ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

02/06/2014

အဓိပတိလမ်း နှင့် တောရလမ်း

1. စီးဆင်း ရင်ခွင် | 6/02/2014 | 2. 3. 4. 5. 6. Best Blogger Tips

(၁) 
     သူ့ဘ၀တွင် မတူကွဲပြား ခြားနားသော လမ်းနှစ်သွယ်ကို ပျော်မွေ့နှစ်ခြိုက်စွာ လျှောက်လှမ်း ခဲ့ဘူးပါသည်။ 

(၂)
    ကျောင်းဖွင့်ချိန်xxx စိန်ပန်းတွေလဲ မြေမှာကြဲဖြန့်နေxxx ကံကော်ပန်းတွေနှင့်အတူxxx သူနဲ့တွေ့ရာမြေxxx 
             တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းယားကန်သည်မြေxxx 
     ညနေချမ်း နေခြည်ဖျန်းရင်လေxxx မြေနီလမ်းလေးမှာ အပန်းဖြေxxx ချစ်စရာ အလှအပ စကားများ ပြောကြတာတွေxxx 


  လွမ်းမောတမ်းတဖွယ် စာသားတို့ဖြင့် ဖွဲ့သီထားသော သီချင်းတစ်ပုဒ်ဖြစ်သည်။ ထိုသီချင်းကို နားထောင်မိကြသူတိုင်း ပညာရည်နို့သောက်စို့ခဲ့ဘူးရာ အမိတက္ကသိုလ်ကြီးကို လွမ်းမိတတ်ကြသည်။ တက္ကသိုလ်ကို တက်ရောက်ခွင့် မရခဲ့ကြသူတို့သည်ပင် မှန်းဆကာ မြင်ရောင်မိတတ်ကြလေသည်။ မိမိကိုယ်ကို ရင့်ကျက်ပြီဟု မှတ်ထင်ထားသော သူသည်ပင် ထိုသီချင်းလေးကို ကြားမိသည့် အချိန်တိုင်း ရင်ထဲမှာ ဟာတာတာပင်။ 

      ဗာရာဏသီတဲ့။ ကမ္ဘာ့ရှေးဟောင်းအကျဆုံး မြို့၊ ကာသီတိုင်းရဲ့ မြို့တော်ဖြစ်ခဲ့ဘူးတဲ့ မြို့၊ ဟိန္ဒူလူမျိုးတို့ အထွဋ်အမြတ်ထားရာ မြို့၊ ယဉ်ကျေးမှုပေါင်းစုံရောစပ်တည်ရှိနေတဲ့ မြို့၊ ကမ္ဘာလှည့် ခရီးသည်တွေ ခြေခြင်း ခတ်မျှ လာရောက်လည်ပတ်ကြတဲ့ မြို့၊ ဂင်္ဂါမြစ်ကမ်းဘေးတွင် မေးတင်၍ ဖန်တီးတည်ဆောက် ထားခြင်းက မြို့ရဲ့ အလှဂုဏ်ကို ပိုမို၍ ရုပ်လုံးကြွစေသည်။ မြို့၏ နာမည်ကြီး ရေချိုးဆိပ်(၂၇)ခုတို့တွင် မကောင်းမှုမျှောရင်း ရေချိုးနေကြသူတို့ဖြင့် နေ့စဉ်မပြတ် စည်ကား လျှက်ရှိ၏။ ညနေချမ်းဆည်းဆာတွင် ဂင်္ဂါမြစ်ကို ပူဇော်ကြသော ဂင်္ဂါမာတာအာရတီပူဇာ ပွဲသဘင်တို့ကလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ရှိလေ၏။ အိန္ဒိယ အနုပညာများဖြင့် ဆန်းသစ်စွာ ဖန်တီးထားသော မြို့၏ တိုက်တာအဆောက်အဦးတို့ကို ဂင်္ဂါမြစ်ရေပြင်လွှာဖြင့် တွဲဘက်၍ မြင်ရသည်မှာ မရိုးနိုင်သော ပန်းချီးကားတစ်ချပ်၏ အလှကဲ့သို့ ကြည့်ရှု၍ မ၀နိုင်အောင် ရှိလှ၏။ 

     ယင်းမြို့ကို ဗာရာဏသာ အမည်ရှိသောမြစ်၏အနီး၌တည်ရှိသဖြင့် ဗာရာဏသီ ခေါ်ကြောင်း သဒ္ဓမ္မပကာသနီ အဋ္ဌကထာနှင့် ငဠုံပြန်ဆရာတို့ ခန့်မှန်းကြ၏၊ သို့သော် ညွှန်ပြစရာ ဗာရာဏသာမြစ် ထင်ရှားမရှိတော့ပေ။ မျောက်ဦးခေါင်းနှင့်တူသဖြင့် (သို့မဟုတ်) မျောက်ဦးခေါင်းနှင့်တူသော ကျောက်ဖျာ ရှိသဖြင့် ဗာရာဏသီ ခေါ်ကြောင်း အဘိဓာန်ဋီကာ ကြံဆသော်လည်း မျောက်ဦးခေါင်းနှင့် တူသော အချင်းအရာလည်း မတွေ့ ၊ ကျောက်ဖျာလည်း မထင်ရှားချေ၊ု မြစ်မြတ်ဂင်္ဂါရေ ရှိသည့် အတွက် ဗာရာဏသီခေါ်ကြောင်း သက္ကတဋီကာဆရာများ မိန့်ဆိုကြရာ ဂင်္ဂါရေကား ရှင်သန်လျက်ရှိပေ၏။ ၀ရုဏမြစ်နှင့် အသိ(အဆိ)မြစ်တို့၏ အကြား၌တည်ရှိသဖြင့် ဗာရာဏသီဟု အမည် တွင်ကြောင်း ဒေသခံတို့က ပြောဆိုကြရာ ထိုမြစ်တို့သည် ထင်ရှားလျက်ရှိနေပေ၏။ 

   ထိုမြို့တွင် တည်ရှိသည့် ၀င့်ကြွားခန့်ထည်လှသော တက္ကသိုလ်ကြီးမှာ ဘနားရပ်စ် ဟိန္ဒူ တက္ကသိုလ်ကြီးဖြစ်သည်၊ အာရှတိုက်တွင် အကျယ်ဆုံးတက္ကသိုလ်ကြီး ဖြစ်ပေ၏။ အသက်မွေးကြောင်း တက္ကသိုလ်(၃)ခု၊ မဟာဌာနကြီး(၁၆)ခု၊ ဌာနပေါင်း (၁၄၀)ခု တည်ရှိပြီး ၀ိဇ္ဇာ သိပ္ပံ စိုက်ပျိုးရေး စီးပွားရေး ပညာရေး ဥပဒေ စီမံခန့်ခွဲရေး စက်မှု ဆေး တိုင်းရင်းဆေး ပန်းချီ ပန်းပု ဂီတ ရှေးဟောင်း စစ်ပညာ ကွန်ပျူတာ စသော ပညာရပ်ပေါင်းများစွာကို တစ်စုတစ်ဝေးတည်း သင်ယူနိုင်သော တက္ကသိုလ်ကြီးဖြစ်သည်။ ဌာနအလိုက် ကြီးမားလှသော အဆောက်အဦးကြီးတို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပေ၏။ 

    ယင်းတက္ကသီလာရှိ အဓိပတိလမ်းမကြီးမှာ သာယာဖြောင့်ဖြူးလျှက်ရှိသည်။ လမ်းမကြီး၏ ၀ဲယာဘက်တို့တွင် စိန်ပန်းပင်တန်း သစ်ပုတ်ပင်တန်း မန်ကျည်ပင်တန်း တမာပင်တန်း သပြေပင်တန်း သရက်ပင်တန်းတို့က စနစ်တကျ ၀ိုင်းရံလျှက်ရှိကြသည်။ ထိုသစ်ပင်ကြီးတို့ပေါ်၌ ဥသြ ဆက်ရက် သပိတ်လွယ် ပျံလွှား ကြက်တူးရွှေး ရှည့် စသော အရောင်အသွေးစုံ လှသော ကျေးငှက်သာရကာ တို့သည် ဘေးကင်းလုံခြုံစွာ ပျော်မြူးလျှက်ရှိကြသည်၊ အမြီးဖြန့်လျှက် ပျော်ရွှင်စွာ ကခုန်နေကြသော ဥဒေါင်းတို့၏ အလှတို့ကလည်း မြင်ရသူတို့ရင်ကို အေးမြစေသည်။ တစ်ခါတစ်ရံ အစာရှာထွတ်လာကြသော မျောက်တစ်သိုက်တို့ ရောက်လာ ကြပြီဆိုလျင် တုတ်ကိုင်ကာ ချောက်ပေးကြရ၏၊ သူတို့၏ ဓလေ့ အရ ကျေးငှက်သာရကာတို့ကို သတ်ဖြတ်လေ့ မရှိကြသဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြပေ၏။ 

       စိန်ပန်းကမ္ဗလာတို့ စွေ့စွေ့နီချိန်ဆိုလျှင် အဓိပတိလမ်းမကြီးတလျှောက်လုံး ကမ္ဗလာလမ်း ဖြန့်ခင်းလျှက် လှချင်တိုင်းလှပနေပေတော့၏၊ လှပလှသော ထိုအဓိပတိလမ်းမကြီးပေါ် သူ လျှောက်လှမ်းနေခဲ့သည်မှာ သုံးနှစ်သုံးမိုး တိုင်ခဲ့ပေပြီ။ စာပေများကို ပွေ့ဖက်လျှက် အားမာန် တက်ကြွစွာ သူလျှောက်လှမ်းဖြစ်၏။ နွေဦးကာလ လေရှုးထ၍ ဥသြငှက်လေးများ၏ တွန်သံကြားရသည့် အချိန်၊ ရဲရဲနီသော လက်ပံပွင့်တို့ မြေခ ကြွေကျသည့်အချိန် ရောက်ပြီဆိုလျှင် အလွမ်းဓာတ်ခံရှိသော သူ့အဖို့ အမိမြေကို လွမ်းမိတတ်သည်။ 

    တက္ကသီလာနှင့် အဓိပတိလမ်းမတို့သည် စာမဖွဲ့နိုင်လောက်အောင် လှပခန်းညားသော်လည်း သူ့ကို ပြည့်ပြည့်၀၀ မပျော်မွေ့စေနိုင်ပါ၊ ယင်းအလှတို့ကို သူ နှစ်ခြိုက်စွာ မခံစားနိုင်ပေ။ 

    တက္ကသိုလ်ကျောင်းသားကြီးဖြစ်သော သူ့ကို ပညာရေး စားဝတ်နေရေး စသော အရေး များစွာတို့က နှိတ်စက်လေ့ရှိတတ်သည်။ ပညာရေးတွင် မရင်းနှီးသော ဘာသာရပ်တို့ကို သင်ယူ ရ သောကြောင့် ဆည်းပူရ ရှာဖွေရ ဖတ်ရှု့ရ မေးမြန်းရခြင်းတို့ဖြင့် အားပါးတကုတ် ကြိုးစားအားထုတ်၍ နေရပေ၏။ အမိမြေမှာနေခဲ့စဉ်က သပိတ်တစ်လုံးအားကိုးကာ ဆွမ်းကိစ္စ မကြောင့်ကြခဲ့ရသော်လည်း တက္ကသီလာ ကျောင်းတော်ကြီးမှာကား အချိန်မှီ ဗိုက်ဖြည့်ဖို့အရေး အားတင်းကာ ရုန်းကန်ရ၏။ တက္ကသိုလ်ကြီးကို စရောက်ချိန်က တက္ကသိုလ်ပညာရပ်များကို စိတ်မ၀င်စားနိုင်သေးဘဲ ၀မ်းရေး အတွက် စီနီယာနောင်တော်ကြီးများထံမှ ဈေးဝယ်ကုလားစကားပြောနှင့် ဟင်းချက်နည်း သင်တန်းတို့ကို စတင် သင်ယူခဲ့ရသည်။ ချက်ပြုတ်ပြီး စားဖြစ်သည့်အခါ ရှိသကဲ့သို့ စားမဖြစ်လောက်အောင် ညံ့လွန်းသဖြင့် သွန်ပစ်ရသည့် အခါတို့ကလည်း မနည်းလှပေ၊ တစ်ခါတစ်ရံ မြန်မာပြည်မှ ၀ယ်ယူခဲ့သော ဟင်းချက်နည်းတစ်ထောင် စာအုပ်ကို လက်စွဲပြု၍ ချက်ခဲ့ရသည်။ မဇ္ဈိမဒေသရောက်မှ အမိမြေက ပုံမှန်ဆွမ်းဝတ်မြဲကြသော ဆွမ်းဒကာမတို့ကို ကိုယ်ချင်းစား နားလည်မိကာ မေတ္တာ အကြိမ်ကြိမ် ပွားမိတော့သည်။

    နေထိုင်ရေးအတွက်မူ အဆောင်နေထိုင်ခွင့် ရပါက သက်သာလှသော်လည်း အဆောင် မရသဖြင့် အိမ်ငှားနေရသော ဒုက္ခကား မသေးလှပေ၊ နေ့စဉ်ပုံမှန် အတန်းတက်ကြမည်ဖြစ်၍ တက္ကသိုလ်နှင့်နီးသော အိမ်ကို ရှာဖွေကြရသည်။ မီးခြစ်ပုံးသာသာရှိသော အခန်းလေးကို ဈေးကြီး ပေးကာ ငှားကြရသည်။ လကုန်ပါက အိမ်လခ,ရေခ, မီးခ,တို့ ရှင်းရသည်မှာ မထောင်းသာပေ။ ရံဖန်ရံခါ လောဘကြီးသည့် အိမ်ရှင်တို့ ညစ်သမျှ ခံကြရပေသေးတော့သည်။ 

   မည်သို့ပင်ဖြစ်စေ လွမ်းမောဖွယ်ရာ အဓိပတိလမ်းမပေါ်တွင် သူလျှောက်လျက်ရှိသည်။ ဆက်လက်၍လည်း လျှောက်နေအုံးမည်သာ ဖြစ်ပေ၏။

 (၃)

    ငွေသောင်ကမ်းခြေ အပန်းဖြေဖို့ စမ်းရေအယဉ် တသွင်သွင်နှင့် အစဉ်မပြတ် စီးသွားရာ အရပ်လည်း ဖြစ်ပေထသော၊ မြို့ရွှာအူသံ မဆူညံပဲ လူသံတိတ်ချိန် ဆိတ်ငြိမ်အေးမြပေထသော၊ ရာသီမလင့် ခါသီသင့်၍ သီးပွင့်ငုံကင်း ရဂုံတွင်းမို့ ထုံသင်း၍ကြိုင် တလှိုင်လှိုင်တင့်တယ်ပေထသော၊ စိမ်းတစိုစို ညိုတမှောင်မှောင် ခိုရောင်မြသွေး ကမ္ဘာ့ဆေးဖြင့် အလှရေးသည့်အသွင် သစ်ပင်ပိတ်ပေါင်း အရိပ်ကောင်းတို့သည်၊ ၀ဲယာရစ်သန်း ဖုံးလွှမ်းအပ်ပေထသော ၊ ကိုယ်တည်းအောင်းခို ဗြဟ္မစိုရ်ဖြင့် အလိုပြည့်ဝ ဖြေ့စရာ့နှင့် တွေ့ရပေတောင်း ဤ သင်္ခမ်းကျောင်းကလေးသည်၊ မနောကြည်ကြည် သဘောတည်လျက် တောမှီလိုရိပ် ယောဂီစိတ်ကို ၊ ၀ါဂွမ်းဆီထိ အကြည်ပြည့်ဖို့ ပီတိဓာတ်နိုး မပြတ်တိုးလျက် မြတ်နိုးနှစ်သက် စေနိုင်လေစွတကား။

    တောင်မြို့ဆရာတော်ဘုရားကြီး ရေးသားပြီး သန္တရသတို့ဖြင့် ရစ်ပတ် ဖွဲ့သီ ထားသော တောကျောင်းကလေး၏ ရှု့မျှော်ခင်းပင် ဖြစ်သည်၊ ဖတ်မိတိုင်း အလွန်ပျော်မွေ့ဖွယ်ကောင်းသော တောကျောင်းကလေးကို မြင်ရောင်မိသည်။ ယင်းကျောင်းကလေးတွင် တရားဖြင့် မွေ့လျော်နေ ကြသော သူတော်ကောင်းကြီးတို့ကိုလည်း ကြည်ညိုနေမိလေ၏။ 

     သူငယ်တော် တဲ့။ တံတားဦးမြို့ရဲ့ အနောက်ဘက် သုံးမိုင်အကွာတွင် တည်ရှိတဲ့ရွာ။ အင်းဝခေတ်ကတဲက ရှိခဲ့တဲ့ ရွာကြီးတစ်ရွာ။ အနည်းဆုံး ရွာသက်တမ်း အနှစ်ခြောက်ရာ ခြောက် ဆယ်လောက် ရှိပြီဖြစ်သည်။ တောင်သူ ပန်းရံ လက်သမားလုပ်ငန်းတို့ဖြင့် အသက်မွေး ကြသော ရွာကြီးဖြစ်သည်။ 

     ထိုရွာနှင့် မနီးမဝေးတွင် တောရကျောင်းတည်ရှိသည်။ တောရကျောင်းဝန်းသည် ကျယ်ဝန်းပြီး သန့်ရှင်း၏။ သာယာ၏။ ဆိတ်ငြိမ်၏။ ဂန္ဓကုဋိတိုက်၊ ပိဋကတ်တိုက်၊ သံဃာများ သီတင်းသုံးရာ ကျောင်းဆောင်တန်း၊ ယောဂီများ နေရာအဆောင်တန်း၊နားနေဆောင်၊စုပေါင်းတရား အားထုတ်ရာ ဓမ္မာရုံကြီးများ၊ ရေအိုးစင်လေးများ စသည်ဖြင့် စနစ်တကျ ဖန်းတီးထား၏။ ကြည်ညိုဖူးမျှော် မ၀ဖြစ်ကြရသည့် လောကထွဋ်တင် စေတီတော်မြတ်ကြီးကြောင့် ပို၍ပင် တင့်တယ်လှပေသည်။ အစစအရာရာ ပြည့်စုံလှသဖြင့် တရားအားထုပ်လိုကြသူ၊ စာကျက်ကြလိုသူတို့၏ နားခိုပျော်မွေ့ရာ နေရာမြတ်ကြီးလည်း ဖြစ်နေပေသည်။

  သံလမ်းကို ကျော်ကာ ကျောင်းဝိုင်းကို ၀င်လိုက်သည်နှင့် ချောမွေ့ဖြောင့် တန်းနေသော တောရလမ်းလေးက ကြိုဆိုလျှက်ရှိသည်။ တောရလမ်းလေးသည် မကျယ်ဝန်းလှပေမဲ့ သာယာ ဖြောင့်ဖြူးနေသည်။ မကြီးကျယ်လှပေမဲ့ ကျောက်ခဲကလေးတို့ဖြင့် ညီညာစွာ ဖြန့်ခင်းထားသည်။ အ၀င်လမ်းလေး၏ ညာဘက်ခြမ်းတွင် အမျိုးသားယောဂီဆောင်လေးတို့ကို စီတန်းစွာ ဆောက် လုပ်ထား၏။ တောရလမ်းကလေးတို့၏ တဖက်တချက်တို့တွင် မန်းကျည်းပင်တန်း ကျွန်းပင်တန်း တမာပင်တန်း အုန်းပင်တန်းတို့က လှပစွာ ခြံရံထားကြသည်။ အထူးသဖြင့် နှစ်ပေါင်းရာချီ ကြာညောင်းခဲ့ပြီဖြစ်သော မန်းကြီးပင်ကြီးတို့သည် အုပ်ဆိုင်းညို့မှိုင်းကာ စိမ်းစို၍ နေပေ၏။ ထိုအပင်ကြီးတို့အပေါ်တွင် ဗျိုင်း ကျီး မယ်ညို ဆက်ရက်စသော ငှက်အပေါင်းတို့သည် အသံမျိုးစုံ တွန်းကျူးကြလျက် ဘေးကင်းလုံခြုံစွာ ခိုနားလေ့ရှိကြသည်။

   ဆိတ်ငြိမ်အေးချမ်းလှသော ဤတောရလမ်းလေးသို့ သူ အကြိမ်များစွာ လျှောက်ခဲ့ဘူးပါသည်။ ဤတောရလမ်းလေးပေါ်တွင် နှစ်ခြိုက်ခုံမင်စွာ ပျော်မွေ့ခဲ့ဘူးသည်။ မှတ်မှတ်ရရ တောရကျောင်း၏ ကိုးနှစ်ပြည့်ခါစအရွယ်တွင် သူ ထိုလမ်းလေးပေါ် စတင်ခြေချခဲ့သည်။ ဆရာတော်၏ မေတ္တာ ရိပ်အောက်တွင် ခိုလှုံနေထိုင်ကာ တစ်လကျော်ကြာ စာကျက်ခဲ့ရ တရားအားထုပ်ခဲ့ရသည်။ ဆရာတော်၏ စောက်ရှောက်မှု ချီးမြှောက်မှုတို့ကြောင့် သာသနာတော်အတွက် အင်အား များပြည့်ဝကာ ခွန်အားသစ်များ တိုးပွားခဲ့ရသည်။

   နောက်ပိုင်းတွင် တောရနှင့် ဝေးသွားသည်တိုင် အချိန်ရသည့်အခါတိုင်း မကြာခဏ အလည်ရောက်ဖြစ်ခဲ့သည်။ ဆရာတော်ကို ဖူးမျှော်ရင်း ဆရာတော်၏ ပေးကမ်းချီးမြှောက်မှုတို့ကို တစ်ပွေ့တစ်ပိုက်ကြီး ခံယူခဲ့ရ ပျော်ရွင်ခဲ့ရသည်။ တစ်ခါတစ်ရံ တစ်လတန်ကြာ စာကျက်ရင်း အနား ယူရင်းတို့ဖြင့် မကြာမကြာ သွားနေဖြစ်ခဲ့သည်။

    ရိုးရှင်းလှသော တောရလမ်းကလေးသည် အမြဲပင် ဆိတ်ငြိမ်နေပါသည်။ ရင့်ကျက်နေပါသည်။ တည်ငြိမ်နေပါသည်။တရားအားထုပ်ကြသူ ယောဂီသူတော်စင်တို့၏ ၀တ်ပြုသံ အမျှဝေသံ သာဓုသံ တို့နှင့် ပရိယတ္တိ သင်ယူနေကြသူ စာသင်သားတို့၏ စာကျက်သံဟူသော ဆွဲလဲသံလေး တို့ဖြင့် ဝေစည်၍ နေပေသည်။ ဤလမ်းကလေးပေါ် လျှောက်လှမ်းကြသူ တိုင်း အေးချမ်းနေကြပါသည်။

       သူ တောရလမ်းကလေးပေါ် စတင် ခြေချမိခဲ့စဉ်က သံဃာ(၁၀)ပါးပင် မပြည့်ခဲ့သော်လည်း ယခုအခါ အမြဲနေ ၀ါဆိုသံဃာ(၁၃၀)ကျော်တို့ဖြင့် စည်ပင်နေပေပြီ။ တောရ၏ သာသနာရောင် ထိန်ထိန်လင်းနေပေပြီ။

     တောရတွင် သူနေခဲ့စဉ်က အချိန်လေးတွေကို ပြန်လည်၍ အမှတ်ရနေမိသည်။ စာကျက်သောသံဃာဟု အခွင့်ရေးပေးကာ ချီးမြှောက်ထားသဖြင့် မနက်ဝတ်တက်မလိုက်ရ၊ ဆွမ်းခံ မလိုက်ရပေ။ ထိုကြောင့် နေ့စဉ် စောစောထပြီး ဂုဏ်တော်ပွား ပရိတ် ပဋ္ဌာန်းရွက်ကာ မေတ္တာဘာဝနာ ပွားများဖြစ်၏။ ယင်းနောက် စာကျက်၊ အာရုံဆွမ်းဘုန်းပေး၊ ရှဉ့် ကျီးကမ်းတို့ကို အစာကြွေး၊ ကျောင်းဝန်း သန့်ရှင်းရေး သေနာသန၀တ်လုပ်၊ စာကျက် စသည် လုပ်ငန်းကောင်းလေးတို့ဖြင့် အချိန်ကုန်ခဲ့ရ၏။ ဆွမ်းကွမ်းအတွက် လုံးဝ ကြောင့်ကြစိုက်စရာမလိုပေ။ အချိန်တန်၍ ဆွမ်းကျောင်း သံချောင်းခေါက်ပါက ဆွမ်းကျောင်းတက်ပြီး ဘုန်းပေးရုံသာ။ နေ့လည်ပိုင်း တနေခင်းလုံး စာလုပ်ဖြစ်၏။ 

     ညနေချမ်းဆည်းဆာအချိန်တွင် သီတင်းသုံးဖော်များနှင့်အတူ စေတီတော်ကြီးဘက်သို့ လမ်းလျှောက်ကြပြီး ဘုရားဖူးကြ လေညှင်းခံကြ၏။ အညာဒေသ၏ ထန်းပင်တန်းကြီးများနှင့် စိမ်းစိမ်းစို့စို့ ယာခင်းအလှတို့ကို ကြည့်ရှု့ခံစားကြပြီး စိတ်ဓာတ်တို့ လန်းဆန်းတက်ကြွကြရ၏။ ကျမ္မာရေးကို များစွာ အထောက်အကူဖြစ်စေခဲ့၏။ ၀တ်တက်သံချောင်းခေါက်သံ အချက်ပေးသောအခါ ဓမ္မာရုံကြီးပေါ်တက်ကာ စုပေါင်းဝတ်တက်ကြပြီး ဆရာတော်၏ သြ၀ါဒကို ခံယူကြရ၏။ ရေမီးလည်း ပြည့်စုံသဖြင့် ညပိုင်းစာလုပ်ရသည်မှာ အဆင်ပြေလှပေ၏။ တစ်နေကုန် ပရိယတ် ပဋိပတ် အလုပ်ခွင်တွင် ပျော်မွေ့နေရသဖြင့် အကုသိုလ်တို့ ၀င်ရောက်ခွင့် မရဘဲ စိတ်သည် အမြဲပင် ကြည်လင်လန်းဆန်းနေခဲ့လေ၏။

    နီးလျှက်နဲ့ဝေးခဲ့ရသော အဖြစ်တစ်ခုသည်လည်း သူ့ကိုအမြဲသတိရစေသည်၊ တစ်ခါက သူ့ထံ ဖုန်းလာသဖြင့် တည်ဆောက်ဆဲ ဘုရားရင်ပြင်ပေါ်တက်ကာ ဘုရားကိုကျောပေးပြီး ဖုန်းပြောနေ၏။ ယင်းအချိန်က ဖုန်းလိုင်းများသိပ်မကောင်းသေး၍ စေတီပေါ်တက်ပြောမှ ကြည်လင်စွာ ကြားရ၏။ ဆရာတော်လည်း စေတီတော်နှင့် မနီးမဝေးတွင် ဗုဒ္ဓါနုဿဿသတိပွားများကာ လမ်းလျှောက်နေ၏။ ၄င်းအချိန်တွင် စေတီတော်မှ ရောင်ခြည်တော်များကွန့်မြူးစပ္ပါယ်နေပေပြီ။ စေတီတော်နှင့် အနီးဆုံးတွင် ရှိနေသောသူ့မှာ စေတီတော်ကိုကျောပေးထားသဖြင့် ဖူးမြင်ခွင့်မရဘဲ ကံကောင်းသော ဆရာတော်မှာ အားပါးတရ ကြည်ညိုခွင့်ရလေ၏။ ဖုန်းဆက်ပြီးရင်ပြင်ပေါ်မှ ဆင်းလာသောသူ့ကို ဖူးလိုက်ရသလားဟု ၀မ်းသာအားရဖြင့် ဆရာတော်မေးလာသောအခါမှ နီးလျှက်နဲ့ဝေးခဲ့ရသော သူ့ကိုယ်သူ မကျေမနပ် ဖြစ်ခဲ့ရသည်။ တစ်ဘ၀တစ်ကိုယ် တစ်ခါမှ မတွေ့ဘူးသေးသော ရောင်ခြည်တော်များကို အကြိမ်တစ်ထောင်မက ၀တ်ချကာ ဖူးမြှင်လိုက်ချင်ပါသည်။ သို့သော် ဆရာတော်မိန့်ဖူးသကဲ့သို့ ‘မတူ၍ မတူခြင်းသာ’ ဟု ဖြေသိမ့်ရပါတော့သည်။

      တောရလမ်းကလေးသည် အေးချမ်းလျှက် တည်ငြိမ်လျှက် ဆိတ်ငြိမ်လျှက် ရှိသည်။ သို့သော် သူကား ဤလမ်းကလေးနှင့် ဝေး၍ နေခဲ့ပေပြီ။ 

(၄) 

     သူ့ဘ၀တွင် မတူသော လမ်းနှစ်သွယ်ကို လျှောက်ခဲ့ဘူးပါသည်။ အဓိပတိလမ်းနှင့် တောရလမ်း။ အပူလမ်းနှင့် အအေးလမ်း။ 

    အဓိပတိလမ်းမကြီးသည် ပကာသနများလွမ်းခြုံထားသဖြင့် ကြီးကျယ်သည်၊လှပသည်၊ ခန့်ညားသည်၊ ထည်ဝါသည်။ လာရောက်ကြသူတို့ကို မခွဲချင် မခွါချင်အောင် နောက်ထပ် အကြိမ်ကြိမ် လာချင်အောင် ဆွဲဆောင်မှုအပြည့်ရှိပေသည်။

     တောရလမ်းကလေးသည် ပကာသနမပါ ဓမ္မဖြင့်သာ ရစ်ပတ်ထားသဖြင့် အဓိပတိ လမ်းမကြီးလောက် မကြီးကျယ်ပါ၊ မလှပပါ၊ မခန့်ညားပါ၊ မထည်ဝါပါ။ သမုဒယဖြင့် ရစ်ပတ် တွင်ငင်ကြသူတို့အတွက် အချိန်အတန်ကြာ မလှမ်းချင်ကြပေ။ ရေဆန်ခရီးကို ဆန်တက်လိုသူ တို့အတွက် ရဲ့ဝံ့တည်ကြည်စွာ လျှောက်ကြရမည့် လမ်းကလေး ဖြစ်၏။ 

     မည်သို့ပင်ဖြစ်စေ သူသည် အဓိပတိလမ်းမကြီးပေါ် ကျေနပ်စွာ လျှောက်လျက်ရှိပေသည်။ အမှောင်ထဲတွင် ရောက်နေသူသည် အလင်းရောင်ကို အောက်မေ့မိသကဲ့သို့ နွေရာသီ သဲကန္တာရနေပူထဲတွင် ခရီးပင်ပန်းနေသူသည် စမ်းရေအေးလေးတစ်ပေါက်ကို တမ်းတမိသကဲ့သို့ သူလဲ တစ်ရံတစ်ခါ စမ်းရေးအေးလေးတစ်ပေါက်ကို တမ်းတမိပေသည်။ စာဖတ်သူတို့ရော မည့်သည်လမ်းကို လျှောက်နေကြသနည်း။ မိမိတို့ဘ၀အတွက် လမ်းကြောင်းမှန် ကို ရွေးချယ်တတ်ကြဖို့တော့ လိုလိုက်မည်ထင်ပါသည်။ 

( တံတားဦးမြို့နယ်။ သူငယ်တော်တောရ နှစ်နှစ်ဆယ်ပြည့် အထိမ်းအမှတ်အတွက် ပူဇော်ခဲ့သော စာမူဖြစ်ပါသည်။ )
သိမ်မွေ့ဦး (BHU) 
(၂၀-၆-၂၀၁၀)

No comments:

Post a Comment