ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

24/10/2012

အာဇာနည် အရှင် မြင်ပါလှည့်..။

1. စီးဆင်း ရင်ခွင် | 10/24/2012 | 2. 3. 4. 5. 6. Best Blogger Tips
        မင်းဒင်လို ငပါမွှားနှင့် သာသနာ့အာဇာနည် အရှင်တပါးအကြား မမေ့နိုင်စရာ ဇာတ်လမ်းများ ရှိသည်ဆိုလျှင် ယုံတမ်းပုံပြင်လို့တော့ မထင်ကြပါလေနှင့်။ အဝေးရောက် မင်းဒင်တယောက် ခါးတောင်းပဲ ထကျိုက်ရမလို၊ ဟိုအပုံပဲ ပြေးဟပ်ရမလို ဖြစ်လောက်အောင် ဇာတိမြေက တိုက်ပွဲခေါ်သံတွေ မြည်ဟီးတုန်ခါ ထွက်ပေါ်လာနေချိန်မှာ ဆိုရေးရှိ၍ ဆိုရပါဦး မည်။
                                         x x x x x x x  
ဘာသာရေးနှင့် အလှမ်းဝေးလှသော မင်းဒင်သည် သာသနာ့အာဇာနည်အရှင်ကို လွန်ခဲ့သော ၁၈ နှစ်ကျော်က သိလည်းမသိ၊ ကြားလည်းမကြားသိခဲ့။ ၁၉၉၀ ခုနှစ်ပိုင်း ရက်များဆီက ဇနီးသည် ငပိကြော်နေတာကို စပ်စုရင်း ရန်ကုန် မဟာ ဂန္ဓာရုံကျောင်းတိုက်က ယောက်ဖ၀မ်းကွဲ ဘုန်းတော်ကြီးတပါး သူ၏ ကျောင်းထိုင်ဆရာတော်နှင့် အတူ ထောင်ကျနေကြောင်း စကားစမိခဲ့သည်။
 ‘ဘာအမှုတဲ့လဲကွာ’
 ‘ကံဆောင်လို့ဆိုလားပဲ’ 
‘ဘာလဲဟ ကံဆောင်တယ်ဆိုတာ’
 ‘ကျုပ်လည်း သေချာမသိဘူး အစိုးရကပ်တဲ့ဆွမ်း မစားဘူးဆိုလားပဲ’ 
 ‘မင်းဥစ္စာက ဆိုလားပဲချည်းပါလား၊ ဆရာတော်ကကော’
 ‘ဘွဲ့တော့ ကျုပ်လည်းမသိဘူး၊ စာတော့ တော်တော်တတ်တယ်ဆိုလားပဲ’ 
                   x x x x x x x 

            နောင်သော် ထိုဆရာတော်အရှင်မှာ မင်းဒင်နှင့် ဆရာအရင်း၊ ဒကာအရင်း ဖြစ်လာခဲ့ ပါသည်။ ဆရာတော်မှာ နိုင်ငံကျော် သာသနာ့အာဇာနည် မန္တလေးမဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘာသာဋီကာအကျော် ရှင်ဇနကာဘိဝံသ၏တပည့်ရင်း ဖြစ်ပါသည်။ ၁၃၃၀ ခုနှစ်မှစ၍ တိပိဋကဓရ ရွေးချယ်စာမေးပွဲကြီးကို ၀င်ရောက်ဖြေဆိုရာ အပိုင်းလေးပိုင်းလုံး အာဂုံ၊ ရေးဖြေ တွဲလျက်ချည်းအောင်မြင်၍ တိပိဋကဓရ စာမေးပွဲအစအဆုံး ပထမနေရာမှ ချည်း အောင်စာရင်းကြေညာခြင်း ခံခဲ့ရပါသည်။ ၀ိနယဓရ၊ ၀ိနယကောဝိဒ၊ အဘိဓမ္မိက၊ အဘိဓမ္မ ကောဝိဒ၊ ဒီဃနိကာယကောဝိဒ၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ဘွဲ့တော်များကို ၁၃၃၅ ခုနှစ်၊ သက်တော်၂၇-နှစ်တွင် အစုံအလင်ရရှိခဲ့ပါသည်။

    တိပိဋဓရဘွဲ့တံဆိပ် ဆက်ကပ်ခံရခြင်းနှင့် ပတ်သက်၍ ဆရာတော်က “ဘုန်းကြီး အထူးအပင်ပန်းခံပြီး အားမထုတ်ခဲ့ရပါဘူး။ အာဂုံရော ရေးဖြေပါ သက်တောင့်သက်သာ ဖြေဆိုနိုင်ခဲ့ပါတယ်။ ကျန်းမာရေးကြောင့် တနှစ်နားခဲ့ရတဲ့ အတွက် ရဟန်းဝါ (၆) ၀ါမှာ ပြီးရမဲ့အစား (၇)၀ါမှာ ပြီးဆုံးခဲ့ပါတယ်” ပိဋကတ်သုံးပုံကို သက်တော် (၂၇)နှစ်ဖြင့် အာဂုံရေးဖြေ ဖြေဆိုအောင်မြင်ခဲ့သော ထိုအရှင်၏ ဉာဏ်ပညာကား အံ့မခန်း ကြီးမားလှပြီး ကြည်ညိုမဆုံးနိုင်သော အာဂယောင်္ကျား အာဇာနည်ပေတည်း။ တစတစ သာသနာ့အာဇာနည်များ၏ ထေရုပ္ပတ္တိများကို ဖတ်ရှုလေ့လာရာမှ ဆရာတော်၏ ပါရမီတော်ကို ဆပွားကြည်ညိုလာခဲ့ရပါသည်။
                                                  x x x x x x x 

   ဆရာတော် ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းနှင့် စပ်လျဉ်း၍ မင်းဒင်ကိုယ်တိုင် လျှောက်ထား ခဲ့ဘူးပါ၏။ ၁၉၈၉ ခုနှစ် “တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေနဲ့ ပတ်သက်တဲ့အဖွဲ့တွေက စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံ၊ ပြည် သူတွေကို နှိပ်စက်သတ်ဖြတ်ပုံတွေဟာ ပတ္တနိက္ကုဇ္ဇနကံဆောင် ထိုက်မထိုက်ဆုံးဖြတ်ပေးဘို့ ဘုန်းတော်ကြီးဆီကို စာကပ်လာကြပါတယ်။ ဘုန်းကြီးဆီ စာ ရောက်တာကို ထောက်လှမ်းရေးကသိတော့ အရှင်ဘုရား ဖြစ်နိုင်ရင် စာမပြန်ပါနဲ့။ ပြန်မယ်ဆို ရင်လည်း မဆောင်ထိုက်ဘူးလို့ ပြန်ဖြေပေး ပါလို့ လျှောက်ကြပါတယ်။ ဘုန်းကြီးက ဒကာတို့ သတိပေးတာ ကျေးဇူးတင်တယ်၊ သို့သော် ဘုရားစကားကို သာ ဘုန်းကြီး နားထောင်ရလိမ့်မယ်။ တရားတော်မှာလာတဲ့အတိုင်းသာ ကျမ်းတတ်ဘုန်းကြီးတပါး အနေနဲ့ ဖြေရပါလိမ့်မယ်လို့ ဘုန်းကြီး ပြန်လည်မိန်ကြားပါတယ်။ ကံဆောင်ထိုက်ကြောင်း အဆုံးအဖြတ် စာတမ်းရေးပြီး ရဟန်းပျိုအဖွဲ့တွေထံကို ဘုန်းကြီး ပြန်ကြားပေးခဲ့ပါတယ်။ မကြာပါဘူး၊ ဖမ်းတာပါပဲ။ အဖမ်းခံရ မယ်ဆိုတာ ဘုန်းကြီးသိပြီးသားပါ။ ဘုန်းကြီးကို အင်းစိန်ထောင်ကနေ မြစ်ကြီးနားထောင်ကို ပို့တော့ လေယာဉ်ပေါ်မှာ ထောက်လှမ်းရေးတွေက လမ်းတလျှောက်လုံး ကြိမ်းမောင်းလာ ပါတယ်။ မြစ်ကြီးနားထောင်ထဲ မပို့ခင် မြစ်ကြီးနားထောက်လှမ်းရေးတပ်မှာ ဘုန်းကြီးကို အရပ်ဝတ် အတင်းဝတ်ခိုင်းပြီး အရာရှိ လုပ်သူက စစ်တပ်ဟာ အမိန့်ရထားရင် ဘာမဆို လုပ်မယ်ဆိုတာသိသလားတဲ့။ သူတို့ပုံစံက ရိုက်နှက်နှိပ်စက်မဲ့ဟန်ပါပဲ။ ဘုန်းကြီးအာနာပါနကို တလျှောက်လုံး မှတ်လာခဲ့ပါတယ်။ ဘုန်းကြီး မုသားမပြောဘူး။ ကြောက်စိတ်ရှိသော်ငြားလည်း ဆုံးဖြတ်ချက်ကို မပြင်နိုင်တဲ့အကြောင်း၊ ရဟန်းဘဝကို စွန့်ဘို့ထက် အသက်ကိုသာ စွန့်မဲ့အကြောင်း ပြောခဲ့တာဘဲ။ 
                                           x x x x x x x 
           မကြာမကြာ ရန်ကုန် မဟာဂန္ဓာရုံကျောင်းတိုက်သို့ ရောက်နေသဖြင့် တခါသော် ယောက်ဖ ဘုန်းကြီးနှင့် တွေ့စဉ် -
 ‘အရှင်ဘုရားက (၁၀)နှစ်၊ ဆရာတော်က အနှစ်(၂၀) ပြစ်ဒဏ်ကျပြီး ဘာဖြစ်လို့ (၂)နှစ်ခွဲနဲ့ ပြန်လွတ်လာသလဲဘုရား’ 
‘ရွှေဟင်္သာဆရာတော်ဘုရားကြီးက အစိုးရဆီက အလှူခံခဲ့တာပါ။ ဒီလို သာသနာ့ အာဇာနည်တပါးကို ဒီလို ချုပ်နှောင်ဖမ်းဆီးထားတာဟာ သာသနာအတွက် အရုပ်ဆိုးလှတဲ့ အတွက် မပြုကောင်း၊ မလုပ်ကောင်းဘူးဆိုပြီး အလှူခံခဲ့တာပါပဲ’
                                           x x x x x x x 
    
    စစ်အစိုးရကား မတတ်သာ၍ ပြန်လွှတ်ပေးခဲ့ရပြီး ဒကာ၊ ဒကာမတို့၏ ကောင်းမှု ကြောင့် ကမ္ဘာအေး မဟာဂန္ဓာရုံကျောင်းတိုက်ကြီး တစစ စည်ပင်လာသည်ကိုပင် အမြင် မကြည်နိုင်ကြ။ သူပုန်ဘုန်းကြီး၊ အတိုက်အခံဆရာတော် ဟူသောဘွဲ့က ကြောက်ခမန်းလိလိ ကပ်ငြိနေခဲ့ကြသည်။ ၁၉၉၆ ခုနှစ်၊ (၁၄)ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွှေကျင်နိကာယဂိုဏ်းလုံးကျွတ် အစည်းအဝေးကြီးတွင် ထိုဆရာတော်က အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် ယင်းအခမ်းအနား၏ သံဃာအဖွဲ့အတွင်းရေးမှူးနှင့် စစ်အစိုးရအတွင်းရေးမှူးတို့ ဆုံကြပုံကို ဆရာတော်က မှတ်မှတ်ရရ မိန့်ကြားခဲ့ဘူးလေသည်။
 ‘တိုက်တိုက်ဆိုင်ပါပဲ ဒကာကြီးရာ၊ ရွှေကျင်သာသနာ့ဗိမာန်ကြီးရဲ့ အပေါ်ထပ်မှာ အစည်းအဝေးလုပ် မှာဖြစ်တဲ့အတွက် အပေါ်ထပ်ကိုအကြွမှာ ဗိုလ်ခင်ညွန့်နဲ့ လှေခါးရင်းမှာ ဗြုန်းကနဲ ဆုံမိကြတယ်။ တံခါးတပေါက်ဆီက ၀င်လာကြတာဆိုတော့ ထောက်လှမ်းရေးဘက် ကရော သံဃာတော်တွေဘက် ကရော ကြောင်ကြည့်နေကြတယ်။ ပထမလှေခါးထစ်ကို ဘုန်းကြီးတက်လိုက်တော့ ဗိုလ်ခင်ညွန့်ကလည်း မလျှော့ဘူး။ ဘုန်းကြီးနဲ့ ရင်ဘောင်တန်း တက်လာတယ်။ လေး၊ ငါး၊ ခြောက်ထစ် ရင်ဘောင်တန်းတက် လာတော့ ဘုန်းကြီးစဉ်းစားတယ်။ လျှော့ပေးပြီး လှေခါးထစ်ချန်ပြီးနေခဲ့ရင် ကောင်းမလားပေါ့။ သို့သော် ဘုန်းကြီးဟာ ၀ိနည်းတော် နဲ့အညီ နေထိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ငါလျှော့ခဲ့သော် သာသနာတော်ကို ညှိုးအောင် လုပ်ရာ ကျလိမ့်မယ်ဆိုပြီး ရင်ဘောင်တန်းလျက်ပဲ အပေါ်ထပ်ကို ရောက်ခဲ့ပါတယ်။ သူ့စိတ်ထဲ ဘယ်လို နေမယ်ဆိုတာ ဘုန်းကြီး မသိပေမဲ့ ဘုန်းကြီးအနေနဲ့ သူ့ကို ဘယ်အခါမှ စိတ်မကွက်ခဲ့ပါဘူး’ ဆရာတော် စကားအရဆိုလျှင် ဗိုလ်ခင်ညွန့် ကံကြီးထိုက်လေသလော။ 
                               x x x x x x x 

     တောင်မရောက်၊ မြောက်မရောက် မင်းဒင်ကား ဆရာတော်နှင့် ရင်းနှီးလာသည်နှင့် အမျှ ပေါက်ကရမေးခွန်းတွေ လျှောက်ထားခဲ့ဘူး၏။
 ‘အရှင်ဘုရား ဗုဒ္ဓဘုရားရှင်ရဲ့ အရပ်တော်ဟာ ၁၈ တောင်တို့၊ ၉ တောင်တို့ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ တပည့်တော်က အင်ဂျင်နီယာဖြစ်တဲ့အတွက် ဘုရားရှင်လက်ထက်က ကျောင်းတွေ၊ အဆောက်အဦးတွေရဲ့ ပန္နက်ပုံတွေကို လေ့လာရင်း မဖြစ်နိုင်ဘူးထင်ပါတယ်’ 
‘ဒကာမင်းဒင်၊ ဘုရားရှင်ရဲ့ အရပ်တော်နဲ့ ပတ်သက်လို့ ပါဠိ၊ အဋ္ဌကထာတွေဟာ အမျိုးမျိုးပြဆိုကြသော်ငြားလည်း ဘုန်းကြီးအသိဉာဏ်နဲ့ ချိန်ဆရာမှာ ဘုရားရှင်ဟာ အိန္ဒိယ သွေးပါတဲ့အတွက် ကုလားလူမျိုးများကဲ့သို့ အသားရည်ရှိမယ်။ မဟာပုရိသလက္ခဏာများနဲ့ ပြည့်စုံတဲ့အတွက် အရပ်အမောင်းကောင်းမှာ အမှန်ဖြစ်တယ်။ ယသော်ဓရာမိဖုရားဟာ သာမန် အမျိုးသမီးအရပ်မောင်းမျှသာ ဖြစ်တဲ့အတွက် အရပ် ၁၈ တောင်ရှိသူနဲ့ စပ်ယှက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဘုန်းကြီးသဘောအရဆိုရင် ၁၈ မိုက်ဟာ သင့်တော်မှန်ကန်မယ်လို့ ယူဆပါတယ်’ 
လက်တွေ့ကျလှသော ဆရာတော်အဖြေကား မင်းဒင်ပါးစပ်ကို ရုတ်ချည်း ပိတ်သွားစေ ခဲ့ပါသည်။ ပညာစမ်းသည့်သဘော ဖြစ်ခဲ့ခြင်းအတွက်လည်း သတိရတိုင်း ဆရာတော်သို့ ရည်မှန်းကန်တော့ တောင်းပန်ဆဲပင် ဖြစ်ပါ၏။ 

                                         x x x x x x x
    ဆရာတော်၏ ဉာဏ်ပညာနှင့် ပရိယတ္တိသင်ကြားပို့ချမှုကဏ္ဍတို့အတွက် ၁၉၉၈ ခုနှစ် တွင် ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်ရာဇ၀ိဇ္ဇာလယတက္ကသိုလ်မှ ဗုဒ္ဓစာပေဆိုင်ရာ ဂုဏ်ထူး ဆောင် ပါရဂူ(Ph.D)ဘွဲ့ ဆက်ကပ်ခံရစဉ်ကလည်း စစ်အစိုးရက သံသယမကင်း။ “ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်က စာတစောင်ရောက်လာတယ်။ ဘုန်းကြီး ရေးလိုတဲ့ ဗုဒ္ဓစာပေဆိုင်ရာ စာတမ်းတခုကို ပါဠိချည်း သက်သက် ရေးပို့ဖို့ လျှောက်ထားတာပါ။ ဘုန်းကြီး စာမျက်နှာလေးဆယ်ရှိတဲ့ စာတမ်းကို ရေးပို့ပြီး။ မကြာခင်မှာ ဒေါက်တာဘွဲ့ ဆက်ကပ် တဲ့အကြောင်း စာရောက်လာပါတယ်။ ဒါကို အစိုးရက သွေးရိုးသားရိုးမှဟုတ်ပါ့မလား ဆိုပြီး မယုံဘူးဗျာ”
 “အဲဒီအခမ်းအနားကို လွှတ်မလိုလို၊ မလွှတ်လိုလိုနဲ့ နောက်ဆုံးကျမှ အစောင့်နဲ့ တက်ခွင့်ရတယ်။ သူတို့ကတော့ ကပ္ပိယအနေနဲ့ လိုက်တာပါပေါ့။ ဒါပေမဲ့ အခမ်းအနား ကျင်းပ နေချိန်အထိ ဗိုလ်ခင်ညွန့်ဆီကို အသေးစိတ် သတင်းပို့နေတာ ဘုန်းကြီးကြားနေတာပဲ။ ဘုန်းကြီးဘွဲ့အမည်ခေါ်ပြီး ဘွဲ့လက်မှတ်ကပ်ပြီးမှပဲ သူတို့ စိတ်အေးသွားပုံပဲ” 
၂၀၀၀ ခုနှစ် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ ဘာသာ ပေါင်းစုံ ညီလာခံသို့ ကြွရောက်ပြီး မြန်မာပြည်ပြန်ရောက်သည်နှင့် ဆရာတော်ကို စစ်အစိုးရ ရာဇမာန် ရှပြန်ပေသည်။
 “ဘုန်းကြီး ဘာတတ်နိုင်မလဲ။ သူတို့က ဘယ်သတင်းဌာနနဲ့မှ စကားမပြောပါနဲ့လို့ မှာထားတယ်။ ဘုန်းကြီးတပါးတည်း ဟိုတယ်ခန်းမှာရှိနေတုန်း ဟဲလို တပည့်တော် စိန်ကျော်လှိုင်ပါဘုရား၊ တိပိဋကဆရာတော် ရှိပါသလားဘုရားဆိုတော့ ဘုန်းကြီး ဘယ့်နှယ်လုပ် လိမ်မလဲ။ အေး ဘုန်းကြီးပဲဆိုပြီး သူတို့မေးတာ သုံးလေးခွန်းဖြေလိုက်တယ်။ သာသနာရေး နဲ့သာ ပတ်သက်တယ်။ ပြန်လည်းရောက်ရော အစိုးရတဖွဲ့လုံး ခပ်တန်းတန်း ဖြစ်နေရာ” 

                          x x x x x x x 
   ၂၀၀၄ ခုနှစ်ဆန်းပိုင်း မင်းဒင် ဘန်ကောက်မှာရှိစဉ် ‘အမိမြေက ဇနီးသည်က ဖုန်းဆက် လာသည်။ “ရှင့်ဆရာတော် ဘန်ကောက်ဆေးရုံမှာ တက်နေတယ်။ ရှင့်ကို မေးနေတယ် ပြော တယ်” 
“ဆေးလာ စစ်တာလား” 
“မဟုတ်ဘူး၊ နေမကောင်းတာ” 
“ဘာရောဂါများလည်းကွာ” 
“သေချာတော့မသိဘူး၊ ကိုယ်တိုင်သာ သွားလျှောက်ပေတော့” သည်လိုနှင့် မေးရင်းစမ်းရင်း ချူလာလောင်ကွန်ဆေးရုံကိုရောက်တော့ ဆရာတော် တပည့် ဦးဉ္ဇင်းက -
 “ဒကာကြီးလာတာ အတော်ပဲ။ ဒကာကြီးကို ဆရာတော် မေးနေတာ နှစ်ခါသုံးခါရှိပြီ” ချက်ချင်းဝင်ဖူးခွင့်ရသည်။ ဆရာတော်၏ရောဂါကာ ရိုးတွင်းခြင်ဆီကင်ဆာဟု ဆိုပါသည်။ “အရှင်ဘုရား နေသာပါရဲ့လား ဘုရား”
 “အခုတော့ နေလို့ ထိုင်လို့ကောင်းပါတယ်။ သို့သော် ဘုန်းကြီးဘ၀င်မကျစရာ တခု တော့ ရှိတယ်။ ဒကာကြီးရာ၊ ဘုန်းကြီးနေမကောင်းတာကို တာဝန်ရှိသူတွေကို အကြောင်း ကြားတော့ ဆရာဝန်ကြီးတွေ လွှတ်ပေးတယ်။ အဲဒီဆရာဝန်ကြီးတွေက ‘ဘာမှမဖြစ်ဘူးတဲ့ဗျာ’ ဘုန်းကြီးက ခံစားနေရသူဆိုတော့ သေချာစစ်ပါဦးပြောတော့လည်း မကြိုက်ကြဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ်သွားမယ် ပြောတာတောင် မယုံလို့ထင်ပါရဲ့၊ လွယ်လွယ်နဲ့ မလွှတ်ဘူး။ အကြိမ်ကြိမ်စစ်မေးပြီးမှ သွားခွင့်ရတယ်။ ဒီရောက်တော့မှ သေချာကြပ်မတ်စစ်ဆေးကြည့်တော့ ရောဂါသိရလို့ ကုသပေးနေကြတာ ဗမာပြည်မှာဆို ဘုန်းကြီးသေလောက်ပြီ“
 ဆရာတော်၏ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ ထိုင်းဘုရင့်မိသားစုက တာဝန်ကျေလှ ပါ၏။ ထိုင်းဘုရင်တပ်မတော်မှ ဗိုလ်ချုပ် ၀ိချစ်ယာဒိပ်၏ သတင်းပို့မှုကြောင့် ထိုင်းဘုရင်မိသားစု က ဆရာတော်၏ ဆေးဝါးကုသစရိတ် အ၀၀ကို ထိုင်းဘတ်ငွေ ၃ သန်းခန့်အထိ အကုန်အကျခံ ခဲ့ပြီး ထိုင်းသာသနာပိုင်သာ အသုံးပြုရသည့် သံဃာ့ဝဇီရဉာဏဆောင်မှာပင် ပြုစုကုသပေး သည်။ ဗမာတို့ ရှက်ဘို့ကောင်းလေစွ။ 
                                 x x x x x x x

        မြန်မာဆရာဝန် သမားတော်ကြီးများက ဘာမှမဖြစ်ပါဟု ဘာကြောင့် မှတ်ချက်ချခဲ့ သည်မသိ။ ဆရာတော်ကျန်းမာရေးအတွက် ထိုင်းနိုင်ငံ ဆရာဝန်များက အင်္ဂလန်၊ အမေရိကန် နိုင်ငံတို့ရှိ အနုဇီဝ ဓါတ်ခွဲခန်းတို့၏ အကူအညီဖြင့် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြသော်လည်း ယမန်နှစ် ဤအချိန် ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်၊ တနင်္ဂနွေနေ့ (၀၇း၃၅) နာရီတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်၌ ဆရာတော် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့လေပြီ။
                                 x x x x x x x 

  ဤသို့လျှင် ထိုသို့လျှင် လွန်ခဲ့သော ၁၈ နှစ်ကပင် ဗမာစစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံ ဆောင်ထိုက်သည်ဟု ရဲဝံ့ပြတ်သားစွာ ဆုံးဖြတ်ခဲ့သော ဗမာအစိုးရ အငြိုးကြီးခဲ့သော ထိုဆရာ တော် အရှင်မြတ်ကား အခြားသူ မဟုတ်။ ရန်ကုန်မြို့မဟာဂန္ဓာရုံကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် တိပိဋဓရ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓမ္မပါဠိပါရဂူ၊ ပရိယတ္တိ သာသနာ့အကျော် ဘဒ္ဒန္တ အရှင်သုမင်္ဂလ လင်္ကာရ (Ph.D) ပင် ဖြစ်ပါသည်။ ဆရာတော်အရှင်မြတ်ဘုရား၊ အရှင်ဘုရား လက်မွန်မဆွ ဆုံးဖြတ်ခဲ့သော ပတ္တနိက္ကုဇ္ဇန ကံဆောင်သောအမှုကို ယခုအခါ မြန်မာပြည်တ၀ှမ်း သံဃာအာဇာနည်များမှ ရွပ်ချွံပြောင်မြောက် စွာ ပြုလျှက်ရှိရာ သာသနာသမိုင်းတွင် အလေးအမြတ် မှတ်တမ်းပြုရမည့် အခြေအနေသို့ ရောက်ရှိနေပါပြီ ဘုရား။ ရွှေဝါရောင်လှိုင်းလုံးကြီး တနိုင်ငံလုံးတွင် ဖုံးလွှမ်းနေသည်ကို ရောက်ရှိရာ မြင့်မြတ် သော ဘုံဘ၀မှ မြင်လှည့် ကြားလှည့်စေလိုပါသည်ဘုရား။ 
                    ☼ ☼ ☼ ☼ ☼ 
                                              မင်းဒင် (၂၄၊ ၉၊ ၀၇)


( ၁၃၆၈-ခုနှစ်၊ သီတင်းကျွတ်လဆန်း တွင် ဘ၀နတ်ကျာင်း ရွှေ့ပြောင်းသွားတော်မူသော မိမိ၏ အနန္တ ဂိုဏ်းဝင် ကျေးဇူးရှင် ဆရာတော်ဘုရားအား အထူးပင် လွမ်းဆွတ်မိပါသည်။)

ဗာရာဏသီရောက် မြန်မာကျောင်းသား ရဟန်းတော်းများ သံဝေဇနိယ လေးဌာန ဘုရားဖူးခရီး..။

1. စီးဆင်း ရင်ခွင် | 10/24/2012 | 2. 3. 4. 5. 6. Best Blogger Tips
Type your summary here Type rest of the post here