နှစ်ဟောင်းကုန်ပျောက်ကာ နှစ်သစ်ကို ကူးသည့် နှစ်ကူးသင်္ကြန် အခါသမယကိုပင် ရောက်ခဲ့ပြန်လေပြီ။ ငယ်စဉ်က သင်္ကြန်ရောက်လျှင် တူးပို့တူးပို့နှင့် မြူးခဲ့ဖူးသည်။ မရင့်ကျက်သေးသည့် ရှင်ငယ် ဘ၀က ရေပက်ကာ ကစားရသည်ကိုပင် အပျော်ကြီး ပျော်ခဲ့ရသည်။
အရွယ်ကလေးရလာတော့ ထိုသို့ မဟုတ်တော့ပြီ။ သင်္ကြန်ရောက်လျှင် သင်္ကြန်ဆိုသည်မှာ သင်္ကန္တ-ကူးပြောင်းခြင်း ဟူသော ပါဠိမှ ကူးပြောင်းလာသည့် ဝေါဟာရဖြစ်ကြောင်း၊ တစ်နှစ်ကုန်၍ တစ်နှစ်ကူးသ ကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့လဲ ကူးပြောင်းနေသည်တို့ကို ဥာဏ်မျက်စိဖြင့် ရှု့မြင်ကာ သံဝေဂ ယူရကြမည်ဖြစ်ကြောင်း စသည်တို့ကို ဟောပြောကာ ပလ္လင်ပေါ်တက်ရသည့် အရသာကို ခံစားတတ်လာသည်။ ၎င်းအပြင် မြန်မာရိုးရာ ယဉ်ကျေးမှုသင်္ကြန်နှင့် ဆန်ကျင်ဘက်ဖြစ်သည့် ၀တ်စားဆင် ယင်မှု၊ သေရည်သေရက် မူးရစ်သောက်စား ရမ်းကားမှုတို့ကို မြင်ရ ကြားရသဖြင့် ငြီးငွေ့စပြုလာတော့သည်။
ယခုတော့ သင်္ကြန်ဟူသည် မိမိနှင့် လားလားမျှ မဆိုင်တော့သလို့ပင်။ ရပ်ကွက်ထဲမှ ညံထွတ်လာသော တူးပို့သံလဲ မကြားရ၊ တရားလဲ မဟောရ၊ သင်္ကြန်အလုပ်ပိတ်ရက်အတွင်း ဒုလ္လဘ၀တ်ကာ ကုသိုလ်ယူကြသော ရဟန်းတော်တို့ကိုလဲ တရာပြခွင့် မရတော့ပြီ။ မဇ္ဈိမဒေသ ခေါ်တွင် ကုလား လူညစ်ပတ်တွေပေါသည့် ဤနေရာသို့ ရောက်နေခဲ့သည်မှာ လေးနှစ်ပင် ကျော်ခဲ့လေပြီတကား..။
ဧပြီလ ၁၃ ရက်နေ့သည် မြန်မာသင်္ကြန် အကြိုနေ့ဖြစ်သည်။ ယင်းနေ့တွင် ဗာရာဏသီ အပူဒဏ်ကို အခန်းပိတ်ကာ အံတုရင်း အင်တာနက်ကို တစ်နေကုန်ဖွင့်ကာ မြန်မာသင်္ကြန် သတင်းတွေ၊ အတင်းတွေကို တ၀ကြီး ဖတ်ရှု့ ခံစားပစ်လိုက်သည်။ ရိုးရာ အက ၊ သံချပ်တို့ကို မြင်ရ ကြည့်ရသဖြင့် ၀မ်းသာရသကဲ့သို့ ဘီယာမူးကာ ဖြစ်ချင်တိုင်းဖြစ်နေကြသည့် မိန်းကလေးတို့ကို မြင်ရသည်မှာ စိတ်မသက်သာဖြစ်ရသည်။
နေ့ခင်းပိုင်းရောက်တော့ အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာကျောင်းသားများ အဖွဲ့၏ အထွေထွေ ဥက္ကဌ ဥူးဇ၀န ထံမှ ဖုန်းဝင်လာသည်။ ဧပြီလ ၁၅-ရက်နေ့တွင် လေးလပတ် EC သံဃာတော်များ အစည်းအဝေး ကျင်းပလိုကြောင်း အသိပေးခြင်းဖြစ်၏။ မိမိသည်ကား ယင်းနေ့တွင် လုံးဝ မအားနိုင်ပေ၊ ကြိုတင် စီစဉ်ထားပြီးသား ကိစ္စများ ရှိနေပေ၏။ ထို့ကြောင့် အစည်းအဝေးရက်ကို ရွှေ့ပေးရန် လျှောက်ထား ရတော့သည်။ ဧပြီလ ၁၄-ရက်နေ့(မနက်ဖြန်)ကို ရက်ရွှေ့ပေးသဖြင့် ဗုဒ္ဓဂယာ သွားရန် ကားစီစဉ် ရတော့သည်။ မိမိ ဗာရာဏသီ ဆိုက် EC အဖွဲ့ဝင် သံဃာများ ကြိုတင် လုပ်ထားရမည့်ကိစ္စအချို့တိုကို တိုင်ပင်ဖြစ်ခဲ့သည်။
ဧပြီလ ၁၄-ရက် သင်္ကြန် အကျနေ့ နံနက်စောစောတွင် မိမိတို့ ဗာရာဏသီဆိုက် EC သံဃာငါးပါး ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ကြသည်။ ဗုဒ္ဓဂယာသို့ နံနက် ၁၁ -နာရီကျော်တွင် ရောက်ရှိပြီး နေ့ဆွမ်းစားကာ ခဏ အနားယူခဲ့ကြသည်။
နေ့ခင်းတစ်နာရီတွင် အစည်းအဝေး စတင်ကာ အထွေထွေ ဘဏ္ဍာရေးရှင်းတမ်းများ၊ ပညာရေး၊ ကျမ္မာရေး စသည့် အထွေထွေ ကိစ္စရပ်များ ဆွေးနွေးဖြစ်ခဲ့ကြသည်။ လာမည့်သီတင်းကျွတ်တွင် ဗာရာဏသီ ဆိုက် စာတမ်းဖတ်ပွဲ ကျင်းပလိုကြောင်း မိမိမှ လျှောက်ထားရာ သဘောတူကြသည်။ သို့သော်လည်း ဆိုက်အသီးသီးမှ တောင်းဆိုလာနိုင် သဖြင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ကျောင်းသား အဖွဲ့ကြီးမှ ကျင်းပခြင်း မဟုတ်ဘဲ ဗာရာဏသီ ဆိုက်သံဃာများ သီးသန့်ကျင်းပမည့် စာတမ်းဖတ်ပွဲအဖြစ် လုပ်ဆောင်ကြမည့်အကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ တဆက်တည်း လာမည့် ကျောင်းသားအားလုံး ၏ နှစ်ပတ်လည် အစည်းအဝေးတွင် စာတမ်းဖတ်ပွဲ တစ်ရက် ကျင်းပမည့်အကြောင်း ဆုံးဖြတ်ကြသည်။
ဗာရာဏသီဆိုက် စာတမ်းဖတ်ပွဲ အတွက် ဥူးသုဇယဥာဏမှ ဒေါ်လာ တစ်ရာ၊ ဥူးသုတာစာရာလင်္ကာရမှ ဒေါ်လာတစ်ရာတို့ လှူဒါန်းမည့်အကြောင်း မိမိကို ကတိပေးကြသည်။ (ဗာရာဏသီပြန်ရောက်ပြီးနောက်တွင် ဥူးဝိစိတ္တသာရ(မော်ဒန်) မှ ဒေါ်လာ တစ်ရာ၊ ဥူးကုဏ္ဍလ (ကျောင်းကုန်း)မှ ဒေါ်လာတစ်ရာ နှင့် အရှင်ကောဝိဒလေး ဗာရာဏသီမှ နေ့ဆွမ်း ဆက်ကပ်မည့် အကြောင်း မိမိကို ကတိပေး ပြောကြားကြသည်။ သို့အတွက် အလှူရှင်အားလုံးကို အထူးပင် ကျေးဇူးတင်မိပါသည်။) စာတမ်းဖတ်ပွဲရက်ကို ၀ါတွင်းရောက်မှ ဗာရာဏသီ ECသံဃာများနှင့် တိုင်ပင်ကာ ဆုံးဖြတ်ရတော့မည်။
နှစ်နာရီကျော်ကြာ ဆွေးနွေးကြပြီးနောက် လေးလပတ် အစည်းအဝေး ပြီးဆုံးခဲ့သည်။ မဟာဗောဓိစေတီတော်ကြီးကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပြီး နောက် ဗာရာဏသီသို့ပြန်ခဲ့ကြသည်။ ည၁၀-နာရီတွင် ဗာရာဏသီသို့် ရောက်ရှိခဲ့သည်။
သိမ်မွေ့ဦး (BHU)
No comments:
Post a Comment