ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

20/10/2011

ရွှေညာမြေ ရင်ခုန်ခဲ့တုံးက

1. စီးဆင်း ရင်ခွင် | 10/20/2011 | 2. 3. 4. 5. 6. Best Blogger Tips


“ကမ္ဘာမကြေ မြန်မာပြည် တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ။ ပြည် ထောင်စုကို အသက်ပေးလို့ တို့ကာ ကွယ်မလေ ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ.... ဟာဟေ့ကောင်.. ငါ့လွယ်အိတ်အမြီးကို မင်းခြေထောက်က ရွှံ့တွေနဲ့တက်မနင်းနဲ့လေ”
“ငါမသိလို့နင်းမိတာကွ … ”
“ဗြောင်း ဗြောင်း… ”
“ကလေးတွေ နိုင်ငံတော် သီချင်းဆိုနေတုန်း စကားမပြောရဘူးလေ။”
စားပွဲခုံကို ရိုက်သော ကြိမ်သံခပ်ကြမ်းကြမ်းနှင့် စကား သံခပ်မာမာကြောင့် ရန်ဖြစ်သံများ ခဏ တိတ်သွားခဲ့ပြန်သည်။

“တို့ပြည်တို့မြေ အကျိုးကို ညီညာစွာတို့တတွေ ထမ်းဆောင်ပါစို့လေ … သိမယ်… မင်းနဲ့ငါ မုန့်စားကျောင်းဆင်းမှ စာရင်းရှင်းမယ်။
(၂)
ပဲကူရွာမှ မူလတန်းကျောင်းကလေး၏ မုန့်စားဆင်းချိန်။ ကလေးများ မျောက်ရှုံးအောင် ကစားကြသည့် ကစားကွင်းဟု သတ်မှတ် ထားသောမြေကွက်လပ် တစ်နေရာမှ ရွှံ့တွေထဲမှာတော့ လှုပ်လှုပ်ရှားရှား
စိမ်ခေါ်နပန်းလုံးမှုတစ်ခု။ ထိုနှစ်ယောက်ကတော့ ကျောင်းရဲ့ နံမည်ကြီး တာတေလေး နှစ်ယောက်ဖြစ်သည့် ဖိုးကိုနှင့် သန်းထယ်။

“ဟေ့ကောင်တွေ … ဆရာမလေး က တုတ်ကောက်ပြီး စာသင်ခန်းထဲကို အခုလာခဲ့ကြတဲ့”

အတန်းခေါင်းဆောင် အပြေးကလေးလာကာ ၀ိုင်းအုံနေသူများကြားမှ တိုးဝှေ့ကာ တားမှ မရပ်ချင်ရပ်ချင်နှင့် ရန်ပွဲကရပ်စဲသွားသည်။

“နင်တို့လည်း အတန်းထဲဝင်တော့ သူများရန်ဖြစ်တာကို မတားဘဲ ရပ်ကြည့်နေကြတယ်။
ကောင်မစုတ်ကလေးတွေ…”
(၃)
မူလတန်းကျောင်းမှ စာသင်ခန်းကလေးက အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက်လျှက် …

“စည်းစည်းလုံးလုံးနေပါ ရန်မဖြစ်ပါနဲ့လို့ ပြောထားတဲ့ကြားက ရန်ဖြစ်တဲ့ မင်းတို့နှစ်ယောက် မှာ အပြစ်ရှိသလား မရှိဘူးလား ”
ဆရာမလေး အသံနှင့်အတူ လက်စွဲတော်ကြိမ်ကို လေထဲတွင် တ၀ှီးဝှီးလုပ်ကာနေတော့ ထိုတာတေလေး နှစ်ယောက်က မျက်နှာငယ်ကလေးတွေနှင့်
“ဟဲ့ မေးနေတယ် ဖြေကြလေ”
“ရှိပါတယ် ဆရာမ ”
“ဒါဆို …”

(၄)
နောက်တစ်နေ့ ကျောင်းတက်ချိန်ရောက်တော့ မနေ့က ရန်ဖြစ်ခဲ့သည့် ထိုနှစ်ယောက်က ကျောင်းလမ်းတလျှောက် ဂေါ်လီရိုက်မပျက်။
“ဟေ့ကောင် ဖိုးကို မင်းမျက်နှာက ဒါဏ်ရာ ဘယ်နှယ့်နေစ”
“သိပ်မနာပါဘူး သန်းထယ်ရာ ။ ဆရာမလေး ရိုက်တာနဲ့ ငါ့အမ… ” ဖိုးကိုတယောက် ပြောလက်စ စကားကိုရပ်ရင်း ကျောင်းကလေးရှိရာကို လှမ်းကြည့်ရင်း…

“ဟေ့ ကျောင်းရှေ့က ဟိုလူကြီးက ဘယ်သူတုန်းကွ။ အနားမှာလည်း လူမိုက်လိုလို ဘာလိုလိုတွေနဲ့။”
“အဲဒါ ဟိုဘက်ရွာက သူဌေးသားလေ ငါတို့ဆရာမလေးကို လာပိုးနေတာ ထင်တယ်”
“ဘာ.. ငါတို့ဆရာမလေးကိုများ သူက ရာရာစစ ။ ရွာက သူကြီးသား ဦးသန်းတင်နဲ့တောင် သဘောမတူတဲ့ကိစ္စကို။ ”
သန်းထယ် တစ်ယောက် ကျောင်းရှေ့မှ လူတစ်စုကို ငေးကြည့်ရင်း သူတို့ရွာနှင့် ဆရာမလေး အကြောင်းကို စဉ်းစားနေမိတော့သည်။ သည်ရွာကလေးမှာ ဆရာ၊ ဆရာမ ရှားပါးလှသည်က ဟိုးအရင်ကတည်းကဟု အဘ (ဒေသအခေါ် အဖေ ကိုပြောခြင်းဖြစ်သည်) က ပြောဖူးသည်။ ရွာခံ လုပ်အားပေး ဆရာမ ကလေးများရှိသည့်တိုင် တစ်နယ်တစ်ကျေးမှ လာရောက် စာသင်ပေးသော ဆရာဆရာမ တစ်ယောက်ရဖို့ကား အတော်လေးကို ရှားပါးလှသည့် အခွင့်အရေး။ ရွာဦးကစေတီနှင့် ဆရာတော်ကျောင်း မီးစက်အလင်းမှလွဲ၍ လျှပ်စစ်မီးမရှိသည့် ရွာ။ လက်ယက်တွင်းမှရေကို မနည်း လုခပ်ရသည့် ရေရှားပါးပြီး အလွန်ပူပြင်းလှသည့် အညာဒေသလေးမို့ တနယ်တကျေးမှ ဆရာ၊ ဆရာမလေးများမလာချင်တာကို တော့ အပြစ်တော့ မဆိုသာသည့် ရွာ။ စစ်ကိုင်းတိုင်း မြင်းမူမြို့မှ သုံးတိုင်ခန့် (ဒေသခံအခေါ် ခြောက်မိုင်ကို ဆိုလိုခြင်းဖြစ်သည်) ဝေးသည့် လှည်းလမ်း ခရီးသာ ပေါက်သည့် သူတို့ တမြတ်တနိုးချစ်ခင်ကြသည့် ပဲကူရွာ။

“မင်းတို့ ဆရာမလေးကို ဒီရွာမှာ ပျော်အောင် ထားကြဟေ့၊ ဒီတခါ ဆရာမလေးမပျော်လို့ မြို့ပြန်ရင် နောင်ဆရာမတစ်ယောက်ရဖို့ က အခွင့် သိပ်မရှိလှဘူး ငါ့လူတို့ရ ” ဆရာမလေး ရွာသို့စရောက် သည့်နေ့က သူကြီးဖိုးစိန် ပြောသော စကားများကို ကြားယောင်မိတော့ သူ့ရင်တို့ တဖြတ်ဖြတ် တုန်မိတော့သည်။
“ဟကောင်ရ ဒီနေ့ဆို အဲလူကြီး ကျောင်းဝင်းထဲတောင် ၀င်လာပြီ။ မနေ့က ကျောင်းအပြန် ဆရာမလေးကို ငါအိမ်ပြန်ပို့တော့ သူတို့က ဆရာမလေးကို လိုက်စကား ပြောကြသေးတယ်”
“မင်းက ဘာမှမလုပ်ဘူးလား ဖိုးကို ငတုံးရ”
“ဟ …။ ငါက ဘာလုပ်လို့ရမှာတုန်း သူတို့က ဓားမြောင်တကားကားနဲ့
ထန်းရည်လေးကလည်း မူးလာသေးတယ်။ ငါနဲ့ ဆရာမလေးလည်း ကြောက်ကြောက်နဲ့ တစ်ယောက်လက် တယောက်ဆွဲပြီး သုတ်ချေတင်ရတာပေါ့”
“ကလင် ကလောင် ကလင်…”
ကျောင်းတက်ခေါင်းလောင်း ထိုးသံကြောင့် သူတို့ နှစ်ယောက် ကျောင်းဆောင်ထဲသို့ အလျှင်အမြန် ပြေးဝင်လိုက်ကြသည်။ ဟိုဘက်ရွာက သူဌေးသားဆိုသူနှင့် သူငယ်ချင်းများကတော့ ကျောင်းအ၀င် အ၀ သစ်ပင်ရိပ်မှာ နားနေရင်း ဆရာမလေးရှိရာ စာသင်ခန်းဆီသို့ အရိပ်တကြည့်ကြည့်နှင့် ။

(၅)
ရက်တွေ ကြာလာပေမယ့် သစ်ပင်ရိပ်မှ ထိုလူစိမ်းတချို့က ဇွဲကောင်းလျှက်။ မနက်ပိုင်းလာတတ်လျှင် မုန့်စားကျောင်းဆင်းပြန်တက်မှ ပြန်သွားတတ်ကြသလို နေ့လည်ပိုင်းလာလျှင်လည်း ဆရာမလေး အိမ်ပြန်လမ်းမှာ နှောင့်ယှက်တတ်သေးသဖြင့် ဆရာမလေးမှာ စာသင်လျှင်လည်း အနေရခက်၊ ကျောင်းဆင်းလျှင်လည်း ကျီးလန့်စာစား ဘ၀လို ကြောက်ကြောက်လန့်လန့် ဖြစ်လို့ လာချေသည်။
မခံနိုင်သည့်အဆုံး ကျောင်းသားအချို့နှင့် ဆရာမလေးတို့ သူကြီးထံသို့သွားကာ အကျိုးအကြောင်း ပြောပြကာ ဖြေရှင်းပြန်တော့လည်း တစ်ပတ်လောက်သာ ငြိမ်သွားပြီးနောက် ထိုလူတစ်စုက လာမြဲ အတိုင်း လာဆဲ။

ဆရာမလေးကို ချစ်သော ဖိုးကိုတို့ သူငယ်ချင်းတစ်စုကတော့ ထိုလူစုကို အမှုန့်ကြိတ်ပစ်ချင် လောက်အောင် မုန်းတီးကြပေမယ့် ၉နှစ် မရှိတရှိ အရွယ်ကလေးတွေနှင့် ကာလသားတို့ရဲ့ အင်အားက မမျှလေသောကြောင့် ဆရာမလေး ကိုအိမ်အရောက် ပြန်ပို့ရုံကလွဲလို့ မတတ်သာပြန်။ အရင်လို ရွှင်ရွှင်ပြပြမရှိတော့သော သူတို့ဆရာမလေးကိုသာ ငေးကြည့်ရင်း
မူလတန်း ကျောင်းသားတို့ အတွေးများက ဟိုဟိုဒီဒီ…။

(၆)
မုန့်စားဆင်းချိန် မိုးရွာနေတာမို့ ကလေးများအခန်းတွင်း၌ပင် ဗြောင်းဆန်အောင် ကစားနေကြသည်။
“ဒေါက်”
“အွန့်”
ဟိုဘက်ရွာမှ သူဌေးသား၏ အာမေဋိတ်သံနှင့်အတူ ထိုလူတစ်စု တရုံးရုံးဖြစ်လို့လာသည်။ ခေါင်းကို ပွတ်ရင်း ဒေါသတကြီးဖြင့် လက်တစ်ဖက်ကလည်း ကလေးစီး ဖိနပ်တစ်ဖက်ကို ကိုင်ကာ ကျောင်းထဲ သို့ဝင်လာသော သူဌေးသား ။ ဆီများရွှဲနေအောင်လိမ်းထားသော ထိုသူရဲ့ ခေါင်းတွင် ရွှံ့တွေဗရပွ နှင့်ဖြစ်ကာ မျက်နှာမှာလည်း ရွှံ့စက်တချို့။ သူ့နောက်တွင်တော့ ဓားကိုင်လူမိုက်များက အစီအရီ။ လူမိုက်များကို ကြောက်ကြသဖြင့် ကလေးများအားလုံး မျက်လုံးပြူးလေးများဖြင့် အတန်းထောင့်တွင် ကပ်ကာ ငြိမ်နေကြသည်။

“မင်းတို့ထဲက ဘယ်ကောင်လဲ ငါ့ကို ဖိနပ်နဲ့ပေါက်တာ”
“.........................”
“သတ္တိရှိတဲ့ကောင်ထွက်ခဲ့လေကွာ လူလေးတွေက နှပ်ချေးတွဲလောင်းတွေရှိသေးတယ်။
ငါတို့ကို ရန်လာစနေသေးတယ် ”
“........................”
“ငါ့xxxx တွေ ဖိနပ်နဲ့ပေါက်တဲ့သူထွက်ခဲ့လို့ ငါပြောနေတယ်နော်၊ မဟုတ်ရင် မင်းတို့ တတန်းလုံး ငါ့လက်ချက်မိမယ် ”
“…………………………”
ရုတ်ရုတ်ရုတ်ရုတ်အသံများကြောင့် နားနေခန်းတွင် ထမင်းစားနေသော ဆရာမလေး အမောတကော ရောက်လာသည်။

“ဟဲ့… ဟဲ့… အို… ဘယ်လိုဖြစ်နေကြတာလဲ ။ ရှင်တို့ကရော ဘာကိစ္စ အတန်းထဲဝင်ပြီး ကျွန်မ ကလေးတွေကို အနိုင်ကျင့်နေရတာလဲ ”
“ဗျာ… ဟိုဟို မဟုတ်ပါဘူးဆရာမ ကျူပ်တို့ အပြင်မှာ အေးအေးဆေးဆေး ထိုင်နေတာပါ ၊ ဒီ ကလေးတွေထဲက တစ်ယောက်က ကျုပ်ခေါင်းကို ဖိနပ်နဲ့ပေါက်လို့ လာမေးရုံ မေးတာပါ။ ကျွန်တော့် ခေါင်းကိုလည်း ကြည့်ပါဦးဗျာ ကောင်းသေးရဲ့လားလို့ ”

ထိုသူက ပြာပြာသလဲနှင့် သူ့ခေါင်းမှ ရွှံ့များကို လက်ညိုးထိုးပြတော့ ဆရာမလေးက ကျောင်းသားများ ကို စိုးရိမ်ပူပန်နေသည့်ကြားမှ ပြုံးစိစိဖြစ်သွားပေမယ့် မျက်နှာပိုးသတ်လိုက်သည်။

“ဟာဗျာဆရာကလဲ ဘာမှရှင်းပြမနေနဲ့ ဒီလောက်တောင်ရိုင်းတဲ့ ကောင်လေးတွေ အားလုံးကို ရိုက်ပြီးစစ်လိုက်ရင် ဘယ်သူလုပ်တာလဲ ပေါ်လာမှာပဲ ”
“ဒီမယ် ဒီမယ် ရှင်တို့လုပ်ချင်တိုင်းလုပ်ရမလား။ ဒါက ကျွန်မရဲ့စာသင်ခန်းရှင့် ကျွန်မသဘောမတူဘဲ ရှင်တို့ ဘာမှမလုပ်ရဘူးမှတ်ပါ၊ ဖြစ်တာကတော့ ကစားနေရင်းနဲ့ အမှတ်တမဲ့လည်း ဖြစ်တတ်ပါတယ် လေ ကျွန်မကျောင်းသားတွေကို ကိုယ့်ဟာကိုယ်သာ မေးပါ့မယ်”

“အင်းလေ ဆရာမဖြေရှင်းပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့ ။ ကျုပ်ကတော့ ဒီဖိနပ်တစ်ဖက်ကို ယူထားဦးမယ်။ ကျောင်းဆင်းလို့ ဖိနပ်တစ်ဖက်တည်းနဲ့ ပြန်သွားတဲ့ ကောင်ကတော့ မလွယ်ဘူးသာအောက်မေ့”

ထိုလူအုပ် မကျေမနပ်ဖြင့် ကျောင်းခန်းထဲမှ ထွက်သွားတော့ ဆရာမလေးက အသံအုပ်အုပ်ဖြင့် ဆူသည်။
“ကဲ အားလုံး ခုန်ပေါ်တက်ပြီး မတ်တပ်ရပ်။ တတန်းလုံး အပြစ်ပေးတာမခံချင်ရင် ကိုယ့်အပြစ်ကို ကိုယ်သိတယ်ဆိုရင် စောစောစီးစီး ၀န်ခံ”

အတန်းသားများ ခုံပေါ်တွင်ရပ်ရင်း တယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဖိုးကို တစ်ယောက် သူများထက်ထူးစွာ ဂဏှာမငြိမ်ဖြစ်နေတော့ စာအတော်ဆုံး ကျောင်းသူဖြစ်သူ မချစ်လှက ခေါင်းခါကာ တားမြစ်ပြန်သဖြင့် ပြန်ငြိမ်သွားပြန်သည်။ လကုန်ခါနီးမို့ ကျောင်းခေါ်ချိန် စာရင်းများနှင့် အလုပ်ရှုပ်နေသော ဆရာမလေးက သူတို့ကို အတန်းတွင်ခုံပေါ်တွင် ရပ်စေပြီး သူမအခန်းသို့ ခဏပြန်သွားသောအခါ အတန်း၏ ဥာဏ်ကြီးရှင် များဖြစ်ကြသော လောက်စာ၊ ကျော်ငြိမ်း ၊နော်စာတို့မှ ဦးဆောင်ကာ ခေါင်းချင်းဆိုင် အစည်းအဝေး လုပ်လိုက်ကြပြီး အားလုံး သဘောတူ လိုက်ကြသည်။

(၇)
ပဲကူရွာကလေး၏ ကျောင်းဆင်းချိန်မိုးက အခါတိုင်းထက်ကို ပိုသည်းလို့နေပြန်သည်။ ကျောင်းဝင်းအပြင်ဘက်မှ သူဌေးသားနှင့် အပေါင်းအပါတို့ကလည်း ဇွဲကြီးစွာဖြင့် ထိုအချိန်ကို မျှော်တလင့်လင့် ။
မိုးရေထဲမှာ ဆရာမလေးကို ခြံရံလို့ ကျောင်းသားတစ်စုလုံး အပြုံလိုက်ထွက်လာတော့ ထိုလူရမ်းကားတစ်စုက ဂဏာမငြိမ်စွာ ကလေး တစ်ယောက်ချင်းစီကို လိုက်ကြည့်နေကြသည်။ မိုးရေထဲမှာ လမ်းလျှောက်လာကြသည့် မူလတန်းကျောင်းသားလေးတွေက ပြိုင်တူ ကဗျာရွတ်ဆိုရင်း ထိုလူအုပ်ကြီးနှင့် ဝေးရာဆီသို့ ခပ်မြန်မြန် ဦးတည်လျှက်ရှိသည်။

“၀ါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့ မြွေနဂါးတောင် ကြောက်ဖူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားကွယ် သွားကွယ်...”

ခပ်ညစ်ညစ် ရွှံ့နွံထူထပ်သော တောလမ်းကလေးတလျှောက်ကို ဖြတ်ကျော်သွားသည့် သူတို့ ခြေထောက်လေးတွေ အားလုံးမှာ တော့ ဖိနပ်ဗလာနှင့်…

ချစ်ခင်လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)
(လောကအလှ ဘလော့ဂ်မှ ကူးယူဖော်ပြသည်။)

No comments:

Post a Comment