ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။
01/02/2014
ပန်းပျိုးလက်သို့ လွမ်းဆွတ်ချိန်
1. စီးဆင်း ရင်ခွင် | 2/01/2014 | 2. 3. 4. 5. 6. Best Blogger Tips
         သူ လက်တစ်စုံကို အမုန်းကြီး မုန်းခဲ့သည်။ ထိုလက်တစ်စုံသည် မကြာခဏ သူ၏ နားရွက်ကို ဆွဲလိမ်သည်။ ဒေါက်ကနဲမြည်အောင် ခေါင်းကို ခေါက်သည်။ ကြိမ်လုံးသေးသေးလေး တစ်ချောင်းကို ကိုင်ကာ တစ်ရွှမ်းရွှမ်းမြည်အောင် ဆော်ပလော်တီးသည်။ လက်ညိုးတစ်ချောင်း ထောင်ပြ၍ အကြိမ်တစ်ရာ ထိုင်ထ လုပ်ခိုင်းသည်။ လက်ညိုးထိုး ညွှန်ပြ၍ ဒဏ်ထမ်းရန် ခိုင်းစေသည်။ ထိုလက်တစ်စုံသည် သူ့ဘ၀ကို အမျိုးမျိုး နှိက်စက်ခဲ့သည်။ သူလို လူငယ်တစ်ယောက်၏ လွတ်လပ်ခွင့်များကို လက်တစ်စုံက တင်းကြပ်စွာ ထိန်းချုပ်ခဲ့သည်။ သူ့ဘ၀၏ ရှင်သန်မှုများသည် လက်တစ်စုံ၏ ပုံစံခွက်ထဲ၌ အကျဉ်းကျခဲ့ရ၏။ 
                      ××××××××××××××××××××××××××××××  
          နေ့ခင်းပိုင်းအချိန်သည် နံနက်ခင်းလိုပင် ဘာမှမထူးခြား။ ပုံမှန် စာဝါတက်၊ စာအံကျောင်းတက် တို့ပင်ဖြစ်သည်။ သို့သော် နေ့ခင်းပိုင်း အချိန်ရောက်လျှင် သူပျော်သည်။ ဆရာတော်နှင့် စာချဘုန်းကြီးများ စာဝါများ ပို့ချနေကြသဖြင့် စာအံကျောင်းကို အချိန်ပြည့် မကြပ်မတ်နိုင်ကြပေ။ ထိုကြောင့် သူ့အတွက် ကာတွန်းစာအုပ် ဖတ်ချိန် များများရလေ၏။ တစ်နေ့ ရုပ်ပြကာတွန်းစာအုပ်တစ်အုပ်ကို စူးစိုက်စွာ ဖတ်နေခိုက် သူ၏ နားရွက်တစ်ခုလုံး ထူပူသွား၏။ လက်တစ်စုံက သူ၏နားရွက်ကို တင်းကျပ်စွာ ဆွဲလိမ်ထားသဖြင့် နာကျင်ကျင် ခံစားရ၏။ စာအံကျောင်း လာစစ်သော ဆရာတော်၏လက်။ ဆရာတော်သည် ရံခါ၌ စာဝါလိုက် စာသင်သားများကို စာဆိုခိုင်းထားပြီး ယင်းသို့ စာအံကျောင်းလာစစ်တတ်၏။ ယခုလည်း ဆရာတော် စာအံကျောင်းလာစစ်ခိုက် စာမကျက်ဘဲ ကာတွန်းစာအုပ် ဖတ်နေခြင်းကို မိပြန်လေ၏။ ထုံးစံအတိုင်း ချဉ်ပေါင်ခင်းကို မြက်နှုတ်ရပြီ။ ကာတွန်းစာအုပ်ဖတ်ခြင်းကို စွဲမက်သော သူသည်လည်း အမှတ်မရှိ။ ဆရာတော်လစ်လျင် လစ်သလို ထပ်ဖတ်၏။ ဖတ်တိုင်းမိ မိတိုင်းဒဏ်ထမ်းရသဖြင့် ချဉ်ပေါင်ခင်း မြက်သည် သူ့၏ သန့်ရှင်းမှုဖြင့် ပြောင်သလင်းခါလေတော့၏။
            တစ်ခါတစ်ရံ ဆရာတော် စာဝါချနေချိန်တွင် သူတို့အဖွဲ့ ဒီပင်္ကရာ ဘုန်းကြီးကျောင်းထဲသို့ သွားကြ၏။ ထိုကျောင်းမှာ သင်္ဘောပင်၊ တရုတ်ဆီးချိုပင်များ ပေါများလှပြီး အသီးတို့မှာလည်း ၀၀ဖြိုးဖြိုးဖြင့် ချိုမြှိန်လှသည်။ အသီးတို့ကို တနင့်တစ်ပိုး ခူးယူခဲ့ကြပြီး ၀မ်းသာအားရ ပြန်လာခိုက် ဆရာတော်ကား ကြိမ်တစ်ချောင်းကိုင်ကာ ကျောင်းပေါက်ဝက စောင့်နေလေပြီ။ သူတို့ကား အကင်းမပါကြသဖြင့် ဆရာတော် စောင့်၊ မစောင့်ကို သတိမထားမိကြ။ အသီးတို့နှင့်တကွ လက်ပူးလက်ကြပ် မိသဖြင့် ကြိမ်စာမိကြတော့သည်။ 
             ညဘုရားဝတ်တက်ပြီးချိန်တွင် ဆရာတော်က သူတို့အား သဂြိုင်္ဟ်သရုပ်ခွဲပေးသည်။ သူတို့က သဂြိုင်္ဟ်ပါဠိကို အရကျက်ကာ အနက်ကျေအောင် လှည့်ထားရပြီး အမှောင်ထဲတွင် သရုပ်ခွဲရသည်။ ဆရာတော်က လက်နှိပ်ဓာတ်မီးတစ်လက်နှင့် ဒုတ်တစ်ချောင်းကို ကိုင်ထားပြီး ပါဠိကို တစ်ပိုဒ်ချင်းဆိုစေကာ သရုပ်ကျေအောင် ခွဲပေးသည်။ ဆော့သံကြားပါက လက်နှိပ်ဓာတ်မီး၏ အလင်းရောင်သည် အမြန်ရောက်လာပြီး ဖြောင်းကနဲဟူသော အသံကလဲ ကပ်ပါလာမြဲဖြစ်၏။ စာဝါပြီးလျင် မမေ့စေရန် ဗလာစာအုပ်ဖြင့် ကိုယ်ဘာသာကိုယ် မှတ်စုပြန်ရေးရ၏။ ဆရာတော်စစ်ချိန် ရေးမပြီးပါက ဒဏ်ထမ်းရသည်။ သရုပ်ခွဲစာဝါပြီးသည့်နောက် သဂြိုင်္ဟ်ငါးပိုင်းလုံးကို ညတိုင်းပင် ပြန်ဆိုကြရသည်။
           သူ၏ အပျော်ဆုံးနေ့ကား စာမဖြေရသော ဥပုထ်နေ့ ဖြစ်သည်။ ထိုနေ့တွင် အပြင်ထွတ်ခွင့်ရသဖြင့် သူကြိုက်သော ကျော်ဟိန်းဇာတ်ကား ၊ ရဲကိုကိုဇာတ်ကားတို့ကို ဗီဒီယိုရုံ သွားကာ အ၀ကြည်ခွင့်ရသည်။ စာမေးပွဲ ဝေးနေသည့်အချိန် ဥပုထ်နေ့၌ အပြင်ထွတ်ခွင့် ပေးသော်လည်း စာမေးပွဲနီးလျင်ကား ဥပုထ်နေ့ပါ ကျက်ကြရ၏။ ထိုအချိန်တွင် သူတို့ ကိုယ်တိုင်ကလည်း စာမေးပွဲကျမှာ စိုးရိမ်သဖြင့် အားကြိုးမာန်တက် ကြိုးစားကြလေ၏။ စာမေးပွဲအောင်ချင်စိတ်က ကြီးစိုးနေသဖြင့် စာအံကျောင်းကို အထူးကြပ်မတ်ပေးစရာမလိုဘဲ သူ့တို့ကိုယ်တိုင် တက်ကုန်လွင့် ရွှက်ကုန်ဖွင့်ကာ လှော်ကြတော့၏။
      ရံဖန်ရံခါ သူတို့ သူငယ်ချင်းအချင်းချင်း စာပြိုင်လေ့ရှိကြသည်။ သရုပ်ခွဲ ပြိုင်ကြသကဲ့သို့ သဒ္ဒါရုပ်တွက်လည်း ပြိုင်တွက်ကြသည်။ အဘိဓမ္မာဥာဏ်စမ်းတို့ကို ပဟေဠိပမာ မေးမြန်းကြသည်။ ကျက်ထားသော ပါဠိတို့ကိုလည်း ပြိုင်ရွက်ကြသည်။ တစ်နေ့ စာပြိုင်ကြရင်း သူငယ်ချင်းတစ်ပါးက သူ့အား နိဿဂ္ဂိပါစိတ်ပါ ရာဇသိက္ခာပုဒ်ကို အလွတ် ရ၊ မရ မုန့်တစ်ထုပ် ၀ယ်ကျွေးစတမ်း လောင်းလေ၏။ ရာဇသိက္ခာပုဒ်သည် ရှည်လွန်းသဖြင့် သူတို့လို ရှင်ငယ်တွေအတွက် အလွယ်တကူ မရတတ်ကြပေ။ သူကား ညတိုင်းပင် ယင်းပါဠိကို ပြန်ထားသောကြောင့် သူငယ်ချင်းအား အထက်အငေါ့ မရှိ ရွက်ပြလိုက်၏။ သူငယ်ချင်းသည်လည်း ကျေနပ်စွာ မုန့်တစ်ထုပ် ၀ယ်ကျွေးသဖြင့် နှစ်ပါးအတူ စားခဲ့ကြရ၏။ 
      သူ၏ အပျိုးခံ ပန်းဘ၀က ပုံရိပ်တို့မှာ လွမ်းလို့မကုန်အောင် များပြားလှသည်။ 
    ×××××××××××××××××××××××××××××××××××××××× 
         သက္ကရာဇ်၏ ကြီးရင့်မှုနှင့်အတူ သူ လူလားမြောက်ခဲ့ပြီ။ ဆရာတို့၏ အမွေကောင်းကို လက်ဆင့်ကာ ဥယျာဉ်းမှူးဘ၀ကို သူ ကျေနပ်စွာ ခံယူထားလေ၏။ တစ်ပတ်လျင်နှစ်ရက်မျှ သူကိုယ်တိုင် တန်းဆွမ်းခေါင်းဆောင်အဖြစ် လိုက်ပါကာ ရပ်ကွက်ထဲ အရုဏ်ဆွမ်းခံ ထွတ်သည်။ စာသင်သားသံဃာ တို့သည် ငါးရက်မျှ အရုဏ်ဆွမ်းကို ဖြစ်သလို ဘုန်းပေးရသော်လည်း နှစ်ရက်မျှ မွန်မွန်မြတ်မြတ် ဘုန်းပေးသုံးဆောင်ခွင့် ရသဖြင့် သူကြည်နူးသည်။
      နေ့ဝါ ည၀ါ စာဝါတို့ကို မပျက်ကွက်အောင် သတိထားပြီး သူ သင်ကြားပို့ချပေးသည်။ စာသင်သားအများစုမှာ တက်ကြွစွာ စာလိုက်ကြသဖြင့် သူကျေနပ်သည်။ ဆရာနည်းအတိုင်း သဂြိုလ်ပါဠိကို အလွတ်ကျက် ပြန်ခိုင်းကာ သရုပ်ကျေအောင် ခွဲပေးသည်။ သရုပ်ခွဲပြီး ကျေညက်စေရန်အတွက် ညစဉ်ပြန်ဆိုခိုင်းသည်။ ထိုအခါ စာသင်သားများကား ညစဉ် ရွက်ဆိုရန် ပျင်းရိကြသည်။ သံပြိုင်ရွက်ဆိုကြသည့်အခါ စိတ်တက်ကြွမှု နည်းပါးလှ၏။ တစ်နေ့လျင် သဂြိုလ် တစ်ပိုင်းမျှလောက်သာ ပြန်ဆိုချင်ပြီး များများရွက်ဆိုရန် စိတ်မပါကြပေ။ အာဂုံစာ ပြန်ခိုင်းရာ တွင်လည်း ကျေညက်အောင် မကျက်ချင်ကြပေ။ အထောက်ကလေးပါမှ ဂါထာတစ်ပုဒ် ချောအောင် ပြန်ချင် ကြ၏။ အာဂုံရမှ အာဂလူဖြစ်ရန် အားကျစိတ် နည်းပါးကြ၏။ ထိုကြောင့် အာဂလူ များဖြစ်ရန် ချောက်တစ်လှည့် မြှောက်တစ်လှည့်ဖြင့် သူဆွဲခေါ်ပေးရသည်။ 
       စာအံကျောင်းအချိန်၌ စာသင်သားတို့သည် သတ်မှတ်ထားသည့် နေရာအသီးသီးတွင် ကိုယ်စီထိုင်လျက် စာကျက်ကြလေ၏။ အေးချမ်းသည့် ရာသီဥတုမို့ ခြုံထည်တို့ကို ခြုံထားကြသည်။ စာလုပ်ဖြစ်စေရန် စာအံကျောင်းကို အထူးကြပ်မတ်ပြီး သူ စောက်ရှောက်ဖြစ်သည်။ ထိုတွင် တချို့က အားကြိုးမာန်တက် ကျက်ကြ၏။ တချို့က လျော့တိလျော့ရဲ အံကြ၏။ ထိုအထဲ ကိုရင်တစ်ပါးမှာ စာကျက်နေရင်း ကိုယ်ကို ယိမ်းခါ ယိမ်းခါ လှုပ်နေလေ၏။ သင်္ကာမကင်း သဖြင့် ခြုံထည် ခြုံလွှမ်းထားသည့် ခေါင်းကို ဖွင့်ကြည့်ရာ နားကျပ် နှစ်ခုကို နားမှာတပ်ပြီး အမ်ပီဖိုး စက်ကလေးဖြင့် သီချင်းနားထောင်နေလေ၏။ သို့ဖြင့် အမ်ပီဖိုးစက်ကို ခဏသိမ်းကာ ဒဏ်ထမ်းခိုင်းပြီး အပြစ်ပေးရလေ၏။ နေ့ဆွမ်းစားပြီး အနားယူချိန်တွင် အနားမယူကြဘဲ အမ်ပီဖိုး စက်ကလေးဖြင့် ဇာတ်ကားကြည့်နေကြသောကြောင့် ဒဏ်ပေးရသည်မှာ အကြိမ်ကြိမ်ပင် ဖြစ်သည်။ တရုတ်နိုင်ငံထုတ် အမ်ပီ ဖိုး၊ အမ်ပီ သရီး စက်ကလေးတို့မှာ ဈေးနှုံးအသင့်သင့်မို့ စာသင်သား  တို့အတွက် ဖျော်ဖြေးရေးလက်စွဲ ဖြစ်နေတော့သည်။ 
          ညနေခင်း ဘုရားဝတ်တက်အပြီး တရားထိုင်ချိန်သည် သူ၏ လက်အညောင်းရဆုံး အချိန်ဖြစ်သည်။ တရားထိုင် ယောဂီ မောင်ရှင်တို့မှာ သမာဓိရ ဧကဂ္ဂတာ ကျသဖြင့် ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကြပြီ။ တစ်နေကုန် စာဝါ စာအံ စာကြံကြရကာ ပင်ပန်းခဲ့သဖြင့် တရားဖြင့် ချောသိပ်သကဲ့သို့ ဖြစ်ဟန်တူသည်။ ထိုကြောင့် နားရွက်ကို ဆွဲလိမ်ကာ ခန္ဓာကိုယ်ကို ပြန်မတ်စေရသည်။ ထိန်းမရအောင် ငိုက်နေပါက မတ်တပ်ထစေကာ ရပ်ကမ္မဋ္ဌာန်းဖြင့် မှတ်ခိုင်းရသည်။ ရဟန်းတော်တို့မှာ ငြိမ်သက်စွာ မှတ်နိုင်ကြသော်လည်း မောင်ရှင်တို့မှာမူ အငိုက်သရဖူ နေ့စဉ်ထူကြမြဲဖြစ်၏။ ထိုကြောင့် သူလည်း နေ့စဉ် လက်ညောင်းရ၏။ စာသင်တိုက်ဖြစ်သော်လည်း ပရိယတ်ကို ပဋိပတ်ဖြင့် အနားကွက်ထားသော ယင်းဆရာ့နည်းလမ်း အကျင့်ကောင်းလေးကို သူမြတ်နိုးစွာ ကူးယူကျင့်သုံးဖြစ်သည်။ 
        ယခင်နှစ်မှ စ၍ အင်တာနက်ဟူသော ကွန်ယက်သည် စာသင်သားလောကတွင် ခေတ်စား လာခဲ့၏။ နည်းပညာ၏ တိုးတက်မှုသည် သာသနာပြုလုပ်ငန်းတွင် များစွာ အထောက်အကူပြုသဖြင့် သူ ၀မ်းမြောက်စွာ ကြိုဆိုမိ၏။ သို့သော် အရာရာတိုင်းတွင် အကောင်း၊အဆိုး ဒွန်တွဲနေမြဲမို့ ယင်းအင်တာနက်ကြောင့် သူအား တာဝန်ပို၍ ပိစေခဲ့သည်။ စာသင်သားတို့သည် အင်တာနက်မှတဆင့် ဖေ့ဘွတ်၊ ဗိုင်ဗာ၊ ဂျီမေးလ်၊ ဂျီတောခ်၊ ဗွီဇက်အို၊ စကိုင်းပီ စသော လူမူရေးကွန်ယက်တို့ကို အသုံးပြုလာကြသည်။ အမိနိုင်ငံတော်သည်လည်း စနစ်ပြောင်းပြီမို့ လက်ကိုင်ဖုန်း၊ ဆင့်ကတ်တို့ကို တတ်နိုင်သောဈေးနှုန်းတို့ဖြင့် ၀ယ်နိုင်ကြပြီ။ ထိုကြောင့် အထောက်အပံ့ ဒကာ၊ ဒကာမ တောင့်တင်းသော စာသင်သားတို့သည် လက်ကိုင်ဖုန်းကို ၀ယ်ယူကာ အင်တာနက်ကို သုံးစွဲလာကြ၏။ စာအံကျောင်းကို စောက်ကြပ်သော ဘုန်းကြီးလစ်သည်နှင့် ယင်းအင်တာနက် လူမှုရေးကွန်ယက်တို့မှ တဆင့် စာရိုက်၍ဖြစ်စေ၊ ဖုန်းဖြင့်ပြော၍ဖြစ်စေ လိုင်းပေါ်တွင် အချင်းချင်း ဆက်သွယ်ကြကာ ပျော်မွေ့ကြ၏။ မသိသေး မရသေးသော စာတို့ကို ကျားကုတ်ကျားခဲ သင်ယူကြိုးစားပြီး သိရှိ တတ်မြောက်ရန် စိတ်မထက်သန်နိုင်ကြတော့ပေ။ ထိုကြောင့် စာအံကျောင်းသို့ ဖုန်းယူမလာရန် တင်းကြပ်စွာ စည်းကမ်းထုတ်ရသည်။ ယင်းနောက် စာအံကျောင်း စာဝါတို့တွင် ဖုန်းယူလာခြင်း ရှိ မရှိကိုလည်း စောင့်ကြပ်စစ်ဆေးပေးရလေ၏။
      တစ်ရက်က စာသင်သားသီတင်းသုံးသော ကျောင်းဆောင်မှ ညည့်နက်သန်းခေါင်အချိန်ထိ မအိပ်သေးဘဲ မီးရောင်ဖျော့ဖျော့ ဖွင့်ထားပြီး စကားပြောသံ သဲ့သဲ့ ကြားရသည်။ စာမေးပွဲ နီးပြီမို့ ညည့်နက်သန်းခေါင်ထိ မအိပ်နိုင်သေးဘဲ ကြိုးစားကြဟန်တူသည်။ စာမေးပွဲနီးသဖြင့် ပို၍ ကြိုးစားရမည်ဖြစ်သော်လည်း ဤကဲ့သို့ ညည့်နက်အထိ ကြိုးစားခြင်းမှာ ကျမ္မာရေးကို ထိခိုက်နိုင်သဖြင့် တားဆီးရပေမည်။ ထိုကြောင့် သူ ထိုကျောင်းဆောင်ဘက်သို့ သွားခဲ့သည်။ အဆောင်နှင့် နီးလာသည့်အချိန်တွင် အသံကို ပီပြင်စွာ ကြားရသည်။ အသံကား စာကျက်နေသည့်အသံမဟုတ်ဘဲ ညုတုတုဖြင့် စကားပြောနေသောအသံ ဖြစ်နေ၏။ လက်စသတ်တော့ မောင်မင်းကြီးသား လူပျိုလေးကား ဗိုင်ဗာကောဖြင့် ချစ်တင်းနှောနေခြင်း ဖြစ်၏။ နားပန်ကျင်းကာ ဖုန်းကိုသိမ်းပြီး နောက်ရက် ဒဏ်လာတောင်းရန် အမိန့်ချရ၏။ မာရ်နတ်ဝင်ရန်သကောဟူသော မကြည်ကြည့်ဖြင့် မောင်မင်းကြီးသားက သူ့ကို ကြည့်ပြီး အိပ်စက်လေတော့၏။ 
    တစ်ခါတစ်ရံ စာသင်သားတို့ အချင်းချင်း ပြိုင်ပြောနေကြသော အသံကို နားစွင့်ခဲ့ဘူးသည်။ များသောအားဖြင့် ငါတို့ မန်ယူ၊ ငါတို့ ချယ်ဆီး စသည်ဖြင့် ဘောလုံးအသင်း တို့ဖြင့် ပြိုင်ကြ သည်။ ဘောလုံးသမားနာမည်တို့ဖြင့် ငြင်းခုံကြသည်။ ငါ့ဖုန်းက ဆန်းဆောင်း နုတ် တူး၊ နုတ် သရီး စသည်ဖြင့် ကိုင်နေကြသော ဖုန်းတို့ဖြင့်လည်း ပြိုင်ကြလေ၏။ အကောင်းကြိုက်သော ပုထုဇဉ်သဘာဝပေမို့ နားလည်စားနာမိသော်လည်း သရုပ်ခွဲပြိုင်၊ ရုပ်တွက်ပြိုင်ခဲ့ကြရသော သူ့၏ငယ်ဘ၀လေးကို နက်နက်ရှိုင်းရှိုင်း လွမ်းမိပေသည်။
     သူကိုယ်တိုင် ပန်းပျိုးလက်ဘ၀ကို မြတ်နိုးစွာ ဆုတ်ကိုင်မိမှ နှလုံးသားတွင် စွဲထင်ခဲ့သော နီတိစကားတို့ကို မကြာခဏ သတိရမိလေ၏။ 
      ဆုံးမရာတွင် ဆုံးမပုံ ဆုံးမနည်း စနစ်ကျရန် လိုသည်။ စေတနာပင် ကောင်းသော်လည်း စေတနာနှင့် မှားလျှင် ဝေဒနာဖြစ်ရသည်။ ဆုံးမရာတွင် လျှော့လွန်းလျှင် ပတ်သည်။ တင်းလွန်းလျှင် ပြတ်သည်။ ၀န်နှင့်အား မြားနှင့်လေး ဆိုသကဲ့သို့ အသက်အရွယ်အလိုက် ကိုက်ညီအောင် သတိထားပြီး ဆုံးမရသည်။ ပန်းလိုနုနယ်သော ကလေးငယ်၏ ဖြူသော နုသော နှလုံးသားလေးကို မိမိကြောင့် မထိခိုက်အောင် သတိထားရသည်။ 
   နီတိ အဆုံးအမတို့ကို သူ အမြဲသတိထားသော်လည်း ရံဖန်ရံခါ သားကောင်း တစ်ယောက်၊ ကျောက်ကောင်းတစ်စေ့၊ ပန်းကောင်းတစ်ပွင့်။ သီးကောင်းတစ်ခိုင်၊ သစ်ကောင်းတစ်ပင် ဖြစ်စေရန်ဟူသော စေတနာကောင်းဖြင့် တပည့်တို့ ကျောအပေါ် တစ်ဗြုန်းဗြုန်း ဗျောတီးခဲ့မိလေ၏။ ဒီပန်းပျိုးလက်၏ ပြုပြင်ပျိုးထောင်ပေးမှုကြောင့် အချို့ပန်းတို့မှာ လှပစွာ ပွင့်ခဲ့ကြသည်။ အချို့ ပန်းတို့မှာလည်း မြေခ ကြွေလွင့်ခဲ့ကြသည်။ လှပစွာ ပွင့်သော ပန်းတို့ အတွက် ပျော်ရွှင်ကျေနပ်ခဲ့ရသကဲ့သို့ ကြွေလွင့်သော ပန်းတို့အတွက်လည်း ထိရှစွာ နာကျင်ခဲ့ရလေ၏။ စေတနာကြောင့် ဝေဒနာဖြစ်ခဲ့ရသော အချို့ပန်းလေးတို့အတွက် ရင်ထဲမှ တလှပ်လှပ် ခံစားခဲ့ရလေ၏။ မည်သို့ပင်ဖြစ်စေ သူသည် ပီတိကိုစားသည့် ဥယျာဉ်းမှူးဘ၀ကို ပျော်မွေ့စွာ ဆုတ်ကိုင်ထားအုံးမည်မို့ ပန်းပင်များစွာကို ပြုစုပျိုးထောင်ရပေအုံးမည်။
   ××××××××××××××××××××××××××××××××××××××××
        ခုတော့ သူ၏လက်တစ်စုံကို အမုန်းကြီး မုန်းကြပေမည်။ ထိုလက်တစ်စုံသည် မကြာခဏ သူတို့၏ နားရွက်တို့ကို ဆွဲလိမ်ခဲ့သည်။ ဒေါက်ကနဲမြည်အောင် ခေါင်းကို ခေါက်ခဲ့သည်။ ကြိမ်လုံးသေးသေးလေး တစ်ချောင်းကို ကိုင်ကာ တစ်ရွှမ်းရွှမ်းမြည်အောင် ဆော်ပလော်တီးခဲ့သည်။ လက်ညိုး တစ်ချောင်း ထောင်ပြ၍ အကြိမ်တစ်ရာ ထိုင်ထ လုပ်ခိုင်းခဲ့သည်။ လက်ညိုးထိုး ညွှန်ပြ၍ ဒဏ်ထမ်းရန် ခိုင်းစေခဲ့သည်။ ထိုလက်တစ်စုံသည် သူ့တို့ဘ၀ကို အမျိုးမျိုး နှိက်စက်ခဲ့သည်။ သူတို့လို လူငယ်တစ်ယောက်၏ လွတ်လပ်ခွင့်များကို ထိုလက်တစ်စုံက တင်းကြပ်စွာ ထိန်းချုပ်ခဲ့သည်။ သူ့တို့ဘ၀၏ ရှင်သန်မှုများသည် လက်တစ်စုံ၏ ပုံစံခွက်ထဲ၌ အကျဉ်းကျခဲ့ကြရ၏။
        ခုတော့ သူ လက်တစ်စုံ၏ တန်ဖိုးကို နက်နဲစွာ နားလည်ခဲ့ပြီ။ မုန်းစရာအကောင်းဆုံး လက်သည် ချစ်စရာ အကောင်းဆုံးဖြစ်မှန်း သိခဲ့ပေပြီ။ နားလည် သိရှိခြင်းနှင့်အတူ ပန်းပျိုးလက် တစ်စုံကို တမ်းတစွာ လွမ်းဆွတ်မိလေ၏။ ထို့နောက် ပန်းပျိုးလက်ရှိရာအရပ်ကို မျက်နှာမူပြီး အကြိမ်ကြိမ်အခါခါ ဦးချကန်တော့နေမိတော့၏။ 
သိမ်မွေ့ဦး (BHU)
31-01-14
(ကလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်သို့ ဤစာမူဖြင့် ပူဇော်ပါသည်။) 
No comments:
Post a Comment