကြရသည့် အမိမြေ အတွက်လည်း စိတ်မချမ်းမြေ့၊ သမိုင်းဝင် အမွေ အနှစ်များ၊ တိုက်တာ အဆောက်အဦးများ၊ ချွေးနည်းစာများတို့ သည် မိုက်မဲသည့်လူက ဖျက်လိုက်၊ ဆိုးဝါးသည့် မီးက မျိုလိုက်နှင့် ဆုံးရှုံးခဲ့ပေါင်းများလှပြီ။


     တိုင်းပြည်က ဆင်းရဲရသည့်အထဲ၊ လေးသည့်ဗူးတွင် ဆင့်သည့် ဖရုံတွေက များလွန်းစွ။
သည် အမေရိကန်နိုင်ငံကြီးမှာလို သတ်မှတ်အပူချိန်လွန်သည်နှင့် အော်တို ရေတွေ ဖျန်းပေးလာသည့် မီးငြှိမ်းသတ် စံနစ်မျိုး မရှိနိုင်သေးသည့်တိုင် အရေးဆို ရေပြည့်နေသော စက်နိုးရ လွယ်ကူသော ယာဉ်များနှင့် ရဲရင့် တာဝန်ကျေသော မီးသတ်တပ်ဖွဲ့ဝင်တွေ များစေချင်စမ်းပါဘိ၊ ခုတော့ ----- ဟူး --------


     ဘာပဲ ဖြစ်ဖြစ်လေ အားမငယ်ဘို့ စိတ်မပျက်ဘို့ ကိုယ့်နှမတွေကို အားပေးရဦးမည်၊ များစွာမျှော်လင့်နိုင်ပါသေး သည့်အကြောင်း မကြာသေးမီက ပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် သူတို့ရွေးချယ်လိုက်သော ကိုယ်စားလှယ်တို့သည် လွှတ်တော်တွင်း ချင်းနင်းစ ပြုပြီ၊ သည်လို ဆိုတော့ လည်း နှစ်ဟောင်းဟာ ဖိစီးမှုဝန်တချို့ကို သယ်ဆောင်သွားပြီး၊ မျှော်လင့်ချက်အသစ်တွေကို ချန်ခဲ့ပါပကော။


   ဟုတ်ပြီ၊ သည်အကြောင်းကိုရေးပြီး ဟိုက နှမတွေကို နှစ်သိမ့်၊ ဒီက အမတွေ ကို မွေးနေ့ လက်ဆောင်ပေးရမည်၊ ဆိုင်းမနေသင့်တော့၊ ‘’ကြွေတလက်၊ ကြက်တခုန်’’ သင်္ခါရနယ်ကြီးတွင် အများအတွက် ကောင်းသော အလုပ် ဟုတ်သော အကြံ၊ မှန်သောစကားဆိုလျင် ဘယ်သူမှ အချိန်မဆိုင်းသင့်၊ နို့မို့လျင် နေမင်း၏ အကြိမ်ကြိမ် ယူဆောင်သွားမှုကို ခံရကာ အရှုံးနောင်တတို့သာ ကြွင်းရစ်ပေလိမ့်မည်။


   တာဝန်ကျေသူတို့အတွက်မူ ---- နေမင်းဝင်သွားသော အခါ ပျိုရွယ်ခြင်းများကို ယူဆောင်သွားခဲ့သော်ငြား ’’သမိုင်း’’ ဆိုသည့် အရာကိုမူ ချန်ထားခဲ့မည်သာ။


                                                                               ကံထွန်းသစ်
                                                                           4/12/2012 4 30am

                                           မေတ္တာများစွာဖြင့် မေတ္တာဥယျာဉ် မှ ကူးယူဖော်ပြသည်။

18/04/2012

နှစ်ကူးသင်္ကြန်အခါဝယ်...( ၂ )...။

1. စီးဆင်း ရင်ခွင် | 4/18/2012 | 2. 3. 4. 5. 6. Best Blogger Tips


    ဧပြီလ ၁၅-ရက် မြန်မာသင်္ကြန် အကြပ်နေ့တွင် BHU တက္ကသိုလ် ထိုင်းကျောင်းသားများ ကျင်းပပြုလုပ်သော သင်္ကြန် ပွဲ ထိုင်း အခေါ် ဆုန်ကရန်း ပွဲတော်ကို နေ့ဆွမ်းစား သွားဖြစ်သည်။ အချိန်မရသဖြင့် ဆက်လက်ကျင်းပအုံးမည့် အစီအစဉ်များကို စောင့်မနေတော့ဘဲ နေ့ဆွမ်း စားပြီး ပြန်လာခဲ့သည်။ နေ့လည်ခင်း တစ်နာရီခွဲ တွင် နီပေါမှ လေယာဉ်ဖြင့် ပြန်လာမည့် ဥူးသေဌိလကို သွားကြိုဖြစ်သည်။ 
   သွားကြိုပြီး အဆောင်ပြန်ရောက်တော့ ၃-နာရီခွဲလေပြီ။ အဆောင်ရှိ ညီနောင်များကလဲ မနက်ဖြန် ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲတွင် ပရိသတ်တစ်ရာခန့်အတွက် လက်ဆောင်ပစ္စည်းများ၊ နေ့လည်ထမင်း ဟင်းအတွက် စားဖွယ် သောက်ဖွယ်များ စုံလင်စွာ စီမံနေကြသည်။ 

    မိမိလည်း ခဏနားပြီး မနက်ဖြန်တွင် မဏ္ဍပ် ဆောက်လုပ်ရန်၊ ဆောင်းဘောက်စ်များ ငှားရန်းရန်အတွက် အဆောင်မှုးခွင့်ပြုချက်၊ ရဲစခန်း ခွင့်ပြုချက် ယူခြင်းတို့ဖြင့် အလုပ်များရတော့သည်။ အဆောင်တွင် ၀ါရိန်း၏ တံဆိပ်တုံးသိမ်းထားသော စာရေးက ခရီးလွန်နေသဖြင့် ည ၁၀-နာရီအထိ လက်မှတ်ထိုးယူခြင်းကိစ္စ မပြီးစီးသေးပေ။ မေတ္တာသုတ် ရွတ်ဖတ်ကြမည့် ကမ္ဘောဒီယားဘုရားဆောင်ကို ပူစီဖောင်းများ တပ်ဆင်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ဖြင့် အလုပ်များခဲ့သည်။
 
    ညီနောင်များ အားလုံးလည်း ချက်ပြုတ် စီမံခြင်း ကိစ္စမပြီးသေးသဖြင့် ည၂-နာရီထိုးသည်အထိ မအိပ်ကြရသေးပေ၊ နို့ခဲ နှင့် ငါး ၂၁-ကီိလို ကြော်ကြရသဖြင့် မပြီးနိုင်အောင် ဖြစ်ကြရသည်။ ည ၂- နာရီကျော်မှ အနားယူကြရသည်။
    ဧပြီလ ၁၆-ရက်နေ့ နံနက်စောစောထ၍ မပြီးသေးသည့် ခွင့်ပြုချက် ယူခြင်းတို့ကို ပြုလုပ်ကာ မဏ္ဍပ်ငှားခြင်း နှင့် အသံဆောင်းဘောက်စ် ငှားခြင်းတို့ကို ပြီးစီးအောင် ပြုလုပ်ရသည်။ မနက် ၁၁-နာရီ လောက်တွင် ပင့်ဖိတ်ထားသော သံဃာများ စုံလင်သဖြင့် မေတ္တာသုတ်ပရိတ် စသော ဒေသနာတို့ကို စုပေါင်းကာ ရွတ်ဖတ်ကြသည်။



      ရွှတ်ဖတ်အပြီး မြန်မာထမင်း ဟင်း တို့ဖြင့် တည်ခင်း ဧည့်ခံသည်။ ငါးကြော်၊ ဒိန်ခဲကြော်၊ အစိမ်းကြော်၊ ဒန့်ဒလွင်သီး ပေါပေါဖြင့် ချက်ပြုတ်ထားသည့် သီးစုံချဉ်ရည်၊ ခရမ်းချဉ်သီး ငါးပိချက်၊ အတို့အမြုတ်၊ ဗူးသီးကြော်၊ ပဲကြော်၊ အချိုပွဲအဖြစ် ဖရဲသီး၊ စပျက်သီး၊ သီးစုံဖျော်ရည်၊ ပက်ပစီ စသည်တို့ဖြင့် စုံလင်လှပေသည်။ လာသမျှ ဧည့်ပရိတ်တိုင်းအား ဆပ်ပြာမုန့်တစ်ထုပ်၊ ဆပ်ပြာတစ်ခဲ၊ သွားတိုက်ဆေးဗူးတို့ကို လက်ဆောင် ပေးသည်။
 
     BHU ညီနောင်များ တက်ညီလက်ညီ စုပေါင်းကာ ပြုလုပ်ကြသည့် ပွဲဖြစ်၍ အထူးပင် စည်းကားလှသည်။ ဗာရာဏသီရောက် မြန်မာသံဃာ တော်များ အားလုံး ကြွရောက်ချီးမြှင့်ကြသည်။
   နေ့ခင်းစာဖြင့် ဧည့်ခံ ပြီးနောက် ရေလောင်း ရေပက်ကြသည့်ပွဲ ဆက်လက်ပြုလုပ်သည်။ လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူ အားလုံး ပျော်ရွှင်စွာ ပေါင်ဒါများ သုတ်လိမ်း ကာ ရေလောင်းရေပက်ကြခြင်း၊ ရေမွှေးဖြန်းပေးခြင်းတို့ဖြင့် ကခုန်ကြသည်။ ရေလောင်းရန် ပိုက်လေးလုံး ဆင်ပေးထားသဖြင့် ရေလဲ ပေါများသည်။ တစ်နာရီကျော်လောက် ကခုန်ကြပြီးနောက် ဆောင်းဘောက်စ် ထဲ ရေ၀င်သွားသဖြင့် ဖွင့်မရတော့ပေ။ အရှိန်ရနေကြသော ကျောင်းသား၊ ကျောင်းသူ တို့က ရေပုံးတို့ကိုတီးပြီး သီချင်းဆိုကြကာ ဆက်လက် ပျော်ရွှင်ကြသည်။ ညနေခင်း ၃-နာရီလောက်တွင် ကျင်းပပြီးစီခဲ့သည်။ သိမ်းဆည်းစရာများ သိမ်းကြပြီးနောက် ပင်ပန်းနေကြပြီဖြစ်၍ အနားယူရတော့သည်။
  
   ဧပြီလ ၁၇-ရက်နေ့ကား ၁၃၇၄ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် နေ့ဖြစ်ပေသည်။ ဓမ္မစကြာ ရိပ်သာကျောင်းဆရာတော် ဥူးနာဂ၀ံသ က နေ့ဆွမ်း ပင့်ဖိတ်သဖြင့် ဗာရာဏသီ တစ်ဆိုက် လုံးရှိ မြန်မာသံဃာအားလုံး ကြွရောက်ချီးမြှင့်ကြသည်။
    မိမိလည်း ဓမ္မစကြာဟောကြားရာ ဓမ္မရာဇိက စေတီသို့ စောစောလေး သွားပြီး ဓမ္မစကြာသုတ် ရွှတ်ဖတ်ပူဇော်ဖြစ်ခဲ့သည်။ ယင်းနောက် ဓမ္မစကြာရိပ်သာကျောင်းသို့ သွားရောက်ဖြစ်သည်။ ကြွရောက် ကြသော သံဃာအားလုံးက နှစ်ဆန်းတစ်ရက် အထိမ်းအမှတ် အဖြစ် ပရိတ်တော်တို့ကို စုပေါင်းကာ ရွတ်ဖတ်ကြသည်။
   အလှူရှင်တို့က ရခိုင်ရိုးရာ ထမင်း ဟင်း၊ မုန့်လုံးရေပေါ်၊ မုန့်ဖက်ထုပ်၊လက်ဖက် သုတ်တို့ဖြင့် ကျွေးမွေးဆက်ကပ်သည်။ တစ်ပါးလျှင် န၀ကမ္မ ရှုပီး နှစ်ရာစီ လှူဒါန်းသည်။



 
        ၁၃၇၃-ခုနှစ် ကုန်ဆုံး၍ ၁၃၇၄ -ခုနှစ် ကူးသည် အတာသင်္ကြန် လေးရက်နှင့် နှစ်ဆန်းတစ်ရက်အတွင်း မိမိအတွက် သံဝေဂတရား အထူးမပွားဖြစ်ခဲ့သော်လည်း ဟိုဟိုဒီဒီ ကိစ္စရပ်တို့ဖြင့် ငါးရက်တော့ ကုန်ဆုံးခဲ့ပေသည်။
    သူများကို တရားဟောသူသည် ကိုယ်တိုင်တရားရှိအောင် ဦးစွာလုပ်သင့်သည်။ ပြီးမှ သူများကို ဟောသင့်သည်ဟု ဆိုကြပေသည်။ မိမိလည်း မကင်းရာ မကင်းကြောင်း ကြုံလျှင် သူများကို ဟောနေရသည်။ ကိုယ်တိုင်ရော တရားရှိပြီလား ဟု မိမိကိုယ်ကို မမေးရဲသေးပေ။ တရားနဲနဲရှိအောင်ပင် အများကြီး ကြိုးစားရပေးအုံးတော့မည်။

                                                              သိမ်မွေ့ဦး ( BHU )

17/04/2012

နှစ်ကူးသင်္ကြန်အခါဝယ်..( ၁ ) ..။

1. စီးဆင်း ရင်ခွင် | 4/17/2012 | 2. 3. 4. 5. 6. Best Blogger Tips


      နှစ်ဟောင်းကုန်ပျောက်ကာ နှစ်သစ်ကို ကူးသည့် နှစ်ကူးသင်္ကြန် အခါသမယကိုပင် ရောက်ခဲ့ပြန်လေပြီ။ ငယ်စဉ်က သင်္ကြန်ရောက်လျှင် တူးပို့တူးပို့နှင့် မြူးခဲ့ဖူးသည်။ မရင့်ကျက်သေးသည့် ရှင်ငယ် ဘ၀က ရေပက်ကာ ကစားရသည်ကိုပင် အပျော်ကြီး ပျော်ခဲ့ရသည်။  
     အရွယ်ကလေးရလာတော့ ထိုသို့ မဟုတ်တော့ပြီ။ သင်္ကြန်ရောက်လျှင် သင်္ကြန်ဆိုသည်မှာ သင်္ကန္တ-ကူးပြောင်းခြင်း ဟူသော ပါဠိမှ ကူးပြောင်းလာသည့် ဝေါဟာရဖြစ်ကြောင်း၊ တစ်နှစ်ကုန်၍ တစ်နှစ်ကူးသ ကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့လဲ ကူးပြောင်းနေသည်တို့ကို ဥာဏ်မျက်စိဖြင့် ရှု့မြင်ကာ သံဝေဂ ယူရကြမည်ဖြစ်ကြောင်း စသည်တို့ကို ဟောပြောကာ ပလ္လင်ပေါ်တက်ရသည့် အရသာကို ခံစားတတ်လာသည်။ ၎င်းအပြင် မြန်မာရိုးရာ ယဉ်ကျေးမှုသင်္ကြန်နှင့် ဆန်ကျင်ဘက်ဖြစ်သည့် ၀တ်စားဆင် ယင်မှု၊ သေရည်သေရက် မူးရစ်သောက်စား ရမ်းကားမှုတို့ကို မြင်ရ ကြားရသဖြင့် ငြီးငွေ့စပြုလာတော့သည်။

       ယခုတော့ သင်္ကြန်ဟူသည် မိမိနှင့် လားလားမျှ မဆိုင်တော့သလို့ပင်။ ရပ်ကွက်ထဲမှ ညံထွတ်လာသော တူးပို့သံလဲ မကြားရ၊ တရားလဲ မဟောရ၊ သင်္ကြန်အလုပ်ပိတ်ရက်အတွင်း ဒုလ္လဘ၀တ်ကာ ကုသိုလ်ယူကြသော ရဟန်းတော်တို့ကိုလဲ တရာပြခွင့် မရတော့ပြီ။ မဇ္ဈိမဒေသ ခေါ်တွင် ကုလား လူညစ်ပတ်တွေပေါသည့် ဤနေရာသို့ ရောက်နေခဲ့သည်မှာ လေးနှစ်ပင် ကျော်ခဲ့လေပြီတကား..။

    ဧပြီလ ၁၃ ရက်နေ့သည် မြန်မာသင်္ကြန် အကြိုနေ့ဖြစ်သည်။ ယင်းနေ့တွင် ဗာရာဏသီ အပူဒဏ်ကို အခန်းပိတ်ကာ အံတုရင်း အင်တာနက်ကို တစ်နေကုန်ဖွင့်ကာ မြန်မာသင်္ကြန် သတင်းတွေ၊ အတင်းတွေကို တ၀ကြီး ဖတ်ရှု့ ခံစားပစ်လိုက်သည်။ ရိုးရာ အက ၊ သံချပ်တို့ကို မြင်ရ ကြည့်ရသဖြင့် ၀မ်းသာရသကဲ့သို့ ဘီယာမူးကာ ဖြစ်ချင်တိုင်းဖြစ်နေကြသည့် မိန်းကလေးတို့ကို မြင်ရသည်မှာ စိတ်မသက်သာဖြစ်ရသည်။

     နေ့ခင်းပိုင်းရောက်တော့ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာကျောင်းသားများ အဖွဲ့၏ အထွေထွေ ဥက္ကဌ ဥူးဇ၀န ထံမှ ဖုန်းဝင်လာသည်။ ဧပြီလ ၁၅-ရက်နေ့တွင် လေးလပတ် EC သံဃာတော်များ အစည်းအဝေး ကျင်းပလိုကြောင်း အသိပေးခြင်းဖြစ်၏။ မိမိသည်ကား ယင်းနေ့တွင် လုံးဝ မအားနိုင်ပေ၊ ကြိုတင် စီစဉ်ထားပြီးသား ကိစ္စများ ရှိနေပေ၏။ ထို့ကြောင့် အစည်းအဝေးရက်ကို ရွှေ့ပေးရန် လျှောက်ထား ရတော့သည်။ ဧပြီလ ၁၄-ရက်နေ့(မနက်ဖြန်)ကို ရက်ရွှေ့ပေးသဖြင့် ဗုဒ္ဓဂယာ သွားရန် ကားစီစဉ် ရတော့သည်။ မိမိ ဗာရာဏသီ ဆိုက် EC အဖွဲ့ဝင် သံဃာများ ကြိုတင် လုပ်ထားရမည့်ကိစ္စအချို့တိုကို တိုင်ပင်ဖြစ်ခဲ့သည်။

    ဧပြီလ ၁၄-ရက် သင်္ကြန် အကျနေ့ နံနက်စောစောတွင် မိမိတို့ ဗာရာဏသီဆိုက် EC သံဃာငါးပါး ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ကြသည်။ ဗုဒ္ဓဂယာသို့ နံနက် ၁၁ -နာရီကျော်တွင် ရောက်ရှိပြီး နေ့ဆွမ်းစားကာ ခဏ အနားယူခဲ့ကြသည်။



    နေ့ခင်းတစ်နာရီတွင် အစည်းအဝေး စတင်ကာ အထွေထွေ ဘဏ္ဍာရေးရှင်းတမ်းများ၊ ပညာရေး၊ ကျမ္မာရေး စသည့် အထွေထွေ ကိစ္စရပ်များ ဆွေးနွေးဖြစ်ခဲ့ကြသည်။ လာမည့်သီတင်းကျွတ်တွင် ဗာရာဏသီ ဆိုက် စာတမ်းဖတ်ပွဲ ကျင်းပလိုကြောင်း မိမိမှ လျှောက်ထားရာ သဘောတူကြသည်။ သို့သော်လည်း ဆိုက်အသီးသီးမှ တောင်းဆိုလာနိုင် သဖြင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ကျောင်းသား အဖွဲ့ကြီးမှ ကျင်းပခြင်း မဟုတ်ဘဲ ဗာရာဏသီ ဆိုက်သံဃာများ သီးသန့်ကျင်းပမည့် စာတမ်းဖတ်ပွဲအဖြစ် လုပ်ဆောင်ကြမည့်အကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ တဆက်တည်း လာမည့် ကျောင်းသားအားလုံး ၏ နှစ်ပတ်လည် အစည်းအဝေးတွင် စာတမ်းဖတ်ပွဲ တစ်ရက် ကျင်းပမည့်အကြောင်း ဆုံးဖြတ်ကြသည်။ 

   ဗာရာဏသီဆိုက် စာတမ်းဖတ်ပွဲ အတွက် ဥူးသုဇယဥာဏမှ ဒေါ်လာ တစ်ရာ၊ ဥူးသုတာစာရာလင်္ကာရမှ ဒေါ်လာတစ်ရာတို့ လှူဒါန်းမည့်အကြောင်း မိမိကို ကတိပေးကြသည်။ (ဗာရာဏသီပြန်ရောက်ပြီးနောက်တွင် ဥူးဝိစိတ္တသာရ(မော်ဒန်) မှ ဒေါ်လာ တစ်ရာ၊ ဥူးကုဏ္ဍလ (ကျောင်းကုန်း)မှ ဒေါ်လာတစ်ရာ နှင့် အရှင်ကောဝိဒလေး ဗာရာဏသီမှ နေ့ဆွမ်း ဆက်ကပ်မည့် အကြောင်း မိမိကို ကတိပေး ပြောကြားကြသည်။ သို့အတွက် အလှူရှင်အားလုံးကို အထူးပင် ကျေးဇူးတင်မိပါသည်။) စာတမ်းဖတ်ပွဲရက်ကို ၀ါတွင်းရောက်မှ ဗာရာဏသီ ECသံဃာများနှင့် တိုင်ပင်ကာ ဆုံးဖြတ်ရတော့မည်။
 
   နှစ်နာရီကျော်ကြာ ဆွေးနွေးကြပြီးနောက် လေးလပတ် အစည်းအဝေး ပြီးဆုံးခဲ့သည်။ မဟာဗောဓိစေတီတော်ကြီးကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပြီး နောက် ဗာရာဏသီသို့ပြန်ခဲ့ကြသည်။ ည၁၀-နာရီတွင် ဗာရာဏသီသို့် ရောက်ရှိခဲ့သည်။
                  သိမ်မွေ့ဦး (BHU)

16/04/2012

မွန်-ဗမာ ရွာကလေးရဲ့ ဘုန်းကြီးကျောင်းကွဲ ပုံပြင်

1. စီးဆင်း ရင်ခွင် | 4/16/2012 | 2. 3. 4. 5. 6. Best Blogger Tips


      အိမ်ခြေ ၁၀၀ တောင် မပြည့်တတ်တဲ့ ရွာကလေးက နှစ်ခြမ်းကွဲနေလေပြီ။ ဘုန်းကြီးကျောင်း က နှစ်ကျောင်း ကွဲသွားပြီ။ ရွာရဲ့ အစည်ကားဆုံးချိန်လို့ ပြောရမယ့် ကထိန်ခင်းပွဲကျတော့ လည်း ကျောင်းနှစ်ခု ကွဲသွားတော့ အရင်လို မစည်ကားတော့။

     နှစ်စဉ် သဇင်ပန်းပွင့်ချိန် ရွာလယ် ညောင်ပင်ကြီးအောက်မှာ ရွာနတ်ကို ပူဇော်ပသတဲ့ နတ်ပွဲကျတော့လည်း သီးသန့်စီ ခွဲလုပ်နေကြတယ်။ သာရေးနာရေး ကိစ္စတွေမှာလည်း သူ့အုပ်စုနဲ့သူပဲ ဖိတ်ကြတော့တယ်။

        မတည့်ကြတဲ့ အုပ်စုနှစ်စုက လူတွေက တယောက်မျက်နှာ တယောက် မကြည့်ချင်ပေမယ့် ရွာက ကျဉ်းတော့ လမ်းသွားရင်းလည်း ဘယ်လိုမှ ရှောင်မလွတ်ဘူး။ မနာလိုမုန်းထားစိတ်တွေက နေရာတကာမှာ စိမ့်ဝင်နေသလား အောက်မေ့ရတယ်။

   တခါတလေ တဖက်အုပ်စုက လူတယောက်က လမ်းသွားရင်း သူ့ဘာသာ တံတွေးထွေးသွားရင်တောင် နောက်တဖွဲ့က တမင်သက်သက် မထီမဲ့မြင်တဲ့ သဘောမျိုး လုပ်တယ်လို့ ထင်ပြီး တဖက်က “ထွီ” ဆိုရင် “ထွမ်း” လို့ ပြန်လုပ်တယ်။ 

   အိမ်တအိမ်က သီချင်းသံကျယ်ကျယ်ဖွင့်ရင်တောင် တဖက်က တမျိုးထင်တတ်တယ်၊ အုပ်စုနှစ်စုဆိုပေမယ့် ဟိုအပိုင်းနဲ့ ဒီအပိုင်းကွဲတာမျိုးလည်း မဟုတ်ပြန်။ ဥပမာ ရွာအပေါ်ပိုင်းမှာပဲ အိမ်ချင်းကပ်နေတဲ့ နှစ်အိမ်က တအုပ်စုဆီမှာ ကွဲနေတာမျိုးဆိုတော့ အိမ်တအိမ်က ရယ်သံ ကိုတောင် ဘေးအိမ်က လူတွေက ဘာသဘောလဲ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်တယ်။

     ရွာကလေးက ဟိုတုန်းကလို ညီညီညွတ်ညွတ်နဲ့ ပျော်စရာ မကောင်းတော့၊ မယုံသင်္ကာတွေ မခံချင်စိတ်တွေနဲ့ တယောက်အမှားကို တယောက် ချောင်းမြောင်းရင်း တိတ်ဆိတ်ခြောက်ကပ်နေတယ်။
                                                         ****

    လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရွာဦးကျောင်းဆရာတော် အသက် ၈၀ ကျော်အရွယ်မှာ နာမကျန်းဖြစ်လာတဲ့ အချိန်ကစလို့ ရွာက အက်ကြောင်းပေါ်ပါတယ်။ ဒါပေမယ့် ဆရာတော် ကို ကြောက်ရလို့ ပေါ်ပေါ်ထင်ထင်တော့ မဟုတ်သေးဘူး။ ဆရာတော်ပျံလွန်တော်မူတော့ ဟက်တက် ကွဲသွားကြတယ်လေ။

      ဆရာတော်က ရွာက ဒုတိယမျိုးဆက် အမျိုးသား၊ အမျိုးသမီးအားလုံးကို စာတတ်မြောက်အောင် သင်ပေးခဲ့တဲ့ ဆရာတော်။ တတိယမျိုးဆက်ကျပြန်တော့လည်း ငယ်ငယ်ကတည်းက ဘုန်ကြီး ကျောင်းသား ဘ၀နဲ့ ဆရာတော့်ကျောင်းမှာ နေဖူးသူတွေချည်း။ ကိုရင်အရွယ်မှာ ကိုရင်ဝတ်၊ ရဟန်းခံတဲ့ အချိန်မှာ ရဟန်းခံဆိုတော့ ဆရာတော့်သြဇာအောက်က တယောက်မှ မလွတ်ပါဘူး၊ ဆရာတော်က ငယ်ဖြူဆရာတော်၊ သက်ကြီးဝါကြီး ပုဂ္ဂိုလ်လည်းဖြစ်ပြန် ဆိုတော့ ပတ်ဝန်းကျင်ရွာတွေလည်း အပေါ်မှာ သြဇာကြီးတယ်။

    တောဆေးဆရာတပိုင်း ဆိုတော့လည်း ဒီနယ်တ၀ိုက်မှာ ဆရာတော် ကယ်ထားတဲ့အသက်တွေက မနည်း။ ဒါကြောင့် ဘယ်ရွာက အလှူပွဲသွားသွား၊ သာရေးနာရေးသွားသွား၊ ဆရာတော့်ရွာက လို့ ပြောလိုက်ရင် မျက်နှာရှိတယ်။ ရွာသားတွေကလည်း ဆရာ့တော်ရွာက ဖြစ်ရတာကို အလွန် ဂုဏ်ယူကြတယ်။
                                                         ****

     ဆရာတော်ကြီးမှာ အာသီသတခုရှိနေတယ်။ သူ့ ပျံလွန်တော်မမူခင်မှာ သူငယ်ငယ်ကတည်းက သီတင်းသုံးခဲ့တဲ့ သစ်သားကျောင်းအိုကြီးကိုဖျက်ပြီး တိုက်ကျောင်းပြန်ဆောက်ချင်တယ်။ ပြီးတော့ ကျောင်းကို အုတ်တံတိုင်း ခတ်ချင်တယ်။ သူ့ကျောင်းဝင်းထဲမှာလည်း ဘုရားတဆူတည်ထား ကိုးကွယ်ချင်တယ်။

     ဒါပေမယ့် ရွာသားတွေကို လုပ်လုပ်စားစားဆိုတော့ အကုန်အကျများမယ့် ကိစ္စကို ဆရာတော်က အတင်းမပူဆာဘဲ နေတယ်။ အသက်အရွယ်ထောက်လာ၊ ကျန်းမာရေး ချူချာလာတဲ့ အခါမှာ ဆရာတော်ရဲ့ အဲဒီဆန္ဒက ပိုလို့ ဖိစီးနှိပ်စက်လာပုံပါပဲ။ ဒကာအရင်း ရွာမိရွာဖတွေနဲ့ တွေ့တဲ့အခါမှာတော့ မကြာခဏ မိန့်ကြားတတ်တယ်။

    ရွာသားတွေကလည်း သူတို့ ကြည်ညိုတဲ့ ဆရာတော့်ဆန္ဒကို ဖြည့်ဆည်းပေးချင်ကြတာပေါ့။ တဖက်မှာလည်း ငွေကြေးချမ်းသာသူတွေလည်း မဟုတ်ကြတော့ အားလုံးကိုတော့ တပြိုင်နက်တည်း မလုပ်နိုင်ဘူးပေါ့လေ။

    ကျောင်းတဆောင်တော့ တင့်တင့်တယ်တယ်ဖြစ်အောင် အရင်ဆောက်ကြမယ်၊ ပြီးရင်တော့ ကျောင်းတံတိုင်းခတ်တာနဲ့ ဘုရားတည်တာကို လုပ်ကြတာပေါ့လို့ အားလုံး သဘောတူပြီး ကျောင်းဆောက်ဖို့ အားတက်သရော ပြင်ကြပါတယ်။ ကျောင်းရဲ့ အုတ်တံတိုင်းနဲ့ ဘုရား တည်ဖို့ မထည့်ငွေအတွက်လည်း ဘယ်သူက ဘယ်လောက်ဆိုပြီး သတ်မှတ် လိုက်ကြပါတယ်။
                                                         ****

     ဒီနေရာမှာ ဆရာတော့်ရွာကလေးရဲ့ ထူးခြားချက်နဲ့ ဒီနယ်အကြောင်း မိတ်ဆက်ပေးမှ ဇာတ်ရည်လည်မယ် ထင်ပါတယ်။ ရွာကလေး နှစ်ခြမ်းကွဲသွားတာနဲ့လည်း ပတ်သက်နေလို့ပါ။ ဆရာတော့်ရွာကလေးက မွန်ပြည်နယ်ထဲက ဗမာလူမျိုး (ဗမာစကားပြောတဲ့ လူတွေ) အများစု နေခဲ့ ကြတဲ့ရွာပါ။ အနီးအနားမှာတော့ မွန်ရွာတွေနဲ့ ၀ိုင်းနေပါတယ်။

   နယ်မြေမအေးချမ်းတဲ့ကာလမှာ အစိုးရစစ်ကြောင်းတွေ နယ်လှည့်လာရင် ဗမာရွာကလေးမှာပဲ ညအိပ်ညနေ တည်းခိုလေ့ရှိပါတယ်၊ အနီးအနားက ရွာတွေမှာတော့ မွန်သူပုန်နဲ့ ဆက်သွယ်လို့ ဆိုပြီး အစိုးရတပ်က ဘယ်ရွာက ရွာသားကို၊ ဘယ်ရွာက ရွာသူကြီးကို ရိုက်နှက်နှိပ်စက်တယ်၊ ဘယ်စစ်ဗိုလ်ကတော့ ဘယ်ရွာမှာ ဘယ်လို ကြမ်းတယ်ဟေ့လို့ နာမည်ကြီးပေမယ့် ဒီရွာရောက်ရင်တော့ စစ်သားတွေက အိမ်တကာမှာ အမေ၊ အဖေနဲ့ ဟင်းတွေလဲစားကြ၊ အိမ်အလုပ်တွေ ကူတန်ကူဆိုတော့ ရွာခံတွေကလည်း မိသားစုနဲ့ မခြား နွေးနွေးထွေးထွေး ရှိကြပါတယ်။

     ဒီအခြေအနေနောက်ခံမှာ ဗမာရွာလေးဆီကို နှိပ်စက်ခံရတဲ့ အနီးအနားမွန်ရွာတွေက ရွာသားတွေ တဖြည်းဖြည်းနဲ့ ပြောင်းရွှေ့လာကြပါတယ်။ တရွာနဲ့ တရွာ ကူးလူးဆက်ဆံမှုလည်း ရှိနေတော့ အိမ်ထောင်ရပ်သား ကြတာတွေလည်း ရှိပါတယ်။ တဖက်မှာလည်း ဒီရွာက ပထမမျိုးဆက်၊ ဒုတိယမျိုးဆက် တချို့ကလည်း မအေးချမ်းတဲ့ ရွာကလေးကို စွန့်ပြီး မြို့နဲ့ နီးရာကို ပြောင်းရွှေ့ကုန်ကြပါတယ်။ ဒီလိုနဲ့ ရွာကလေးမှာ ဗမာလူမျိုးတွေထက်၊ မွန်လူမျိုးတွေက လူဦးရေ ပိုများလာပါတယ်။
                                     ****

  အစပိုင်းတော့ ရွာခံ ဗမာတွေအပေါ် ပြောင်းရွှေ့အခြေချလာတဲ့ မွန်လူမျိုးတွေ က အောက်ကျို့ဆက်ဆံကြပါတယ်။ သူတို့က မြေပိုင်ယာပိုင်လည်း မရှိကြပါဘူး။ အတန်းပညာလည်း မတတ်သလောက်ပါပဲ၊ ဒါကြောင့် အများအားဖြင့် ၁၉၉၀ နောက်ပိုင်းမှာ ယိုးဒယား၊ မလေးရှား၊ စင်ကာပူတို့မှာ အလုပ်ထွက်လုပ်ကြပါတယ်။ ခပ်တိုတိုဆိုရင် အဲဒီနိုင်ငံတွေမှာ အလုပ်လုပ်ရင်း ရတဲ့ငွေကြောင့် ကြီးပွားလာကြပါတယ်။

     ရွာကို ပြန်လာကြပြီး လွန်ခဲ့တဲ့နှစ်တွေက ရွာကနေ မြို့ဘက်ကို ပြောင်းရွှေသွားတဲ့ လူတွေရဲ့ လယ်မြေလွတ်တွေကို ဈေးပေါပေါနဲ့ ၀ယ်ယူရင်း မြေပိုင်လာကြပါတယ်။ နိုင်ငံခြားက ပြန်ပို့တဲ့ငွေတွေနဲ့ အိမ်ကြီးရခိုင်တွေ ပိုင်ဆိုင်လာကြပါတယ်။ ရွာခံ ဗမာလူမျိုးအများစုကလည်း လယ်မြေတွေကို မစွန့်ခွာနိုင်၊ နိုင်ငံခြားမှာလည်း မစွန့်စားချင်သေးတဲ့ အခြေအနေမှာ ပြောင်းရွှေ့လာတဲ့ မွန်လူမျိုးတွေက ကြီးပွားချမ်းသာလာကြပါတယ်။

   အဲဒီကာလမှာပဲ အပစ်အခတ်ရပ်စဲရေးကြောင့် ပတ်ပတ်လည်က မွန်ရွာတွေကလည်း တစုံတရာ ငြိမ်းချမ်းလာပါတယ်။ မွန်သူပုန်တွေကလည်း အရင်လို ပုန်းပုန်းလျှိုးလျှိုးမဟုတ်တော့ဘဲ နယ်ပိုင်တွေ၊ စစ်ဘုရင်တွေဆန်ဆန် ဖြစ်လာပါတယ်။

      အဆိုးထဲက အကောင်းကတော့ မြေပိုင်ယာပိုင်မရှိလို့၊ ရွာတွေမှာ မငြိမ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေကို စွန့်စားပြီး ထွက်သွားကြတဲ့ သူတွေက ထင်ထားတာထက် ပိုအဆင်ပြေကြပါတယ်။ ခေတ်မကောင်းလို့ တိုင်းတပါးမှာ အလုပ်လုပ်ရင်း ပြန်ပို့တဲ့ ငွေတွေနဲ့ ချမ်းသာလာကြ၊ သူတို့ အိမ်တွေ၊ သူတို့ရွာတွေက ဘုန်းကြီးကျောင်းတွေလည်း နန်းတော်ကြီးတွေလို ဖြစ်လာကြပါတယ်။
                                                      ****

    ဒီလောက်ဆိုရင် ဆရာတော့် ရွာကလေးအကြောင်းကို ဆက်လို့ရပြီထင်ပါတယ်။ ခုနက ပြောခဲ့တဲ့အတိုင်းပဲ အရင်က ဗမာရွာကို ရောက်ခါစ အောက်ကျို့နေကြတဲ့ လူတွေက လူ့သဘာဝအတိုင်း ငွေကြေးရှိလာတဲ့ခါမှာ ဆက်ဆံရေးပုံစံတွေ စပြီး ပြောင်းလဲလာပါတယ်။ ရွာခံတွေနဲ့ ပုခုံးချင်းယှဉ်လာပါတယ်၊

      စောစောက ဆရာတော်က သူ့ ပျံလွန်တော်မမူခင်မှာ ကျောင်းကို အသစ်ဆောက်ချင်၊ အုတ်တံတိုင်းခတ်ချင်၊ စေတီတော်တဆူ တည်ထားကိုးကွယ်ချင်တဲ့ အကြောင်းပြောခဲ့ပါတယ်။ ကျောင်းကို စဆောက်တဲ့ အချိန်မှာ ငွေများများ လှူနိုင်တဲ့လူတွေက ဆရာတော်ကျောင်းမှာ အရာရောက်လာပါတယ်။

      အဲဒီကာလမှာပဲ ဆရာတော်ရဲ့ သဘောတူညီချက်နဲ့ စောစောက လူတွေက မွန်ရဟန်းပျိုတပါးကို ပင့်လာပါတယ်။ ရဟန်းပျိုက မြို့က ဓမ္မကထိက တပါးဖြစ်ပြီး လုပ်ရည်ကိုင်လည်း ရှိပါတယ်၊ အဲဒီအချိန်အထိ ဆရာတော့် ကျောင်းမှာ အတည်တကျ ရဟန်းတပါးမှ မရှိပါဘူး။ အသစ်ရောက်လာတဲ့ ရဟန်းပျိုက ဆောက်လုပ်စကျောင်းကို ပြီးအောင်၊ ဆရာတော် ဖြစ်ချင်တဲ့ အုတ်တံတိုင်း၊ ကျောင်းဝင်းထဲမှာ ဘုရားကိုလည်း တည်ဖြစ်အောင် အလှူငွေတွေကို အချိန်တိုအတွင်းမှာ ရှာဖွေပါတယ်။

      တဖြည်းဖြည်းနဲ့ ဆရာတော့်ကျန်းမာရေးက ဆိုးလာပြီး အကြားအာရုံနဲ့ အမြင်အာရုံလည်း ပျက်သလောက် ဖြစ်နေပါပြီ၊ အိပ်ယာထဲမှာ လဲနေတဲ့အချိန်များပြီး ရွာက ဒကာတွေ အလှည့်ကျ စောင့်အိပ်နေရပါတယ်။ ကျောင်းကိစ္စအ၀၀ဟာ အသစ်ရောက်လာတဲ့ ရဟန်းပျိုလက်ထဲရောက် သွားပါတယ်။ ကျောင်းကိစ္စ၊ အုတ်တံတိုင်းကိစ္စ၊ ဘုရားကိစ္စမှာလည်း သူ့လက်သူ့ခြေ ဖြစ်လာပါတယ်။

       ဆရာတော်ကျောင်းမှာ အစဉ်အလာ သြဇာလွှမ်းမိုးတဲ့ ရွာခံ ဒကာတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ပြီး သူ့ကို ပင့်လာတဲ့ ဒကာတွေကိုပဲ ကျောင်းမှာ တဖြည်းဖြည်းပေးလာတယ်ဆိုပြီး ရွာခံတွေနဲ့ အဆင်မပြေဖြစ်လာပါတယ်။
                                          ****

    ရွာခံတွေဟာ ရဟန်းပျိုလေးက သူ့လက်သူ့ခြေလုပ်သမျှ ကိစ္စအ၀၀မှာ ရှောင်ဖယ်ရှောင်ဖယ် လုပ်လာပါတယ်၊ အစပိုင်းက သူတို့ကိုယ်တိုင် သဘောတူပြီး ရည်စူးထားတဲ့ အလှူအတန်းကိစ္စတွေမှာ (ကျောင်းဆောက် ဘုရားတည်ကိစ္စမျိုးလို) စတိသဘောလောက်ပဲ ထည့်ဝင်ကြတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ရွာခံတွေဟာ ဘုရားတည်ဖို့ ကိစ္စနဲ့ မဆိုင်သလို ဖြစ်လာပါတယ်။

   ရဟန်းပျိုကလည်း ရွာဦးကျောင်းကနေ ညနေတိုင်း အသံချဲ့စက်နဲ့ ဘယ်ဒကာက ဘယ်လောက်လှူတဲ့အကြောင်း ဘုရားအတွက် အလှူငွေ ဘယ်လောက်ရတဲ့အကြောင်း ဘယ်ဒကာတွေက ငွေမလှူတဲ့အကြောင်း ကြေညာပါတယ်၊ လှူတဲ့လူတွေက ရွာကိုနောက် မှ ပြောင်းလာတဲ့လူတွေဖြစ်ပြီး မလှူတဲ့လူတွေက ရွာခံတွေ ဖြစ်နေတတ်ပါတယ်။

      ရဟန်းပျိုက ဓမ္မကထိကလည်း ဖြစ်ပြန်တော့ ဘုရားကိစ္စမှာ လှူတာ ဘယ်လောက် အကျိုးများတဲ့ အကြောင်း၊ မလှူတဲ့အတွက် ဘယ်လို ဆိုးတဲ့အကြောင်းတွေကို တရွာလုံးကြားအောင် ဥပမာနဲ့ မိန့်ကြားတော့ မလှူတဲ့ ရွာခံတွေက သူတို့ကို သက်သက်စောင်းပြောတာ၊ အရှက်ခွဲတာဆိုပြီး မကျေမနပ် ဖြစ်ကြပြန်ပါတယ်။

   ရွာဦးကျောင်းဆရာတော်ကြီးကတော့ အဲဒီအချိန်မှာ အမြင်အာရုံနဲ့ အကြားအာရုံတွေ အတော်ချို့ယွင်းနေလို့ အသေးစိတ်တွေ ဘာမှမသိတော့ပါဘူး။ ရွာက စိတ်ဝမ်းကွဲမှုကတော့ ဆိုးရွားပြီးရင်း ဆိုးရွားသွားပါပြီ၊
                                                    ****

      ဒီဇာတ်လမ်းမှာ နောက်ထပ် ဇာတ်ကောင်တယောက်ရှိပါတယ်။ ဒီရွာကနေ မြို့ကို ပြောင်းသွားပြီး ကြီးပွားချမ်းသာ နေတဲ့ သူဌေးတဦးပါ။ သူဌေးက ငယ်ငယ်ကတည်းက ဆရာတော့်ကျောင်းမှာ ကြီးပြင်းခဲ့တဲ့လူလည်းဖြစ်၊ ရွာခံတွေနဲ့လည်း ဆွေမကင်းမျိုး မကင်းဖြစ်ပြန်၊ ဆရာတော့်ကျောင်းက ကထိန်၊ ရွာရဲ့ သာရေးနာရေး ကိစ္စတွေမှာ အရင်ကတည်းက တက်တက်ကြွကြွလုပ်တတ်သူ၊ ဆရာတော်ကလည်း အားကိုးသလို၊ ရွာမှာလည်း သြဇာကြီးတဲ့သူပါ။

        ရွာခံတွေနဲ့ နောက်မှ ပြောင်းလာတဲ့လူတွေရဲ့ အုပ်စုနှစ်စုလို့သာ ဆိုပေမယ့် တကယ့်တကယ်မှာတော့ တချို့ရွာခံတွေထဲမှာလည်း အကြောင်းအမျိုးမျိုးနဲ့ နှစ်ဘက်အုပ်စုတွေမှာ ပါနေတာလည်းရှိပါတယ်။ ဒီလိုပဲ နောက်မှ ပြောင်းလာတဲ့လူတွေထဲက ရွာခံတွေဘက်က ပါနေတဲ့ တချို့လည်းရှိပြန်ပါတယ်။

      တိုတိုတိုဆိုရရင် ဒီလိုနဲ့ ဘုရားထီးတင်တဲ့နေ့ကို ရောက်လာပါတယ်။ ရွာကို နောက်မှ ပြောင်းလာတဲ့ အုပ်စုရဲ့ ပွဲပေါ့လေ။ အဲဒီအုပ်စုက မြိုကက သူဌေးကို ရွာဘုရားမှာ လာပြိး ထီးတင်ပေးဖို့ အခေါ်လွှတ်ကြပါတယ်။ ဆရာတော်က အခေါ်ခိုင်းလိုက်တဲ့ အကြောင်းသွားပြောကြပါတယ်၊ ဆရာတော်ကလည်း တကယ်ကို အခေါ်ခိုင်းလိုက်တာပါပဲ။

        ဘုရားတည်တဲ့ မွန်ရဟန်းပျိုကို မကျေနပ်တာကတကြောင်း၊ ရွာကို နောက်မှ ရောက်လာတဲ့ သူတွေက သူတို့ရွာက ဘုရားတည်တဲ့ကိစ္စမှာ ခြယ်လှယ်နေတာကို မကျေနပ်တဲ့ ရွာခံတွေ ဘက်ကလည်း ဒီဘုရားထီးတင်ပွဲကို မလာဖို့ သူတို့ အဖွဲ့ထဲက သူဌေးနဲ့ ရင်းနှီးတဲ့ လူတွေကို လွှတ်ပြီး ရှင်းပြခိုင်းပါတယ်။ နှစ်ဘက်လုံးက မျက်နှာနာစရာလူတွေလည်းပါနေ၊ ရွာက ဘုရားထီးတင်နေတဲ့ ကိစ္စလည်း ဖြစ်နေတော့ သူဌေးက နှစ်ဘက်စလုံးကို အလိုက်သင့်ပဲ ပြောပြီး ပြန်လွှတ်လိုက်ပါတယ်၊ ဘုရားထီးတင်တဲ့နေ့အထိ မြို့က သူဌေး လာမယ်၊ မလာဘူး မသေချာပါဘူး။

     ဘုရားထီးတင်မယ့် နာရီပိုင်းလောက်ကျမှ သူဌေးနဲ့ မိသားစု မြို့ကနေ ကားနဲ့ ရောက်လာပါတယ်၊ အနီးအနား ရွာတွေကလည်း ဒီရွာကလေးမှာ ရွာသားတွေ အချင်းချင်း မပြေလည် တာတွေကို မေ့ထားလိုက်ပြီး ဘုရားထီးတင်ပွဲကို လာကြလို့ ဘုရားထီးတင်ပွဲက အတော်လေး စည်စည်ကားကား ရှိပါတယ်။ ဘုရားထီးတင်ပွဲကို သွားချင်ရက်နဲ့ မသွားရတဲ့ ရွာခံ အမျိုးသမီးကြီးတွေက ဘုရားထီးတင်ပွဲက ဆိုင်းသံဗုံသံတွေကို ကြားတဲ့အခါတိုင်း အိမ်ထဲမှာ ကျိတ်ငိုကြရှာပါတယ်။

    ရွာခံယောက်ျားကြီးတွေကလည်း မျက်နှာ မသာမယာနဲ့ အလုပ်များ သလိုလို၊ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ထရံမှာ ချိတ်ထားတဲ့ ခမောက်ဆောင်းပြီး လယ်ကွင်း ဘက်က ထွက်သွားကြပါတယ်။
                                                      ****

  ရွာခံတွေက ဆရာတော်ပျံလွန်တော်မူတဲ့အခါမှာ ရွာကျောင်းကို ဗမာဆရာတော်တပါး ကို ကျောင်းထိုင် စေချင်ပါတယ်။ ဒါပေမယ့် ရွာကို နောက်မှ ပြောင်းလာတဲ့ လူတွေက သူတို့နဲ့ ဘာသာစကားတူတဲ့ မွန်ရဟန်းပျိုတပါးကို ခပ်စောစောကတည်းက ဆရာတော့် သဘောတူညီချက်နဲ့ ပင့်ထားခဲ့ပါတယ်။

   ရွာခံတွေက ဒါသက်သက် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလို့ နားလည်ကြပေမယ့် ဆရာတော် ကို ကြောက်ရလို့ ဘာမှ မပြောရဲကြပါဘူး။ အောက်ခြေမှာတော့ဘက်နှစ် ဘက် ချောင်းမြောင်း စောင်းမြောင်းနေတဲ့ အခြေအနေ၊ တခါတလေ လူမျိုးရေးပဋိက္ခ အသွင်တောင်ဆောင် လာပါတယ်။

    တခါတလေ ရွာဦးကျောင်းကနေ ရဟန်းပျိုလေးက မွန်ဘာသာနဲ့ တရားအခွေတွေကို တရွာလုံးကြားအောင် အသံချဲ့စက်နဲ့ ဖွင့်တဲ့အခါ၊ မွန်သီချင်းတွေကို ဖွင့်တဲ့အခါ ရွာခံ ဗမာတွေက အသည်းနာကြပါတယ်။ တရားပွဲတွေမှာလည်း မွန်ဘာသာနဲ့ ဟောတတ်လို့ ရွာခံဗမာတွေက ရက်ကြီးအခါကြီးတွေလည်း ဥပုသ်စောင့်ဖို့၊ သီလယူဖို့ ကျောင်းကို မသွားကြတော့ပါဘူး။ ရွာခံတွေကဘက်ကလုပ်တဲ့ သာရေးနာရေးတွေကိုလည်း မွန်ရဟန်းပျိုကလေးက မကြွတော့ပါဘူး။

        နောက်ဆုံး ရဟန်းပျိုကလေးနဲ့ မတည့်တဲ့ဘက်က နာရေးကိစ္စပေါ်လို့ သရဏံဂုံ တင်ဖို့ ရဟန်ပျိုလေးက မကြွလို့ တခြားရွာက ဘုန်းကြီးကို သွားပင့်ရတဲ့ အထိ ဖြစ်ကြပါတယ်။
                                           ****

     အဲဒီအချိန်မှာ အစိုးရနဲ့ မွန်သူပုန်တပ်တွေနဲ့ အပစ်ရပ်ထားပြီးတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အစိုးရတပ်တွေ အဲဒီနယ်ကို မလာသလောက်ဖြစ်သွားပြီး၊ မွန်သူပုန်တပ်တွေကပဲ အဲဒီနယ်မှာ စိုးမိုးနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် တချို့က နယ်ထိန်း မွန်ပြည်သစ်တပ်က အရာရှိတွေ အားကိုးနဲ့ အာဏာပါဝါပြတဲ့ အခါမျိုးလည်း ရှိပါတယ်။ အရင်က အစိုးရ စစ်တပ်ကို မွန်ရွာတွေက ကြောက်ခဲ့ရသလိုပဲ၊ အခုတော့ မွန်စစ်တပ်ကို ဗမာရွာကလေးက ကြောက်ရတဲ့ အခြေအနေမျိုး ပြောင်းသွားပါတယ်။

     ရွာက ဥက္ကဌ ရွေးတဲ့အခါမှာလည်း ကိုယ့်အုပ်စုက လူဖြစ်ရေးကို နှစ်ဘက်စလုံးက အသည်းအသန် ကြိုးပမ်းကြပါတယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း မြို့နယ်အရာရှိကို ငွေပေးနိုင်တဲ့ ပြောင်းရွှေလာ သူတွေဘက်က တင်တဲ့လူက ဥက္ကဌဖြစ်ပြီး၊ ရွာခံတွေကဘက်က သဘောထားပျော့ပြောင်း သူက အတွင်းရေးမှူး ရာထူးလိုမျိုးရကြပါတယ်။
                                           ****

      ရွာခံတွေကြားမှာ ဘယ်တော့မှ အခဲမကျေနိုင်တဲ့ ကိစ္စတခုလည်း ဖြစ်ခဲ့ပါတယ်၊ တခါက ရွာပြင်က ရာဘာခြံတခြံမှာ ရာဘာပင်ပျိုတွေ အညွန့်ကနေ ပြတ်နေတဲ့ကိစ္စကို တယောက်ယောက်က ဓားနဲ့ ၀င်ခုတ်တာဆိုပြီး ခြံပိုင်ရှင်က ရွာဥက္ကဌဆီမှာ အမှုဖွင့်ပါတယ်။

       စွပ်စွဲခံရတဲ့ အဘိုးကြီးက တချိန်က ရပ်မိရပ်ဖတယောက်၊ သူ့ဇနီးကွယ်လွန်သွားတဲ့ နောက်မှာ စိတ်တွေ ဂယောက်ဂယက်ဖြစ်နေပြီး၊ ဆောင်ဓားတလက်နဲ့ သူ့ဇနီးကို မြှုပ်ထားတဲ့ ရွာပြင်သချုင်္ိင်းကုန်းကို မကြာခဏသွားတတ်ပါတယ်။ အမှုရင်ဆိုင်ကြတော့ ရာဘာပင်ပေါက်တွေကို သူခုတ်ခဲ့သလား၊ မခုတ်ခဲ့ဘူးလား ဘာမှ မပြောနိုင်ပါဘူး၊ ရွာဥက္ကဌက တရားလိုဘက်က ကျေနပ်အောင် အဘိုးကြီးကို ဒဏ်ငွေရိုက်လိုက်ပါတယ်။

        ဒီကိစ္စမှာ တရားလိုက ရွာကို နောက်မှ ပြောင်းလာတဲ့ အုပ်စုဘက်ကဖြစ်နေ၊ စွပ်စွဲတာက ရွာခံဘက်က ရပ်မိရပ်ဖဖြစ်နေ၊ အဆုံးအဖြတ်ပေးတာကလည်း နောက်မှ ပြောင်းလာတဲ့ အုပ်စုဘက်က ဖြစ်နေတော့ ဒီအမှုက ရိုးရိုးသာမန်အမှုတခုအဖြစ် မမြင်ကြတော့ပါဘူး။

နောက်ပိုင်းမှာ ရာဘာပင်ပျိုတွေ မကြာခဏပြတ်နေတာကို တွေ့ရတော့မှ၊ တောထဲက ဂျီတွေ၊ ဒရယ်တွေ ကိုက်ဖြတ်တာလို့ ရွာခံတွေကြားထဲမှာ ပြောလာကြပြန်ပါတယ်၊ ဒါပေမယ့် စောစောက ရွာခံ အဘိုးကြီးကတော့ ဒဏ်ရိုက်ခံရိုက်ပြီး မကြာခင်မှာပဲ မစားမသောက်ဘဲနေရင်း ကွယ်လွန်သွားခဲ့ပါတယ်။
                                                   ****

     ဆရာတော် အသည်းအသန် ဖြစ်နေတဲ့အချိန်မှာတော့ ကျောင်းကို တရားဝင်လွှဲပြောင်းဖို့ ဖြစ်ပါတယ်။ ရွာကို နောက်မှ ရောက်လာတဲ့ လူတွေက သူ့တို့ပင့်ထားတဲ့ မွန်ရဟန်းပျိုကို ကျောင်းအပ်ဖို့ ဆရာတော်ကို လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီအချိန်မှာ ရွာခံတွေက ဗမာရဟန်းပျိုတပါးကို ပင့်ထားပါတယ်။ ရွာခံတွေက ကျောင်းဒကာ မြို့က သူဌေးကို ခေါ်လာပြီး ဗမာရဟန်းပျိုကို လွှဲပေးဖို့ ဆရာတော့်ကို တိုက်တွန်းခိုင်းပြန်ပါတယ်။

       ဒီတခါတော့မြို့က သူဌေးက ငယ်ပေါင်းကြီးဖော် ရွာခံတွေဘက်က လိုက်ပြီး ဆောင်ရွက်ပေးပါတယ်။ ဆရာတော်ခမျာမှာ မျက်စိကမွဲ၊ နားက ကောင်းကောင်း မကြားပေမယ့်လည်း သူ့ဒကာတွေ သွေးကွဲနေတာကိုတော့ သူမပျံ လွန်ခင်လေးမှာ သိသွားရှာပါတယ်။
  စကားမပြောနိုင်တော့လို့ ဘာမှ မပြောခဲ့ပေမယ့် ရွာခံဒကာတွေဘက်က ဗမာဆရာတော် ကို ကျောင်းအပ်ဖို့ လက်မှတ်ထိုးပေးသွားခဲ့ပါတယ်။ ဒါကြောင့် ရွာခံတွေဘက်က ဗမာဆရာတော်တပါး ကျောင်းထိုင်ဖြစ်လာပြီး မွန်လူမျိုး ရဟန်းပျိုကလေးကို ကျောင်းပေါ်ကနေ အတင်းနှင်ချလိုက်ပါတယ်။
                                       ****

   ဒါကို မကျေနပ်တဲ့အုပ်စုက သူတို့ ပင့်ထားတဲ့ မွန်ဆရာတော်အတွက် ရွာပြင်မှာ ကျောင်းတဆောင် ဆောက်ပါတယ်။ အဲဒီအနားမှာပဲ နောက်ထပ် ဘုရားတဆူကို တည်ပါတယ်၊ ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနားကိုလည်း သပိတ်မှောက်ကြပါတယ်။ နဂိုရွာခံတွေကပဲ မြို့က သူဌေးတွေနဲ့ ဆရာတော့်ရဲ့ နောက်ဆုံးခရီးကို စည်စည်ကားကား ဖြစ်အောင် ကျင်းပပေးလိုက်ကြပါတယ်။

     အုပ်စုနှစ်စုလို့ ဆိုပေမယ့် တချိုကလည်း ငယ်ငယ်ကတည်းက ဆရာတော်ကျောင်းမှာ အတူတူကစားဖက်၊ စာသင်ဖက်တွေ ဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ တချိုကဆိုရင် ဒီရွာကလေးမှာ ခေတ်ဆိုးကို အတူတူဖြတ်သန်းခဲ့တဲ့၊ ရွာကလေးကို သူခိုးဒမြတွေ ရန်ကနေ ကာကွယ်ခဲ့ကြတဲ့ ရွာကို တကယ်အမှန်တကယ် ချစ်တဲ့ ရွာသားကြီးတွေပါ။

     ဒါပေမယ့် ခေတ်ပြောင်းလာတဲ့ အချိန်ကျတော့မှ သဘောထားမတိုက်ဆိုင်တာတွေ ဖြစ်ပြီး တအုပ်စုဆီ ဖြစ်သွားကြပါတယ်။ နောက်တခုကလည်း လူမျိုးရေးပဋိပက္ခက ဒီရွာတရွာတည်းမှာ ကွက်ညပီး ဖြစ်နေတာပါ၊ ရွာခံတွေနဲ့ နောက်မှ ပြောင်းလာတဲ့ မွန်လူမျိုးတွေကြား အဆင်မပြေဖြစ်ကြပေမယ့် ရွာခံဗမာလူမျိုးတွေက အနီးအနားက မွန်ရွာတွေနဲ့ကျပြန်တော့လည်း ဟိုတုန်းကအတိုင်းပဲ ဆက်ဆံရေးမပျက် ချစ်ချစ်ခင်ခင်ပါပဲ။
                                                   ****

     ဒီလိုနဲ့ ဆရာတော် ပျံလွန်တော်မူတဲ့အခါ ဆရာတော်ဈာပနကို သပိတ်မှောက်သူတွေက ဘုရားထီးတင်ခဲ့ကြတဲ့ မွန်ရဟန်းပျိုလေးတို့ အဖွဲ့ဖြစ်သွားပြန်ပါတယ်။ အဲဒီအဖွဲ့မှာ ပါနေပေမယ့် ငယ်ငယ်က ဆရာတော့်ကျောင်းမှာ စာအံခဲ့တဲ့ ရွာခံ အမျိုးသမီးကြီးတွေဟာ ငယ်ငယ်ကတည်းက သူတို့ ကြောက်ချစ်ရိုသေခဲ့ရတဲ့ ဆရာတော်ကြီးကို နောက်ဆုံးအချိန်အဖြစ် ဖူးချင်ကြပါတယ်၊ ရှိခိုးဦးခိုက်ချင်ကြပါတယ်။

      ဒါပေမယ့် မခံချင်စိတ်နဲ့ အဖွဲ့လိုက် သပိတ်မှောက်ထားကြတော့ သွားချင်ရက်နဲ့ မသွားရရှာပါဘူး၊ တဖက်အုပ်စုက အရှက်ခွဲပြီး မောင်းလွှတ်မှာလည်း စိုးရိမ်ကြပါတယ်၊ ဒါကြောင့် ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ဆရာတော်ကျောင်းမှာ အတူတူပြေးပြေးလွှားလွှား ကစားခဲ့တာတွေကို တစိမ့်စိမ့်တွေးရင်း ဆရာတော့်ဈာပနရဲ့ ငိုချင်းသီချင်းနဲ့ အိမ်ထဲမှာပဲ ကြိတ်ငိုကြပါတယ်။

       ဒါနဲ့ မကျေနပ်တဲ့အခါ “ဟယ် -ဘာပဲဖြစ်ဖြစ် ငါတို့ ဆရာတော်ကြီးရဲ့ နောက်ဆုံးအချိန်မှာ ဘယ်သူတွေ ဘာပြောပြော သွားကန်တော့မှပဲ” လို့ စိတ်ပိုင်းဖြတ်ပြီး ဆရာတော့်ကျောင်းဘက်ကို သွားမယ်လို့ ဆုံးဖြတ်ပြီးမှ “မဖြစ်ပါဘူးလေ” ဆိုပြီး နောက်ပြန်လှည့် ရွာရိုးကိုးပေါက်လျှောက်ရင်း ဟိုအိမ်ဝင်ရကောင်းနိုး၊ ဒီအိမ်ဝင်ရကောင်းနိုး၊ ဘယ်အိမ်မှ မ၀င်ဘဲ ရွာလည်လမ်းမတလျှောက် နေမထိထိုင်မသာ ခေါက် တုံခေါက်ပြန် လျှောက်ရင်း ငိုကြယိုကြပြန်ပါတယ်။

     ငယ်သံယောဇာဉ် မကုန်တဲ့ တချို့အမျိုးသမီးကြီးတွေက “သနားပါတယ်ဟယ်၊ ဒီကောင်မတွေ နဂိုကတည်းက ငါတို့ဘက်က နေလိုက်ရင် ဒီလိုမငိုရပါဘူး” လို့ ကွယ်ရာမှာ တိုးတိုးဆိုကြပါတယ်။ ဒါပေမယ့် တချို့က “အို -- ရွာဘုရားပွဲတုန်းကလည်း ငါတို့ ဒီလိုပဲ ငိုခဲ့ရတာပဲ၊ ဒီတခါတော့ ဒင်းတို့ အလှည့်” ဆိုပြီး လျစ်လျူရှု ထားလိုက်ကြ ပါတယ်။

     အိမ်ခြေ ၁၀၀ လောက်ရှိတဲ့ရွာရဲ့ ဘုန်းကြီးကျောင်းအကွဲအပြဲက စလိုက်တဲ့ ပြဿနာဟာ ဘယ်လိုမှ စေ့စပ်မရ အောင်ပါပဲ။ သာရေးနာရေး လူမှုရေး အသေးအဖွဲတွေကနေ လူမျိုးရေးအထိ အကျယ်ချဲ့ကြတယ်။ လူကြီးတွေက အလှူအတန်းနဲ့ စီးပွားမှာလည်း အကြွားပြိုင်ကြတော့ ရွာလူငယ်တွေမှာပါ တစောင်စောင် တကျက်ကျက်ပါပဲ။

    ဒီရွာရဲ့ မပြီးမစီးနို်င် တနေ့တမျိုးမရိုးတဲ့ ဇာတ်လမ်းတွေကို အနီးနားက ရွာတွေကတော့ သန်းတုတ်ရင်း ပြောကြ၊ လက်ဘက်ရည်ခြမ်းဝိုင်း ထိုင်ရင်း မြည်းကြလေရဲ့။
                                                     ****
                                                                              ညီစောလွင်
                                                                          (ဧပြီ ၁၅၊ ၂၀၁၂) 
                  မောက္ခ ပညာရေးမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။

13/04/2012

သပြေညို

1. စီးဆင်း ရင်ခွင် | 4/13/2012 | 2. 3. 4. 5. 6. Best Blogger Tips


"သပြေညို"

သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။


လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

ဇန္နဝါရီ ၄ ၁၉၃၈
မင်းသုဝဏ် -၁၉ဝ၉-၂ဝဝ၎

12/04/2012

“မင်းတကိုယ်ထဲလျှောက်ပေတော့”

1. စီးဆင်း ရင်ခွင် | 4/12/2012 | 2. 3. 4. 5. 6. Best Blogger Tips


“မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။

”ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့”။

“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့”။

“မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့”။

တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။

02/04/2012

သေခြင်းကင်းတဲ့ အလှတရား

1. စီးဆင်း ရင်ခွင် | 4/02/2012 | 2. 3. 4. 5. 6. Best Blogger Tips



  “အလှဆင်သူ”ဆိုတဲ့ စကားလုံးကိုမြင်လိုက်တာနဲ့ တပြိုင်နက် မိမိစိတ်မှာ လွှတ်ခနဲ သတိရ လိုက်တာကတော့ ဆရာကြီးဇော်ဂျီရဲ့ “သင်သေသွားသော်”ဆိုတဲ့ ကဗျာမွန်ကိုပါပဲ။

      ဆရာကြီးရဲ့ကဗျာအစဆုံးပိုဒ်မှာ “သြော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရ,နာရ,သေရဦးမည်” ဆိုတာအထိ ဖတ်ကြည့်လိုက်ရင်တော့ ဘဝကိုငြီးငွေ့တဲ့ နိဗ္ဗိန္ဒသံလိုလို၊ သင်ခန်းစာယူတဲ့ သံဝေဂသံ လိုလိုထင်လိုက်ရတယ်။ ဒါပေမဲ့....
      အဲဒီနောက်မှ တဆက်တည်းပြထားတဲ့ “မှန်ပေသည်တည်း”ဆိုတာအထိဖတ်ပြီးလို့ တဖြည်းဖြည်း ခံစားကြည့်လိုက်မယ်ဆိုရင်တော့ ဆရာကြီးကဘဝကို ငြီးငွေ့နေတာလည်းမဟုတ်ဘူး၊ ညည်းညည်းညူညူနဲ့ သံဝေဂပွားပြနေတာလည်းမဟုတ်ပါဘူး။
   ဆရာကြီးရဲ့ ဒီစာပိုဒ်ကိုဖတ်ကြည့်လိုက်ရင် ဘဝကိုအမြင်ရှင်းသူ၊ ဘဝမှာအပြစ်ကင်းသူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို အထင်းသားတွေ့နိုင်ပါလိမ့်မယ်။ အများတကာညည်းညူထိတ်လန့်စရာလို့ထင်ရတဲ့ အို,နာ,သေရေးကိုဆရာကြီးက ဘဝရဲ့မောင်နှင်အားလောင်စာ ဆီများအဖြစ် အသုံးချနေတာ၊ အသုံးချစေ တာဖြစ်တယ်ဆိုတာအထပ်ထပ်အခါခါ ဖတ်ကြည့်ရင် ထင်းထင်းကြီးပေါ်လာပါလိမ့်မယ်။ ဟုတ်ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေကိုဖတ်ရတာဟာမိုနက်(Monet)ရဲ့ ပန်းချီကားတွေကို ကြည့်ရသလိုပဲတဖြည်းဖြည်း စူးစူးစိုက်စိုက်နဲ့ စိတ်ဝင်တစားကြည့်လေလေ အဓိပ္ပာယ်တွေကလေး နက်ကြည်လင်ပြီးပီပြင် ပုံပေါ်လာလေလေ ဖြစ်နေပါတယ်။

     အခုလည်းကြည့်လေ။ ဆရာကြီးပြောလိုက်တာက “အိုရ,နာရ,သေရဦးမည် မှန်ပေသည်တည်း” တဲ့။ “အိုရ,နာရ,သေရမှာမှန်တယ်လေ၊ အဲဒါဘာဖြစ်လဲ”လို့ ယထာဘူတဉာဏ်နဲ့လူ့ဘဝ ကိုအေးအေးဆေးဆေး လေးပြောနေ တယ်ဆိုတာကိုလည်းခန့်မှန်းလို့ ရပါလိမ့်မယ်။

     ဒီနေရာမှာပရိနိဗ္ဗာန်ပြုဖို့ သုံးလအလိုလောက်မှာဘုရားရှင်ကအရှင်အာနန္ဒာမထေရ်ကိုမိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံခေါ ပနေတံအာနန္ဒ ယံမနုဿဘူတောကာလံကရေယျ = အာနန္ဒာရလူရယ်လို့ ဖြစ် လာပြီးရင် သေကြရတယ်ဆိုတာဘာမှ အဆန်းမဟုတ်ပါဘူး”ဆိုတဲ့ စကားတော်ကို လည်း ပြန်လည် ကြားယောင်မိစရာပါ။

  သေတာအဆန်းမဟုတ်ဘူးလို့ ပြောထားလေတော့ “ဒါကဘာကဆန်းသလဲ” ဆိုတာ ဆက်ပြီးစဉ်းစားဖို့လိုတာပေါ့။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ “သေတာဟာအဆန်း မဟုတ်ဘူးဆိုမှတော့ နေတာကသာဆန်းတယ်”လို့ ဆိုရမှာပေါ့။ နေတာဟာဘယ်လို ဆန်းသလဲဆိုတာကိုဆရာကြီးကနေရာစေ့ ထောင့်စေ့အောင် အသေအချာ ရှင်းပြထားပါတယ်။ ကြည့်လေ -

    “သို့တပြီးကား၊ သင်သေသွားသော်၊ သင်ဖွားရာမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏”တဲ့။

       သေမျိုးတွေဖြစ်လို့ သေရမှာမှန်သော်လည်း မသေခင်အတွင်းမှာနေချိန်ဆိုတာလူတိုင်းမှာရှိကြတာပဲ။
 နေချိန်မှာအမှတ်တမဲ့ နေကြသူတွေအတွက်တော့ သေချိန်ရောက်ပြီးတဲ့အခါမှာလည်းဘာမျှ အမှတ်တရကျန်ရစ်မှာမဟုတ်ပါဘူး။ ရတောင့်ရခဲလူ့ဘဝကြီးကိုရရှိထားတဲ့ လူသားတစ်ယောက် အနေနဲ့ သေရွာထဲမှာ မသေရာမှတ်တိုင်တွေ စိုက်ထူနိုင်စွမ်းရှိကြပါတယ်။ အဲဒါကိုဆရာကြီးကအလေးအနက် သတိပေးထားတာပါ။ “သင်ဖွားမြင်ရာသင့်ရပ်သင့်ရွာ၊ သင့်ဒေသသင့်နိုင်ငံတိုးတက်ရေးအတွက် သင်စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့ပါ၊ သင်စိုက်ထူခဲ့ တဲ့ တိုးတက်မှု မှတ်တိုင်များဟာ သင်သေသွားသော်လည်းမသေမပျောက် ထာဝရလှပနေပါလိမ့်မယ်”လို့ သတိပေးလိုက်တာပါ။

    ဆရာကြီးပြောလိုက်မှ သတိပြုမိတယ်။ မိမိတို့ဖွားရာအရပ် ဒေသဝန်းကျင်မှာ “ဖိုးလူတုတ်ဇရပ်”တို့၊ “ဖိုးရွှေအော်သရက်တော”တို့၊ “ဖိုးထွန်းလင်းဆည်”တို့ဆိုတာတွေ ခုအထိမသေမပျောက် ထင်ရှားရှိသေးတယ်။

  မူလတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကတော့ မိမိတို့ရဲ့အဘိုးများတောင် ခပ်ရေးရေးသာမီလိုက်တယ်ဆိုတော့ ရတနာပုံခေတ်ဦးလောက်ကလို့ ခန့်မှန်းရပါတယ်။ ခုဆို နှစ်ပေါင်း(၁၅၀)ဝန်းကျင်လောက် ရှိရောပေါ့။

        ဒါပေမဲ့ ဒီနေရာတွေဟာတောထဲတောင်ထဲသစ်ခုတ်ဝါးခုတ်ဖို့ လှည်းအုပ်နဲ့ ခရီးသွားကြသူတွေအတွက် နားခိုရာအရပ်၊ သောက်သုံးရာရေအဖြစ်နဲ့ ခုတိုင် ကူညီပေးနေဆဲဖြစ်လို့ ဒီအမည်တွေဟာဝန်းကျင်ဒေသ တဝိုက်ကမှီတင်းနေထိုင်ကြသူတို့ရဲ့ ရင်ထဲမှာတော့ ခုထိမသေမပျောက်တဲ့အလှများအဖြစ် ထင်ကျန်ရစ်ဆဲပါ။

  ဒီလိုသေခြင်းကင်းတဲ့ အလှမှတ်တိုင်တွေ စိုက်ထူခဲ့ဖို့ဆိုတာအသွင်သဏ္ဌာန်အားဖြင့် ကြီးကျယ်ခမ်းနားမှရယ်လို့ မဟုတ်ပါဘူး။ စေတနာကြီးကြီးမားမားနဲ့ ပြုလုပ်မယ်၊ လူများစု ကြီးကြီးမားမားနဲ့ သက်ဆိုင်မယ်ဆိုရင် ရေအိုးစင် ကလေးတစ်ခုဟာလည်း ကြီးမားတဲ့ အလှမှတ်တိုင်ကြီး တစ်ခု ဖြစ်နိုင်တာပါပဲ။

   မိမိတို့ငယ်စဉ်ကရွာနဲ့မိုင်ဝက်လောက်ကွာတဲ့ ချောင်းကွေ့နားမှာဖိုးသြလှဆိုတဲ့ ဒကာကြီးရဲ့ ယာခင်းတစ်ခုရှိတယ်။ယာခင်းရဲ့အစပ်မှာသရက်ပင်ကြီးတစ်ပင်ကအတော်လေးအရိပ်အာဝါသကောင်းပါတယ်။
ဖိုးသြလှကအဲဒီသရက်ပင်ကြီးရဲ့အောက်မှာအခွသုံးခုပါတဲ့ တောသစ်ပင်တစ်ခုကိုခုတ်ဖြတ်ပြီးရေအိုးစင်ကလေး
လုပ်ထားတယ်။ ရေအိုးမှာအုန်းမှုတ်ခွက် ဝါးရိုးတပ်ရေမှုတ်ကလေးတစ်ခု တပ်ထားပြီးဝါးနှီး အုပ်ဆောင်းကလေးနဲ့အုပ်ထားပါတယ်။

    မနီးမဝေးမှာရှိတဲ့ ချောင်းထဲမှာလည်းလက်ယက်ရေတွင်းကလေးတစ်ခုကို ကျွဲနွားမဝင်နိုင်အောင် ဝါးခြံကလေးခတ်ထားတယ်။

      ရေအိုးစင်ကလေးမှာရေမပြတ်အောင်တစ်နေ့သုံးကြိမ်လောက်ဖြည့်ထားတော့ မြေသောက်ရေအိုးကလေး
ဟာအမြဲပဲစွတ်စိုအေးမြနေပါတယ်။ ရွာနီးချုပ်စပ် ခရီးသွားတို့ရဲ့ အားထားနားနေရာ စခန်းထောက်ကလေးပေါ့။ သားစဉ်မြေးဆက် ဒီအစဉ်အလာကောင်းလေး ကိုဆက်ထိမ်းထားလို့ ခုထိလည်းခရီးသွားတွေ နေပူလို့ နည်းနည်းပင်ပန်းလာပြီဆိုရင် “ကဲခပ်သုတ်သုတ်ကလေး လှမ်းကြစို့ဟေ့.. ဖိုးသြလှရေအိုးစင်ရောက်မှ တစ်ထောက်နားကြစို့”လို့ ပြောစမှတ် ပြုကြတုန်းပါပဲ။ ဖိုးသြလှ ကွယ်လွန်သွားပေမဲ့ သူ့ရဲ့အမည်ကတော့ သေခြင်းကင်းစွာပဲလှပနေလျက်ပါ။

  အခုပြောခဲ့တာတွေဟာစေတနာရှိသူတိုင်းအလွယ်တကူတည်ဆောက်နိုင်တဲ့ မသေရာအလှတရား ကလေးတွေပါ။ ဒီထက်ပိုပြီးခမ်းနားအောင် တည်ဆောက်ခဲ့မယ်ဆိုရင်တော့ ဘာအထူးပြောစရာ လိုတော့မလဲ။ “လှည်းဝန်ရိုးသံတညံညံ၊ ပုဂံဘုရားပေါင်း”တို့လိုပဲ ဖြစ်မှာပေါ့။

    ဒီထက်တဆင့်တက်ပြီးတော့လည်းဆရာကြီးက -

    “သင်၏မျိုးသား၊ စာ,စကားလည်း၊ ကြီးမားတက်မြင့်၊ ကျန်ကောင်းသင့်၏”တဲ့။ ဒါကတော့ ရှင်းပါတယ်။ ဒီနေ့ မြန်မာစာပေလောကမှာကျောက်စာများကစပြီး ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ စကားပြေတို့ပါ အပြည့်အစုံလေ့လာ စရာဂုဏ်ယူစရာတွေဆိုတာရှေးပညာရှင်များရဲ့မသေနိုင်တဲ့အလှများပဲမဟုတ်လား။
 
   သင်လည်းသင်စွမ်းနိုင်ရာကနေဒီအလှတရားတွေ လှသက်ရှည်အောင် ဖြည့်စွက်ထမ်းဆောင်မယ်ဆိုရင် သင်သေသည့် တိုင် သင့်ရဲ့မသေနိုင်တဲ့ အမတေအလှတစ်ခုတော့ လောကထဲမှာထင်ကျန်ရစ်ခဲ့မှာပါ။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ရဲ့ ပျို့ကဗျာများ၊ လယ်တီဒီပနီများနဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ဘာသာဋီကာများစသည်တို့လိုပဲပေါ့။ အဲဒီလိုထင်ကျန်ရစ်စေဖို့ ဆရာကြီးကသတိပေးတိုက်တွန်း လိုက်တာပါပဲ။

      လောကရေးမှာလောကသင်္ကေတအရမသေရာအလှမှတ်တိုင်များစိုက်ထူနိုင်ရေးသာမကတကယ့်ကိုမှ “အမတေ”လို့ခေါ်ရတဲ့ မသေရာပန်းတိုင်အစစ်ကြီးဖြစ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်တိုင် အမြင့်မြတ် အခိုင်မာဆုံးအလှမှတ်တိုင်ကြီး အထိစိုက်ထူနိုင်ရေးအတွက်ကိုတော့ ဆရာကြီးက -

     “သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း”လို့ တိုက်တွန်းလိုက်ပါတယ်။ “လောကရေးလည်းမဖျင်းနဲ့၊ ဓမ္မရေးလည်းမကင်းနဲ့” ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ အဆုံးအမအတိုင်းဆရာကြီးကလည်း ထပ်မံတိုက်တွန်းလိုက်တာပါ။

    ဒီနေ့အထိဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့ရဲ့ စစ်မှန်တဲ့ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓ သာသနာတော်ဆိုတာ အရှင်မဟာကဿပအစရှိတဲ့ မထေရ်မြတ်အဆက်ဆက်တို့နဲ့ အဇာတသတ်မင်းအစရှိတဲ့ သာသနာ့ ဒါယကာအဆက်ဆက်တို့ စိုက်ထူခဲ့တဲ့ အမတမှတ်တိုင်ကြီးပဲမဟုတ်လား။ ဒီမှတ်တိုင်ကြီးဆက်လက် တည်တန့် ထွန်းလင်းရေးအတွက် သင်လည်းတစ်တပ်တစ်အားပါဝင်ခဲ့ဖို့ ဆရာကြီးကတိုက်တွန်းလိုက်တာပါ။

  ဟုတ်ပါတယ်။ လူတိုင်းမှာလူစွမ်းလူစဆိုတာအနည်းနဲ့အများဆိုသလိုရှိကြတာချည်းပါပဲ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ လုပ်ပိုင်ခွင့်တွေကိုမသေရာအထိမရည်မှန်းဘဲမသေခင် ကိုယ်ကျိုးသက်သက် အတွက်သာလုပ်ကိုင်နေကြမယ်ဆိုရင်တော့            “ခြေရာလည်းပျောက်၊ ရေလည်းနောက်”ဆိုသလိုပဲသင့်ခြေရာများပျောက်သွားတာနဲ့ တပြိုင်နက် သင့်ရပ်ရွာ၊ သင့်နိုင်ငံအတွက် ဘာခြေရာလက်ရာမှ အကျိုးရှိရှိထင်ကျန်ရစ်စရာမရှိနိုင်သလို သင့်ရဲ့သားစဉ်မြေး ဆက်အတွက်လည်းကဲ့ရဲ့ဖွယ်ရာဂုဏ်ပျက်စရာများနဲ့ မျက်နှာမလှ ဖြစ်ကျန်ရစ်ခဲ့ကြရမှာပါ။

    တစ်လောကလုံးကိုစိုးပိုင်တဲ့ ဧကရာဇ်ဘုရင်ကြီးပင်ဖြစ်သော်လည်းသူပိုင်ဆိုင်အုပ်စိုးရာလောကအတွက် အကျိုးပြုတဲ့ မသေရာမှတ်တိုင် တစ်ခုတစ်လေမှ မစိုက်ထူရစ်ခဲ့ဘူးဆို၇င်တော့ သစ်ပင်ကြီးလို ထီးထီးမားမားနေခဲ့ပြီး သစ်ရွက်ကလေးလိုမထင်မရှားကြွေသွားသူသာ ဖြစ်ရမှာပါ။

    ဒီနေရာမှာကဗျာဆရာဦးတင်မိုးရဲ့ “ငါကားဖခင်ဖြစ်ချေပြီး”ဆိုတဲ့ ကဗျာကလေးကလည်းအလေးအနက် သတိထားစရာတစ်ခုပါပဲ။ ကဗျာကလေးကတော့ -

     “ငါအဖေကား၊ ရွှေငွေဥစ္စာ၊ အာဏာမင်းစက်၊ ရာထူးမက်ဟု၊ သက်ရှက် မခံတော့ပါပြီ။

     ငါ့အဖေကား၊ နေရာတစ်ခု၊ ရလိုမှုတွက်၊ အလုအယက်၊ ခြေကိုဖက်ဟု၊ သားရှက် မခံတော့ပါပြီ။

    ငါ၏စိတ်ထား၊ ငါ့စကားသည်၊ သားတို့ရှေ့ဆောင်၊ သားတို့တန်ဆောင် ဖြစ်ချေပြီ”တဲ့။

  ဆရာဇော်ဂျီကသေခြင်းရဲ့နောက်မှာသားစဉ်မြေးဆက် ဂုဏ်တက်စရာသေခြင်းကင်းတဲ့ အလှများထင်ကျန်ရစ်အောင် ရပ်ရွာ၊ ဒေသ၊ အမျိုး၊ ဘာသာ၊ သားသနာမှာစွမ်းနိုင်ရာကအလှဆင်ခဲ့ကြဖို့ တိုက်တွန်းလိုက်တာပါ။

  ဆရာတင်မိုးကတော့ အသက်ပင်ရှင်သော်လည်းသေသူလို့ဆိုရလောက်အောင် အကျည်းတန်အရုပ်ဆိုးလှတဲ့ မကြားဝံ့မမြင်ဝံ့စရာ၊ သားစဉ်မြေးဆက် ဂုဏ်ပျက်စရာ၊ မျက်နှာမဖော်ဝံ့စရာ၊ အကျည်းတန်မှုမျိုးတွေကိုရှောင်ရှားဖို့ သတိပေးလိုက်တာပါ။

          ဆရာတင်မိုးသတိပေးသလိုဂုဏ်ပျက်စရာများကိုရှောင်ရှားပြီးဆရာကြီးဇော်ဂျီတိုက်တွန်းခဲ့သလို သားစဉ်မြေးဆက် ဂုဏ်တက်စရာဖြစ်တဲ့ ရပ်ရွာအလှ၊ ဒေသအလှ၊ နိုင်ငံအလှ၊ စာပေ ယဉ်ကျေးမှုအလုပ်များနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဘာသာသာသနာအလှများကို “လုပ်ပိုင်ခွင့်ရှိသမျှ၊ လုပ်နိုင်စွမ်းရှိသမျှ အားသွန်ခွန်စိုက် တည်ဆောက်အလှဆင်ကြပါစို့”လို့ တိုက်တွန်းဆော်သြလိုက်ပါရစေ။ ။

                                                                 ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
                                
                                                                    ဖေ့စ်ဘွတ် မှ ကူးယူပါသည်။