ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

08/01/2012

ရင်ခွင်မဲ့ တမ်းခြင်း

1. စီးဆင်း ရင်ခွင် | 1/08/2012 | 2. 3. 4. 5. 6. Best Blogger Tips


       အံ့လောက်စရာ၊ မိမာတာနှင့်၊ ပိတာအဘ၊ မြတ်ဂုဏအား၊ ဆပ်ငြားပါလို၊ မိကိုလက်ယာ၊ ဖကိုလက်ဝဲ၊ အမြဲထားလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည့်။
                                                                                     ( ပုတ္တောဝါဒပျို့)
    ပြာသိုလပြည့် အမေနေ့ကို ရောက်ခဲ့ပြန်လေပြီ။ ရာသီဥတုက ခိုက်ခိုက်တုန်အောင် အေးနေသကဲ့သို့ ဆီးနှင်းများကလဲ ထူထပ်စွာ ကျရောက်လျက်ရှိသည်။ အနွေးထည် အထပ်ထပ် ၀င်ဆင်ထားသည့်တိုင် သိပ်မနွေးချင်။ အအေးဓာတ်က စိမ့်ဝင်လျက် ရှိနေသေးသည်။ ငယ်ငယ်ကလေးဘ၀ကလို အမေ့ရင်ခွင်ထဲ ခေါင်းဝှေ့ကာ အိပ်လိုက်ချင်သည်။ အမေနေ့ ရောက်တိုင်း အမေ့ကို ပိုမို၍ လွမ်းဆွတ်မိသည်။

        တကယ်တော့ ကျွန်တော့အမေ လူလောကကြီးကို နှုတ်ဆက်ထွတ်ခွါသွားတာ ခြောက်နှစ်ကျော်ခဲ့ပါပြီ။ ထိုစဉ်က အမေ့အသက် (၅၇) နှစ်။ အမေနှင့် ပတ်သက်သည့် အကြောင်းအရာများကို တွေးမိလေတိုင်း မနေ့ကဖြစ်သကဲ့သို့ ကျွန်တော်ရင်မှာ နွေးကနဲ ခံစားနေရသေးသည်။
    အမေဆုံးသည့်ရက်က ကျွန်တော် မန္တလေးမှာ ကျောင်းတက်နေသည့်အချိန်၊ မဆုံးခင် တစ်ရက် ညနေပိုင်း ကျွန်တော် ရွာကို ဖုန်းခေါ်ဖြစ်သည်။ ကျွန်တော့ ညီမလေးနှင့် တွေ့ပြီး အမေကျမ္မာရေး အကြောင်း မေးကြည့်တော့ ကျမ္မာရေးကောင်းသည် ဟု သိရသည်။ သို့အတွက် ကျွန်တော် စိတ်အေးရသည်။ ရွာက ကျွန်တော် အမလေးလဲ မန္တလေးကို ခေတ္တရောက်နေသည်။ စင်္ကာပူမှာ အလုပ်သွားလုပ်ရန်အတွက် ရန်ကုန်ကို သင်တန်းသွားတက်ရန် ဖြစ်သည်။
  ထိုနေ့ညက- မနက်ဖြန် ကဆုန်လပြည့်နေ့ဖြစ်၍ မဟာမြတ်မုနိဘုရားကြီးသို့ စောစောသွားကာ ရွှေသင်္ကန်း ကပ်လှူမည်ဟု နှလုံးသွင်းပြီး ကျွန်တော် အိပ်ရာဝင်ခဲ့သည်။ သို့သော် ကောင်းမွန်စွာ အိပ်မပျော်ခဲ့ပေ။ မဖြစ်စဘူး သွေးများ လေးလံထိုင်းမှိုင်းနေသည်။ မိမိကိုယ်ကို မိမိ ထူးဆန်းနေသည်ဟုလဲ ထင်မြင်မိသည်။ ည ၁၂-နာရီ ကျော်မှ အိပ်ပျော်ခဲ့သည်။ နံနက် ၃-နာရီထိုးတော့ ကျွန်တော်ဆီ ညီမလေးထံမှ အရေးတကြီး ဖုန်းဝင်လာသည်။ ည ၁၁- နာရီ မိနစ် ၄၀ -လောက်က အမေဆုံးပြီ ဟု ငိုကြွေးလျက် ပြောလေ၏။
   ကျွန်တော် မယုံချင်၊ ညီမလေး ကိုယ်တိုင် ပြောပြနေတာကိုပင် မယုံနိုင်ပေ။ မနေ့ညနေက ဖုန်းဆက်တော့တောင် အကောင်းကြီး ရှိသေးတာ-ဟုလဲ ရေရွှက်မိသည်။ ယင်းနောက် ပူလောင်ပြင်းရှစွာ ခံစားလိုက်ရသည်။ မျက်ရည်ပူများလည်း အတောမတတ်အောင် စီးကျလာသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးလဲ ချာချာလည်သွားခဲ့ပြီ ထင်သည်။
   နံနက်မိုးလင်းတော့ ကျွန်တော် ပြန်ဖို့ စီစဉ်ရပြီ။ ကျွန်တော်နှင့် အမလေးအတွက် ကားလက်မှတ် သွားဖြတ်ရသည်။ နာရေးမှာ သံဝေဂလင်္ကာ စာရွက်များ ဝေငှရန်အတွက် သူငယ်ချင်းများက ၀ိုင်းဝန်း ကူညီပေးကြသည်။ ငါန်းဇွန်မြို့၌ အိမ်ထောင်ကျနေသော အမကြီးသိစေရန်အတွက် အကြောင်းကြားစာကို ငါန်းဇွန်ကားကို သွားပါးရသည်။
  အမေဆုံးသည့်သတင်းကို မန္တလေးမြို့သို့ ခေတ္တရောက်နေသော ကျွန်တော့အမလေး မသိသေး၊ ကားလက်မှတ်ဖြတ်ပြီးနောက် သူတည်းခိုသည့် ဘုန်းကြီးကျောင်းသို့ သွားတွေ့ရသည်။ ရန်ကုန် ရထားလက်မှတ်ဖြတ်ရန် ဘူတာကြီးသို့ သွားနေကြသဖြင့် ပြန်မရောက်ကြသေး။ ခဏစောင့်ပြီးမှ သူတို့ အုပ်စု ပြန်ရောက်လာကြသည်။ နာရေး စာရွက်မှာ ထည့်ရန်အတွက် အမေ့ မွေးသက္ကရာဇ်ကို အမလေးကို မေးကြည့်တော့ သူမက မှတ်တမ်းစာအုပ်ကို ကြည့်ကာ ပြောပြသည်။ ဘာဖြစ်လို့ အမေ့ မွေးသက္ကရာဇ်ကို မေးတာလဲဟု မေးနေသေးသော်လည်း “အထူးမရှိပါဘူး။ မှတ်ထားချင်လို့ပါ”ဟု ကျွန်တော်ဖြေခဲ့သည်။ သူမ အမောပြေလောက်မှ အမေဆုံးသည့်သတင်းကို ပြောဖြစ်ခဲ့သည်။ သူမလဲ ဖြေဆည်ရာမရဖြစ်ကာ တံခါးပေါက်နှင့် ခေါင်းကိုဆောင့်ပြီး ငိုလေသည်။သူမ၏ သူငယ်ချင်း များကလဲ ၀ိုင်းဝန်းကာ အားပေးကြသည်။ ကျွန်တော်လဲ စိတ်ကိုတင်းထားသည့် ကြားမှပင် မျက်ရည်များက စီးကျလာပြန်သည်။
  ကဆုန်လပြည့်နေ နေ့ခင်း ၂-နာရီကားဖြင့် ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကလေးမြို့သို့ ပြန်ခဲ့ကြသည်။ ကားပေါ်တွင် ဂုဏ်တော်ကို ရွက်ဖတ်ပွားများကာ သောက ကို ကျွန်တော်ဖြေသည်။ ကျွန်တော်အမလေးအား MP3 ဖြင့် ထည့်ယူလာသော တရားကို နာယူခိုင်းသည်။
  မုံရွာကျော်သည့် အချိန်ထိ ကားလမ်းကောင်းသေးသော်လည်း ရာကြီးလမ်း အ၀င်ရောက်တော့ ကားလမ်းက မကောင်းတော့။ မိုးက သဲသဲမဲမဲ ရွာချထားသဖြင့် လမ်းများက ဗွတ်ထကာ ပျက်စီးနေ၏။ လမ်းမကောင်းသဖြင့် ညပိုင်းမမောင်းတော့ဘဲ ဒီနေရာတွင် ညအိမ်ရပ်နားမည်ဟု ကားဒရိုက်ဗာက ပြောလာ၏။ နာရေးကိစ္စ အရေးကြီးနေသဖြင့် ညပိုင်းမောင်းပေး ရန် မေတ္တာရပ်ခံပြော ကြားသော်လည်း အဆင်းကားတစ်စီးမှ ဆင်းမလာသဖြင့် မမောင်းရဲဟုသာ ငြင်းပယ်နေတော့သည်။
  သို့ဖြင့် မနက်မိုးလင်းမှသာ ကားပြန်ထွတ်နိုင်တော့သည်။ ရွံ့ဗွတ်လမ်းမို့ ခရီးမတွင်လှ၊ ရွာထုံးစံအရ သုံးရက်သာထားမည်မို့ ကျွန်တော့အမေကို ဒီနေ့ လပြည့်ကျော်တစ်ရက်နေ့မှာ မြေချရတော့မည်။ ကားလမ်းက ဆိုးလှသဖြင့် အမေ့ကို နောက်ဆုံး ကန်တော့ခွင့် မရတော့မည်ကို ကျွန်တော်တို့ မောင်နှမ စိုးရိမ်ရပြီ။
  ကြိုးစားပြီး လူဆွဲလိုက် စက်ရုန်းလိုက်ဖြင့် ခရီးဆက်ခဲ့ရသော ကားသည် (၃) နာရီကျော်မှ ကလေးဝမြို့သို့ ရောက်တော့သည်။ ဒီအချိန်ဆို အမေ့ရုပ်ကလာပ် ပြာကျတော့မည်။ ဘယ်လိုမှ မမှီနိုင်တော့။ ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ၀မ်းနဲစွာ လက်လျှော့လိုက်ကြတော့သည်။
  ညနေခင်း ၄ -နာရီကျော်မှ ကလေးမြို့နယ်က ကျွန်တော်တို့ ရွာသို့ ရောက်ရှိသည်။ အသံချဲ့စက်မှ တရားသံက ဆီးကြိုနေသကဲ့သို့ နာရေးအိမ်မို့ လူတွေကလဲ များပြားနေ၏။ ထိုအချိန်ရောက်မှ ကျွန်တော်စိတ်ထဲ အမေတကယ်ဆုံးပြီဟု လက်ခံလိုက်မိတော့၏။ ကျွန်တော်ဆွေမျိုးများက သုံးနာရီထိ ဘုန်းကြီးများရော လူပရိသတ်များပါ စောင့်နေကြသေးကြောင်း မိုးဖွဲလေးများ ကျလာသဖြင့် မီးသဂြိင်္ုဟ် လိုက်ရကြောင်း စိတ်မကောင်းစွာ ပြောပြကြသည်။ ကျွန်တော်လဲ လမ်းခရီးအခက်ခဲမို့ အမေ့နောက်ဆုံးခရီးကို အမှီမရောက်နိုင်ကြောင်း ၀ိုင်းဝန်းကူညီပေးကြသည့် အတွက် ကျေးဇူးတင်မိ ၊ကျေနပ်မိသည်ဟုလဲ ပြန်လည်ပြောဖြစ်ခဲ့သည်။

   နောက်တစ်နေ့တွင် ငါန်းဇွန်မြို့မှ အမကြီးတို့ မောင်နှံလဲ ရောက်လာ ကြသည်။ မောင်နှမသုံးယောက် သောကအပူကို ထိန်းသိမ်းလျှက် အမေ့ရက်လည်မှာ ကောင်းမွန်စွာ အမျှပေးဝေနိုင်ခဲ့ကြသည်။ ရွာထဲက လူကြီးများက တရားရှိတဲ့ မောင်နှမတွေဟု ကျွန်တော်တို့ကို ချီးကြူးကြသည်။ လူရှေ့မှာ အပူရုပ်ကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း နောက်ကွယ်မှာ ကျွန်တော်တို့ ပူလောင်ခဲ့ကြရပါသည်။
  ကျွန်တော်ဘ၀တွင် အစထိုးမရသော ဆုံးရှုံးမှုကြီးကိုဆုံးရှုံးခဲ့ရပါပြီ။ မြင့်မိုရ်တောင် ပြိုလဲ သကဲ့သို့ ဖြစ်ရသည်ဟု ပြောကြသောခံစားမှုကို ကျွန်တော်လက်တွေ့ခံစားခဲ့ရပါပြီ။ လူရယ်လို့ သိတတ်ချိန်မှ စ၍ အမျှဝေသံ ကြေးစည်သံ ကြားတိုင်း သာဓုခေါ်တတ်သည့်အကျင့်ကို ကျွန်တော်အမေက သင်ကြားပေးခဲ့ပါသည်။ အမေသည် စကားနဲသည်။ အနေရိုးသည်။လူတောတိုးရမှာကို အင်မတန် ၀န်လေးသည်။ မိမိအတွက် သူတစ်ပါးဝန်ပိုမှာကို သိပ်ကို စိုးရိမ်တတ်လေသည်။
  ညီမလေးပြောပြ၍ ကျွန်တော်အမေဖြစ်ပုံကို သိခဲ့ရသည်။ မဆုံးခင် ညနေခင်းတွင် ရာသီဥတုက ပူစပ်စပ်ဖြစ်နေ၍ အမေ အချိန် အတော်ကြာ ရေချိုးခဲ့သည်။ ညပိုင်းထမင်းစားပြီး အိပ်ရာဝင်ချိန် အမေနဲနဲ ခေါင်းကိုက်သည်ဟု ပြောပြသည်။ဆရာဝန်ခေါ်ပြမည်ဟု ပြောသောအခါ သိပ်မဖြစ်ဟုပြောသဖြင့် မပြဖြစ်ခဲ့ပေ။ ညပိုင်း ၁၁- နာရီကျော်လာသောအခါ အမေခေါင်း တအားကိုက်လာလေပြီ။ ဆရာဝန်ကို သွားခေါ်စေပြီး ညီမလေးက အနီးနားထိုင် ပြုစုကာ ပရိတ်ရွတ်ပေးသည်။ ဆရာဝန်ရောက်လာသောအခါ အမေ အသက်မရှိတော့ပြီ။ လူကြီးများပြောပြချက်အရ ကျွန်တော်တို့ အမေ ဦးနှောက်သွေးကြောပြတ်ကာ ဆုံးသည်ဟု ယူဆရတော့သည်။
  ကျွန်တော်တို့ မောင်နှမခြောက်ယောက်အနက် အမေဆုံးချိန် အမေဘေးမှာ ညီလေးနှင့် ညီမလေးသာ ရှိနေပြီး ကျွန်တော်တို့ အကြီး သုံးယောက်နှင့် ညီအငယ်ဆုံးကား အဝေးရောက်နေကြသည်။ ထိုကြောင့် အမေ့နောက်ဆုံးခရီးကို သားသမီးနှစ်ယောက်သာ လိုက်ပါပို့ဆောင်နိုင်ခဲ့သည်။
  အမေဆုံးချိန် အမေ့အသက်သည် (၅၆)နှစ်ပြည့်ပြီး (၅၇)ထဲ ရောက်ခါစဖြစ်၍ အကြွေစောသည်ဟု ကျွန်တော်ထင်မြင်မိသည်။ ဘုရားဟော သင်္ခါရ သဘောအရ ကြီးငယ်မဟူ သေကြရမည်ဟု ဆင်ခြင်မိသော်လည်း အမေဆုံးစဉ်က ဖြေဆည်ရာ မရလောက်အောင် ခံစားခဲ့ရသည်။
  မသေခင်တစ်နှစ်က ကျွန်တော်ကျောင်းတက်သော မန္တလေးမြို့သို့ အမေကို ဘုရားဖူးပို့ပေးနိုင်ခဲ့သည်။ သားသမီးတွေ ဒုက္ခများမှာ မလိုလားသဖြင့် အဖေက အမေ့ကို မန္တလေးကို မလိုက်စေချင်။ ကျွန်တော်တို့က အတင်းခေါ်သဖြင့် အမေ မန္တလေးမြို့ကို တစ်ခေါက်ရောက်ဖူးပြီး မဟာမြတ်မုနိဘုရားကြီးကို ဖူးမြှော်နိုင်ခဲ့သည်။ အတုမရှိဝေယံဘုံသာ ကျော်တော်ကြီးကိုရောက်တော့ အမေ အံ့သြဘနန်းဖြစ်နေသည် ကို အခုထိ မြင်ရောင်နေမိသည်။
  ကျွန်တော်တို့ ညီအကိုမောင်နှမတစ်တွေလဲ အမေနေ့ရောက်တိုင်း အမေ၊အဖေရှိသေးသူများ မိဘတို့၏ ကျေးဇူးကို အထူးသတိရကာ ဆပ်ကြရန်၊ မိဘတို့ ကွယ်လွန်ခဲ့ပြီးပါက ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး အမျှပေးဝေကြရန် လိုအပ်ပေသည်။ သို့မှသာ ကျွန်တော်တို့ အနာဂါတ်ဘ၀တွေ သာယာဖြောင့်ဖြူးပြီး ပန်းခင်းသောလမ်းကဲ့သို့ လှပချောမွေ့ကာ စိတ်ချမ်းသာစွာဖြင့် လျှောက်လှမ်းနိုင်ကြပေမည်ဟု ယုံကြည်မိပေသည်။ 
                                                             သိမ်မွေ့ဦး (BHU)
           ဤစာမူဖြင့် ကွယ်လွန်ခဲ့ပြီးဖြစ်သာ  အမေ ဒေါ်ထွေးပို (ကလေးမြို့) အား ကန်တော့ပါသည်။

No comments:

Post a Comment