ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

24/07/2012

တားအားမှ တွန်းအားသို့

1. စီးဆင်း ရင်ခွင် | 7/24/2012 | 2. 3. 4. 5. 6. Best Blogger Tips


          မိမိတို့နဲ့ ဆရာစဉ်ဆက်ကတည်းက ဆရာတူတပည့် နောင်တော်ကြီးလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ မန္တလေးမြို့၊ ဗန်းမော်တိုက် ဆရာတော် ဘဒ္ဒန္တကုမာရာဘိဝံသ (နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ) ထံရောက်တိုင်း ပဋ္ဌာန်းတရားတော်ရဲ့ အကျိုးအာနိသင်တွေ၊ သံသရာ ကျိုးသာမက ယခုပစ္စက္ခ မျက်မှောက်မှာပဲ ထူးခြားတဲ့အကျိုးတွေ အံ့သြလောက်အောင် တွေ့ကြုံခံစားရပုံကို အမြဲပြောဆိုပြီး မိမိ အမြဲပို့ချလေ့ရှိတဲ့ ပဋ္ဌာန်းဝါစာကိုလည်း ပါးစပ်က အသံထွက်လို့ရနိုင်သေးတဲ့ အရွယ်အထိ နှစ်စဉ်မပြတ်ပို့ချဖို့ တိုက်တွန်းလေ့ရှိပါတယ်။



                ဆရာတော်ကြီး တိုက်တွန်းလွန်းတဲ့အတွက်ကြောင့်ပဲ ပဋ္ဌာန်းစာဝါကို ရဟန်းတော်များအတွက် ပထမကြီးတန်းပြဋ္ဌာန်းချက် ဘာသာရပ် တစ်ခုအဖြစ်သာမက လူတိုင်းအတွက် သဘောအဓိပ္ပာယ် သိစရာလေးများကိုလည်း အခါအားလျော်စွာ သင်တန်းပေးတာတို့ ဟောပြောတာတို့ လုပ်ဖြစ်ခဲ့ပါတယ်။  

            ဆရာတော်ကြီးပြောသလို လက်ငင်းလက်တွေ့ အကျိုးထူးတယ်ဆိုတာ ဟုတ်တယ်လို့ပဲ ပြောရမယ် ထင်တယ်။ ဒီနှစ် အမေရိကန်ရောက်တဲ့ သုံးလတာခရီးမှာလည်း ပဋ္ဌာန်းသင်တန်းနဲ့ ပဋ္ဌာန်း တရားတော်လိုပဲ နေရာတော်တော်များများမှာ ဟောပြောပြသပေးခဲ့တဲ့အခါ အရင် တစ်ခေါက်ထက်ပိုပြီး လူတွေစိတ်ဝင်စားသလို နေ့စဉ်ရက်ဆက် သင်တန်းတွေမှာလည်း တစ်နေ့ထက်တစ်နေ့ လူဦးရေက လျော့တယ်မရှိဘူး၊ တိုးလို့သာ နေပါတယ်။


         ဆန်ဖရန်စစ္စကို ဘေးဧရိယာထဲက ဖရီးမောင့်မြို့၊ မေတ္တာနန္ဒဝိဟာရမှာ ပြုလုပ်တဲ့ သင်တန်းမှာတော့ သင်တန်းသားအများစုက အဘိဓမ္မာ သင်တန်းကို သင်ကြားလေ့လာထားဖူးသူတွေရော၊ တရားစခန်းတွေ အကြိမ်ကြိမ် အားထုတ်ဖူးသူတွေရော၊ ဓမ္မစာပေကို အတော်လေး နှံ့နှံ့စပ်စပ် လေ့လာထားသူများရော အရွယ်စုံ လူစုံပါတဲ့အတွက်၊ တက်တက်ကြွကြွရှိသလို မေးမြန်းဆွေးနွေးရာမှာလည်း အတော်လေးနက်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့အတွက် အတော်လေးကို သက်ဝင်လှုပ်ရှားပြီး အားတက်ဝမ်းသာ ကြည်နူးစရာလည်း ကောင်းလှပါတယ်။


      ဘယ်အရာကိုမဆို အသွင်အပြင်ထက် အနှစ်သာရက ပိုပြီး အရေးပါတယ်ဆိုတဲ့ စကားကလည်း အဲဒီမှာပဲ လက်တွေ့တစ်ခု ကြုံလိုက်ရတယ်။ လူလတ်ပိုင်း မရှိတရှိ လူငယ်တစ်ဦး၊ သူ့ပုံစံကြည့်ရင်တော့ ဝတ်ပုံစားပုံကလည်း မထုံတတ်သေးနဲ့၊ ဗိုက်ကလည်း ခပ်ရွှဲရွှဲနဲ့ဆိုတော့ ဘီယာဗိုက်ဆိုတာမျိုး ပုံစံပေါက်နေတယ်။ ဒါကြောင့်လည်း သူ့ကိုသိပ်ပြီး အလေးအနက်မထားမိဘဲ ဘာသိဘာသာပဲ နေခဲ့ပါတယ်။


       မေးခွန်းမေးချိန်ရောက်လို့ သူထပြီး မေးမြန်းပြောဆိုတဲ့အခါကျတော့ အထင်နဲ့အမြင်က ပါစင်အောင်ကို လွဲတယ်။ သူက လယ်တီဒီပနီတွေ၊ မဟာစည်တို့ မိုးကုတ်တို့ဆိုတဲ့ အလုပ်ပေးတရားစာအုပ်တွေရော တိတ်ခွေတွေရော အတော်လေးကို ဖတ်ရှုနာယူလေ့လာ ထားသူဖြစ်တယ်ဆိုတာ သိခွင့်ရလိုက်လို့ သူ့အပေါ် အတော်လေးလည်း အလေးဂရုပြုမိသွားပါတယ်။

သူမေးတဲ့မေးခွန်းတစ်ခုကတော့ -
          “အာရုံတွေကို လိုချင်တပ်မက်တဲ့ လောဘတို့၊ စိတ်ဆိုးအမျက်ထွက်တဲ့ ဒေါသတို့၊ ကိုယ်ရောစိတ်ပါ ထုံထိုင်းလေးကန်တဲ့ ထိနမိဒ္ဓတို့၊ စိတ်ပျံ့လွင့်တာ နောင်တပူပန်တာဆိုတဲ့ ဥဒ္ဓစ္စကုက္ကုစ္စတို့၊ ယုံမှားသံသယဖြစ်တဲ့ ဝိစိကစ္ဆာတို့ဆိုတဲ့ ဒီတရားငါးမျိုးဟာ မဂ်ဖိုလ်နိဗ္ဗာန်ကို တားဆီးပိတ်ပင်တတ်တဲ့ နီဝရဏ တရားတွေဖြစ်တယ်လို့ စာအုပ်တွေထဲမှာလည်း ဖတ်ရတယ်။ အဘိဓမ္မာ သင်တန်းမှာလည်း သင်ခဲ့ရပါတယ်။ ပုထုဇဉ်တိုင်းလိုလိုမှာ ဒီတရားငါးမျိုးလုံးပဲ ရှိကြတာချည်းပါပဲ။ ဒီလိုဆိုရင် ပုထုဇဉ်မှန်သမျှဟာ မဂ်ဖိုလ်နိဗ္ဗာန်နဲ့မတန်တဲ့ မဂ်တားဖိုလ်တား ပုဂ္ဂိုလ်တွေချည်း ဖြစ်မနေကြဘူးလား။ ဘယ်လိုလုပ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို ရနိုင်မလဲဆိုတာ နည်းနည်းရှင်းပြပေးပါ” တဲ့။


       မောင်ရင်တို့က မေးခွန်းကို “နည်းနည်းရှင်းပြပေးပါ” ဆိုတဲ့ စကားလေးတွေနဲ့ချည်း အဆုံးသတ်တယ်။ မေးလိုက်တဲ့ အကြောင်းအရာတွေက နည်းနည်းရှင်းရမယ့် အကြောင်းအရာ မပါဘူး။ များများဆိုတာတောင် တော်တော်များများကို ရှင်းပြရမယ့် အကြောင်းအရာတွေဟ။


       ဒီနေရာမှာ “တားဆီး”ဆိုတဲ့ စကားကို နည်းနည်းသရုပ်ခွဲတတ်ဖို့ လိုပါတယ်။ တားဆီးတယ်ဆိုတာ လုံးဝပိတ်ပင်တားဆီးတယ်ဆိုတာမျိုး ရှိသလို အဟန့်အတားဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဥပမာဆိုရင် ပဉ္စာနန္တရိယကံကြီးတွေဟာ ဈာန်မဂ်ဖိုလ်ကို တားဆီးတယ်ဆိုတာမျိုးက လုံးဝရခွင့်မရှိအောင် ပိတ်ပင်တားဆီးတဲ့သဘောပါ။ ချွင်းချက်ကိုမရှိအောင် တားဆီးတာပေါ့။ အခု နီဝရဏတရားတွေက ဈာန်မဂ်ဖိုလ်ကို တားဆီးတယ်ဆိုတာကတော့ အဟန့်အတားဆိုတဲ့ သဘောမျိုး ပြောတာပါ။ လုံးဝ အသေပိတ်ပင် တားဆီးတာ မဟုတ်ဘူး။ ဖယ်ရှားကျော်လွှားလို့ ရနိုင်ပါတယ်။ ဒါကြောင့် ပုထုဇဉ်တိုင်းဟာ မဂ်တားဖိုလ်တားခံရသူတွေ မဟုတ်ပါဘူး၊ မဂ်ရဖိုလ်ရရေးမှာ ဖင့်နှေးလေးကန် ပျင်းရိနေသူများ သာ ဖြစ်ပါတယ်။


       ပဋ္ဌာန်းဒေသနာတော် ဥပနိဿယပစ္စည်းအရဆိုရင် သင့်လျော်အောင် အသုံးချတတ်သူများအတွက် အဟန့်အတားဆိုတဲ့ အကုသိုလ် တရားတွေဟာ ကြောက်တတ်သူတွေ၊ အသုံးမချတတ်သူတွေအတွက် “တားဆီးအား”တွေ ဖြစ်တတ်ပေမဲ့ ရင်ဆိုင်ကျော်လွှားဝံ့သူတွေ၊ အသုံးချ တတ်သူတွေအတွက်တော့ “တွန်းပို့အား”တွေ ဖြစ်သွားနိုင်ပါတယ်။


        ပဋ္ဌာန်းပါဠိတော်၊ ပဥှာဝါရ၊ ပကတူပနိဿယပစ္စည်းကို အကျယ်တဝင့် ဟောကြားတဲ့အခါမှာ “ပဉ္စာနန္တရိယကံနဲ့ နိယတမိစ္ဆာဒိဋ္ဌိကံ” တို့ကလွဲရင် တခြားအကုသိုလ်ကံကို ကျူးလွန်မိသူတို့ဟာ သတိသံဝေဂရကြတဲ့အခါ၊ ကျူးလွန်မိတဲ့ အကုသိုလ်ကံတွေကို ပယ်သတ်ဖယ်ရှားလိုမှုကို တွန်းအားပြုပြီး ဒါနသီလစတဲ့ ကုသိုလ်ကောင်းမှုတွေကစလို့ ဝိပဿနဉာဏ် မဂ်ဉာဏ်အထိ ပေါက်ရောက် သွားနိုင်ပုံများကို အကျယ်တဝင့် ဖော်ပြထားပါတယ်။


  ဒါနဲ့ပတ်သက်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ “မဂ်တားဖိုလ်တားဆိုတဲ့ နီဝရဏတရားတွေဆိုတာ အရိယာတရားနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိသူ၊ အရိယာ (ဘုရားရှင်)တို့ရဲ့ အဆုံးအမကို လိမ္မာတတ်ကျွမ်းမှု မရှိသူ၊ အသုံးမချတတ်သူတွေအတွက်တော့ “အတားအဆီး”တွေပဲ ဖြစ်နေမယ်။

      အရိယာတရားကို နားလည်လိမ္မာပြီး အသုံးချတတ်သူများအတွက်တော့ မိမိသန္တာန်မှာ ပေါ်လာတဲ့တရားတွေ မှန်သမျှ အကုသိုလ်တရားတွေပဲ ဖြစ်စေဦးတော့ ဒီတရားတွေဟာ မဂ်ဖိုလ်ကို တားဖို့ပေါ်လာတာ မဟုတ်တော့ဘူး။ မဂ်ဖိုလ်ရောက်ရေးအတွက် ဝိပဿနာရှုကြဖို့ အရှုခံလာကြတာတွေ ဖြစ်ပါတယ်။



      အသုံးချခံချင်လို့ ရောက်လာတဲ့ တရားတွေကို ကြောက်စရာလို့ ထင်နေကြရင်တော့ ဒီတရားတွေရဲ့ အခြောက်အလှန့်ကို ခံရပြီး အပါယ်ရောက်သွားကြမှာပဲ။ အသုံးချတတ်တဲ့လူတွေကတော့ ဒီတရားတွေကို ဝိပဿနာရှုပြီး မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်သွားနိုင်မယ်။

     “စိုင်ကော်လို့ ချုံပေါ်ရောက်”ဆိုတာ ဒီအတိုင်းတက်ဖို့မလွယ်တဲ့ ချုံအပေါ်ကို စိုင်ကကော် တင်ပို့လိုက်တော့ လွယ်လွယ်ကူကူ မြန်မြန် ရောက်သွားနိုင်တယ်ဆိုတဲ့ သဘောပြောတာ။ ဒါကလည်း သတိနဲ့အသုံးချတတ်တဲ့ လူမှ ချုံပေါ်ရောက်နိုင်မှာပေါ့။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ လူဆိုရင်တော့ ချုံပေါ်မရောက်ဘဲ စိုင်ချိုဖျားမှာ ကားယားကြီး အသက်ပျောက်သွားမှာပေါ့” ဆိုတဲ့အကြောင်း နီဝရဏနဲ့ ပတ်သက်လို့ ဟောတော်မူတဲ့တရားမှာ ဟောကြားထောက်ပြသွားပါတယ်။


      ဟုတ်ပါတယ်။ ဒီအတိုင်းထားရင် မဂ်ဖိုလ်ကို တားရုံသာမက အပါယ်အထိရောက်စေနိုင်တဲ့ တရားတွေဟာ သူတို့ကို ကျေပျက်အောင် ကြိတ်ချေအသုံးချတတ်ရင် မဂ်ရောက်ဖိုလ်ရောက်တွန်းပို့နိုင်တဲ့ စွမ်းအားတွေဖြစ်နေပါတယ်။ လောကဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ နွယ်မြက်သစ်ပင်တွေထဲမှာ တစ်ခုချင်းစီကို ဒီအတိုင်းအသုံးပြုခဲ့ရင် အသက်ကို သေစေတတ်တဲ့ ဆီမီးတောက်တို့၊ မြှားဆိပ်တို့၊ ဝဥတို့စတဲ့ ဆေးမယ်တွေဟာ သူတို့အားလုံးကို အမျှစီပြုပြီး သမအောင် ကြိတ်ချေရောသမမွှေလိုက်တဲ့အခါ အကောင်းဆုံး အဆိပ်ဖြေဆေး၊ အသက်ကယ် ဆေးကြီး ဖြစ်သွားပါတယ်။

        ရှေးခေတ် နန်းတွင်းသမားတော်ကြီးများ အသုံးပြုတဲ့ “နန်းတွေင်းလျှာပွတ်ဆေးကြီး” ဆိုတာ တစ်ခုချင်း အဆိပ်ဖြစ်တဲ့ ဆေးမယ်(၂၁)မျိုး လောက်ကို အမှုန့်ပြုပြီး သမအောင်မွှေထားတဲ့ ဆေးကြီးပါပဲ။ အားလုံးရောမွှေလို့ သမသွားတဲ့အခါ တစ်ခုချင်းစီကြောင့် ဖြစ်ပေါ် လာတဲ့အဆိပ်ကိုရော၊ တခြားအဆိပ်ရှိတဲ့ သတ္တဝါတွေကိုက်ခဲလို့ ဖြစ်တဲ့အဆိပ်တွေ၊ အစားအစာမှားယွင်းမှုကြောင့်ဖြစ်တဲ့ အဆိပ်တွေကိုရော အဆိပ်မှန်သမျှကို ဖြေပျောက်အောင်ကုသတဲ့ သမားလက်သုံး ရှေးဟောင်းမြန်မာ “ပဋိဇီဝ” ဆေးတော် ကြီး ဖြစ်သွားပါတယ်။


       အကုသိုလ်တရားတွေဟာလည်း ဒီနည်းနှင်နှင်ပါပဲ။ သူတို့ကို ဒီအတိုင်းထားရင်တော့ အပါယ်ကျတဲ့အထိ ဒုက္ခပေးမှာပါ။ သူတို့ကို တစ်ပေါင်းတည်း တစ်သားတည်း ဖြစ်အောင်ပြု ပီး ကျေညက်အောင် ကြိတ်ချေနိုင်စွမ်းရှိခဲ့ရင်တော့ အကုသိုလ်အားလုံးကို ပျောက်ကင်းစေနိုင်တဲ့ အရိယာ လက်သုံးတရားဆေးတော်ကြီးအဖြစ်နဲ့ “မဂ်ပေါက် ဖိုလ်ဝင် နိဗ္ဗာန်မြင်” အထိ အသုံးကျပါတယ်။ သူတို့ကို တစ်ပေါင်းတည်း တစ်သားတည်းဖြစ်အောင် ပြုနည်းကတော့ ဒီတရားအားလုံးကို “သင်္ခါရ တရားများ” အဖြစ် ပထမဆုံး သတ်မှတ်ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့မှ သူတို့ကို ကြိတ်ချေတဲ့နည်းကတော့ “သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ဒုက္ခာ၊ အနတ္တာ” ဆိုတဲ့အတိုင်း “သင်္ခါရတရားမှန်သမျှ ဖြစ်ပြီး ပျက်တတ်တဲ့ အနိစ္စာသဘော၊ ကျေနပ်စိတ်ချစရာ ချမ်းသာသုခမရှိတဲ့ ဒုက္ခသဘော၊ ကိုယ်ထင်သလို ကိုယ့်အလိုကျ ဖြစ်ချင်သလို မဖြစ်တတ်တဲ့ အနတ္တသဘောတွေဖြစ်တယ်လို့ သိမြင်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြိတ်ချေကြရမှာပါ။


        ဒီလိုပြုနိုင်စွမ်းရှိသူများအတွက်တော့ “သေဆေးမှ ဖြေဆေးသို့” ပြောင်းလဲပြီး အပါယ်ရောက်ကြောင်း တရားများကနေ နိဗ္ဗာန်ရောက်ကြောင်း တရားများအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။


    နန်းတွင်းလျှာပွတ်ဆေးကြီးဆိုတာ တခြားဆေးများလို ဝမ်းထဲရောက်အောင်တောင် ခွက်ကြီးခွက်ငယ်နဲ့ ဖျော်စရာ သောက်စရာ မလိုဘူး။ ဆေးတောင့်ကိုသွေးပြီး လျှာပေါ်ပါးပါးလေး ပွတ်ပေးလိုက်ရုံနဲ့ လျှာပေါ်မှာရှိတဲ့ ရသာဟရဏီကြောများကတစ်ဆင့် တစ်ကိုယ်လုံးကို ပျံ့နှံ့ပြီး အဆိပ်အတောက်များကို ပြေစေတယ်လို့ ဆိုပါတယ်။


     ဝိပဿနာကုသိုလ် (ဝိပဿနာဉာဏ်) ဆိုတာလည်း ထိုနည်းနှင်နှင်ပါပဲ၊ ဒါနကုသိုလ်တို့လို ပစ္စည်းဝတ္ထုတွေလည်း စိုက်ထုတ်ကုန်ကျစရာ မလိုဘူး၊ ဝေယျာဝစ္စ ကုသိုလ်တို့လို ခွန်အားတွေ အထူးစိုက်ထုတ်စရာလည်း မလိုဘူး၊ သမထကုသိုလ်တို့လို သစ်တစ်ပင်ရင်း ဝါးတစ်ပင်ရင်း စသည်တို့မှာ အချိန်သီးသန့်ယူပြီး အချိန်ကုန်စရာလည်း မလိုဘူး၊ မိမိရဲ့ ကိုယ်,နှုတ်,စိတ်လှုပ်ရှား လုပ်ကိုင်မှုတိုင်းမှာ သတိလေးကပ်ပြီး ခန္ဓာကိုယ်က ပြတာကို အလိုက်သင့် သိပေးနေရတာပါပဲ။ ကိုယ်က အစားကိုရှာနေစဉ်မှာပဲ သတိရှိတဲ့စိတ်နဲ့ တရားရှာလို့ ရပါတယ်။


      ဒီနေရာမှာ ဗုဒ္ဓဘာသာကို လေ့လာသူတို့ အထင်မှားပြီး အကြောက်ကြီးတတ်ကြတဲ့ အချက်ကတော့ ဝိပဿနာကုသိုလ်ဆိုတာ အလုပ်ပျက်ခံပြီး အချိန်တွေ သီးသန့်ပေးနိုင်မှ ရမယ်လို့ ထင်မှားကြောက်ရွံတတ်ကြတဲ့ အချက်ပါ။ မဟာသတိပဋ္ဌာနသုတ်၊ သတိသမ္ပဇညခန်းမှာ ဘုရားရှင်က ဘယ်လောက်ထိ ဟောထားသလဲဆိုရင် အဝတ်ဝတ်တာ၊ အစားအစာရှာဖွေတာ၊ စားတာသောက်တာ၊ အညစ်အကြေး စွန့်လွှတ်တာကစလို့ နောက်ဆုံး စကားစမည်ပြောတာ၊ အိပ်ရာဝင်တာအထိ သတိကပ်ပေးနေရင် သတိနောက်မှာ အသိပါပြီး ဝိပဿနာ ကုသိုလ်ရနိုင်ကြောင်း ဟောတော်မူခဲ့တာပါ။ ဝိပဿနာကုသိုလ်ဆိုတာ တရားအတွက် အလုပ်သီးခြားမလိုဘဲ နေ့စဉ်အလုပ်ထဲမှာ ရှာလို့ရတဲ့ တရားများ ဖြစ်ပါတယ်။


         အကျိုးအာနိသင်ကလည်း ဘယ်လောက်ကြီးမားသလဲဆိုရင် နောက်ဆုံး ဝိပဿနာဉာဏ် အထွတ်အထိပ်ရောက်လို့ အနိမ့်ဆုံး မဂ်ဉာဏ်အဆင့်လောက် ရောက်သွားပြီဆိုရင်ပဲ သံသရာတစ်လျှောက်လုံး မှားခဲ့သမျှ အကုသိုလ်အပြစ်တွေထဲက အပါယ်ဒုဂ္ဂတိရောက်စေတဲ့ အကုသိုလ်တွေကို လုံးဝပယ်သတ်ပစ်နိုင်တဲ့အဆင့် ရောက်သွားပါတယ်။ ဘဝကို ကံလက်ထဲ ဝကွက်အပ်ထားပြီး ကံပြုသလိုနုရတဲ့ အဖြစ်ကနေ ဉာဏ်က လက်လွှဲယူနိုင်ပြီဖြစ်လို့ ကံကြမ္မာရဲ့ ဆိုးဝါးတဲ့စီရင်ချက်မျိုးကို ဘယ်တော့မှ မခံရတော့တဲ့အဆင့်အထိ ကြီးကျယ်မြင့်မြတ် သွားစေပါတယ်။


        ဒါကြောင့် နီဝရဏတရားတွေဆိုတာဟာ “ကြောက်လျှင်လွဲ၊ ရဲလျှင် မင်းဖြစ်” ဆိုသလို “ငါ့မှာ မဂ်တားဆိုလ်တားကြီးတွေ ကြုံနေရပါပေါ့လား”လို့ တွေးတော ကြောက်ရွံတတ်သူတို့အတွက် ကြုံခဲလှတဲ့ သာသနာတော်ကြီးနဲ့ လွဲသွားနိုင်ပြီး၊ ရဲရဲရင့်ရင့် သတိရှိရှိ အသိရှိရှိ ရင်ဆိုင်အသုံးချ တတ်သူများအတွက်တော့ မြင့်မြတ်တဲ့ အရိယာအဆင့်အထိရောက်စေတဲ့ တရားများလို့သာ ဆိုရပါလိမ့်မယ်။ ဒါဟာ အကုသိုလ်ကို မကြောက်ကြနဲ့၊ ရဲရဲသာလုပ်ကြလို့ ဆိုလိုတာ မဟုတ်ဘူး။ ဖြစ်ပြီးသား အကုသိုလ်ကို ရဲရဲကြီး ဝန်ခံပြီး အားကြီးတဲ့ကုသိုလ်တွေနဲ့ ရဲရဲကြီး အစားထိုးဖယ်ရှားကြဖို့ တိုက်တွန်းလိုတာဖြစ်တယ်ဆိုတာကတော့ လူညံ့လူကပ် မဟုတ်သူတိုင်း သဘောပေါက်ကြမှာပါ။


      ဒေးဒရဲနိကာယ်သင်တန်းမှာ ဒီနီဝရဏတရားများကို ဓမ္မာနုပဿနာ သတိပဋ္ဌာန်နည်းနဲ့ အသုံးချတတ်ရင် ပိတ်အားကနေ ဖွင့်အားအဖြစ် ပြောင်းလဲသွားနိုင်ပုံ၊ တားအားကနေ တွန်းအားအဖြစ် ပြောင်းလဲသွားနိုင်ပုံနဲ့ ပတ်သက်လို့ ဆရာတော်ကြီးတစ်ပါး မိန့်ကြားသွားပုံကလည်း မှတ်သားစရာပါပဲ။


        မင်းတုန်းမင်းကြီးကို မြင်ကွန်းမင်းသားတို့ လုပ်ကြံဖို့ ကြိုးစားစဉ်က မင်းတုန်းမင်းကြီးရဲ့ ကျွန်ယုံတော် ‘ငပွ’ကိုလည်း စည်းရုံးသိမ်းသွင်းပြီး မင်္ဂလာတံခါးက ဓားနဲ့ အစောင့်ခိုင်းသတဲ့။ မင်းသားများစိတ်ကူးကတော့ မင်းတရားကြီးဟာ တစုံတရာအကြောင်းကြောင့် လွတ်ပြီးထွက်ပြေးခဲ့ရင် မင်္ဂလာတံခါးကသာ ထွက်ပြေးမယ်၊ အဲဒီမှာ ကျွတ်ယုံတော်ကိုမြင်ရင် တခြားလည်း ကွေ့မပြေးဘဲ ဒီတံခါးကပဲထွက်မှာ သေချာတယ်၊ အဲဒီနေရာရောက်တဲ့အခါ ကျွန်ယုံတော်က ဆီးပြီး အပြတ်ရှင်းဖို့ တိုက်တွန်းစီမံကြတာပါတဲ့။


       ထင်တဲ့အတိုင်းပဲ မင်းသားများက ဓားကိုယ်စီနဲ့ တက်လာတာလည်းတွေ့ရော မင်းတုန်းမင်းကြီးက မင်္ဂလာတံခါးဆီ တန်းပြေးတာပဲတဲ့။ အဲဒီမှာ အသင့်စောင့်နေတဲ့ ‘ငပွ’ကိုလည်း တွေ့လိုက်ရော ရာဇမာန်ပါပါနဲ့ “မောင်မင်း ဘယ်သူလဲ” ဆိုပြီး ငေါက်ငမ်းမေးလိုက်တဲ့အခါ ကြောက်ကျင့်ပါနေတဲ့ ငပွလည်း မင်းသားများ စေခိုင်းတာတွေ အကုန်မေ့ပြီး “ဘုရားကျွန်တော်မျိုး ငပွပါ အရှင်မင်းကြီး” ဆိုပြီး သံတော်ဦးတင်တော့တာပဲတဲ့။ “ဒါဖြင့် ကျုံးဟိုဘက်ကမ်းအထိ ငါ့ကိုပို့ပေးစမ်း”လို့လည်း အမိန့်ပေးလိုက်ရော “ကျောပြင်ကို ဝေါထင်တော်မူပါဘုရား” ဆိုပြီး ကုန်းပိုးရတော့တာပဲတဲ့။ ဒါနဲ့ပဲ မြင်ကွန်းမင်းသားတို့လည်း အကြံမအောင်ဘဲ ထွက်ပြေးရတယ်၊ မင်းတုန်းမင်းကြီးလည်း ထီးနန်းစည်းစိမ် ရမြဲရသွားတော့တာပဲတဲ့။


    အကြောင်းအရာကတော့ ရာဇဝင်အူပေါက်ဆိုသလို တစ်ဆင့်စကား တစ်ဆင့်နားဆိုတဲ့ ပါးစပ်ရာဇဝင်ပဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ “ကြောက်လျှင် လွဲ၊ ရဲလျှင် မင်းဖြစ်” ဆိုတဲ့ စကားအတွက်တော့ လျော်ကန်တဲ့ ဥပမာတစ်ခုပါပဲ။


        “သင်တို့ရဲ့ ဖြစ်ပြီးပျက်တတ်တဲ့ သဘောအမှန်ကို ငါသိပြီ”လို့ ဆုံးဖြတ်အမိန့်ချနိုင်ပြီဆိုရင်တော့ “ကျောပြင်ကို ဝေါတင်တော်မူပါဘုရား” လို့ အမိန့်ကို နာခံသည့်အလား မဂ္ဂင်လမ်းအဖြစ် ပြောင်းလဲသွားမှာ မလွဲပါဘူး။


ဆေးဆရာကြီး ဇီဝက ပြောဖူးသတဲ့ “လောကမှာ ဆေးဘက်မဝင်တဲ့ နွယ်မြက်သစ်ပင်ဆိုတာ မရှိဘူး၊ အသုံးမချတတ်သူတွေသာ ရှိတယ်”တဲ့။ အလားတူပါပဲ “ကုသိုလ်လို့ အမည်ခံထားသည်ဖြစ်စေ၊ အကုသိုလ်လို့ပဲ အမည်ခံထားသည်ဖြစ်စေ၊ လောကီတရားဟူသမျှ ဝိပဿနာရဲ့ အာရုံမဖြစ်နိုင်တဲ့ တရားမရှိဘူး။

       ဝိပဿနာအလုပ် အားမထုတ်တတ်သူတွေ၊ အားမထုတ်ကြသူတွေသာ ရှိတယ်” လို့ ပြတ်ပြတ်ထင်ထင် သိထားဖို့ လိုပါတယ်။ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ဆေးမယ်တွေကို ဆေးဖြစ်အောင် ဖော်စပ်စားသုံးကြပြီး ကိလေသာရောဂါ ကင်းစင်ကွာသူများ ဖြစ်ကြပါစေလို့သာ တိုက်တွန်း ပတ္ထနာပြုလိုက်ပါရစေ။



                                                          ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)



                                                                      မေတ္တာများဖြင့်

                                                                      အရှင်သိရိန္ဒ

                                                            မေတ္တာဥယျာဉ်မှ ကူးယူဖော်ပြသည်။

21/07/2012

လေ့ကျင့်ဘ၀နှင့် တကယ့်ဘဝ

1. စီးဆင်း ရင်ခွင် | 7/21/2012 | 2. 3. 4. 5. 6. Best Blogger Tips
      “ခုအထိ နေခဲ့ပြီးတဲ့ အချိန်ကာလတွေကို အစမ်းလေ့ကျင့်ဘဝလို့ သတ်မှတ်ပြီး အချိန်မီ ကြိုးစားပြုပြင်လိုက်ရင် ကျန်သေးတဲ့ အသက်ရှင် နေခွင့်ကာလတစ်ခုလုံးဟာ တကယ့်ဘဝအစစ် ကြီး ဖြစ်မသွားလောက်ပေဘူးလား”


      အညာက ရွာကြီးတစ်ရွာမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တစ်ခုပါ။ ရွာက တော်တော်ကြီးတဲ့အပြင် ရွာလယ်အတိုင်း တောင်မြောက် လမ်းမြောင်ကြီးတစ်ခုကလည်း ရှိနေလေတော့ အရှေ့ပိုင်း အနောက်ပိုင်း ရယ်လို့ အစဉ်အလာ ပြောဆိုသုံးစွဲခဲ့ရာက ကြာတော့ သူ့အပိုင်း ကိုယ့်အပိုင်းဆိုတဲ့ အစွဲလေးတွေနဲ့ စိတ်ဓာတ်အရလည်း ခပ်ကွဲကွဲ ခပ်ပြိုင်ပြိုင်ဖြစ်နေတဲ့ ရွာကြီးပေါ့။ အညာရဲ့ဓလေ့အတိုင်း သီတင်းကျွတ်မီးထွန်းပွဲတော်မှာ အငြိမ့်တို့ ဇာတ်တို့မငှားနိုင်ပေမဲ့ ရပ်ရွာကလူငယ်တွေ စုပေါင်းပြီး ကက်ဆက်ခွေထဲက ဇာတ်လမ်းကို သရုပ်ဆောင်ပြတဲ့ ဇာတ်လမ်းသရုပ်ဖော် ဖျော်ဖြေမှုဆိုတာမျိုး လုပ်လေ့ရှိကြတယ်။ အဲဒီရွာကြီးမှာ ဒီအစီအစဉ်ဟာ အရှေ့ပိုင်း အနောက်ပိုင်းတို့ရဲ့ အဓိက ပြိုင်ပွဲတစ်ခုလို ဖြစ်နေခဲ့တယ်။


         တစ်နှစ်မှာတော့ အရှေ့ပိုင်းက ဒီဖျော်ဖြေမှုကို ပီပီပြင်ပြင်လေးဖြစ်အောင်ဆိုပြီး ဝါခေါင်လကုန်လောက် နှမ်းသိမ်းပဲစိုက်ကိစ္စတွေ ပြီးချိန်က တည်းက ညစဉ် ဘုန်းကြီးကျောင်းဝိုင်းထဲက ဇရပ်ကြီးမှာ လူငယ်တွေစုပြီး ဇာတ်တိုက်ကြတယ်၊ သီတင်းကျွတ်လဆန်းထဲရောက်တော့ ဝတ်စုံပြည့် အစမ်းလေ့ကျင့်တဲ့သဘောမျိုးနဲ့ တင်ဆက်ဖျော်ဖြေကြတာပေါ့။


      သူ့အပိုင်း ကိုယ့်အပိုင်း ခပ်ပြိုင်ပြိုင်ဖြစ်နေကြပေမဲ့ အချင်းချင်း မသင့်မမျှဆိုတဲ့ သဘောမျိုးအထိလည်း မဟုတ်ကြလေတော့ အရှေ့ပိုင်းမှာ ဒီလိုဖျော်ဖြေကပြကြတာကို အနောက်ပိုင်းကလည်း လာရောက်အားပေးကြပါတယ်။


          အကဲခတ်တဲ့သဘောလည်း ပါမှာပေါ့။ အဲ.. ဝတ်စုံပြည့် လေ့ကျင့်တင်ဆက်မှု အစီအစဉ်ကတော့ အတော်ကို ဗရုတ်သုတ်ခနိုင်ပါတယ်။ ဇာတ်တိုက်စဉ်တုန်းက ဟုတ်သလိုရှိခဲ့ပေမဲ့ တကယ့်ဇာတ် စင်ပေါ် ရောက်ပြီဆိုတော့ လူကြမ်းအဖြစ်နဲ့ သရုပ်ဆောင်ရတဲ့ကောင်က အခုလို ဒုစရိုက်သမားအဖြစ် သရုပ်ဆောင်ရတာကို အပြင်မှာ လူတွေက အထင်သေးကြမှာ မုန်းတီးကြမှာကိုကြောက်လို့ ဆိုသလိုလို၊ တချို့က ပိုက်ဆံ ထည့်ရတာချင်းအတူတူ အရေးမပါတဲ့အခန်းက သရုပ်ဆောင်ရလို့ ဆိုသလိုလိုနဲ့ အူကြောင်ကြောင်တွေ လုပ်ကုန်ကြလို့ အားလုံး ကပေါက်တိ ကပေါက်ချာတွေ ဖြစ်ကုန်ကြပါရော။


     အနောက်ပိုင်းက လာကြည့်ကြသူတွေအဖို့တော့ ပြောစမှတ်တွေ ဖြစ်ကုန်ကြတာပေါ့။ ကိုယ့်အပိုင်းကိုယ် ပြန်ရောက်တယ်ဆိုရင်ပဲ “အရှေ့ပိုင်းသားများပြောတော့ဖြင့် မိုးလားကဲလားနဲ့ သူတို့ပြ ဇာတ်က အကြမ်း,အလွမ်း,အသော အစုံအလင်တဲ့၊ အခုညလုပ်ပုံကဖြင့် အူချာချာ ပေါကြောင်ကြောင်နဲ့၊ ဒီကောင်တွေလောက်တော့ တို့အပိုင်းကကောင်တွေ တရေးနိုးထကတောင် သူတို့လောက်တော့ အပျော့ပဲ” ဘာညာနဲ့ ပြောမဆုံးပေါင် ဟာသတစ်ခုကိုဖြစ်လို့။


    အရှေ့ပိုင်းက မောင်များကတော့ နောက်နေ့ညမှာ ကျောင်းက ဦးပဉ္စင်းလေး က ခေါ်တဲ့အတွက် ကျောင်းမှာ စုရုံးရောက်လာကြတယ်။ ဦးဇင်းလေးက မြို့မှာစာသင်နေရာက ဆရာတော် ရဲ့ လက်ထောက်ခန်းနေအဖြစ် အလှည့်ကျတာဝန်ယူဖို့ ရွာမှာပြန်ပြီး ဝါကပ်ရတာ။ စာပေဗဟု သုတလေးလည်း အတော်တီးမိခေါက်မိရှိတယ်။ လူငယ်တွေကို နားဝင်အောင် ပြောဆိုဆုံးမရာ မှာလည်း ခေတ်မှီတယ်လို့ ဆိုရမှာပဲ။ ညညဆို လူငယ်တွေကို ကျောင်းမှာစုပြီး သူယူခဲ့တဲ့ စာအုပ်တွေပြလို့ဆိုတော့ အရှေ့ပိုင်းသားလူငယ်တွေ အတော်ဗဟုသုတ တိုးကြတယ်။ ညအချိန် သန်းခေါင်သန်းလွဲ လည်တာပတ်တာတွေလည်း နည်းသွားတယ်။


အခုလည်း အားလုံး စုံလောက်ပြီဆိုတော့ ဦးပဉ္စင်းလေးက -
         မင်းတို့ မနေ့ညကလုပ်ပုံက အတော်အရုပ်ဆိုးတယ်။ ဒါဟာ ပရိသတ်ကို မထေမဲ့မြင်လုပ်ရာကျလို့ ရိုင်းစိုင်းတယ်လို့ ခေါ်တယ်။ ဟို… လူကြမ်းလုပ်ရမယ့်ကောင်က မင်းကို အပြင်မှာ လူတွေ အထင်သေးမှာ၊ မုန်းမှာကြောက်လို့ဆို ဟုတ်လား၊ ပြဇာတ်ထဲမှာ ကိုယ်ကျရာအခန်းက သရုပ်ဆောင်ရတာ၊ ဘာမှ အထင်သေးစရာ မုန်းစရာမဟုတ်ဘူး။ ခုလို အူကြောင်ကြောင် လုပ်တာကမှ တကယ့်ကို အထင်သေးစရာ မုန်းစရာ ဖြစ်တာ၊ အဲဒါ မင်းတို့ နားလည်ရဲ့လား။


    ပြဇာတ်ဆိုတာ လူ့လောကမှာ ဖြစ်တတ်ပျက်တတ်တဲ့ သဘောတွေပေါ်အောင် သရုပ်ဆောင်ပြရတာပဲကွ၊ ချစ်စရာကောင်းတာ၊ မုန်းစရာ ကောင်းတာ၊ အတုယူသင့်တာ၊ ရှောင်သင့်တာတွေကို လူတွေ သဘောပေါက်ပြီး သူတို့ကိုယ်တိုင် ချစ်စရာ လေးစားစရာကောင်းတာတွေ အတုယူသင့်တာ ယူလာအောင်၊ စက်ဆုပ်စရာ မုန်းတီးစရာတွေကို ရှောင်ရှားချင်စိတ်ပေါ်လာအောင် ကိုယ်က လုပ်ပြရတာ၊ ဒါဟာ မင်းတို့ အပြင်မှာရှိတဲ့စရိုက်နဲ့ ဘာမှမဆိုင်ဘူး။


    မင်းတို့ အဲဒီလိုလူ့လောကရဲ့သရုပ်ကို ပေါ်လာအောင် သရုပ်ဆောင်နိုင်ရင် လူကြမ်းပဲဖြစ်ဖြစ်၊ မင်းသားပဲဖြစ်ဖြစ် အားလုံးဟာ လောက ဇာတ်ခုံကို စုံလင်အောင် ဖော်ဆောင်နေတဲ့ ဇာတ်လိုက်ချည်းပဲ၊ ဒီလိုမဟုတ်ဘဲ ညတုန်းကလို ဗရုတ်သုတ်ခတွေ လျှောက်လုပ်နေရင်တော့ မင်းတို့အားလုံး တစ်ယောက်မှ ဇာတ်လိုက်မဟုတ်တော့ဘူး၊ ဇာတ်ရှုပ်တွေပဲ ဖြစ်မယ်၊ ကဲ.. ဘယ့်နှယ်လဲ မင်းတို့ ဇာတ်လိုက်လုပ်ကြမှာလား၊ ဇာတ်ရှုပ်လုပ်ကြမလား၊ အေး လူကောင်းလို သရုပ်ဆောင်ပြမှ ဇာတ်လိုက်ဖြစ်တယ်လို့ထင်ရင်တော့ မင်းတို့အားလုံး ပြဇာတ်ကမနေကြနဲ့၊ ကျောင်းကကိုရင်တွေနဲ့အတူ ဘုရားဝတ်တက်၊ မေတ္တာပို့ပြီး တရားထိုင် ကြပေရော့ဆိုတော့ အားလုံး အမှားကို ဝန်ချပြီး ကြိုးစားပါ့မယ်လို့ တာဝန်ယူကြတယ်။


    သီတင်းကျွတ်ပွဲတော်မှာ တကယ် ကပြကြပြီဆိုတော့ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ၊ “သူတို့လောက်တော့ အပျော့ပဲ” ဆိုသူတို့က တကယ်ပဲ တရေးနိုးမှ ထလာကြသလား ထင်ရအောင် ယောင်တိယောင်နတွေ ဖြစ်နေကြလို့ တချို့ထပြန်သူပြန်၊ တချို့အရှေ့ပိုင်းဘက် ပြောင်း ကြည့်လိုကြည့် ဖြစ်ကုန်ကြတယ်။ အရှေ့ပိုင်းပြဇာတ်အဖွဲ့ကတော့ တကယ့်ကိုပီဘိလို့ ဆိုရမလောက်ပဲ၊ သူ့အပိုင်းသားများကတော့ ကိုယ့်ဟင်းချို ကိုယ်ချိုလို့ကို မဆုံးတော့ဘူး။ သူတို့ပြောပုံတော့ဖြင့် သူတို့အပိုင်းကကောင်တွေ သရုပ်ဆောင်ပုံက ဒွေးတို့တောင် ငေးရ လောက်တယ်ဆိုပါ့ကော။


        ဒီအကြောင်းကို စဉ်းစားရင်းက ဘဝအကြောင်းလေးတွေလည်း အတွေးထဲဝင်လာတယ်။ ခုချိန်အထိ ကိုယ်လုပ်ကိုင်ကျင့်သုံးခဲ့သမျှတွေကို စာရင်းချုပ်ကြည့်လိုက်ရင် မြတ်စွာဘုရားရှင် အမွမ်းတတင် ချီးကျူးခဲ့တဲ့ “မနုဿတ္တဒုလ္လဘ, ဗုဒ္ဓုပ္ပါဒဒုလ္လဘ” ဆိုတာတွေနဲ့က အဝေးကြီး။ တွေးပုံ ခေါ်ပုံတွေလည်း အူနောက်နောက်၊ လုပ်ပုံကိုင်ပုံတွေလည်း ကသောက်ကရောက်ပဲ။


        ဒါပေမဲ့ အဲ “ဆန့်သောလက် မကွေးခင်၊ ကွေးသောလက် မဆန့်ခင်” ဆိုတဲ့ သံဝေဂစကားကို အသာထားပြီး ပကတိ အခြေအနေကို ကြည့်မယ်ဆိုရင် နောက်ထပ် သက်ရှင်နေထိုင်ခွင့်တွေ ကျန်နေသေးတာပဲ။ အဲဒီတော့ ခုချိန်ထိ နေခဲ့ပြီးတဲ့ အချိန်ကာလတွေကို အစမ်း လေ့ကျင့်တဲ့ (ရီဟာဇယ်)ဘဝလို့ သတ်မှတ်ပြီး ဒီထဲက အတွေ့အကြုံတွေနဲ့ သင်ခန်းစာယူပြီး ကြိုးစားပြုပြင်လိုက်မယ်ဆိုရင် ကျန်သေးတဲ့ အသက်ရှင်နေထိုင်ခွင့် ကာလကြီးတစ်ခုလုံးဟာ တကယ့်လူ့ဘဝအစစ်ကြီး ဖြစ်မသွားနိုင်ပေဘူးလား။


         ဟုတ်တယ်၊ ပြီးခဲ့တဲ့အချိန်တွေဟာ အစမ်းဘဝလို့ဆိုပေမဲ့ ပေးခဲ့ရတဲ့တန်ဖိုးတွေက မနည်းတော့ဘူး။ ကုသိုလ်ကံ အရင်းအနှီးနဲ့ နေခွင့်ရခဲ့တဲ့ လူ့ဘဝထဲက သက်တမ်းတဝက်လောက် ပေးခဲ့ရပြီးပြီ။ ကျန်သေးတဲ့အချိန်တွေမှာ ပေးချေရင်းနှီးခဲ့ရတဲ့ တန်ဖိုးနဲ့ထိုက်တန်တဲ့ အမြတ်ကိုရအောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ ခုထိတောင် ပေးဆပ်လို့မဆုံး အကြွေးထပ်လို့မဆုံးဆိုရင်တော့ ဒုလ္လဘ ဘဝကြီးကို ကြွေးပခုံးတက်ရင်း အဆုံး သတ်ကြရတော့မလို ဖြစ်နေပြီ။


         လူတွေပြောနေကြတဲ့ “အထက်မှာ ဘဝဂ်၊ အောက်မှာ အဝီစိ” ဆိုတဲ့ လူတို့ရဲ့ ပန်းတိုင်နှစ်ခုမှာ ဘယ်အပြုအမူ ဘယ်အကျင့်စရိုက်မျိုးတွေဟာ ဘယ်ပန်းတိုင်ကို ဦးတည်နေတယ်ဆိုတာလည်း ဗဟုသုတရှိနေကြပြီပဲ။ အမှားကိုကြည့်ပြီး အမှန်ကိုလျှောက်ကြမယ်ဆိုရင် ကိုယ်ရောက်လိုတဲ့ ပန်းတိုင်ဟာ ကိုယ့်အတွက်ပဲ ဖြစ်မယ်မဟုတ်လား..။ ဒီလိုတွေးမိရင်း စိတ်သစ်လူသစ်နဲ့ ဘဝအသစ်ကို ခုပဲစရမှာလိုလို ခံစားမိလာတယ်။


   စာဖတ်သူများကော ဘယ်လိုများ သဘောရကြမလဲ မသိဘူး။ သဘောချင်း ကိုက်ညီတူမျှ တယ်ဆိုရင် ဘေးလူများကိုလည်း လက်တို့အသိ ပေးလိုက်ကြပါ။ “လူ့ဘဝအစစ်ကို အခု စကြစို့” လို့။


                                                               ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)



မေတ္တာများဖြင့်

အရှင်သိရိန္ဒ

မေတ္တာဥယျာဉ် 
မှ ကူးယူဖော်ပြသည်။

20/07/2012

လူမှန် နေရာမှန်

1. စီးဆင်း ရင်ခွင် | 7/20/2012 | 2. 3. 4. 5. 6. Best Blogger Tips


ငယ်ရွယ်တုံး အဆော့ကုန်အောင်ဆော့ရတယ်၊ ဒီလိုမဟုတ်ဘဲ ကြီးမှ ဆော့ရင်တော့ ရဲ အဖမ်းခံရတတ်တယ်…။

         ဆရာကြီး အောင်သင်း ပြောခဲ့ဘူးသော စကားဖြစ်မည်ထင်သည်။ မိန့်ခဲ့ဘူးသော ပညာရှင် အမည်ကို အတိအကျ မမှတ်မိတော့ပါ။ ယင်းကဲ့သို့ အဓိပ္ပါယ်တူသော စကားကို မှတ်မိနေပေ၏။  

         ဆိုလိုရင်းမှာ- ငယ်စဉ်ကလေးဘ၀က ကစားနည်းမျိုးစုံတို့ကို မျောက်ရှုံးအောင် ကစားသော်လည်း မည်သူမျှ အပြစ်မမြင်ကြပါ။ ကလေးပဲ ဆော့မှာပေါ့ ဟု နားလည်ခွင့်လွှတ်ပေး ကြသည်။ ဆော့ရင်း ပြစ်မှုတစ်ခု ကျူးလွန်မိခဲ့ပါက ကလေး ဟူသော အသိဖြင့် လျှော့ပေါ့ စဉ်းစားပေး ကြပေသည်။ 
    
     အသက်အရွယ် ကြီးရင့်လာပါက ကစားနည်းမျိုးစုံတို့ကို ကလေးဘ၀ကကဲ့သို့ စိတ်တိုင်းကျ ကစားလို့မရတော့ပေ။ ကလေးဘ၀ကလို သွားဆော့မိပါက ဒီအရွယ်ကြီးရောက်နေတာတောင် ရူးနေတုံးဟု ထောမနာပြုကြပေမည်။ မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဘဲ ပြစ်မှု မကင်းသော ဆော့ခြင်း ကို ဆော့မိပါက ရဲ အဖမ်းခံရပေမည်။ အကျိုးဆက်အဖြစ် အများတကာ ကဲ့ရဲ့ခံရပြီး ထောင်နန်းစံရပေမည်။

     ဒီရက်ပိုင်းအတွင်း ကျွန်ုပ်၏အဖြစ်နှင့် ကိုက်ညီနေသဖြင့် အထက်ပါစကားလေးကို မကြာခဏ သတိရနေမိသည်။ သတိရမိခြင်းနှင့်အတူ မိမိကိုယ်ကို ရှက်ရွှံ့သလို ခံစားနေမိသည်။

            ကျွန်ုပ်သည်ကိုရင်ဘ၀ကတဲကဘောလုံးကစားခြင်းကိုအထူးနှစ်သစ်သည်။ သို့သော် ဘောလုံးကို
 ဖြစ်ဖြစ်မြောက်မြောက် ကျွမ်းကျွမ်းကျင်းကျင် မကစားတတ်ပေ။ ထို့ကြောင့် ကစားကြသည့်အခါ အသင်းလူခွဲပါက ကျွန်ုပ်ကို ခေါ်ချင်သည့် အသင်းမရှိတတ်ပေ။ ယင်းကဲ့သို့ ဘောလုံးကစားခြင်းဝယ် ပါရမီမြောက် ထူးချွန်သူလည်း ဖြစ်သည်။
 
       ကျွန်ုပ် ဘောလုံးပွဲ စကြည့်တတ်ခါစက မန်ယူတွင် အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ် ဂမဲ နှစ်ကောင်တို့ အစွမ်းပြနေချိန်ဖြစ်သည်။ ပေါစခိုးလ် ၏ တိကျသော အပြင်းကန်သွင်းချက်၊ ဂစ်၏ အလိမ် အခေါက်နှင့် ဖြတ်တင်ဘော၊ နောက်ချန်တိုက်စစ်မှုး ဆိုးရှားလ် ၏ ဂိုးသွင်းဟန်တို့ကို ကျွန်ုပ် စွဲမက်ခဲ့သည်။ 

     ဘက်ခမ်း၏ ဖရီးကစ်၊ တိကျသော ဖြတ်တင်ဘောနှင့် ကောက်စား နွားကြီး နစ္စတယ်ရွိုင်း၏ ခေါင်းတိုက် ဂိုးသွင်းဟန်၊ ရွိုင်ကိန်း၏ ဘောလုံးဖြန့်ဝေမှု၊ ရှမိုက်ကယ်၏ ဂိုးပေါက် လုံခြုံမှု၊ မန်နေဂျာ ဖာဂီ၏ စိတ်ဓာတ်မြှင့်တင်မှု စသည့် ပဉ္စလက်စွမ်းရည်တို့ကြောင့် ကျွန်ုပ်မှာ မန်ယူမှ မန်ယူ ဖြစ်ခဲ့တော့သည်။ မန်ယူကို ထိလျှင် လုံးလုံးမကြိုက်၊ အသားထိသည်ထက်ပင် ပို၍ နာတတ်ခဲ့သေးသည်။ ဘောလုံးကို ရှုးသွပ်ခဲ့ရာ ငယ်စဉ်တုံးက ခံစားချက်ကလေး တို့ပင်ဖြစ်၏။

      ယခုတော့ ဤမျှလောက် အသင်းစွဲစိတ် မပြင်းထန်တော့ပြီ။ ကိုယ်အားပေးသော အသင်း ကစားပုံကောင်းလျှင် ချီးမွမ်းမိသကဲ့သို့ အသင်းကစားပုံ ညံ့လျှင်လည်း မှန်ကန်စွာ ဝေဖန်တတ်ခဲ့ပြီ။ သို့သော် မန်ယူပွဲ လာလျှင် တီဗွီက ကြည့်ဖြစ်နေသေး၏။ ငယ်ငယ်က အကြောင်းသိ သူငယ်ချင်းများ ကတော့ ဘောလုံးပွဲ ကြည့်ပုံ ရင့်ကျက်လာပြီဟု ကြံဖန်ကာ ပြောကြသေး၏။

      ဘ၀၏ ဆယ်စုနှစ် သုံးခု ပြည့်ခါနီးမှ ပညာသင် ကျောင်းသားကြီးဘ၀ဖြင့် အိန္ဒိယ သို့ ရောက်လာခဲ့သည်။ တက္ကသိုလ်ရောက်တော့ ကျောင်းသားဟူသောအသိဖြင့် ပျော်ရွှင်စွာ နေလာ ခဲ့ပြန်၏။ တက္ကသိုလ်အတွင်း စိမ်းစိမ်းစိုစို ဘောလုံးကွင်းတွေကလည်း ဆယ်ကွင်းထက်မနဲ၊ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မကန်ဘူးသောဘောလုံးကွင်းများက ဆီးကြိုနေသဖြင့် ကိန်းအောင်းနေသော ရွှပိုး ဓာတ်ခံများက ထကြွလေတော့၏။

     ကန်လို့ မသင့်တော်ပါဘူးလေဟူသော အသိဖြင့် ထိန်းချုပ်လေသော်လည်း ညနေပိုင်း ရောက်လျှင် အဆောင် အတူနေ ကျောင်းသား သူငယ်ချင်းများက ကစားဖို့ လာခေါ်ကြပြီ။ ထိုသို့ခေါ်လျှင် ကျွန်ုပ်ကို နှစ်ခါ မခေါ်ရပြီ။ ခိုက်ခိုက်တုန်အောင် အေးနေသော ရာသီဥတုဒဏ် ခံနိုင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ကျွန်ုပ် လိုက်ပါသွားတော့သည်။ ဘောကန်ဖိနပ် အသစ်တစ်ရံကို စီးရင်း အပျော်တန်း ဘောလုံးသမားကြီး လုပ်ခဲ့တော့၏။
 
      တစ်ခါတစ်ရံ ရှုနီ,၀ဲလ်ဘတ်တို့လို ရှေ့တန်း၊ တစ်ခါတစ်ရံ နာနီ, ကားရစ်တို့လို အလယ်တန်း၊ တစ်ခါတစ်ရံ ဖာဒီနန်,အီဗရာတို့လို့ ခံစစ်တံတိုင်းကြီး လုပ်ခဲ့၏။ ဂိုးသမား မရှိခဲ့လျှင်လည်း ဗန်ဒါဆားလို အသက်ကြီးမှ လက်စွမ်းပြ ရသေး၏။ ယင်းကဲ့သို့ နေရာစုံ အများ မကစားချင်သော နေရာတိုင်း ကစားပေးမှုတို့ကြောင့် ညနေကစားချိန်ရောက်လျှင် မရှိမဖြစ် လိုအပ်သော ပလေယာ တစ်ယောက် ဖြစ်လေတော့သည်။ နောက်တန်းကစားစဉ် ကိုယ့်ဂိုးကိုယ် သွင်းခဲ့သည့်ဂိုးအရေအတွက် မှာလည်း တော်တော်လေး များခဲ့လေပြီ။

      ယင်းကဲ့သို့ ကစားသည့်နှစ်တွေ များလာခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမား မဖြစ်ခဲ့ဘူးပေ။ ကစားခြင်းကြောင့် မိတ်ဆွေ များခြင်း၊ အချင်းချင်း ညီညွတ်ခြင်း၊ ကျမ္မားရေးအတွက် အထောက်အကူဖြစ်ခြင်း စသည့် အကျိုးများစွာ ရရှိပေသည်။ ထိုကြောင့် ဘောလုံးကစားခြင်းသည် လူငယ်များအတွက် အထူးသင့်လျှော်သော ကစားနည်းဟု ထင်မြင်မိသည်။

      တစ်ရက်တွင် ထုံးစံအတိုင်း ကျွန်ုပ် အပေါင်းအသင်းများနှင့် စုကာ ဘောလုံး ကစားခဲ့သည်။ ပွဲစခါစဖြစ်၍ သွေးအေးနေသေးသောကြောင့် ရှေ့တန်းတက်ကာ ကစားချင်စိတ် မရှိသေးပေ။ ထိုကြောင့် ဂိုးသမားလုပ်ခဲ့သည်။ ကစားပြီး ( ၁၀ ) မိနစ်လောက်အကြာတွင် ကစားဖော်တစ်ယောက်၏ ကစ်ချက်ပြင်းပြင်း ကန်သွင်းမှုသည် အဆင်သင့်မဖြစ်သေးသော ကျွန်ုပ်၏ ဘယ်ဘက်လက်ကိုထိမှန်ခဲ့သည်။ ဒရော့ဘာ ကစ်ချက်ကဲ့သို ပြင်းထန်ပါပေသည်။ ကျွန်ုပ်၏ ဘယ်ဘက်လက် အရိုးတစ်ချောင်း ထက်ပိုင်း ကျိုးသွားခဲ့တော့သည်။

         ဖြစ်လျှင်ဖြစ်ခြင်း တက္ကသိုလ်ဆေးရုံကို သွားပြကြသည်။ လူဦးရေ ပေါများသော ကုလားနိုင်ငံဖြစ်၍ လူနာများ များပြားလှသည်။ ကျောင်းသားဟု အထူးဦးစားပေးကာ ဓာတ်မှန်ရိုက်ခြင်း ကျောက်ပတ်တီး စည်းခြင်း တို့ကို ပြုလုပ်ပေးသည်။ ဦးစားပေးဖြစ်သော ကြောင့် လေးနာရီခန့် စောင့်ခဲ့ရသည်။ အရေးပေါ်လူနာဆိုလျှင် မကုသခင်ကတဲက အသက်ထွတ်လောက်ပေပြီ။ ကျောက်ပတ်တီးစည်းအပြီးတွင် ဓာတ်မှန်ရိုက်ပြီး စစ်ဆေး ကြည့်ရာ လက်ရိုးမတည့်သေးဟု အဖြေထွတ်သည်။ တာဝန်ကျ သင်တန်းဆင်း ဆရာဝန် ကလေးက ပြဿနာမရှိဟု ပြောသဖြင့် ယင်းအတိုင်းထားခါ ပြန်ခဲ့သည်။

      နှစ်ရက်နေပြီး တက္ကသိုလ်ဆေးရုံကို စိတ်မချသဖြင့် အပြင် လက်ခ်ချမီး ပုဂ္ဂလိက ဆေးရုံကို သွားပြသည်။ ၄င်း ဆေးရုံဆရာဝန်မှ ကျောက်ပတ်တီးမှန်သည်၊စိတ်မပူပါနဲ့ဟု ပြောကာ သောက်ဆေးပေးပြီး ( ၁၅ ) ရက်ပြီးမှ ပြန်ပြရန် ချိန်းသည်။ ထိုကြောင့် စိတ်အေးစွာ ထားပြီး သောက်ဆေးသောက် ကာ နေခဲ့သည်။

       ( ၁၅ ) ရက်စေ့အပြီး ယင်းပုဂ္ဂလိက ဆေးရုံကို ပြန်ပြရာ၌ လက်ရိုးအနေအထား မမှန်ဟု အဖြေထွတ်သည်။ စောင့်ခဲ့ရသည့် ( ၁၅ ) ရက် အလကားဖြစ်ခဲ့သည်။ ကျောက်ပတ်တီး ပြန်စည်းရန် အတွက် ခွဲစိတ်ခန်း အားလပ်ချိန်စောင့်ရာ တစ်နေကုန် ခဲ့သည်။ ည ( ၉ ) နာရီရောက်မှ ကျောက် ပတ်တီးစည်းရသည်။ လက်အသားထဲ ပိုက်ထိုးကာ တီဗွီဖန်သားပြင်ကို တိုက်ရိုက် ကြည့်ပြီး အရိုးဆက်ခြင်းဖြစ်၍ မှန်ကန်သည်ဟု ဆို၏။

          ပုဂ္ဂလိက ဆေးရုံမို့ တော်တော့သည်။ ခွဲစိတ်ခန်းအတွင်း ညစ်ပတ်သည်မှာ သွေးညှီနံ့များ နံနေ၏။ ခင်းထားသည့် အ၀တ်တို့မှာ သွေးတွေ ပေကျံနေ၏။ ကျောက်ပတ်တီးစည်းအပြီး မေ့ဆေး ထုံဆေးတို့ မပြယ်သေးခင်မှာပင် လူတွဲပြီး ကိုယ့်ဘာသာကို ထကာ လမ်းလျှောက်သွားရသည်။ လူနာလိုက်ပို့သူသာမပါလျှင် လဲကျမည်မှာ သေချာသည်။ ဈေးကတော့ ကောင်းသည်။ ကိုရီးယားက လာသော ကျောက်ပတ်တီးမို့ ဈေးကြီးသည်။ ကျောက်ပတ်တီးစည်းခ ဒေါ်လာ တစ်ရာကုန်ကျသည်။

          ပေးထားသော ဆေးကိုစားပြီး ( ၁၅ ) ရက်စေ့၍ ပြန်ပြရာ တစ်ထောင်ဆစ်အထက် ကျောက်ပတ်တီး အနဲငယ်ကို ဖြတ်ပေးပြီး တစ်လနေမှ ပြန်ပြရန် ချိန်းသည်။ ချိန်းထားသော တစ်လပြည့်၍ ပြန်သွားပြရာ အခြေအနေကောင်းပြီ ဟုပြောပြီး ကျိုးထားသောနေရာအထက်မှ ကျောက်ပတ်တီးကို ဖြတ်ပေး၏။ တစ်ပတ်ပြည့်မှ ကျောက်ပတ်တီးအကုန်ဖြတ်ရမည်ဟု ပြောသည်။ သို့သော် ဓာတ်မှန်အဖြေကို ကြည့်ရသည် မှာ သိပ်အားမရလှပေ။ အခြေအနေမကောင်းလျှင် မြန်မာပြည်ပြန်၍ ကုရမည်လားဟု စဉ်းစားရတော့၏။

     တစ်ပတ်ပြည့်ပြီးသောအခါ ဆရာဝန်က ကျောက်ပတ်တီးအားလုံး ဖြေပေးပြီး “တော်တော်ကောင်းသွားပြီ၊ အားလုံးကောင်းရန် အချိန်ယူရမည်”ဟုပြောကာ အပျော့စား အ၀တ်စပတ်တီး ပေးသည်။ ရေချိုးချိန် စသည်အချိန်တို့တွင် ချွတ်ထားနိုင်ပြီး ပြီးလျှင် ပတ်ထား ရသည်။ သောက်ဆေးများပုံမှန်သောက်နေရပြီး တစ်လပြည့်က ပြန်လည်ပြသရန် မှာထားသည်။

        ခုဆိုလျှင် လက်ကျိုးခဲ့သည်မှာ ( ၃ ) လပြည့်ခဲ့ပေပြီ။ အခြေအနေကောင်းလာ သော်လည်း လုံးဝကြီး ကောင်းမလာသေးပေ။ တစ်ခါတစ်ရံ ကိုက်ခဲနေသေးသည်။ ကောင်းမွန်စွာ လှုပ်ရှားလို့ မရသေးပေ။ ချိန်းထားသော တစ်လမပြည့်သေးသဖြင့် သွားမပြရသေးပေ။ မည်သို့ အဖြေထွတ်မည် ကိုတော့ စောင့်ကြည့်ရပေအုံးမည်။

          ရဟန်းဘ၀ဟူသည် အိနြေ္ဒ သိက္ခာဖြင့် ရင့်ကျက်တည်ငြိမ်စွာ နေထိုင်ရသော ဘ၀ မျိုးဖြစ်သည်။ လူများကဲ့သို့ ပြေးလွှားလှုပ်ရှား၍ နေခြင်းငှါ မသင့်တော်ပေ။ ကိုယ့်နေရာကိုယ် မနေဘဲ နေရာ မှားကာ မျောက်ကဲ့သို့ ခုန်ပေါက်ကာ ကစားခဲ့သည်။ ရရှိလာသော ရလာဒ်က ခုထိ မပြီးသေးပေ။

           အသိမကြွယ် ရှင်ငယ် ဘ၀က ဤကဲ့သို့ ထိခိုက်မှု ဖြစ်ခဲ့လျှင်တော့ နားလည်ပေးနိုင်ကြပေမည်။ ယခု အရွယ်ကား နားလည်ပေးရမည့် အရွယ်လည်း မဟုတ်တော့ပေ။ ထိုကြောင့် ရင်းနှီးသူ အချို့က မေးကြသောအခါ အမှန်ကို အမှန်တိုင်း မဖြေ၀ံ့ပြီ။ ထိခိုက်မှု တစ်ခုကြောင့် လက်ကျိုးသွားသည်ဟုသာ အဖြေကို ရှောင်ကွင်းရင်း မုသားဖြူ သုံးရတော့သည်။

       ခုတော့ ရဟန်းဘ၀နှင့်တူစွာ လူမှန် နေရာမှန်မှာ ကျွန်ုပ် တည်ငြိမ်စွာ နေရလေပြီ၊ ထိန်းသိမ်းစောင့်စည်းလိုသော စိတ်ကြောင့်တော့ မဟုတ်ပေ။ ကစားနိုင်လောက်အောင် မလှုပ်ရှားနိုင်သေး၍ ဖြစ်သည်။ ပြန်ကောင်းလာလျှင်တော့ အတတ်နိုင်ဆုံး မကစားဖြစ်အောင် ထိန်းချုပ် ရအုံးမည်။ စိတ်ဟူသည် အပြောင်းအလှဲ မြန်သည်၊ မကောင်းမှုတွင် ပျော်မွေ့သည်ဟု ဘုရားရှင် မိန့်တော် မူ၏။ ကျွန်ုပ်လည်း ယခုချိန်ထိ မိမိစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေရဆဲပါပေ…။
  


      (ဤစာမူဖြင့် ဝေယျာဝစ္စ၊ အလှူငွေတို့ဖြင့် ကူညီကြသော ဗာရာဏသီ သီတင်းသုံးဖော်တို့အား ကန်တော့ပါသည်။ ) 

 သိမ်မွေ့ဦး ( BHU )

19/07/2012

အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါသည်...။

1. စီးဆင်း ရင်ခွင် | 7/19/2012 | 2. 3. 4. 5. 6. Best Blogger Tips


                                 အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုပါသည်...။  
Type rest of the post here

17/07/2012

မရဏအိပ်ရာပေါ်မှာ နားတဲ့လိပ်ပြာ

1. စီးဆင်း ရင်ခွင် | 7/17/2012 | Best Blogger Tips


       အချိန်ကား ညနေ နေဝင်ရီတရောအချိန်ဖြစ်၏။ နေမင်း၏ မင်းမူစိုးမိုးမှု ရပ်တန့်ချိန်ဖြစ်၏။ နေ့မြင်ကွင်း မှုန်ရီဝေဝါးကာ အမိုက်မှောင်များ စတင်ကျဆင်းလာပြီဖြစ်သည်။ ဤအချိန်သည် နေ့တစ်နေ့၏ နိဂုံးဖြစ်သလို ညတစ်ည၏ နိဒါန်းဖြစ်ပြန်လေပြီ။ အဆုံးတစ်ခုသည် အစတစ်ခု၏ နိဒါန်းဖြစ်သည် ဟု ပြောလျှင်လည်း ရကောင်း ရနိုင်ပေမည်။ စက်ဝိုင်းသဘောမျိုးဆိုလျှင် အဆုံးသည် အစနှင့်အနီးဆုံး ဖြစ်နိုင်သလို အဆုံးမဲ့သဘော၊ အစမဲ့သဘောလည်း ဖြစ်နိုင်ပေမည်။ ဤအချိန်သည် နေ့ခင်းတစ်ခုလုံး ပင်ပမ်းနွမ်းလျသမျှ ဖြေလျော့ချကာ အနားယူ အားသစ်မွေးရမည့်အချိန်ဖြစ်၏။ 
     ညနေဆည်းဆာကို ပစ္စုပ္ပန်ဟုပြောလျှင် မနက်ခင်း နေ့လည်ခင်းကိုကော အတိတ်ဟု ပြောလို့မရပြီလော။ ညနေဆည်းဆာ၏ အောက်ဝယ် အရာဝတ္ထုတို့၏ အရိပ်တို့သည် ရှည်လျားလာခဲ့ချေပြီ။ တောရိပ်တောင်ရိပ် သစ်ပင်ရိပ်တို့သည် ညိုမှောင် မှေးမှိန်လာခဲ့ပြီ။ သစ်ပင်ချုံနွယ် တို့က စကား တိတ်ဆိတ် နှုတ်ပိတ်နေကြသည်။ နံဘေးပတ်ဝန်းကျင်က အုတ်ဂူတို့သည် ညနေဆည်းဆာ၏ မသတီစရာသဘောကို ပိုမိုပြောပြနေပေသည်။ တစ်ချို့အုတ်ဂူတို့မှာ ပြိုကျကွဲအက်နေသလို တစ်ချို့ အုတ်ဂူတို့မှာလည်း အိုမင်းဟောင်းမြေ့နေပေသည်။ တစ်ချို့အုပ်ဂူအသစ် တို့မှာကား သစ်လွင်လှပ ဆေးရောင်စုံခြယ်သထားပေ၏။ မြေပုံအသစ် အဟောင်းများလည်း ဟိုနားမို့မို့ ဒီနားစို့စို့နှင့် လောကတံထွာ သင်္ခါရဓမ္မတာကို သရုပ်သကန်အနေ ဖော်ပြနေချေသည်။ ဤနေရာကား လူကောင်း လူဆိုး ဆင်းရဲသားနင်းပြား သူဌေးသူကြွယ် ပညာရှိ ပညာမဲ့ အားလုံးသော လူများကို တစ်တန်းစားတည်း တန်းတူရည်တူ လက်ခံသော တစ်ခုတည်းသောနေရာဖြစ်၏။ လူတို့ဝေါဟာ အမည်နာမအားဖြင့် သုသာန်သင်္ချိုင်းဟူသတည်း။
 

       ဤသည့်အရပ်သို့ အရိပ်တစ်ခုသည် လူးလွန့်လှုပ်ရှားလျက် ဦးတည်လာနေပေသည်။ လူရိပ်တစ်ခုပေပဲ။ နှေးကွေးလေးလံသော အားမာန်ပြတ်တောက်နေသော ခြေလှမ်းများဖြင့် တစ်စုံတစ်ယောက်လာနေချေပြီ။ ညဥ့်ဦးယံ အမိုက်တိုက်ထဲမှာ မည်သူကများ ဒီလို မသတီစရာအရပ်သို့ မည်သည့်အကြောင်းဖြင့် လာနေချေသနည်း။ နေ့ခင်းသာဆိုလျှင် ယခုလာနေသူသည် အမေအို တစ်ယောက်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမေအို၏ ဆွတ်ဆွတ်ဖြူနေသော ဆံနွယ်တို့ကိုလည်းကောင်း၊ တွန့်ရိလျော့ရဲ နေလောင်ဒဏ်ဖြင့်မဲနေသော အသားအရည်ကိုလည်းကောင်းတွေ့ရမည်ဖြစ်၏။ အမေအို၏ မျက်နှာပေါ်မှ အစင်းအကြောင်းများက ဘ၀ဒဏ်ရာများ၏ ခြေရာလက်ရာအဖြစ် သက်သေထူလျက်ရှိသည်။ အမေအိုသည် သရဲတစ္ဆေတို့ကို ကြောက်ရွံ့ဟန်မပြ။ နာနာဘာဝ မိစ္ဆာများကိုလည်း စိုးရွံ့ဟန်မတူ။ တိတ်ဆိတ်သော ထိတ်လန့်ဖွယ်ကောင်းသော သုသာန်လမ်းတစ်လျောက်လုံး အမေအို၏ ခြေသံကိုကား မကြားရချေ။ အဘယ်မှာ အမေအို့ခြေသံ ကြားရမည်နည်း။ အမေအိုသည် ဖိနပ်မပါ ဗလာထီးထီးသော ခြေထောက်အစုံဖြင့် ဖုန်ထူထူလမ်းမထက်မှာ နှေးကွေးလေးလံစွာ လျောက်လှမ်း လာခဲ့ရရှာသောကြောင့်ဖြစ်၏။ 

       ပိုမိုထူးခြားသည်ကား ရိုးသားမှုတို့ဖြင့် မဟာဆန်သော အမေအို၏ မျက်လုံးတို့မှာ မျက်ရည်စတို့ စွတ်စိုခိုတွဲနေသလို မယုံကြည်မှု၊ နာလိုခံခက်မှု၊ ဝမ်းနည်းကြေကွဲမှုတို့ ခိုဝင်ပေကျံနေခြင်းပင်တည်း။ အမေအို၏လက်ထဲ၌ ထမင်းအိုးတစ်လုံးကိုင်ထား၏။ ယောက်မတစ်ချောင်းပါလာ၏။ ဆန်ကွဲတစ်ကွမ်းစား ပါလာ၏။ နှမ်းမှုန့်ညက်တစ်ဆုပ်စာ ယူလာ၏။ အမေအို၏ ပါးစပ်မှ “သေပြီ”ဟူသော စကားသံတစ်ခု အန်ကျလာသည်ကိုလည်း တိုးတိုးလေး ကြားနေရ၏။ “သေပြီတဲ့” …။ မည်သူသေသနည်း။ မည်သည့်အကြောင်းကြောင့်သေသနည်း။ မေးခွန်းများစွာ ပေါ်လာချေပြီ။

      အမေအိုသည် သုသာန်ထဲသို့ ရောက်ခဲ့ပေပြီ။ ယူလာခဲ့သောပစ္စည်းများကို အောက်သို့ပစ်ချကာ အုတ်ဂူတွေအကြား၌ ထိုင်ကာ အမောဖြေနေသည်။ အမေအို၏ အသက်ရူသံသည် ပင်ပမ်းမောဟိုက်သံဖြင့် သနားစဖွယ်ဖြစ်နေ၏။ မည်သို့သော အနိဋ္ဌာရုံများက အမေအိုကို အလဲထိုးအနိုင်ကျင့်လိုက်ပါသနည်း။ မည်သို့သော တစိမ်းများက အမေအိုကို ယုတ်မာရက်စက်လိုက်ပါသနည်း။ မည်သို့သော ဆွေမျိုးများက အမေအိုကို မှောင်မိုက်သော ကြောက်ဖွယ်ကောင်းသော သုသာန်သင်္ချိင်းသို့ သွားစေခဲ့ပါသနည်း။ အမေအို၏ ဤအဖြစ်ဆိုးသည် ရန်သူကြောင့်လော။ မိတ်ဆွေကြောင့်လော။ လင်သားကြောင့်လော။ သားသမီးကြောင့်လော။ ရန်သူတစ်ယောက်ယောက်က ရက်စက်လိုက်ခြင်းလေလော။ လူယုံတစ်ယောက်ယောက်က အမှတ်မထင် လုပ်ကြံလိုက်ခြင်းလေလော။ အမေအို၏ ပြဿဒါး ရက်ဆိုးများကား ဆုံးပင် မဆုံးနိုင်တော့ပြီလော။
 

     အမေအိုသည် ခဏမျှ အမောဖြေပြီးလျှင် တစ်လှုပ်လှုပ်နှင့် တစ်စုံတစ်ခုကို လိုက်ရှာနေ ၏။ တွေ့ပါပြီကော…။ အမေအိုရှာနေသည်ကား လူသေဦးခေါင်းခွံတကား။ သုသာန်ထဲ၌ လူသေ ဦးခေါင်းခွံတို့ကား ဟိုနားဒီနား ပျံ့ကျဲနေဟန်တူ၏။ အမေအိုသည် လူသေဦးခေါင်းခွံ သုံးခုကို ကောက်ယူ လာပြီး တြိဂံပုံစံဖြင့် ထား၏။ အမေအိုသည် လူသေဦးခေါင်းခွံ သုံးခုကို ထမင်းချက်ရန် ဖိုခနောက်လုပ်ထားခြင်းပေတကား။ တဆက်တည်းပင် အမေအိုသည် ပါလာသော ဆီမီးခွက်ကို မီးထွန်းထားလိုက်သည်။ 

    ထို့နောက် ဖြေးညှင်းစွာပင် သုသာန်ထဲမှ ထွက်ကာ အနီးနားက မြစ်ကမ်းပါးတစ်ခုသို့ သွားခဲ့လေပြန်သည်။ ထိုမြစ်သည် မည့်သည့်အရပ်မှ စတင်စီးဆင်းခဲ့ကြောင်း အမေအို မသိ။ မည့်သည့်တောတောင်များကို ဖြတ်သန်းခဲ့ရကြောင်းလည်း အမေအို မသိ။ ဤမြစ်ရိုးတစ်လျောက် ဖြစ်ခဲ့ ပျက်ခဲ့ ချစ်ခဲ့ လွမ်းခဲ့ရသော ဘ၀ဇာတ်ခုံ အဖုံဖုံကိုလည်း အမေအို မသိ။ မြစ်တစ်စင်းအနေနှင့် ထိုအကြောင်းအရာများကို တစ်စုံတစ်ယောက်က သိသည် ဖြစ်စေ မသိသည်ဖြစ်စေ မြစ်ရေသည် သတ္တ၀ါတိုင်းအတွက် အေးစိမ့်နေ၏။ သက်ရှိသက်မဲ့ အရာအားလုံးအတွက် တသွင်သွင်စီးဆင်းနေ၏။ အမေအိုသည် မြစ်ထဲဆင်းကာ ရေချိုးခဲ့သည်။ ခေါင်းလျှော်ခဲ့သည်။ ပါးစပ်ဆေးခဲ့သည်။ အဖြူရောင် အ၀တ်အစားကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ မြစ်ရေအေးအေးကြောင့် တစ်ကိုယ်လုံး အပူအအိုက်ပျောက်ကာ အေးချမ်းလန်းဆန်းသွားခဲ့သည်။ ထွေပြားေ၀၀ါးနေသော စိတ်တို့ တည်ငြိမ်သွားခဲ့ပေသည်။ ရေချိုးအပြီး၌ လောကဓမ်မီးစတို့ တဒင်္ဂငြိမ်းသွားကြလေသည်။ သို့သော် အမေအို၏ နှုတ်မှကား “သေပြီ” ဟူသော စကားကို မန္တန်တစ်ခုလို တတွတ်တွတ် ရွက်ဆိုနေပေသေးသည်။ အမေအိုသည် အရေးကြီးသော ကိစ္စတစ်ခုခုကို ဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ ကိုယ်လက် သန့်စင်ခဲ့ခြင်းပေလော။
 

   ထို့နောက် အမေအိုသည် သုသာန်ထဲသို့ ပြန်လာခဲ့သည်။ ဆံပင်ဖားလျားချထားသော အဖြူရောင်အ၀တ်အစားဝတ်ဆင်ထားသော အမေအို၏ အသွင်အပြင်မှာ နာနာဘာဝ တစ်ခုအလား ခြောက်ခြားစရာ ဖြစ်နေပြန်သည်။ ဖိုခနောက်အဖြစ် လုပ်ထားသော လူသေဦးခေါင်း ခွံနားသို့ ရောက်သောအခါ ပါးစပ်မှ “သေပြီ” ဟူသော စကားလုံးကို ထပ်မံအန်ချရင်း ယူလာသော ဆန်တစ်ကွမ်းစားကို ဆေးကြောနေသည်။
 

    ထိုစဉ်ကာလ၀ယ် အမေအို၏ နောက်ကျောဘက်မှ အသံချိုးချိုးခြောက်ခြောက်ပေါ်လာ၏။ အမေအိုသည် နှုတ်မဆက်ဘာမဆက် ရုတ်တရက် တမလွန်ခရီးထွက်သွားခဲ့သော သူမ၏ ချစ်လင် သက်ထားများ လာရောက်အသံပေးလေသလားဟု တွေးမိ၏။ သို့တည်းမဟုတ် လွန်ခဲ့သော သက္ကရာဇ်များစွာက မိုးညတစ်ညမှာ ရှေ့ဆင့်နောက်ဆင့် ထွက်ခွါတိမ်းပါးခဲ့လေသော မိခင်ဖခင်တို့ကများ အရိပ်ပြခဲ့လေသလားဟု ထင်မှားမိ၏။ အမေအိုသည် အသံဗလံတို့ကို အသေအချာ နားစိုက်ထောင်မိသည်။ 

    ဘာသံပါလိမ့်။ ဒီလို ညအချိန်မတော်မှာ ဘယ်သူကများ သုသာန်ထဲသို့ ၀င်လာရပါသနည်း။ ယခုကြားရသောအသံသည် သစ်ရွက်တို့ကို လေတိုက်ခပ်သောကြောင့် ထွက်လာသောအသံမဟုတ်။ နာနာဘာဝတို့၏ မြူးတူးငြီးငြူသော အသံလည်းမဟုတ်။ သက်ရှိသတ္တ၀ါတစ်စုံတစ်ယောက်၏ ခြေသံဖြစ်၏။ လူလော။ တိရိစ္ဆာန်လော။ မည်သူ၏ ခြေသံနည်း။ စင်စစ်ကား ခြေသံပိုင်ရှင်မှာ တည်ငြိမ်အေးချမ်းသော ပုဏ္ဏားတစ်ယောက်ဖြစ်၏။ သိကြားမင်းက အမေအိုထံ ပုဏ္ဏားယောင် ဖန်ဆင်းကာ လာခဲ့ခြင်းဖြစ်၏။ အမေအိုခမျာသည် သိကြားမင်းက ပုဏ္ဏားယောင်ဖန်ဆင်းကြောင်းကို မသိရှာ။ လူစိမ်းသူစိမ်းတစ်ယောက် ဟုသာ ထင်မိသည်။ အမေအိုသည် ပုဏ္ဏားကိုကြည့်ကာ “သေပြီ”ဟု ထပ်မံရေရွတ်လိုက်ပြန်၏။
 

     သိကြားမင်းသည် အမေအိုကို ကြည့်ကာ “အမယ်အို ကစ္စာနိ၊ လူသေတို့ရွာ ဟော့ဒီလို အမင်္ဂလာသုသာန်ထဲမှာ ဘယ်သူမှ တကူးတက လာပြီး ထမင်းချက်မစားဘူး။ သင်ကား အဖြူရောင်အ၀တ်အစား စိုစွတ်ဆံပင်ဖိုးရိုးဖားလျားနှင့်။ လူသေဦးခေါင်းဖိုခနောက်ပေါ်မှာ နှမ်းစေ့များ ဆန်စေ့များထဲ့ထားသော ထမင်းအိုးတည်လျက်။ ယခုသင်ချက်နေသော နှမ်းထမင်းကို ဘယ်သူအတွက် ဘာရည်ရွယ်ချက်နှင့် ချက်နေရပါသနည်း” ဟု မေး၏။
 

     အမေအိုသည် ဘွင်းဘွင်းသမား ရိုးသားသော သာမန်လူသားတစ်ဦးဖြစ်ဟန်တူသည်။ အမေအိုက သိကြားမင်းကို “ဒီနှမ်းထမင်းကို စားဖို့ ငါချက်နေတာ မဟုတ်ဘူး။ လောကမှာ “တရားသေ” လို့ သက်ပျောက်ဆွမ်းသွပ်ဖို့အတွက် အခုလို သုသာန်အလယ်မှာ ငါ နှမ်းထမင်း ချက်နေတာ”ဟု ပြန်ပြောလေ၏။
 
     သိကြားမင်းက “အမယ်အို ကစ္စာနိ၊ အလုပ်လုပ်ရင် စဉ်းစားဆင်ခြင်လုပ်ပါ။ တရားသေကြောင်း ဘယ်သူက သင့်ကို ပြောခဲ့သနည်း။ တန်ခိုးများမြောင် မျက်လုံးတစ်ထောင်ရှိတဲ့ တရားဆိုတာ ဘယ်တော့မှ မသေဘူး” ဟု ပြောပြန်၏။ (သိကြားမင်းက သူ့ကိုယ်သူ တရားဟူ၍ တင်စားကာပြောခဲ့ခြင်း ဖြစ်၏)။
     
     “သိကြားမင်း၊ တရားသေပြီဆိုတဲ့အကြောင်း ငါ့မှာ သက်သေအထောက်အထားအများကြီးရှိတယ်။ တရားသေပြီဆိုတာ ငါ့မှာ ယုံမှားသံသယမရှိဘူး။ ဟုတ်တယ်လေ။ သင့်မျက်လုံးတွေနဲ့ လောကကြီးရဲ့ ဖြစ်ပျက်နေပုံတွေကို ကြည့်လိုက်စမ်းပါ။ အခုအခါမှာ တကယ့်လူယုတ်မာတွေဟာ တကယ်ပဲ ကြီးပွားချမ်းသာနေကြပါတယ်။ လူကောင်းသူကောင်းတွေဟာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တကယ်လို့ တရားမသေဘူးဆိုရင် လူသူတော်ကောင်းတွေ ချမ်းသာပြီးတော့ လူယုတ်မာတွေ ပျက်စီးဆုံးရှုံးကြရမှာမို့လား”။
 

      “ဒီမယ် သိကြားမင်း၊ ငါ့သားနဲ့ ငါ့ချွေးမက ငါ့ကို မိန်းမယုတ်ကြီးဆိုပြီး ရိုက်ပုတ်နှင်ထုတ်လို့ ငါဟာ သူတစ်ပါးအိမ်မှာ အိုကြီးအိုမနဲ့ နေ့ရက်ဆိုးတွေ ဖြတ်သန်းခဲ့ရတယ်။ တကယ်ဆိုရင် ငါ့ချွေးမဟာ အမြုံမ၊ သားမဲ့မိခင်။ အခုလေ သူက ငါ့ကို သတ်ပြီးတော့မှ ကလေးမွေးသတဲ့တော်ရေ…။ အခုတော့ သားမဲ့မိခင် ငါ့ချွေးမဟာ ယောက္ခမဖြစ်တဲ့ ငါ့ကို နှင်ထုတ်ပြီးတော့ သားတစ်ယောက်မွေးတယ်ဆိုပြီး အရပ်တကာကို လိုက်ပြောနေသတဲ့။ ဂုဏ်ယူနေသတဲ့။ ၀င့်ကြွားနေသတဲ့။ ငါ့ချွေးမဟာ ငါ့နဲ့ ငါ့ယောက်ျား မောင်တစ်ထမ်း မယ်တစ်ရွက် ကြမ်းတမ်းတဲ့ တောင်ကုန်းတွေပေါ်အထိတက်ပြီး ကြက်လင်မယားလို ရှာဖွေလို့ရခဲ့သမျှ စည်းစိမ်ချမ်းသာတွေရဲ့ သခင်မဖြစ်သွားပြီ။ ငါ အမယ်အိုတစ်ယောက်မှာတော့ အမှိုက်တစလို စွန့်ပစ်ခံရပြီကော”။
 

     ထိုအခါ သိကြားမင်းက “တရားဆိုတဲ့ ငါသိကြားဟာ အသက်ရှင်နေတယ်။ ငါဟာ မသေသေးဘူး။ သင့်ကို ရိုက်နှက်နှင်ထုတ်ခဲ့တဲ့ ချွေးမယုတ်ကို သူ့သားလေးပါ သတ်ပြီး ပြာချပစ်မယ်” လို့ ပြောပြန်လေသည်။
 
      သိကြားမင်း၏ ချွေးမနှင့် မြေးကလေးကို သတ်မည်ဆိုသော ဤစကားကို ကြားရသောအခါ အမေအိုခမျာ ရင်တုန်ပန်းတုန် ဖြစ်သွားရှာသည်။ တစ်ခါမျှ မကြောက်စဖူး ကြောက်ရွံ့သွားရှာသည်။ ချွေးမ အတွက်မဟုတ်။ မြေးကလေးအတွက်ဖြစ်၏။ ဤမြေးကလေးမှာ တစ်ဦးတည်းသောသားက မွေးခဲ့သော တစ်ယောက်တည်းသော မြေးကလေးဖြစ်၏။ သူ့မျိုးရိုးသစ်ပင်၏ ရှားရှားပါးပါး တစ်လုံးတည်းသော မျိုးဆက်အသီးကလေးဖြစ်၏။ ဤ မြေးကလေးကို သူမြင်ခွင့်မရသေး။ ပွေ့ချီထွေးပိုက်ခွင့်မရသေး။ နမ်းရှုပ်ကျီစယ်ခွင့်မရသေး။ ဒီသိကြားမင်းဆိုသူက ဒီမြေးလေးပါ သတ်မည်တဲ့။ အမေအိုခမျာ ရင်ထိတ်ခဲ့ရရှာပြီ။ အသတ်မခံနိုင်။ ဒီမြေးကလေးကို အသေမခံနိုင်။ ထိုအတွက် အမေအိုတစ်ယောက် သိကြားမင်းကို တောင်းပန်ရပြန်ချေပြီ။ အမေအိုသည် ဘ၀တစ်လျောက်လုံး ကိုယ့်မြေ ကိုယ့်ရေပေါ်တွင် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ်ထူကိုယ်ထ နေခဲ့၏။ ဘီလူးစည်း လူ့စည်းထားခဲ့၏။ အမှားအယွင်း နည်းအောင် နေထိုင်ခဲ့သလို အမှန်တရားအတွက်လည်း တတ်အားသမျှ သူပါဝင်ဆောင်ရွက် ခဲ့သည်ချည်းဖြစ်၏။ သူ့မြေကို မကျူးကျော်သလို ကိုယ့်မြေကို နယ်ကျွံလာလျှင်လည်း ကျားသစ်မ တစ်ကောင်အလား ခုခံကာကွယ်ခဲ့လေ၏။ အမေအိုသည် တောင်းပန်ခယခြင်းထက် ရင်ဆိုင်ဖြေရှင်း တွေ့ဆုံဆွေးနွေးခြင်းသာ များပြားခဲ့၏။ ယခုသော်ကား ချစ်ခွင့် မရသေးသော မြေးလေးအတွက် သိကြားမင်းထံ အသနားခံရချေပြီ။
 

     “အမလေး…မသတ်ပါနဲ့ အရှင်သိကြားမင်းရယ်။ သင်ဟာ ငါ့ကောင်းကျိုးအတွက် လာခဲ့တယ်လို့ ပြောခဲ့တယ်နော်။ ငါ့သား၊ ငါ့ချွေးမနဲ့ ငါ့မြေးကလေးဟာ မလိမ်မိုးမလိမ္မာ အမိုက်အမဲလေးတွေပါကွယ်။ သူတို့ကို ခွင့်လွှတ်လိုက်ပါတော့။ အခုအချိန်မှာ ငါအဖြစ်ချင်ဆုံးအရာက ငါ့သား၊ ငါ့ချွေးမ၊ ငါ့မြေးကလေးနဲ့ တစ်အိမ်ထဲမှာ အတူတူနေထိုင်ရင်း ငါ့ဘ၀ဆည်းဆာကို ဖြတ်သန်းချင်တာပါပဲ။ ငါ့သားမရှိရင် ငါ့ဘဝမရှိသလို ငါ မြင်ခွင့်မရသေးတဲ့ ငါ့မြေးပူတူတူးလေးမရှိရင်လည်း ငါအဖြစ်ဟာ ရှင်လျက်နဲ့ သေတာပဲပေါ့”။
 

      “ကောင်းပါလေ့ အမေအိုရယ်။ တော်ပါပေ့။ “ဟတာပိ သန္တာ န ဇဟာသိ ဓမ္မံ-- သူတော်ကောင်းတွေဟာ အသတ်ခံရမယ်ဆိုရင်တောင် အမှန်တရားကို မစွန့်လွှတ်ကြဘူး။ အမှန်တရားကို အသက်ထက် ပိုမိုဖက်တွယ်ထားကြတယ်တဲ့”။ သင်ကော သင့်သား သင့်ချွေးမ သင့်မြေးကလေးကော တစ်အိမ်ထဲနေ တစ်အိုးတည်းစားပြီး ခက်ခဲတဲ့ ဘ၀ရဲ့နေ့ရက်တွေကို အတူတူဖြတ်ကျော်နိုင်ပါစေဗျာ”။
 

    သိကြားမင်း၏ တန်ခိုးကြောင့် သားနှင့်ချွေးမတို့က အမေအို၏ ကြီးမားသော မေတ္တာတရားကို သတိရခဲ့ကြသလို အမေအိုကို လိုက်ရှာခဲ့ကြသည်။ သုသာန်ထဲမှ အမေအိုကို ထူမတွဲယူကာ အိမ်သို့ ခေါ်ဆောင်ခဲ့ကြသည်။ အမေအိုသည် လောက၏မာယာနှင့် လူသားတို့၏ အမှားအဖြာဖြာကို သည်းခံခွင့်လွှတ်ခဲ့သည်။ အခြားတစ်ဖက်မှလည်း အမေအိုသည် မကောင်းမှုဒုစရိတ်နှင့် စာရိတ္တခြစားမှုတို့ကို တံတွေးနှင့် ပစ်ခနဲ ထွေးတတ်သူဖြစ်၏။ ပီဘိတိတ်ဆိတ်မှုဖြင့် အိမ်နံရံကို မှီကာထိုင်နေရင်း လွန်လွန်ကျူးကျူး ရှိုးထုတ်ဝတ်ဆင်ပြီး မြင်မြင်တကာ အထင်သေးအနိုင်ကျင့်တတ်သူများကို စူးစူးဝါးဝါး ကြည့်နေကောင်း ကြည့်နေပေမည်။ လူ့အဖွဲ့အစည်း၏ နှလုံးသားကင်းမဲ့သော လုပ်ရပ်များကို စက်ဆုပ်ရွံရှာ ဆန့်ကျင်ကောင်း ဆန့်ကျင့်ပေမည်။ သတ်ဖြတ်ခြင်း လုယက်ခိုးယူခြင်း ကာမလွန်ကျူးခြင်း လိမ်ညာကတိပျက်ခြင်း သောက်စားရမ်းကားခြင်း အစရှိသော မတရားမှုများ၏ သေဆုံးချိန်ကို စောင့်ကြည့်ကောင်း စောင့်ကြည့်နေပေမည်။ အမေအိုတို့ကဲ့သို့သော လူကောင်းသူကောင်းများရှိနေသရွေ့ အမှန်တရားသည် ဤကမ္ဘာမြေပြင်မှာ ဘယ်တော့မှ မသေဆုံး မပျောက်ကွယ်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ မေတ္တာတရားတည်းဟူသော သူတော်ကောင်းတရားကို အသက်တမျှ မြတ်နိုးကိုးစားသော အမေအို၏ မရဏအိပ်ရာသည် ယခုအခါ သန့်ပြန့် နွေးထွေးမှုများ လျှံကျနေပေတော့မည်။ တစ်သက်လုံးလိပ်ပြာသန့်ခဲ့သော အမေအို၏ ညနေဆည်းဆာများသည် ထာဝရအေးချမ်းလုံခြုံတော့မည် ဖြစ်သည်။
 

                                                                 နိုဝင်ဘာ (တန့်ဆည် )
                                                                    ( 7/ 6/ 2012 )

15/07/2012

"အိမ်မက်ထဲက မြစ်"

1. စီးဆင်း ရင်ခွင် | 7/15/2012 | 2. 3. 4. 5. 6. Best Blogger Tips


                                                     ( ၁ )
                                        “ရင်ထဲကို အေးမျှသွားတာပဲ”
      တိုးတိုးလေး ရောင်ရမ်းရင်း ကျွန်တော် အိမ်မက်မှ နိုးထခဲ့သည်။ မက်ခဲ့ပြန်လေပြီ ဒီအိမ်မက်၊ မက်ခဲ့သည့် အကြိမ်ပေါင်းလည်း မနဲတော့ပြီ။

   အိမ်မက်ထဲတွင် ကျွန်တော် ဧရာဝတီမြစ်ကမ်းဘေးက ရေချိုးဆိပ်တစ်ခုသို့ ရောက်နေခဲ့သည်၊ မြစ်ရေ ချိုကို အငမ်းမရ သောက်ရင်း မြစ်ရေပြင်ထဲ ကူးခတ်ကာ အားပါးတရ ရေချိုးနေခဲ့ သည်။ ပြီးတော့ မြစ်ရေပြင် ကို ကျော်ဖြတ်တိုက်ခတ်လာသော လေနုအေးတို့ကို တ၀ကြီး ရှုရှိုက်ပစ်လိုက်၏။ ပင်ပန်းနွမ်းနယ်နေသော ကျွန်တော် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး အားအင်တွေ ပြည့်ဝသွားသလို ခံစားလိုက် ရသည်။ ယင်းနောက် လက်နှစ်ဘက်ဖြင့် တစ်ဖန် ကော်ခတ်ကာ မြစ်ရေချိုကို တစ်ဝကြီး သောက်လိုက်ပြန်သည်။

         ဧရာဝတီမြစ်ရေသည် ကြည်လင်နေခဲ့သည်။ အေးမျှနေခဲ့သည်။ လတ်ဆတ်နေခဲ့ သည်။ ချိုနေခဲ့သည်။ ထို့ထက် မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေးနု အေးက ပို၍ပင် သန့်ရှင်းလတ်ဆတ်နေခဲ့ပေ၏။
                                      
                                                  ( ၂ )
                  ဒဏ္ဍာရီ ဆန်လှသော ရှေးဟောင်းမြို့တော်ကြီးသို့ ကျွန်တော် ရောက်နေခဲ့သည်မှာ ငါးနှစ် ငါးမိုး ရှိခဲ့ပြီ။ ဂင်္ဂါမြစ် တစ်ဘက်ကမ်းတွင် မေးတင်၍ တည်ဆောက်ထားသော ဗာရာဏသီမြို့ပင် ဖြစ်၏။ ကမ္ဘာ့ ရှေးဟောင်း အကျဆုံးမြို့ဟု သူတို့တွေ ဂုဏ်ယူနေ ကြသော်လည်း သမိုင်းဝင်ဖြစ်သော ရှေးဟောင်း အဆောက်အဦးများ များများစားစား မတွေ့ရပေ။ နေရာတိုင်းတွင် စွန့်ပစ် ပစ္စည်းမျိုးစုံတို့ကို စည်းကမ်းမဲ့ စွန့်ပစ်ကြသဖြင့် ညစ်ပတ်လွန်းလှ၏။ ထိုကြောင့် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် အညစ်ညမ်းဆုံးမြို့ ဟု ဆိုက ပို၍ သင့်တော်မည်ထင်သည်။ ပညာသင်ဟူသော အကြောင်းပြ လှလှလေးသာ မရှိခဲ့ပါက ဤမျှလောက် ကြာအောင် ကျွန်တော် ဤနေရာမှာ နေနိုင်လိုက်မည် မထင်ပေ။
 
        အိန္ဒိယရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို တစ်စုတစ်ဝေးတည်း လေ့လာချင်သူ များအတွက် သင့်တော်သောနေရာပင် ဖြစ်၏။ ဤမြို့သည် ရိုးရာ ယဉ်ကျေးမှုဖြစ်သော အက အခုံ အတီး အမှုတ်၊ ယောဂ ကျင့်စဉ်၊ သက္ကဋပညာရပ်၊ တိုင်းရင်းဆေး၊ ကိုးကွယ်မှုဆိုင်ရာ ဓလေ့မျိုးစုံ စသည် ပညာရပ်မျိုးစုံတို့ကို လေ့လာဆည်းပူးနေကြသူ တို့ဖြင့် အမြဲပင် စည်းကားနေလေ့ရှိသည်။ ပညာသင်ကိစ္စ တစ်ခုတည်းကိုသာ အာရုံစိုက် ထားပါက နေရသည်မှာ ပျော်စရာပင် ကောင်းနေသေးတော့၏။
 
        ငယ်စဉ်တောင်ကျေး ကလေးဘ၀ ဘကြီးဘုန်းကြီးထံ ပညာသင်ကြားစဉ်ကတဲက ဂင်္ဂါ စသော မြစ်ကြီးငါးသွယ်တို့နှင့် ရင်းနှီးခဲ့သည်။ ကြီးမားလှသော ငါးကြီးတို့သည် အခြားမြစ်များတွင် မနေနိုင်ကြဘဲ ယင်းမြစ်ကြီးငါးစင်းတို့တွင်သာ ကျက်လည်ကျက်စားနိုင် ကြသည်။ ကမ္ဘာပျက်လျှင်တောင် သုံးစင်းမြောက်နေ ထွတ်လာမှ မြစ်ကြီးငါးစင်းရှိ ရေများ ခမ်းခြောက်မည်ဟူ၏။
         ဘကြီးဘုန်းကြီး တရားဟောလျှင်လည်း “ဂင်္ဂါဝါဠု ၊ သဲစုမက၊ ပွင့်တော်မူကြကုန် သော၊ ဘုရားရှင်တို့အား၊ ရှိခိုးပါ၏” ဟူသော ဘုရားရှိခိုးဖြင့် အမြဲပင် ၀တ်ပြုလေ့ရှိသည်။ ထိုကြောင့် ငယ်စဉ်ကတဲက ဂင်္ဂါမြစ်ကြီးကို ကျွန်တော် လေးစားခဲ့သည်၊ အထင်ကြီး ခဲ့သည်၊ ချစ်ခင်ခဲ့သည်။
 
          တစ်ခါတစ်ရံ အနံ့အသင့် မျိုးစုံကို ကြိတ်မှိတ်သည်းခံလျှက် ဂင်္ဂါမြစ်ကမ်း တစ်လျှောက် ကျွန်တော် လမ်းလျှောက်ခဲ့သည်။ လှေတစ်စင်းငှားပြီး မြစ်အတွင်း စုန်ချည် ဆန်ချည် လှော်ခတ်စေကာ မြစ်ဂင်္ဂါ အလှကို ခံစားခဲ့သည်။ ကမ်းတစ်လျှောက် စီရရီ ရှေးဟောင်း အဆောက်အဦးကြီးများနှင့် နာမည်အသီးသီးရှိ ရေချိုးဆိပ်တို့မှာ လှပသည်။ ကမ်းဘေးထိုင်ကာ ကျင့်နည်းစုံဖြင့် ကျင့်ကြံနေကြသော ဆာဒူကြီးများ၊ မြစ်ရေထဲ မိမိကိုယ်ကို နစ်မြုပ်စေလိုက် ပေါ်လာစေလိုက်လုပ်ပြီး ဂင်္ဂါမြစ်နတ်ကို လက်အုပ်ချီ၍ ပူဇော်နေသူများ၊ ပန်း ဆီးမီးခွက်တို့ကို မြစ်ရေထဲ မျှောချလျက် ပူဇော်နေ ကြသူများကို မြင်ခဲ့ရသည်။ တဘက်ကမ်းမှ ဖြူးဖွေးအိစက်နေသော သဲသောင်ပြင်သည် သာယာ လှပသည်။
 
        အထူးသဖြင့် ညနေခင်းတိုင်း ကျင်းပလေ့ရှိသည့် ဂင်္ဂါ မဟာအာရတီ ပူဇာပွဲသည် အထူးစည်းကား၏၊ ဗြဟ္မဏဘာသာဝင် ပုဏ္ဏားတို့က ရိုးရာ အ၀တ်အစားတို့ကို ၀တ်ဆင် ကြပြီး ဆီမီးခွက် ဖယောင်းတိုင် မွှေးတိုင်များ ထွန်းညှိ ဝှေ့ယမ်းကာ ပူဇော်ကြသည်။ ဂါထာမန္တာန်များ ရွှတ်ဖတ်ကြပြီး ခေါင်းလောင်းတို့ကိုလည်း အဆက်မပြတ် တီးခတ် ကြသည်။
       မြစ်ကမ်းဘေးတစ်ဝိုက်နှင့် မြစ်ရေပြင် လှေ,မော်တော်,သမ္ဗာန်များပေါ်တွင် လာရောက်ပူဇော်ကြသူတို့ဖြင့် ပြည့်နှက်နေ၏။ ပူဇော်ပွဲပြီးပါက အရောင်မျိုးစုံရှိ အမှုန့် တို့ကို မိမိတို့၏ နှဖူးပြင်တို့တွင် တို့စေကြပြီး ပူဇော်သည့် ရေ ပက်ဖြန်းကာ ဆုတောင်းကြသည်။ နေ့စဉ် ကျင်းပဆဲဖြစ်သော ယင်းပူဇာသည် ပွဲလမ်းသဘင်ပမာ အထူးပင် စည်းကားလှသည်။
 
          သေဆုံးပြီးသူတို့၏ ဦးခေါင်းခွံတို့ကို ကိုင်လျှက် ဆုတောင်းပေးနေကြသော ဆာဒူကြီးတို့၏ အသွင်သဏ္ဍာန်မှာလည်း အမြင်ဆန်းလှသည်။ ဤမြို့တွင် လူသေတို့ မီးရှို့ရာ သင်္ချိုင်းကို ဂင်္ဂါမြစ်ကမ်းတွင် ပြုလုပ်ထားသည်။ ရိုးရာ အယူအဆစွဲကြောင့် ဂင်္ဂါမြစ် ကမ်းဘေး တွင် ပြုလုပ်ထားခြင်းဖြစ်သည်။ နေ့စဉ် အလောင်းပေါင်း များစွာ မီးရှို့ကြပြီး ကြွင်းကျန်သော အလောင်း အပိုင်းအစတို့နှင့်တကွ ထင်းမီးစ ပြာတို့ကို မြစ်ရေထဲ မျှောပစ်လိုက်ကြသည်။
   ယင်းကဲ့သို့ စည်းကမ်းမဲ့စွာ အမှိုက်သရိုက်များ စွန့်ပစ်ကြသဖြင့် ဂင်္ဂါမြစ်ရေမှာ လည်း နှောက်ကျုနေလေတော့၏။ မြစ်ရေသန့်ရှင်းမှု မရှိတော့ခြင်း၊ မြစ်ရေပြင် တိမ်ကောလာခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူများ စိုးရိမ်လာကြသည်။ ထိုကြောင့် သတင်းစာ နှင့် တီဗွီလိုင်း ချန်နယ်တို့တွင် ဂင်္ဂါမြစ်ကို ထိန်းသိမ်းစောက်ရှောက် ကြရန် နှိုးဆော်နေရတော့၏။

       မြစ်ဧရာ ကမ်းနှဖူးတွင် မေးတင်ထားသော မန်းရွှေမြို့တော်၌် ကျွန်တော် ခုနှစ်နှစ်မျှ နေထိုင်ခဲ့ဘူးသည်၊ ထိုနှစ်များအတွင်း လေညှင်းခံကာ ကမ်းနားလမ်းတစ်လျှောက် အကြိမ်ကြိမ် လမ်းလျှောက်ရောက်ခဲ့သည်၊ နီရဲစွာ ပွင့်နေကြသော လက်ပံပွင့်တို့ကို ငေးမေားရင်း လက်ပံပင်ကြီးအောက်တွင် အနားယူခဲ့ရ၏။ မြစ်ဧရာတစ်ဘက်ကမ်း စစ်ကိုင်းတောင်မှ ဗျိုင်းတောင်တူညီ ဖွေးဖွေးစီနေကြသော စေတီ ပုထိုးတို့ကို လှမ်းမြှော်ကာ ဖူးခဲ့ရသည်။ ဂေါဝိန်ဆိပ်တွင် အပန်းဖြေရင်း ပါတော်မူ အရှင်နှစ်ပါးတို့ကို လွမ်းခဲ့ဘူး၏။
  
            မိခင်ဧရာသည်သမိုင်းအဆက်ဆက်တာဝန်ကျေခဲ့သည်။ ပြည်သူတို့ကို အေးမျှသော  ရေစင် ဖြင့်   နွေးထွေးစေခဲ့သည်။ ကောင်းကျိုးပြုခဲ့သည်။ သို့သော် သူမကိုလည်း အတ္တသမားတို့က မြစ်ဆုံစီမံကိန်းဖြင့် ချိန်းခြောက်ခဲ့သည်။ တသွင်သွင် စီးဆင်းနေသော ရေအလျှင် ရပ်ရမည့်ကိန်း ကြုံခဲ့ရသည်။ ကံကြီးပေသေးသည်။ မိခင်ကို ချစ်သူတို့ကြောင့် သူမလဲ ခုတော့ ပျော်ရွှင်စွာ စီးဆင်းနိုင်ခဲ့ပေပြီ။
                                                            
                                                         ( ၃ )
                                            “ရင်ထဲကို အေးမျှသွားတာပဲ”
           သဲ့သဲ့လေး ရောင်ရန်းရင်း အိမ်မက်မှ နှိုးထခဲ့သည်။ ထုံးစံအတိုင်း ဒီအိမ်မက်ကို ထပ်မက်ပြန်လေပြီ။ အမေမရှိမှ အမေကို လွမ်းနေရသူကဲ့သို မိခင်ဧရာနှင့် ဝေးခဲ့တော့မှ မိခင်ကို တမ်းတနေမိသည်။ ဒီတစ်ခါတော့ မြစ်ဧရာသည် ပို၍ အေးမျှနေသည်။ ပို၍ ကြည်လင်နေသည်။ လေအဝှေ့တွင် တရိပ်ရိပ်တက်လာသော လှိုင်းကြက်ခွပ်လေးများနှင့် ပို၍ပင် ပနံတင့်နေပေသည်။ မြစ်ဆုံ အန္တရာယ်မှ လွတ်မြောက်ခဲ့သောကြောင့် ၀မ်းသာအားရ တက်ကြွနေတော့သည် ထင်၏။
 
     မြစ်ဧရာ နှင့် အတူ ကျွန်တော်တို့ ယောနယ်က ပြောင်းပြန် စီးသော မြစ်၊ ယောနယ် ဂုဏ်ဆောင်ဖြစ် သည့် မြစ်သာမြစ်ကို လွမ်းမိသည်။ တောင်မှ မြောက်ကို စီးဆင်းသော မြစ်ဖြစ်သည်။ ငယ်စဉ်က တွံတေးသိန်းတန် သီချင်းကို အော်ဆိုရင်း မြစ်သာမြစ်ထဲတွင် ပျော်ရွှင်စွာ ပိုက်မျှောခဲ့ဘူး သည်။ မြစ်ရေပြင်ထဲ ရေစိမ်ချိုးရင်း ယောနယ်တောင်တန်း အလှတို့ကို ငေးမောခဲ့ရသည်။ လုံမပျိုတို့၏ ရက်ကန်းစင်မှ လွင့်ပျံ့လာသော ရက်ခတ်သံတို့ကြောင့် နားဝင်ချိုခဲ့ဘူးသည်။
 
            သို့ဆိုလျှင် ကျွန်တော်စိတ်ကို အမြဲ ညို့ယူဖမ်းစားနေသော မြစ်မှာ မြစ်ကြီးဂင်္ဂါ မဟုတ်တော့ပြီ။ မြစ်ကြီးဂင်္ဂါသည် ကျွန်တော့ကို မလွမ်းစေပါ။ ဇာတ်လမ်းများထဲတွင် မကြာခဏ တွေ့ရသည့် အင်္ဂလန်က နာမည်ကျော် သိန်းမြစ်နှင့် အမေရိကက မစ္စပီပီမြစ်တို့သည်လည်း ကျွန်တော့အိမ်မက်ကို မလွမ်းမိုးနိုင်တော့ပြီ။
 
      ကျွန်တော်၏ အိမ်မက်ထဲက မြစ်တို့မှာ ရာဇ၀င်များရဲ့ သတိုးသမီး၊ ငါတို့ရဲ့ မိခင်ဟု တင်စားကြသည့် မြစ်မင်းဧရာ နှင့် ကျွန်တော် မွေးရပ်မြေ ယောနယ်က မြစ်သာမြစ် ကလေးပင် ဖြစ်တော့သည်။ ခရေပင်အောက်က ပိတောက်ချစ်သူ ဟု ဆိုကြလျှင်လည်း ကျွန်တော် ကျေနပ်စွာ ခံယူမိတော့မည်။ ယောမြစ်ကလေးနှင့်အတူ တော်ပေါ်ကျောင်းမှ ဆွတ်ပျံ့လာသော အုန်းမောင်းခေါက်သံ သဲ့သဲ့ကိုလည်း ကြားရောင်နေမိတော့သည်။
                                                                     သိမ်မွေ့ဦး ( B.H.U )
                                                                    ဗာရာဏသီမြို့၊ အိန္ဒိယ။

07/07/2012

ရွှေတို့ရဲ့ မြို့တော်....။

1. စီးဆင်း ရင်ခွင် | 7/07/2012 | 2. 3. 4. 5. 6. Best Blogger Tips


မန္တလေး မန္တလေးနဲ့
ကျုပ်တို့ရေရွတ်ရင်း
ဒီလိုအာဂန္တုတွေနဲ့
ထားခဲ့တော့မလား ....။

ကျုပ်တို့ရဲ့ချစ်လှစွာသောမြို့
ဒီမြို့မှာ မွေးဖွားခဲ့သူတွေ
ဒီမြို့မှာ နေဖူးခဲ့သူတွေ
ဒီမြို့မှာ ခိုနားဖူးခဲ့သူတွေ
ဒီမြို့မှာ လည်ဖူးခဲ့သူတွေ
ဒီမြို့မှာ အခြေစိုက်ခဲ့သူတွေ
ဘယ်သူတွေဘဲဖြစ်ဖြစ်
ဒီမြို့ကို မရောက်ဖူးခဲ့ရင်တော့
ရောက်ဖူးအောင် သွားချင်ကြတဲ့မြို့ ...။

မြန်မာမှန်ရင် ဒီမြို့အကြောင်းသိတယ်
ကမ္ဘာမှာလည်း ဒီမြို့က ကျော်ကြားတယ်
ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးနေပြည်တော်
ဒီကနေ့ထိ ကျုပ်တို့ရဲ့ ယဉ်ကျေးမှုနေပြည်တော် ...။

သီပေါမင်းဟာဒီမြို့ကိုတော့
လက်ညှိုးထိုးရောင်းမစားခဲ့ဘူး
သခင်ကိုယ်တော်မှိုင်းဘဝကို
မျိုးချစ်စိတ်တွေ ရှင်သန်စေခဲ့တဲ့မြို့ ...။

ပုဗ္ဗ၊ ဒက္ခိဏ
မြို့သစ်တည်လည်း
ရတနာပုံသမိုင်းက
နှစ်ရာကျော်ရှည်ခဲ့ပြီ
ကျုပ်တို့ခေတ်မှ ရိုင်းခဲ့ရင်တော့
နောက် နှစ်နှစ်ရာမကလို့
နှစ်နှစ်ထောင်ရောက်လည်း
ကိုယ့်သမိုင်းကိုယ်ရေး
ကိုယ့်ရာဇဝင်ကိုယ်ဖတ် ...။

အခုတော့
ဈေးချိုတော်ကြီးက
နာရီစင်ရဲ့မြည်သံတွေတောင်
ပြောင်းကုန်ပြီ ....။ 


      နိုင်ဦးညို ( ဖိုးဇီးရိုး )
  မိုးမခ မီဒီယာ မှ ကူးယူပါသည်။