ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

30/01/2012

အမှတ်တရများနှင့် ဤခရီး ( ၂ )

1. စီးဆင်း ရင်ခွင် | 1/30/2012 | 2. 3. 4. 5. 6. Best Blogger Tips





    ဘတ်စ်ကားဟူ၍ ကျွန်ုပ်တို့ မြန်မာပြည် ဘတ်စ်ကားများကဲ့သို့ တိုးဝှေ့စီးရသော ဘတ်စ်ကားများမဟုတ်ပေ။ အဲယားကွန်း လုံလောက်စွာ ဖွင့်ထားပြီး မှန်လုံ နှစ်ထပ်ဘတ်စ်ကားကြီးများဖြစ်၏။ ကျွန်ုပ် အတွက် ယင်းကဲ့သို့ ကားကြီးများကို ဗွီဒီယို ထဲမှ လွဲ၍ အပြင်မှာ မြင်လည်း မမြင်ဘူး စီးလည်းမစီးဘူးပေ။ ခုမှ စတင်စီးဖူးခြင်းဖြစ်၍ အပေါ်ထပ်တွင် ကျနစွာ နေရာယူပြီး မလေး ရှု့ခင်းများကို တ၀ကြီး ခံစားပစ်လိုက်၏။  
     လမ်းများမှာ ကတ္တရာ ထူထပ်စွာ ခင်းထားပြီး ညီညာဖြောင့်ဖြူးလှ၏။ လမ်းဘေး မြင်ကွင်းများမှာလည်း ဘယ်နေရာကြည့်ကြည့် သစ်ပင်တော တောင်များဖြင့် စိမ်းစိုအုန့်ဆိုင်းနေ၏။ လမ်းဘေးတစ်လျှောက် စီတန်းလျှက်ရှိသော တောင်တန်းကြီးများ အုန်းပင်များမှာလည်း မြင်ရသူတို့ စိတ်ကို လန်းဆန်း တက်ကြွစေသည်။ မလေးရှား အစိုးရ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုကို ချီးကြူးမိသည်။ လေးစားမိပေသည်။


          မလေးစံတော်ချိန် ၂ နာရီခွဲလောက်တွင် ပီနန်မြို့သို့ ရောက်ရှိသည်။ မေတ္တာနန္ဒ ၀ိဟာရ ကျောင်းဒကာ တရုတ်ဒကာကြီးမိသားစုတို့က သူတို့၏ ကားဖြင့် လာရောက်ကြိုကြသည်။ အရှင်ဝိဇ္ဇာနန္ဒာလင်္ကာ ရ နှင့် တွေ့ဖြစ်ပြီး ၇- ရက်တရားစခန်း ဖွင့်နေသည်ကို တွေ့မြင်ရသည်။ တရားလာရောက်အားထုတ်ကြသော ဒုလ္လဘ ရဟန်းတော် ၃၇-ပါး၊ သီလရှင် ၁၁-ပါး အမျိုးသ္မီးယောဂီများ ဝေယျာဝစ္စ ပြုလုပ်နေကြသူတို့ဖြင့် စည်ကားလျှက်ရှိသည်။ တရုတ်နှစ်သစ်ကူးချိန် အလုပ်ပိတ်၍ မြန်မာ အလုပ်သမားများ စုပေါင်းကာ အားထုတ်ကြခြင်းဖြစ်သည်။ မလေးရောက်မှ အမိမြန်မာပြည် ပြန်ရောက်နေသကဲ့သို့ ခံစားမိသည်။
      ကျွန်ုပ် နယူးဒေလီ နေခဲ့စဉ် ရက်အတွင်း ရာသီဥတုမှာ အေးလွန်းလှသည်။ အနွေးထည်ကို ထူထပ်စွာ ၀တ်ဆင်ပြီး အခန်းကို အလုံပိတ်၍ အပူငွေ့ပေးစက် ဖွင့်ကာ နေရသည်။ တစ်ချို့ရက်များတွင် တစ်နေကုန် နေရောင်မမြင်လိုက်ရ။ ဆီးနှင်းများက ပိတ်ဖုံးထား၏။ မလေးရှားရောက်တော့ ရာသီဥတုက တစ်ခြားစီဖြစ်နေပေ၏။ အိုက်လွန်း ပူလွန်းသဖြင့် အဲယားကွန်းဖွင့်ကာ နေရ၏။ အေးမှာစိုး၍ လုံလောက်စွာ ယူခဲ့သော အနွေးထည် ခြုံထည်တို့ကို ခေါက်ကာ သိမ်းထားရတော့သည်။



    ဇန်န၀ါရီ ၂၈-ရက်နေ့တွင် မေတ္တာနန္ဒ ၀ိဟာရ ကျောင်းဒကာ မိသားစုက ပီနန်မြို့ အနှံ့ လိုက်ပို့ပေးသည်။ မြန်မာကျောင်းကြီးကျောင်းကိုလည်းဝင်ရောက်လေ့လာခဲ့သည်။ မြန်မာလက်ရာ သေသပ်စွာဖြင့် ဗုဒ္ဓဆင်းတုတော်ကြီးများ မဟာဗုဒ္ဓ၀င် ပြခန်းများဖြင့် စုံလင်လှသည်။ ကျောင်းဝန်းမှာ ကျယ်ဝန်းသန့်ရှင်းလှပြီး မျက်နှာချင်းဆိုင် တည်ရှိသော ထိုင်းကျောင်းထက် အများကြီး သာယာကောင်းမွန်လှသည်။ ဘုရားဖူးလာရောက်ကြသော တရုတ်ဘုရားဖူးများဖြင့် ပြည့်နက်နေပြီး မေတ္တာပို့ပေးနေကြသော မြန်မာ ရဟန်းတော်များကိုလည်း ဖူးမျှော်ခဲ့ရသည်။
     ပီနန် မြို့သည် ပင်လယ်ကမ်းဘေး ကျွန်းမြို့လေးဖြစ်၏။ ပီနန်ကျွန်းသို့ ဖြတ်ဖောက်ထားသော တံတားကြီးမှာ ရှည်လျားပြီး ခိုင်ခန့်ကောင်းမွန်လှသည်။ နောက်ထပ်တံတားတစ်စင်း အသစ် တည်ဆောက်နေသည်ကိုလဲ မြင်ခဲ့ရသည်။ ပင်လယ်ကမ်းဘေး တည်ဆောက်ထားသော မိုးထိုးတိုက်ကြီးများ၊ တိုက်ကြီးများ နောက်တွင် စိမ်းစိုညို့မှိုင်းနေသော တောင်တန်းကြီးများဖြင့် ပနံတင်လှသည်။ ပင်လယ်ကမ်းဘေး လေညှင်းခံရင်း လေအဝှေ့ တိုးခွေ့လာကြသော လှိုင်းကြက် ခွပ်ကလေးများ ကမြင်ရသူရင်ကို ခံစားမှုတစ်မျိုးဖြစ်စေသည်။ သစ်ပင်များကို ခုတ်လှဲခွင့်မပြုခြင်းက မြို့ကို ပို၍ သာယာလှပစေသည်။ တရုတ်လူမျိုး ၇၀-ရာခိုင်နှုံး နေထိုင် ကြသည်ဟု သိရသည်။ အင်္ဂလိပ်လူမျိုးများ အုပ်စိုးခဲ့ဖူး၍ ပင်လယ်ကမ်းဘေး နေရာကောင်းမှ တိုက်များမှာ အင်္ဂလိပ်လူမျိုးပိုင် နေရာအများစုဖြစ်ကြ၏။ သူတို့၏ အနုပညာလက်ရာဖြင့် တည်ဆောက်ထားသော ရှေးဟောင်းတိုက်များ ချတ်ကျောင်း ကိုများလဲ တွေ့မြင်ခဲ့ရသည်။
   လိုက်ပါပို့ဆောင်သော တရုတ်ဒကာကြီးသည် သဘောစေတနာ ကောင်းမွန် လှသည်။ ရောက်သည့်နေရာတိုင်းကို သမိုင်းချီ၍ ဂဃနဏ ရှင်းပြသည်။ သူတို့ဆောက်လုပ်လှူဒါန်း ထားသော မေတ္တာနန္ဒ၀ိဟာရကျောင်းမှာ တောင်ကုန်းစောင်းဖြစ်၍ ကျောင်းဆောင်များကို တောင်နံရံမှီကာ
ဆောက်လုပ်ထားကြသည်။ ကျောင်းဝင်းကို ၀င်လျှင်ဝင်ခြင်း သပ္ပါယ်လှစွာသော ကျောက်ဆင်းတုတော်ကြီး ကို ဖူးမျှော်ကြရသည်။ ကျောင်းနေရာသည် ဆိတ်ငြိမ်လှပြီး တရားအားထုပ်ရန် ကောင်းမွန်သော နေရာ လဲဖြစ်ပေသည်။ ကျောင်းမှ နေ၍ မြို့၏အလှတို့ကို အပေါ်ဆီးမှ လှမ်းမြင်ရသည်။

                                                             သိမ်မွေ့ဦး ( BHU )

29/01/2012

အမှတ်တရများနှင့် ဤခရီး ( ၁ )

1. စီးဆင်း ရင်ခွင် | 1/29/2012 | 2. 3. 4. 5. 6. Best Blogger Tips


    အိန္ဒိယတွင် ပညာဆည်းပူးရင်းနေထိုင်လာခဲ့သည်မှာ ၅-နှစ်ထဲပင် ရောက်ခဲ့လေပြီ။ နိုင်ငံခြားဆိုလျှင် ကုလားနိုင်ငံကလွဲ၍ မည့်သည်နိုင်ငံမျှ မရောက်ဖူးပေ။ နေတာ ကြာလာတော့ ကုလားဒဏ်ကြောင့် ငြီးငွေ့စပြုပြီ။ စိတ်ပြေလက်ပျောက် ခရီးထွတ်ချင်စိတ်ကတားမရပေ။ ထိုကြောင့် မလေးရှားနိုင်ငံ၊ ပီနန်မြို့ မေတ္တာနန္ဒ၀ိဟာရ ကျောင်းတွင် သီတင်းသုံးနေသော အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရ နှင့် တိုင်ပင်ဖြစ်သည်။ သူက” နောင်တော် လာဖြစ်အောင်သာလာခဲ့ပါ။ ပီနန်ရောက်လျှင် တပည့်တော် တာဝန်ထားပါ” ဟုလိုလားစွာဖိတ်မံသဖြင့် စိတ်အားတက်ရပြီ။ ခရီးထွတ်ချိန်စိတ်ကပိုမို၍ အထွဋ်တက် လေတော့၏။ 
    မလေးဗီဇာကိစ္စအတွက် နယူးဒေလီမြို့နေညီဖိုးဇော်နှင့် တိုင်ပင်ကာစီစဉ်ဖြစ်သည်။ သူ့အသိ မြန်မာပြန် ကုလား အာဗင်နှင့် ဆက်သွယ်ဖြစ်သည်။ ကုလားက ဗီဇာကြေးအပါအ၀င် ကားခအဖြစ် ရှုပီးတစ်ထောင်ခြောက်ရာသာပေးရန်၊ ဗီဇာကိစ္စ အားလုံး သူတာဝန်ယူပါသည်ဟု ပြောသဖြင့် ၀မ်းသာရတော့သည်။ သံရုံးမှာဗီဇာတင်ရန်အတွက် ရဲ ၏ Departure စာနှင့် လေယာဉ်လက်မှတ် သာလိုသည်ဟူ၏။ ဗီဇာရရန် သေချာသဖြင့် ဈေးနဲပြီးcancleလုပ်၍ မရသော Air Asia လေယာဉ် လက်မှတ် ၀ယ်က ပိုကောင်းသည်ဟုအကြံပေး၏။ ထိုကြောင့် Air Asia လေကြောင်းလက်မှတ် ကိုတစ်လ ကြိုတင်ယူကာသူ့ထံသို့ ပို့ပေးခဲ့သည်။
         ကျွန်ုပ်လည်းစူဗာဗိုက်ဆာဆရာ နှင့် တိုင်ပင်ပြီးခွင့် နှစ်လယူခဲ့ သည်။ကုလား အေးဂျင့်ကိုစိတ်မချသဖြင့် ဖုန်းမကြာခဏဆက်ကာသတိပေးရသည်။ အေးဂျင့်ကုလားက “ယင်းလုပ်ငန်းမှာအတွေ့အကြုံ ၁၆-နှစ် ရှိပြီဖြစ်ကြောင်း ၊ ဗီဇာကိစ္စ လုံးဝစိတ်ပူစရာ မရှိကြောင်းနှင့် ခရီးသွားဖို့ ရာသာ ပြင်ဆင်ရန် လိုကြောင်း“ ပြောကြားလေ၏။ သွားရက်အနီးငါးရက်အလိုမှ ရှိုးမန်းနီးရှုပီး ငါးသောင်း ပြရမည်ဖြစ်၍ Account Statement စာလိုအပ်သည်ပြောသဖြင့် ကျွန်ုပ်တွင်ရှိသောရှုပီးအချို့ နှင့် ညီဖိုးဇော်ကို အကူအညီတောင်းကာ ဘဏ် အကောင့်ထဲ ငါးသောင်းပြည့်အောင် ထည့်ရသည်။
  အေးဂျင့်ကုလားကအချက်အလက်ပြည့်စုံပြီပြော၍ စိတ်အေးစွာဖြင့် နယူးဒေလီသို့ ရာဇဌာနီ အထူးရထားကိုစီးကာ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် လာခဲ့သည်။ ကျွန်ုပ် မလေးသွားရန် ရက်ကား ဇန်န၀ါရီ ၁၇  ရက်နေ့ဖြစ်၏။ ဒေလီနေမည့် နှစ်ရက်အတွင်းဗီဇာကိစ္စအထူးလုပ်စရာမရှိသဖြင့် အရှင်ဝိဇ္ဇာနန္ဒ အကူညီတောင်းထားသော Refree’s Report Form ကိစ္စကိုလုပ်ဖြစ်ခဲ့သည်။
  ဇန်န၀ါရီ ၁၆-ရက်နေ့တွင် မလေးဗီဇာအဆင်မပြေသဖြင့် လေယာဉ်လက်မှတ် ရက်ရွှေ့ရမည်ဖြစ်ကြောင်းကုလားကဖုန်းဆက်ပြောလေ၏။ မတတ်နိုင်ပြီ။ ရက်ရွှေ့ရန်ပြောပြီး သူ့ဘာသာ သူပင် ဇန်န၀ါရီ ၂၁-ရက်နေ့ကို ရွှေ့လိုက်၏ ရက်ချိန်းခအဖြစ် ရှုပီး နှစ်ထောင့် နှစ်ရာထပ်ပေး လိုက်ရ၏။ အေးဂျင့်ကုလား၏ ပေါ့ဆမှုကြောင့် သွားမည့်ရက်နှင့် မလေးတွင် ကြိုဖို့ စီမံထားသည့် ကိစ္စများလွဲချော်သွားသည်။
  ဇန်န၀ါရီ ၁၇-ရက်နေ့တွင် ဗီဇာကိစ္စ အဆင်မပြေသဖြင့် ကိုယ်တိုင်လုပ်မှ ရနိုင်တော့ မည်ဖြစ်ကြောင်းကုလားကပြောလာပြန်ချေပြီ။ ကျွန်ုပ် အတိုင်းထက်အလွန် ဒေါသဖြစ်ရပြီ။ အစောကတဲကသူမပိုင်လျှင် မပိုင်ကြောင်းပွင့်ပွင့်လင်းလင်းပြောထားလျှင် ကိစ္စမရှိ။ ကိုယ်တိုင် လုပ်၍ဖြစ်စေ အခြားတစ်ယောက်ကိုခိုင်း၍ဖြစ်စေလုပ်လျှင် အချိန်မှီသေးသည်။ ခုတော့ သူကြောင့် အချိန်တွေ ငွေတွေ အလကားကုန်ခဲ့ပြီ။ သူကပြောတော့ ဆောရီးတစ်ချက်မျှသာ။ ကျွန်ုပ်အတွက်မူလေယာဉ်လက်မှတ် ဆုံးရှုံးသွား၍ ဒေါ်လာ နှစ်ရာကျော် အလကားကုန်ခဲ့သည်။



   ဇန်န၀ါရီ ၁၈-ရက်နေ့တွင် မြန်မာသံရုံးမှ ထောက်ခံစာယူပြီး ကျွန်ုပ်ကိုယ်တိုင် မလေးသံရုံးဝင်ကာ ကြိုးစားရတော့သည်။ ဗီဇာ ရ/မရကို ၂၅-ရက်နေ့မှ သိရမည်ဟုပြောသဖြင့် ဇန်န၀ါရီ ၂၆-ရက်နေ့အတွက် လေယာဉ်လက်မှတ်အသစ်တစ်စောင် ပြန်ဝယ်ရသည်။ မထင်မှတ်ဘဲနယူးဒေလီမြို့တွင် ဗီဇာကိစ္စ လုပ်ရှားရင်း ကျွန်ုပ်၏ ခွင့်နှစ်လထဲမှ နှစ်ပတ်ကိုပေးလိုက်ရသည်။ ကုလား၏ နမော်နမဲ့ လုပ်ရပ်သည် ကျွန်ုပ်အားများစွာနစ်နာစေခဲ့သည်။
  ဇန်န၀ါရီ ၂၅-ရက်နေ့တွင် မလေးဗီဇာရသဖြင့် ဇန်န၀ါရီ ၂၆-နေ့ အိန္ဒိယ လွတ်လပ်ရေးနေ့တွင်မလေးကိုသွားဖြစ်ခဲ့သည်။ နယူးဒေလီမြို့ရှိ နိုင်ငံတကာလေဆိပ်သို့ ဒေလီတက္ကသိုလ်မှ အရှင်ကုမုဒါလင်္ကာရ၊ အရှင်ဇဋိလာလင်္ကာရ၊ အရှင်နေမိန္ဒ အရှင်ပညာဇောတနှင့် ညီဖိုးဇော်တို့ လိုက်ပို့ပေးကြသည်။
      လေဆိပ်သို့သီးသန့် ပြေးဆွဲသောမြေအောက်ရထားမှာသန့်ပြန့်လွန်းလှသည်။ မြေအောက်ဘူတာကြီးမှလည်းသန့်ရှင်းကျယ်ဝန်းလှပြီးလုံခြုံရေးအပြည့် ချထားသည်ကိုလဲ တွေ့ရသည်။ ရထားစီးခအဖြစ် ရှုပီး ၈၀- ပေးရသည်။
  လေဆိပ်ကြီးရောက်တော့ ကြီးကျယ်လွန်းသဖြင့် ပိုမိုကာအံ့သြရပြီ။ imagination gate များစွာဖွင့်ထားသော်လည်းခရီးသည် များလွန်းသဖြင့် Departure ဂိတ်ထဲ ၀င်ရန် အချိန် အတော် ကြာစောင့်ခဲ့ရသည်။ လေဆိပ်အတွင်း ကြီးကျယ်လှသော ဈေးဆိုင်တန်းများ ကလဲ ရင်သပ်ရှုမောဖွယ်ပေ။ တောသားမြို့ရောက်သကဲ့သို့ တစ်ယောက်တည်းချာလည်လည်ဖြင့် မိမိလေယာဉ်ထွတ်ခွါမည့် ဂိတ်ပေါက်ကိုပင် အတော်ရှာယူရသည်။
  အိန္ဒိယစံတော်ချိန် ည ၉-နာရီ၁၀-မိနစ်အချိန်တွင် လေယာဉ်စတင် ထွတ်ခွါသည်။ လေယာဉ်လက်မှတ် ဖြတ်စဉ်ကဈေးအချိုဆုံးလေယာဉ်မို့ အညံ့စားလေယာဉ်ဖြစ်လိမ့်မည် ဟုမှတ်ထင်ခဲ့သည်။ တကယ့်လေယာဉ်ကို မြင်လိုက်ရမှ ကျွန်ုပ် စီးဖူးသမျှသောလေယာဉ်များထဲတွင် အကောင်းဆုံးအကြီိဆုံးလေယာဉ်ဖြစ်နေပေ၏။ ခရီးသည် (၃၆၀) လောက် ဆန့်လိုက်မည်ဟုခန့်မှန်းမိသည်။
    ကွာလာလမ်ပူလေဆိပ်သို့ မလေးစံတော်ချိန် နံနက် ၅-နာရီ ၁၀-မိနစ်အချိန်တွင် ရောက်ရှိသည်။ အရှင်ဝိဇ္ဇာနန္ဒ၏ စီမံထားမှုဖြင့် ကွာလာလမ်ပူတွင် နေထိုင်သော ကိုအောင်ဝင်းလှိုင်က လာကြိုသည်။ သူ့ကားလေးဖြင့် ကိုယ်ပိုင်ဖွင့်ထားသောဆိုင်ခန်းသို့ ပင့်သွားပြီး အရုဏ်ဆွမ်း ဆက်ကပ်သည်။ မျှစ်ချဉ်ချက်၊ ကြက်သားကြော်၊ ငါးရံ့ခြောက်ဖုတ်တို့ဖြင့် မြန်မာဟင်းလက်ရာစုံလင်လှသည်။ ဆိုင်တွင် ခေတ္တအနားယူပြီး နံနက်၉-နာရီ ၁၅-မိနစ် အချိန်တွင် ပီနန်သို့ ဘတ်စ် ကားဖြင့် သွားခဲ့ရသည်။
                                                                                                        သိမ်မွေ့ဦး ( BHU )



26/01/2012

အတွေးများနဲ့ ရထားတစ်စင်း

1. စီးဆင်း ရင်ခွင် | 1/26/2012 | 2. 3. 4. 5. 6. Best Blogger Tips


      ဒီနေရာလေးမှာ ကိုယ်နေထိုင်ခဲ့တာ ခြောက်လတင်းတင်းပြည့်ခဲ့ပြီ။ ဒီပတ်ဝန်းကျင် ဒီနေရာလေးမှာ ခုလိုအခြေချ နေထိုင်ဖြစ်လိမ့်မယ်လို့ မနှစ် ဒီအချိန်အခါတုံးကဆို ဘယ်မှာစိတ်ကူးထဲ ရှိခဲ့ပါဦးမလဲ။ ဒါပေမယ့်လည်း ဘဝဆိုတာ ရွေ့လျောခြင်းတွေ၊ ပြောင်းလဲခြင်းတွေနဲ့အတူ မျောနေတတ်တာမို့ မနှစ်တုံးက လုံးဝစိတ်ကူးမထားခဲ့တဲ့ဒီနေရာလေးက ခုတော့ ကိုယ်နေထိုင်ရာ နေရာလေးတစ်နေရာ ဖြစ်လာခဲ့ပြီ။ အတန်အသင့် အသားကျစပြုနေတဲ့ ဒီနေရာလေးမှာ ဘယ်လောက်ကြာကြာ နေထိုင်ဖြစ် ဦးမယ်ဆိုတာကိုရော ဘယ်သူတစ်ဦးတစ်ယောက်ကခန့် မှန်းပြောပြနိုင်မှာလဲ။

    ဒီနေရာလေးဟာ ကိုယ့်အသက်ရှင်လျက်နဲ့က ချန်ထားခဲ့မယ့် နေရာလေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်ဘဝ ပြောင်းသွားရလို့ အသက်မဲ့တဲ့ ကိုယ့်ကိုယ်က ချန်ထားခဲ့ရ မယ့် နေရာလေး တစ်နေရာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ အရာရာပြောင်းလဲတတ်တာမို့ သက်ရှိကိုယ့်ကိုယ်နဲ့စာလျင် ထာဝရရယ်လို့ ပြောလိုက ပြောနိုင်မယ့် ဒီနေရာလေးကိုယ်တိုင်ကပင်လျင် ကိုယ့်ကိုချန် ထားခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ်၊ ကိုယ်ရောက်ရှိနေထိုင်ခိုက် ဒီနေရာလေး လှပသာယာစေဖို့၊ ဒီနေရာလေးကို အခိုက်အတန့်လေးပင်ဖြစ်ဖြစ် လာရောက်ကြမည့်သူတွေ ကြည်နူးပျော်ရွှင်စေဖို့နဲ့ ငြိမ်းချမ်းအေးမြစေဖို့ကိုတော့ ကိုယ့်မှာဖန်တီးရ၊ ထိန်းသိမ်းရမည့်တာဝန်၊ ကူညီရမည့်တဝန်က ကိုယ့်မှာရှိလာပြီလို့ ခံယူမိတယ်။

     ရာသီဥတု သာသာယာယာရှိတဲ့ အချိန်များမှာဆို အဆောင်လေးဘေးမှာရှိတဲ့ ပန်းခြံလေးထဲကိုဆင်းလို့
ပန်းပင်လေးတွေ ပျိုးတဲ့အခါပျိုး၊ စိုက်တဲ့အခါစိုက်၊ ပေါင်းပင်လေးတွေ ရှင်းတဲ့အခါရှင်း၊ အသစ်ခင်းစ ပန်းခင်း
လေးမှာ လုပ်ဖွယ်ရာတွေက အများသား။နေထိုင်ရာအဆောင်လေးက ရထားလမ်းရဲ့ဘေးမှာ။ လူစီးရထားများ၊ ကုန်ရထားများက ကြိုးကြားကြိုးကြား ဒီရထားလမ်းလေးပေါ် ဖြတ်သွားတတ် တယ်။ နေဝင် ပျိုးပျ ညဦးစမှာ သံရှည်ဆွဲကာ ဖြတ်သွားတတ်တဲ့ ရထားဥသြသံအချို့ကြားမိလျင်ဖြင့် … ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချိန်စိတ် တားလို့မရတော့ပြီ…ဆိုတဲ့ ထူးအိမ်သင်ရဲ့ အမေ့အိမ် သီချင်းထဲက စာသားလေးကို သတိရမိလိုက်တဲ့အခါလည်း ရှိခဲ့ဖူးတယ်။ သို့ပေမယ့်ဒီအချိန်မျိုးမှာ ကိုယ့်စိတ်ထဲ သူ့သီချင်းစာသားလေးထဲကလို အိမ်ပြန်ချင်တဲ့ အိမ်တန်းစိတ်ဖြစ်နေခဲ့သလား၊ အိမ်လွမ်းစိတ်ဖြစ်နေခဲ့သလားဆိုတာကိုတော့ တိတိကျကျ ဝေခွဲမရနိုင်ခဲ့ပါဘူး။ ဘယ်ဆီဘယ်လမ်း ဘယ်စခန်းဟုမျှော်မှန်းမသိ ရော်တမ်းမိသည့် လွမ်းချည့်ဝေဒနာ ဖြစ်တည်လာပြီ ဌာနီဝေးလို့ ဆွေးရော့ထင့်လို့ပဲ အမည်ရှာမရဟိုမကျ ဒီမကျ ဝေဒနာလို့သာ ဆိုရသာပေါ့။

  ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့အချိန်မျိုးမှာတော့ ရထားသံကို မကြားမိလိုက်တတ်ဘူး။ အချိန်မှန်သွားတတ်တဲ့ရထားတွေ ရှိနေပေမယ့် တစ်နေ့လုံးပင်လျင် ရထားတစ်စီးမှ ဖြတ်သွားတာကို မကြားမိလိုက်တဲ့နေ့မျိုးလည်းရှိခဲ့ဖူးတယ်။တိတ်တိတ်ဆိတ်ဆိတ်လေး နေလိုချင်တဲ့အခါမျိုးမှာဆိုလျင်တော့
ဖြတ်သန်းသွားတဲ့ရထားများရဲ့အသံက စိတ်ကို အနည်းငယ်အနှောင့်အယှက် ဖြစ်စေတတ်တယ်။ ဘူတာနဲ့ဝေးတဲ့နေရာမို့ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတတ်လို့ လူစီးရထားများရဲ့ ဖြတ်သန်းချိန်က ၁ဝ စက္ကန့်လောက်သာ ကြာမြင့်တတ်တယ်။ သို့ပေမယ့် ဒီ၁ဝ စက္ကန့်လောက်အခိုက်အတန့်လေးသည်ပင် တခါခါမှတော့ ကြာမြင့်လွန်းလှတယ်လို့ ထင်မိတတ်ပြန်တယ်။

   တခါတလေ ရှားရှားပါးပါးဖြတ်သွားတတ်တဲ့ ကုန်ရထားများကြီးများကတော့ ၁ မိနစ်ကျော်ကျော်ခန့် ကြာတတ်တယ်။ နေထိုင်ရာအဆောက်အဦလေးကိုပင် သိမ့်သိမ့်လေးတုန်ခါစေတတ်တဲ့ ဒီကုန်ရထားကြီးများ အသံမျိုးဆိုလျင်ဖြင့် ဖြစ်သင့်တာထက်ပိုပြီး ဆူညံလွန်းတယ်လို့ ခံစားမိတတ်ပြန်တယ်။ သို့ပေမယ့်လည်း ဒီကုန်ရထားတွဲများပေါ်မှာ ပါလာလေ့ရှိတဲ့ မော်တော်ကားတွေ၊ ကုန်ပစ္စည်းအမျိုးအထွေထွေတွေက လူသားတွေ သွားလာလွယ်ကူရေးနဲ့ ဘဝရပ်တည်ရေးအတွက် အထောက်အပံ့ကိုဖြစ်စေ၊ ချောမွေ့စေတာမို့ ဒီရထားသံတွေ အစဉ်အမြဲ ကြားနေရစေဖို့ကိုတောင် ဆူညံတယ်ထင်တဲ့ကြားကနေ ဆုတောင်းနေမိတတ်သေးတယ်။ လူတစ်ကိုယ်စိတ်နှစ်မျိုး တိုးတိတ်ခြင်းနဲ့ တိုးတက်ခြင်းကြားမှာ ဗျာများလို့နေဖူးတာကိုလည်း သတိရမိတယ်။ ကြားခြင်း မကြားခြင်းကို အခြေခံပြီး ဆူညံသံဆိုတာ အပြင်ကလာတာ မဟုတ်ဘူးရယ်လို့လည်း တွေးခဲ့မိဖူးတယ်။

    ဒီနေ့ညဦးပိုင်းမှာတော့ ထူးထူးဆန်းဆန်း မြင်ကွင်းကိုမြင်ရတယ်။ အဆောင်လေးရှေ့မှာ ပန်းပင်တွေနဲ့ အလုပ်များနေတဲ့ကြားက တအိအိခုတ်မောင်းလာတဲ့ ရထားခေါင်းတွဲသုံးတွဲကို စတင်မြင်ရတယ်။ မြင်နေ ကျမြင်ကွင်းနဲ့မတူပဲ ရထားရှိန်က သိပ်နှေးလွန်းတယ်။ နောက်ပြီးလည်း ခေါင်းတွဲသုံးတွဲက မနိုင်ဝန်ကိုသယ်ဆောင်လာရတဲ့သတ္တဝါကြီးများအလား အင်အားကုန်သုံးပြီး အားစိုက်ရုန်းကန်နေ ဟန် ပေါ်လွင်နေတယ်။ သက်မဲ့အရာများဖြစ်ပေမယ့် သူတို့အမူအယာက သနားစရာဖြစ်နေသလို ခံစားရတယ်။

  ရထားအောက်မှာ ပြားပြားမှောက် လဲလျောင်းနေတဲ့ သံလမ်းများကလည်း လေးပင်လွန်းတဲ့ဝန်ကို ထမ်းထားရတဲ့သူတွေအလား တဖျစ်ဖျစ်အသံပေးလို့၊ နာကျည်းညည်းတွားသံ ထွက်နေသလား လို့တောင် ခံစားထင်မှတ်မိတယ်။ ရထားတွဲများပေါ်မှာတော့စစ်မြေပြင်သုံး တင့်ကားကြီးတွေနဲ့ လောင်စာဆီတင် သံချက်ကာကားတွေက အပြည့်။ တွဲပေါင်းလေးငါးဆယ်ခန့်အရောက်လောက် မှာတော့ ရှေ့မှာ တစ်ခုခုဖြစ်ပုံရတယ်။ ရထားကိုယ်တိုင်လား၊ သံလမ်းကလားတော့ မသိပါဘူး။ တုံ့နှေးနှေး ခုတ်မောင်းနေတဲ့ ရထားကြီးက လုံးဝရပ်တန့်သွားတယ်။ ထူးထူးဆန်းဆန်း မြင်တောင့်မြင်ခဲ မြင်ကွင်းမျိုးမို့ထင်ရဲ့။ သံလမ်းဘေးနေ ရပ်ကွက်တွင်းက လူတွေအမြောက်အများ အိမ်အသီးသီးကနေ ထွက်လာပြီး ရှည်လျားလွန်းတဲ့ ရထားကြီးကို ဝိုင်းဝန်းရပ်တန့်ကြည့်ရှုကြတယ်။

     ဒီလူတွေ ခုလိုဝိုင်းဝန်းကြည့်ရှုခြင်းဟာ ရထားကြီး ရပ်တန့်သွားရုံသက်သက်ကြောင့်လည်း မဟုတ်သလို ရထားတွဲတွေ အလွန်ရှည်လွန်းတာကြောင့်လည်း မဟုတ်ပါဘူး။ ပုံမှန်မြင်ကွင်းမဟုတ်တဲ့ ရထားတွဲများပေါ်မှာ မြင်ရတဲ့တင့်ကားကြီးများကြောင့်သာ ဖြစ်ပေလိမ့်မယ်။ ခပ်ကဲကဲ လူငယ်လူရွယ်များကတော့ ရပ်တန့်နေတဲ့ ရထားတွဲများပေါ် ပြေးတက်ပြီး တင့်ကားကြီးတွေပေါ်ကိုတက်လို့ စတိုင်အမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြတယ်။ ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုများကတော့ ရထားတွဲကြီးတွေကို နောက်ခံထားလို့ ဘေးမှာရပ်ကာ ပျော်ပျော်ပါးပါးမှတ်တမ်းဓာတ်ပုံ ရိုက်ကြတယ်။ တစ်ဦးချင်းစီ ရိုက်သူကရိုက်၊ မိသားစုလိုက် ရိုက်သူရိုက်။ စစ်မြေပြင် မဟုတ်တဲ့အရပ်မှာ တင့်ကားကြီးတွေ၊ သံချပ်ကာ စစ်ကားကြီးတွေ မြင်ရခြင်းဟာ ဒီလူတွေအတွက် အံ့သြပျော်ရွှင်ခြင်းကိုဖြစ်စေပုံရတယ်။

   တကယ်လို့သာ ခုလိုတင့်ကားကြီးတွေ ရထားပေါ်မှာသာ မဟုတ်ပဲ ကိုယ်နေထိုင်ရာကိုယ့်ရပ်ကွက်ထဲ၊ ကိုယ့်လမ်းထဲကို တိုက်ခိုက်ခြေမှုန်းဖို့ ရောက်လာတာမျိုးဆိုလျင် ခုလိုပဲ သူတို့တွေ မှတ်တမ်းဓာတ်ပုံ ရိုက်လိုကြပါဦးမလား။ ထူးထူးဆန်းဆန်း မြင်ရတဲ့ တင့်ကားကြီးတွေကို ကြည့်ရှုလိုလို့ ဒီနေရာကသူတွေ အိမ်ထဲက ထွက်ကြည့်ကြရတဲ့ တစ်ချိန်ထဲမှာ ကမ္ဘာကြီးရဲ့ အခြားတစ်နေရာမှာတော့ ခုလိုတင့်ကားတွေ၊ သံချပ်ကာ စစ်ကားကြီးတွေ၊ သူတို့နေထိုင်ရာ လမ်းထဲ ရပ်ကွက်ထဲကို မထင်မှတ်ပဲ ဆိုက်ရောက်လာလို့ ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း အများအပြားရှိပေလိမ့်မယ်။ စစ်ကားဆိုလျင် အထူးတလည် ကြည့်မြင်လိုဖို့ မဆိုထားနဲ့ အသံတောင်မှ မကြားချင်လောက်အောင်ပင် စစ်ကိုနာကျည်းမုန်း တီးနေသူတွေလည်း ရှိပေလိမ့်မယ်။

  ကိုယ့်ရှေ့မှာမြင်နေရတဲ့ ရထားတွဲများက ရေတွက်လို့မဆုံးနိုင်အောင်ပင် ရည်လျား လွန်းတယ်။ မြင်ရသလောက်ရေကြည့်တာပင် တွဲပေါင်းများစွာ။ ရှေ့မှာလည်း မဆုံးနိုင်စွာ၊ နောက်မှာ လည်း မြင်ကွင်းတဆုံး။ တွဲပေါင်းရာကျော်ရှည်တဲ့ ရထားပေါ်မှာ မြင်ရတဲ့ ဒီတင့်ကားကြီးတွေ၊ သံချပ်ကာကားတွေက လူပေါင်း ဘယ်လောက် များများရဲ့ အသက်ဇီဝိန်တွေကို ခြွေလေဦးမလဲ။ ဒါမှမဟုတ် ခြွေခဲ့ပြီးလေပြီလဲ။ ဒါကိုလည်း ဘယ်သူတစ်ဦးတစ်ယောက်မှ တိတိကျကျ ပြောပြနိုင်မယ် မဟုတ်လေဘူး။

   ဒီတင့်ကား တစ်စီးတစ်စီးရဲ့ ကုန်ကျစရိတ်အတွက် ကမ္ဘာပေါ်က ကလေးငယ်ပေါင်း ဘယ်လောက်များများရဲ့ထမင်းလုပ်ပေါင်းများစွာနဲ့ အစားထိုး တည်ဆောက်ခဲ့ရလေမလဲ။ ဒီစစ်ကားတစ်စီးရဲ့ ပြောင်းဝကနေ ပစ်လွှတ်လိုက်တဲ့ ကျည်တစ်တောင့်ရဲ့ တန်ဖိုးက ဟိုး မဖွံ့ဖြိုးသေးတဲ့ဒေသက အသိပညာငတ်နေတဲ့ ကျောင်းသားများပညာသင်ကြားရာ စာသင်ကျောင်းတစ်ကျောင်းဆောက်ဖို့အတွက် လုံလောက်တဲ့ငွေကြေး ဖြစ်လေမလား။

   ဇီဝိန်ခြွေ စစ်လက်နက်ကြီးများရဲ့ ကုန်ကျစရိတ်က ဇီဝိန်ကြွေစေတတ်တဲ့ ရောဂါကြမ်းတစ်ခုခုကြောင့် အသက်သေလုလုဖြစ်နေတဲ့ လူနာပေါင်းများစွာ အသက်ရှင်သန်နိုင်စေရေးအတွက်ကော ကြီးမားတဲ့ အထောက်အပံ့ကောင်း မဖြစ်စေသင့်ဖူးလား။ လားပေါင်းများစွာနဲ့ အတွေးက မဆုံးနိုင်အောင်ပင် ရှည်လျားကျယ်ပြန့်သွားတယ်။

    မိုးပေါက်လေးတွေ တဖွဲဖွဲကျရောက်နေတဲ့ ခုလိုအမှောင်ပျိုးစ ဆောင်းတစ်ညမှာ ဟိုနားဒီနားကနေ တစစ
လင်းလက်လာတဲ့ မီးရောင်ပျပျအောက်မှာ မြင်ရတဲ့လူသတ်လက်နက် တင့်ကားကြီးများက တစတစနဲ့ အသက်ဝင်လာတဲ့ ဘီလူးကြီးတွေအလား စိတ်ထဲထင်မှတ်လာတယ်။ ရထားတွဲအရှည်ကြီးတစ်ခုလုံးကို ကိုင်ဆွဲပြီး ဟိုးလူသူမနီးတဲ့ သမုဒ္ဒရာ ရေပြင်ကျယ်ကျယ်ကြီး တစ်ခုခုအောက်ကို သွားရောက်မြှုပ်ပစ်ချင်စိတ် ဖြစ်လာတယ်။

   ဒီလူသတ်လက်နက်တွေအစား စားစရာ အစားအစာတွေ၊ ဝတ်စရာ အဝတ်အစားတွေ၊ နေထိုင်စရာ အဆောက်အဦပစ္စည်းတွေများ တင်ဆောင်လာတာဖြစ်လိုက်ရင် ဘယ်လောက်များ ကောင်းလေမလဲလို့ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း တွေးလိုက်မိသေးတယ်။

  စစ်မြေပြင်သုံး တင့်ကားကြီးတွေ၊ သံချပ်ကာကားတွေ မြောက်များစွာ တင်ဆောင်ထားတဲ့ ရထားကြီးကတော့ခုလောက်ဆိုလျင်ဖြင့် မိုင်ပေါင်းတော်တော်ဝေးဝေးဆီကို ရောက်နေလောက်ပြီ။ သို့ပေမယ့် ကိုယ့်အတွေးထဲမှာတော့ ရထားတွဲရှည်ကြီးက ဘယ်ကိုမှ မရွေ့လျားနိုင်သေးပဲ ရပ်တန့်လို့နေနေဆဲ။ ကိုယ့်အတွေးထဲမှာ ရပ်တန့်နေတဲ့ ရထားကြီးလိုပဲ ကမ္ဘာ့ဒေသ အသီးသီးမှာ ဖြစ်နေကြတဲ့ လူမျိုးတုံး စစ်ပွဲရှည်ကြီးတွေ၊ လူသတ်လက်နက်ထုတ် စစ်လက်နက်စက်ရုံကြီးတွေလည်း ခုချက်ခြင်းပင်လျင် ရပ်တန့်လို့ သွားစေချင်ပါရဲ့။ ။
                                                        ဥာဏ်ဦးမောင်



မေတ္တာများစွာဖြင့်
မေတ္တာဥယျာဉ်မှ ကူးယူဖော်ပြသည်။

21/01/2012

အမျှဘာကြောင့်ယူရတယ်

1. စီးဆင်း ရင်ခွင် | 1/21/2012 | 2. 3. 4. 5. 6. Best Blogger Tips


                        ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
                        ဒိုးဒိုးဒေါင်ဒေါင်ညံ။
                        ခေါင်းလောင်းသံ ငါတို့ကြား အမျှယူစို့လား
                        အမျှဘာကြောင့် ယူရတယ်၊
                        ကုသိုလ်ရဖို့ကွယ်။
                        ကုသိုလ်သည် ဘယ်မှာလဲ၊
                       ခေါင်းလောင်းထိုးနေဆဲ။

     အလွန်တရာလေးနက်တဲ့ ပဋ္ဌာန်းစတဲ့ အဘိဓမ္မာကျမ်းတွေ၊ နိကာယ်အရပ်ရပ်တွေကို ပို့ချသင်ကြားနေတဲ့ ရတနာ့ဂုဏ်ရည် ဓမ္မစာပေသင်တန်းရဲ့ သုံးနှစ်ပတ်လည်အဖြစ် ကျင်းပတဲ့ပွဲမျိုးမှာ သြဝါဒစကားမိန့်ကြားဖို့ လျောက်ထားတယ်ဆိုပါမှ ဘာဖြစ်လို့ခုလိုမူလတန်းကလေးတွေ အတွက် ပြဌာန်း ထားတဲ့ မူလတန်းဖတ်စာထဲက ကဗျာတစ်ပုဒ်ကို လာရွတ်နေရတာလဲ လို့ တွေးကောင်း တွေးမိ လိုက်လေမလားပါ။ နောက်ပြီး ဒို့ကိုများ မူလတန်း အရွယ် သူငယ်နှပ်စားထင်ပြီး စော်ကားမော်ကား လုပ်လေသလားလို့ တွေးကောင်းလည်း တွေးလေမလားပါ။ ဟုတ်တယ်။ ဒီကဗျာလေးကို ဦးဇင်းတို့ငယ်ငယ် တတိယတန်းလား၊ စတုတုတ္ထတန်းလားတော့ တိတိကျကျ မမှတ်မိတော့ဘူး။ မြန်မာဖတ်စာ စာအုပ်ထဲမှာ ဖတ်ခဲ့ရတယ်။ 
     ဒီကဗျာလေးထဲကပဲ၊ စာပိုဒ်တစ်ပိုဒ်ကိုယူပြီး ဟိုတနေ့ကပဲ “ခေါင်းလောင်းသံ ငါတို့ကြား” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာ တစ်ပုဒ် ရေးဖြစ်လိုက်သေးတယ်။ ဒီထဲက တချို့ကတော့ ဖတ်ပြီးကောင်း ဖတ်ပြီးဖြစ်လိမ့်မယ်။ အဲဒီဆောင်းပါး ထဲမှာတော့ အသက်အရွယ်လေး တော်တော်ရလာတော့ ဇရာဆိုတဲ့ လက်နဲ့ ထိုးနှက်ခဲ့တဲ့အတွက်ကြောင့် နာကျင်မှု (ဗျာဓိ) သံစဉ် ထွက်လာတဲ့အကြောင်းကို ရေးဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးရေးနေရင်းပဲ ဒီကဗျာလေးနဲ့ ပတ်သတ်တဲ့ တခြားတွေးတောစရာလေးတွေလည်း စိတ်ထဲပေါ်လာလို့ အနည်းအကျဉ်းချဲ့ပြီး တွေးဖြစ်ခဲ့တယ်။

  အဲဒီလိုတွေးခဲ့တဲ့ အတွေးက ဒီနေ့ ဒီမှာပြောလိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်နေတယ်ထင်မိလို့ ဒီနေရာမှာ နည်းနည်းပြောပြချင်ပါတယ်။

   ကဗျာလေးထဲမှာ “ခေါင်းလောင်းသံ ငါတို့ကြား၊ အမျှယူစို့လား”လို့ပါတယ်။ ဒါ မြန်မာရိုးရာဓလေ့နဲ့ ဆက်စပ်နေတယ်။ ဦးဇင်းတို့ငယ်စဉ်က ရွာဦးကျောင်းမှာ တော်တော်ကြီးတဲ့ ခေါင်းလောင်းကြီးတွေရှိတယ်။ မင်းဖြူမှန်မှန် ပြောလို့ဆိုကြတဲ့ အလေးချိန် ငါးသောင်း ငါးထောင် ငါးရာ ငါးဆယ် ငါးပိဿာ အလေးချိန် ရှိတယ်လို့ဆိုတဲ့ မင်းကွန်းခေါင်းလောင်းကြီးလောက် မကြီးမားပေမယ့် ရွှေတိဂုံဘုရားကုန်းတော် ရာဟုထောင့်က ဓမ္မာရုံထဲမှာ ချိတ် ဆွဲထားတဲ့ ခေါင်းလောင်းကြီးလောက်တော့ ရှိမယ်ထင်တယ်။ ရွာကျောင်း မှာ အဲဒီခေါင်းလောင်းမျိုး သုံးလေးလုံး ရှိတယ်။
  ညစဉ်ညတိုင်း ၇ နာရီလောက်အချိန်မှာ ဆရာတော်အပါ အဝင် ကျောင်းမှာ ရှိတဲ့ ကျောင်းသားကိုရင်အားလုံး ဘုရားဝတ်ကြတယ်။ ဝတ်မတက်မီမှာ အချက်ပေးတဲ့အနေနဲ့ အဲဒီခေါင်းလောင်းကြီးတွေကို ထိုးနှက်တယ်။ ခေါင်းလောင်းသံကို တစ်မိုင်ကျော်ကျော် နှစ်မိုင်လောက်က အထိ ကြားရတယ်။
  အဲဒီလိုခေါင်းလောင်းကြီးတွေထိုးနှက်ရင် ရွာဦးကျောင်းက ဝတ်တက်ကြတော့မယ်လို့သိတာနဲ့ ရွာထဲကဘုရားတရားဝါသနာထုံတဲ့ လူကြီး သူမများကလည်း ကိုယ့်အိမ်က ဘုရားစင်ရှေ့မှာ ဘုရားဝတ်တက်ကြတယ်။ အိမ်မှာရှိတဲ့ သားသမီးတွေမြေးတွေကိုလည်း ဘုရားရှိခိုးဖို့ တိုက်တွန်းကြတယ်။ ဒီတော့ ခေါင်းလောင်းထိုးသံက ကုသိုလ် ပြုလုပ်ဖို့ အချက်ပေးခေါင်းလောင်းသံလို ဖြစ်နေတယ်။
  နောက်တစ်နာရီလောက်နေလို့ ဘုရားဝတ်တက်ပြီးချိန်မှာတော့ အလှည့်ကျတဲ့ ကိုရင်ကြီးတစ်ပါး ပါးက ဖြစ်စေ၊ ကျောင်းသားကြီး တစ်ဦးဦး က ဖြစ်စေ၊ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လောလို့ အသံကျယ်ကျယ်နဲ့ အမျှဝေ ရတယ်။ အခြားသော ကျောင်းသားကြီးတစ်ဦးကတော့ အမျှတစ်ခါဝေပြီး တိုင်း ခေါင်းလောင်းကြီးကို ထိုးနှက်တယ်။ အဲဒီလို ညဦးယံမှာ ဒုတိယအကြိမ်ထိုးတဲ့ ခေါင်းလောင်းသံ ကိုကြားပြီ ဆိုလျင်တော့ ကျောင်းကသံဃာ တော်များနဲ့ ကျောင်းသားတွေ ဝတ်တက်ပြီးလို့ အမျှဝေနေ ပြီဆိုတာ ကြားသူများက သိထားကြတယ်။ ဒါကြောင့် ခေါင်းလောင်းသံကိုကြားတဲ့သုများက သာဓု သာဓု သာဓုလို့ ကြားရာအရပ်ကနေ ကျောင်းဆီမှန်းမျှော်ကာ သာဓုခေါ်ကြတယ်။
    အဲဒီလို အလေ့အကျင့်ဟာ လူကြီးတွေပါမက ကစားနေတဲ့ ကစားဝိုင်းက ကလေးတွေအထိတောင် သက်ရောက်လို့ တလင်းပြင်မှာ စုပေါင်းကစားနေလျင်တောင် ကစားတာကို ခဏရပ်လို့ သာဓုခေါ်ကြတယ်။ လူကြီး မိဘများကလည်း ကိုယ့်ရဲ့သားသမီးတွေ မြေးတွေကို သာဓုခေါ်ဖို့ တိုက်တွန်းကြတယ်။
  လူတွေတွင်မက ကျောင်းမှာရှိတဲ့ ခွေးတွေ၊ ရပ်ရွာထဲရှိ ခွေးတွေလည်း အော်ကြ အူကြတယ်။ အခြားအချိန်မှာ ခွေးတွေအူတာကို သိပ်သဘော မကျကျပေမယ့် ဒီအချိန် ခွေးတွေအော်တာ အူတာကိုတော့ ခွေးတွေ သာဓုခေါ် တာပဲလို့ လက်ခံနားလည်ပြီး ဝမ်းမြောက်ကျေနပ်ကြတယ်။ ဒါက တောရွာဓလေ့ ချစ်စရာလေးတစ်ခုပေါ့။

   ဒီမှာ ဘာတွေ့ရလဲဆိုတော့ ကောင်းမှုကောင်းရာလုပ်တဲ့သူတွေရဲ့လုပ်ငန်းကို ကိုယ်ကိုယ်တိုင် မလုပ်နိုင်တောင် ကျေနပ်တတ်ရမယ်၊ အားပေးတတ်ရမယ်။ ဝမ်းမြောက်ဝမ်းသာ ဖြစ်တတ်ရမယ်၊ သာဓုအနုမောဒနာ ခေါ်တတ်ရ မယ်ဆိုတဲ့ ဓလေ့ကောင်းတစ်ခုကိုပါ။ ဒီကတဆင့် တက်ကာ သူများတွေ ကောင်းမှုကောင်းရာပြုလုပ်နေတာကို အတုယူပြီး ကိုယ်ကိုယ်တိုင်လည်း သူတို့လိုပဲ ကောင်းတဲ့ အလုပ်တွေကို လုပ်မယ်ဆိုတဲ့ အသိမျိုးကို ဖြစ်စေနိုင်တယ်။
  အဲဒီလို သူများတွေရဲ့ ကောင်းတဲ့လုပ်ရပ်တွေကို အားပေးလိုတဲ့စိတ်ထား။ ကိုယ်တိုင် လည်း ကောင်းတဲ့အလုပ် တွေကို လုပ်လိုတဲ့စိတ်ထားတွေ ထွန်းကားလာပါမှ ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်း။ ကိုယ့်ပတ်ဝန်းကျင်နဲ့ လောကကြီး ပိုမိုတိုးတက်လာမယ်။ ဒါကြောင့် ကောင်းတဲ့လုပ်ရပ် ဆိုလျင် အားပေးရမယ်၊ ကူညီရမယ်။ ဖျက်လို ဖျက်ဆီး မလုပ်ရဘူး။ ကောင်းတဲ့လုပ်ရပ်ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့သူရဲ့ သန္တာန်မှာ ဘယ်လိုမှ သူတော်ကောင်းစိတ်ဓာတ် မကိန်းတည်နိုင်ဘူး။

   နောက်ပြီး ကဗျာလေးထဲမှာ “အမျှ ဘာကြောင့်ယူရတယ်။ ကုသိုလ်ရဖို့ကွယ်”-တဲ့။ ဒီတော့ ကုသိုလ်ရဖို့ရန်အတွက် ကုသိုလ်ကောင်း မှု ပြုလုပ်ကြသူ။ သာသာသာသနာအတွက်၊ တိုင်းပြည်နဲ့လူမျိုး အတွက်၊ သက်ရှိကမ္ဘာလောကသားတွေနဲ့ သက်မဲ့ကမ္ဘာလောကကြီး အတွက် ကောင်းရာကောင်းကြောင်း လုပ်ဆောင်ကြတဲ့သူတွေရဲ့ လုပ်ရပ်အားလုံးအပေါ်မှာ ကြည်နူးဝမ်းသာ ဖြစ်နိုင်ရမယ်။ သူလုပ်တာပဲ။ ငါလုပ်တာမှ မဟုတ်တာဆိုပြီး မနာလို စိတ်ထား မထားရဘူး။ ဒါဟာ အရေးကြီးပါတယ်။
  နောက်ပြီး “ကုသိုလ်သည်ဘယ်မှာလဲ၊ ခေါင်းလောင်းထိုးနေဆဲ”တဲ့။ ခုဒီမှာသင်တန်းတွေကို အပင်ပန်းခံကာ။ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်တွေနဲ့ ငွေကြေးတွေကို ရင်းနှီးမြှပ်နှံကာ ဦးဆောင်ပြုလုပ်ကြတယ်။ ခုလိုသင်တန်းတွေ ဖွင့်လှစ်နေတဲ့အကြောင်းကိုလည်း အများ တကာတွေ သိအောင်ကြေညာ အသိပေးနေတယ်။ ကြားသိသူတွေ သင်တန်းကို ကိုယ်တိုင်တက်ရောက်ပြီး ကုသိုလ်အမျှတွေ ရယူနိင်ကြပါစေ။ ကိုယ်တိုင်မတက်ရောက်နိုင်လည်း အင်တာနက်ကနေ တိတ်ခွေတွေကတဆင့် နာကြားနိုင်ကြပါစေ၊ တတ်အားသမျှ လှူဒါန်းမှုတွေပြုလုပ်ကာ ကု သိုလ်ပါဝင်နိုင်ကြပါစေဆိုပြီး ကုသိုလ် ယူနိုင်ခွင့် လမ်းတွေကိုဖွင့်လှစ်ပေးနေကြတယ်။ ဒါကို သာဓုခေါ်နိုင်မယ့် သူတွေအတွက်တော့ ကုသိုလ်တွေ ရကြမှာ မလွဲပါဘူး။

   ဒီတော့ ခုလိုသင်တန်းမှ ဦးဆောင်ဝေယျာဝစ္စပြုလုပ်ကြေသူတွေဟာ ခေါင်းလောင်းထိုးနေတဲ့၊ ကုသိုလ်အမျှ ရကြပါစေရယ်လို့ ပေးဝေနေတဲ့ ကုသိုလ်သည်တွေဖြစ်ကြပါတယ်။
  သို့ပေမယ့် အထူးသတိထားရမှာက ခုလို ကုသိုလ်အမျှပေးဝေနေသူတွေဆီက ကုသိုလ်ဖြစ်စေ မယ့် ကောင်းတဲ့ အရာတွေ၊ ကုသိုလ်သံတွေကိုသာ ထွက်ပေါ်ပြန့်နှံ့စေဖို့လိုပါတယ်။
  ကုသိုလ်အမျှပေးဝေနေတယ်ဆိုပြီး အချင်းချင်း မသင့်တင့်မညီညွတ်ဖြစ်တယ်ဆိုတဲ့အသံတွေ၊ မတရားအလုပ်တွေ လုပ်နေတယ်ဆိုတဲ့ အသံတွေကို ဖြန့်ဝေ ပေးသလိုမျိုးဖြစ်ခဲ့မယ်ဆိုလျင်တော့ ဒီအသင်းကိုမှီပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ကုသိုလ်ရနိုင်မယ် မဟုတ်ပေဘူး။ အသင်းကို ဦးဆောင်နေ သူတွေကလည်း ကုသိုလ်သည်တွေ ဖြစ်နိုင်မယ် မဟုတ်ပေဘူး။ အကုသိုလ် သည်တွေသာ ဖြစ်ပေလိမ့်မယ်။

  ဒါကြောင့်ကိုယ်ကိုယ်တိုင်လည်း သူတစ်ပါးတွေကို ကောင်းမှုတွေမျှဝေနိုင်အောင် ဖြည့်ဆည်းနိုင်တဲ့ သူတွေ ဖြစ်ကြပါစေ။ ကိုယ့်ဆီမှာရှိနေ တဲ့ ကောင်းမှုကောင်းရာတွေကို ကိုယ်တစ်ယောက်တည်း သိမ်းဆည်းထားတာမျိုး မဟုတ်ပဲ သူတစ်ပါးကို မျှဝေနိုင်တဲ့ စိတ်ထားတွေ မွေးမြူနိုင် ကြပါစေ။
  ကုသိုလ်အမျှကိုသာ ပေးဝေနေတဲ့ ခေါင်းလောင်းထိုးနေသူတွေ ဖြစ်နိုင်ကြပါစေ။ ကုသိုလ်သည်တွေ သာ ဖြစ်ကြပါစေ။ အကုသိုလ်သည်တွေ မဖြစ် ကြပါစေနဲ့။

   နောက်ပြီး သူတစ်ပါးတွေရဲ့ ကောင်းမှုကောင်းရာလုပ်ငန်းစဉ်တွေကို ကြည်နူးကျေနပ်စွာ၊ ဝမ်းမြောက် ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်တဲ့ သူတွေ ဖြစ်ကြပါစေ။ ကုသိုလ်ဝယ်သူတွေသာ ဖြစ်ကြပါစေ၊ အကုသိုလ်ဝယ် သူတွေလည်း မဖြစ်ကြပါစေနဲ့။ မုဒိတာစိတ်ထား အပြည့်အဝ ထားနိုင်တဲ့ သူတွေဖြစ်ကြပါစေလို့ တိုက်တွန်း စကားဆိုရင်း နိဂုမ်းချုပ်ပါတယ်။

  မှတ်ချက်။ ။ သြဝါဒအချိန်က ငါးမိနစ်ခန့်သာ သတ်မှတ်ပေးထားလို့ မပြောနိုင်ခဲ့တဲ့ ငယ်စဉ်က ရပ်ဓလေ့ရွာဓလေ့ ခေါင်းလောင်းထိုးကာ အမျှဝေတဲ့အကြောင်းကို အနည်းငယ်ထပ်ဖြည့်လိုက်ပါတယ်။ ။
                                               အရှင်ဥာဏိကာဘိဝံသ



မေတ္တာများဖြင့်
အရှင်သိရိန္ဒ - မေတ္တာရနံ့

http://www.mettayanant.com/
မှ ကူးယူဖော်ပြသည်။

20/01/2012

မိုး

1. စီးဆင်း ရင်ခွင် | 1/20/2012 | 2. 3. 4. 5. 6. Best Blogger Tips


     ဘုရားရှင်ရဲ့ သားတော် ကိုရင်ရာဟုလာဟာ သာသနာ့သမိုင်း စာမျက်နှာမှာ အင်မတန် ထင်ရှားကျော်ကြားလှပါတယ်။ မသိသူမရှိသလောက်ပဲ လို့ ပြောရမှာပါ။ ခုနှစ်နှစ်သားအရွယ်မှာ ရှင်သာသဏေဖြစ်လာခဲ့တဲ့ ကိုရင်ရာဟုလာဟာ မျိုးရိုးဘက်က ကြည့်ရင်လည်း သာမီဝင်မျိုး။ ရုပ်ရည် ဥပဓိဘက်က ကြည့်ပြန်ရင်လည်း စကြာဝတေးမင်းဖြစ်လောက်တဲ့ ရုပ်ရည်ဥပဓိပိုင်ရှင်။ စည်းစိမ်ဥစ္စာ ဘက်ကကြည့်ပြန်တော့ ကပိလ၀တ်နေပြည်တော်ရဲ့ ထီးမွေနန်းမွေကို ဆက်ခံရမယ့် ရှင်ဘုရင်လောင်းလျာတစ်ပါးဖြစ်ပါတယ်။ အစစအရာရာ ပြည်စုံအထက်တန်းကျလွန်းတဲ့ ပုဂ္ဂိုလ်မြတ် လို့ ပြောရမှာပါ။

       ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး။ နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်းကျတဲ့နေရာမှာလည်း သူမတူအောင်ပါပဲ။ ရာဟုလာဟာ သိက္ခာသုံးပါးအဆုံးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူးနဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။

       ကိုရင်ရာဟုလာအကြောင်းကို တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ ကြည်ညိုမှု၊ အားကျမှု၊ ရသမျိုး စုံကိုတပြိုင်နက်တည်းခံစားရစမြဲပါ။ တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည်ဆောက်ဖို့အရေးမှာ" အဆုံးအမသြ၀ါဒ "အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး"လို့ ဆိုရလောက်အောင် အရေးကြီးပါလားလို့ ဆင်ခြင်မိပြန်ပါတယ် ။ 
                          
                                     တော်ဝင်စိတ်ထား(၁)


   အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။ ကိုရင်ရာဟုလာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ကိုရင်ရာဟုလာ နံနက်စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီး အဓိဌာန်လေ့ရှိပါတယ်။ "ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ၊ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမသြ၀ါဒစကားတွေ နာယူခွင့်ရလိုပါတယ်တဲ့"။ ဘယ်လောက်မြင့်မြတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့ စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။


                                      တော်ဝင်စိတ်ထား(၂)


       ဒါတွင်မကသေးပါဘူး။ ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။"ပန်းသတင်း လေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်" ဆိုတဲ့ ဆိုရိုးစကားလိုပေါ့ ။ အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့ ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်း တို့ကို လမ်းမှာပစ်ထားကြပါတယ်။ ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့ ' ဒီတံမြက်စည်းတွေ အမှိုက်တောင်းတွေကို ဘယ်သူချထား တာလဲ'လို့ ရဟန်းတစ်ပါးက မေးပါတယ်။ " ရှင်ရာဟုလာ ဖြတ်သွား တာမြင်တာပဲ" " သူများချသွားတာလား" တပည့်တော် လုပ်တာ မဟုတ် ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့" ကိုရင်ရာဟုလာကတော့ ယောင်လို့တောင် ဒီလိုခွန့်တုံ့ မပြန်ခဲ့ပါဘူး ။ "သည်းခံခွင့်လွှက်တော်မူပါဘုရား" လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။


                                    တော်ဝင်စိတ်ထား(၃)

    တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်း ဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။ 'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစအချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကို အမိန့်ရှိ ကြပါတယ် ။ " ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ ရဟန်းတော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး ၊ အိပ်ဖို့နေရာရှာပါ "စိတ်နှစ်လုံးသားမြင့်မြတ် လှပတဲ့ ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော် မူတဲ့ ၀စ္စကုဋိ(အိမ်သာ) ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။

    သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ်စေချင်လို့ပါ။ ဘုရားရှင်ထံဖြစ်စေ၊ ရဟန်းတော်တွေထံဖြစ်စေ၊ အကျိုးအကြောင်း လျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင်ပြေနိုင်စရာရှိပါတယ်။ ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ် ပါ လှပတင့်တယ်တဲ့ ကိုရင်ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီး အခွင့်အရေး မယူခဲ့ပါဘူး။ ဒီလိုအခွင့်အရေး ပိုမယူတတ်တာ၊ စွန့်လွှက်အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား ။


      မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစားဆင်ခြင်စရာလေးတွေ ရှိလာပါတယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ စာရေးသူအနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။ ' ပါရမီရှင်မို့လို့ပေါ့ ' လို့ အများ ပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘောမတူနိုင်ပါဘူး။ တိကျပြည့်စုံမှုမရှိတဲ့ အဖြေလို့ယူဆမိပါတယ်။ ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသက ဟာလည်း ပါရမီရှင်ပါပဲ။

     ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ့လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့ အဟိံသကဟာ လူပေါင်း ထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်သမားကြီး အဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရပါတယ်။

       ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။ မိခင်ရင်း ကိုသာသတ်ဖြတ်ခွင့် သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေသာသာ အ၀ီစိအထိကျရောက်သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။ တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော်မူတဲ့ သာမညဖလသုတ္တန်ကို နာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။

  ဒါပေမဲ့ခမည်းတော် သောတာပန် မင်းကြီးကို သတ်ဖြတ်ခဲ့တဲ့ အတွက် လောဟကုမ္ဘီငရဲရောက်သွားခဲ့ရပါတယ်။ ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြတ် အထက်တန်းကျတာဟာ' ပါရမီရှင်ဖြစ်လို့' ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့ တာပါ။

            မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်းကို ဆက်လက်လေ့လာ စူးစမ်းခဲ့ပါတယ်။ ဒီလို လော့လာစူးစမ်းတဲ့ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒ စကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့' ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။

      မှန်ပါတယ်၊ အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေ နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမစကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်း တွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။

           ဆရာပေါင်းမှားတော့ တသံသရာလုံး မှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒ စကား တွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။

   ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆိုပြီး ကိုရင်ရာဟုလာအပေါ် ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ် ရွယ်ကစပြီး သက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။

       ကိုရင်ရာဟုလာဟာ ဘုရားရှင်ဆိုတဲ့ ဆရာသမားကောင်းနဲ့ ငယ်စဉ်ကတည်းက အမြဲလိုလို ထိတွေ့ဆက်ဆံခွင့်၇နေခဲ့ပါတယ်။ ရဟန္တာဖြစ်သည် အထိ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမသြ၀ါဒ စကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။

         ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ်မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။ မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။ ကိုရင်ရာဟုလာရဲ့ နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့်အခါသင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင် ဆုံးမ သွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။

        ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ ရာဟုလ သုတ္တန်လို့ခေါ်ပါတယ်။ သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာတင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီး ကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။ အခွင့်အခါသင့်တိုင်း ဆုံးမသွန်သင်တော်မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိသတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊ သဘောထား မှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။

    အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီး ကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်း အရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီး ခုနှစ်နှစ်အရွယ် ကိုရင်ရာဟုလာကို 'ကုမာရက ပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမသွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ ဆုံးမဟော ကြားတော်မူခဲ့ပါတယ်။


   ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုကို အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ ။


      ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း ကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော်မူခဲ့ပါသေးတယ်။' ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင် ထားတာ တွေ့ရပါတယ်။


      နောက်တစ်ခါ ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော်(၂၀ )အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်း ရဟန္တာ သူတော်စင်ကြီး အဖြစ် ရောက်ရှိသွားပါတော့ တယ်။


               မရှိမဖြစ်မိုး


    ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေး ဘာဖြစ်လို့ မယုံကြည် နိုင်လောက်အောင် နှလုံးသားလှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာစိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်းကျနေရတာလဲ၊အဖြေကတော့ သိသာထင်ရှားလောက်ပါပြီ။ ကိုရင်ရာဟုလာရဲ့ ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒ စကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။

   မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည်ရှင်သန်နေ ဖို့ မဖြစ်နိုင်ပါဘူး ။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။


    ဒီလိုပါပဲ၊ရဟန္တာသူတော်စင်ဖြစ်သည်အထိ မြင့်မြတ်တဲ့ဘ၀တစ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက် ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ ' မရှိမဖြစ်မိုး ' လို့ ဆိုရမယ်ထင်ပါရဲ့ ။


                                                                           အရှင်ဣန္ဒကာဘိဝံသ(မြစကြာ)



မေတ္တာများဖြင့်

အရှင်သိရိန္ဒ-မေတ္တာရနံ့

http://www.mettayanant.com/ 
မှ ကူးယူဖော်ပြသည်။

19/01/2012

စိတ်ကိုအစားထိုး ကုသခြင်း

1. စီးဆင်း ရင်ခွင် | 1/19/2012 | 2. 3. 4. 5. 6. Best Blogger Tips


      အင်္ဂလန်နိုင်ငံတွင် အသည်းတခုမှ ဆဲလ်များကို အခြားအသည်းမှ ဆဲလ်များဖြင့် အစားထိုးကုသနိုင်ပြီ ဆိုသည့် သတင်းကို ကြားရသည်၊ အရင်လို အသည်းတခုလုံး နှလုံးတခုလုံး စသည့်အစားထိုးမှုမျိုး မဟုတ်တော့ဘဲ တိုးတက်လာသော ရုပ်ပိုင်းဆိုင်ရာ အစားထိုးမှုကား ၀မ်းမြောက်ဖွယ်ပင်။
သို့နှယ် စိတ်ကိုလည်းအစားထိုးနိုင်လျှင်……….။  
   ထိုအစားထိုးမှုတို့ဖြင့် ဘ၀တခုကို သက်တမ်းတိုးနိုင်ကြပေမည်၊ သို့မဟုတ်လျှင် ရုပ်ပိုင်းဆိုင်ရာ ရှင်သန်ဖွံ့ဖြိုးသလောက် စိတ်ပိုင်းဆိုင်ရာ ချိနဲအားနည်းက ပြီးပြည့်စုံသော ဘ၀တခု ဖြစ်လာနိုင် မည်မထင်၊ ဟန်ချက်ညီသော ဘ၀ရသ ဘ၀အလှကို ရရှိစေချင်ကြမိသည်။
   ခုတော့မူ ရုပ်ပိုင်းဆိုင်ရာ အစားထိုးမှု တိုးတက်မြင့်မာသလောက် စိတ်ပိုင်းဆိုင်ရာ တွင်……….. အတွေးပင်မဆုံး၊ ရုပ်ချည်း ပုဂ္ဂိုလ် သုံးဦးကို အမှတ်ရလိုက်မိသည်။


        တဦးက ကိုယ်အမေ၊ အမေတဦး၏အကြောင်းကို ဘယ်သားသမီးကမျှ ပြော၍ရိုးအီမည်မထင်၊ သို့ သော် သည်နေရာမှာ အမေ့အကြောင်းထက် အမေ့အကျင့်လေးတခုကို ပြောလိုခြင်းပါ၊ "ဣဿ မစ္ဆရိယ နေရာမှာ ဟိရိသြတပ္ပနဲ့အစားထိုးကြကွယ့်" ဆိုသည့်အမေ့လက်သုံးစကားလေး၊ ထိုအကျင့် လေးသည် အမေ့လက်သုံး သာမက ကိုယ့်ကျင့်လည်းဖြစ်သည်ကို အသက် ရှစ်ဆယ်ငါးနှစ်ရွယ်တိုင် ကြည်လင် အေးချမ်းသော အမေ့ရုပ်သွင်ကာ ကိုယ့်တို့အတွက် သက်သေပင်။


      အဖြစ်လွယ်သလောက် အကျိုးနည်းသော ထိုမနာလိုခြင်း ၀န်တိုခြင်းတွေဖြစ်လာလျှင် ဒါတွေဟာ လူကြီးလူကောင်းတို့ပြုအပ်သည့် အလေ့အထမဟုတ်၊ ရှက်ဖွယ်နှင့် ရွံ့ဖွယ်များပါ တကားဟု အသိကပ်လိုက်ရန်ဖြစ်ပါသည်၊ ကျမ်းလာဂန်လာစကားများနှင့် တထပ်တည်း ကျကောင်းမှကျပေမည်၊ သို့သော် ဘ၀ထဲတွင် Apply ဖြစ်သည့် အစားထိုးမှုနည်းလေးတခုပင်၊ မည်းညစ်သည့်နေရာမှာ ဖြူစဉ်မှုဖြင့် အစားထိုးခြင်းမဟုတ်ပါလား။


        နောက်တဦးက ကိုယ့်အမတယောက်၊ သူက စာတိုက်ဝန်ထမ်း၊ အမေရိကန်၏လက်ရှိစီးပွါးရေးအခြေ အနေအရ ၀န်ထမ်းဦးရေ လျော့ချလိုက်ရာ၊ ယခင် လူကိုးဦးခွဲဝေလုပ်ခဲ့သော တာဝန်တို့ကို မျှဝေ ထမ်းရတော့သည်၊ ကိုယ်ပန်းစိတ်နုံးဖွယ်ပင်၊ သို့သော် ကိုယ်တို့အမက ကိုယ်သာ ပန်းစေ စိတ်မနွမ်းလေရအောင် သရဏဂုံပဌာန်းစသည့် အနုဿတိ တခုခုကို ရွတ်ရင်းပွါးရင်း လုပ်ဆောင်နေခဲ့သည်တဲ့၊ အဲသလို ကိုယ်အမ၏ နှုတ်မှတဖွဖွရွတ်ဆိုရင်း ပေါ့ပါးသွက်လက်စွာ လုပ်ကိုင်ဟန်ကို ကြည့်ကာ သူလုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဘာသာခြား ဖိလစ်ပိုင်အမျိုးသမီးကြီးက လည်း နှုတ်မှ တတွတ်တွတ်ရွက်ကာ လုပ်ဆောင်နေတော့ရာ တနေ့ကိုယ့်အမက


     "မားမား နင်ဘာတွေဆိုနေတာလဲ"
     "Rachel ဆိုသလိုဆိုတာလေ"
    "Rachel က ဗုဒ္ဓဘာသာလေ ကိုယ့်ဘုရားရဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုနေတာ မားမားက ခရစ်ယာန်ဘဲဟာ"
     "ဟုတ်လား သိဘူးလေ ကိုယ်က Reachel ပါးစပ်လှုပ်တာကြည့်ပြီ ဒါတွေနေမှာပဲဆိုပြီး လိုက်ဆိုနေတာ This for son, this for payment, this for insurants နဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း လုပ်နေခဲ့တာလေတဲ့၊ ကိုယ့် အမက ရယ်လိုက်သည်၊ ကြာကြာမရယ်နိုင်၊ အသက် ၇၀ ချဉ်းအရွယ်ထိ သားသမီးတို့ဝန်ကို ပင်ပမ်းစွာ ကူထမ်းရင်း ဒါ… သားဖို့ ဒါ…..မြေးဖို့နဲ့ပင်ပမ်းမှုကို ချစ်ချင်းဖြင့်အစားထိုးနေပါလားဟု သဘောပေါက် လိုက်သောေ ကြာင့်ပင်။


       သို့ဖြင့် ကိုယ့်အမသည်လည်း သူနည်းကိုယူကာ မကြာမကြာအသုံးပြုဖြစ်တော့သည်တဲ့၊ ပင်ပမ်းလွန်း သည့်အခါ ခြေကုန်လက်ပမ်းကြသည့်အခါ အားတက်မှုနှင့်အစားထိုးရန် This for donation, this for monks, this for my country, စသည်ဖြင့် နှလုံသွင်းရင်း ၀န်ကိုမပျင်းမရိဆောင်နိုင်ခဲ့ပြီ၊ လေးပင်စိတ်ကို ပေါ့ပါးခြင်းဖြင့် အစားထိုးခဲ့ခြင်းလေ။


      နောက်ဆုံးတဦးက ကိုယ့်တပည့် ဒကာကိုစောနိုင်၊ သူကကျောင်းသားတပ်မတော် ရဲဘော်ဟောင်း၊ အမေရိကန်ကို ရောက်စ စိတ်နောက်ကိုယ်ပါ နေခဲ့မိသည်တဲ့၊ အရပ်အခေါ် ပေတေတေနေသည်၊ သမီးလေး ၄-၅ နှစ်အရွယ်မှာပင် ဇနီး၏သစ္စာသွေမှုကို ခံရတော့သည်၊ 1500 V အားရှိသော ကိလေသာအပူသည် သူ့ကို လောင်မြိုက်ခဲ့တော့သည်။


      ထိုအပူများကို ဘာသာရေးအလုပ် ကျောင်းဝေယျာဝစ္စအလုပ်နှင့် စာပေဖတ်ရှုခြင်းများဖြင့် တဖြေးဖြေးငြိမ်း သပ်နိုင်ခဲ့သည်၊ အတုယူဖွယ် ကောင်းသည်မှာ ဘ၀ကို ထိန်းကြောင်းတည့်မတ်ပေးနိုင်သော ဆရာတော် ရှင်ဥက္ကဌ, မင်းကွန်းဆရာတော်, ဆရာပါရဂူ, ဆရာကြီးဦးအေးမောင် တို့ကဲ့သို့သော အလေးဂရုပြုရသည့် စာပေပညာရှင်ကြီးများ၏ စာကောင်းစာမွန်များကို တစိုက်မတ်မတ် ဖက်ရှုခဲ့ခြင်းပင်။


       သို့နှယ် ကိလေသာအပူကို စာပေဓမ္မဖြင့် အေးစေနိုင်သည့်တိုင် ပရိရေသန အပူကိုမူ သူရင်ဆိုင် နေရဆဲ၊ ထိုအပူကား သူအလုပ်လုပ်ရာ သံရေကြိုစက်ရုံ၏ ပူအားပြင်း မီးရှိန်ဒဏ်၊ အပူရှိန်ကမသေး၊ ၁၅၀၀ အပူချိန်ပင်၊ ပွက်ပွက်ဆူနေသော သံရေပူတွေထဲမှ ချေးဖတ်များကို ဆယ်ယူရသော သူ့အဖို့ မသက်သာ၊ နေ့စဉ်အပူဒါဏ်ခံရမြဲ။ လုပ်ခလေးကလည်း သင့်လျှော်၊ အလုပ်ရှားပါးချိန်လည်းဖြစ်၍ တခြားအလုပ် ကိုလည်းမပြောင်းချင် သည်အလုပ်တွင်သာကြိုးစားလုပ်ကိုင်နေခဲ့သည်တဲ့၊ ပူလောင်ခြင်း ဒဏ်ကိုလည်း အေးမြမှုဖြင့် အစားထိုးနေခဲ့သည်၊ တနေ့ ၈ နာရီမျှ ကြုံရသော ထိုအပူချိန်ကို သူကျော်လွန်နိုင်ပုံမှာ မေတ္တာသုတ် ၄၅ ခေါက်၊ ဘုရားဂုဏ်တော် ၄၅ ခေါက်၊ ပဌာန်း ၄၅ ခေါက်၊ စသည့် စသည့် သက်စေ့ရွတ်ပွါးရင်း ပူမှန်းမသိ အချိန်ကုန်လွန်စေခဲ့သည်၊ ရုပ်ပူပြီး နာမ်အေးစေသည့် အစားထိုးမှုပါ တကား၊ ဒုက္ခဝေဒနာကို သောမနဿဝေဒနာနှင့် အစားထိုးလိုက်ခြင်းဟု ဆိုလိုက် ချင်ပါသည်၊


      အထက်တွင်ဆိုခဲ့သလိုလောကတွင်၊ ရုပ်ပိုင်းဆိုင်ရာ အစားထိုးမှုများဖြင့် ဘ၀ကို ဆွဲဆန့် နိုင်သလို၊ ကိုယ့်အမေတို့ ကိုယ့်အမတို့လို ဤနည်းများဖြင့်လည်း စိတ်ကို အစားထိုးနိုင်ခဲ့ကြလျှင် ဇရာ ဗျာဓိတို့ကို ဆိုင်းငံ့စေမှာအမှန်ပင်၊ စိတ်ပျို ကိုယ်နုမဟုတ်ပါလား၊ အစားထိုးရန် နည်းများကိုလည်း ကိုယ်တို့ ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်ကပင်၊ ပဋာစာရီ၊ ကိသာ ဂေါတမီ စသည်တို့ကား လက်တွေ့အစားထိုးကြသူများပင်၊ ထိုအစားထိုးနည်းများစွာ ကြွယ်ဝသော ဘာသာတရားကြီးကို ကိုးကွယ်ခွင့်ရရှိနေကြပါလျှက် ယူငင် အသုံးပြုရန် မသိကြသည်မှာ နစ်နာ ဖွယ်ပင်။


   ရုပ်ကိုအစားထိုးခြင်းကမှ နာကျင်မှုရှိကောင်းရှိနိုင်သည်၊ စိတ်ကို အစားထိုးခြင်းကား ပင်ပန်းနာကျင် ခြင်းမရှိ၊ လွယ်ကူလှသည်၊ အလေ့အကျင့်မျှသာလို၍ ထိုအလေ့အကျင့်ကို ပျိုးထောင်နိုင်ရန်သာ၊ ဥပမာ လူသဘာဝအလျှောက် ကြုံတွေ့ရသော အာရုံများအလိုက် ရံခါ ရန်ငြိုးဖြစ်ပေါ်မည် ထိုအခါ ခွင့်လွှတ်ခြင်းဖြင့်၊ ရံခါ ထောင်လွှားခြင်းဖြစ်မည်၊ ထိုအခါ နှိပ်ချခြင်းဖြင့်၊ ရံခါ မဲညစ်မှုဖြစ်မည်၊ ထိုအခါ ဖြူစင်ခြင်းဖြင့် စသည် စသည် အစားထိုးသင့်ကြသည် မဲညစ်သော ပူလောင်သော စိတ်တို့ ဖြစ်ပေါ်လာတိုင်း ဒါတွေဟာ အကျိုးနည်းပါးတဲ့ သဘောတွေဘဲဟု သိသော ပညာ၊ ထိုဖြစ်ပေါ် တတ်သော အလေ့ဆိုးများ ပေါ်ပေါက် ခွင့်မပြုရန် တားမြစ်သော သတိ၊ ထိုပညာနှင့် သတိတို့ မကွာအောင် အားထုတ်သော လုံးလတို့သာ လိုပေသည်၊ ထိုသုံးပါးကို အသုံးပြု၍ စိတ်ကို အစား ထိုးနိုင်ကြလျှင်..............။


သို့နှယ် စဉ်းစားနေမိစဉ် ကိုယ့်ရင်ထဲမှာ ပဲ့တင်ထပ်လာသံက
စိတ်ကိုယ်လဲ ပြင် ရုပ်လဲပြင်
ပြင်ဆင်တိုင်းလှ ပြုတိုင်းရ
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။
(မစိုးရိမ် ပဌာန်းဆရာတော်)


ကံထွန်းသစ်
၁၂၊၀၉၊၂၀၁၁ 
မေတ္တာဥယျာဉ် မှ ကူးယူဖော်ပြသည်။

16/01/2012

ဘယ်လိုစာ မောင်သင်မတုံး

1. စီးဆင်း ရင်ခွင် | 1/16/2012 | 2. 3. 4. 5. 6. Best Blogger Tips


     အခုနောက်ပိုင်း ဗုဒ္ဓဘာသာတွေထဲမှာကိုပဲ ဘယ်လိုကဘယ်လို ကာလပေါ် “အတွေးအချော်ရှင်” (အတွေးအခေါ်မဟုတ်)သစ်တွေ ပေါ်လာသလဲတော့ မသိဘူး၊ မေးခွန်းဆန်းတွေနဲ့ ခဏခဏကြုံရတယ်။ တလောဆီကပဲ လူလတ်ပိုင်း ခေတ်ပညာတတ်ဆိုသူ တစ်ဦးက အခုလက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာအရိ ယသစ္စာဆိုတဲ့ ပန်းတိုင်အထိမဆိုက်ဘူး၊ အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေတယ်။ လောကကြီးအပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ကလည်း တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့သာ သတ်မှတ်ရှုမြင်တယ်။ လောကရဲ့ အေးငြိမ်းမှုဆိုတဲ့ တကယ့်နိဗ္ဗာန်ကို ရည်မှန်းတဲ့ဟောပြောကျင့်ကြံမှု မပြုကြဘဲ လောကကြီးပျက်ဆီး ဆိတ်သုဉ်းခြင်း ကိုသာ ဦးတည်ဟောပြော ကျင့်ကြံ နေကြတယ်’’လို့ပြောပါတယ်။

   လောကကြီးထဲမှာ ဒုက္ခတွေဆို တာလည်း ရှိတာမှန်သင့်သလောက် မှန်ပေမယ့် လောကထဲမှာ ရှိရှိသမျှတွေကို “ဒုက္ခတုံး ဒုက္ခခဲကြီး” လို့ ပြောတာကတော့ ဟုတ်နိုင်ပါ့မလား”ဆိုပြီး မေးလျှောက်ပါ တယ်။


   မောင်ရင်မေးတဲ့ မေးခွန်းက အတော်ရှည်လျှားတဲ့ မာရသွန်မေးခွန်းကြီးတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် “တာ”စထွက်ကတည်းက သွက်ချာပါဒနဲ့ တရွတ်တိုက်ဆွဲပြေးနေတဲ့ မေးခွန်းမျိုးကြီးဖြစ်နေ တယ်။ လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံးက မြတ်ဗုဒ္ဓရဲ့ တရားဦးဒေ သနာ တော်ကြီးအဖြစ်နဲ့လေးစားယုံကြည်သတ်မှတ်ထားတဲ့သုတ်က “ဓမ္မစကြာ”လို့ခေါ်တဲ့ “ဓမ္မစက္ကပဝတ္တန” သုတ်ပဲ။ ဒီသုတ်က အရိယသစ္စာလေးပါးကို အဓိကထားပြီးဟောတဲ့ သုတ်ကြီးပါ၊ ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိလည်းသိတယ်။ ဒီသုတ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီလည်း ဟောကြ၊ ပြောကြ၊ ကျင့်ကြံကြပါတယ်။


  အရိယသစ္စာကို ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က ဘယ်လောက်အထိ အလေးထားသလဲ ဆိုရင် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ = သစ္စာလေးပါးက လွတ်တဲ့တရားရယ်လို့ ရှိကို မရှိနိုင်ဘူး” ဆိုပြီးတော့ကို အလေးထား လေးစားကြတာပါ။ ဒါကို ရပ်ကွက်တိုင်းမှာ ရှိကြတဲ့ ဝတ်အသင်းသူ အသင်းသားလေးများတောင် သိပါလိမ့်မယ်။ မောင်ရင်တို့ကျမှ ဘယ်လိုလုပ် ရူးကြောင်ယောင် ချာ ဖြစ်ပြီး “အရိယသစ္စာကို အလေးမထားဘူး”လို့ သံသယဖြစ်နေရတာလဲ။ ဒါဟာ အတွေးအခေါ် သွက်ချာပါဒလိုက်နေတာ၊ ဒီရောဂါကို ပျောက်အောင်မကုနိုင်ရင်တော့ ဓမ္မလမ်းခရီးတစ်လျှောက်လုံး တရွတ်ဆွဲနဲ့ လမ်းသွားနေရဦးတော့မှာပဲ”လို့ ပြောလိုက် ရတယ်။


   ဒီပုံစံဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအဘိဓမ္မာလောက်တော့ လေ့လာဆည်းပူး ထားနိုင်မှ တန်ကာကျလိမ့်မယ်။ ဟုတ်တယ်။ အဘိဓမ္မာရဲ့ အခြေခံမှာ ခုနကမေးခွန်းထဲမှာပါတဲ့၊ ပရမတ္ထသစ္စာဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ စတာပဲ။ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်”ဆိုတဲ့ ပရမတ္ထတရားလေးပါးပေါ့။ အဲဒီထဲက “နိဗ္ဗာန်”ဆိုတာ အရိယသစ္စာရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိရောဓ သစ္စာကို ပြောတာပဲ၊ အရိယသစ္စာမှာပါတဲ့ ကျန်သစ္စာ(၃)ပါးတို့ဟာလည်း အဲဒီပရမတ္ထတရားထဲက တရားတွေချည်းပါပဲ။



   ဆိုလိုတာ ကတော့ အရိယသစ္စာဆိုတာ ပရမတ္ထသစ္စာ တရားတွေ ကိုပဲ “ဒုက္ခသစ္စာအုပ်စု၊ ဒုက္ခဖြစ်ကြောင်းအုပ်စု၊ ဒုက္ခချုပ်ငြိမ်းရာအုပ်စု၊ ဒုက္ခချုပ်ငြိမ်းကြောင်း ကျင့်စဉ် အုပ်စု”ဆိုပြီး သစ္စာဖွဲ့ဟောလိုက်တာပါပဲ။ ပရမတ္ထသစ္စာမှာသာ လမ်းဆုံးပြီး အရိယသစ္စာမဆိုက်ဘူး ဆိုရင်တော့ အဲဒါ ပရမတ္ထသစ္စာကို တကယ်သဘောမပေါက်လို့လား၊ ဒါမှမဟုတ် သူများထက် ထူးအောင်ဆိုပြီး ရူးကြောင် မူးကြောင် ဗြောင်ကြောင်ကန်းလုပ်တာလား တစ်ခုခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်။ လောကမှာ မျက်လုံးပြူးနေပေမယ့် မမြင်ရတဲ့ “ကြောင်တောင်ကန်း”ဆိုတာ ရှိသလို၊ မြင်ရပေမယ့် လက်မခံလိုပဲ ငြင်းဆန် ဆန့်ကျင်တတ်တဲ့ “ဗြောင်ကြောင်ကန်း”တွေကလည်း မနည်းဘူး။


   ပြီးတော့ “တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ သတ်မှတ်ရှုမြင်တယ်”ဆိုတာကလည်း ပဋိစ္စသမုပ္ပါဒ်နိဂုံးမှာပါတဲ့ “ကေဝလဿ ဒုက္ခန္ဓဿ=ချမ်းသာမဖက် သက်သက် ဒုက္ခတုံး ဒုက္ခခဲကြီး၏”ဆိုတဲ့ စကားကို ကြည့်ပြီးပြောတာဖြစ်ပါလိမ့်မယ်။ ဒီစကားကလည်း ရှေ့စကား နောက်စကားတွေကို ဖယ်ထားပြီး အပြစ်ပြောချင်တဲ့အပိုင်းလေးကိုသာ ဖြတ်ပြောတဲ့ မပြည့်မစုံ စကားပိုဒ် ဖြစ်ပါတယ်၊ ဒီစကားရဲ့ ရှေ့မှာ “အဝိဇ္ဇာပစ္စယာ”ကစပြီး “တဏှာပစ္စယာ ဥပါဒါနံ” စတဲ့ အကြောင်းတရားတွေပါပါသေးတယ်။


      ဒီစကားရဲ့ အပြည့်အစုံက “အမှန်တရား(သစ္စာတရား)ကို မသိတဲ့ အဝိဇ္ဇာနဲ့စပြီး ပြုလုပ်နေတဲ့ ကံတွေရယ်၊ အာရုံကို တပ်မက်တဲ့ တဏှာရယ်၊ စွဲလန်းတဲ့ ဥပါဒါန်ရယ် ခြံရံတဲ့ ကံမျိုးစေ့(ကမ္မဘဝ)ကို အခြေခံပြီး ဘဝတစ်ခုမှာ ဖြစ်တည်နေသမျှတော့ ရရှိထားတဲ့ ဘဝခန္ဓာကိုယ်ရော၊ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာရော အားလုံးဟာ ဒုက္ခတုံး ဒုက္ခခဲကြီးသာ ဖြစ်နေပေလိမ့် မယ်”လို့ ပြောတာပါ။


     လောကမှာ ရှိရှိသမျှခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဒုက္ခတုံး ဒုက္ခခဲကြီးတွေလို့ ပြောတာ မဟုတ်ဘူး၊ အမှန်ကို မသိမှု၊ လိုချင်တပ်မက်မှု၊ မလွှတ်ရက်ဘဲ ဇွတ်ဖက်စွဲလန်းမှုတွေနဲ့ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကိုသာ ဒုက္ခတုံး ဒုက္ခခဲလို့ ဆိုလိုတာဖြစ်ပါတယ်။


   မြတ်ဗုဒ္ဓအဆုံးအမတော်ရဲ့ ဦးတည်ချက်ကလည်း အသက်ခန္ဓာတို့၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး၊ ရစ်ပတ် နှောင်ဖွဲ့စွဲလန်းမှုတွေကိုသာ စွန့်လွှတ်ရမယ်လို့ ညွှန်ပြတာပါ။ “တဏှာ ပဟာတဗ္ဗာ”လို့သာ ညွှန်ပြတာ၊ “ခန္ဓာ ပဟာတဗ္ဗာ”လို့ ညွှန်ပြတာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာဆည်းကပ်နေကြသူတိုင်း သိပါတယ်။


   “အာသာရမ္မက် ငမ်းငမ်းတက်” ဆိုတဲ့အတိုင်း အလိုရမ္မက်ဆိုတာ ဖြည့်လို့ပြည့်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဖြတ်နိုင်မှ ပြတ်၊ ပြတ်သွားမှသာ ပြည့်တတ်တဲ့သဘောမျိုးတွေပါ။ “ဘဝဆိုတာ သမုဒ္ဒရာရေပြင်ကျယ်ထဲမှာ ကျရောက်နေတဲ့ လှေငယ်သဖွယ် ဖြစ်တယ်”ဆိုတဲ့အတိုင်း မပြည့်ရင် လှိုင်းပုတ်တိုင်း လှုပ်ရှားနေရတဲ့အတွက် ငြိမ်သက်အေးချမ်းမှု ဘယ်တော့မှ မရှိနိုင်ပါဘူး၊ အဲဒီလို ဘဝမျိုးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ တင်စားပြောဆိုတာဖြစ်ပါတယ်။


   ဝေးဝေးလံလံဖြစ်တဲ့ ပိဋကတ်တော်တွေ ဇာတ်နိပါတ်တွေကို အသာထားပြီး မဝေးလှတဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေကိုပဲ ကြည့်ပါ၊ အလိုရမ္မက်ကြီးကြတဲ့ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ဟစ်တလာတို့ဆိုတာ ပစ္စည်းဥစ္စာချို့တဲ့နေကြတဲ့”မရှိဆင်းရဲသား”တွေ မဟုတ်ကြဘူး၊ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ကြတဲ့ “မပြည့်ဆင်းရဲသား”တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေရဲ့ဘဝခန္ဓာဟာ ဒုက္ခတုံး ဒုက္ခခဲကြီးတောင်မကပါဘူး၊ သူတို့နဲ့ ဆက်သွယ်ရာ၊ ဆက်စပ်ရာဝန်းကျင်ကြီးတစ်ခုလုံးကိုပါ လောဘ မီး ဒေါသမီး သောကမီးတွေ ဟုန်းဟုန်းတောက်အောင် ရှို့မြှိုက်ခဲ့ကြလို့ “ဒုက္ခပြင် ကျယ်ကြီး” တွေလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး “ကေဝလဿ ဒုက္ခန္ဓဿ” လို့ ဟောတော်မူတာဖြစ်ပါတယ်။


     အဲဒီလို တစ်လောကလုံး ဒုက္ခပြင်ကျယ်ကြီးဖြစ်သွားစေတဲ့ အဝိဇ္ဇာတို့၊ တဏှာရမ္မက်ဆိုးတို့၊ အစွဲဥပါဒါန်တို့ကို ပယ်စွန့်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းဟောညွှန်တဲ့တရားဟာ လောကပျက်သုဉ်း ရေးကို ဦးတည်သလား၊ လောကကြီးငြိမ်းအေးရေးကို ဦးတည် သလားဆိုတာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများတောင် နားလည်ကြပါတယ်။


     ၂၀ဝ၉ - ခု၊ စက်တင်ဘာ(၁၂)ရက်နေ့စွဲနဲ့ “ဆစ်ခ်အတွေးအခေါ်နက်ဝပ်” မှာ အမန်ဆင်း(Aman Singh) ဆိုတဲ့ပုဂ္ဂိုလ် (ဟားဗတ်တက္ကသိုလ်က ပါမောက္ခဒေါက်တာတစ်ဦးလို့ သိရပါတယ်)က ရေးသား တင်ပြတဲ့အထဲမှာ “ဂျီနီဗာအခြေစိုက် ဘာသာရေးနှင့် ယုံကြည်သက်ဝင်မှု တိုးတက်ရေး နိုင်ငံတကာ စုပေါင်းမဟာမိတ်အဖွဲ့(ICARUS) က ဗုဒ္ဓဘာသာကို အကြမ်း မဖက်ရေးနဲ့ အဟိံသတရား ထင်ရှားပျံ့နှံ့ လာစေရေးအတွက် အထောက် အကူ အပြုနိုင်ဆုံးဖြစ် လို့ “ကမ္ဘာ့ အကောင်းဆုံးဘာသာရေး” ( Best Religion in the World Award) ကို ပေးခဲ့တယ်။


   ဒီဆုကို ဘာသာရေးနယ်ပယ်အသီးသီးက (ဗုဒ္ဓဘာသာခေါင်းဆောင်အနည်းငယ်သာပါတဲ့) ဘာသာရေးခေါင်းဆောင်(၂၀ဝ)ကျော် တက်ရောက် ဆွေးနွေးပြီး မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီဆု ရွေးချယ်မှုနဲ့ပတ်သက်လို့ “အိုင်စီအေအာရ်ယူအက်(စ်)” ညွှန်ကြားရေးမှုး “ဟန့်စ်ဂရိုလီချင်” ရဲ့ မှတ်ချက်ကတော့ “စိတ်ဝင်စားစရာကောင်းတာက ရွေးချယ်ရမယ့်စံသတ်မှတ်ချက်များများ ချပြလိုက် တာနဲ့တစ်ပြိုင်နက် ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ရဲ့ဘာသာကို မရွေးချယ်ဘဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ။ ဗုဒ္ဓဘာသာဦးရေအနည်းငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကိုရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ်၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ်”တဲ့။


   အိုင်စီအေအာရ်ယူအက်စ်အဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ဂျွန်နာဟာတ် (jonna Hult)က ပြောတာကတော့ “ဗုဒ္ဓ ဘာသာက ကမ္ဘာမှာ အကောင်းဆုံးဘာသာရေးဆုကို ရတာဟာ ဆန်းတော့မဆန်းပါဘူး၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ရယ်လို့ ဘယ်လို သာဓကတစ်ခုမှ ရှာမရနိုင်ကြခြင်းကြောင့်ပါ။ စစ်ထဲလိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တစ်ဦးဦးကိုတွေ့ရဖို့ဆိုတာ ရှာမှရှားပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ယှဉ်လို့မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်”တဲ့။


   ဒီဆုရွေးချယ်ရတာနဲ့ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့က ကက်သလစ် ဘုန်းတော် ကြီး “တက်အိုရှောင်နက်ဆီ” ပြောတာကတော့- “ကျွန်တော်က ကက်သလစ်ဂိုဏ်းတော်ကို ချစ်ကြည်ညိုပါ တယ်။ ဒါပေမယ့် ကျမ်းစာတွေထဲမှာ မေတ္တာထားကြဖို့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ကျတော့ အလိုတော်အတိုင်း ပြုရတယ်ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန်စိတ်ရှုပ်စေပါတယ်။ ဒါကြောင့်လဲ ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ”တဲ့။



   ပါကစ္စတန်မှာရှိတဲ့ ဘာသာရေးဆရာ “တာလ်ဘင်ဝါဆတ်” ကလည်း “ဒေါသအမျက်တွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ အတွက် ဗုဒ္ဓဘာသာက အဖြေရှာပြီးသားဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။ ဂျေရုဆလင်က ဂျူးဓမ္မဆရာ “ရှမြူယယ်ဝပ်ဆာစတိန်း” ကလဲ ”ပွင့်ပွင့်လင်းလင်း ဝန်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်ကိုးကွယ်တဲ့ဘာသာအရ ဝတ်ပြုဆုတောင်းမပြုမီမှာ နေ့တိုင်း ဝိပဿနာကမ္မဋ္ဌာန်း ထိုင်လာခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်နားလည်ပါတယ်”လို့ ပြောပါတယ်။


   ဒါတွေကို အထောက်သာဓကပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီးပျက်သုဉ်းရေးကို ဦးတည်နေတဲ့ဘာသာမဟုတ်ဘူး၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှုတွေကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာဖြစ်တယ်ဆိုတာ အခြားဘာသာ ဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ပါ။


(မူရင်းကို အပြည့်အစုံကြည့်လိုရင်တော့ (http://www.sikhphilosophy.net/) မှာ တစ်ကမ္ဘာလုံးအတွက် အမြဲလွှင့် တင်ထားပါတယ်။)

    ပြီးတော့ မေးခွန်းရှင်က “အရာရာကို “အပျက်” လို့ ရှုမှတ်ရမယ်ဆိုတာကရော လောကကြီးကို အဆိုးမြင်လွန်းရာ မကျပေဘူးလား”လို့ ဆက်မေးပါသေးတယ်။


   “အမှန်တရားတွေဆိုတာ မြတ်စွာဘုရားရှင်ကဟောလို့ တရားကလိုက်ဖြစ်ရတာ၊ လိုက်မှန်ရတာ မဟုတ်ပါဘူး၊ သူ့သဘောနဲ့သူ ဖြစ်နေ၊ မှန်နေတဲ့အရာကိုသာ ဘုရားရှင်က အမှန်အတိုင်းသိမြင်ပြီးဟောကြားရတာပါ။ ဖြစ်လာတဲ့အရာတိုင်းဟာ ပျက်ခြင်းသဘော ရှိတဲ့အတွက် အဲဒီသဘောအမှန်ကို သိအောင်ကြိုတင်ရှုမြင်ထားရမယ်လို့ ဟောတော်မူတာဖြစ်ပါတယ်။ ဒါကို “အဆိုးမြင်ဝါဒီ”လို့ ထင်မယ်ဆိုရင်တော့ ကမ္ဘာသိ ဟာသသရော်စကားလေး တစ်ခုကို စဉ်းစားစရာ အဖြစ် ပြောပြချင်ပါတယ်။


        “လောကကြီးမှာ အကောင်းမြင်ဝါဒီတွေက “လေယာဉ်ပျံ”ကို တီထွင်ကြတယ်။ အဆိုးမြင်ဝါဒီတွေက “လေထီး”ကို တီထွင်ကြတယ်”တဲ့။ လေယာဉ်ပျံဖြစ်အောင်လုပ်သူများက အကောင်းမြင် သမား၊ လေယာဉ်ပျက်ရင် ခုန်ချဖို့ လေထီးကို တီထွင်သူများကိုတော့ ပျက်ခြင်းကို ကြည့်တဲ့ အတွက် အဆိုးမြင်သမားလို့ သရော်လိုက်တာပါ။


  သရော်တဲ့စကားတစ်ခုအနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်။ အမှန်တရား တစ်ခုအဖြစ်နဲ့ဆိုရင်တော့ ဒီစကားကို ရယ်စရာသက် သက်လို့ သဘောမထားဘဲ အလေးအနက် စဉ်းစားကြမှာပါ။ တကယ်ဖြစ်စဉ်မှာ လေထီးတီထွင်သူက ရှုမြင်လို့ လေယာဉ်ဟာ ပျက်တတ်တဲ့ သဘောဖြစ်ရတာလား၊ လေယာဉ်က ပျက်တတ်တဲ့သဘောအမှန်တကယ်ရှိလို့ လေထီး တီထွင်သူက ရှုမြင်စဉ်းစား မိတာလားဆိုတဲ့ အချက်ပါ။

   အစိတ်အပိုင်းပေါင်းများစွာနဲ့ တည်ဆောက် ထားတဲ့ လေယာဉ်တစ်ခုဟာ ကောင်းကင် ဟင်းလင်းပြင်မှာ လေထုကို ရင်ဆိုင် တိုးဝှေ့သွားရတဲ့အတွက် ပျက်တတ်တဲ့သဘောကသာ အမှန်ရှိတာပါ။ အကြောင်းမညီညွတ်တဲ့အခါ လေယာဉ်ဟာ သူ့အကြောင်းနဲ့သူသာ ပျက်တာပါ။ ဒီပျက်တတ်တဲ့သဘောအမှန်ကို လေထီးတီထွင်သူက အမှန်အတိုင်းရှုမြင်ပြီး ဒီလိုအန္တရာယ်ကြုံတဲ့အခါ ဒုက္ခက လွတ်ကြောင်းအတွက် လေထီးကို တီထွင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။


    ဒါဆိုရင် လေထီးတည်ထွင်သူဟာ အဆိုးမြင်သမားမဟုတ်ပါဘူး၊ အမှန်မြင်သမားသာ ဖြစ်ပါတယ်။ ဒီအမှန်မြင်မှုကို အခြေခံပြီး သူတီထွင်လိုက်တဲ့ လေထီးဆိုတာ လည်း လေယာဉ်မောင်း သူ လေယာဉ်စီးသူတို့အတွက် အပျက်ကိုဦးတည်ပေးတာ မဟုတ်ဘဲ ဘေးအန္တရာယ် ကင်းလွတ်ရာကိုသာ ဦးတည်ပေးပါတယ်။ ဒါကြောင့်လည်း စစ်တိုက်လေယာဉ်များအပါအဝင် လေယာဉ်တိုင်းဟာ လေထီးကို တလေးတစား အားကိုးအားထားပြုနေကြတာဖြစ်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။


    ဒါဆိုရင် မြတ်စွာဘုရားရှင် ရှုမြင်ထောက်ပြတဲ့ “သင်္ခါရတရားမှန်သမျှဖြစ်ပြီး ပျက်တတ်တယ်” ဆိုတဲ့ အချက်ဟာလည်း ဘုရားရှင်က ရှုမြင်ထောက်ပြဟောကြားလို့ သင်္ခါရတရားတွေက ဖြစ်ပြီးပျက်သွားတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအမှန် ကြောင့်သာ ဘုရားရှင်က ရှုမြင်ဟောကြားရတာဖြစ်တယ်။ ဒီလိုရှုမြင်ဟောကြားတဲ့အတိုင်း အမှန်ကို သိရှိ လက်ခံနိုင်အောင် လေ့လာပွားများ ရှုမြင်ကြသူများဟာလဲ ဒီအမှန်တရားကို ရှုမြင်တဲ့အတွက် ပျက်စီးမှုကို ဦးတည်မသွားပါဘူး၊ လွတ်မြောက်အေးချမ်းမှုဆီကိုသာ ဦးတည်သွားပါတယ်။ ဒါကစာတွေ့နဲ့ မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်အောင် သိမြင်တဲ့အထိ ကြိုးစား ကြည့်သူများသာ နားလည်သဘောပေါက်နိုင်တဲ့ အဆင့်မြင့် အသိပညာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ ဝိပဿနာ ဥာဏ် ဆိုတာ ဒီအဆင့်မြင့် အသိဥာဏ်ကို ပြောတာပါပဲ။


    “ဒီလိုဆိုရင် သင်္ခါရတရားတွေမှန်သမျှ ဘာမှအသုံးမကျဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်မ သွားပေဘူးလား၊ အဲဒါဟာ အဆိုးမြင် ရာမကျဘူးလား” ဆိုတာကတော့ အတွေးလွန်ပြီး အသိပျောက် သွားတဲ့အတွက် သက်သက်အကြောက်ကြီးတဲ့ သံသယမေးခွန်းမျိုး ဖြစ်သွားပါပြီ။ လေထီးကို တီထွင်သူဟာ လေယာဉ်ကို ဘယ်သူမှ မစီးဖို့၊ အသုံးမပြုဖို့ တီထွင်တာမှ မဟုတ်ဘဲ၊ စီးဖို့၊ သုံးဖို့ တီထွင်ထားတဲ့ လေယာဉ်ကို စီးပါ၊ သုံးပါ။ စီးရင်း သုံးရင်း ပျက်မှုအန္တရာယ်နဲ့ ကြုံလာရင် လွတ်မြောက် အောင် အသုံးချဖို့အတွက်သာ လေထီးကို တီထွင်ခဲ့တာ မဟုတ်လား။


    မြတ်စွာဘုရားက သင်္ခါရတရားတို့ရဲ့ ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုဖို့ တိုက်တွန်းတာဟာလည်း ဒီသဘောပါပဲ။ သင်္ခါရတရား တို့ကို မသုံးရလို့ ပိတ်ပင်တာမဟုတ်ပါဘူး၊ အပျက်ဘေးနဲ့ကြုံရတဲ့အခါမှာ လွတ်မြောက်ဖို့အတွက်သာ တိုက်တွန်းခဲ့တာပါ။


    ဟုတ်ပါတယ်။ သင်္ခါရတရားတိုင်းမှာ အသုံးပြုလို့ရတဲ့ သာယာစရာ “အဿာဒ” သဘောလည်း ရှိတယ်၊ ပျက်စီးခြင်းဆိုတဲ့ အပြစ်မကင်းတဲ့ “အာဒီနဝ”သဘောလည်းရှိပါတယ်။ ပုထုဇဉ် အများစုက ပထမအချက်ကိုသာ မြင်တတ်လို့ “ကာမသုခလ္လိကာနု ယောဂ”လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ပိုင်ဆိုင်သာယာဖို့သာ ကြိုးစားတဲ့အစွန်းရောက်သွားကြပါတယ်။ တချို့ပုထုဇဉ် အနည်းစုက ဒုတိယအချက်ကိုသာ ရှုမြင်တတ်ကြတဲ့အတွက် သင်္ခါရတရားအားလုံးကို လုံးဝအသုံးမချဝံ့ကြဘဲ “အတ္တကိလမထာနု ယောဂ” လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲသလိုဖြစ် အောင် အားထုတ်မှုအစွန်း ရောက်သွားကြပါတယ်။ ဒါကြောင့်လည်း ဘုရား သာသနာတော်နဲ့ ကင်းတဲ့ သာသနာပကာလတွေမှာ လောကကြီး တစ်ခုလုံးဟာ အစွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ငြိပြီး ဒုက္ခနယ်ထဲက ရုန်းထွက် မရအောင် ဖြစ်နေကြရတာပါ။


    မြတ်စွာဘုရားရှင် တွေ့မြင်တဲ့ မြင်ထောင့်က အဲဒီအစွန်းနှစ်ပါးက လွတ်တဲ့ တတိယ မြင်ထောင့်ဖြစ်ပါတယ်။ သင်္ခါရအာရုံ တို့ကို လိုအပ်ချက်အတွက် သုံးရုံသာသုံးပြီး မစွဲလန်းဖို့ပါ။ သင်္ခါရတရားမှန်သမျှဟာ သုံးလည်းသုံး စွဲလည်းစွဲသူများက “ကာမသုခလ္လိက” အစွန်းနဲ့ငြိပြီး မလွတ်နိုင်ကြသူတွေဖြစ်ကြရတယ်။ မသုံးပေမယ့် စွဲနေကြသူတွေက “အတ္တကိလမထ”အစွန်းနဲ့ ငြိပြီး မလွတ်နိုင်ကြသူများ ဖြစ်ကြပါတယ်။



       လိုအပ်ချက်အတွက်သာ သတိရှိရှိ၊ အသိရှိရှိနဲ့ သုံးပြီး မစွဲလန်းသူများက အစွန်း နှစ်ပါးလုံးနဲ့ မငြိတဲ့အတွက် လွတ်ပါတယ်။ အဲဒါကို “နိဿရဏ”လို့ ခေါ်တာပါ။ ဒီလိုအသုံးချတတ်အောင် လေ့ကျင့်ပြီး ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း အစွန်းနှစ်ခုလုံး နှင့်မငြိတဲ့ “မဇ္ဈိမ ပဋိပဒါ” လမ်းစဉ်လို့ ခေါ်ပါတယ်။ “အလယ်လမ်း ကျင့်စဉ်”လို့ အရပ်စကားနဲ့ ပြောလေ့ရှိပါတယ်။ “တကယ်တော့ အစွန်းလွတ်လမ်းစဉ်”လို့ ဆိုမှ ပိုပြီး အဓိပ္ပာယ် တိကျပါလိမ့်မယ်။ နိဿရဏမြင်ထောင့်နဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ “ညောင်းသီး လည်းစား၊ မြှားသံလည်း နားထောင်”ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်နီးစပ်ပါတယ်။


     စနစ်တကျစဉ်းစားတွေးခေါ်တတ်သူများဖြစ်ဖို့အတွက် အထူးသတိပြုစေချင်တာကတော့ - လောကမှာ “အကောင်းမြင်”တို့ “အဆိုးမြင်”တို့ ဆိုတာ “အမှန်မြင်” မဟုတ်ပါဘူး၊ အမှန်မြင်မဟုတ်တဲ့ အမြင်ဟူသမျှဟာ အမှားမြင်ချင်းအတူတူပါပဲ။


        ဒါနဲ့ပတ်သက်ပြီး ပညာရှင်တို့ ထုတ်ပြလေ့ရှိတဲ့ ဥပမာကတော့ -
   ပထမသမားတော်တစ်ဦးက လူနာကိုကြည့်ပြီး “ဘာရောဂါမှ ထွေထွေထူးထူး မရှိဘူး၊ ဆေးကုဆေးစားပြုလုပ်ရန် မလိုဘူး”လို့ ပြောပြီး လူနာကို နှစ်သိမ့်စကားပြောတယ်။


    ဒုတိယသမားတော်တစ်ဦးက “ရောဂါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေရောက်နေ ပြီ ဆေးကုဆေးစားလုပ်လဲ ဘာမှမျှော်လင့် ချက်မရှိတော့ဘူး”လို့ ပြောတယ်။


   ပထမသမားတော်က အကောင်းမြင်သမား၊ ဒုတိယသမားတော်က အဆိုးမြင်သမား။ အမြင်ချင်းကွဲပြားပေမယ့် လူနာအတွက် ကြောက်စရာကောင်းတာချင်းကတော့ အတူတူပါပဲ။ ဒီသမားနှစ်မျိုးလုံးကို ရှောင်ရပါမယ်။

 တတိယသမားတော်ကတော့ ရောဂါရဲ့သဘောလက္ခဏာ၊ ရောဂါဖြစ်ရခြင်းအကြောင်းရင်း၊ ရောဂါပျောက်ကင်းနိုင်ပုံနဲ့ ရောဂါ ပျောက်စေမည့် ဆေးဝါးနည်းလမ်းတို့ကို စနစ်တကျ မှန်မှန်ကန်ကန် သိမြင်ပြီး ပျောက်ကင်းအောင် ကုသပေးတယ်။ လူနာအတွက် အားကိုးရာအစစ်ဖြစ်တဲ့ အမှန်မြင်သမားတော် စစ်စစ်ဖြစ်ပါတယ်။


ဒီအမြင်သုံးမျိုးရဲ့ ခြားနားချက်ကတော့ -
  အကောင်းမြင်သမားတွေက ကာမသုခလ္လိကအစွန်းရောက်တယ်။ အဆိုးမြင်သမားတွေက အတ္တကိလမထအစွန်းရောက်တယ်။
   အမှန်မြင်သမားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက်တယ်။ ရောဂါကို ထုတ်ဖော်ပြောပြပြီး “ဆေးကုဆေးစားမှ ဖြစ်မယ်”လို့ ပြောတာကိုပဲ “အဆိုးမြင်လွန်းတယ်”လို့ ထင်ရင်တော့ “ဥုံဖွ” ဆရာနဲ့ နာတာရှည်ပဲ ဖြစ်နေကြပေရော့”လို့သာ ပြောရပါ လိမ့်မယ်။



    “ဖြစ်ပျက်လို့ ရှုမြင်တာနဲ့ နိဿရဏသဘောနဲ့ ဘယ်လိုဆက်စပ်မလဲ” ဆိုတာကတော့ “ပျက်မယ်”ဆိုတာကို တကယ်တမ်း သိရင် “ဖက်တွယ်”မထားတော့ဘူး၊ ဖက်တွယ်မထားတော့ မငြိဘူး၊ မငြိတော့ လွတ်တယ်၊ အဲဒီလို ဆက်စပ်သွားပါတယ်။


     မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဆိုတာ စိတ်ကူးနဲ့ ကြံဆရုံလောက်နဲ့ သဘောပေါက်လို့မရတဲ့ “အတက္ကာဝစရ”တရားတွေ ဖြစ်ပါတယ်။ ကြံစည်စိတ်ကူးမိတိုင်း သံသယတွေသာ ပွားပြီး အဖြေမှန်ထွက်မလာပါဘူး။ ဒါကြောင့် မေးခွန်းတွေနဲ့ချည်း အချိန်ဖြုန်း မနေပါနဲ့။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိမျက်မှောက် ခံစားနိုင်မှာဖြစ်လို့ လက်တွေ့ကျင့်ကြံ အားထုတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။



      “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” ဆိုတဲ့ စကားကို လက်ကိုင် ထားတယ်ဆိုရင်တော့ လူငယ်ယဉ်ကျေးမှုသင်တန်းတွေမှာ ပြောနေကြအတိုင်း “ဘယ်ကျောင်း တော်မှာ ဘယ်လိုစာ မောင် သင်မတုန်း” ဆိုတာ ကိုယ်ဟာကိုယ်သာ ဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလို ပါတယ်။


                                                                          ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)



မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ်
ကူးယူဖော်ပြသည်။
 ကူးယူဖော်ပြသည်။


13/01/2012

ခုနှစ်ရက် ကုသိုလ်ခရီး

1. စီးဆင်း ရင်ခွင် | 1/13/2012 | Best Blogger Tips


      နယူးဒေလီ တက္ကသိုလ် တွင် ပညာသင်ကြားနေကြသော ဥူးဝိဇယာဘိဝံသ၊ ဥူးနေမိန္ဒ၊ ဥူးပညာဇောတ၊ ဥူးအာလောက ညီနောင် သံဃာ ( ၄ ) ပါးနှင့် အတူ သံဝေဇနိယ လေးဌာနသို့ ဘုရားဖူး တစ်ခေါက် ရောက်ဖြစ်ခဲ့သည်။ ခရီးစဉ်မှာ ( ရ ) ရက် ဖြစ်ပြီး ဗာရာဏသီမှ invova ကားတစ်စီးကို ငှါးရမ်းကာ ( ၂၉၊ ၁၂။ ၂၀၁၁) နေ့တွင် ခရီးစတင်ဖြစ်ခဲ့သည်။ 
     ဗုဒ္ဓဂယာကို ဦးစွာ ၀င်ရောက်ဖူးမျှော်ကြသည်။ ဗုဒ္ဓဂယာတွင် ဘုရားဖူး တိဗက်လူမျိုးများ များပြားလှသဖြင့် ဘုရားရှေ့လမ်းအထိ ကားသွားရန် ခွင့်မပြုပေ။ ထိုကြောင့် မဟာဗောဓိ ဘုရားနှင့် အတော် လှမ်းသေးသော ညီးမတိဗက်တန် ကျောင်းအနီး ကားပါကင်တွင် ကားထားကာ ဆိုက်ကားဖြင့် သွားကြရသည်။ ဘုရားဝန်းထဲတွင် မကြုံစဖူး ဘုရားဖူးများစွာ ပြည့်နက်နေ၏။ ၀ပ်ချရန် နေရာပင် ခက်ခဲလှပေတော့၏။ ဇန်န၀ါရီလ ( ၃ ) ရက်နေ့တွင် တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ဗုဒ္ဓဂယာသို့ နောက်ဆုံးအခေါက် ဖူးမျှော်လာရောက်ကာ တရားဟောကြားမည်။ ထိုကြောင့် ဘုန်းတော်ကြီးကိုလဲ တစ်ခါတည်း ဖူးမြင်ရန် တိဗက်လူမျိုး (၁၀ ) သိန်းခန့် ဗုဒ္ဓဂယာသို့ လာရောက်နေကြသည်ဟု ကြားသိရသည်။ နေရာမရကြသော တိဗက်များရွတ်ဖျဉ်တဲ များဖြင့် နေကြသည်ကိုလည်း မြင်ခဲ့ရသည်။


    (၃၀၊၁၂၊၂၀၁၁) နေ့တွင် ရာဇဂြိုဟ် နာလန္ဒာဘက်သို့ သွားရောက်ကြသည်။ ဂယာမှာကဲ့သို့ တိဗက်ဘုရားဖူးများ များပြားသဖြင့် အချိန်တော့ ပေးရသည်။ အရှင်အာနန္ဒာ နှင့် အရှင်ပညာဒီပ တို့က နေ့ဆွမ်း စီစဉ်လှူဒါန်းသဖြင့် နာလန္ဒာတွင် နေ့ဆွမ်းစားကြသည်။ ပတ္တနားမြို့၊ မြန်မာကျောင်းတွင် ညကျိန်းကြသည်။ တည်းခိုကြသော ဘုရားဖူးအဖွဲ့ တို့နှင့် မဆုံသဖြင့် တည်းရသည်မှာ အဆင်ပြေသည်။ ယင်းကျောင်းနေ အရှင်ပညာလောက က အဆင်ပြေစေရန် အထူးကူညီပေးသည်။

                                                 ကေသရိယ စေတီတော်
  (၃၁၊၁၂၊၂၀၁၁) နေ့တွင် ကုသိနာရုံဘက်သို့ ခရီးဆက်သည်။ လမ်းအကြား တွင် ဝေသာလီ နှင့် ကေသရိယ ( ကာလာမသုတ်) စေတီတော်တို့ကို ၀င်ရောက် ဖူးခဲ့ကြသည်။ ကုသိနာရုံ ၊ တရုတ်ကျောင်းတွင် တည်းခိုသည်။ နှစ်ခန်းအတွက် ရှုပီး ( ၁၄၀၀ ) ပေးရသည်။ ယင်းနေ့သည် ၂၀၁၁ ခုနှစ်၏ နောက်ဆုံးရက်ဖြစ်၍ မြတ်ဗုဒ္ဓ မဟာ ပရိနိဗ္ဗာန်ပြုရာ အရပ်တွင် ၂၀၁၂ ခုနှစ် နှစ်သစ်ကို ကြိုဆိုခဲ့ရသည်။
            (၀၁၊ ၀၁၊ ၂၀၁၂) နေ့တွင် လုမ္ဗိနီသို့ ခရီးဆက်ကြသည်။ နှစ်ဆန်းတစ်ရက်နေ့ဖြစ်၍ လူငယ်များတွင် အသဲပုံ ပူစီဖောင်းအနီလေးများ ကိုင်ထားကြပြီး လမ်းဘေးဝဲယာ တစ်လျှောက် အိမ်တစ်ချို့နှင့် ကားတို့တွင် ပူစီဖောင်းများ ချိတ်ဆွဲထားကြသည်။ နီပေါဂိတ်တွင် ကားများ၊ ဆိုင်ကယ်များ ပိတ်နေသဖြင့် ဖြတ်ကျော်ရန် (၂ ) နာရီခွဲခန့် စောင့်ခဲ့ရသည်။ မိုးကလဲ ဖွဲဖွဲလေး ကျနေသည်။
      နီပေါတွင် နယ်စပ်အနီးက ဘူတိုးလ်မြို့၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓပရိယတ္တိ ဥဒယ၀ိဟာရ တွင် တည်းခိုကြသည်။ ရဟန်းတော် ၅ပါး၊ ကိုရင် ၁၆ပါး၊ သီလရှင် ၅-ပါးတို့ သီတင်းသုံး ပညာသင်ကြားနေကြပြီး ဆရာတော်ဥူးဇဋိလ တည်ထောင်အုပ်ချုပ်သည့် ကျောင်းတိုက်ဖြစ်သည်။ အရှင်စရဏာလင်္ကာရ ၏ ဆရာဘုန်းကြီးကျောင်းလဲ ဖြစ်၏။ သူက ကြိုတင်မှာထားသဖြင့် နေ့ဆွမ်းအတွက် အသင့်စီမံထား၏။ ဘူတိုးလ်မြို့သည် မြန်မာနိုင်ငံမှ တောင်ကြီး မြို့ ကဲ့သို့ တော်ပေါ်မြေပြန့် မြို့ဖြစ်ပြီး သာယာ သန့်ရှင်းလှ၏။ နှစ်ထပ်တိုက် သုံးထပ်တိုက် များ ဆောက်လုပ်ကြပြီး ခြံဝန်းကျယ်ကျယ်ဖြင့်နေထိုင် ကြသည်။ စိမ်းညို့သော တောင်တန်း နောက်ခံရှုခင်း၊ ကာလာ ရောင်စုံတိုက်တို့ဖြင့် မြင်ရသည်မှာ မျက်စိ ပသာဒ ဖြစ်ရသည်။ အိမ်ပုံစံ တည်ဆောက်မှု၊ သန့်ရှင်းမှုတို့မှာ အိန္ဒိယ နိုင်ငံနှင့် တစ်ခြားစီဖြစ်နေ၏။ နီးပေမဲ့ မတူကြပေ။

                                     ဘူတိုးလ်မြို့၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓပရိယတ္တိ ဥဒယ၀ိဟာရ
   နေ့ဆွမ်းစား ခဏနားပြီးတွင် ဘုရားဖူးသွားရောက်ကြသည်။ အရှင်စရဏ၏ ညီ မောင်အောင်လွင် ကလိုက်ပါပို့ဆောင်ပေးသည်။မြို့ပတ်လမ်း ပတ်ကာ လေ့လာကြပြီး ကပိလ၀တ်မြို့သို့ သွား ရောက် ကြသည်။ တောလမ်းခရီးကြားတွင် ကြီးမားလှသော အင်းကြင်းတောကြီးကို နာရီ ၀က်ကျော်ကြာ ဖြတ်ခဲ့ရသည်။ အင်ကြင်းတောကြီးက ကြီးကျယ်နက်ရှိုင်းလှသဖြင့် လုမ္ဗိနီသာမော အင်းကြင်းတော ဟူသည် ယင်းကဲ့သို့ တောကြီးဖြစ်မည်ဟု မှန်းဆ ဆင်ခြင် မိသည်။ လမ်းမှားခဲ့သဖြင့် ကပိလ၀တ်ရောက်ရန် အချိန် အတန်ကြာ မောင်းနှင်ခဲ့ရသည်။
  ညနေခြောက်နာရီခွဲမှ ဘုရားလောင်းမွေးဖွားရာ လုမ္ဗိနီသို့ ရောက်ရှိသည်။ လုမ္ဗိနီရောက်တော့ မှောင်မိုက်နေပြီး မိုးကလဲ တဖွဲဖွဲ ရွာနေ၏။ ဘုရားဝန်းပိတ်ပြီး ဖြစ်၍ အစောင့်ရဲကို မေတ္တာရပ်ခံကာ ၀င်ရောက်ဖူးမျှော်ရသည်။ မိုးကလဲ ရွာ မှောင်လဲ မှောင်နေ သဖြင့် ဓာတ်ပုံမှတ်တမ်း ကောင်းစွာ မရရှိခဲ့ပေ။ ည ၈-နာရီ ထိုးခါနီးမှ တည်းခိုရာ ကျောင်းသို့ ပြန်ရောက်သည်။ ထိုကျောင်းတွင် အမြဲသီတင်းသုံးသော အရှင်ပညာနန္ဒ၊ မြန်မာနိုင်ငံတွင် ပညာသင်ယူလျှက်ရှိသော နီပေါသား အရှင်အာနန္ဒ တို့နှင့် စကားလက်ဆုံ ပြောဖြစ်ခဲ့သည်။
   (၀၂၊ ၀၁၊ ၂၀၁၂)နေ့တွင် နီပေါမှ အိန္ဒိယနိုင်ငံ သာဝတ္ထိမြို့သို့ ဆက်ကြသည်။ နေ့ဆွမ်းအတွက် အရှင်စရဏက စီစဉ်ပေးသည်။ ၁၂ နာရီခွဲလောက်တွင် သာဝတ္ထိ မြန်မာကျောင်းသို့ ရောက်ရှိသည်။
မြန်မာကျောင်းတွင် ခေတ္တသီတင်းသုံးနေသော အရှင်ဝေပုလ္လက လိုသေးသည်မရှိအောင် ကူညီစီစဉ်ပေးသည်။ ကဏ္ဍမ္ဗသရက်ဖြူကုန်း၊ ဇေတ၀န်ကျောင်း၊ အာနန္ဒာဗောဓိပင် တိုကို ဖူးခဲ့ကြသည်။ မဟာမွန်ဂို ထိုင်းကျောင်းကြီးကိုလည်း ၀င်ရောက်လေ့လာဖြစ်သည်။ ကျောင်းဝန်းကြီးမှာ ကျယ်ဝန်းသန့်ရှင်းလှပြီး ကျောင်းတိုက် အလယ်ရှိ ထိုင်တော်မူ ရုပ်ပွားတော်ကြီးမှာ ကြည်ညိုစရာကောင်းလှပေသည်။ ကျောင်းဆောင်ကြီးတို့ကလည်း ကြီးမားလွန်းလှသည်။ ထိုင်းအနုပညာ များဖြင့် တန်ဆာဆင်ထားသည်။ ယင်းကျောင်းတိုက် စီမံကိန်းကြီးတွင် လုပ်အားပေးနေ ကြသော မြန်မာလူငယ်များနှင့် တွေ့ခဲ့ရသည်။ သူတို့ ပြေပြသဖြင့် မြန်မာ အလုပ်သမား ( ဂ၆ ) ယောက် ရှိသည်ဟု သိခဲ့ရသည်။
    သာဝတ္ထိဆရာတော်က စားစရာများနှင့်သင်္ကန်းများ လိုအပ်သလောက် အလှူခံသွားကြရန် စွန့်ကြဲသည်။ မိမိတို့ လေးပါးက သင်္ကန်းအကောင်းစား တစ်စုံစီ အလှူခံခဲ့ကြပြီး စားစရာတို့ကိုလဲ ယူဖြစ်ခဲ့သည်။ ဆရာတော်မှ မိမိအား သီသန့် န၀ကမ္မ ရှုပီးနှစ်ထောင်လှူလိုက်သေးသည်။
     (၃၊ ၀၁၊ ၂၀၁၂) နေ့တွင် ဗာရာဏသီသို့ ဆက်ကြသည်။ ဗာရာဏသီ တက္ကသိုလ် ရှိ ကျွန်ုပ်နေထိုင်ရာ နိုင်ငံခြား ကျောင်းသားဆောင်တွင် တည်းခိုသည်။ အေးဆေးစွာ အနားယူကြပြီး ညနေပိုင်း ဂင်္ဂါမြစ်သို့ သွားရောက်ကြသည်။
    ( ၄ ၊ ၀၁ ၊၂၀၁၂) နေ့ မနက်ပိုင်းတွင် ဓမ္မစကြာတရားဟောကြားရာနေရာမြတ်ကို သွားရောက်ဖူးမျှော်ကြသည်။ စမ္မစကြာသုတ်တော်ကိုလည်း ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ညနေပိုင်းတွင် ရာမနာဂရ် ပြတိုက်နှင့် ဗာရာဏသီဈေးတို့ကို လေ့လာခဲ့ကြသည်။
    ညနေခင်း ၆-နာရီကျော်တွင် ခရီးစဉ် ပြီးဆုံးသည်။ ငှားထားသော ကားမှာ (၂၁၀၀၀) ရှုပီးဖြစ်ပြီး နီပေါတွင် ကီလိုမီတာ ( ၁၈၀ ) ပိုသဖြင့် တစ်ထောင် ပိုပေးခဲ့ရသည်။ ဘုရားဖူးခရီးစဉ် တစ်လျှောက်နေရာတိုင်းတွင် အစစအရာရာ အဆင်ပြေခဲ့သည်။ သံဃာများသီးသန့် သွားသော ဘုရားဖူးခရီးဖြစ်၍ သံဃာဘုန်းကံ ကြောင့်လည်း ဖြစ်ပေမည်။ ကျွန်ုပ်တို့၏ ရ-ရက်သာ ဘုရားဖူးခရီးကား ကုသိုလ်များစွာ ရရှိခဲ့ပေသည်။ 
                   သိမ်မွေ့ဦး ( BHU )

10/01/2012

အဝေးက နီးကြသူတွေ

1. စီးဆင်း ရင်ခွင် | 1/10/2012 | 2. 3. 4. 5. 6. Best Blogger Tips


    နေရာသစ်လေးတစ်နေရာ အတန်အသင့် အခြေခိုင်ဖို့ ကြိုးစားတည်ဆောက်နေတဲ့ကိုယ့်ကို အနီးအဝေးက အားပေးကူညီကြတယ်။ ဒါဟာဖြင့် ပုဂ္ဂိုလ်ရေးအနေနဲ့ပဲကြည့်ကြည့်၊ ဒီထက်ခန့်ညား တဲ့စကားကို ယူသုံးရမယ်ဆိုရင်ဖြင့် သာသနာရေးရှုထောင့်ကပဲကြည့်ကြည့် ကျေးဇူးတင် ဝမ်းမြောက် စရာချည်းပါပဲ။
  ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင်လို့ လေးစားခင်မင်မှုနဲ့ ထောက်ပံ့တယ်ဆိုလျင်တောင် သာသနာကိုအမှီပြုပြီး နေထိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့ နေ့စဉ် ဘဝလှုပ်ရှားမှုများဟာ သာသနာအတွက်သာ ဦးတည်ထားတယ်ဆိုတာ ကာယကံရှင်ကိုယ်ကိုယ်တိုင်ကတော့ အသိဆုံးပါပဲ။ သာသနာဆိုတဲ့ အဆုံးအမ ကင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ဆိုတဲ့ လိုက်နာကျင့်ကြံသူ မရှိတဲ့ သာသနာပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က ချို့ယွင်းနေတယ်ဆိုလျင်ဖြင့် လှပတင့်တယ်နိုင်တော့မယ် မဟုတ်ပါဘူး။ ပြည့်စုံလှပတဲ့အရာ တစ်ခုဖြစ်ဖို့ဆိုလျင်ဖြင့် မှီရာသာသနာကိုလည်း လိုက်နာဖြည့်ကျင့်ပါမှ၊ သာသနာ တည်စေရာ ပုဂ္ဂိုလည်ကိုလည်း ဝိုင်းဝန်းကာဖြည့်တင်းကြကာမှ ဖြစ်မှာပါ။ ဒါကြောင့် ကူညီအားပေးသူတွေဆိုတာ သာသနာအတွက် အခရကျတဲ့ သူတွေချည်းပါပဲ။ 
  အနီးမှာ တွေ့နေရသူတွေကို အခါအားလျော်စွာ ဝမ်းမြောက်စကား ကျေးဇူးစကား ဆိုဖြစ်ပေမယ့် ဝေးဝေးကနေ အားပေးသူတွေအတွက် သီးသန့်ကျေးဇူးစကား မဆိုဖြစ်သေးဘူး။ ကိုယ့်အတွက်တော့ ဝေးပေမယ့် အဝေးနေ မဟုတ်သူတွေ၊ အဝေးက နီးကြသူတွေ တော်တော်များများ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ဝေးဝေကနေ အားပေးကြ တဲ့သူတွေအတွက် စာတစ်စောင်ရေး ကာ ကျေးဇူးစကားဆိုဖို့ စိတ်ကူးမိခဲ့တာ ကြာပြီ။
  ကျောင်းတက်နေစဉ်ကတော့ ကျောင်းစာတွေလုပ်ဖို့၊ ဆရာတွေ၊ အတန်းဖော်တွေ၊ ကျောင်း တာဝန်ရှိသူတွေနဲ့ ဆက်ဆံဖို့နဲ့ အခြားအခြား ကိစ္စများကြောင့် ကွန်ပြူတာရှေ့မှာ ထိုင်ဖြစ်တဲ့အချိန်က တော်တော်များခဲ့တယ်။ ဘယ် လောက်ပဲ မအားလပ်သည် ဖြစ်ပစေ၊ ကွန်ပြူတာနဲ့ အချိန်တော်တော်များများရှိနေတော့ စာရေးချင်စိတ်ပေါက်လာ ရင် ရေးချင်တဲ့ အကြောင်းအရာကို ကောက်ကာငင်ကာ အလွယ်တကူရေးဖြစ်တယ်။ ဒါကြောင့် မကြာမကြာ စာရေးဖြစ်ခဲ့တယ်။
  ကျောင်းပြီးသွားတော့ ကွန်ပြူတာနဲ့အထိအတွေ့က အရင်လောက် မများတော့ဘူး။ အလွယ်တကူ ရေးချင်တာ ရေး၊ ရိုက်ချင်တာ ရိုက်နိုင်အောင် ကွန်ပြူတာကို တချိန်လုံး ဖွင့်ထားတာတောင် ကီးဘုဒ်ကို လက်နဲ့တို့မိတဲ့ အချိန်က သိသိသာသာ နည်းလာတယ်။ ရေးမယ်လို့ စိတ်ကူးပေါ်လာ တတ်တဲ့ အကြောင်းအရာတွေကတော့ မနည်းမနော။ သို့ပေမယ့် ရေးဖြစ်တဲ့အထိ ရောက်မလာတတ်ဘူး။
  ကိုယ့်စာတွေ မဖတ်ရတာကြာနေလို့ ပရိတ်သတ်တော်တော်များများ ကတော့ နေရာ သစ်အတွက် ကြောင့်ကြ စိုက်နေရတာနဲ့ အချိန်မရလို့ စာမရေးနိုင်ဖြစ်နေပြီ လားလို့ မေးတတ်ကြတယ်။ ကျောင်းထောင်ကျနေပြီလားလို့ လည်း စတတ်ကြတယ်။
  တကယ်တော့ စာမရေးဖြစ်တာက မအားလပ်လို့ မဟုတ်ပါဘူး။ ဟိုအလျင်က စာတွေအဆက်မပြတ် ရေးနေ တတ်တုံးကလည်း အားလို့ ရေးဖြစ်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ့်စရိုက်က အားနေချိန်မှာထက် မအားလပ်တဲ့အချိန်များမှာသာ ရှားပါးတဲ့အချိန်ထဲက ကုတ်ကတ်ပြီး ရေးတတ်လေ့ရှိခဲ့တာပါ။ ခုတော့ အချိန် များများ အားနေတတ် ပါတယ်။ ရေးမယ်ဆိုလျင် ရေးဖို့ အချိန်တွေက အများကြီး။ သို့ပေမယ့် ပြောခဲ့သလို ကွန် ပြူတာရှေ့ထိုင်ချိန်က နည်းနေလို့ မရေးဖြစ်ခဲ့တာပါ။
  ဒီနေ့တော့ ဖေ့စ်ဘွတ်မှာ တွေ့ရတဲ့ ကာတွန်းလေးက စာရေးဖြစ်အောင် တိုက်တွန်းသလိုဖြစ်နေလို့ စလိုက်ပြီ။ ဘယ်တော့ ဒီစာ ဆုံးမလဲ ဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ခုလိုပဲ စစပြီး အဆုံးမသတ်ခဲ့စာတွေက များခဲ့လှပြီ လေ။ ပြောရရင် ပြီးဆုံးအောင်ရေးခဲ့တဲ့စာနဲ့ တစ်ပိုင်းတန်းလန်း အဆုံးမသတ်နိုင်ခဲ့တဲ့စာ ယှဉ်ကြည့်မယ်ဆိုလျင် အဆုံးမသတ်နိုင်ခဲ့တဲ့စာကတောင် ပိုများနေခဲ့တာ။ ဒီစာကိုတော့ ကျေးဇူးတော်များအခါတော်နေ့မှာ မှတ်မှတ်ရရ ကျေးဇူးစကားဆိုချင်တဲ့စိတ်က ပြီးဆုံးအောင် ဆွဲခေါ်သွားမယ်လို့ မျှော်လင့်မိပါရဲ့။

  “အကွာအဝေးဆိုတာ ကြောက်ဖို့မကောင်းပါဘူး။ ကြောက်ဖို့ကောင်းတာ က နှလုံးသားချင်း ဝေးသထက် ဝေး ဝေးသွားတာပါပဲ”-တဲ့။

  ဒီစာလေးဖတ်ရတော့ လောကထဲမှာ နီးပြီး ဝေးနေကြသူတွေ၊ ဝေးပေမယ့် နီးနေသူတွေ၊ ကိုယ်လည်းနီး စိတ် လည်း နီးကြသူတွေနဲ့ ကိုယ်လည်းဝေး စိတ်လည်းဝေးကြသူတွေဆိုပြီး ရှိနိုင်ကြောင်းကို စဉ်းစားမိတယ်။ နောက်ပြီး အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရဲ့ တရားခေါင်းစဉ်ဖြစ်တဲ့ ‘အနေဝေး ပေမယ့် အဝေးနေ မဟုတ်ပါ’ဆိုတဲ့ စကားကိုလည်း သွားသတိရမိပါတယ်။ တခါက ကြားနာခဲ့ရဖူးတဲ့ ဆရာတော်တစ်ပါးရဲ့ ‘တစ်ဦးနဲ့တစ်ဦး ချစ်ချစ် ခင်ခင် မေတ္တာစိတ်ထားရင် တစ်နေရာဆီ ဝေးနေလဲ အတူနေသလိုပဲ’ ဆိုတဲ့ လင်္ကာလေးကို ပြန်လည်အမှတ်ရ မိပါတယ်။


  တစ်အိမ်ထဲ တစ်ဆောင်ထဲ အတူတူနေနေပါလျက် တစ်ဦးနဲ့တစ်ဦး ဖေးမခြင်းလည်းမရှိ၊ စာနာခြင်းလည်းကင်း။ ရန်စောင်မာန်တင်းပြီး အမုန်းတရားတွေ ပွားနေတတ်တာမျိုးလည်း ရှိတတ်ကြတာပဲ မဟုတ်လား။ သူ့ကိုလည်း ကိုယ် မခင်။ ကိုယ့်ကိုယ်လည်း သူက မကြင်။ ကိုယ့်လည်း သူက မလေးစား။ ကိုယ်ကလည်း သူ့ကို အားမနာ။ အပြန်ပြန်အလှန်လှန် ညှာတာခြင်းတွေကင်းပြီး စစ်တလင်းမှာ တွေ့ကြတဲ့ ရန်သူတွေအလား သဘောထား တင်းကြတဲ့ သူတွေလည်း ရှိတတ်တာပဲလေ။ ဒီလို အနေမျိုးကတော့ ကိုယ်တွေဘယ်လောက်ပဲ နီးနေနီးနေ၊ စိတ်အချင်းချင်းက ဝေးလွန်းကြတာမို့ နီးလျက် ဝေးနေသူတွေလို့ ဆိုရမှာပေါ့။ သွေးအေးနေကြသူတွေလို့ ပြောရမှာပေါ့။ မနွေးထွေးပဲ အေးခဲတဲ့သွေးက နီးလျက်ဝေးနေ သူတွေအဖြစ် ရောက်နေကြသူတွေပါပဲ။ ကြောက်ဖို့ ကောင်းတဲ့ နှလုံးသားချင်း ဝေးဝေးသွားခြင်းတွေပေါ့။
  အပြန်အားဖြင့်တော့ ကံ အလှည့်မပေးလို့ ခပ်ဝေးဝေးမှာ နေကြရပေမယ့် သူ့လိုအင်ကိုယ်ကဖြည့်၊ ကိုယ့်လိုအင် သူက ကူ။ အပြန်ပြန်အလှန်လှန် ဖေးမကူညီစိတ်ထားပြီး လေးလေးစားစား ဆက်ဆံကာ နေထိုင်ကြသူများ လည်း ရှိကြတာပါပဲ။ အချို့သူများကြားမှာဆိုလျင် အချင်းချင်း မတွေ့မကြုံမဆုံကြဘူးတာတောင်မှ အပြန်ပြန် အလှန်လှန် ဖေးမကူညီကြတဲ့ မေတ္တာကာယကံ အမှု၊ မေတ္တာဝစီကံအမှုများရယ်ကြောင့် စိတ်အချင်း ချင်း အလွန် ရင်းနှီးပြီး မေတ္တာမနောကံတွေ ထုံမွှန်းပွားများနေတာမျိုးလည်း ရှိကြတာပါပဲ။ မအေးပဲ နွေးထွေးနေကြတဲ့ သွေးတွေကြောင့် ဝေးပေမယ့် နီးနေကြတဲ့သူတွေပေါ့။ အနေဝေးပေမယ့် အဝေးနေမဟုတ်ကြတဲ့သူတွေပါပဲ။
  ကိုယ်ချင်းလည်း နီးနီး၊ စိတ်ချင်းလည်း မကွာ။ တစ်ဦးကိုတစ်ဦး ချစ်ခင်စိတ်ထားများနဲ့ ကြည့်ရှုကာ နို့နဲ့ရေ ရော ထားသလို ခွဲခြားမရနိုင်တဲ့ အနေမျိုးနဲ့ နေကြတဲ့ အားကျဖွယ် စံပြုဖွယ် နေုထိုင်ကြသူတွေလည်း ရှိကြတာပါပဲ။ ခန္ဓာကိုယ်ချင်းသာ ကွဲပြားပေမယ့် စိတ်ကတော့ တစ်သားတည်းဖြစ်နေသူတွေပေါ့။
  ရှည်လျားလှတဲ့ သံသရာထဲမှာ အခိုက်အတန့် ဘဝတစ်ခုအနေနဲ့ အဖေ အမေ၊ ညီအကို မောင်နှမ၊ ဆွေမျိုးသား ချင်း၊ ဆရာတပည့်၊ မိတ်ဆွေသူငယ်ချင်းစသဖြင့် တော်စပ်ကြရ ခင်မင်သိကျွမ်းခွင့်ရကြရတာ။ ရာစုနှစ် တစ်ခုမျှ တောင် မကြာလိုက်တဲ့ အချိန်လေး။ သူ ဘယ်ဆီက လာခဲ့တာ ကိုယ်မသိနိုင်သလို ကိုယ်ဘယ်ဆီက လာခဲ့ တယ်ဆိုတာကိုလည်း သူကသိနိုင်တာမျိုး မဟုတ်ဘူး။ နောက်ပြီးတော့ သူလည်း ဘယ်ဘဝ ဘယ်ခရီး ဘယ် လိုဆက်မယ် မသိနိုင်သလို ကိုယ်လည်းဘယ်ဆီဘယ်ဝယ် ခရီးဆက်မယ်ဆိုတာ မသိနိုင်ဘူးလေ။ သံသရာထဲ မှာ ဒါဟာ တစ်ခါတည်းသာ ဆုံကြတာမျိုးလည်း ဖြစ်နိုင်တာမျိုး။
    သူနဲ့ကိုယ်အကြား အမုန်းမကင်းတဲ့ အလုပ်အပြောတစ်ခုခုကြောင့် မပေးမဆပ်နိုင်လိုက်တဲ့ အညိုးအကြွေး အာဃာတ တစ်ခုတလေများ သူသယ်ဆောင်သွားရလျင်လည်း သူ့အတွက် မကောင်းသလို ကိုယ့်နောက်ပါလာ မယ်ဆိုလျင်လည်း ကိုယ့်အတွက် သက်သာလှမယ် မဟုတ်ပါဘူး။

  ရှေးရှေးက အတူပြုခဲ့ကြဘူးတဲ့ အကြောင်းကံတစ်ခုခုကြောင့်သာ ခုဘဝမှာ လာရောက်ဆုံတွေ့ခွင့် ရကြတာ။ ကြုံကြဆုံကြဖို့ဆိုတာ ဘယ်ဖက်ကပဲ လှည့်စဉ်းစားစဉ်းစား လွယ်ကူလှတာတော့ မဟုတ်ဘူး။ အကြောင်းတိုက် ဆိုင်လို့ မိဘနဲ့သားသမီး၊ ဇနီနဲ့ခင်ပွန်းအဖြစ် လာရောက် ဆုံတွေ့ခွင့်ရှိကြတာတောင် ကံလေလွှင့်မှုကိုခံရလျင်ဖြင့် တနယ်တပြေဆီ ဝေးကွာလို့ နေနေကြရတာ။ သူဖျားလို့မှ ကိုယ်မကူနိုင်၊ ကိုယ်နာလို့မှ သူမကယ်နိုင်၊ သတင်း စကားလေး ကြားနိုင်ဖို့တောင် အတော်ခက်ခက်ခဲခဲဖြစ်ကြရတာမျိုးလည်း ရှိနိုင်တတ်တာမျိုးပါ။

ဒီလောက်ထိပင် တွေ့ဖို့ကြုံဖို့ အပြန်ပြန်အလှန်လှန် ဖေးမကူညီဖို့ ခက်လှတဲ့ ဘဝလေးတစ်ခုမှာ တွေ့ခိုက်ကြုံ ခိုက်လေး နီးလျက်ဝေးနေသူတွေ မဖြစ်ဖို့တော့ သိပ်အရေးကြီးလှပါတယ်။

ခဏကြုံ ဆုံတွဲလို့၊ ခွဲကြရ ဒို့သူငါ၊ များလှဘဝါ၊ လူ့ဘုံမှာ ကြုံလာရ ခုချိန်တွင်း၊ သူ့လိုအင် ငါကူလို့ ငါ့ကိုယ်ပင် သူကူလို့ စိတ်ထားဖြူ တူညီကြလျင်ဖြင့် ကောင်းလှဘိခြင်း ဆိုတဲ့ အရှင်သုန္ဒရ (ဘီအေ)ရဲ့ ကဗျာလေးလို တွေ့ ကြုံရတဲ့ ခဏတာအခိုက်လေးမှာ အပြန်ပြန် အလှန်လှန် ဖေးမ ကူညီကာ နေထိုင်လို့သွားကြမယ်ဆိုလျင်ဖြင့် ဟောဒီကမ္ဘာကြီးဟာ အလွန်မှပဲ နေပျော်ဖွယ်ရာ ကမ္ဘာကြီးဖြစ်လေမှာပါ။

  အခြေအနေ မပေးလို့ တွေ့ဆုံရန်အခက်အခဲကြောင့် ကိုယ်ခန္ဓာချင်း ခပ်ဝေးဝေးမှာ နေနေကြရပေမယ့် မအေး တဲ့သွေးရယ်ကြောင့် ဝေးပေမယ့် နီးနေတယ်လို့ပဲ ခံစားရလေအောင် စွမ်းဆောင်ကြသူတွေအတွက် ဒီနေ့လို Thanksgiving Day ဆိုတဲ့ ထူးခြားတဲ့ ‘ကျေးဇူးတော်များအခါတော်နေ့’ မှာ ဒီစာတိုလေးနဲ့ ကျေးဇူးစကား ဆို လိုက်ပါတယ်။ ခုလိုဆိုလိုက်တဲ့ ကျေးဇူးစကားဟာ ကိုယ်ချင်းလည်းနီး၊ စိတ်ချင်းလည်းနီးနေသူတွေအတွက်ပါ ရည်ရွယ်လေတယ်ဆိုတာကိုတော့ အထူးပြောနေဖို့တောင် လိုမယ်မထင်ပါဘူးလေ။ ။
                                               အရှင်ဥာဏိကာဘိဝံသ



မေတ္တာများဖြင့်

မေတ္တာဥယျာဉ်
မှ ကူးယူဖော်ပြသည်။ 

08/01/2012

ရင်ခွင်မဲ့ တမ်းခြင်း

1. စီးဆင်း ရင်ခွင် | 1/08/2012 | 2. 3. 4. 5. 6. Best Blogger Tips


       အံ့လောက်စရာ၊ မိမာတာနှင့်၊ ပိတာအဘ၊ မြတ်ဂုဏအား၊ ဆပ်ငြားပါလို၊ မိကိုလက်ယာ၊ ဖကိုလက်ဝဲ၊ အမြဲထားလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည့်။
                                                                                     ( ပုတ္တောဝါဒပျို့)
    ပြာသိုလပြည့် အမေနေ့ကို ရောက်ခဲ့ပြန်လေပြီ။ ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးနေသကဲ့သို့ ဆီးနှင်းများကလဲ ထူထပ်စွာ ကျရောက်လျက်ရှိသည်။ အနွေးထည် အထပ်ထပ် ၀င်ဆင်ထားသည့်တိုင် သိပ်မနွေးချင်။ အအေးဓာတ်က စိမ့်ဝင်လျက် ရှိနေသေးသည်။ ငယ်ငယ်ကလေးဘ၀ကလို အမေ့ရင်ခွင်ထဲ ခေါင်းဝှေ့ကာ အိပ်လိုက်ချင်သည်။ အမေနေ့ ရောက်တိုင်း အမေ့ကို ပိုမို၍ လွမ်းဆွတ်မိသည်။

        တကယ်တော့ ကျွန်တော့အမေ လူလောကကြီးကို နှုတ်ဆက်ထွတ်ခွါသွားတာ ခြောက်နှစ်ကျော်ခဲ့ပါပြီ။ ထိုစဉ်က အမေ့အသက် (၅၇) နှစ်။ အမေနှင့် ပတ်သက်သည့် အကြောင်းအရာများကို တွေးမိလေတိုင်း မနေ့ကဖြစ်သကဲ့သို့ ကျွန်တော်ရင်မှာ နွေးကနဲ ခံစားနေရသေးသည်။
    အမေဆုံးသည့်ရက်က ကျွန်တော် မန္တလေးမှာ ကျောင်းတက်နေသည့်အချိန်၊ မဆုံးခင် တစ်ရက် ညနေပိုင်း ကျွန်တော် ရွာကို ဖုန်းခေါ်ဖြစ်သည်။ ကျွန်တော့ ညီမလေးနှင့် တွေ့ပြီး အမေကျမ္မာရေး အကြောင်း မေးကြည့်တော့ ကျမ္မာရေးကောင်းသည် ဟု သိရသည်။ သို့အတွက် ကျွန်တော် စိတ်အေးရသည်။ ရွာက ကျွန်တော် အမလေးလဲ မန္တလေးကို ခေတ္တရောက်နေသည်။ စင်္ကာပူမှာ အလုပ်သွားလုပ်ရန်အတွက် ရန်ကုန်ကို သင်တန်းသွားတက်ရန် ဖြစ်သည်။
  ထိုနေ့ညက- မနက်ဖြန် ကဆုန်လပြည့်နေ့ဖြစ်၍ မဟာမြတ်မုနိဘုရားကြီးသို့ စောစောသွားကာ ရွှေသင်္ကန်း ကပ်လှူမည်ဟု နှလုံးသွင်းပြီး ကျွန်တော် အိပ်ရာဝင်ခဲ့သည်။ သို့သော် ကောင်းမွန်စွာ အိပ်မပျော်ခဲ့ပေ။ မဖြစ်စဘူး သွေးများ လေးလံထိုင်းမှိုင်းနေသည်။ မိမိကိုယ်ကို မိမိ ထူးဆန်းနေသည်ဟုလဲ ထင်မြင်မိသည်။ ည ၁၂-နာရီ ကျော်မှ အိပ်ပျော်ခဲ့သည်။ နံနက် ၃-နာရီထိုးတော့ ကျွန်တော်ဆီ ညီမလေးထံမှ အရေးတကြီး ဖုန်းဝင်လာသည်။ ည ၁၁- နာရီ မိနစ် ၄၀ -လောက်က အမေဆုံးပြီ ဟု ငိုကြွေးလျက် ပြောလေ၏။
   ကျွန်တော် မယုံချင်၊ ညီမလေး ကိုယ်တိုင် ပြောပြနေတာကိုပင် မယုံနိုင်ပေ။ မနေ့ညနေက ဖုန်းဆက်တော့တောင် အကောင်းကြီး ရှိသေးတာ-ဟုလဲ ရေရွှက်မိသည်။ ယင်းနောက် ပူလောင်ပြင်းရှစွာ ခံစားလိုက်ရသည်။ မျက်ရည်ပူများလည်း အတောမတတ်အောင် စီးကျလာသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးလဲ ချာချာလည်သွားခဲ့ပြီ ထင်သည်။
   နံနက်မိုးလင်းတော့ ကျွန်တော် ပြန်ဖို့ စီစဉ်ရပြီ။ ကျွန်တော်နှင့် အမလေးအတွက် ကားလက်မှတ် သွားဖြတ်ရသည်။ နာရေးမှာ သံဝေဂလင်္ကာ စာရွက်များ ဝေငှရန်အတွက် သူငယ်ချင်းများက ၀ိုင်းဝန်း ကူညီပေးကြသည်။ ငါန်းဇွန်မြို့၌ အိမ်ထောင်ကျနေသော အမကြီးသိစေရန်အတွက် အကြောင်းကြားစာကို ငါန်းဇွန်ကားကို သွားပါးရသည်။
  အမေဆုံးသည့်သတင်းကို မန္တလေးမြို့သို့ ခေတ္တရောက်နေသော ကျွန်တော့အမလေး မသိသေး၊ ကားလက်မှတ်ဖြတ်ပြီးနောက် သူတည်းခိုသည့် ဘုန်းကြီးကျောင်းသို့ သွားတွေ့ရသည်။ ရန်ကုန် ရထားလက်မှတ်ဖြတ်ရန် ဘူတာကြီးသို့ သွားနေကြသဖြင့် ပြန်မရောက်ကြသေး။ ခဏစောင့်ပြီးမှ သူတို့ အုပ်စု ပြန်ရောက်လာကြသည်။ နာရေး စာရွက်မှာ ထည့်ရန်အတွက် အမေ့ မွေးသက္ကရာဇ်ကို အမလေးကို မေးကြည့်တော့ သူမက မှတ်တမ်းစာအုပ်ကို ကြည့်ကာ ပြောပြသည်။ ဘာဖြစ်လို့ အမေ့ မွေးသက္ကရာဇ်ကို မေးတာလဲဟု မေးနေသေးသော်လည်း “အထူးမရှိပါဘူး။ မှတ်ထားချင်လို့ပါ”ဟု ကျွန်တော်ဖြေခဲ့သည်။ သူမ အမောပြေလောက်မှ အမေဆုံးသည့်သတင်းကို ပြောဖြစ်ခဲ့သည်။ သူမလဲ ဖြေဆည်ရာမရဖြစ်ကာ တံခါးပေါက်နှင့် ခေါင်းကိုဆောင့်ပြီး ငိုလေသည်။သူမ၏ သူငယ်ချင်း များကလဲ ၀ိုင်းဝန်းကာ အားပေးကြသည်။ ကျွန်တော်လဲ စိတ်ကိုတင်းထားသည့် ကြားမှပင် မျက်ရည်များက စီးကျလာပြန်သည်။
  ကဆုန်လပြည့်နေ နေ့ခင်း ၂-နာရီကားဖြင့် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကလေးမြို့သို့ ပြန်ခဲ့ကြသည်။ ကားပေါ်တွင် ဂုဏ်တော်ကို ရွက်ဖတ်ပွားများကာ သောက ကို ကျွန်တော်ဖြေသည်။ ကျွန်တော်အမလေးအား MP3 ဖြင့် ထည့်ယူလာသော တရားကို နာယူခိုင်းသည်။
  မုံရွာကျော်သည့် အချိန်ထိ ကားလမ်းကောင်းသေးသော်လည်း ရာကြီးလမ်း အ၀င်ရောက်တော့ ကားလမ်းက မကောင်းတော့။ မိုးက သဲသဲမဲမဲ ရွာချထားသဖြင့် လမ်းများက ဗွတ်ထကာ ပျက်စီးနေ၏။ လမ်းမကောင်းသဖြင့် ညပိုင်းမမောင်းတော့ဘဲ ဒီနေရာတွင် ညအိမ်ရပ်နားမည်ဟု ကားဒရိုက်ဗာက ပြောလာ၏။ နာရေးကိစ္စ အရေးကြီးနေသဖြင့် ညပိုင်းမောင်းပေး ရန် မေတ္တာရပ်ခံပြော ကြားသော်လည်း အဆင်းကားတစ်စီးမှ ဆင်းမလာသဖြင့် မမောင်းရဲဟုသာ ငြင်းပယ်နေတော့သည်။
  သို့ဖြင့် မနက်မိုးလင်းမှသာ ကားပြန်ထွတ်နိုင်တော့သည်။ ရွံ့ဗွတ်လမ်းမို့ ခရီးမတွင်လှ၊ ရွာထုံးစံအရ သုံးရက်သာထားမည်မို့ ကျွန်တော့အမေကို ဒီနေ့ လပြည့်ကျော်တစ်ရက်နေ့မှာ မြေချရတော့မည်။ ကားလမ်းက ဆိုးလှသဖြင့် အမေ့ကို နောက်ဆုံး ကန်တော့ခွင့် မရတော့မည်ကို ကျွန်တော်တို့ မောင်နှမ စိုးရိမ်ရပြီ။
  ကြိုးစားပြီး လူဆွဲလိုက် စက်ရုန်းလိုက်ဖြင့် ခရီးဆက်ခဲ့ရသော ကားသည် (၃) နာရီကျော်မှ ကလေးဝမြို့သို့ ရောက်တော့သည်။ ဒီအချိန်ဆို အမေ့ရုပ်ကလာပ် ပြာကျတော့မည်။ ဘယ်လိုမှ မမှီနိုင်တော့။ ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ၀မ်းနဲစွာ လက်လျှော့လိုက်ကြတော့သည်။
  ညနေခင်း ၄ -နာရီကျော်မှ ကလေးမြို့နယ်က ကျွန်တော်တို့ ရွာသို့ ရောက်ရှိသည်။ အသံချဲ့စက်မှ တရားသံက ဆီးကြိုနေသကဲ့သို့ နာရေးအိမ်မို့ လူတွေကလဲ များပြားနေ၏။ ထိုအချိန်ရောက်မှ ကျွန်တော်စိတ်ထဲ အမေတကယ်ဆုံးပြီဟု လက်ခံလိုက်မိတော့၏။ ကျွန်တော်ဆွေမျိုးများက သုံးနာရီထိ ဘုန်းကြီးများရော လူပရိသတ်များပါ စောင့်နေကြသေးကြောင်း မိုးဖွဲလေးများ ကျလာသဖြင့် မီးသဂြိင်္ုဟ် လိုက်ရကြောင်း စိတ်မကောင်းစွာ ပြောပြကြသည်။ ကျွန်တော်လဲ လမ်းခရီးအခက်ခဲမို့ အမေ့နောက်ဆုံးခရီးကို အမှီမရောက်နိုင်ကြောင်း ၀ိုင်းဝန်းကူညီပေးကြသည့် အတွက် ကျေးဇူးတင်မိ ၊ကျေနပ်မိသည်ဟုလဲ ပြန်လည်ပြောဖြစ်ခဲ့သည်။

   နောက်တစ်နေ့တွင် ငါန်းဇွန်မြို့မှ အမကြီးတို့ မောင်နှံလဲ ရောက်လာ ကြသည်။ မောင်နှမသုံးယောက် သောကအပူကို ထိန်းသိမ်းလျှက် အမေ့ရက်လည်မှာ ကောင်းမွန်စွာ အမျှပေးဝေနိုင်ခဲ့ကြသည်။ ရွာထဲက လူကြီးများက တရားရှိတဲ့ မောင်နှမတွေဟု ကျွန်တော်တို့ကို ချီးကြူးကြသည်။ လူရှေ့မှာ အပူရုပ်ကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း နောက်ကွယ်မှာ ကျွန်တော်တို့ ပူလောင်ခဲ့ကြရပါသည်။
  ကျွန်တော်ဘ၀တွင် အစထိုးမရသော ဆုံးရှုံးမှုကြီးကိုဆုံးရှုံးခဲ့ရပါပြီ။ မြင့်မိုရ်တောင် ပြိုလဲ သကဲ့သို့ ဖြစ်ရသည်ဟု ပြောကြသောခံစားမှုကို ကျွန်တော်လက်တွေ့ခံစားခဲ့ရပါပြီ။ လူရယ်လို့ သိတတ်ချိန်မှ စ၍ အမျှဝေသံ ကြေးစည်သံ ကြားတိုင်း သာဓုခေါ်တတ်သည့်အကျင့်ကို ကျွန်တော်အမေက သင်ကြားပေးခဲ့ပါသည်။ အမေသည် စကားနဲသည်။ အနေရိုးသည်။လူတောတိုးရမှာကို အင်မတန် ၀န်လေးသည်။ မိမိအတွက် သူတစ်ပါးဝန်ပိုမှာကို သိပ်ကို စိုးရိမ်တတ်လေသည်။
  ညီမလေးပြောပြ၍ ကျွန်တော်အမေဖြစ်ပုံကို သိခဲ့ရသည်။ မဆုံးခင် ညနေခင်းတွင် ရာသီဥတုက ပူစပ်စပ်ဖြစ်နေ၍ အမေ အချိန် အတော်ကြာ ရေချိုးခဲ့သည်။ ညပိုင်းထမင်းစားပြီး အိပ်ရာဝင်ချိန် အမေနဲနဲ ခေါင်းကိုက်သည်ဟု ပြောပြသည်။ဆရာဝန်ခေါ်ပြမည်ဟု ပြောသောအခါ သိပ်မဖြစ်ဟုပြောသဖြင့် မပြဖြစ်ခဲ့ပေ။ ညပိုင်း ၁၁- နာရီကျော်လာသောအခါ အမေခေါင်း တအားကိုက်လာလေပြီ။ ဆရာဝန်ကို သွားခေါ်စေပြီး ညီမလေးက အနီးနားထိုင် ပြုစုကာ ပရိတ်ရွတ်ပေးသည်။ ဆရာဝန်ရောက်လာသောအခါ အမေ အသက်မရှိတော့ပြီ။ လူကြီးများပြောပြချက်အရ ကျွန်တော်တို့ အမေ ဦးနှောက်သွေးကြောပြတ်ကာ ဆုံးသည်ဟု ယူဆရတော့သည်။
  ကျွန်တော်တို့ မောင်နှမခြောက်ယောက်အနက် အမေဆုံးချိန် အမေဘေးမှာ ညီလေးနှင့် ညီမလေးသာ ရှိနေပြီး ကျွန်တော်တို့ အကြီး သုံးယောက်နှင့် ညီအငယ်ဆုံးကား အဝေးရောက်နေကြသည်။ ထိုကြောင့် အမေ့နောက်ဆုံးခရီးကို သားသမီးနှစ်ယောက်သာ လိုက်ပါပို့ဆောင်နိုင်ခဲ့သည်။
  အမေဆုံးချိန် အမေ့အသက်သည် (၅၆)နှစ်ပြည့်ပြီး (၅၇)ထဲ ရောက်ခါစဖြစ်၍ အကြွေစောသည်ဟု ကျွန်တော်ထင်မြင်မိသည်။ ဘုရားဟော သင်္ခါရ သဘောအရ ကြီးငယ်မဟူ သေကြရမည်ဟု ဆင်ခြင်မိသော်လည်း အမေဆုံးစဉ်က ဖြေဆည်ရာ မရလောက်အောင် ခံစားခဲ့ရသည်။
  မသေခင်တစ်နှစ်က ကျွန်တော်ကျောင်းတက်သော မန္တလေးမြို့သို့ အမေကို ဘုရားဖူးပို့ပေးနိုင်ခဲ့သည်။ သားသမီးတွေ ဒုက္ခများမှာ မလိုလားသဖြင့် အဖေက အမေ့ကို မန္တလေးကို မလိုက်စေချင်။ ကျွန်တော်တို့က အတင်းခေါ်သဖြင့် အမေ မန္တလေးမြို့ကို တစ်ခေါက်ရောက်ဖူးပြီး မဟာမြတ်မုနိဘုရားကြီးကို ဖူးမြှော်နိုင်ခဲ့သည်။ အတုမရှိဝေယံဘုံသာ ကျော်တော်ကြီးကိုရောက်တော့ အမေ အံ့သြဘနန်းဖြစ်နေသည် ကို အခုထိ မြင်ရောင်နေမိသည်။
  ကျွန်တော်တို့ ညီအကိုမောင်နှမတစ်တွေလဲ အမေနေ့ရောက်တိုင်း အမေ၊အဖေရှိသေးသူများ မိဘတို့၏ ကျေးဇူးကို အထူးသတိရကာ ဆပ်ကြရန်၊ မိဘတို့ ကွယ်လွန်ခဲ့ပြီးပါက ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး အမျှပေးဝေကြရန် လိုအပ်ပေသည်။ သို့မှသာ ကျွန်တော်တို့ အနာဂါတ်ဘ၀တွေ သာယာဖြောင့်ဖြူးပြီး ပန်းခင်းသောလမ်းကဲ့သို့ လှပချောမွေ့ကာ စိတ်ချမ်းသာစွာဖြင့် လျှောက်လှမ်းနိုင်ကြပေမည်ဟု ယုံကြည်မိပေသည်။ 
                                                             သိမ်မွေ့ဦး (BHU)
           ဤစာမူဖြင့် ကွယ်လွန်ခဲ့ပြီးဖြစ်သာ  အမေ ဒေါ်ထွေးပို (ကလေးမြို့) အား ကန်တော့ပါသည်။