ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

19/01/2014

အမှန်မဖြစ်သေးတဲ့ မှန်တစ်ချပ်

1. စီးဆင်း ရင်ခွင် | 1/19/2014 | 2. 3. 4. 5. 6. Best Blogger Tips
                         
                                  ( ၁ ) 


      အိပ်တန်းထခါစ ဥဒေါင်းပျိုတို့သည် အတောင်ပံဖျန့်ကာ ကပြပျော်မြူးလျက် အစာရှာထွတ်ရန် တာစူနေကြ၏။

            ဗာရာဏသီဆောင်းသည် ခပ်သိမ့်သိမ့်လေး အေးစိမ့်နေကာ သူ၏ အဖြူရောင် နှင်းဝတ်ရုံလွှာဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထား၏။ အေးစိမ့်စိမ့် မှုန်ဝါးဝါး ဆောင်းနှင်း၏ ချွေးသိပ်မှုနှင့် အတူ တက္ကသိုလ်ကြီး တစ်ခုလုံးလည်း အိပ်မောကျနေလေ၏။ ချိုသာသောအသံဖြင့် တွန်ကြူးလေ့ရှိသော ဥဒေါင်းပျို၏ တွန်သံတစ်ချက်အဆုံးဝယ် တစ်ညလုံး ပိတ်ကာ အိမ်မောကျနေခဲ့သော တက္ကသိုလ်မိန်းတံခါးကြီးသည် တစ်ရက်တာအတွက် စတင်ဖွင့်လှစ်ခဲ့လေ၏။ ထိုအချိန်ကား ရွာဦးကျောင်းက နံနက်ခင်း တုံးမောင်းခေါက်ချိန် ဖြစ်ပေလိမ့်မည်။ 


            တက္ကသိုလ်မိန်းတံခါး ဖွင့်ပြီးသည့်နောက် မြို့ထဲမှ ကျမ္မာရေးလိုက်စားသူတို့သည် ဆိုင်ကယ်၊ စက်ဘီး၊ ကားကြီး၊ ကားငယ် အသွယ်သွယ်တို့ဖြင့် တက္ကသိုလ်အတွင်းသို့ အလျိုလျို ရောက်လာကြသည်။ ကျယ်ဝန်းသာယာသည့် အဓိပတိလမ်းမကြီး၏ ဘေးဘက်ဝန်းရံတို့တွင် မိမိ၏ ယာဉ်တို့ကို ရပ်နားထားခဲ့ကြကာ တက္ကသိုလ်အတွင်း လမ်းလျှောက်ထွတ်ကြ၏။ နှင်းမှုန်မကွဲသေး၍ လူလုံးမသဲကွဲသေးသည့်အချိန်တွင် အိပ်မောကျတက္ကသိုလ်ကြီးသည် ပြန်လည်နှိုးထလာသကဲ့သို့ အိပ်မောကျ ကျေးငှက်သာရကာတို့သည်လည်း တွန်ကျူးသံပေး၍ အစာရန်ထွတ်ရန် ဟန်ပြင်ကျလေ၏။

         နိုင်ငံတကာ ကျောင်းသားဆောင်တွင် နေထိုင်ရင်း တက္ကသိုလ်ကျောင်းသားကြီး အဖြစ် အသားကျနေခဲ့ပြီဖြစ်သော မိမိသည်လည်း အများနည်းတူ လမ်းလျှောက်သည့်အကျင့်ကို မြတ်နိုးတတ် ခဲ့ပေပြီ။ နှင်းမကွဲသေးသည့်အချိန်တွင် လမ်းလျှောက်ရင်း အိပ်တန်းထစ ကျေးငှက်တို့၏ အလှကို ခံစားသည်။ အားကစား လိုက်စားသည့် လူငယ်လေးတို့၏ ကစားနည်းမျိုးစုံ တို့ကို ငေးမောသည်။ ယောဂနည်းစနစ်တို့ကို နည်းမှီကာ ကျမ္မာရေးလေ့ကျင့်ခန်း လုပ်လေ့ရှိကြသည့် လူကြီးတို့၏ လေ့ကျင့်ပုံတို့ကို လေ့လာ ကြည့်ရှုသည်။ ဗာရာဏသီဆောင်းသည် ခိုက်ခိုက်တုန်အောင် အေးသည့် ဆောင်း မဟုတ်သဖြင့် လမ်းလျှောက်လို့ကောင်းသည်။ နှစ်စဉ်လိုလို အအေးဆုံး အချိန်ဖြစ်သည့် ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ဇန်န၀ါရီ ပထမပတ်ကာလတို့ကိုတော့ သတိထားကာ ဖြတ်ကျော်ရသည်။ 

   လမ်းလျှောက်ထွတ်ဖြစ်တိုင်း အဓိပတိလမ်းမကြီးကို ကျော်ဖြတ်ကာ အာယုဗေဒ ဆေးဌာနတို့နှင့် ပြတိုက်၊ ပန်းချီ၊ပန်းပု ဌာနတို့အကြား လမ်းမအတိုင်း ချီတက်ကာ ထောင့်အချိုးရှိ ဥပဒေ ဌာနကြီးသို့ ရောက်၏။ ထိုမှတဆင့် အားကစားကွင်း လမ်းမအတိုင်း ဆက်လျှောက်ကာ ညာဘက်ခြမ်းရှိ ဆန်စကရက် မဟာဌာန၊ ၀ိဇ္ဇာမဟာဌာနတို့ကို ငေးမောဖြစ်သည်။ တစ်ခါတစ်ရံ လမ်းခုလတ်တွင် တွေ့ဖန်များ၍ မှတ်မိနေကြသည့် မိတ်ဆွေကြီးတို့က “ဆွာမိကြီး ကိုင်ဆေး ဟဲ၊ (ဘုန်းတော်ကြီး နေကောင်းလားဗျာ)”ဟု နှုတ်ဆက်တတ်၏။ ထိုအခါ မိမိက “ထိကေ ၊ ဗဟုသက်ချာဟဲ (အိုကေ အများကြီး ကောင်းပါတယ်ဗျာ)” ဟု ပြန်ဖြေကာ သူတို့နှင့် အလ္လာပ၊ သလ္လာပ အနည်းငယ် ပြောလေ့ရှိ၏။ ထို့နောက် မိတ်ဆွေကြီးတို့ကား “အာချာ၊ အာချာ (ကောင်းတယ်၊ ကောင်းတယ်)” ဟု ပြောဆိုနှုတ်ဆက်ကြပြီး လမ်းဆက်လျှောက်ကြ၏။ 

      မိမိ၏ နေ့စဉ် လမ်းလျှောက်မှတ်တိုင် အဆုံးကား ၀ိသျှဝန ဟိန္ဒူဘုရားကျောင်းဖြစ်၏။ ထိုဘုရားကျောင်းသို့ မရောက်မှီ ရှုပဗေဒ၊ ဓာတုဗေဒ၊ သတ္တဗေဒ ဌာနကြီးတို့နှင့် စာကြည့်တိုက်၊ စိုက်ပျိုးရေးသိပ္ပံတို့ကို ကျော်ဖြတ်ရ၏။ မိမိသည် ဘုရားကျောင်းရောက်လျှင် ဘုရားကျောင်းဈေး လက်ဖက်ဆိုင်၌ နံနက်စာအဖြစ် ကျရေ( လက်ဖက်ရည်)၊ ပဲဟင်း၊ စမူဆာ၊ မိထား (မုန့်လက်ကွင်း အချို) တို့ကို စားတတ်၏။ ပြီးလျှင် ရုက္ခဗေဒ၊ ပထ၀ီ၊ နည်းပညာ၊ ရုပ်ရှင်ရုံ၊ သင်္ချာသိပ္ပံ၊ သမိုင်း၊ လူမူရေး သိပ္ပံပညာ၊ ဟိန္ဒီ၊ စီမံခန့်ခွဲမှု ဌာနတို့၏ အကြား လမ်းမကြီးအတိုင်း ဆက်လျှောက်ကာ အဆောင်ပြန်၏။

          လမ်းလျှောက်သွားသည့်နေရာတို့တွင် အများအတွက် ထူးခြားမည် မဟုတ်သော်လည်း မိမိအတွက် ထူးခြားနေသည့် နေရာတစ်နေရာ ရှိနေခဲ့၏။ ထိုနေရာကား ၀ိဇ္ဇာ နှင့် ရှုပဗေဒ ဌာနကြီးတို့အကြား လမ်းသုံးခွ ဆုံသည့်နေရာဖြစ်၏။ လမ်းသုံးခွ အဆုံ၏ ဘယ်ဘက်ထောင့် သရက်ပင်အောက်ဝယ် ဟိန္ဒူဘုရားကျောင်းငယ်လေးတစ်ဆောင်ကို သေသပ်စွာ ဆောက်လုပ် ပူဇော်ထား၏။ မျက်နှာချင်းဆိုင် ညာဘက်ထောင့်ရှိ ဗောဓိညောင်ပင်အောက်တွင်မူ မြတ်ဗုဒ္ဓ၏ ဦးခေါင်းပိုင်း ကျောက်ဆင်းတုကို ပူဇော်ထား၏။
 
         မြတ်ဗုဒ္ဓ ဆင်းတုတော်မှာ ဦးခေါင်းပိုင်းမျှသာ ဖြစ်၍ ကိုယ်လက်အင်္ဂါ မပါရှိပေ။ တစ်ဘက်တွင်ရှိသော ဟိန္ဒူဘုရားကျောင်းကလေးကဲ့သို့ အမိုး၊ အကားလည်း ရှိမနေခဲ့ပေ။ သို့သော် နေ့စဉ် နံနက်တိုင်း မြတ်ဗုဒ္ဓ ဆင်းတုတော်နှင့် ဟိန္ဒူဘုရားကျောင်းလေးတို့တွင် လှပခန့်ညားသည့် ပန်းကုံးတစ်ကုံးစီတို့ကို ပူဇော်ထားကြ၏။ ထိုပန်းကုံးဖြင့် မပျက်မကွက် နေ့စဉ်လိုပင် ပူဇော်လေ့ရှိသည်။

     လမ်းလျှောက်လာကြသူအချို့တို့သည် ဟိန္ဒူဘုရားကျောင်းလေးကို ၀တ်ပြုကြသကဲ့သို့ မြတ်ဗုဒ္ဓကိုလည်း ၀တ်ပြုကြ၏။ မည်သည့်ရုပ်တုအမှတ်ဖြင့် ၀တ်ပြုကြမှန်းမသိသော်လည်း နံနက်ခင်းတိုင်း မြတ်ဗုဒ္ဓ၏ ဦးခေါင်းတော်ကို ၀တ်ပြုကြပြီး ပန်းကုံးတစ်ကုံးဖြင့်လည်း ပူဇော်ကြမြဲဖြစ်၏။ မိမိသည်လည်း ထိုနေရာရောက်တိုင်း ခဏရပ်ကာ မြတ်ဗုဒ္ဓကို လက်အုပ်ချီမိုး ရှိခိုးဖြစ်၏။ ထိုနေရာလေးသည် မိမိအတွက် လမ်းလျှောက်ရင်း စိတ်ကြည်နူးရ၊ ကုသိုလ်ရစေသည့်နေရာလေးပင် ဖြစ်၏။ ဟိန္ဒူတက္ကသိုလ်ကြီး အလယ်တွင် မြတ်ဗုဒ္ဓ၏ ခန္ဓာကိုယ်မပါသော ဦးခေါင်းတော်မျှကို အဘယ်ကြောင့် ပူဇော်ထားရှိရလေသနည်းဟူသည်မှာ မိမိအတွက် အဖြေရှာမရသော ပုစ္ဆာတစ်ခုပင် ဖြစ်နေခဲ့၏။


                                                          ( ၂ ) 

           ယခုနှစ် ဗာရာဏသီ၏ ရာသီဥတုသည် ဖောက်လွဲဖောက်ပြန် ကမောက်ကမ ဖြစ်နေခဲ့၏။ မိုးတွင်းကမူ ၁၉၇၈-ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ရေကြီးမှုဟု မှတ်တမ်းတင်လောက်အောင် စံချိန်တင် ရေကြီးခဲ့၏။ ဂင်္ဂါမြစ်ရေ လွှမ်းသဖြင့် ပြည်သူအများ ဒုက္ခပွားခဲ့ကြရ၏။ 

         ဆောင်ဦးစ၌ မုန့်တိုင်းမိကာ လေထန်ပြီး လေးရက်ဆက်တိုက် မိုးများ သဲသဲမဲမဲရွာချသဖြင့် သီးနှံများပင် ပျက်စီးကြ၏။ ယခင်နှစ်များကဲ့သို့ အအေးဆုံးရက်များတွင် အအေးမပိုဘဲ ဇန်န၀ါရီ ဒုတိယပတ်ရောက်မှ သုံးရက်ဆက် မိုးရွာကာ အငြိုးဖြင့် အေးလေတော့၏။ ဆောင်းတွင်းကာလတွင် မိုးရွာလိုက် ဆီးနှင်းများ ဝေလိုက်ဖြင့် နေရောင်ပျောက်သော နေ့ရက်များလည်း များခဲ့ပေ၏။ 

     ခိုက်ခိုက်တုန် အေးတော့မှ လမ်းလျှောက်ဖို့ သတိရတော့၏။ မိမိနှစ်သက်သော ဗာရာဏသီဆောင်းတွင် ယခုနှစ်အတွင်း တစ်ခါမှ လမ်းမလျှောက်ဖြစ်ခဲ့ပေ။ ယခင်က နံနက်ခင်း အိပ်ရာက မနှိုးခဲ့လျှင် ညနေခင်းတွင် လမ်းလျှောက်တတ်၏။ နံနက်ခင်းအလှနှင့် ညနေခင်းအလှတို့မှာ တမူထူးခြား အနည်းငယ် ကွဲပြားသလို ထင်၏။ ညနေဆည်းဆာတွင် လမ်းလျှောက်သူများ ရှိမနေသော်လည်း အတန်းပြီး၍ အဆောင်ပြန်ကြသော ကျောင်းသား၊ ကျောင်းသူတို့ဖြင့် စည်ကားနေ၏။ အိပ်တန်းတက်ရန် ပြင်ဆင်နေကြသော ကျေးငှက်သာရကာတို့၏ အသံတို့ဖြင့် ညံစီနေ၏။ သစ်ပင်ကြီးတို့တွင် အုပ်စုဖွဲ့ နေရာယူရပြီး အနားယူ အိပ်စက်ရန်ပြင်ဆင်နေကြသော ဥဒေါင်းတို့၏ အလှကား ပို၍ ရှုချင်စရာဖြစ်၏။ 

        ယခုနှစ်မူ မိမိမှာ စောစောထသည့် အကျင့်ကောင်းလေး ပျက်ကွက်သွားပြီဖြစ်၍ နံနက်စောစော အိပ်ရာထဖို့ရန် အတော်ပင် ခက်ခဲနေ၏။ အိပ်ရာဝင် နောက်ကျတတ်သဖြင့် အိပ်ရာထလဲ နောက်ကျမြဲဖြစ်၏။ ထိုကြောင့် ယခင်ကဲ့သို့ နံနက်စောစော လမ်းလျှောက်သွားရန်မှာ ခဲယဉ်းလှ၏။ အအေးပိုလှသည့် ယခုရက်များအတွင်း တစ်ရက်က ညနေခင်းတွင် လမ်းလျှောက်ဖြစ်ခဲ့ ၏။ တစ်နေကုန် နေရောင်မမြင်ရသောရက်ဖြစ်၍ ညနေခင်း နေ၀င်ဆည်းဆာအလှကိုလည်း ခံစားခွင့် မရပေ။ ၀န်းကျင်သည် မြူမုန်တို့ဖြင့်ေ၀၀ါးနေ၏။ လျှောက်မြဲလမ်းအတိုင်း လျှောက်လာရာ မြတ်ဗုဒ္ဓရုပ်ပွားတော် သီတင်းသုံးရာ လမ်းသုံးခွဆုံရာ အရပ်ရောက်မှ ဤနေရာရောက်တိုင်း လက်အုပ်ချီ ပူဇော်မြဲဖြစ်သည့် မြတ်ဗုဒ္ဓဆင်းတုတော်မြတ်ကို သတိရမိတော့၏။ 

      ခမ်းလှမ်းလှမ်းမှ လှမ်းကြည့်ရာ လူငယ်တစ်ယောက်သည် မြတ်ဗုဒ္ဓ၏ ဦးခေါင်းတော်အား အနီးကပ်လျက် ပူဇော်နေသည်ကို သတိထားမိသည်။ မိမိစိတ်ဝင်စားသွား၏။ ဤနေရာရောက်တိုင်း ဤကဲ့သို့ နီးနီးကပ်ကပ်ဖြင့် တလေးတစား ရိုရိုသေသေ ပူဇော်နေခြင်းကို မမြင်ခဲ့ဘူးပေ။ ထိုလူငယ်လေးအား စိတ်ထဲမှ လေးစားသွား၏။ ဗုဒ္ဓဘာသာဝင် တစ်ယောက်များ ဖြစ်လေမလား ဟု တွေးမိသည်။ သူပူဇော်အပြီးမှ မြတ်ဗုဒ္ဓအား သွားရောက်ဖူးမျှော်ရာ အဖြစ်မှန်ကို သိရတော့၏။ 

       ယခုတော့ မြတ်ဗုဒ္ဓ၏ ဦးခေါင်းတော်နောက်တွင် အမည်မသိ ကုလားဘုရားပုံတော်လေး သုံးပုံက သေသပ်စွာ နေရာယူထားနေလေ၏။ မြန်မာနိုင်ငံရှိ ညောင်ပင်ကြီးကြီးမားမား အောက်တွင် ဘိုးမင်းခေါင်စသော ဘိုးတော်ပုံတော်များ နေရာယူထားသကဲ့သို့ ဖြစ်၏။ ထိုလူငယ်လေးသည် မြတ်ဗုဒ္ဓ၏ ဦးခေါင်းတော်အား ကျော်၍ ကုလားဘုရားပုံတော်အား ပန်းဖြင့် အနီးကပ် ပူဇော်နေခြင်းဖြစ်ပေ၏။ တစ်ဘက်ရှိ ဟိန္ဒူဘုရားကျောင်းတွင်မူ မည်သူပုံတော်မျှ တိုးမလာဘဲ ယခင်ကကဲ့သို့ သန့်ရှင်းမြဲ သန့်ရှင်းနေလေ၏။ မရောက်ဖြစ်ခဲ့သည့် တစ်နှစ်နီးပါးအတွင်းတွင် အပြောင်းအလဲလေးများကား ယင်းကဲ့သို့ ဖြစ်နေခဲ့ပေ၏။ 

                                                   ( ၃ ) 

                  မိမိစိတ်ထဲတွင် သိပ်မကြည်လင်သဖြင့် ယခင် လမ်းလျှောက်တိုင်း အဆုံး မှတ်တိုင် ဖြစ်သည့် ၀ိသျှဝန ဟိန္ဒူဘုရားကျောင်းသို့ အရောက်မသွားတော့ဘဲ ဖြတ်လမ်းမှ ချိုးကွေ့ကာ အဆောင်သို့ ပြန်ခဲ့၏။ မြတ်ဗုဒ္ဓဆင်းတုတော်နောက် နတ်ဘုရားပုံတော် တိုးလာသည့် ကိစ္စသည် မိမိစိတ်အား နှောက်ကြူစေသလိုရှိ၏။ 

    မိမိအနေဖြင့် မြတ်ဗုဒ္ဓ၏ ဦးခေါင်းတော်ဟု ယုံကြည်စွာ မှတ်ထင်ထားသော မျက်နှာကျောက်ဆင်းတုတော်သည် အမှန်ပင် မြတ်ဗုဒ္ဓ၏ ဦးခေါင်းတော်ပေလော..။ ထိုပုစ္ဆာသည် ယခုချိန်ထိ ဝေခွဲ ဆုံးဖြတ်၍ မရသေးသဖြင့် သံသယတို့ ရှိနေသေးသည်။ သို့တစ်စေ ဤဆင်းတုတော်ကို ဖူးမြှင်မိတိုင်း မိမိစိတ်တွင် ကြည်နူးရသကဲ့သို့ ပူဇော်ကြသော ဘာသာမတူတို့၏ စိတ်တွင်လည်း သူ့ အယူအဆဖြင့်သူ ကျေနပ်နေကြ၏။ ထိုမှတဆင့် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ပုံဖော်ကာ အာရုံပြု လွယ်ကူစေရန် အတွက် မြတ်ဗုဒ္ဓ၏ ရုပ်တုတော်ကို ကိုးကွယ်ကြရသည်ဟုသော အတွေးကို လေးနက်စွာ တွေးမိခဲ့၏။ 

           ဆောင်းတွင်းအိမ်မက်ကဲ့သို့ မိမိ၏စိတ်သည် အာရုံကို ခံစားမှုကြောင့် ဂယောက်ဂယက်ဖြစ်နေ ခဲ့၏။ သို့သော် သဘာဝတရားတို့ကား ပုံမှန်အတိုင်း လည်ပတ်နေကြပေ၏။ လမ်းလျှောက်ပြန်လာ ချိန်တွင် တက္ကသိုလ်လမ်းဘေး တစ်လျှောက်ရှိ သစ်ပင်မျိုးစုံတို့မှာ စိမ်းစို အုံ့ဆိုင်းညိုမှိုင်းနေ၏။ ထိုသစ်ပင်တို့၏ အထက်တွင် ကျေးငှက်ပေါင်းစုံတို့သည် အိပ်တန်းဝင်ရန် ပြင်ဆင်နေကြ၏။ သစ်ပင်ကြီးတို့၏ အကိုင်း၊ အခက်တို့တွင် အုပ်စုလိုက် အိပ်စက် အနားယူရန် နေရာယူနေကြသော ဥဒေါင်းငှက်တို့၏ အလှကလည်း ယခင်နှစ်များကဲ့သို့ လှမြဲတိုင်း လှနေပေ၏။ မိမိမှာသာ….။ 

သိမ်မွေ့ဦး (BHU) 
(၁၉-၁-၁၄)

No comments:

Post a Comment