ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။
30/10/2011
အိပ်မက်ပြုံး
1. စီးဆင်း ရင်ခွင် | 10/30/2011 | 2. 3. 4. 5. 6. Best Blogger Tips
                                                           အိပ်မက်ပြုံး
အရှင်ဉာဏိကာဘိဝံသ
 (ကာလီဖိုးနီးယားတက္ကသိုလ်)
    တစ်ယောက်သောသူက သူ့စိတ်ကူးအိပ်မက်ကို လှောင်တယ်။ လှောင်တဲ့သူက သူချစ်ရသူဖြစ်နေတယ်။ အဲဒါ ဘယ်လို လုပ်ရမလဲတဲ့။ တစ်ယောက်က မေးတယ်
She laughs at my dreams but I dream about her laughter.
"သူမက ကိုယ့်အိပ်မက်ကို ရယ်တယ်။ ကိုယ်ကတော့ သူမရယ်တာကို အိပ်မက်မက်လိုက်တယ်"။
    အဓိပ္ပါယ် လှပပြီး ချစ်စရာကောင်းတဲ့ ဒီစကားလေးကို ဘယ်သူပြောထားခဲ့တယ် မသိဘူး။ သဘောကျမိတာ ကြောင့် မကြာမကြာ သတိရနေမိ တတ်တယ်။ ဒီစကားလေးထဲမှာ ကဲ့ရဲ့ခြင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်စွမ်း အားမာန်နဲ့ အတူ ကိုယ့်ကို ရယ်ပွဲဖွဲ့သူ အပေါ်မှာပင်လျင် ခွင့်လွှတ်နိုင်စွမ်းနဲ့ ချစ်မြတ်နိုးနိုင်စွမ်းတွေ ပေါင်းစုကာ ပျော်ဝင်နေ တယ်လို့လည်း ခံစားမိတယ်။ ရင့်ကျက်သူတို့မှသာလျင် ထားနိုင်မယ့်စိတ်ဓာတ်။ မြင့်မြတ်သူတို့မှသာလျင် ပွားနိုင် မယ့် အလှတရား။ အတုယူကာ အတူပြုသင့်တဲ့ စကားလေးပေါ့။
     အများအားဖြင့် သာမန်သူတွေအဖို့ ကိုယ့်စိတ်ကူးအိပ်မက်တွေကို အထင်အမြင်သေးသူ၊ ရှုတ်ချလှောင်ပြောင်သူ အပေါ်မှာ ခွင့်လွှတ်သည်းခံကာ မေတ္တာထားနိုင်ဖို့ဆိုတာက မလွယ်လှပါဘူး။ ကိုယ်က မုန်းသူတွေရဲ့ လှောင် ပြောင်မှုမျိုးဆို လုံးဝသည်းမခံနိုင်လောက်အောင်ပင် ဖြစ်တတ်ပါတယ်။ ကိုယ့်ကို လှောင်ပြောင်သူအပေါ် ဆထက်တိုးလို့ အမုန်းတရားလည်း ပွားတတ်ပါတယ်။ အခွင့်ရတာနဲ့ တစ်နည်းနည်းနဲ့ အနိုင်ယူလက်စားခြေစိတ် မျိုးလည်း မွေးမိတတ်ပါတယ်။ ကိုယ်က ချစ်ခင်သူတွေရဲ့ အထင်အမြင်သေးမှုကို ခံရတဲ့ အခါမျိုးမှာတော့ ချစ်ခင် သူကို မမုန်းရက်လေတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်လည်မုန်းတီးစိတ်ဖြစ်တော့တာပေါ့။ ကိုယ့်ကိုယ်ကို ညံ့ဖျင်းနိုင် ရန် ကောလို့လည်း ပြန်လည်အပြစ်တင်မိတတ်ပါတယ်။ ဒီကနေတဆင့် သိမ်ငယ်စိတ်လည်း ဝင်တတ်တာမို့ အရာရာ အပေါ်မှာ ယုံကြည်မှုနည်းပါးပြီး ကိုယ်စွမ်းကိုယ်စ ကျဆင်းသွားတာမျိုးအထိပင် ဖြစ်တတ်ပါတယ်။ ကိုယ်ဘာလုပ် လုပ် ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ သိမ်ငယ်စိတ်က ရှိနေတာမို့ မလုပ်မီကပင်လျင် ရှုံးနိမ့်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အမှတ်တမဲ့ ကိုယ်ပြူမူပြောဆိုလိုက်တဲ့ အမူအကျင့်တစ်ခုဟာ ကိုယ်ကချစ်ခင်သူ၊ ကိုယ့်ကိုချစ်ခင်နေ သူတွေအတွက် တခါခါမှာ အကြီးမားဆုံး ဘဝဒဏ်ချက် ဖြစ်စေတတ်တာမို့ အထူးသတိထားလို့ ပြုမူပြောဆိုသင့် ပါတယ်။ ယေဘုယျပြောရလျင်တော့ ကိုယ့်ကို အထင်အမြင်သေးတာ၊ ရှုတ်ချတာမျိုးကို ဘယ်သူမှ မကြိုက်နှစ် သက်တတ်ပါဘူး။
     ဒါပေမယ့် အထက်ကစကားလေးကတော့ အဲဒါနဲ့ဆန့်ကျင်စွာပဲ ကိုယ့်ကို အထင်အမြင်သေးသူအပေါ်မှာ အပြစ် မမြင်ပဲ ချစ်ခင်မှုသဘော၊ နှစ်သက်မှုသဘော ထင်ဟပ်နေတာကို တွေ့ရမှာပါ။ ရယ်ပြုံးနေတာကို အိပ်မက်မက် သူအဖို့ စိတ်နှလုံးချမ်းမြေ့မှုကို ဖြစ်စေမှာ အမှန်ပဲလို့လည်း ကိုယ်တွေ့အိပ်မက် နဲ့ယှဉ်လို့ တွေးမိလိုက်ပါတယ်။ သန့်စင်တဲ့ အပြုံးရဲ့နောက်ဆွယ်မှာ လှပတဲ့ မေတ္တာဓာတ်တွေ ပျော်ဝင်နေတတ်တာ။ ဒါ ဘယ်လောက်မြတ်နိုးဖွယ် အရာပါလဲ။ တကယ်တော့ အပြစ်မြင်ရတယ်၊ အပြစ်တင်ရတယ်ဆိုတာ ဘယ်သူ့ကိုပဲ မြင်မြင်၊ တင်တင်။ ကောင်း တာမျိုးမှ မဟုတ်တာ။ ကိုယ်က သူများကို အပြစ်မြင်ရ၊ အပြစ်တင်ရတာပဲဖြစ်ဖြစ်။ သူများက ကိုယ့်ကို အပြစ်မြင် ရ၊ တင်ရတာပဲဖြစ်ဖြစ်။ အပြစ်တင်တဲ့စိတ် ဖြစ်ရကတည်းကိုက အပြစ်မြင်တတ်၊ အပြစ်တင်တတ်သူမှာက အပြစ် ဖြစ်လို့ နေရပြီလေ။ အပြစ်ဆိုတာမျိုးက ကောင်းခြင်းလက္ခဏာတစ်ရပ်မှ မဟုတ်လေတာ။ ဒေါသဆိုတဲ့ အပူ တ ရား၊ အဆူတရားက နောက်နားမှာ ကပ်လျက်ရှိနေတတ်တာမျိုးလေ။
     တခါခါမှာ တချို့အရာတွေက စကားအဖြစ် စာအဖြစ် ထုတ်ဖော်ပြောပြ၊ ရေးပြဖို့ ခက်ခဲလွန်းပါတယ်။ ဘယ်လိုပဲ ကြိုးစားကာ ပြောပြော၊ ကိုယ်ပြောလိုတဲ့အတိုင်း တဖက်သားကွက်တိ နားလည်အောင်ပြောလို့ မရနိုင်ပါဘူး။ စာ လုံးတွေ၊ စကားလုံးတွေမှာက အကန့်အသတ်ရှိတယ်လေ။ ကိုယ်ခံစားမိတာ၊ ကိုယ်သိလိုက်တဲ့အရာက အကန့် အသတ်မှ မရှိတာ။ နောက်ပြီး ပုံသဏ္ဌာန်တွေ၊ အရောင်တွေလည်းပဲမှ မရှိတာ။ ဒီတော့ အဲဒီလို ပုံ၊ အရောင်မရှိတဲ့ အရာမျိုးကို စကားနဲ့စာနဲ့ ဘယ်လိုပုံဖော်လို့ ရနိုင်ပါ့မလဲ။ တွေ့ဖူးမလားပါ။ တစ်ယောက်သောသူရဲ့ မျက်ဝန်းကို စိုက်ကြည့်တဲ့အခါမျိုးမှာ သူ့မျက်ဝန်းမှာ ထင်နေတဲ့ စကားလုံးတွေကို။ ဒါပေမယ့် သူဘယ်လိုပဲပြောပြော သူ့နှုတ် ဖျားကထွက်လာတဲ့စကားဟာ သူပြောချင်တဲ့စကားနဲ့ ထပ်တူမဟုတ်ဖူးဆိုတာကို။ ဒါပေမယ့် သင်က သူ့ခံစားချက် ကို အနီးဆုံး နားလည်ပေးနိုင်စွမ်းရှိတဲ့သူဖြစ်ဖို့တော့ လိုတာပေါ့။ နှုတ်ဖျားက ပြောမပြနိုင်တဲ့ နှုတ်ခမ်းသားအလှမှာ ထင်နေတဲ့စကားတွေ။ နှစ်လုံးအလှကြောင့် အပြုံးစမှာ မြင်ရတဲ့ စကားတွေ။
     နည်းတူပဲပေါ့။ ကိုယ့်မျက်လုံးထဲကို သင်စိုက်ကြည့်လျင်လည်း ကိုယ့်နှုတ်ကနေ တစ်ထပ်တည်းဖြစ်အောင် ပြော လို့မရနိုင်တဲ့စကားလုံးတွေကို သင်တွေ့ကောင်းတွေ့ရမှာပေါ့။ သင်သာ ကိုယ့်ခံစားချက်ကို နားလည်သူ ဖြစ်ရင်ပေါ့ လေ။
     ဘာပဲဖြစ်ဖြစ်ပါ။ သင့်မှာ အိပ်မက်လှလှတစ်ခုကို အတိုင်းအဆမရှိပဲ မက်ခွင့်ရှိပါတယ်။ သင့်အိပ်မက်ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မမက်စေဖို့ ကန့်သတ်ချုပ်ချယ်ခွင့်လည်း မရှိပါဘူး။ အဆုံးအစမရှိတဲ့ စကြ်ာဝဠာကြီး အတွင်းမှာ အဆုံးအစ မရှိနိုင်တဲ့ ဝင်းလက်တောက်ပတဲ့ မျှော်လင့်ဖွယ်တွေက အနှံ့အပြား လွင့်မျောဝဲပျံနေကြ တာ။ လိုချင်တဲ့အရာကို ဆုပ်ကိုင်နိုင်တဲ့စွမ်းအားသာ ရှိမယ်ဆိုလျင်ဖြင့် မမိနိုင်၊ မမီနိုင်တဲ့အရာဆိုတာလည်း ဘယ်ရှိနိုင်ပါ့မလဲ။ ဒါပေမယ့် သတိထားရမှာကတော့ သင်မက်မယ့် အိပ်မက်တွေကို ပျက်ရယ်ပြုမည့်သူတွေ လည်း ရှိနိုင်မယ်ဆိုတာကိုပေါ့။ ပျက်ရယ်ပြုမယ့်သူတွေထဲမှာ သင့်ရဲ့အချစ်ခင်ဆုံးသူတွေလည်း ပါဝင်နိုင်တယ် ဆိုတာကိုလည်း မမေ့စေချင်ဘူးလေ။ ဘယ်သူတွေ ဘယ်လိုပဲ လှောင်ပြောင်ကာ ရယ်သွမ်းသွေးသွေး။ အရေး ကြီးတာကတော့ သူတို့တွေရဲ့ ရယ်နေတာတွေကို အိပ်မက်မက်ပြီး ပြုံးနိုင်တဲ့စိတ်ထား မွေးနိုင်အောင်သာ ကြိုး စားဖို့သာပါပဲ။
     အင်း၊ ကိုယ်လား။ကိုယ့်အိပ်မက်ကို ရယ်နေသူတွေ ထာဝရ ပြုံးနေနိုင်အောင် သူတို့တွေ အိပ်မက်ကောင်းကောင်း မက်နိုင်ပါစေလို့ ဆုတောင်းပေးနေလိုက်တယ်လေ။ ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ် 
 ကူးယူဖော်ပြသည်။
28/10/2011
စာသင်သားဘ၀ အလွမ်းပုံရိပ် (၁)
1. စီးဆင်း ရင်ခွင် | 10/28/2011 | 2. 3. 4. 5. 6. Best Blogger Tips
      “အပ္ပသန္နာနံ ၀ါ ပသာဒါယ, ပသာန္နာနံ ၀ါ ဘိယျောဘာဝါယ။”
      “မကြည်ညိုသေးသူများ ကြည်ညိုရန်၊ ကြည်ညိုပြီးသူများ ကြည်ညိုသဒ္ဓါ တိုးပွားရန် ကျင့်ကြ။”
                                                                   (ပါရာဇိကပါဠိ-၂၃)
    ဗုဒ္ဓမြတ်စွာရဲ့ အဆိုအမိန့် အတိုင်း သမဏသာရုပ္ပဖြစ်အောင် ၀တ်စားဆင်ယင် ပြုပြင်နေထိုင်မှုတို့ဟာ ဘုရားသားတော် ရဟန်း သာမဏေများအတွက် အလွန်ကို အရေးပါလှပါတယ်။ ၀တ်စားဆင်ယင်မှု တရောင်တဲ တညီတဲဖြစ်နေလျှင် မြင်တွေ့ရသူတို့ အတွက်လဲ မျက်စိပသာဒ ဖြစ်ကြရတာပါ။ အရောင်အဆင်းတူ သံဃာတော်များကို ဖူးမြင်ရလျှင် သာသနာတော်နှင့် နီးစပ်နေတဲ့သူတွေ ပိုပြီးတော့ သဒ္ဓါတရားတွေ ဖြစ်ကြရပါတယ်။ သာသနာနှင့် ထိတွေ့မှုမရှိတဲ့သူတွေတောင် သာသနာကို ပိုပြီးတော့ စိတ်ဝင်စားစေပါတယ်။ လေးစားချင်ခင်တဲ့စိတ်တွေ တိုးပွားစေပါတယ်။ မြတ်ဗုဒ္ဓ သာသနာတော်နှင့် စိမ်းနေတဲ့သူတွေအတွက် သာသနာတော်ကို ကြည်ညိုသက်ဝင် လာအောင် ဘုရားသားတော်များရဲ့ ၀တ်စားဆင်ယင်မှုကလဲ အရေးကြီးလှပါတယ်။ သာသနာတော်ကို ကြည်ညိုသူတွေ ပေါများမှလဲ ဒီသာသနာတော်ကြီးကို ပိုပြီးတော့ စည်ပင် ပြန့်ပွားအောင် ကြိုးစားအားထုတ်နိုင်ကြမှာပါ။
     ပညာရည်နို့ သောက်စို့ခဲ့စဉ် ငယ်ဘ၀လေးတွေကို ပြန်လည် သတိရမိပါတယ်။ ရှင်ငယ်ဘ၀က ရန်ကုန်မြို့၊ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်မှာ နေခဲ့ပါတယ်။ ရောက်ခါစ တစ်လကျော်အထိ ၀တ်ပုံ စားပုံ နေထိုင်ပုံ တို့ကို နေ့စဉ် သင်ယူရပါတယ်။ ကျောင်းတိုက် ၀တ်ရွှတ်စဉ်တို့ကိုလဲ ကျက်မှတ်ရပါတယ်။ သပိတ်ကိုင်တာ သင်္ကန်းရမ်းတာ အနေကထိုင် ခင်းတာ ခေါက်တာကအစ အသေးစိပ်တို့ကို သင်ယူရတာပါ။ အကြိမ်ကြိမ် လေ့ကျင့်ကာ အကြိမ်ကြိမ်ပြရပါတယ်။ တိပိဋကဓရဆရာတော်ကိုယ်တိုင် တပည့် ပရိသတ်တို့ရဲ့ ၀တ်စားဆင်ယင် နေထိုင်ပုံတို့ကို ကြတ်မတ်စစ်ဆေးပါတယ်။ အချိုးမကျ သေးတာတွေ့ရင် အာမခံ ဆရာ ခေါ်ပြီး သင်ယူစေပါတယ်။ ပြီးလျှင် ဆရာတော် စိတ်ကျေနပ်သည်အထိ အာမခံဆရာနှင့် သွားပြရတာပါ။
     သင်ယူပြီး ထပ်ခါထပ်ခါ မှားယွင်းလျှင် ဒဏ်ထမ်းရပါတယ်။ မှားယွင်းမှုများလာလျှင် မိမိအာမခံဆရာလဲ ငြိုငြင်ခံရတာကြောင့် ကြိုးစားပြီး အချိုးကျအောင် ၀တ်ဆင်ရပါတယ်။ ငယ်စဉ်က ဖိအားတစ်ခုလို ခံစားရပြီး စိတ်ပျက်ခဲ့ရပါတယ်။ မိမိကိုယ်တိုင် လူကြီး ဖြစ် လာတဲ့အခါမှ သေခိယသိက္ခာပုဒ်တွေအတိုင်း အချိုးကျစေခဲ့တဲ့ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့တသ ဖြစ်ရပါတယ်။
      မိမိတို့ စာသင်သားဘ၀က သံဃာ (၄၅၀) ကျော်ရှိခဲ့တဲ့ အမိ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်ကြီးဟာ ၀တ်ပုံ စားပုံ နေထိုင်ပုံ ကအစ အင်မတန် ညီညွတ် သေသပ်လှပါတယ်။ ပရိယတ် စာပေဘက်မှာလဲ ထိပ်ဆုံးနေရာကနေ ထင်ပေါ် ကျော်ကြားခဲ့တာပါ။ သံဃာအားလုံး စုဝေးပြီး ၀တ်တက်ဝတ်ကပ် ပြုကြတဲ့အခါ သိပ်ကို ကြည်ညိုစရာ ကောင်းလှပါတယ်။ လေတိုက်တဲ့အခါ စပါးပင်များ ရိမ်းသွားသလို ၀တ်ချ လိုက်တဲ့အခါတိုင်း ရိမ်းကနဲ ရိမ်းကနဲ ညီညာနေပါတယ်။ ပရိတ်ရွှတ်ဖတ်တဲ့အခါလည်း တသံတည်း တညီတည်း ဖြစ်နေတာမို့ နာယူကြသူတွေအတွက် သဒ္ဓါစိတ်ကို ပိုမိုထက်သန်စေပါတယ်။
   အဲဒီအချိန်က အမိ တိုက်တာကြီးရဲ့ စည်းကမ်းနှင့် ပညာရေး ကောင်းသတင်း တို့ကြောင့် မြန်မာ့ရုပ်မြင်သံကြားဌာနက “သာသနာ့ရိပ်မြုံ မဟာဂန္ဓာရုံ” ဆိုပြီး တစ်နေ့တာလုပ်ငန်းတို့ကို ရိုက်ကူးကာ အကြိမ်ကြိမ်ထုပ်လွှင့်ပြသခဲ့ပါတယ်။
    သာသနာ့သမိုင်းမှာ အထင်ကရဖြစ်ခဲ့တဲ့ သိရီဓမ္မာသောကမင်းကြီးဟာ ဗုဒ္ဓဘာသာမဖြစ်ခင်က ကြမ်းတမ်းရက်စက်လှတဲ့ စဏ္ဍာသောက မင်းကြီးပါ။ သေခိယသိက္ခာပုဒ်တို့နှင့်အညီ သင်္ကန်းကို ညီညာစွာ ၀တ်ရုံပြီး မျက်လွှာကို ရှေ့ချလျှက် နန်းတော်ရှေ့ဖြတ်ကာ ဆွမ်းခံကြွလာတဲ့ တူတော်သူ ခုနှစ်နှစ်သားအရွယ် နိဂြောဓ ကိုရင်လေးကို မြင်ခဲ့ရပါတယ်။ သေသပ်တဲ့ အ၀တ်အစား ငြိမ်သက်တဲ့ ကိုရင်လေးရဲ့ ဣနြေ္ဒတို့ဟာ မင်းကြီးရဲ့ နှလုံးသားကို တုန်လှုပ်စေခဲ့တယ်။ ကြည်ညိုသဒ္ဓါစိတ် ယိုဖိတ်နေတဲ့မင်းကြီးဟာ ကိုရင်လေးကို နန်းတော်သို့ ပင့်ဖိတ်ပြီး တရားတော်ကို နာယူခဲ့ပါတယ်။ အဲဒီနောက် သာသနာတော်ကို အထူးစောက်ရှောက် ချီးမြှောက်တဲ့ ဓမ္မာသောက မင်းကြီးဖြစ်ခဲ့တာပါ။
      ဒီရက်ပိုင်း အင်တာနက်သုံးတိုင်း ဓမ္မဘလော့ဂ်တွေ လျှောက်လည်ဖြစ်တယ်။ ပန်းကမ္ဘာဘလော့ခ်မှာ တင်ထားတဲ့ စစ်ကိုင်းမြို့၊ မြစကြာကျောင်းတိုက် သံဃာတော်များရဲ့ ဓာတ်ပုံတွေကို ဖူးမြှင်ခွင့်ရခဲ့တယ်။ ဓာတ်ပုံတွေကို ဖူးမြှင်ပြီး ကြည်ညိုသဒ္ဓါစိတ်တွေ တစိမ့်စိမ့် ဖြစ်ရသလို ပညာသင်ယူခဲ့တဲ့ ငယ်ဘ၀နှင့် အမိ တိပိဋက မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီးကိုလဲ လွမ်းမိပါတယ်။
   ဘက်ပေါင်းစုံကနေ အောင်မြင်ကျော်ကြားနေတဲ့ မြစကြာ ကျောင်းတိုက်ကြီးဟာ အမရပူရ၊ မဟာဂန္ဓာရုံကျောင်တိုက်ကြီးကနေ ဆင်းသက် ပေါက်ဖွားလာတာပါ။ ဒါကြောင့်လဲ ၀တ်စားဆင်ယင်မှုကအစ စည်းကမ်းတွေဟာ မဟာဂန္ဓာရုံ ကျောင်းတိုက် တွေရဲ့ မူအတိုင်း တူညီနေပါတယ်။ မြစကြာရဲ့ အသွင်အပြင်တွေဟာ တိပိဋက မဟာဂန္ဓာရုံ ရဲ့ အသွင်အပြင်တွေနှင့် တစ်ထပ်တည်း တစ်ပုံစံတည်းကို တူညီနေတာပါ။
    အမိ တိပိ-ဂန္ဓာ ကို လွမ်းမိခြင်းနှင့်အတူ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့ ကျေးဇူးတော်ရှင် ရန်ကုန်တိပိဋကဓရဆရာတော်ကိုလည်း တသသ အောက်မေ့မိတယ်။ လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ဦးတင်လိုက်မိတယ်။ ဆရာတော် သင်ကြား ပြသပေးခဲ့တဲ့အတိုင်း သာသနာ့ကျက်သရေဖြစ်တဲ့ ၀တ်စားဆင်ယင် နေထိုင်မှုကိစ္စတွေကို အချိုးကျအောင် ကြိုးစားလိုက်နာဆဲပါဘုရားလို့လဲ တိုးတိုးလေး လျှောက်တင် လိုက်မိတယ်။
                                                                                                          သိမ်မွေ့ဦး(BHU)
25/10/2011
ဇရာလွှမ်းလဲ နွမ်းလို့မကြွေ
1. စီးဆင်း ရင်ခွင် | 10/25/2011 | 2. 3. 4. 5. 6. Best Blogger Tips
          ဉာဏ်ဦးမောင်
    ကျောင်းစာသင်ခန်းများရဲ့ နောက်ဆုံးရာသီက တခုခု ထူးခြားနေသလို ထင်မိတယ်။ သုံးနှစ်ကျော်ကျော်မျှ လှုပ် ရှားသွားလာခဲ့တဲ့ ပတ်ဝန်း ကျင်တစ် ခုကို နှုတ်ဆက်ခွဲခွါ ထားခဲ့ရမှာမို့လေလား၊ ဆောင်းဦးရာသီရဲ့ ရွက်ကြွေစ တွေကပဲ လွမ်းချင့်ဖွယ် ရသတစ်ခုကို ဖန်တီးနေသမို့လေလား။
    ဒါမှမဟုတ် ဘဝအသိကပဲ ရင့်ရော်ခြင်းနိမိတ် တွေ ပိုမိုပေါ်ထင်အောင် ခေါ်ဆောင်ခဲ့လို့လေလားတော့ တိတိကျကျ ဝေခွဲမရနိုင်ပါဘူး။ ကြီးရင့်ခြင်း၊ အရွယ် လွန်ခြင်းဆိုတာနဲ့စပ်တဲ့ အတွေးတစ်ခုကိုတော့ မကြာခဏပဲ တွေးနေမိတယ်။
    ခုလိုတွေးမိတတ်ကာမှ တိုက်တိုက်ဆိုင်ဆိုင် ဒီရက်ပိုင်းမှာ အဖိုး အဖွားတွေရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲများနဲ့ တော်တော်များများ ဆုံဖြစ်ရတယ်။ အဖိုးအဖွားဆိုတဲ့ စကားလုံးကို တမင်ထည့်ပြောရတာက မွေးနေ့ရှင်တွေက ကိုယ့်အဖိုးအဖွားအရွယ်တွေမို့လို့ပါ။ အသက်ထင်ထင် ကျန်ရှိနေသေးတဲ့ တစ်ဦးတည်းသော ကိုယ့်အဖွားက အသက် ၉ဝ ကျော်။ ကွယ်လွန်သွားကြတဲ့ ကိုယ့်အဖိုးအဖွားတွေ အသက်ထင်ထင် ရှိနေဦးမယ်ဆိုလျင်လည်း ခုဆို ၉ဝ ဝန်းကျင်လောက်စီပေါ့။ ဒါကြောင့် ၉ဝ ဝန်းကျင် အရွယ်တွေကို တွေ့တိုင်း ကိုယ့်အဖိုးအဖွားတွေပဲ ရယ်လို့ စိတ်မှာထင်မိတတ်တယ်။
     ခုရက်ပိုင်းမှာ ၉ဝ ဝန်းကျင်အဖိုးအဖွားတွေရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲများကိုတွေ့ရတော့ ကိုယ့်အဖိုးအဖွားတွေ ကို ပြန်လည်သတိရမိပါတယ်။ ကိုယ့်ငယ်ဘဝရဲ့ အချိန်အတော်များများကို အဖွားနဲ့ကုန်ဆုံးခဲ့တာမို့ အခြားသူများ ထက် အဖွားကိုတော့ ပိုမိုသတိရမိတတ်ပါတယ်။ ကျေးဇူးရှိသူ အဖိုးအဖွားများရဲ့ ကျေးဇူးတရားတွေကို အမြတ် ဆုံးနည်းနဲ့ ကျေးဇူးမတုန့်ပြန်နိုင်လိုက်တာအတွက်လည်း တာဝန်မကျေသလို ခံစားစိတ် ပေါ်လာမိ တတ်တယ်။
     ဒီမနက်မှာ ကျောင်းစာကြည့်တိုက်ကိုသွားဖြစ်တော့ စာကြည့်တိုက်အတွင်းမှာ တခုခု ပြဿနာဖြစ်ဟန်ရှိတယ်။ ရှေ့မှာ ရဲကားအချို့ရောက်နေပြီး စာကြည့်တိုက်ထဲကို မဝင်ဖို့ ဝန်ထမ်းသုံးလေးဦးကလည်း ဆိုင်းဘုတ်တွေ ကိုင် ပြီး တံခါးဝမှာ ရပ်နေတယ်။ ဒါကြောင့်ကိုယ့်လိုပဲ စာကြည့်တိုက် ထဲဝင်ဖို့ စောင့်နေသူ၊ စာကြည့်တိုက်ဝန်ထမ်း တွေနဲ့ စာကြည့်တိုက်အောက်က ကော်ဖီဆိုင်ဝန်ထမ်းတွေ၊ စုစုပေါင်း လူတစ်ရာဝန်း ကျင်လောက် စာကြည့် တိုက်ရှေ့မှာ ရပ်စောင့်နေကြရတယ်။ အချိန်က တော်တော်လေးကြာလို့ ထသူထ၊ ထိုင်သူထိုင်၊ ပြန်သူကပြန် လာသူကလည်း လာပေါ့။ ကိုယ်ကတော့ စာကြည့်တိုက်ရှေ့မှာ တန်းစီစိုက်ပျိုးထားတဲ့ မေပယ်လ်ပင်တွေ အောက်မှာ ရပ်စောင့်နေဖြစ်တယ်။
     ခုရာသီက ဆောင်းဦးရဲ့ အအေးဒဏ်ကြောင့် မေပယ်လ်ရွက်တို့ ကြွှေချိန်ဆိုတော့ တန်းစီစိုက်ပျိုးထားတဲ့ မေ ပယ်လ်ပင်တန်းအောက် မှာ မေပယ်လ်ရွက်ခြောက် များက ပြန့်ကျဲပြည့်နှက်လျက်ပေါ့။ မေပယ်လ်ရွက်ခြောက် တွေက အရောင်စုံ။ တချို့က အဝါ၊ တချို့ကတော့ အနီ၊ တချို့အရွက်တွေကြပြန်တော့ အညိုရောင်ရင့်ရင့်။ အရွက်စိမ်းစိမ်းအချို့လည်း ရွက်ကြွေထဲမှာ ပါဝင်လေသမို့ မေပယ်လ်ပင်တန်းအောက် မှာ ဆေးရောင်စုံသစ်ရွက် ကော်ဇောကျယ်တစ်ခု အလျားလိုက် ဖြန့်ခင်းထားသလိုပ။
     အောက်မှာမှသာ ခုလို ရောင်စုံဖြာနေသလားဆိုတော့။ ဘယ်ဟုတ်လိမ့်မလဲ။ အပေါ်ဖက် မော့ကြည့်လိုက်တဲ့ အခါမှာလည်း နီတချို့၊ ဝါတသွယ်၊ ရောင်စုံချင်းလို့။ သစ်ရွက်တွေက ရင့်ရော်ပေမယ့် ပင်ယံမှာ ရောင်စုံဖြာကာ လှချင်တိုင်း လှနေသလို မြေမှာကြွေကျနေတဲ့ ရွက်ကြွေများ ကလည်း အလှရောင်စုံဖြာလို့။ အနေတတ်မယ်ဆို လျင်ဖြင့် ဇရာမီးတွေ ဘယ်လောက်ပင် လောင်မြိုက်ပါစေ၊ ဇရာကြားက ပွင့်နေတဲ့ ဘဝပန်းက လန်းမြဲလန်းနေ ဆဲသာပါပဲလို့ တွေးမိလိုက်ခဲ့တယ်။
     ကိုယ့်အတွေးနဲ့ ဆက်စပ်နေလို့ အီးမေးကနေ ပေးပို့လာတဲ့ The Rain ဆိုတဲ့ စာလေးတစ်ပုဒ်။ ဇရာလွှမ်းလဲ နွမ်း လို့မကြွေတဲ့ မေတ္တာပန်းတစ်ပွင့် အကြောင်း၊ ဒါမှမဟုတ် နွမ်းလျက်ကြေနေသော်လည်း လန်းလျက်ဝေနေဆဲ ရောင်စုံသစ်ရွက်လေးတစ်ခုအကြောင်းကို ဘာသာပြန်ပေးလိုက်ပါတယ်။ ဒါဟာ ဘဝတစ်ခုရဲ့ အလှစုလေး လည်း ဖြစ်ကောင်းဖြစ်နေမလားပဲပေါ့။
     အလုပ်များတဲ့ တမနက်ခင်းမှာပေါ့။ အချိန်က နံနက် ဂ နာရီ ၃ဝ ခန့်။ အဘိုးအိုတစ်ယောက်။ အသက်က ဂဝ ဝန်းကျင်။ လက်မမှာ စည်းထားတဲ့ပတ်တီး ဖြေဖို့ရောက်လာတယ်။ ကိုးနာရီမှာ ချိန်းထားလို့။ အရေးတကြီး လာ ခဲ့ရကြောင်း။ သူကပြောတယ်။
     သူ့အမူအယာက အရေးကြီးနေပုံပါ။ သူ့ကိုကြည့်မယ့်အလှည့်။ တစ်နာရီကျော်ကျော်လောက် စောနေသေး တယ်ဆိုတာ ခန့်မှန်းမိလို့။ ခဏထိုင်ပါဦးလို့ သူ့ကိုပြောခဲ့တယ်။ လက်ကနာရီကို မကြာမကြာကြည့်နေတဲ့ သူ့ အမူအယာက။ သူ့မှာ အခြားအရေးတကြီး တွေ့ဖို့ချိန်းထားတာ ရှိဟန်ပါပဲ။
အခြားအရေးကြီးလူနာမရှိလို့ သူ့လက်ကအနာရဲ့ အခြေအနေကို ကြည့်ရှုပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့အနာ က အတော်သက်သာနေပါပြီ။ စမ်းသပ်စစ်ဆေးပြီး လိုအပ်တဲ့ဆေးဝါးများပေးလို့။ စကားစမြည်ပြောရင်း။ “အဘိုး။ အဘိုးကိုကြည့်ရတာ အရမ်းအရေးကြီးနေပုံရတယ်။ အခြားဆရာဝန်တစ်ဦးဦးနဲ့များ ဒီမနက်မှာတွေ့ဖို့ ပြောထားတာ ရှိနေသေးလို့လား”လို့ သူ့ကို မေးမြန်းကြည့်မိပါတယ်။
     အဘိုးအိုက ဖြေတယ်။ သူ့မှာ တခြားတွေ့ဖို့ ပြောထားတာ မရှိပါဘူး။ ဒါပေမယ့် သူလူအိုရုံကို သွားရမယ်။ အဲဒီ မှာ သူ့ဇနီးနဲ့ မနက်စာ စားဖို့ရှိတယ်တဲ့။ ဒါနဲ့ သူ့ဇနီးရဲ့ ကျန်းမာရေး အခြေအနေကို မေးဖြစ်ပါတယ်။ သူကပြော တယ်။ သူ့ဇနီး လူအိုရုံမှာ နေနေတာ အတန်ကြာပြီ။ သူမက အတိတ်မေ့ရောဂါဖြစ်နေတယ်-တဲ့။
     အချိန်နည်းနည်းနောက်ကျရင် သူကစိတ်ဆိုးတတ်လို့ ခုလိုအရေးတကြီးဖြစ်နေရတာလားလို့ သူ့ကိုမေးဖြစ်လိုက် တယ်။ သူ့အဖြေက ကျနော့်ကို အံ့အားသင့်သွားစေတယ်။ သူဇနီးက သူ့ကို မမှတ်မိတာ ငါးနှစ်ကျော်ကျော် ရှိနေ ပြီ-တဲ့။ ကိုယ့်ကိုယ်ဘယ်သူလဲလို့ မသိတဲ့သူတစ်ယောက်ဆီကို ခုလိုပဲ မနက်တိုင်း အချိန်မှန်မှန်သွားသလားလို့ သူ့ကိုဆက်မေးဖြစ်တယ်။ ဒီတော့ သူက တောက်ပစွာ ပြုံးပါတယ်။ ပြီးကျနော့်လက်ကို အသာကိုင်ပြီး သူက စကားတိုးတိုးပြောပါတယ်။
     သူ့စကားက ကျနော့်ကို ဆွံ့အသွားစေတဲ့အထိ အံ့သြမိရပါတယ်။ “သူမက အဘိုးကို မသိပေမယ့် အဘိုးက တော့ သူမ ဘယ်သူလည်းဆိုတာကို သိနေဆဲပဲလေ” တဲ့။
     သူထွက်ခွါသွားချိန်မှာ ရပ်မနေနိုင်တော့လို့ ထိုင်ခုံပေါ်ကို မှီချလိုက်ရတယ်။ ကျနော့်ပါးပြင်ပေါ်မှာတော့ မျက်ရည်တွေက တားမရနိုင်စွာ တသွင်သွင်စီးလျက်။ ကျနော့်တစ်ကိုယ်လုံးမှာလည်း ကြက်သီးဖျန်းဖျန်းထလို့။ ကျနော့်စိတ်ထဲမှာလည်း “ဒါပေါ့။ ဘဝမှာ ကျနော်တောင့်တခဲ့ရတဲ့ တကယ့်ကြင်နာမှုဆိုတာ ဒါမျိုးပေါ့။ အချစ်စစ် ဆိုတာ ရုပ်ဝတ္ဃု တစ်ခု မဟုတ်သလို စိတ်ကူးယဉ်သက်သက်တစ်ခုလည်း မဟုတ်ဘူးလေ။ အချစ်စစ်ဆိုတာ ဘယ်လိုပဲ ဖြစ်နေနေ။ ဖြစ်နေတာကို လက်သင့်ခံနိုင်ခြင်းပဲပေါ့”။ “အချစ်စစ်ဆိုတာ အတိတ် ပစ္စုပ္ပန် အနာဂတ်၊ အချိန်မရွေး အမြဲထာဝရ ရှင်သန်နေတတ်တဲ့ အရာပဲလေ”။
     “အပျော်ရွှင်ဆုံး လူသားတစ်ဦးဖြစ်ဖို့ဆိုတာ အရာရာအားလုံးမှာ အကောင်းဆုံးတွေချည်းသာ ပိုင်ဆိုင်ဖို့ မလို အပ်ပါဘူး။ ရှိတဲ့အရာနဲ့သာ အကောင်းဆုံးနေနိုင်အောင် နေတတ်ဖို့လိုတာပါ”။“ဘဝဆိုတာ မုန်တိုင်းကြားမှာ အသက်ရှင်အောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ မိုးရေကြားမှာ ဘယ်လိုကခုန်နိုင်မလဲဆိုတာ မျိုးပါ”
     ဒို့အားလုံးဟာ တဖြည်းဖြည်း အိုအိုလာပါတယ်။ အဖိုးအဖွားတို့ပြီးလျင်ဖြင့် မဝေးတော့တဲ့ အချိန်မှာ အိုမင်း ချင်းက ဒို့အလှည့်ကို သေချာပေါက် ရောက်လို့လာမှာပါ။
     ဆွတ်ပျံ့ဖွယ် အကြင်နာတရားရဲ့ ထူးခြားလှပတဲ့ လက္ခဏာဟာ အခြားဘယ်အရာတွေနဲ့မှ နှိုင်းစာလို့ မရနိုင်၊ အစားထိုးလို့ မရနိုင်ဆိုတဲ့ အသိတစ်ခုကို ရလိုက်ပါတယ်။ နာကျင်နေသူတွေအတွက် ပေးသင့်တဲ့ ဒို့တွေ အားလုံးရဲ့ အကြင်နာတွေ၊ ကိုယ်ကြင်နာသူအတွက် ပေးလိုက်ရတဲ့ အကြင်နာတွေဟာ ခံယူသူတွေ နားလည် နိုင်တာ နားမလည်နိုင်တာ အဓိက မဟုတ်လေဘူးဆိုတာကိုလည်း နားလည်မိပါတယ်။ အကြင်နာဆိုတာ အစဉ် ထာဝရ ရင်မှာရှင်သန်ဖွံ့ထွားနေအောင် ပျိုးထောင်လို့ရနိုင်တဲ့ အရာသာပါလေ။
     ကြင်နာတတ်တဲ့နှစ်လုံးသားရှိသူတွေအတွက်တော့ မွန်မြတ်လှပတဲ့ ပေးဆပ်မှုဆိုတာက ရင်မှာ အစဉ်သာ ကိန်း နေမယ့် ကုဋေသိန်းမက ရတနာတစ်ပါးသာပဲ ဖြစ်နေမှာပါလေ။ ။
                                                                                        ဉာဏ်ဦးမောင်
မေတ္တာများဖြင့်
မေတ္တာဥယျာဉ် မှ
ကူးယူဖော်ပြသည်။
23/10/2011
ခါးသီးတဲ့အနမ်းနဲ့ ချိုမြိန်တဲ့လမ်းခွဲ
1. စီးဆင်း ရင်ခွင် | 10/23/2011 | 2. 3. 4. 5. 6. Best Blogger Tips
      ကံထွန်းသစ်
   တံခါးဆွဲ ဖွင့်လိုက်တော့ မှုန်ပြပြ ကြမ်းပြင်ပေါ်မှာ စာရွက်ခေါက်လေး တစ်ခုက ကြိုလင့်နေတယ်၊ ကောက်ယူပြီး မီးရောင်မှာ ကြည့်မိတော့ အစိမ်းနုရောင်အောက်ခံမှာ အနီရင့်နဲ့ ရိုက်ထားတဲ့ ကွက်ရှင်မှတ်နဲ့ စာတစ်ကြောင်း၊ “ ဖန်ဆင်းရှင်က သင့်အပြစ်ကို ဘယ်လို ဖယ်ရှားပေးတယ်ဆိုတာ သိလိုသလား” တဲ့၊
   လာရောက်ရမည့်နေရာနဲ့ အချိန်ကိုလည်း အောက်မှာရေးထားတယ်၊ စာရွက်လေးကို စားပွဲပေါ်အသာချထားရင်း အရင်လက လာပေးသွားတဲ့ စာအုပ်လေးကိုလည်း အမှတ်ရမိတယ်၊ ခုစာရွက်လေးနဲ့ အသွေးတူ အမွေးတူ၊ သေသပ်လှပစွာ၊ “ ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း” ဆိုတဲ့ သမ္မာကျမ်းစာ ကောက်နှုပ်ချက် စာအုပ်လေးပေါ့၊ အားလပ်တဲ့အခါ ဒါမှမဟုတ် သိလိုတဲ့အခါ ဖတ်ဖြစ်ခဲ့တယ်။ မြေမှုန့်ကဖြစ်လာတဲ့ အာဒမ်နဲ့ အာဒမ်ရဲ့ နံရိုးကဖြစ်လာတဲ့ ဧ၀တို့ရဲ့ ဧဒင်ဥယျာဉ်ထဲက ဇာတ်လမ်းလေးကိုလည်း မြည်းခဲ့ဖြစ်တယ်၊ ဖန်ဆင်းသမျှကို မဝေဖန်သာပေမဲ့ “ ကောင်းမကောင်း သိရာအပင်မှ အသီးကိုမစားရာ” ဆိုတဲ့ ပညတ်ချက်ကိုတော့ ကိုယ်လည်း အာဒမ်တို့နေရာမှာဆို လိုက်နာဖို့ ခက်ခဲ့မယ်ထင့်။
    ဒါမျိုးလေးတွေ သိမှတ်ရတာရယ်၊ သူတို့ရဲ့ သာသနာပြုပုံ ထက်သန်တာတွေရယ်၊ ကြွယ်ဝတဲ့လူ့အဖွဲ့အစည်းပီပီ စာရွက်စာတမ်း စတဲ့ အထောက် အကူပြုကောင်းတွေ အသုံးပြုနိုင်တာတွေရယ်ကတော့ အသိအမှတ်ပြု အားကျရမှာပါ။
ကြည့်စမ်း ခုဆို ကိုယ့်ဆီစာရွက်တွေ ပုံမှန်ပို့နေတာ မနည်းတော့ဘူး။
    ကိုယ့်မှာတော့ စနေ တနင်္ဂနွေနေ့များမှာမှ လာသမျှလေး တစ်ယောက်စ နှစ်ယောက်စကို သရဏဂုံသိအောင်လုပ်ရ၊ ကိုယ်ကျင့်သီလငါးခုကို အကျိုးတစ်လှည့် အပြစ်တစ်လှည့် ပြောရနဲ့၊ မည်ကာမတ္တလေး ပြုနေရချိန်မှာ သူတို့ကတော့ အုံနဲ့ ကျင်းနဲ့ အဟုန်နဲ့ အလျင်နဲ့ …………အင်း………။
    ဟိုနေ့က ဒကာမကြီး တစ်ယောက်ပြောတာ ကြားယောင်မိသေး၊ ဓမ္မဆရာက တနင်္ဂနွေနေ့ဆိုရင် ကားနဲ့လှည့်ခေါ်ယုံမက၊ မကြာခဏ လာရောက် လည်ပတ်တတ်ကြောင်း၊ အ၀တ်အထည်နဲ့ အသုံးအဆောင်လေးတွေ ပေးတတ်ကြောင်း၊ ဘုရားကျောင်းတွေကလည်း စားစရာတွေ အလျှံအပယ် ဝေတတ်ကြောင်း၊ ပြောပြပြီး သူတို့မျိုးနွယ် တော်တော်များများ တိမ်းညွတ်သွားခဲ့ကြောင်း စတာတွေ အပါအ၀င်ပေါ့။
    စိတ်မကောင်းဖြစ်မိတယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ မထောက်ပံ့နိုင်လို့တော့ မဟုတ်ပါဘူး၊ ခမျာတွေရဲ့ ရင်ထဲကို မြတ်ဗုဒ္ဓရဲ့ သစ္စာဓမ္မကို ထည့်မပေး လိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်သာ တာဝန်မကျေသလို ခံစားရလို့ပါ။
    ဘယ်အရာမဆို အခြေမခိုင်ရင် အခြေယိုင်မှာပဲ၊ အခြေယိုင်ရင် တစ်ဖက်ကို လဲစမြဲပေါ့၊ ငါတို့အခြေခိုင်အောင် မကူညီနိုင်ခဲ့ပါလားလို့ မကြာ ခဏတွေးမိတယ်၊ စည်းရုံးသူ သိမ်းသွင်းသူတွေကိုတော့ အပြစ်ဆိုဖွယ်မရှိပါဘူး၊ မည်သည့် ဘာသာရေးဦးဆောင်သူမဆို ကိုယ်သက်ဝင်ရာကို သူတစ်ပါး ယုံကြည်လာအောင် အားထုတ်ကြမှာပါပဲလေ၊ ဒါကိုက သူတို့တာဝန် တစ်ရပ်မဟုတ်လား။
    ဒါပေမဲ့ သာသနာပြုကြတယ်ဆိုတာ အရေအတွက် တိုးယုံသက်သက်လား၊ အရေအချင်းတွေ မြင့်လာဖို့လား ဆိုတာကိုတော့ ကွဲပြားစွာ သိကြဖို့ လိုမယ်ထင်ရဲ့၊ အကြိုက်ဆောင်ပြီး အကျင့်လွယ်လို့ တိုးပွားလာတဲ့ အရေအတွက်နဲ့၊ အကျင့်ပြပြီး အသိအမြင်တိုးစေလို့ ယုံကြည်သက်ဝင်လာတဲ့ တိုးပွားမှု၊ ဒီနှစ်မျိုးမှာ နောက်နည်းကို ကိုယ်တော့ သဘောကျမိတယ်၊ ဘုရားရှင် ကိုယ်တော်တိုင်လည်း ဒီနည်းကို သုံးတော်မူပြီး ကျင့်ကြဖို့ ညွှန်ပြခဲ့တာပဲလေ။
    ဘာပဲဖြစ်ဖြစ်လေ ဘာသာတရားတိုင်းကတော့ လူတွေအကျိုးရှိဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ဖြန့်ဖြူးနေကြတာပါပဲ၊ ကိုယ်တို့ဘုရားရှင်လည်း တပည့်ဖြစ်လာစ ခြောက်ကျိပ်သော သာဝကတွေကို “ ဗဟုဇန ဟိတာယ၊ ဗဟုဇန သုခါယ” လူတွေအကျိုးရှိအောင်၊ ချမ်းသာအောင် ပြုချေကြ၊ သစ္စာဓမ္မတွေကို လှည့်လည်ဟောချေကြ ဆိုပြီး သာသနာပြုစေတော်မှုခဲ့တာ ဘီစီ ၆ ရာစု ကတည်းက ဆိုတော့ “ မစ်ရှင်းအစ ဗုဒ္ဓဘာသာက” လို့တောင် ဆိုသင့်မယ်ထင်ရဲ့။
    အဲဒီစေစားတော်မူချက်ကို အဆက်ဆက် လိုက်နာလာကြတဲ့ နောင်တော့် နောင်တော်မြတ်များရဲ့ စွမ်းဆောင်မှုတွေကြောင့် ဘုရားရှင်ရဲ့ အဆုံးအမတွေ ပြန့်နှံ့ခဲ့ရတာကလား၊ ခုဆို ကမ္ဘာအနောက်ခြမ်း တိုင်ပေါ့။
    အဲဒီလမ်းကြောင်းကြီးအတိုင်း အစဉ်မပျက် လျှောက်တော်မှုခဲ့ကြတဲ့ အရှင်ကျော် အရှင်မော်တွေရဲ့ နောက်ကို ကိုယ်လည်း မမှီမကမ်း လိုက်နေမိတယ်ဆိုပါတော့၊ ဒါပေမဲ့ ကိုယ့်အဖြစ်က သူတစ်ပါးကို သာသနာပြုဖို့ထက် ကိုယ့်ကိုပြုမဲ့ သာသနာတွေက ၀န်းရံနေကြပါကလား ဟရို့။
    အထက်မှာပြောခဲ့သလို ဓမ္မစာလွှာတွေ မကြာခဏရောက်လာကြသလို၊ လူကိုယ်တိုင် လာရောက်ကြတာကလည်း အကြိမ်ကြိမ်၊ အလို……….ကြည့်စမ်း………ဒီမြို့ကို ရောက်တာ တစ်နှစ်မပြည့်သေးဘူး၊ ဆယ်ကြိမ်ထက်မနည်း သူတို့ ရောက်ခဲ့ပါပကော၊ တစ်ခါကတော့ မနီးမဝေးမှာရှိတဲ့ Church ကျောင်းသင်းအုပ်ဆရာနဲ့ မိသားစုပေါ့၊ အဲဒီအကြိမ်ကတော့ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိနဲ့မို့ သူတို့လည်း ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပြီး နောက်တနင်္ဂနွေမှ လာပါဦးမယ်ဆိုကာ ပြန်သွားကြလေရဲ့။
    နောက်တစ်ဦးကတော့ အသက်ငါးဆယ်ခန့် အမေရိကန်တစ်ယောက်၊ ဘဲလ်ကို တီးမရလို့ထင့်၊ တံခါးကိုထုတယ်၊ ဖွင့်ပြီး “ဟယ်လို” လို့ နှုတ်ဆက် လိုက်တော့ သူက စာရွက်နှစ်ရွက် ကမ်းလာတယ်၊ လှမ်းယူပြီး ခက်တည်တည်နဲ့ ဖတ်လိုက်တော့ Donation တဲ့၊ ဒီတော့ကိုယ်က ခါတိုင်းလိုပဲ ကျမ်းစာလာဝေတယ်မှတ်လို့ “ Thank You” ပေါ့၊ ဒါပေမဲ့ ဘားသားချောက မသွား၊ ယောင်ပေ ယောင်ပေ ဆက်ရပ်နေတယ်၊ ဒီတော့ကိုယ်လည်း သူကျေနပ်အောင် တတ်သမျှ မှတ်သမျှ “ Thank you so much” ပေါ့၊ ဒီတော့မှ မောင်မင်းကြီးသား ကြွပေတော့တယ်၊ အဲ……..ခြေရင်းအိမ်ကို တံခါးသွားထုနေလေရဲ့၊ ဒါနဲ့ကိုယ်လည်း အထဲဝင်ပြီး စာရွက်လေးကို ဖတ်ကြည့်လိုက်တော့ အသံထွက်အောင် ရယ်မိတော့တယ်၊ “ Help us, Help other ” တဲ့၊ ကျွနုပ်တို့ကို ကူညီပါ၊ အခြားသူကို ကူညီပါပေါ့၊ အောက်က အသင်းတော်ရဲ့ နာမည်လေးနဲ့၊ ကိုင်း……..ကိုယ့်အဖြစ်က ဘယ်လောက်များ အလှူခံပုဂ္ဂိုလ် ပီသလိုက်သလဲ၊ ကိုယ့်လာပြီး အလှူခံသူကိုတောင် လာလှူသူထင်ပြီး ဆက်ဆံပြလိုက်တာ၊ ယူပက္ခန္ဓာသမား ပီသပါပေရဲ့ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရယ်နေမိတယ်၊ ခုနကလူ ချက်ချင်း ထွက်မသွားတဲ့ အကြောင်းကို အခုမှ ရိပ်မိတော့တယ်။
    ဒီလိုပဲ ကိုယ်ဒီမြို့ကိုရောက်ပြီး သုံးလအကြာမှာပေါ့၊ ဘဲလ်တီးသံကြားလို့ တံခါးဖွင့်ပေးလိုက်တော့၊ ဆယ့်နှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်နဲ့ အမေရိကန်ပျိုဖြူတစ်ယောက်၊ နှစ်ဆယ်မက သုံးဆယ်မကျော် အရွယ်၊ သူမက သူ့ကိုယ်သူ “ နိုရာ” လို့ မိတ်ဆက်လာတော့ ကိုယ်ကလည်း “ ဟိုင်း နိုရာ” ပေါ့၊ သူ့နံဘေးက ကလေးမလေးကို ကိုယ်က၀မ်းသာ အားရနဲ့ ဒို့ပြည်ဖွား တိုင်းရင်းသူလေးမဟုတ်လားလို့ မေးမိတော့၊ နိုရာက ဟုတ်တယ် သူကတိုင်းရင်းသူပဲတဲ့၊ တိုင်းရင်းမျိုးနွယ် အမည်ကိုလည်း လျှာလိပ်သံနဲ့ အသံထွက်ပြလိုက်သေး၊ ကလေးမလေး ကတော့ မြန်မာလို မတတ်လို့လားတော့မသိ ဘာစကားမျှ မဆို၊ နိုရာကသာ မြန်မာဒုက္ခသည်တွေကို ဘုရားသခင်ရဲ့ ကရုဏာနဲ့ အညီ ကူညီစောင့်ရှောက်နေတာတဲ့၊ ကိုယ်က ကျေးဇူးတင်ပါကြောင်းပြောလိုက်တယ်။
    သူမက ပုံတစ်ခုထုတ်ပေးပြန်တယ်၊ ဗူးသီးခြောက်လေးရှေ့ချပြီး အဟာရချို့တဲ့ အသွင်နဲ့ထိုင်နေတဲ့ လူတစ်ယောက်ပုံ၊ ရိုဟင်ဂျာ လို့ ကိုယ်ထင် မိတယ်၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် လူမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ သူမက မြန်မာလို့ အတိအကျ ငြင်းတယ်၊ ကိုယ်က ဆက်မပြောတော့ပါဘူး၊ ဒါကအရေးမှ မကြီးတာ၊ ဒုက္ခသည် ဆိုရင် ဘယ်လူမျိုးကို မဆိုကူညီရမှာ မဟုတ်လား၊ အရေးကြီးတာက အဲဒီပုံမှာပါတဲ့ စာ၊ “ လူတွေကံမကောင်းလို့ ဒုက္ခရောက်ရ တယ်ဆိုတာ မမှန်ကြောင်း၊ ကံဆိုတာ ဘယ်သူမှ မြင်နိုင်တာ မဟုတ်ကြောင်း၊ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ဖွဲ့တစ်သင်းရဲ့ စာနာမဲ့မှု စတာတွေကြောင့်သာဖြစ်ရကြောင်း၊ ဆိုတဲ့ ကမ္မ၀ါဒကို ငြင်းဆိုထားတဲ့ စာသားတွေပါပဲ၊ ဒီအတွက်လည်း ကိုယ်သူ့ကို ဘာမှပြောစရာမရှိပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တို့ဘုရားရှင်က အရာရာကို ကံကြောင့်ချည်းလို့ မှ မဟောခဲ့တာ၊ တစ်ချို့ အရာတွေက “ ပယောဂ” ကြောင့်ဆိုတာ အတိအလင်း ဟောခဲ့တာပဲ။
    ဒါကိုပဲ မဃဒေ၀လင်္ကာမှာ “ ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူဋ္ဌာန်၌၊ ဥာဏ်ဝီရိယ၊ ပယောဂတည်း” လို့ ဆိုထားတယ်လေ၊ “ ကံကိုယုံ ဆူးပုံမနှင်းရာ” ဆိုတဲ့ ဆိုရိုးဟာလည်း တို့ဝန်းကျင်မှာ ဟောင်းမျဉ်းလှပေါ့၊ ဒါတွေကို သူ့ကို ရှင်းမပြလိုက်နိုင်ခဲ့ဘူး၊ သူတို့စကားမကျွမ်းကျင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရဖြစ်ရတယ်။
    သူမကတော့ သူတို့ကသာ ကယ်တင်ရှင်တွေဆိုတဲ့ ဂုဏ်ယူဟန်အပြည့်နဲ့ ကြည့်နေလေရဲ့၊ ကိုယ့်အကြည့်မှာလည်း တစ်စုံတစ်ခုကြောင့် တောက်သွား မယ်ထင်ရဲ့၊ တစ်ခဏအကြာတော့ သူမကနှုတ်ဆက်တယ်၊ သူတို့ဘုရားကျောင်းကိုလည်း လာဖို့ဖိတ်တယ်၊ ကိုယ့်ဆီကိုလည်း မကြာခဏလာပါအုံး မယ်လို့ ဆိုသွားတယ်၊ ကိုယ်ကလည်း လာလည်နိုင်ပါတယ်ပေါ့၊ ဒါပေမဲ့ ခုချိန်ထိ တစ်ခါမှ သူမ ပေါ်မလာတော့ပါဘူး၊ Monastery မှန်းသိလျက်နဲ့ လာခဲ့တဲ့ သူမ ဟာ ဗုဒ္ဓသားတော်တစ်ပါးရဲ့ ပင်ကိုယ်စိတ်အခံကို မြင်သွားလို့လေလား။
ဒါမှမဟုတ်………..။
ဒါမှမဟုတ်………………..။
    ရင်ထဲမှာ ပုံရိပ်တစ်ခု ဖျပ်ကနဲ ပေါ်လာတယ်၊ သူမလိုတစ်ယောက်၊ ဟိုးလွန်ခဲ့တဲ့ ရှစ်ဆယ်ခုလွန်နှစ်တွေ အတွင်းကပေါ့၊ အမိမြေမှာ ဆရာမတစ်ဦးရဲ့ မိတ်ဆက်ပေးမှုနဲ့ ရင်းနှီးခဲ့ရသူ၊ နှစ်နာရီခန့် ကားစီးရပေမဲ့ တနင်္ဂနွေနေ့တိုင်း ရောက်လာတတ်သူ၊ စကားနည်းပေမဲ့ ရယ်ရယ်ပြုံးပြုံးနဲ့ သူတို့ဘာသာ အကြောင်းတွေနဲ့ သခင်ယေရှု အကြောင်းပြောပြတတ်သူ၊ ဓမ္မသစ် ဓမ္မဟောင်း နှစ်အုပ်လုံးကို ပေးဖတ်သူ၊ ရှင်မဿဲ ရှင်ပေါလုတို့ရေးတဲ့ ထဲက စာသားလေးတွေကို ကိုယ်ရွတ်ပြတဲ့အခါ မျက်လုံးတောက်တောက်လေးတွေနဲ့ ရယ်ပြုံးနေတတ်သူ၊ နောက်ဆုံးညစာ စားပွဲမှာ ခရစ်တော်ကို နမ်းပြတဲ့ ယုဒ အကြောင်းကို ပြောတဲ့အခါ သစ္စာဖောက်လို့ နှုတ်ခမ်းလေးကိုက်ကာ ဆိုတတ်သူ။
    နောက်တော့………….နောက်တော့……….ဘာကြောင့်ရယ်မသိ၊ ဓမ္မဟောင်းကျမ်းလေးကိုသာ လူကြုံနဲ့ပြန်တောင်းပြီး ပျောက်ကွယ်သွားလိုက်တာ၊ ဓမ္မသစ်ကျမ်းလေးကတော့ ကိုယ့်စာအုပ်ဗီရိုထဲမှာ ရှိနေဆဲပါ။
    “ ယုဒက ခရစ်တော်ကို နမ်းသလိုမျိုး၊ ကိုယ့်အဖမြတ်စွာကို ကိုယ်မနမ်းနိုင်ဘူး” လို့ပြောခဲ့တဲ့ ကိုယ့်နှလုံးသားကို သူတွေ့မြင်သွားလို့နေမှာပါလေ။ ဒါဆိုရင်တော့ ကျေးဇူးပါကွယ်။
ကံထွန်းသစ်
၎၊ ၂၇၊ ၂၀၁၁ ( နံနက် ၃နာရီ ၄၀ )
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
 မှ ကူးယူဖော်ပြသည်။
21/10/2011
"ငုံ့ကြည့်၊ မော့ကြည့်၊ တည့်တည့်မြင်တတ်စေ။"
1. စီးဆင်း ရင်ခွင် | 10/21/2011 | 2. 3. 4. 5. 6. Best Blogger Tips
       ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
အာဒိဝဋံသကာရ၊ အာဒိတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူတဲ့ မင်းကွန်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ မဟာထေရ်မြတ်ရဲ့ ရာပြည့်အထိမ်းအမှတ် စာအုပ်ထုတ်ဖို့ အတွက် စာတစ်ပုဒ်ရေး ပေးဘို့ ရွှေရတု တိပိဋကဓရ အရှင်ဂန္ဓမာလာလင်္ကာရက တိုက်တွန်းတဲ့အတွက် စဉ်းစား လိုက်တဲ့အခါ မိမိရဲ့ နှလုံး အိမ်ထဲမှာ ဌာပနာသဖွယ် ကိန်းတည်နေတဲ့ မင်းကွန်း တိပိဋကဓရ ဆရာတော် ဘုရားကြီးနဲ့ မိမိတို့ တွေ့ဆုံ ရပုံ၊ လျှောက် ထားပြောဆိုရပုံများ အပါအဝင် ဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တဲ့ အကြောင်းအရာများက တစီတတန်းကြီး ပေါ်လာပါတယ်။
အစဦးဆုံးက ပြန်ပြီးစဉ်းစားတဲ့အခါ ဆရာတော်ကြီးနဲ့ တွေ့ကြုံခဲ့ရပုံတွေဆီ မရောက်မီ ကြားဖြတ်ဝင် ရောက်လာတဲ့ အတွေးများကလဲ မကြာ ခဏ ပေါ်လာပြန်ပါတယ်။ ပထမဆုံး ပေါ်လာတဲ့ အတွေးတစ်ခုကတော့ “အထိုက်အလျှောက် နည်းနည်းပါးပါးဖြစ်စေ ရှိနေတဲ့ ပါရမီ ဓာတ်ခံကလေးတွေဟာ တစ်ခါ တစ်ခါတော့လည်း ကံမကောင်း အကြောင်းမလှမှုလေးတွေရဲ့ အကူအညီ အထောက်အပံ့ကို ရကြမှ ပိုပြီး ပီပြင် ထင်ရှားလာ သလိုလို ဖြစ်ခဲ့ရပုံ ကလေးတွေပါ။
ဝါဖျော့ဖျော့ ရုပ်ပုံလွှာကလေးတွေဟာ အနက်ရောင် ဘက်ကရောင်းပေါ် ရောက်တဲ့အခါ ရွှေရုပ်လွှာ ကလေး တွေလို ပေါ်လွင် ထင်ရှား လာတတ်သလိုမျိုးပေါ့။
ဟုတ်ပါတယ်၊ ပါရမီဓာတ်ခံ ရှိသူခြင်း တူကြရင် ကံအသင့်အတင့်သာ ရှိတဲ့ပုဂ္ဂိုလ်များဟာ ပိုပြီး ကံကောင်း ကြသူတွေထက် ပါရမီကို ပိုမိုပီပြင်အောင် သရုပ်ဖေါ်နိုင်စွမ်းရှိကြပုံကို ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ သာမညဖလ သုတ်၊ အဌကထာမှာလဲ တွေ့လိုက်မိတယ်။
သာမညဖလသုတ်ဆိုတာ မြတ်စွာဘုရား သာသနာတော်မှာ ရဟန်းပြုကြသူတို့ လက်ငင်း လက်တွေ့ ခံစား နိုင်ခွင့်ရတဲ့ အကျိုးကျေးဇူးများကို အဇာတသတ်မင်းကြီးက မေးလျှောက်တဲ့အတွက် မြတ်စွာဘုရားရှင်က ဖြေဆို ဟောကြားတဲ့သုတ်ပါ။ အဲဒီသုတ်မှာ မြတ်စွာဘုရားရှင်က သာသနာတော်မှာ ရဟန်းပြုကြသူတို့ကို သာဓကအဖြစ် ထုတ်ဆောင်တဲ့အခါ “တောင်သူလယ်သမား တို့ဖြစ်စေ၊ တောင်သူလယ်သမား သားတို့ဖြစ်စေ၊ မြတ်စွာဘုရား သာသနာတော်မှာ ရဟန်းပြုကြတဲ့အခါ”ဆိုပြီး တောင်သူလယ်သမား လူလတ်တန်းစားတို့ကို သာဓကပြု ဟော ကြားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အဋ္ဌကထာဆရာက ဖွင့်ဆိုရှင်းပြရာမှာ-“ သာသနာတော်မှာ တောင်သူ လယ်သမား လူတန်းစားထက် ကံကြီး မားကြတဲ့ မင်းညီမင်းသားတို့၊ သူဋ္ဌေးပုဏ္ဏားတို့လဲ ရှိကြပေမယ့် တကယ်တန်း လောကဓံနဲ့ ရင်ဆိုင်ပြီး ဇွဲလုံ့လရှိရှိနဲ့ ကြိုစားအားထုတ်ကြရတဲ့ အခါမျိုးမှာ ကံအသင့်အတင့်သာ ရှိသူများလို့ ဆိုကြရမည့် တောင်သူလယ်သမားများကသာ နဖူးကချွေး ခြေမထိ ကျရုံမျှမက ကျောပြင်မှာ ဆားပွင့်ကမန်း အထိ ချွေးနဲ့ရင်းပြီး အားထုတ်နိုင်စွမ်း ကြီးမားတဲ့ ဇွဲလုံ့လ ရှိကြလို့ ကံကြီးသူများထက် သာသနာတော်အတွက် စွမ်းစွမ်း တမံလည်း အားထုတ်နိုင်ကြ တယ်။ အရေအတွက်အားဖြင့်လည်း များပြားတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က သာသနာတော်မှာ ရဟန်းပြကြသူတို့ကို ထုတ်ဆောင်ပြတဲ့ အခါ တောင်သူလယ်သမားနဲ့ သူတို့ရဲ့ သားများကိုသာ အဓိကအားဖြင့် ထုတ်ဆောင်တော်မူတယ်”လို့ ရှင်းပြပါတယ်။
ဒါဟာ သာသနာတော်နဲ့ ပတ်သက်တဲ့အခါ ကံကြီးသူများထက် ကံအနည်းငယ် ချို့တဲ့သူများက ပါရမီကို ပိုမိုပြီး ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အချက်တွေလည်း ရှိတယ်ဆိုတာကို ဖေါ်ပြနေတာပဲလို့ စဉ်းစားထင်မြင် မိတာပါ။
ဟုတ်ပါတယ်။ မိမိကိုယ်တိုင်လည်း ကိုယ့်ဘဝမှာ တွေ့ကြုံဖြတ်သန်းခဲ့ရတာတွေကို ပြန်ပြီး စဉ်းစားကြည့် တဲ့အခါ ပါရမီကောင်းထောက်မစွာနဲ့ ကံချို့တဲ့ခဲ့ရလို့ ရှိသမျှ ပါရမီလေးတွေ ပိုပြီးတော့ ပီပြင်လာသလို ဖြစ်ခဲ့ရတဲ့ ကိုယ်တွေ့ ကလေးတွေ တော်တော်များများ ကြုံခဲ့ရဘူးတာကို အမှတ်ထင်ထင် ဖြစ်နေမိပါတယ်။
မိမိရဲ့ အမရပူရမြို့၊ တူမောင်းတိုက်မှာ စာသင်သားဘဝနဲ့ နေခဲ့ရတဲ့ ကာလများမှာ ငွေရေးကြေးရေး စရိတ် စကနဲ့ ပတ်သက်လို့ မပြည့်စုံလှပါဘူး။ မရှိမဖြစ်လိုအပ်တဲ့ စာအုပ်စာတန်း ဝယ်ယူဘို့ကလွဲလို့ အပိုသုံးစရိတ်ဆို တာ အတော်လေးကို ချွေတာခဲ့ရပါတယ်။ ယုတ်စွအဆုံး နွေရာသီ စာဝါပိတ်ချိန်(ကျောင်းပိတ်ချိန်)မှာ ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်ဘို့ စရိတ်စကကိုတောင် အတော်လေး စဉ်းစားချွေးတာခဲ့ရပါတယ်။ စာသင်သား အများစု အတွက် ကျောင်းပိတ်ချိန် မိဘရပ်ထံ ပြန်တယ်ဆိုတာ မိဘဆွေမျိုးများနဲ့ တွေ့ခွင့်ရသလို စရိတ်စကနဲ့ စားနပ် ရိက္ခာ ပြန်သယ်တဲ့ သဘောမျိုးလဲ ဆောင်တတ်ကြပေမယ့် မိမိဘဝမှာတော့ အဲဒီသဘောမျိုး မဆောင်နိုင်ပါဘူး။ ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်လို့လဲ စရိတ်စက အထောက်အပံ့ရယ်လို့ ထွေထွေထူးထူး သိပ်မရှိလှလို့ပါဘဲ။
မိမိရဲ့ စာသင်သား ဘဝတစ်လျှောက် အဓိကအားထားရတာကတော့ အမရပူရ မြို့နယ်လုံးဆိုင်ရာ “ဝိနယာဓိက စာပြန်ဖြေပွဲ”ပါဘဲ။ ဒီစာမေးပွဲကြီးကို မိမိတို့နေထိုင်ရာ တူမောင်းတိုက်မှာပဲ တမြို့နယ်လုံးမှာရှိကြတဲ့ သံဃာတော်တွေ လာရောက် ဖြေဆိုကြရတာပါ။ အဲဒီအချိန်တုံးက အမရပူမြို့မှာ အောင်ခြင်းရှစ်ပါး ဆရာတော် ဘုရားကြီး အမှုးပြုတဲ့ တူမောင်းတိုက် ဆ၇ာတော်ဘုရားကြီး ဘဒ္ဒန္တနန္ဒိယ၊ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး အရှင်ဇနကာဘိဝံသ၊ မင်္ဂလာတိုက် မိုးကုတ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလတို့က ပရိယတ် ပဋိပတ်ဆိုတဲ့ သာသနာ့ တာဝန်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်နေကြချိန်ဖြစ်လို့ “တောင်မြို့”လို့ ခေါ်တဲ့ အမရပူရမြို့ဟာ သာသနာရေးဘက်မှာ အတော်ကလေးကို ထင်ရှားပြီး မြန်မာပြည် တစ်လွှား အနယ်နယ် အရပ်ရပ်က လေးစား သိမှတ်ခြင်းခံရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ အဲဒီခေတ်က စီးပွားရေးအရ ချမ်းသာကြွယ်ဝသူတွေ အလွန်ထင်ရှားခဲ့တဲ့ မိုးကုတ်မြို့သူမြို့သားများကပါ သာသနာတော်နဲ့ ပတ်သက်ပြီး ကုသိုလ် ပြုရာ ၊ ကုသိုလ်ပွားရာ မြို့တစ်မြို့အဖြစ် အသိအမှတ် ပြုထားတဲ့မြို့လည်းဖြစ်၊ အမရပူရမြို့သူမြို့သားများ ကိုယ်တိုင်ကလည်း ယက္ကန်းမြို့တော်တစ်ခု အဖြစ်နဲ့ စီးပွားရေး အထိုက်အလျှောက် ကောင်းမွန်ပြည့်စုံနေချိန်ဖြစ်လို့ သာသနာ့ဝန်ထမ်းများအနေနဲ့ ပစ္စည်းလေးပါး အထောက်အပံ့ သင့်မြတ်ပြည့်စုံတဲ့ မြို့တစ်မြို့ပါ။
ဒါကြောင့် အမရပူရမြို့နယ် စာမေးပွဲဟာလည်း စာအောင်ဆုအနေနဲ့ အတော်လေးကို ထိုက်ထိုက်တန်တန် ရရှိတဲ့ စာမေးပွဲကြီးအဖြစ် ရှင်ရောလူပါ အလေးထား သိမှတ်တဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။ ဒီစာမေးပွဲမှာ ဆိုင်ရာ အတန်း အလိုက် နံပါတ်(၁)ရရှိတဲ့ ရှင်ရဟန်းများ အနေနဲ့တော့ ဂုဏ်ထူးဆုများအပြင် လာရောက်ကြည်ညိုကြတဲ့ ပရိတ်သတ်များကပါ ဖြည့်စွက် လှူဒါန်းကြလို့ စာအောင်မြင်တဲ့ စာသင်သား ရှင် ရဟန်းတစ်ပါးအတွက် တနှစ်စာ စရိတ်စက ပြည့်စုံလုံလောက်သလောက် ရှိပါတယ်။ မိမိရဲ့ စာသင်းသား ဘဝတစ်လျှောက် စရိတ်စကနဲ့ ပတ်သက်လို့ အဓိက အားထားရတာက အဲဒီစာပြန်ဖြေပွဲပါပဲ။
အဲဒီစာမေးပွဲကို ဖြေဆိုတိုင်း မိမိရဲ့ အဓိကရည်မှန်း ချက်က စာမေးပွဲအောင်မြင်ဘို့ မဟုတ်ပါဘူး။ နံပါတ်(၁) ဖြစ်ဘို့ဆိုပြီး ရည်မှန်းကျိုးစားခဲ့ရတာပါ။ ပညာသင် စရိတ်ပြည့်စုံရေးအတွက် မဖြစ်မနေ အောင်မှဖြစ်မည်ဆိုတဲ့ တွန်းအားကြောင့်လားတော့မသိဘူး မိမိဖြေခဲ့တဲ့ အတန်းတိုင်းမှာတော့ မိမိရည်မှန်းတဲ့ အတိုင်းပဲ အောင်မြင်ခဲ့လို့ ကျောင်းတိုက်ရဲ့ အဓိကအမာခံ ကျောင်းဒကာ ဒကာမများရဲ့ အာရုံပြုခြင်းကိုပါ ရရှိခဲ့တဲ့အတွက် ဆွမ်းခံအိမ်ကော စရိတ်စကပါ ပြည့်စုံခဲ့ရပါတယ်။ ဒီအကြောင်း များကြောင်းပဲ မိမိအနေနဲ့ နွေရာသီ ကျောင်းပိတ်ရက်များမှာ ကိုယ့်အရပ် ကို ပြန်ဘို့ဆိုတာကို စရိတ်စက အပိုကုန်တဲ့ ခရီးစဉ်တစ်ခုလိုပဲ ထင်မှတ်ပြီး မပြန်ဖြစ်ခဲ့ပါဘူး။
ကံအကျိုးပေးအရ အလွန်မပြည်စုံလှတဲ့ ဒီအခြေအနေမျိုးကပဲ မိမိရဲ့ ရှိသမျှပါရမီ ဓာတ်ခံကလေးတွေ အစွမ်းပြခွင့်ရဘို့ အမှတ်တရ ဖြစ်စေလောက်တဲ့ အထောက်အပံ့ ကောင်းတစ်ခုကတော့ အမရပူရမြို့ တူမောင်းတိုက်မှာ မင်းကွန်းဇာတိသား ရှင်ဓမ္မိကဆိုတဲ့ ကိုရင်တစ်ပါးနဲ့ မိမိတို့ စာပေဝါသနာတူခြင်း အဖြစ်နဲ့ ညီအကိုရင်းလို ရင်းနှီး ခင်မင်ခဲ့ကြခြင်းပါဘဲ။ အဲဒီ ကိုရင်က မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးရဲ့ ဓမ္မနာဒ ကျောင်းတိုက်အနီးမှာရှိတဲ့ ဣန္ဒာရာမချောင်ကနေ တူမောင်းတိုက်ကို ရောက်လာတာပါ။ မင်းကွန်းဆရာ တော်ဘုရားကြီးရဲ့ ကျောင်းတိုက် အနီးမှာ နေတာဖြစ် သလို ကျောင်း တိုက်ဆရာတော် အချင်းချင်းကလည်း ရင်းနှီး ကျွမ်းဝင်ကြတဲ့ အတွက် တိပိဋကဓရ ဆရာတော်ဘုရားကြီးနဲ့လည်း ဆရာရင်း တပည့်ရင်းပမာ ရင်းနှီး ကျွမ်းဝင်ပါတယ်။
တိုတိုချုပ်ပြောရရင်တော့ ကိုယ့်အရပ် ကိုယ့်ဒေသကို ပြန်ဘို့ စရိတ်စက ချွေတာနေရတဲ့ မိမိအတွက် နွေရာသီ စားမေးပွဲပြီးတာနဲ့ တစ်ပြိုက်နက် သူငယ်ချင်း ကိုရင်နဲ့အတူ မင်းကွန်းကို လိုက်သွားပြီး သူရဲ့မိခင်တိုက်ဖြစ်တဲ့ ဣန္ဒာရာမချောင်မှာ နွေခို ဖြစ်ခဲ့တာပါပဲ။ အဲဒီအချိန်က မင်းကွန်းကနေ မန္တလေးကို တရားဟာကြွဖို့ ဆရာတော်ဘုရားကြီး အသုံးပြုနေတဲ့ “မင်းသားကြီး”ဆိုတဲ့ မော်တော်ကို စောင့်ပြီးစီးရင် သံဃာတော်များအနေနဲ့ မန္တလေးက မင်းကွန်းကို အခမဲ့ လိုက်ပါနိုင်တဲ့ အခွင့်အရေးကလဲရှိနေတာကို။
ဣန္ဒာရာမကျောင်းတိုက်က မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဓမ္မနာဒကျောင်းတိုက် ကုန်းတော်ခြေရင်းမှာ ပဲရှိလို့ လမ်းလျှောက်တက်ခဲ့ရင် ဆယ့်ငါးမိနစ်လောက်ပဲကြာပါတယ်။ သူငယ်ချင်း ကိုရင်နဲ့အတူ ညနေဘက် ရောက်တိုင်း ဆရာတော်ကြီးထံ ရောက်ဖြစ်ပါတယ်။ အဲဒီ(၁၃၂၆)ခုနှစ် ဆီလောက်တုံးကတော့ ဆရာတော် ဘုရားကြီးထံမှာ ဒကာ ဒကာမတွေ လာရောက်တာလဲ အတော်နဲပါတယ်။ ဈေးချိုတော်ပိတ်တဲ့ ဥပုသ်နေ့ လောက်မှသာ မန္တလေးက ဧည့်ပရိသတ် အနည်းအပါး ရောက်တတ်လေ့ရှိပြီး ကျန်ရက်တွေမှာ ဧည့်သည် ရယ်လို့ မရှိသလောက်ပါ။
ဆရာတော်ဘုရားကြီးဟာ လက်နှိပ်စက်ကလေးတစ်ခုနဲ့ မဟာဗုဒ္ဓဝင်ကျမ်းကြီးကို ပြုစု နေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ မိမိတို့က ဆရာတော် ဘုရားကြီး အနားယူချိန်လောက် မှန်းပြီးသွားကြတာပါ။ ဆရာတော်ဘုရားကြီးကို အညောင်းပြေ ဝတ်ပြုနှိပ်နယ်ပေးရင်း အေးအေးဆေးဆေး လျှောက် ထားမေးမြန်း နိုင်တဲ့ အခွင့်ထူးကိုလည်း ရခဲ့ပါတယ်။ တစ်ခါတစ်ခါ မဆီမဆိုင်လို့ ဆိုရလောက်အောင် ကပ်ကပ် သပ်သပ် မေးတတ်လေ့ရှိတဲ့ မိမိကို ဆရာတော်ဘုရားကြီးကလဲ သဘောကျပြီး စိတ်ရှည်လက်ရှည် ဖြေကြားတော်မူပါတယ်။
တစ်ခါတစ်လေတော့လည်း မိမိတို့က မမေးမလျှောက်ရဘဲ ဆရာတော်ကြီးကိုယ်တိုင်က မှတ်သားဖွယ်ရာ အတွေ့အကြုံများ နဲ့ ရှေးမထေရ်မြတ်ကြီး များရဲ့ အဆိုအမိန့် အဆုံးအဖြတ်များကို နောက်ခံဖြစ်ရပ်များနဲ့ပါ စီကာပတ်ကုံး ပြောပြတာမျိုးလည်း ရှိပါတယ်။ မိမိရေးသားခဲ့တဲ့ “မထေရ်မြတ်တို့ စကားဝိုင်း” စာစုများထဲက အကြောင်းအရာ တော်တော်များများဟာ ဆရာတော်ဘုရားကြီးထံက မှတ်သားနာယူခဲ့ရတာပါ။ ဒါကြောင့်လည်း မိမိဘဝမှာ ကံအကြောင်းတရားချို့တဲ့ ခြင်းများက ပါရမီဓာတ်ခံကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုပေးခဲ့တယ်လို့ ဆိုလိုက်ရတာပါ။
+++++++++
မင်းကွန်းဆရာတော်ဘုရားကြီးထံမှာ ဝတ်ကြီးဝတ်ငယ်ပြုပေးရင်း ဆရာတော်ကြီး မိန့်ကြားခဲ့တာများထဲ က မိမိအတွက် အမှတ်တရ ဖြစ်စေခဲ့တဲ့ အဆိုအမိန့်တစ်ခုကတော့--
ဆရာတော်ဘုရားကြီးဟာ ပိဋကသုံးပုံကို နှုတ်တက်အာဂုံ ပြန်ဆိုတော်မူပြီးတဲ့နေ့က မှတ်မှတ်ရရ “ငါ့ပါးစပ် တော့ အမေ့နို့ စို့ကျိုးနပ်ပေပြီ” လို့ အောက်မေ့ဆင်ခြင်ပြီး ကိုယ့်ကိုကိုယ်လည်း ကျေကျေနပ်နပ်ကြီး ဖြစ်သွားခဲ့ရပုံ။ အဲသလို ကျေနပ်ဝမ်းမြောက်တဲ့စိတ်နဲ့ပဲ မယ်တော်ကြီးကို အမျှပေးဝေလိုက်ရတာလဲ အမေ့နို့ဖိုးကို အားရပါးရ ထိုက်ထိုက်တန်တန်ကြီး ပေးဆပ်လိုက်နိုင်တယ်လို့ အောက်မေ့တဲ့အတွက် လူဖြစ်ကျိုးရော သာသနာကျိုးပါ ကြုံကျိုးနပ်တယ်လို့ ခံစားခဲ့ပုံများကို အားပါးတရ ပြောပြပါတယ်။
မိမိက မိမိအသက် ဆယ်နှစ်ကျော်လောက်မှာပဲ မိခင်ကြီး ဆုံးသွားခဲ့ပုံနဲ့ မိခင်ကြီးရဲ့ “သာသနာ့ဘောင်မှာ ရဟန်းဖြစ်အောင် ပြုပါ”ဆိုတဲ့ နောက်ဆုံး မှာတမ်းအရ အခုလို သာသနာဘောင် ဝင်ရောက်ခဲ့ရပုံတို့ကို လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ် ပါတယ်။ ပြီးတော့မှ မိခင်ကြီး ဖြစ်စေခြင် သလို သာသနာဘောင်ကို ဝင်ရောက်လာပြီးတဲ့အခါမှာ သာသနာ့ဝန်ထမ်းကောင်း တစ်ယောက် ရဲ့ ပရိယတ္တိသာသနာ့တာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်တဲ့ သာဓကတစ်ခု အနေနဲ့ အနည်းဆုံး ပိဋကတစ်ပုံလောက်ဖြစ်စေ၊ အမေ့နို့ကို စို့ခဲ့တဲ့ပါးစပ်နဲ့ နှုတ်တက်အာဂုံ ကျက်မှတ်ပြန်ဆိုပြီး မိခင်ကြီးကို အားရပါးရ အမျှပေးဝေနိုင်အောင် ကျိုးစားဘို့လည်း တိုက်တွန်းတော်မူပါတယ်။
မိမိက ဓမ္မာစရိယတန်းအောင်မြင်ပြီးတဲ့အခါမှာ အဲသည်လို အမျှဝေနိုင်အောင် ကျိုးစားပါမယ့်ဆိုတဲ့ အကြောင်း ကတိပေးတဲ့အခါမှာလည်း ဆရာတော်ကြီးက ကြိုတင်သာဓုခေါ်ပြီး အသိအမှတ် ပြုတော်မူပါတယ်။
ဒီလို ကြိုတင်သာဓုခေါ်ခြင်းဟာလည်း မိမိပေးတဲ့ ကတိတည်ဘို့အတွက် ဆရာတော်ကြီးက သာဓုနဲ့ စရံရိုက်လိုက် တယ်လို့ စိတ်ထဲမှာ မှတ်ထင်လိုက်မိပါတယ်။ ဒါပေမယ့် တကယ်တမ်း ဓမ္မာစရိယစာမေးပွဲကို မိမိရဟန်း(၂)ဝါ ရတဲ့ အချိန်မှာပဲ အောင်မြင်ခဲ့ပေမဲ့ စာချဘုန်းကြီး ရှားပါးတဲ့ အမရပူရမြို့ တူမောင်းတိုက်မှာ စာသင်သားနှင့် စာချ မမျှတ တဲ့အတွက် ကျောင်းတိုက်က ခွာမရဘဲ (၁၅)နှစ်ကျော်လောက် စာချရင်း အချိန်ကုန် သွားခဲ့လို့ ဆရာတော်ကြီးကို ပေးခဲ့တဲ့ ကတိ မတည်နိုင်ခဲ့သလို ကွယ်လွန်သူ မိခင်ကြီးကိုလည်း ဓမ္မာစရိယ စာမေးပွဲအောင်မြင်ခြင်းမျှနဲ့သာ အမျှ ဝေနိုင်ခဲ့ပါတယ်။
+++++++++++
၁၃၄၂-ခုနှစ်၊ မိမိ ရဟန်း(၁၅)ဝါ ရတဲ့အချိန်မှာတော့ အသက်အရွယ်အရ ကျက်မှတ်နိုင်တဲ့ စွမ်းအားလဲ နည်းနည်း လျော့စပြုလာပြီဆိုတာကို သတိထားလိုက်မိတယ်။ မင်းကွန်းဆရာတော်ဘုရားကြီးထံက သာဓု စရံယူပြီး ပေးထားတဲ့ ကတိကို အတည်ပြုပေးဘို့လဲ တာဝန်မကျေသလို ခံစားနေမိတဲ့အတွက် စာချတဲ့တာဝန်ကို ခေတ္တနားပြီး ပိဋကသုံးပုံထဲက စာမျက်နှာ အနည်းဆုံးဖြစ်တဲ့ သုတ်သုံးကျမ်းကို အာဂုံကျက်မှတ်ခဲ့ပါတယ်။
အဲဒီနှစ်မှာ ကျင်းပတဲ့ (၃၃)ကြိမ်မြောက် တိပိဋကရွေးချယ်ရေး စာမေးပွဲကြီးမှာ အချိန်မီ ဝင်ရောက်ပြန်ဆို နိုင်ပါတယ်။ စာမေးပွဲအကြိုနေ့မှာ မဟာစည်သာသနာ့ရိပ်သာရှိ ဖန်ယဉ်ဓမ္မာရုံကြီးထဲမှာ မင်းကွန်း ဆရာတော် ဘုရားကြီးထံမှ အားဆင့်ပေးစကား(ဗလဝါနုပ္ပဒါနကထာ) နာယူဖို့ တိပိဋက စာမေးပွဲဝင် သံဃာတော်များ စုပေါင်းနေရာ ယူကြတဲ့ အခါမှာ မိမိက ဆရာတော်ကြီးနဲ့ အနီးဆုံးဖြစ်မယ့် ရှေ့ဆုံးတန်းမှာ နေရာယူထားပါတယ်။ ဆရာတော်ကြီး ကြွလာတဲ့အခါမှာ မိမိက ဦးညွှတ်ပြီး လက်အုပ်ချီ နှုတ်ဆက်တဲ့အခါ ဆရာတော်ကြီးကလည်း သိမှတ်တဲ့ သဘောနဲ့ မေးကို ဆတ်ပြပြီး နှုတ်ဆက်ပါတယ်။ ဆရာတော်ကြီးအပေါ်မှာ ကတိတည်အောင် ပေးဆပ်မယ်ဆိုတဲ့ စေတနာနဲ့ မိခင်ကြီးရဲ့ နို့ဖိုး ကို ပေးဆပ် လိုတဲ့ စေတနာ တွန်းအားတို့ကြောင့်ပဲ ဆိုရမည်ထင်ပါတယ်၊ အဲဒီစာမေးပွဲကို ပြန်ဆိုအောင်မြင်ခဲ့လို့ မိခင်ကြီးကိုလည်း ဆရာတော် ဘုရားကြီးနည်း တူ ကျေနပ်စွာ အမျှပေးဝေနိုင်ခဲ့ပါတယ်။
နောက်တစ်နှစ်မှာ ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြီးမှုးကျင်းပတဲ့ နိကာယုဇ္ဇောတက ပဉ္စနိကာယ စာမေးပွဲမှာလည်း ဒီဃနိကာယ် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ သဘောရေးဖြေ စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ရာ တစ်နှစ်ထည်း သုံးကျမ်းလုံး ဖြေဆိုအောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံး ဒုတိယ ဂုဏ်ထူးဖြင့် “ဒီဃနိကာယအဂ္ဂဓမ္မာစရိယ”ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဘွဲ့လက်မှတ် ပေးအပ်ရာမှာ ဆရာတော်ဘုရားကြီး ကိုယ်တိုင် ပေးအပ်ပါ တယ်။ အောင်လက်မှတ်နဲ့အတူ ဒုတိယဂုဏ်ထူးဆောင် ဘွဲ့လက်မှတ်ကိုပါ ဆရာတော်ဘုရားကြီးက ပေးအပ်တဲ့အခါ မိမိကို တွေ့လိုက်တော့ ဆရာတော် ဘုရားကြီးကလည်း ကျေနပ်သိမှတ်တဲ့ အမူအရာနဲ့ပြုံးပြီး နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ဘုရားကြီးနဲ့ မဆုံဖြစ်ခဲ့ ပြန်ပါဘူး။
+++++++++
၁၃၄၂-ခုနှစ်ကစပြီး မိမိက တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်မှာ ပဋ္ဌာန်း ညဝါကို အဓိက ထားပြီး စာချဘုန်းကြီးအဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ ၁၃၄၉-ခုနှစ်မှာတော့ တောင်ကြီးမြို့၊ သိမ်တောင် ပရိယတ္တိစာသင်တိုက်က တပည့်ဖြစ်သူ သာမဏေကျော် ရှင်နေမိန္ဒာလင်္ကာရကို ရဟန်းခံတဲ့အခါ သာသနာတော် မှာ အကျိုးများမည့် သာသနာ့အာဇာနည်တစ်ပါး ဖြစ်လာရေးကို ရှေးရှုပြီး ပဉ္ဇင်းခံပွဲကို တိပိဋကဓရဆရာတော် ဘုရားကြီး လေးပါးလုံးကြွရောက်ချီးမြှောက်ဘို့ လျှောက်ထားပင့်ဆောင်တဲ့အခါ မင်းကွန်းတိပိဋကဓရ ဆရာတော် ဘုရားကြီးကလည်း ဝမ်းမြောက်ဝမ်းသာပဲ ကြွရောက်ချီးမြှောက်ပါတယ်။
အာဂန္တုဆရာတော်ဘုရားကြီးများကို နေရာချထားတဲ့အခါ တိပိဋကဓရဆရာတော်များအတွက် လာရောက် ဖူးမျှော်ကြတဲ့ ဒကာ ၊ ဒကာမများ အဆင်ပြေပြေ ဖူးမြှော်နိုင်ကြရန် ဆရာတော်တစ်ပါးကို ကျောင်းဆောင် တစ်ဆောင် သတ်မှတ်ပြီးတော့ ပြင်ဆင်ထားပါတယ်။ ဆရာတော် ဘုရားကြီးကြွရောက်လာပြီး သတ်မှတ်ထားတဲ့ ကျောင်းဆောင်မှာ သီတင်းသုံး နားနေပြီးလို့ ညနေပိုင်းမှာ မိမိတို့ သွားရောက် ဖူးမြော် ကန်တော့ကြတဲ့ အခါ ဆရာတော်ဘုရားကြီးက ယုန်မွေးစောင်ကြီးကို သိုင်းခြုံပြီး သီတင်းသုံးနေပါတယ်။ မိမိက “ဆရာတော် ဒီရှမ်းပြည်မှာ သိပ်ပြီးတော့များ အေးနေ သလားဘုရား” လို့ လျှောက်ထားတော့ ဆရာတော်ကြီးက “ အေး.. ရန်ကုန်၊ မန္တလေး တို့ထက် ယုံမွေးစောင်တစ်ထည်စာလောက်တော့ ပိုအေးတာပေါ့”လို့ မိန့်ကြားပြီး ပြုံးနေပါတယ်။
ပြီးတော့မှ “ အေး.. လောကမှာ ကိုယ်မကျေနပ်စရာ တစ်ခုခုနဲ့ ကြုံရရင် ငုံ့ကြည့်ပြီး ဖြေတတ်ရတယ်”လို့ ဆက်လက်မိန့်ကြား ပါတယ်။ မိမိက “ဆရာတော်.. ငုံ့ကြည့်ပုံ ကြည့်နည်းလေးလဲ အမိန့်ရှိပါဦးဘုရား”လို့ လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက “ အခု ဘုန်းကြီးတို့ တောင်ကြီးမြို့မှာ အအေးဒဏ်နဲ့ ကြုံရတယ်ဆိုပေမယ့် အခုလို ယုံမွေးစောင် ကြီးနဲ့ ခြုံပြီး ကာကွယ်နိုင်လို့ နွေးနွေးထွေးထွေးလည်း နေနိုင်ပါတယ်။ ပြီးတော့ မနက်ဖန် ညနေဆိုရင်လည်း ဒီကနေ ပြန်ကြွကြရမှာဆိုတော့ ဒီအအေးဒဏ်ကလည်း လွတ်သွားတော့မှာပါ။ ဟိုး.. အောက်က ပစ္စန္တရာစ်ငရဲ ဘုံသားတွေဆိုတာ စကြာဝဠာကြီးသုံးခုရဲ့ အဆုံမှာ ဖြစ်ပြီး အလွန်အေးစက်တဲ့ဒဏ်ကို ခံစားနေကြရတာလေ၊ ဘာအကာအကွယ်မှလည်းမရှိဘူး၊ ဘယ်တော့ လွတ်မယ်ဆိုတာလည်း မသိနိုင်ကြဘူး မဟုတ်လား။ အဲဒီလို ငုံကြည့်လိုက်ရင် ကိုယ်ကြုံရတဲ့ ဒုက္ခဆိုတာ ဘာမျှ မပြောလောက်တော့ဘူးလေ။ အဲဒီလို ငုံ့ကြည့်ုပြီး ဖြေလိုက်ရတာပေါ့”လို့ မိန့်ကြားပါတယ်။
မိမိတို့အားလုံးကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တစ်ပြိုင်နက် သာဓုခေါ်လိုက်မိ ပါတယ်။ ပြီးတော့ မိမိက ဆက်ပြီး “ဆရာတော်.. သိပ်ပြီး ကျေနပ်လွန်းနေပြီဆိုရင်ကောဘုရား”လို့ လျှောက်ထား တဲ့ အခါ ဆရာတော်ကြီးက “ လောကီသားတွေရဲ့ ကျေနပ်မှုဆိုတာ အာရုံငါးပါး ကာမဂုဏ် တရားတွေကို အာရုံပြုပြီး ကျေနပ်နေကြတာ မဟုတ်လား၊ ဦးပဉ္ဇင်းက ပဋ္ဌာန်းစာဝါတွေ ပို့ချပေးနေတာ ဆိုတော့ ပဥှာဝါရ အဓိပတိပစ္စည်းကို ဆင်ခြင်ကြည့်ပါလား၊ အာရုံငါးပါး ကာမဂုဏ်တရားတွေလို့ ဆိုရမယ့် ရုပ်အာ ရုံမှန်သမျှဟာ အဓိပတိတပ်ပြီး အလေးအနက် အာရုံပြုလိုက်တိုင်း အကုသိုလ်သာ ဖြစ်နိုင်တယ်မဟုတ်လား၊ အဲဒီ တော့ ဘယ်လောကီအာရုံမဆို ကျေနပ်လွန်းရင် အကုသိုလ်ပဲဖြစ်နေမှာလေ။ အဲသလိုမဖြစ်အောင် ကျေနပ်လွန်း နေရင် မော့ကြည့်ပြီး အကုသိုလ်မဖြစ်အောင် ဖြေဖျောက်ရတယ်ဗျ။
ကိုယ့်အထက်ကို မော့ကြည့်လိုက်ရင် လောကီ အရပြောရမယ်ဆိုရင်လည်း နတ်ဘုံ၊ ဗြဟ္မဘုံတွေမှာ နတ်ချမ်းသာ၊ ဗြဟ္မာ့ချမ်းသာဆိုတာတွေနဲ့ ယှဉ်လိုက်ရင် လူ့ဘုံက ချမ်းသာဆိုတာ ဘာမျှ မပြောလောက်သေးဘူး။ လောကုတ္တရာအရ ကြည့်မည်ဆိုရင်လည်း ကိုယ်က ပရိယတ္တိတာဝန်ကလေး အနည်းအပါးပဲ ကျေသေးတာ၊ အထက်မှာ ကိုယ့်ထက် ပရိယတ် ၊ ပဋိပတ် တာဝန်နှစ်ရပ်လုံး ကျေပွန် ပြည့်စုံကြလို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဆိုတဲ့ အရိယာအဆင့် ရောက်နေတဲ့ ပုဂ္ဂိုလ် တွေကို အာရုံပြုကြည့်လိုက်ရင် ကိုယ်ကျေနပ်နေတဲ့ အရာအားလုံးဟာ ဘာမျှ မပြောပလောက်တော့တဲ့အတွက် တွယ်တာကျေနပ်စရာလဲ မဟုတ်တော့ဘူး၊ မာန်မာန တက်စရာလဲ မဟုတ်တော့ဘူးပေါ့။ အဲဒီလို မော့ကြည့်ပြီးတော့ ကိုယ်ကျေနပ်နေတဲ့ လောဘတွေနဲ့ မာန်မာန တွေကို ဖြေဖျောက်ရတယ်”လို့ မိန့်ကြားလိုက်တဲ့ အခါမှာတော့..
လာရောက်ကန်တော့ကြတဲ့ မိမိတို့ စာချဘုန်းကြီးအားလုံးဟာ ဦးခေါင်းကိုညွတ်ပြီးတော့ ဝမ်းမြောက် ဝမ်းသာနဲ့ အားရပါးရကြီး တစ်ပြိုင်နက် သာဓုသုံးကြိမ်ခေါ်လိုက်မိကြပါတော့တယ်။…..
“ အော်…. ဆရာတော်ဘုရားကြီးဟာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဆိုတဲ့ ဘွဲ့ထူးကြီးကို ရရှိထားသော်လည်း ကောင်းဆိုးဖုံဖုံ လောကဓံစုံကို ငုံ့ကြည့်၊ မော့ကြည့်ပြီး တည့်တည့် မှန်မှန်ကြီး မြင်တတ်တဲ့ ဆရာတော်ကြီး ပါကလား” ဆိုပြီးတော့လည်း စိတ်ထဲမှာ အထပ်ထပ် သာဓုခေါ်မဆုံး၊ ကြည်ညိုမဆုံး ဖြစ်နေမိပါ တော့တယ်။
+++++++++
အဲဒီရဟန်းခံပွဲကို မိတ္ထီလာမြို့နယ်က တောမဓမ္မာရုံကျောင်းမှာ သီတင်းသုံးနေတော်မူတဲ့ သက်တော်(၉၂) နှစ်ရှိ သိမ်တောင်နိကာယကျောင်းတိုက်များရဲ့ မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပဏ္ဍဝလည်း ကြွရောက် ချီးမြှောက်ပါတယ်။ ဆရာတော်ဘုရားကြီးက စာသင်သားဘဝတုံးက မင်းကွန်း ဓမ္မနာဒကျောင်းတိုက်မှာ မင်းကွန်း ဆရာတော်ဘုရားကြီးက ရှင်သာမဏေ၊ ဆရာတော်ကြီးက ရဟန်းတော်အဖြစ်နဲ့ စာသင်ဘက် ဆရာတူ တပည့် ညီနောင်များလည်း ဖြစ်ပါတယ်။
ရဟန်းခံတဲ့အခါမှာတော့ တောမဓမ္မာရုံဆရာတော်ဘုရားကြီးကို ဥပဇ္ဈာယ်ပြုပြီး မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးက နောင်လာ နောင်သား ရဟန်းငယ်များလည်း နည်းယူရအောင် အနုသာသနပြုပေးဘို့ လျှောက်ထားတဲ့အခါ ဆရာတော်ဘုရားကြီးက ဝမ်းမြောက်ဝမ်းသာပဲ လက်ခံဆောင် ရွက်ပေးပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အနုသာသနစကားထဲမှာ အထူးမှတ်သားမိတဲ့ အချက်များကတော့-- ရှေးဦးစွာ ဥပစ္ဇျာယ်ဆရာရဲ့အမည်ကို “တိဿ”လို့ အမည်မှည့်ရတာနဲ့ ပတ်သက်လို့ “ မြတ်စွာဘုရားလက်ထက်က ရှင်မဟာ ကဿပမထေရ်မြတ်ကြီးကို ဥပစ္ဇျာယ်ပြုတဲ့ ပဉ္စင်းခံပွဲမှာ ဉာတ် ကမ္မဝါစာ ရွတ်ဖတ်ရမည့် အရှင်အာနန္ဒာ မထေရ်မြတ်က ဥပစ္ဇျာယ်ဆရာတော်မြတ်ကြီးရဲ့ အမည်ရင်းဖြစ်တဲ့ “ပိပ္ပလိ” ဆိုတဲ့ အမည်ကို တိုက်ရိုက် ရွတ်ဖတ် ရမှာကို မဝံ့မရဲ ဖြစ်တဲ့အတွက် မြတ်စွာဘုရားရှင်ကို လျှောက်ထားတဲအခါ မြတ်စွာဘုရားရှင်က အနွယ်ရဲ့ အမည်ဖြစ်တဲ့ “ကဿပ”ဆိုတဲ့ အမည်သစ် မှည့်ပြီး ကမ္မဝါစာ ဖတ်ဖို့ ခွင့်ပြုခဲ့တယ်။ တပည့်တော်တို့ မြန်မာပြည် သာသနာတော်ရဲ့ အနွယ်ကို ကြည့်လိုက်မည်ဆိုရင် တတိယသံင်္ဂါယနာတင် မဟာနာယကထေရ်ကြီးဖြစ်တဲ့ အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်ကြီးက ဆင်းသက်လာတာဖြစ်လို့ “တိဿအနွယ်” လို့ ဆိုရပါလိမ့်မည်။
ဒါကြောင့် အခု ကမ္မဝါစာ ရွတ်ဖတ်ရာမှာလည်း ဂရုဂါရဝဖြစ်ပါစေရန် ရည်ရွယ်ပြီး ဥပဇ္ဈာယ်ဆရာဖြစ်တော်မူတဲ့ တောမဓမ္မာရုံဆရာတော် ဘုရားကြီး၏ ဘွဲ့အမည်ရင်းကို ခေတ္တ ပယ်ဖျောက်၍ “တိဿ”လို့ အမည်သစ်မှည့်ရတာ ဖြစ်ကြောင်း မိန့်ကြား သွားပါတယ်။
ကမ္မဝါစာ ရွတ်ဖတ်ပြီးလို့ ရဟန်းသစ်ကို ဆုံးမတဲ့အခါ “ ပိဏ္ဍိယာလောပဘောဇနံ”ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးမရာမှာ … “ရဟန်းဆိုတာ အလှုခံပုဂ္ဂိုလ် သာဖြစ်တယ်၊ တောင်းစားသူ မဟုတ်ဘူး၊ ဒီနှစ်မျိုးက ဘယ်လို ထူးသလဲဆိုရင်တော့ တောင်းစားသူဆိုတာ နှုတ်က မြွတ်ပြီးတော့ လိုချင်ရာကို တောင်းကြတယ်၊ ဒီလို တောင်းကြရာမှာလည်း ဘုန်းတောင်းရယ်၊ ယာစကာရယ် ဆိုပြီး နှစ်မျိုး နှစ်စားရှိတယ်။ ဘုန်းတောင်းဆိုတာက ကျန်းမာပါစေ၊ ချမ်းသာပါစေစတဲ့ ဆုတောင်းတွေ ဆုပေးတွေရွတ်ဆိုပြီး တောင်းကြသူတွေကိုခေါ်တာ။ ယာစကာဆိုတာကတော့ ဆုတောင်းတွေ ဆုပေးတွေမပါဘဲ “ပေးပါ၊ ကမ်းပါ၊ မျှတပါ” ဆိုပြီး လိုချင်ရာကို တိုက်ရိုက် တောင်းဆို ကြသူ များဖြစ်တယ်။ ရဟန်းဆိုတာ အဲဒီလို တောင်းသူ နှစ်မျိုးစလုံး မဖြစ်ကောင်းဘူး။
အလှုခံပုဂ္ဂိုလ်ဆိုတာကတော့ ကိုယ်နဲ့သာ ရပ်ပြီးတော့ အလှုခံရတယ်၊ မိမိက သပိတ်ပိုက်ပြီးတော့ အိမ့်ရှေ့ သွားရပ်တဲ့အခါ ဒကာ၊ ဒကာမတို့က အလိုက်သိ လှုဒါန်းတာကိုသာ အလှုခံပြီး သုံးဆောင်ရတယ်။ ဒါကြောင့် မြတ်စွာဘုရားရှင်က “ပိဏ္ဍိယာလောပဘောဇနံ”လို့ ပညတ် ဆုံးမတော်မူခြင်းဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ထူးထူးခြားခြား မှတ်သားလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီရဟန်းခံပွဲမှာ ဆရာတော်ကြီးနဲ့တွေ့ဆုံရစဉ် မိန့်ကြားသမျှတွေထဲမှာ ရှင်ရော လူပါ အားလုံးအတွက် အထူး သတိပြု လိုက်နာစရာ သြဝါဒကတော့“ ငုံ့ကြည့်၊ မော့ကြည့်ပြီး၊ တည့်တည့် မှန်မှန် မြင်တတ်စေ”ဆိုတဲ့ သြဝါဒအမြုတေပဲဖြစ်ပါတယ်။
အရာရာကို ငုံ့ကြည့် မော့ကြည့်ုပြီး တည့်တည့် မြင်တော်မူတတ်တဲ့ မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီးရဲ့ ရာပြည့်အထိမ်းအမှတ်ပွဲမှာ ဤစာတမ်းနဲ့ ဆရာတော်ကြီးရဲ့ ကျေးဇူးဂုဏ်ကို ကန်တော့ ပူဇော် လိုက်ပါတယ်။
ငုံ့ကြည့်၊ မော့ကြည့်ပြီး၊ တည့်တည့်မြင်တတ်ကြပါစေ….
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)။
သိရီမင်္ဂလာကျောင်း၊ ပေါ့တလန်မြို့၊ အော်ရီဂွန်ပြည်နယ်၊ USA 2011-ခု၊ ဇူလိုင်လ 28-ရက်၊ 2011-ခု၊ ဇူလိုင်လ 29-ရက်၊
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
မှ ကူးယူဖော်ပြသည်။
1. စီးဆင်း ရင်ခွင် | 10/21/2011 | 2. 3. 4. 5. 6. Best Blogger Tips
20/10/2011
ရွှေညာမြေ ရင်ခုန်ခဲ့တုံးက
1. စီးဆင်း ရင်ခွင် | 10/20/2011 | 2. 3. 4. 5. 6. Best Blogger Tips
“ကမ္ဘာမကြေ မြန်မာပြည် တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ။ ပြည် ထောင်စုကို အသက်ပေးလို့ တို့ကာ ကွယ်မလေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ.... ဟာဟေ့ကောင်.. ငါ့လွယ်အိတ်အမြီးကို မင်းခြေထောက်က ရွှံ့တွေနဲ့တက်မနင်းနဲ့လေ”
“ငါမသိလို့နင်းမိတာကွ … ”
“ဗြောင်း ဗြောင်း… ”
“ကလေးတွေ နိုင်ငံတော် သီချင်းဆိုနေတုန်း စကားမပြောရဘူးလေ။”
စားပွဲခုံကို ရိုက်သော ကြိမ်သံခပ်ကြမ်းကြမ်းနှင့် စကား သံခပ်မာမာကြောင့် ရန်ဖြစ်သံများ ခဏ တိတ်သွားခဲ့ပြန်သည်။
“တို့ပြည်တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ … သိမယ်… မင်းနဲ့ငါ မုန့်စားကျောင်းဆင်းမှ စာရင်းရှင်းမယ်။
(၂)
ပဲကူရွာမှ မူလတန်းကျောင်းကလေး၏ မုန့်စားဆင်းချိန်။ ကလေးများ မျောက်ရှုံးအောင် ကစားကြသည့် ကစားကွင်းဟု သတ်မှတ် ထားသောမြေကွက်လပ် တစ်နေရာမှ ရွှံ့တွေထဲမှာတော့ လှုပ်လှုပ်ရှားရှား
စိမ်ခေါ်နပန်းလုံးမှုတစ်ခု။ ထိုနှစ်ယောက်ကတော့ ကျောင်းရဲ့ နံမည်ကြီး တာတေလေး နှစ်ယောက်ဖြစ်သည့် ဖိုးကိုနှင့် သန်းထယ်။
“ဟေ့ကောင်တွေ … ဆရာမလေး က တုတ်ကောက်ပြီး စာသင်ခန်းထဲကို အခုလာခဲ့ကြတဲ့”
အတန်းခေါင်းဆောင် အပြေးကလေးလာကာ ၀ိုင်းအုံနေသူများကြားမှ တိုးဝှေ့ကာ တားမှ မရပ်ချင်ရပ်ချင်နှင့် ရန်ပွဲကရပ်စဲသွားသည်။
“နင်တို့လည်း အတန်းထဲဝင်တော့ သူများရန်ဖြစ်တာကို မတားဘဲ ရပ်ကြည့်နေကြတယ်။
ကောင်မစုတ်ကလေးတွေ…”
(၃)
မူလတန်းကျောင်းမှ စာသင်ခန်းကလေးက အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်လျှက် …
“စည်းစည်းလုံးလုံးနေပါ ရန်မဖြစ်ပါနဲ့လို့ ပြောထားတဲ့ကြားက ရန်ဖြစ်တဲ့ မင်းတို့နှစ်ယောက် မှာ အပြစ်ရှိသလား မရှိဘူးလား ”
ဆရာမလေး အသံနှင့်အတူ လက်စွဲတော်ကြိမ်ကို လေထဲတွင် တ၀ှီးဝှီးလုပ်ကာနေတော့ ထိုတာတေလေး နှစ်ယောက်က မျက်နှာငယ်ကလေးတွေနှင့်
“ဟဲ့ မေးနေတယ် ဖြေကြလေ”
“ရှိပါတယ် ဆရာမ ”
“ဒါဆို …”
(၄)
နောက်တစ်နေ့ ကျောင်းတက်ချိန်ရောက်တော့ မနေ့က ရန်ဖြစ်ခဲ့သည့် ထိုနှစ်ယောက်က ကျောင်းလမ်းတလျှောက် ဂေါ်လီရိုက်မပျက်။
“ဟေ့ကောင် ဖိုးကို မင်းမျက်နှာက ဒါဏ်ရာ ဘယ်နှယ့်နေစ”
“သိပ်မနာပါဘူး သန်းထယ်ရာ ။ ဆရာမလေး ရိုက်တာနဲ့ ငါ့အမ… ” ဖိုးကိုတယောက် ပြောလက်စ စကားကိုရပ်ရင်း ကျောင်းကလေးရှိရာကို လှမ်းကြည့်ရင်း…
“ဟေ့ ကျောင်းရှေ့က ဟိုလူကြီးက ဘယ်သူတုန်းကွ။ အနားမှာလည်း လူမိုက်လိုလို ဘာလိုလိုတွေနဲ့။”
“အဲဒါ ဟိုဘက်ရွာက သူဌေးသားလေ ငါတို့ဆရာမလေးကို လာပိုးနေတာ ထင်တယ်”
“ဘာ.. ငါတို့ဆရာမလေးကိုများ သူက ရာရာစစ ။ ရွာက သူကြီးသား ဦးသန်းတင်နဲ့တောင် သဘောမတူတဲ့ကိစ္စကို။ ”
သန်းထယ် တစ်ယောက် ကျောင်းရှေ့မှ လူတစ်စုကို ငေးကြည့်ရင်း သူတို့ရွာနှင့် ဆရာမလေး အကြောင်းကို စဉ်းစားနေမိတော့သည်။ သည်ရွာကလေးမှာ ဆရာ၊ ဆရာမ ရှားပါးလှသည်က ဟိုးအရင်ကတည်းကဟု အဘ (ဒေသအခေါ် အဖေ ကိုပြောခြင်းဖြစ်သည်) က ပြောဖူးသည်။ ရွာခံ လုပ်အားပေး ဆရာမ ကလေးများရှိသည့်တိုင် တစ်နယ်တစ်ကျေးမှ လာရောက် စာသင်ပေးသော ဆရာဆရာမ တစ်ယောက်ရဖို့ကား အတော်လေးကို ရှားပါးလှသည့် အခွင့်အရေး။ ရွာဦးကစေတီနှင့် ဆရာတော်ကျောင်း မီးစက်အလင်းမှလွဲ၍ လျှပ်စစ်မီးမရှိသည့် ရွာ။ လက်ယက်တွင်းမှရေကို မနည်း လုခပ်ရသည့် ရေရှားပါးပြီး အလွန်ပူပြင်းလှသည့် အညာဒေသလေးမို့ တနယ်တကျေးမှ ဆရာ၊ ဆရာမလေးများမလာချင်တာကို တော့ အပြစ်တော့ မဆိုသာသည့် ရွာ။ စစ်ကိုင်းတိုင်း မြင်းမူမြို့မှ သုံးတိုင်ခန့် (ဒေသခံအခေါ် ခြောက်မိုင်ကို ဆိုလိုခြင်းဖြစ်သည်) ဝေးသည့် လှည်းလမ်း ခရီးသာ ပေါက်သည့် သူတို့ တမြတ်တနိုးချစ်ခင်ကြသည့် ပဲကူရွာ။
“မင်းတို့ ဆရာမလေးကို ဒီရွာမှာ ပျော်အောင် ထားကြဟေ့၊ ဒီတခါ ဆရာမလေးမပျော်လို့ မြို့ပြန်ရင် နောင်ဆရာမတစ်ယောက်ရဖို့ က အခွင့် သိပ်မရှိလှဘူး ငါ့လူတို့ရ ” ဆရာမလေး ရွာသို့စရောက် သည့်နေ့က သူကြီးဖိုးစိန် ပြောသော စကားများကို ကြားယောင်မိတော့ သူ့ရင်တို့ တဖြတ်ဖြတ် တုန်မိတော့သည်။
“ဟကောင်ရ ဒီနေ့ဆို အဲလူကြီး ကျောင်းဝင်းထဲတောင် ၀င်လာပြီ။ မနေ့က ကျောင်းအပြန် ဆရာမလေးကို ငါအိမ်ပြန်ပို့တော့ သူတို့က ဆရာမလေးကို လိုက်စကား ပြောကြသေးတယ်”
“မင်းက ဘာမှမလုပ်ဘူးလား ဖိုးကို ငတုံးရ”
“ဟ …။ ငါက ဘာလုပ်လို့ရမှာတုန်း သူတို့က ဓားမြောင်တကားကားနဲ့
ထန်းရည်လေးကလည်း မူးလာသေးတယ်။ ငါနဲ့ ဆရာမလေးလည်း ကြောက်ကြောက်နဲ့ တစ်ယောက်လက် တယောက်ဆွဲပြီး သုတ်ချေတင်ရတာပေါ့”
“ကလင် ကလောင် ကလင်…”
ကျောင်းတက်ခေါင်းလောင်း ထိုးသံကြောင့် သူတို့ နှစ်ယောက် ကျောင်းဆောင်ထဲသို့ အလျှင်အမြန် ပြေးဝင်လိုက်ကြသည်။ ဟိုဘက်ရွာက သူဌေးသားဆိုသူနှင့် သူငယ်ချင်းများကတော့ ကျောင်းအ၀င် အ၀ သစ်ပင်ရိပ်မှာ နားနေရင်း ဆရာမလေးရှိရာ စာသင်ခန်းဆီသို့ အရိပ်တကြည့်ကြည့်နှင့် ။
(၅)
ရက်တွေ ကြာလာပေမယ့် သစ်ပင်ရိပ်မှ ထိုလူစိမ်းတချို့က ဇွဲကောင်းလျှက်။ မနက်ပိုင်းလာတတ်လျှင် မုန့်စားကျောင်းဆင်းပြန်တက်မှ ပြန်သွားတတ်ကြသလို နေ့လည်ပိုင်းလာလျှင်လည်း ဆရာမလေး အိမ်ပြန်လမ်းမှာ နှောင့်ယှက်တတ်သေးသဖြင့် ဆရာမလေးမှာ စာသင်လျှင်လည်း အနေရခက်၊ ကျောင်းဆင်းလျှင်လည်း ကျီးလန့်စာစား ဘ၀လို ကြောက်ကြောက်လန့်လန့် ဖြစ်လို့ လာချေသည်။
မခံနိုင်သည့်အဆုံး ကျောင်းသားအချို့နှင့် ဆရာမလေးတို့ သူကြီးထံသို့သွားကာ အကျိုးအကြောင်း ပြောပြကာ ဖြေရှင်းပြန်တော့လည်း တစ်ပတ်လောက်သာ ငြိမ်သွားပြီးနောက် ထိုလူတစ်စုက လာမြဲ အတိုင်း လာဆဲ။
ဆရာမလေးကို ချစ်သော ဖိုးကိုတို့ သူငယ်ချင်းတစ်စုကတော့ ထိုလူစုကို အမှုန့်ကြိတ်ပစ်ချင် လောက်အောင် မုန်းတီးကြပေမယ့် ၉နှစ် မရှိတရှိ အရွယ်ကလေးတွေနှင့် ကာလသားတို့ရဲ့ အင်အားက မမျှလေသောကြောင့် ဆရာမလေး ကိုအိမ်အရောက် ပြန်ပို့ရုံကလွဲလို့ မတတ်သာပြန်။ အရင်လို ရွှင်ရွှင်ပြပြမရှိတော့သော သူတို့ဆရာမလေးကိုသာ ငေးကြည့်ရင်း
မူလတန်း ကျောင်းသားတို့ အတွေးများက ဟိုဟိုဒီဒီ…။
(၆)
မုန့်စားဆင်းချိန် မိုးရွာနေတာမို့ ကလေးများအခန်းတွင်း၌ပင် ဗြောင်းဆန်အောင် ကစားနေကြသည်။
“ဒေါက်”
“အွန့်”
ဟိုဘက်ရွာမှ သူဌေးသား၏ အာမေဋိတ်သံနှင့်အတူ ထိုလူတစ်စု တရုံးရုံးဖြစ်လို့လာသည်။ ခေါင်းကို ပွတ်ရင်း ဒေါသတကြီးဖြင့် လက်တစ်ဖက်ကလည်း ကလေးစီး ဖိနပ်တစ်ဖက်ကို ကိုင်ကာ ကျောင်းထဲ သို့ဝင်လာသော သူဌေးသား ။ ဆီများရွှဲနေအောင်လိမ်းထားသော ထိုသူရဲ့ ခေါင်းတွင် ရွှံ့တွေဗရပွ နှင့်ဖြစ်ကာ မျက်နှာမှာလည်း ရွှံ့စက်တချို့။ သူ့နောက်တွင်တော့ ဓားကိုင်လူမိုက်များက အစီအရီ။ လူမိုက်များကို ကြောက်ကြသဖြင့် ကလေးများအားလုံး မျက်လုံးပြူးလေးများဖြင့် အတန်းထောင့်တွင် ကပ်ကာ ငြိမ်နေကြသည်။
“မင်းတို့ထဲက ဘယ်ကောင်လဲ ငါ့ကို ဖိနပ်နဲ့ပေါက်တာ”
“.........................”
“သတ္တိရှိတဲ့ကောင်ထွက်ခဲ့လေကွာ လူလေးတွေက နှပ်ချေးတွဲလောင်းတွေရှိသေးတယ်။
ငါတို့ကို ရန်လာစနေသေးတယ် ”
“........................”
“ငါ့xxxx တွေ ဖိနပ်နဲ့ပေါက်တဲ့သူထွက်ခဲ့လို့ ငါပြောနေတယ်နော်၊ မဟုတ်ရင် မင်းတို့ တတန်းလုံး ငါ့လက်ချက်မိမယ် ”
“…………………………”
ရုတ်ရုတ်ရုတ်ရုတ်အသံများကြောင့် နားနေခန်းတွင် ထမင်းစားနေသော ဆရာမလေး အမောတကော ရောက်လာသည်။
“ဟဲ့… ဟဲ့… အို… ဘယ်လိုဖြစ်နေကြတာလဲ ။ ရှင်တို့ကရော ဘာကိစ္စ အတန်းထဲဝင်ပြီး ကျွန်မ ကလေးတွေကို အနိုင်ကျင့်နေရတာလဲ ”
“ဗျာ… ဟိုဟို မဟုတ်ပါဘူးဆရာမ ကျူပ်တို့ အပြင်မှာ အေးအေးဆေးဆေး ထိုင်နေတာပါ ၊ ဒီ ကလေးတွေထဲက တစ်ယောက်က ကျုပ်ခေါင်းကို ဖိနပ်နဲ့ပေါက်လို့ လာမေးရုံ မေးတာပါ။ ကျွန်တော့် ခေါင်းကိုလည်း ကြည့်ပါဦးဗျာ ကောင်းသေးရဲ့လားလို့ ”
ထိုသူက ပြာပြာသလဲနှင့် သူ့ခေါင်းမှ ရွှံ့များကို လက်ညိုးထိုးပြတော့ ဆရာမလေးက ကျောင်းသားများ ကို စိုးရိမ်ပူပန်နေသည့်ကြားမှ ပြုံးစိစိဖြစ်သွားပေမယ့် မျက်နှာပိုးသတ်လိုက်သည်။
“ဟာဗျာဆရာကလဲ ဘာမှရှင်းပြမနေနဲ့ ဒီလောက်တောင်ရိုင်းတဲ့ ကောင်လေးတွေ အားလုံးကို ရိုက်ပြီးစစ်လိုက်ရင် ဘယ်သူလုပ်တာလဲ ပေါ်လာမှာပဲ ”
“ဒီမယ် ဒီမယ် ရှင်တို့လုပ်ချင်တိုင်းလုပ်ရမလား။ ဒါက ကျွန်မရဲ့စာသင်ခန်းရှင့် ကျွန်မသဘောမတူဘဲ ရှင်တို့ ဘာမှမလုပ်ရဘူးမှတ်ပါ၊ ဖြစ်တာကတော့ ကစားနေရင်းနဲ့ အမှတ်တမဲ့လည်း ဖြစ်တတ်ပါတယ် လေ ကျွန်မကျောင်းသားတွေကို ကိုယ့်ဟာကိုယ်သာ မေးပါ့မယ်”
“အင်းလေ ဆရာမဖြေရှင်းပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့ ။ ကျုပ်ကတော့ ဒီဖိနပ်တစ်ဖက်ကို ယူထားဦးမယ်။ ကျောင်းဆင်းလို့ ဖိနပ်တစ်ဖက်တည်းနဲ့ ပြန်သွားတဲ့ ကောင်ကတော့ မလွယ်ဘူးသာအောက်မေ့”
ထိုလူအုပ် မကျေမနပ်ဖြင့် ကျောင်းခန်းထဲမှ ထွက်သွားတော့ ဆရာမလေးက အသံအုပ်အုပ်ဖြင့် ဆူသည်။
“ကဲ အားလုံး ခုန်ပေါ်တက်ပြီး မတ်တပ်ရပ်။ တတန်းလုံး အပြစ်ပေးတာမခံချင်ရင် ကိုယ့်အပြစ်ကို ကိုယ်သိတယ်ဆိုရင် စောစောစီးစီး ၀န်ခံ”
အတန်းသားများ ခုံပေါ်တွင်ရပ်ရင်း တယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဖိုးကို တစ်ယောက် သူများထက်ထူးစွာ ဂဏှာမငြိမ်ဖြစ်နေတော့ စာအတော်ဆုံး ကျောင်းသူဖြစ်သူ မချစ်လှက ခေါင်းခါကာ တားမြစ်ပြန်သဖြင့် ပြန်ငြိမ်သွားပြန်သည်။ လကုန်ခါနီးမို့ ကျောင်းခေါ်ချိန် စာရင်းများနှင့် အလုပ်ရှုပ်နေသော ဆရာမလေးက သူတို့ကို အတန်းတွင်ခုံပေါ်တွင် ရပ်စေပြီး သူမအခန်းသို့ ခဏပြန်သွားသောအခါ အတန်း၏ ဥာဏ်ကြီးရှင် များဖြစ်ကြသော လောက်စာ၊ ကျော်ငြိမ်း ၊နော်စာတို့မှ ဦးဆောင်ကာ ခေါင်းချင်းဆိုင် အစည်းအဝေး လုပ်လိုက်ကြပြီး အားလုံး သဘောတူ လိုက်ကြသည်။
(၇)
ပဲကူရွာကလေး၏ ကျောင်းဆင်းချိန်မိုးက အခါတိုင်းထက်ကို ပိုသည်းလို့နေပြန်သည်။ ကျောင်းဝင်းအပြင်ဘက်မှ သူဌေးသားနှင့် အပေါင်းအပါတို့ကလည်း ဇွဲကြီးစွာဖြင့် ထိုအချိန်ကို မျှော်တလင့်လင့် ။
မိုးရေထဲမှာ ဆရာမလေးကို ခြံရံလို့ ကျောင်းသားတစ်စုလုံး အပြုံလိုက်ထွက်လာတော့ ထိုလူရမ်းကားတစ်စုက ဂဏာမငြိမ်စွာ ကလေး တစ်ယောက်ချင်းစီကို လိုက်ကြည့်နေကြသည်။ မိုးရေထဲမှာ လမ်းလျှောက်လာကြသည့် မူလတန်းကျောင်းသားလေးတွေက ပြိုင်တူ ကဗျာရွတ်ဆိုရင်း ထိုလူအုပ်ကြီးနှင့် ဝေးရာဆီသို့ ခပ်မြန်မြန် ဦးတည်လျှက်ရှိသည်။
“၀ါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဖူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားကွယ် သွားကွယ်...”
ခပ်ညစ်ညစ် ရွှံ့နွံထူထပ်သော တောလမ်းကလေးတလျှောက်ကို ဖြတ်ကျော်သွားသည့် သူတို့ ခြေထောက်လေးတွေ အားလုံးမှာ တော့ ဖိနပ်ဗလာနှင့်…
ချစ်ခင်လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)
(လောကအလှ ဘလော့ဂ်မှ ကူးယူဖော်ပြသည်။)
18/10/2011
ခေါင်းလောင်းထိုးသံ ငါတို့ကြား
1. စီးဆင်း ရင်ခွင် | 10/18/2011 | 2. 3. 4. 5. 6. Best Blogger Tips
  ခေါင်းလောင်းထိုးသံ ငါတို့ကြား
  ဥာဏ်ဦးမောင်
ရွာဦးကျောင်းက ခေါင်းလောင်းသံ၊
ဒိုးဒိုးဒေါင်ဒေါင်ညံ။
ခေါင်းလောင်းသံ ငါတို့ကြား၊
အမျှယူစို့လား။
အမျှဘာကြောင့် ယူရတယ်၊
ကုသိုလ်ရဖို့ကွယ်။
ကုသိုလ်သည် ဘယ်မှာလဲ၊
ခေါင်းလောင်းထိုးနေဆဲ။
  သြဂုတ်လရဲ့ နွေနှောင်းရက်ကျန်က ကုန်လုကုန်ခင်။ မနက်ဖန်ဆိုလျင်ဖြင့် စက်တင်ဘာလရဲ့ ပထမနေ့။ နွေနေ ရှိန်ရဲ့ အပူငွေ့တို့လည်း ဒီနေရာလေးကနေ ပြန်လည်ထွက်ခွါသွားဖို့ ပြင်ဆင်နေကြပြီပေါ့။ ညပိုင်းများမှာဆို ဆောင်းကိုလှုပ်နှိုးမယ့် လေနုနု အအေးစက ခပ်ဟဟလေး လှစ်ထား တဲ့ ပြူတင်းကြားကနေ ဖွဖွလေး တိုးလို့ပင် ဝင်လာတတ်ပြီ။ ပြင်ပက အအေးဒဏ်ကို ခိုလှုံဖို့ တိုးလျိုးကာ ဝင်လာလေသလား၊ အဆောင်တွင်းနေ သူကို အေး ချမ်းမှုပေးနိုင်စေဖို့ တိုးလျိုးဝင်လာလေသလား၊ ဒါကိုဖြင့် ခွဲခြားလို့တော့ မသိနိုင်ပါလေပြီ။
နံနက်ခင်းလင်းစ ပြူတင်းဝကနေ အရှေ့ဖက်ဆီကို မျှော်ကြည့်လိုက်လျင်ဖြင့် ဆောင်းဦးအငွေ့ မြူစိုင်များက ဟေးဝဒ်မြို့လေး ရဲ့ တောင် တန်းတွေပေါ် မေးတင်ကာ မှေးစက်လို့။ မြူဆိုင်ကြားကနေ တိုးလျိုးကာထွက်လာတဲ့ နေရောင်ခြည်အလင်းတန်းများက မြူငွေ့ကြာ မှာ ရွှေရောင် လက်ချောင်းတွေ အပြိုင်းပြိုင်းကျနေဟန်။ အိပ်ပျော် နေတဲ့ မြူစိုင်တွေကို အိပ်ရမှထဖို့ လက်တို့ကာ နှိုးနေသယောင်ထင်ရ။ အမျိုး မသိ၊ အမည် မတတ်နိုင်တဲ့ ခံစားမှု တစ်ခုက မြူကြားက လုထွက်လာတဲ့ နေရောင်ခြည်တန်းများနှယ် ရင်ထဲက တိုးထွက်လာသလို ခံစားမိတယ်။ မြူဝေ၊ ပန်းသင်း၊ လေညင်းသွဲ့သွဲ့၊ လွမ်းတေးဖွဲ့သီ၊ ဥသြတီတာ၊ လွမ်းဖွယ်သာသည့်၊ ကိုယ်မွေးဖွားရာ၊ အညာ ဒေသ၊ နွေဝင်စရဲ့ ပုံအလှကို မှန်းကာ မြင်လာ မိရတယ်။
   မကြာမီမှာပဲ ကိုယ်နေထိုင်ရာ နေရာလေးရဲ့ ရှေ့လမ်းမကနေ ကျောပိုးအိပ်လေးတွေ ကိုယ်စီလွယ်လို့ အစုလိုက် အဖွဲ့လိုက် ကလေးငယ်တွေ ဖြတ်သန်း သွားကြတော့မယ်။ နံနက်လင်းစ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ ဒီအချိန် အခါမျိုးမှာ အေးချမ်းစွာ လှုပ်ရှားသွားလာနေကြတဲ့ ကလေးငယ်လေးတွေရဲ့ အမူအယာက နံနက်ခင်းရဲ့ ကောင်း ခြင်းမင်္ဂလာကို ပိုမိုကြွရွလာသလားထင်ရတယ်။ နုပျိုမှုနဲ့ တက်ကြွမှု ဆိုတာက လောက အတွက် အားတက်ဖွယ် အလှများပေပ။ ပညာသင်ချိန်မှာ ပေါ့ပါးလွတ်လပ်စွာ၊ ကြောင့်ကြစိုးရွံ့ခြင်းကင်းစွာ ပညာသင်ခွင့်ရဖို့ အရေးက ကလေးငယ်တွေ အတွက် အဓိက လိုအပ်ချက်တစ်ခုသာပ။
ဒီနေရာလေးကို ရောက်ရှိနေထိုင်ခဲ့တာ နှစ်လနီးပါးရှိပြီ။ စရောက်ချိန်က ဇူလိုင်လဆန်းပိုင်းမှာဆိုတော့ ကျောင်း တွေပိတ်ထားချိန်။ နေထိုင်ရာ အဆောင်လေးရဲ့ ဆင်ဝင်အောက်ကနေ လှန်းမျှော်ကြည့်လိုက်ရင် အဆောင်လေးရဲ့ ရှေ့နားကပ်လျက်က ကားလမ်းရယ်၊ ကားလမ်းဟိုဖက် အနားကပ်လျက်ရှိတဲ့ ရထားသံလမ်းရယ်၊ သံလမ်းနဲ့ ကပ်လျက် ရှိနေတဲ့ အလယ်တန်းကျောင်းရဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ အားကစားကွင်းရယ်၊ ကစားကွင်းနဲ့ ကပ်လျက် ကျောင်းစာသင်ခန်းမဆောင်များကို အရှင်းသားမြင်ရတယ်။ စာသင်းခန်းမဆောင်များပေါ်ကနေ အထက်ဖက်ကို မျှော်ကြည့်လိုက်လျင်တော့ မိုင်ဝက်လောက်အဝေးမှာ ရှိနေတဲ့တောင်တန်းကြီးက ထီးထီးမားမား။
   ဒီအရာအားလုံးဟာ မပြောင်းမလဲ တစ်သမတ်တည်းသာ ဖြစ်ပေမယ့် နေပူကျဲကျဲအောက်မှာ မြင်ရတဲ့မြင်ကွင်း ရယ်၊ မိုးအုံ့ဆိုင်းမှိုင်းနေတဲ့ အခါမှာ မြင်ရတဲ့ မြင်ကွင်းရယ်၊ ညအခါ တောင်တန်ပေါ်မှာ တည်ရှိနေတဲ့ အဆောက် အဦတွေကနေ အစီအရီပေါ်ထွက်လာတဲ့ အလင်း လက်လက် မြင်ကွင်းများရဲ့ အလှက တစ်မျိုးတစ်ဘာသာစီ ဖြစ်နေတာကို သတိထားမိတယ်။ အထူးသဖြင့်တော့ အလယ်တန်းကျောင်းဝင်း အတွင်းမှာ စိုက်ထားတဲ့ ထင်းရူး နွယ်ဝင် ခရစ်စမတ်သစ်ပင် ထိပ်ဖျားပေါ် မိုးစလေးတွေ တဖွဲဖွဲကျနေချိန်မှာဆို လွမ်းချင့် ဖွယ်ကောင်းလောက် အောင် ဖြစ်တတ် ပါတယ်။ ကျောင်းဝင်းကျယ်ကျယ်နဲ့ စိမ်းညို့ညို့တောင်တန်းကြီးက လွမ်းဖွယ်အလှကို အား ဖြည့်ပေး တာကြောင့်များလေလားလို့ တစ်ယောက် တည်း တွေးမိခဲ့ဖူးတယ်။
   ခုမနက်မှာတော့ ရာသီက အုံ့ဆိုင်းဆိုင်း၊ တောင်တန်းကြီးတွေကလည်း ညို့မှိုင်းမှိုင်း၊ လေပြေလေးက မရိုင်း တရိုင်း။ ကျောင်းဝင်းအတွင်းကနေ ပူ…ဆိုတဲ့ ဥသြသံရှည်ရှည်ကို ကြားရတယ်။ စာသင်ချိန်မို့ ဆွဲလိုက်တဲ့ ဥသြသံလေလား၊ စုပေါင်းအားကစားချိန်မို့ ဆွဲလိုက်တဲ့ ဥသြသံလေလားတော့မသိ။ စာသင်ချိန်ဥသြသံဆိုလျင် တော့ အပြင်မှာ အစုလိုက်ဆော့ကစားနေ၊ စကားပြောနေကြတဲ့ ကျောင်း သူကျောင်း သားတွေ ကျောင်းဆောင် များအတွင်း အလျှိုအလျှိုဝင်သွားကြလိမ့်မယ်။ အားကစားချိန် ဥသြသံဆိုလျင်တော့ စာသင်ခန်းများထဲမှာရှိနေ တဲ့ ကျောင်း သားတွေ အားကစားကွင်းရှိရာ လွင်ပြင်ဖက်ကို တန်းစီလို့ထွက်လာကြလိမ့်မယ်။
   ကိုယ်ငယ်ငယ်က ကျောင်းဆင်းကျောင်းတက်ချိန်များမှာ ဆရာဘုန်းတော်ကြီးလှုပ်ရမ်းလိုက်တဲ့ လက်ကိုင်ခေါင်း လောင်းလေးဆီက ထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံချိုလွင်လွင်လေးကို ပြန်လည်သတိရမိတယ်။ ခေါင်း လောင်းတစ်ခုထဲကနေ ထွက်ပေါ်လာတဲ့အသံခြင်း တူပေမယ့် ကျောင်းတက်ချိန်မှာ ကြားရတဲ့ ခေါင်းလောင်းသံနဲ့ ကျောင်းဆင်းချိန်မှာကြားရတဲ့ ခေါင်းလောင်းသံ ဒီနှစ်မျိုးရဲ့ အသံခြင်း မတူတာ ကို တွေးမိလို့ ပြုံးမိသေးတယ်။ ဟုတ်တယ်။ ကျောင်းဆင်းချိန်မှာကြားရတဲ့ ခေါင်းလောင်းသံက ပိုမိုကာ ကြည်လင်ချိုမြတယ်ရယ်လို့ ထင်ခဲ့မိ တယ်။ စာသင်ရတာထက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားရတာကို ပိုစိတ်ဝင်မှုကြောင့် ဖြစ်မယ် ထင်ပါရဲ့။ နောက်ပြီး လည်း ကျောင်းတက်ချိန် မှာကြားရတဲ့ ခေါင်းလောင်းသံက ဆရာဘုန်းတော်ကြီးအနီးမှာရှိ စားပွဲပေါ်က ထန်းပလပ်ကြိမ်လုံးနဲ့ ပိုမိုနီးစပ်လို့ လည်း ဖြစ်လေမလားလို့ ကြံကြံ ဖန်ဖန် ပြန်လည်တွေးမိသေး တယ်။
   ဘာပဲဖြစ်ဖြစ် ခေါင်းလောင်းဆိုတာ ရွာဦးကျောင်းကပဲထိုးထိုး၊ ဘုရားရှိခိုးကျောင်းတစ်ခုဆီကပဲ လာလာ၊ စာသင်ခန်းတစ်ခုဆီ ကပဲ ပြန့်လွင့်ပြန့်လွင့်။ ခေါင်းလောင်းသံဆိုတာ တစ်စုံတစ်ခုခုကို အချက်ပေးဖို့အတွက် ထွက် ပေါ်လာတတ်တာမျိုးချည်းသာပါ။
   ခုများမှာတော့ စာသင်ကျောင်းက ခေါင်းလောင်းသံနဲ့ မတူတဲ့ ခေါင်းလောင်းသံများကိုလည်း မကြာမကြာ ကြား နေရပြီလို့ ခံစားမိတယ်။ ခုချိန်မှာကြားရတတ်တဲ့ ခေါင်းလောင်းသံက အပြင်လူ တစ်ဦးတစ်ယောက် တီးခတ်ထိုး နှက် လှုပ်ရမ်းလိုက်တဲ့ ခေါင်းလောင်းသံတော့ မဟုတ်ဘူး။ တစ်ဦးတစ်ယောက်က လှုပ်ရမ်းတီးခတ်လိုက်တယ် လို့ ပြောလို့ရနိုင်တဲ့ ခေါင်းလောင်းသံမျိုးလည်း မဟုတ်ဘူး။ သေချာပြောနိုင် တာက ကျောင်း တက်ကျောင်းဆင်း ချိန်မှာ ကြားခဲ့ရတဲ့ ခေါင်းလောင်းသံလို ချိုမြမြ မဟုတ်တော့ဘူး ဆိုတာကိုပါ။
   သန်စွမ်းခြင်းတွေ ယုတ်လျော့လာတဲ့၊ နုပျိုခြင်းတွေ တစစပျောက်ကွယ်လာတဲ့၊ ချို့ယွင်းမှုတွေ၊ နာကျင်မှုတွေ၊ ရင့်ရော်ခြင်းတွေ တဖြည်းဖြည်း တိုးတိုးလာတဲ့ ဇရာလက်နဲ့ ထိုးနှက်တီးခတ်လိုက်တဲ့ အချက်ပေးခေါင်းလောင်း သံက တစစ ပိုမိုအသံကျယ်လာတယ်။ အရာရာကို ဝါးနိုင်ခဲ့တဲ့ သွားအချို့လည်း ကျိုးပဲခဲ့ဖူးပြီ။ မြင်စရာမြင်ကွင်း အလှကို ကျကျနနမြင်နိုင်စွမ်းခဲ့တဲ့ မျက်လုံးကလည်း အမြင်စွမ်းအင် ယုတ်လျော့ခဲ့ပြီမို့ အဖော်အကူ မျက်မှန် ထူထူ တစ်ခုနဲ့အတူ နေထိုင်ခဲ့ရတာ ကြာခဲ့ပြီ။ တစ်ချိန်က အနက်ရောင်ခြုံလွှမ်းခဲ့တဲ့ ဆံစအချို့လည်း အဖြူရောင် ကျစပြုခဲ့လေပြီ။ ဟိုနားထိလည်း ပွန်း၊ ဒီနားထိလည်း နာ၊ တစ်ခါတုံးက စွမ်းရည်ပြည့်ခဲ့တဲ့ ခန္ဓကိုယ်အစိတ် အပိုင်းအချို့လည်း အားအင်လျော့လို့ ဒဏ်ရာ အနာတရတို့နဲ့ ပြည့်လျမ်းနေခဲ့ပြီ။
   နေထိုင်ရာအဆောင်လေးရဲ့ ပြူတင်းဝကနေ လှန်းကြည့်ချိန်မှာ တစ်ချန်နဲ့တစ်ချိန် မတူနိုင်တဲ့ မြင်ကွင်းလို ဇရာ လက်နဲ့ ထိုးနှက်လိုက်လို့ ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ ခေါင်းလောင်းသံကလည်း တစ်ချိန်နဲ့တစ်ချိန် တစ်ကြိမ် နဲ့ တစ်ကြိမ် လုံးဝမတူနိုင်တာကို အမှတ်မပြုပဲနေလို့ မရနိုင်အောင်ကိုပဲ ဖြစ်နေခဲ့ပြီ။ ကိုယ်နိုင်တယ်၊ ကိုယ်ပိုင် တယ် ထင်ခဲ့တဲ့ ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေပေါ်မှာပင်လျင် ကိုယ်ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ မရနိုင်တာကို ဘဝအသိနဲ့ နားလည်နေခဲ့ပြီ။
   ကိုယ့်ခြေကိုယ့်လက်တွေကမှ ကိုယ့်အလို မလိုက်ကြတော့ဘူးဆိုလျင် ဘယ်အရာတွေက၊ ဘယ်သူတွေက ကိုယ့်ဆန္ဒကိုပြည့်ဝအောင် ဖြည့် ဆည်းပေးနိုင်ကြမှာလဲ-ဆိုတဲ့ စကားလေးကို မကြာခဏဆိုသလိုပင် သတိရမိ နေတတ်တယ်။ သတိရမိတိုင်း ဇရာဆိုတဲ့ (အိုခြင်း)လက်နဲ့ ထိုးနှက်တီးခတ်လိုက်တဲ့ အသံမချိုလှတဲ့ ပျက်စီးနာ ကျင်(ဗျာဓိ) သံစဉ်ကိုလည်း ဂရုတစိုက် နားထောင်နေမိတတ်ပါတယ်။
   ခေါင်းလောင်းသံကြားလျင်ဖြင့် ကုသိုလ်အမျှကို ရအောင်ယူတတ်ရမယ်ဆိုတဲ့ အသိကိုလည်း တစ်ပါတည်း ယူ နိုင်အောင် သတိထားလို့ ဆင်ခြင်နေမိတတ်ပြီ။ခေါင်းလောင်းသံ တစ်ခုခုကြားတိုင်း ဘဝအတွက် တန်ဖိုးတက် စေမယ့် အရာတစ်ခုခုကို ပိုမိုတိုးကာ လုပ်ဆောင်ဖို့လိုလာပြီဆိုတဲ့ အသိတစ်ခုကိုပါ ရတတ်တာကြောင့် ကိုယ့် ကိုယ် မကြာခဏ သတိပေးနေတဲ့ ခေါင်းလောင်းထိုးသူကိုလည်း စိတ်မဆိုးနိုင်ပဲ ကျေးဇူးအခါခါ တင်နေမိတတ် ပါပြီ။ ။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
  မှ ကူးယူဖော်ပြပါသည်။
17/10/2011
အမှိုက်ထဲမှ စိတ်ဓာတ်များ
1. စီးဆင်း ရင်ခွင် | 10/17/2011 | 2. 3. 4. 5. 6. Best Blogger Tips
အမှိုက်ထဲမှစိတ်ဓါတ်များ
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))
နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက်
အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့
နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို
ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။
နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး..
အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ
မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း
မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ
ရင်ဆိုင်ပါ..” တဲ့
ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ
အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို
ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!!
လို့ အော်ပေးရှာပါတယ်..။
ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက
ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို
ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ
ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရုံပေါ့..။
ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့
မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား
အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင်
နေလို့ ဖြစ်နေတာပါပဲလေ..။
“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့
ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။
ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ
အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို
ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။
အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက်
ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”
ကျနော်လည်း အမှိုက်ပုံးကြီးကိုမပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။
ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး
သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ .. ခြောက်လွှာကို..။
အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”
“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”
အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း
ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။
ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ်
မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”
“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို
အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”
“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင်
မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။
ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး
လည့်ထွက်ခဲ့လိုက်တယ်..။
လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ..
နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက
တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ
ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။
ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။
ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။
လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့
ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ
ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး
မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။
ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက်
ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက်
ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို
သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး
လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..
အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့
စိတ်ဓါတ်တွေ ရှိတယ်..
ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး
ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။
မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ်
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ..
အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့
“လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။
လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက်
ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့
ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး
အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။
မှတ်ချက်။
http://koyinnawkhinlaynge.blogspot.com/ကပါ..
15/10/2011
ကြည်ညိုလိုက်ကြစမ်းပါ
1. စီးဆင်း ရင်ခွင် | 10/15/2011 | 2. 3. 4. 5. 6. Best Blogger Tips
လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။
မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါ ပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။
သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။
လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။
နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။
သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ် သည်။ ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာ တော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။
သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ် တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ် ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။
စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီး ကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီး လို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။
စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။
ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။
တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာ ခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိ သလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။
အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက် ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုးကောင်းသမီး တို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။
မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..
မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။
ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည် မိပါကြောင်း ……………………။
အရှင် နာယကာလကာင်္ရ
13/10/2011
ဘ၀ မီးပွိုင့်
1. စီးဆင်း ရင်ခွင် | 10/13/2011 | 2. 3. 4. 5. 6. Best Blogger Tips
ဘဝ မီးပွိုင့်
ကလေးဘဝကနေ ကြီးလာတဲ့အထိ ကံကြမ္မာဆိုးကြီးက မိုက်ကယ်အပါးမှာ အရိပ်လိုလိုက်နေခဲ့တယ်။ မိုက်ကယ် ၄နှစ်အရွယ်မှာ မတော်တဆ ယာဉ်တိုက်မှုကြောင့် မိဘနှစ်ပါးဆုံးခဲ့ရတယ်။ သူ့ကိုခေါ်ယူ စောင့်ရှောက်တဲ့ ဦးလေးကလည်း သူ့အပေါ် မကောင်းရှာဘူး။ ဒါကြောင့် တစ်ခြားကလေးတွေထက် မိုက်ကယ် ပိုသိတတ်နားလည်ခဲ့တယ်။ ပိုကြိုးစားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရအောင် သူသင်ယူခဲ့တယ်။
သူကျောင်းပြီးတဲ့နှစ်မှာပဲ သူတို့နိုင်ငံတစ်နိုင်ငံလုံး စီးပွားရေးကပ်ဆိုက်ခဲ့တယ်။ အလုပ်တစ်ခုကို ပင်ပင်ပန်းပန်း ရှာခဲ့ပေမယ့် အရာမရောက်ခဲ့ဘူး။ မိုက်ကယ်စိတ်ပျက် အားငယ်နေချိန်မှာ မိုက်ကယ်အပေါ် ကောင်းတဲ့လူဆိုလို့ ဆံပင်ဖွေးဖွေးဖြူနေတဲ့ အသက်၆ဝကျော် အိမ်ရှင်အဘွားကြီးပဲ ရှိခဲ့တယ်။ အဘွားအိုဟာ မိုက်ကယ် အိမ်ပြန်လာတိုင်း ခေါ်ပြောနှုတ်ဆက်တတ်တဲ့အပြင် သော့ကိုယ်စီရှိရက်နဲ့ မိုက်ကယ်အတွက် တံခါးထဖွင့်ပေးတတ်တယ်။
မိုက်ကယ် စိတ်မချမ်းမသာဖြစ်တိုင်း အဘွားအိုက "ကိစ္စက ထင်သလိုမဆိုးနိုင်ပါဘူး။ အရာအားလုံး ကောင်းသွားမှာပါ" လို့ အမြဲနှစ်သိမ့်တတ်တယ်။ အဘွားအိုနှစ်သိမ့်တာတွေကို မိုက်ကယ်ခံစားမိပေမယ့် အခြေအနေဆိုးတဲ့ ကိုယ့်အဖြစ်ကို အဘွားအို သိနိုင်မှာ မဟုတ်ဘူးလို့ မိုက်ကယ်တွေးမိတယ်။ နေ့တိုင်း အဘွားအိုလို ဘာမှမလုပ်ဘဲ လမ်းမဘက်က ယာဉ်သွားယာဉ်လာတွေကို ထိုင်ငေးနေရရင် ကောင်းမယ်လို့လည်း တွေးမိပြန်တယ်။ ဆူညံလှုပ်ရှားနေတဲ့ လူတွေကို ထိုင်ငေးရရင် ပျော်စရာကောင်းမယ်လို့ မိုက်ကယ်ထင်ခဲ့တယ်။
တစ်နေ့မှာ လမ်းဘက်ကို အာရုံစိုက်ပြီး ကြည့်နေတဲ့ အဘွားအိုကို မိုက်ကယ်တွေ့တော့ "သူဘာတွေ ကြည့်နေပါလိမ့်? သူ့အတွေးထဲမှာ ဘာတွေထည့်ထားပါလိမ့်? ယာဉ်သွားယာဉ်လာကလွဲလို့ ဘာထူးခြားချက်မှ မရှိတဲ့လမ်းကို ဘာဖြစ်လို့ ကြည့်နေပါလိမ့်" လို့ တွေးမိပြီး အဘွားအိုကို မေးလိုက်တယ်။
"အဘွား.. လမ်းမဘက်ကို နေ့တိုင်း အဘွားဘာတွေကြည့်နေတာလဲ? ဘာအဓိပ္ပါယ်တွေ ရှိလို့လဲ"
"အဓိပ္ပါယ်ရှိတာပေါ့ လူလေး.. ဟောဟို မီးပွိုင့်က နေ့တိုင်း လူတွေဖြတ်သန်းကြတဲ့ မရေမတွက်နိုင်တဲ့ ဘဝခရီးစဉ်တွေကို ရေးမှတ်ခဲ့တယ်လေ"
"ဒါပေမယ့် မီးပွိုင့်ပဲလေ.. ဘာများ ကြည့်စရာရှိလို့လဲ"
"အဘွားပြောတာကို လူလေး သဘောမပေါက်သေးဘူး။ လူ့ဘဝဟာလည်း မီးပွိုင့်တစ်ခုလိုပါပဲ။ နီလိုက်၊ ဝါလိုက်၊ စိမ်းလိုက်နဲ့။ နီတဲ့အချိန်ဆိုရင် လှုပ်လို့မရတော့ဘူး။ လှုပ်လိုက်တာနဲ့ မတော်တဆမှုတွေဖြစ်တော့တာပဲ။ စိမ်းတဲ့အခါကျတော့လည်း ဘာအတားအဆီးမှ မရှိဘူးဘဲ အဆင်ပြေနေရော"
"အဝေးကနေကြည့်ရင် စိမ်းနေတဲ့မီးက အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားတစ်စီး အနီးနား ရောက်လာရင် ရုတ်တရက် နီသွားနိုင်တယ်။ အဝေးက ကြည့်ရင် မီးနီပဲ ဒါပေမယ့် အနီးနားရောက်လာရင် စိမ်းသွားနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးနီမိနိုင်တယ်။ တစ်ချို့ကားက လမ်းဆုံတိုင်းမှာ မီးစိမ်းနဲ့တိုးနိုင်တယ်။ မီးနီပဲမိမိ၊ မီးစိမ်းပဲတိုးတိုး လူတွေက အဲဒီနေရာကို ကျော်ဖြတ်ပြီး ကိုယ်လိုရာကို ခရီးဆက်ကြတာချည်းပဲ မဟုတ်လား..? ဒီလိုပြောင်းနေတဲ့ မီးစိမ်း၊ မီးနီတွေရှိလို့ လူတွေဟာ ဘဝရဲ့ခြေလှမ်း အနှေးအမြန်ကို လိုက်ညှိကြတယ်။ ဒါမှ အရောင်စုံတဲ့ ဘဝရဲ့ အရသာကို ခံစားလို့ရမှာ... မီးနီတစ်ခါမိရုံနဲ့ ဘာဖြစ်လို့ စိတ်မချမ်းမသာဖြစ်ရမလဲ? မီးစိမ်းတစ်ခါကြုံရုံနဲ့ ဘာဖြစ်လို့ စိတ်လှုပ်ရှားပျော်ရွှင်ရမလဲ? "
အဘွားအိုရဲ့ စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ စကားကို မိုက်ကယ်တဖြေးဖြေး သဘောပေါက် နားလည်လာခဲ့တယ်။ အခုချိန်မှာ သူ့ဘဝဟာ မီးနီမိနေတဲ့အချိန်၊ မီးစိမ်းမယ့်အချိန်လည်း ရှိနိုင်သေးတယ်လို့ တွေးပြီး အသစ်တစ်ဖန် ပြန်ကြိုးစားခဲ့တယ်။
မိုက်ကယ် အသက် ၄ဝမှာ အမေရိကားက နာမည်ကြီး ကွန်ပြူတာ ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ သူ့ရဲ့ ဟားဗတ်တက္ကသိုလ် ဟောပြောပွဲမှာ မိုးခြိမ်းသံအလား လက်ခုပ်သံကြားက အိမ်ရှင်အဘွားကြီးရဲ့ စကားတွေကို သူမမေ့ခဲ့ဘူး။ "ကျွန်တော့်ဘဝ မီးစိမ်းနဲ့ ကြုံခဲ့ပါတယ်" လို့ သူညင်ညင်သာသာပြောခဲ့တယ်။
အောင်မြင်ချိန်မှာ ဘဝလမ်းမှာ မီးနီရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ့။
ရှုံးနိမ့်ချိန်မှာ ဘဝလမ်းရဲ့ရှေ့မှာ မီးစိမ်းရှိနိုင်သေးတယ်ဆိုတာ မမေ့နဲ။
( မေးလ် ထဲ ရောက်လာသောဆောင်းပါးကို ဖြန့်ဝေပါသည်။ ရေးသူကို မသိပါ။)
12/10/2011
မြတ်ဗုဒ္ဓအား ပူဇော်ပါ၏
1. စီးဆင်း ရင်ခွင် | 10/12/2011 | 2. 3. 4. 5. 6. Best Blogger Tips
           မတ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတ နတ်သားအမှုးရှိသော နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရားတော် ဟောကြားတော်မူပြီး လူ့ပြည့် သင်္ကဿနဂိုရ်မြို့သို့ ဆင်းသက်တော်မူလာသည့် မြတ်ဗုဒ္ဓအား ရိုသေလေးမြတ်စွာ ပူဇော်ပါ၏ဘုရား။
Type your summary here Type rest of the post here
11/10/2011
တိုက်ပွဲပျော်
1. စီးဆင်း ရင်ခွင် | 10/11/2011 | 2. 3. 4. 5. 6. Best Blogger Tips
              တိုက်ပွဲပျော်
ပုခတ်ထဲက အူဝဲဟစ်ကာ စစ်ကြေညာပြီး
လောကကြီး၏ ခါးသီးတွေ့ကြုံ
အလုံးစုံကို မဖြုံအံခဲ
ပွဲဆက်နွဲရင်း လူလည်းတော်တော်ကြီးခဲ့ပေါ့။
မိုက်လည်းမိုက်လို့ တိုက်လည်းတိုက်ခဲ့
ရှုံးလိုက်တာလည်းအသင်္ချေ၊
ရဲလည်းရဲလို့၊ နွဲလည်းနွဲခဲ့၊
အောင်ပွဲတွေလည်း၊ အနန္တ။
ဒီလိုပဲပေါ့ တိုက်ပွဲဆိုတာ သာချင်သာမည်၊ တိုက်ပွဲဆိုတာ နာချင်နာမည်၊ ဘယ်မှာ ခန့်မှန်း သိနိုင်မလဲ။
နာနာသာသာ၊ ဘာမှ မဖြုံ၊ စိတ်လုံခြုံရင်
အဟုန်မတန့်ရပ်ပါဘူး၊
မတုန်မလန့်ဖျပ်ပါဘူး၊
ရှေ့ကဆီး၍ ခရီးလမ်းထဲ၊ သစ်ပင်လှဲမလား၊
ရှေ့ကတန့်၍၊ အဟန့်အတား၊ ဆူးတွေတားမလား၊
ယောကျာ်းဟေ့နော် တိုက်ပွဲပျော်၊ ကျနော် တိုက်ရင်တက်မှာပဲ။
                                           ဓနုဖြူ ကျော်ထွန်း
                             (၁၉၆၆ ခုနှစ် စက်တင်ဘာလ၊ ရှု့မ၀မဂ္ဂဇင်း)
09/10/2011
သုသုမာရဂိရမြို့က အဖေ၊ ပျော်ရွှင်ခဲ့ရတဲ့စကား
1. စီးဆင်း ရင်ခွင် | 10/09/2011 | 2. 3. 4. 5. 6. Best Blogger Tips
                 သုသုမာရဂိရမြို့ က အဖေ၊ ပျော်ရွှင်ခဲ့ရတဲ့ စကား
      “အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘ၀ိဿတိ”
                      “ကိုယ်သာ နာစေ၊ စိတ်မနာစေနဲ့။”
                                (ခန္ဓသံယုတ်၊ နကုလပိတုသုတ်)
                                                       (၁)
       “စကားခြောက်ခွန်း၊ လူ၌ထွန်းလည်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်” ဆိုသကဲ့သို့ စကားခြောက်ခွန်း ရှိသည့်အနက် အကျိုးတရားကို ဖြစ်ထွန်းစေတတ်သော နှစ်ခွန်းကိုသာ ပြောဆိုသင့်သည် ဟု မြတ်ဗုဒ္ဓ ဟောကြားထားပေ၏။ ထိုနှစ်ခွန်းမှာ ဟုတ်မှန်ကာ အကျိုး ရှိ၍ သူတစ်ပါး နာခံသာသော စကားမျိုးနှင့် ဟုတ်မှန်ကာ အကျိုးရှိသော်လည်း သူတစ်ပါး နာမခံသာသောစကားမျိုး တို့ ဖြစ်သည်။ မြတ်ဗုဒ္ဓသည်လည်း ထိုနှစ်ခွန်းတို့ကိုပင် ဆိုတော်မူခဲ့လေသည်။ ဟုတ်မှန်ပါသော်လည်း သူတစ်ပါးတို့အတွက် အကျိုးမရှိလျှင် မပြောဆိုသင့်ပေ၊ ဟုတ်မှန်ကာ အကျိုးလည်းရှိ၍ သူတစ်ပါး နာခံသာသော စကားမျိုး သည်သာ အကောင်းဆုံးဖြစ်ပေ၏။
                                                      (၂)
   သုသုမာရဂိရမြို့သည် ဘဂ္ဂတိုင်းတွင် ပါဝင်သော မြို့ဖြစ်သည်။ မြို့တော် တည်ဆောက်ရန်အတွက် ပန္နက်ချချိန်တွင် အနီးရှိရေကန်မှ မိချောင်းတစ်ကောင်သည် “သုသုမာရ” ဟုအသံပြုလေ၏၊ ထိုမိချောင်းအသံကို အစွဲပြု၍ သုသုမာရဂိရမြို့ဟု အမည်မှည့်လေ၏။ အချို့ဆရာတို့ကမူ မိချောင်းသဏ္ဍာန်နှင့်တူသော တောင်ရှိခြင်းကြောင့် သုသုမာရဂိရမြို့ အမည်ထင်ရှားကြောင်း ဖွင့်ပြကြ၏၊ ဘုရားရှင်သည် ဤသုသုမာရဂိရမြို့ သားသမင်တို့အားဘေးမဲ့ပေးရာဖြစ်သော ဘေသကဠ တောအုပ်၌ အဋ္ဌမမြောက် ၀ါကပ်တော်မူခဲ့သည်။
   ဘုရားရှင်နှင့် ချစ်ကျွမ်းဝင်လှသော နကုလပိတာ ဇနီးမောင်နှံတို့ နေထိုင်ရာ မြို့ဖြစ်သည်။ ထိုဇနီးမောင်နှံတို့သည် အတိတ်ဘ၀တို့က ဘ၀ငါးရားစီ အမိ,အဘ၊ မိကြီး,ဘထွေး၊ အဘွား,အဘိုး၊ အရီး,ဦးလေးတို့ ဖြစ်ခဲ့ကြသည်။ မြတ်ဗုဒ္ဓသည် သုသုမာရဂိရမြို့သို့ ပထမဆုံးအကြိမ် ကြွတော်မူလာသည့်အခါ မြို့သူမြို့သားတို့နှင့်အတူ နကုလပိတာ ဇနီးမောင်နှံတို့လည်း ထွတ်ကာ ကြိုဆိုကြသည်။ ဘုရားရှင်ကို တွေ့လျှင် တွေ့ခြင်းပင် ဘ၀များစွာက သားတည်းဟူသောသံယောဇဉ်ကြောင့် “သား အဖေ အမေတို့ကို ခွဲခွါကာ အဘယ်ကြောင့် အကြာကြီးနေရသနည်း”ဟု ခြေတော်တို့ကို ပွေ့ဖက်ကာ ရင်းရင်းနှီးနှီးပြောဆိုကြလေ၏။ ဘုရားရှင်လည်း ထိုဇနီးမောင်နှံတို့ စိတ်ဓာတ်တည်ငြိမ်စေရန် အတွက် ခေတ္တမျှ ဆိုင်းငံ့တော်မူပြီး တရားတော်ကို ဟောကြားလေ၏။ ဒေသနာအဆုံးတွင် နှစ်ဦးလုံး ပင် သောတာပန်တို့ ဖြစ်ခဲ့ကြသည်။
   မြတ်ဗုဒ္ဓသည် သုသုမာရဂိရမြို့သို့ မကြာခဏ ကြွရောက်သီတင်းသုံးတော်မူ၏။ နကုလပိတာ ဇနီးမောင်နှံတို့လည်း ဘုရားရှင်ကိုဖူးမြှင်ရလျှင် တွန့်ဆုပ်ခြင်း ကြောက်ရွှံ့ခြင်း အလျဉ်းမရှိဘဲ ရင်းနှီးခင်မင်စွာ ပြောဆို လျှောက်ထားတတ်ကြသည်။ အခါတစ်ပါး ဘုရားရှင် သုသုမာရဂိရမြို့သို ကြွရောက်လာသောအခါ မိမိတို့ အိမ်သို့ ဆွမ်းစား ပင့်ဖိတ်ကြ၏။ ထိုအခါ အဘိုးကြီး အဘွားကြီးဖြစ်နေကြပြီဖြစ်သော ထိုမောင်နှံတိုသည် ဘုရားရှင် အနီးသို့ ချည်းကပ်ကြပြီး “ အရှင်ဘုရား တပည့်တော်တို့သည် ပျိုမြစ်နုနယ် ငယ်ရွယ်စဉ်ကပင် လက်ထပ်ထိမ်းမြှားခဲ့ကြပါသည်၊ ထိုအချိန်မှစ၍ အခြားအမျိုးသမီး အမျိုးသားတို့ကို စိတ်ဖြင့်ပင် မပြစ်မှားခဲ့ဘူးပါ။ ကိုယ်ဖြင့်မူ ဆိုဖွယ်ရာပင် မရှိပါ၊ ထိုကြောင့် တပည့်တော်တို့သည် ယခုဘ၀ နောက်ဘ၀ ဘ၀ဆက်တိုင်းတွင် အချင်းချင်း တွေ့မြင် လိုကြပါသည်” ဟု အသီးသီး လျှောက်ထားကြလေ၏။ ထိုအခါ ဘုရားရှင်က ဇနီးမောင်နှံ နှစ်ယောက်လုံး သဒ္ဓါ,သီလ, စာဂ,ပညာ တူညီစွာထားကြလျှင် ဘ၀ဆက်တိုင်း တွေ့မြင်နိုင်ကြပေမည်ဟု ဟောကြားခဲ့လေ၏။
    တစ်ရံရောအခါ နကုလပိတာသည် ပြင်းပြင်းထန်ထန် မမာမကျန်းဖြစ်လေ၏၊ ယင်းအချိန်တွင် နကုလမာတာသည် ခင်ပွန်းသည်၏အနီးသို့ ချည်းကပ်ပြီးလျှင် “အရှင့်သား ငါမရှိသောအခါ နကုလမာတာသည် ကလေးတို့ကို စောက်ရှောက်မွေးမြူ နိုင်လိုက်မည်မဟုတ်ဟု ငဲ့ကွက်ခြင်း မပြုပါလင့်၊ ငဲ့ကွက်ပူပန်ကာ မေ့မေ့လျှော့လျှော့ဖြင့် သေခြင်းကို ဘုရားရှင် မချီးမွမ်းပါ။” စသည်ဖြင့် အကြောင်း အရာခြောက်ပါးတို့ကို ဟောပြောဆုံးမလေ၏။ ဆုံးမစကားအဆုံးတွင် နကုလပိတာသည် ချက်ခြင်းပင် ရောဂါပျောက်ကင်းခဲ့လေသည်။
   တနေ့သောအခါ နောက်ဆုံးအရွယ်သို့ ရောက်ခဲ့ပြီဖြစ်သော နကုလပိတာသည် ဘုရားရှင်ထံရောက်လာပြီး “အရှင်ဘုရား တပည့်တော်သည် အသက်အရွယ် ကြီးရင့်၍ နောက်ဆုံးအရွယ်သို့ ရောက်ပါပြီ၊ စိတ်နှလုံးကို ပွားစေတတ်သော ရဟန်းတော်တို့ကို အမြဲတစေ မဖူးမျှော်နိုင်တော့ပါ။ ထိုကြောင့် တပည့်တော်ကို ဆုံးမသွန်သင်တော်မူပါ”ဟု လျှောက်ထားလေ၏။ ထိုအခါ ဘုရားရှင်က အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ခန္ဓာကိုယ် အမြဲ နာကျင်နေပါသော်လည်း “ငါသည် နာကျင်သောကိုယ်ရှိသူဖြစ်လျှက် ငါ၏စိတ်သည် နာကျင်မှုကင်းသည် ဖြစ်လတံ့”ဟု ကျင့်ရမည်ဟု မိန့်တော်မူ၏။
     မြတ်ဗုဒ္ဓစကားတော်ကြောင့် နကုလပိတာသည် ၀မ်းမြောက်ကြည်နူးခဲ့ပြီး အရှင်သာရိပုတ္တရာကို သွားရောက်ဖူးမျှော်ကာ ပြန်လည်လျှောက်ထားလေ၏။ ထိုအခါ မထေရ်မြတ်က “ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို အတ္တဟုရှုကာ မေ့လျော့ နေကုန်သော သူတို့သည် ဇရာထောက်၍ နာကျင်မှုခံစားရသောအခါ ကိုယ်စိတ်ညိုးနွမ်း ပင်ပန်း၍ ကိုယ်ရောစိတ်ပါ နာကျင်မှုခံစားရလေ၏၊ သူတော်ကောင်းတရားတို့ကို လိုက်နာကျင့်သုံး နေကုန်သောသူတို့သည် သတိတရားဖြင့် ရုပ်နာမ်တရားတို့ကို အတ္တမဟုတ်ဟု အမြဲ ရှု့မြင်နေကြသောကြောင့် အရွယ်ကြီးရင့်၍ နာကျင်လာသောအခါ ကိုယ်စိတ် မဆင်းရဲစေဘဲ မိမိကိုယ်ကို စောက်ရှောက်နိုင်ပေ၏။ ကိုယ်သာနာသော်လည်း စိတ်မနာစေဘဲ ကောင်းစွာထိန်းသိမ်းနိုင်ပေ၏”ဟု အကျယ်ချဲ့ကာ ဟောကြားလေသည်။ ယင်းဒေသနာတော်ကြောင့် နကုလပိတာသည် လွန်စွာ ၀မ်းမြောက်ကျေနပ်လေ၏။
   မမြဲသောသဘောရှိသော ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည် သူ့သဘော သူဆောင်ကာ ဖြစ်ပျက်နေကြမည်သာ ဖြစ်သည်။ သတ္တ၀ါတိုင်း ပျိုရာမှ ရင့်၊ ရင့်ရာမှာအို၊ အိုရာမှာနာ ကြရမည်မှာ ဓမ္မတာပင်။ အချိန်တန်၍ နာကြရသည့် အချိန်ရောက်လျှင် ကိုယ်ခံအား ကောင်းကောင်းဖြင့် ခံနိုင်ရည်ရှိဖို့ရန် အထူးလိုအပ်ပေသည်။ ကိုယ်ကျင့်တရား ကောင်းကောင်းဖြင့် ထုံမွမ်းနေကြသော သူတို့သည် ဇရာထောက်၍ နာကြရသည်အခါ ခုခံအားကောင်းသဖြင့် ကိုယ်သာနာသော်လည်း စိတ်မနာစေဘဲ အပြုံးမပျက် ရင်ဆိုင်နိုင်ပေသည်။ မေ့လျှော့ပေါ့ဆကာ တရားလက် လွတ် နေကြသောသူတို့သည်ကား ခန္ဓာကိုယ်ကြီး အိုမင်းရင့်ရော်လာသည့်နှင့်အမျှ စိတ်ဓာတ်တို့ပင် ကျဆင်းကာ ပူပန်ကြရ၏။ ကိုယ်ရော စိတ်ပါ နာကျင် ခံစားကြရပေ၏။
   ထိုကဲ့သို့ အတိတ်ဘ၀က ပါရမီတို့ပြည့်ခဲ့သဖြင့် မြတ်ဗုဒ္ဓနှင့် ရင်းနှီးအကျွမ်းဝင်မှု တို့ကြောင့် အကျွမ်းဝင်သောစကားကိုဆိုကုန်သော ဥပါသကာတို့တွင် နကုလပိတာသည် အမြတ်ဆုံး၊ အကျွမ်းဝင်သောစကားကိုဆိုကုန်သော ဥပါသိကာမတို့တွင် နကုလမာတာ သည် အမြတ်ဆုံး ဟုဧတဒဂ်နေရာတို့တွင် သတ်မှတ်ခဲ့ပေသည်။
   မြတ်ဗုဒ္ဓသည် ယင်းမြို့ ဘေသကဠတောအုပ်တွင် သီတင်းသုံးစဉ် မာဂဓတိုင်း ကလ္လပုတ္တရွာတွင် ငိုက်မြည်းလျှက်ထိုင်နေသော အရှင်မဟာမောဂွလာန်ကို ဒိဗ္ဗစက္ခုဖြင့် မြင်တော်မူကာ ငိုက်မြည်းပျောက်ကြောင်း(၇)ချက် (ပစာလာယမာနသုတ်) ကို ဟောကြား ခဲ့ပေသည်။ ယင်းအပြင် သုတ်တော် (၇) သုတ်တို့ကို ဤမြို့၌ပင် ဟောကြားခဲ့သည်။ သေခိယသိက္ခာပုဒ် နှစ်ပုဒ်နှင့် ဗောဓိမင်းသားကို အကြောင်းပြုကာ ခင်းထားသော အ၀တ်ခင်းကို မနှင်းရန် ပညတ်ခဲ့သည်။ နောင်သောအခါ လူတို့၏ မင်္ဂလာအကျိုးငှါ တောင်းပန်ပါက အ၀တ်ခင်းတို့ကို နင်းရန် ခွင့်ပြုခဲ့သည်။ အရှင်မဟာမောဂ္ဂလာန်သည် ယင်းမြို့၌ သီတင်းသုံး၍ အနုမာနသုတ်နှင့် မာရတဇ္ဇနိယသုတ်တို့ကို ဟောကြားခဲ့သည်။
                                          (၃)
   “ကိုယ်သာနာစေ၊ စိတ်မနာစေနဲ့” ဟူသော မြတ်ဗုဒ္ဓ စကားတော်သည် ဖခင် နကုလပိတာဘ၀ကို များစွာ ပျော်ရွှင်စေခဲ့သည်။ တက်ကြွစေခဲ့သည်။ သေရာ ညောင်းစောင်း လဲလျှောင်းသည်အထိ အမြဲလိုက်နာ ကျင့်သုံးခဲ့လေ၏။ မိဘမေတ္တာ တို့ဖြင့် ပျံ့သင်းလျှက်ရှိသည့် သုသုမာရဂိရဟူသော ဤနေရာလေးသို့ ရောက်ခိုက် မိမိ၏ စိတ်အစဉ်သည်လည်း မွေးရပ်မြေမှ ဖခင်အိုကြီးကို ပြေး၍ အမှတ် ရမိလေသည်။ ဇရာထောက်၍ နောက်ဆုံးအရွယ်သို့ ရောက်နေပြီဖြစ်သော ဖခင်ကြီးမှာ အမြဲ နာကျင်နေ မည်သာဖြစ်၏။ မရှောင်လွဲနိုင်သော သဘောတရားအရ ကိုယ် နာနေသော်လည်း စိတ်မနာစေဖို့ရန် အရေးကြီး၏။ နောက်တစ်ခါ ရွာပြန်ရောက်လျှင် “ကိုယ်သာနာစေ၊ စိတ်မနာစေနဲ့” ဟူသော ဟုတ်မှန်ကာ အကျိုးလည်းရှိ၍ သာယာနာပျော်ဖွယ်ကောင်းသော အကောင်းဆုံး စကားကို ဖခင်ကြီးအား ပြောပြ ရပေအုံးမည်။ ထိုအခါ မိမိ၏ဖခင်ကြီး သည်လည်း နကုလပိတာကဲ့သို့ ပျော်ရွှင်ကြည်နူးပြီးလျှင် ဘ၀၏ နောက်ဆုံးအချိန်ထိ လိုက်နာကျင့်သုံးနိုင်ပါစေ- ဟု တောင့်တနေမိလေ၏။
                                                                            သိမ်မွေ့ဦး (BHU)