ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

04/03/2014

မျိုးစောင့်ခံတပ်

1. စီးဆင်း ရင်ခွင် | 3/04/2014 | 2. 3. 4. 5. 6. Best Blogger Tips
          ပြီးခဲ့သည့် ရက်အနည်းက မဘသ အဖွဲ့ကြီး၏ ဗဟို ဥက္ကဋ္ဌဆရာတော် ၊ အင်းစိန် ရွာမပရိယတ္တိ ဆရာတော်ဘုရားကြီးမှ အမျိုး ဘာသာ သာသနာကို စောက်ရှောက်နိုင်ရေးအတွက် ဥပဒေလေးရပ်ကို ပြဋ္ဌာန်းပေးပါရန် နိုင်ငံသားပေါင်းတစ်သန်းကျော် ထောက်ခံထိုးထားသည့် လက်မှတ်တို့နှင့်အတူ သမ္မတထံ တင်ပြခဲ့သည်။ ယင်းနောက် သမ္မတကြီးမှ ဥပဒေပြုနိုင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌသို့ ပေးပို့ခဲ့သည်။ ထိုသတင်းနှင့်အတူ ဝေဖန်သံများလည်း ယခင်နှစ်ကကဲ့သို့ ဆူညံစွာ ထွတ်ပေါ်ခဲ့၏။ 


  အချို့က ဘုန်းကြီးများကို ကိုယ့်အလုပ်ကို မလုပ်ဘဲ ယောနိလို ကိစ္စတွေမှတောင် ၀င်ရောက်စွတ်ဖက် နေသည်ဟု ရိုင်းပြစွာ ဝေဖန်ကြ၏။ အချို့က ဒီမိုကရေစီ သက်တမ်းနုနု ပြုပြင်ပြောင်းလဲရေး အချိန်ကာလမို့ အရေးကြီးလုပ်စရာများ များပြားလှ၏။ ထိုကြောင့် အမျိုးစောင့်ဥပဒေ ကိစ္စ ပြုလုပ်ရန် အချိန်မတန်သေးဟု ထင်မြင်ချက်ပေးကြ၏။ အပြုသဘောထောက်ပြမှုများအတွက် စဉ်းစားတွေး ခေါ်စရာ ဖြစ်သော်လည်း ရိုင်းပြစွာ ဝေဖန်မှု များအတွက်တော့ အထူးပင် စိတ်မကောင်း ဖြစ်ရ၏။ 

        မျိုးစောင့်ဥပဒေကိစ္စနှင့် ပတ်သက်၍ ဦးဆောင်နေသည့်ပုဂ္ဂိုလ်၊ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းတရား တို့နှင့် ရည်ရွယ်ချက်တို့ကို ဆန်းစစ်သင့်သည်။ ဦးဆောင်နေသည့်ဆရာတော်မှာ အင်းစိန်၊ ရွာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အရှင်တိလောကာ ဘိဝံသဖြစ်သည်။ သီလ၀န္တ လဇ္ဇီ ပေသလ သိက္ခာကာမ ဆရာတော်ကြီး ဖြစ်သကဲ့သို့ ကျမ်းပေါင်းများစွာကို ပြုစုရေးသားခဲ့၏။ ယခုခေတ် စာသင်သားတိုင်းလိုပင် ဆရာတော်၏ ကျမ်းစာတို့ကို လက်စွဲပြုကာ သင်ယူကြရ၏။ အမှန်တရားဘက်တွင် အမြဲရပ်တည်သူဖြစ်၍ စစ်အစိုးရ၏ ထောင်တွင်း အကျဉ်းချခြင်းကို ခံခဲ့ရ၏။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့တွင် ပါဝင်ခဲ့ဖူးပြီး အမှန်တရားအတိုင်းလုပ်၍ မရသောကိစ္စအချို့ကြောင့် မိမိဆန္ဒအရ ယင်းအဖွဲ့ကြီးမှ နှုတ်ထွတ်ခဲ့သူ ဖြစ်၏။ မေတ္တာဓာတ်ကြီးမားလှကာ ရိုးသားဖြောင့်မတ်လှသဖြင့် ရဟန်း ရှင် လူတို့၏ ယုံကြည်ကိုးစားခြင်းကို ခံယူရသော ဆရာတော်ကြီး တစ်ပါးဖြစ်ပေ၏။

     ယင်းဥပဒေဖြစ်ပေါ်ရန် တိုက်တွန်းရခြင်း၏ အကြောင်းတရားတို့ကို လေ့လာကြည့်သော် ဘာသာခြားနှင့် လက်ထပ်မိသော ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးလေးတို့အတွက် ဥပဒေ၏ ကာကွယ် စောက်ရှောက်မှု မလုံလောက်ခြင်း၊ ရခိုင်ပြည်နယ်တွင် ဘာသာခြား လူဦးရေ အဆမတန် ဖောင်းပွနေမှုကြောင့် ဗုဒ္ဓဘာသာတို့အတွက် လုံခြံမှု မရှိတော့ခြင်း၊ လတ်တလော ဖြစ်ခဲ့သော ပဋိပက္ခတို့တွင် အချင်းချင်း နားလည်မှု လွဲမှားကြခြင်း စသော အကြောင်းတရားတို့ကို တွေ့ရပေသည်။ ထိုကြောင့် မြန်မာနိုင်ငံသား လူမျိုးများ ယုံကြည်ကိုးကွယ်သည့် ဘာသာ သာသနာ အချင်းချင်း ယုံကြည် ချစ်ခင်မှုဖြင့် သံသယကင်းစွာ ဆက်ဆံနိုင်ရန်၊ အမျိုးဘာသာ သာသနာနှင့် နိုင်ငံလူမျိုးမကွယ်ပျောက်ရေး အတွက် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဥပဒေကို ပြဌာန်းပြီး ကာကွယ်ပေးရန်၊ လူဦးရေ တိုးပွားမှုကို ထိန်းညှိပေးရန် စသော ရည်ရွယ်ချက် တို့ကို တွေ့ရပေသည်။

         လူသားအများစုတို့သည် မိမိ မိသားစု၊ ဆွေမျိုးတို့၏ အရေးကိစ္စတို့ကိုသာ အဓိကထား၍ ကူညီ စဉ်းစားကြ၏။ ဆွေမျိုးဝေးလျှင် အလုပ်ရှုပ်ခံ၍ ကူညီ မဖြေရှင်းချင်ကြပေ။ အခန့်မသင့်ပါက ကူညီသူပါ ကြံရာပါအဖြစ် ပြဿနာထဲ ပါသွားမှာ စိုးရိမ်ကြ၏။ ရဟန်းသံဃာတို့ကား ထိုသို့မဟုတ်ပေ။ ဒကာ၊ဒကာမတို့၏ ပြဿနာမှန်သမျှ တတ်နိုင်သမျှ ကူညီဖြေရှင်းပေးကြ၏။ ဒုက္ခရောက်သူ တို့ကို မေတ္တာဖြင့် ဖေးကူကြရ၏။ ထိုကြောင့် ဒုက္ခရောက်သူတို့သည် ဘုန်းကြီးများထံသို့ ပြေးလားကာ အကူညီတောင်းကြ၏။ 

       အထူးသဖြင့် ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးလေး များသည် ဘ၀ရှေ့ရေး သေချာစွာ မတွေးပဲ မူစလင် အမျိုးသားများနှင့် လက်ထပ်မိကြ၏။ လက်ထပ်ပြီးနောက် မိမိဘာသာဝင် အမျိုးသမီးနည်းတူ တန်ဖိုးထား ပေါင်းသင်းပါက ပြဿနာမရှိပေ။ မူစလင်အမျိုးသားတို့ကား ထိုသို့မဟုတ်၊ သူတို့ဘာသာထုံးစံအတိုင်း မယားများစွာ ယူ၏။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို မယားငယ်ဘ၀ နေစေ၏။ အမျိုးမျိုး နှိတ်စက်၏။ ဘုရားပုံနင်းကာ သူတို့ဘာသာထဲ ၀င်စေ၏။ အချို့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့မှာ လက်ထပ်ပြီးနောက် မိဘကိုပင် ရိုင်းပြစွာ စော်ကားကြတော့၏။ ထိုကြောင့် အိမ်ထောင်ရေးအမှားကို ကျူးလွန်မိသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးတို့မှာ အတိဒုက္ခရောက်ကြရသကဲ့သို့ မိဘတို့မှာလည်း စိတ်ဆင်းရဲကြီးစွာ ဖြစ်ကြရသည်။ ထိုမိသားစုတို့သည် ကူညီရာမဲ့ ဖြစ်ပြီး မျက်ရည်လည်ရွှဲဖြင့် ရဟန်းသံဃာတို့ထံ လာရောက်ကာ ကူညီတောင်းကြ၏။ ရဟန်းသံဃာတို့သည် တတ်နိုင်သမျှ ကူညီပေးကြပါသော်လည်း ကာကွယ်ပေးမှု ဥပဒေ လုံခြုံစွာ မရှိသဖြင့် ကာယကံရှင်အမျိုးသမီးများမှာ နစ်နာလှသည်။ ထိုကဲ့သို့ အစွန်းရောက် မူစလင် တချို့တို့၏ လုပ်ရပ်တို့ကြောင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများစွာ ဒုက္ခရောက်ကြရ၏။

     မျိုးစောင့် ဥပဒေကို ထောက်ပြသူအချို့က ၁၉၅၄ ခုနှစ်၊ မြန်မာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အထူးဥပဒေသည် ပြည့်စုံ လုံလောက်ပြီးဖြစ်၍ အသစ်ပြဋ္ဌာန်းရန် မလိုဟု ထောက်ပြကြ၏။ ထိုကိစ္စကို မိမိအနေဖြင့် ဥပဒေဆိုင်ရာ မကျွမ်းကျင်သဖြင့် မသုံးသပ်လိုပေ။ သို့သော် မူစလင်နှင့် လက်ထပ်မိသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးများမှာ အတိဒုက္ခ ရောက်နေ ကြဆဲဖြစ်၏။ စိတ်ချလုံခြုံသော ကာကွယ်မှုကို ယခုအချိန်ထိ မပေးနိုင်သေးပေ။ စစ်အစိုးရ အဆက်ဆက် ယင်းဥပဒေကို မလိုက်နာ မကျင့်သုံးခြင်းကြောင့်လည်းကောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအတွက် ကာကွယ်လုံခြုံသော ဥပဒေ တိကျစွာ မရှိခြင်းကြောင့်သော်လည်း တစ်ခုခုကြောင့် ဖြစ်မည်။ ထိုအချက်ကို ဥပဒေပညာရှင်များ သေချာစွာ စဉ်းစားသင့်သည်။

         ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးများ ဥပဒေဖြင့် လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ရဟန်းသံဃာ များက မျိုးစောင့် ဥပဒေဖြစ်ပေါ်လာရန် တစ်စိုက်မတ်မတ် ကြိုးစားနေကြ၏။ ထိုသို့လုပ်နေခြင်းမှာ အမျိုးသမီး အခွင့်အရေးကို ချိုးဖောက်နေခြင်း၊ ကန့်သတ်နေခြင်း မဟုတ်ဘဲ ရသင့်ရထိုက်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့၏ အခွင့်အရေးတို့ကို ရရှိခံစားစေရန် ကူညီပေးနေခြင်းဖြစ်သည်။ “အစ္စလာမ် ဘာသာတွင် ဘာသာကွဲနှင့် လုံးဝ လက်ထပ်ခွင့် မပြုခြင်း ၊ ဘာသာကွဲ ဖြစ်သူသည် အစ္စလာမ်ဘာသာသို့ တရားဝင် ကူးပြောင်းပြီးသည့်အခါမှသာ လက်ထပ်ခွင့် ရရှိခြင်း” စသည်ဖြင့် အခြားဘာသာတို့တွင် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို တိကျစွာ ပြဋ္ဌာန်းပြီး လိုက်နာကျင့်သုံးနေကြသော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတို့အတွက်မှု လုံခြုံမှု ပြည့်ဝသော ဥပဒေမရှိသေးပေ။ ဗုဒ္ဓဘာသာဝင်တို့သည် ထိုအရေး စိတ်မအေးဘဲ လေးနက်စွာ တွေးသင့်ပေသည်။ 

      ယခု ရေးဆွဲထားပြီးသော ဥပဒေမူကြမ်း၌ အားနဲချက်၊ အားသာချက်များ ရှိနိုင်ပေသည်။ ထိုအကြောင်းအရာတို့ကို ရဟန်းသံဃာများ၊ ဥပဒေပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အမျိုးသမီးများ စုပေါင်းကာ အဖြေရှာသင့်သည်။ ထိုသို့ အဖြေရှာကြရာ၌ လူအခွင့်အရေးတစ်ခုတည်းကိုသာ မကြည့်ဘဲ အခြားသာသာဝင်တို့၏ ဥပဒေတို့နှင့် ကိုက်ညီကာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့အတွက် လုံခြုံသော အခွင့်အရေးတို့ကို ပေးကြရပေမည်။ စုပေါင်း အဖြေရှာ အတည်ပြုပြီးနောက် ထိုဥပဒေတစ်ရပ် အတည်ဖြစ်လာရန် ကြိုးစားသင့်ပါသည်။ ထိုဥပဒေကို အကြောင်းပြု၍ နိုင်ငံရေးသမားတို့၏ အမြတ်ထုတ်ခြင်း မခံရရန် သတိကြီးစွာ ထားကြရပေမည်။ 

      ရဟန်းသံဃာများနှင့် ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ယဉ်ကျေးမှုသင်တန်း၊ ဓမ္မစကူးလ်သင်တန်း၊ အဘိဓမ္မာသင်တန်း စသော သင်တန်းများကို တောရောမြို့ပါ မကျန် တွင်ကျယ်စွာ ဖွင့်လှစ်ကြရမည်။ ထိုသင်တန်းများ၌ ဗုဒ္ဓဘာသာ၏ တန်ဖိုး၊ အနှစ်သာရ၊ ကျင့်စဉ်တို့ကို သူ့အရွယ်အလိုက် နားလည် နိုင်ရန် ရှင်းပြသင့်သည်။ နှလုံးသား၌ ငြိမ်းချမ်းသော ဗုဒ္ဓဘာသာ၏ အနှစ်သာရများ တန်ဖိုးထား မြတ်နိုးနိုင်ရန် လမ်းညွှန်ကြရမည်။ ထိုသို့လမ်းညွှန်ကြရာ၌ အခြားဘာသာတို့ကို စော်ကားပုတ်ခတ် သော အပြောအဆို အပြုအမူတို့ကို ရှောင်ရှားကြရမည်။ အတိတ်က ဖြစ်ရပ်တို့ကို အကြောင်းပြုကာ သင်ခန်းစာ ရစေရန် ရှင်းပြရမည်ဖြစ်သော်လည်း ယင်းဖြစ်ရပ်တို့ကို သတိရစေကာ အမုန်းတရားတို့ကို မကိန်းအောင်းစေသင့်ပေ။ ချမ်းမြေ့ အေးချမ်းသော ဗုဒ္ဓဘာသာဝင်တို့၌ ငြိမ်းချမ်းသောပုံရိပ်များ အမြဲ လွှမ်းထားသင့်သည်။ သို့မှသာ ဗုဒ္ဓဘာသာဝင်တို့က မိမိဘာသာကို တန်ဖိုးထား မြတ်နိုးကြမည် ဖြစ်သကဲ့သို့ အခြားဘာသာတို့ကလည်း လေးစားကြပေလိမ့်မည်။ အရေးကြီးသည်မှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီလေးများသည် ကိုယ့်ဘာသာ သာသနာကို နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်တတ်ပြီး တန်ဖိုးထားကြဖို့ပင် ဖြစ်သည်။ ထိုသို့ဖြစ်ရန် ဗုဒ္ဓဘာသာဝင်တို့က ဆရာ ဒကာ လက်တွဲကာ ကြိုးစားကြရမည်။ 

     ထိုသို့မဟုတ်ပါက ဘာသာခြား အမျိုးသားတို့နှင့် ချင်ခင်စုံမက်မိသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးတို့သည် ဘာသာ သာသနာ၏ တန်ဖိုးကို မသိဘဲ နီးစပ်နိုင်ရန် ကြိုးစားကြလိမ့်မည်။ အမျိုးစောင့်ဥပဒေသာ အတည်ဖြစ် သက်ဝင်ပါက သူတို့အတွက် လက်ထပ်ရန် အခက်အခဲများစွာ ကြုံတွေ့လာနိုင်ပြီး လမ်းခွဲရမှုများလည်း ဖြစ်လာနိုင်ပေသည်။ ထိုအခါ သူတို့ ဖူးစာလွဲတာ ဘုန်းကြီးတွေကြောင့်ဟု ညိုးမာန်ဖွဲ့ပြီး ရဟန်းသံဃာအပေါ် အပြစ်မြင်ကာ ပြစ်မှားနိုင်သည်။ ယခုပင်လျှင် ဥပဒေမူကြမ်းကြောင့် အချို့ အမျိုးသမီးများက “ ဒီဥပဒေကို အတည်ပြုလိုက်ပါက လက်ထပ်တာတောင် ကိုယ့်ဆန္ဒနဲ့ မဟုတ်ဘဲ သူများသတ်မှတ်ပေးထားတဲ့ စံနှုန်းတွေထဲမှာပဲ ရွေးရတော့မယ်” ဟု ဝေဖန်နေကြပေပြီ။ ထိုကြောင့် ကိုယ့်ဘာသာကို တန်ဖိုးထားစိတ်များ သူတို့ ရင်ထဲ၌ ကိန်းအောင်နေစေရန် အထူးပင် ကြိုးစားသင့်လှသည်။ မျိုးစောင့် ဥပဒေမှာ အခြားဘာသာကို နှိတ်ကွက်ရန်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးလေးများ၏ အခွင့်အရေးဆုံးရှုံးစေရန် မဟုတ်ဘဲ မိမိ ဘာသာ သာသနာ၏ ခံတပ်ကို လုံခြံအောင် ကာကွယ်ရန်သာဖြစ်ကြောင်း သဘောပေါက်သင့်ပေသည်။ 

         ထိုကြောင့် ဗုဒ္ဓဘာသာဝင်ဝင် ရဟန်း ရှင်လူတို့သည် အမျိုးစောင့် ဥပဒေ ဖြစ်ပေါ်လာရန် ကြိုးစားနေကြသကဲ့သို့ တစ်ဘက်မှလည်း ဗုဒ္ဓဘာသာဝင်တို့၏ ရင်ထဲတွင် မြတ်ဗုဒ္ဓအဆုံးအမများ၊ ဘာသာ သာသနာချစ်စိတ်များ ကိန်းအောင်လာစေရန် ကြိုးစားကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။ 

သိမ်မွေ့ဦး (BHU)
 (04-03-14)

No comments:

Post a Comment