‘ နေမင်းကြီးဝင်သွားတဲ့အခါ တို့အတွက် ဘာတွေချန်ခဲ့ပြီး တို့ထံက ဘာတွေ ယူသွားပါလိမ့်’
‘အော် …. နေမင်းဟာ တို့ရွယ်ပျိုရွယ်ခြင်းတွေကို ယူဆောင်သွားပြီး အိုမင်းခြင်း ဇရာတွေကို ချန်ထားခဲ့ပါလား’
ဘုရားအလောင်းနေမိမင်းကြီး၏ သံဝေဂလေးကို သတိရလိုက်သည်မှာ ‘မနက်ဖန်မွေးနေ့ရောက်ပြီနော် စာလေး ဘာလေး ရေးဦးလေ’ ဟု အမတစ်ယောက်၏ တိုက်တွန်းသံ အဆုံးမှာပင်။
ဟုတ်ပါရဲ့၊ ကိုယ် ကလောင်နဲ့ ဝေးနေခဲ့တာ နိုဝင်ဘာက စပြီး ရေတွက်လျှင် အလို .. နှစ်တ၀က်စာ မျှပင် ရှိနေပါပေါ့လား။
အံ့သြ သွားမိသည်၊ သည်ကာလတွေကို အမှတ်မဲ့ ကုန်လွန်စေခဲ့တာများလား၊ ပြန်ဆင်ချင်မိသည်၊ ပုံရိပ်တို့သည် အရောရော အထွေးထွေး၊ ‘ဘယ်တော့မှ မအိပ်သော မြို့’ ဆိုသည့် နယူးယောက် ကို ရောက်နေခဲ့သည်၊ ဟားဘတ်တက္ကသိုလ်ကြီးရှိရာ မက်ဆာချူးဆက် ကို ရောက် သည်၊ ရွှေတိဂုံစေတီပွါးရှိရာ နယူးဂျာစီကိုရောက် သည်၊ ပြီးတော့ ငြိမ်းချမ်းရေးခေါင်းလောင်းကြီးနှင့် စစ်ပြေငြိမ်းမှု လက်မှတ်ထိုးရာ ဖီလ်ဒယ်ဖီးယားမြို့ကို ရောက်သည်၊ ယခုမူ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ကြီးရှိရာ မေရီလင်း ပြည်နယ်မှာ ……။
ဆုံခဲ့သည်လူများ၊ ကြုံခဲ့သည်အရေးများ၊ တွေ့ခဲ့သည် အရာများကား ရေးချင့်ဘွယ် အကြောင်းအရာများပင်၊ ရေးဦးမှ ရေးဦးမှ နှင့် စဉ်းစားဆဲမှာပင် အကြောင်းအရာ အသစ်တို့က ဆင့်လောင်းလာစမြဲ၊ ကိုယ့်မြို့ကို ပြန်ရောက်လျင်ဖြင့် တစချင်း ထွင်ထုတ်ငင်ယူရေးသားရဦးမည်။
ပြီး စာရော လူပါ ဘယ်ပျောက်နေလဲဟု မကြာခဏမေးလာကြသည့် အော်ရီဂွန်က ဖွားရွှေကြည်တို့၊ ကိုသန်းဝင်းတို့၊ အယ်လ်အေ က အမ ခင်နှင်းအုန်းတို့၊ ကိုမျိုးမောင်နှံတို့၊ ချီကာဂိုက ဆရာမ ဒေါ်စန္ဒာဝင်းတို့၊ မီချီဂန်က မသိင်္ဂီတို့ ၊ ဆန်ဖရန်က ဒေါ်တူးနှင့် ဒေါ်သန်းငြိမ်းတို့ စသည်စသည် စာဖတ်ပရိသတ် ကို ကျေးဇူးပြုရမည်။ ခုတော့ ----။
အို - - ဘာဖြစ်လို့ ၀က်စ်ကွန်စင် ပြန်ရောက်သည်အထိ ဆိုင်းနေမှာလဲ၊ ဧည့်သည်အာဂန္တုမို့၊ ဖိစီးနေသည့် ကိုယ်ရေး ကိုယ်တာတွေ ရှိလို့ ဆိုသည့်အကြောင်းပြတွေဟာ ခိုင်လုံလှသည်မထင်၊ ကိုယ်မစွမ်းရာကို မိန်းမောရင်း၊ ကိုယ်စွမ်းရာကို မေ့လျော့နေခဲ့တာပါလား၊ တကယ်ဆို စွမ်းရာကို ထမ်းပြီး မစွမ်းရာကို ငံ့လင့်နေရ မည်မဟုတ်လား။
ယခုကိုယ်ရောက်နေသော ဘော်လ်တီမိုးမြို့၊ ၀င်ဒီဟီးလ်က ဝေဇယန္တာကျောင်းလေးသည် တကယ့်မွေ့ လျော်ဘွယ် နေရာလေးပင်။ နောင်တော်ကြီး ဦးဣန္ဒာစာရနှင့် ညီတော် ဒေါက်တာသြသဓ တို့ကလည်း နွေးထွေးဖော်ရွှေသော အာဝါသိကများ၊ သူတို့အတွေ့အကြုံ သူတို့အကြောင်းတွေကို ဖွဲ့လျင်ပင် စာတစ်စောင် ပေတဖွဲ့ မက။
ဒါမှ မဟုတ်၊ အမိမြေက အကြောင်းတွေကို ရေးမလား၊ ရေးဘို့ ကောင်းမှ ကောင်း၊ ပြောင်းလဲမှု ဆီ ရှေ့ရှုနေသည့် ဖြစ်စဉ်များ၊ ရယ်မော ကခုန် နေကြသည့် ပုံရိပ်များ၊ ပျော်ရွှင်ဘွယ် အနာဂတ်မျှော် စိတ်ကူးများ၊ စသည်စသည်။
တရားနှင့်စပ်၍ ဆိုလျင်လည်း စိတ်ဖိစီးမှုတွေ များပြားသည့် ဒေသတွင်စိတ်ကိုဖော့တတ်ဘို့
“မဖြစ်သေးပြန်၊ အကုသလံ၊ ရှောင်ရန်လုံ့လထား။
ပြုမိခဲ့ပြန်၊ အကုသလံ၊ ပယ်ရန်လုံ့လထား။
မဖြစ်သေးပြန်၊ ကုသလံ၊ ပြုရန်လုံ့လထား။
ပြုပြီးခဲ့ပြန်၊ ကုသလံ၊ ပွါးရန်လုံ့လထား’’
စသည်ဖြင့် နယူးယောက် လောကချမ်းသာကျောင်း ထမနဲပွဲမှာ ဟောခဲ့သည့် တရားလေးကို ပြန်ရေး မလား။ အဲဒါမှ မဟုတ် ----
ခက်တာက၊ ရေးမလို့ ကွန်ပြုတာရှေ့ ထိုင်လိုက်လျင်ပဲ သတင်း ကမ္ဘာထဲ မျောပါသွားပြန်တော့သည်။ သတင်းတွေနောက် ခြေရာကောက်ရင်း တောအလယ် မော တယ် ဖြစ်ရပြန်သည်။
ယခုလည်း မနက်ဖန်တွင် ကျရောက်မည့် ကိုယ့်မွေးနေ့အတွက် အမတစ်ယောက်ရဲ့ တိုက်တွန်းမှုကြောင့် ဆောင်းပါးလေး ရေးဦးမည်ဟု စိတ်ကူးဖြင့် ကွန်ပြူတာရှေ့ ရောက်နေပြီ။ ထုံးစံအတိုင်း သတင်းတို့ကို လိုက်မြည်းနေစဉ် ‘
’’ တောင်ဥက္ကလာ ဟေမ၀န်ဈေး မီးလောင် ----- Read more နေရာကို ကပျာကယာ ကလစ် လိုက်မိသည်။ မျက်လုံးပြူးသွားသည်။ သွားပြီထင်ရဲ့၊ ထိုဈေုးတွင် မိအို ဖအိုကို လုပ်ကျွေးရင်း၊ နှစ်ရှည် လများ ဈေးရောင်းခဲ့ကြသော ကိုယ့်နှမတွေ၏ အထည်ဆိုင်ရှိသည်၊ ပါများ သွားလေသလား။
သိလိုစိတ်ကြောင့် မဆိုင်းနိုင်၊ ဖုန်းဆက်လိုက်တော့ ‘
’အကုန် ကုန်တာပဲ ဦးဇင်း ------ တပည့်တော်မတို့တော့ ----- စကားမဆုံး။ အသံတိုးတိမ်သွားခဲ့သည်၊ ဘယ်စကားဖြင့် အားပေးရပါ့၊ စဉ်းငယ်ကြာမှ
‘
’ ဘာက စ လောင်တာလဲ၊’’
‘’ မနက်မှာ ဒေါ်စု လာပြီး ဟောပြောမယ်လေ၊ ဈေးက မဏ္ဍပ်တွေဘာတွေ ထိုးထားတာ၊ အဲဒါ အဲဒီ ညမှာပဲ ---‘’
မပြေးသော် ကန်ရာ ရှိခဲ့ပြီ၊ သံသယတွေသာ ဖြစ်ပါစေတော့၊ ဖြစ်ပါစေတော့ --- ။
ကြည့်စမ်း မနေ့က ပိုင်ဆိုင်မှုတွေနဲ့ ရွှင်ပြုံးနေခဲ့သော ကိုယ့်နှမတွေသည် သည်နေ့မှာတော့ လက်မဲ့ ဘ၀ဖြင့် ငြိုးငယ်နေကြရော့မည်၊ ရောက်လုလု သင်္ကြန်သည် သူတို့အတွက် အပျော်မဲ့တော့ မည်၊
နှစ်ဟောင်းသည် သူတို့၏ပျော်ရွှင်မှုတို့ကို ယူဆောင်သွားကာ သောက ဗျာပါဒတွေကို ထားရစ်ခဲ့ပြီ။
နှစ်စဉ်ဆောင်းနှောင်းရာသီတိုင်း မီးရန်သူ၏ ၀ါမျိုမှုကို မတားတတ် မဆည်းနိုင် အကြိမ်ကြိမ်ခံကြရသည့် အမိမြေ အတွက်လည်း စိတ်မချမ်းမြေ့၊ သမိုင်းဝင် အမွေ အနှစ်များ၊ တိုက်တာ အဆောက် အဦးများ၊ ချွေးနည်းစာများတို့ သည် မိုက်မဲသည့်လူက ဖျက်လိုက်၊ ဆိုးဝါးသည့် မီးက မျိုလိုက်နှင့် ဆုံးရှုံးခဲ့ပေါင်းများလှပြီ။
တိုင်းပြည်က ဆင်းရဲရသည့်အထဲ၊ လေးသည့်ဗူးတွင် ဆင့်သည့် ဖရုံတွေက များလွန်းစွ။
သည် အမေရိကန်နိုင်ငံကြီးမှာလို သတ်မှတ်အပူချိန်လွန်သည်နှင့် အော်တို ရေတွေ ဖျန်းပေးလာသည့် မီးငြှိမ်းသတ် စံနစ်မျိုး မရှိနိုင်သေးသည့်တိုင် အရေးဆို ရေပြည့်နေသော စက်နိုးရ လွယ်ကူသော ယာဉ်များနှင့် ရဲရင့် တာဝန်ကျေသော မီးသတ်တပ်ဖွဲ့ဝင်တွေ များစေချင်စမ်းပါဘိ၊ ခုတော့ ----- ဟူး --------
ဘာပဲ ဖြစ်ဖြစ်လေ အားမငယ်ဘို့ စိတ်မပျက်ဘို့ ကိုယ့်နှမတွေကို အားပေးရဦးမည်၊ များစွာမျှော် လင့်နိုင်ပါသေး သည့်အကြောင်း မကြာသေးမီက ပြီးဆုံးသွားသော ရွေးကောက်ပွဲတွင် သူတို့ရွေးချယ်လိုက်သော ကိုယ်စားလှယ်တို့သည် လွှတ်တော်တွင်း ချင်းနင်းစ ပြုပြီ၊ သည်လိုဆိုတော့လည်း နှစ်ဟောင်းဟာ ဖိစီးမှုဝန်တချို့ကို သယ်ဆောင်သွားပြီး၊ မျှော်လင့် ချက်အသစ်တွေကို ချန်ခဲ့ပါပကော။
ဟုတ်ပြီ၊ သည်အကြောင်းကိုရေးပြီး ဟိုက နှမတွေကို နှစ်သိမ့်၊ ဒီက အမတွေကို မွေးနေ့ လက်ဆောင်ပေးရမည်၊ ဆိုင်းမနေသင့်တော့၊ ‘’ကြွေတလက်၊ ကြက်တခုန်’’ သင်္ခါရနယ်ကြီးတွင် အများအတွက် ကောင်းသော အလုပ် ဟုတ်သော အကြံ၊ မှန်သောစကားဆိုလျင် ဘယ်သူမှ အချိန်မဆိုင်းသင့်၊ နို့မို့လျင် နေမင်း၏ အကြိမ်ကြိမ် ယူဆောင်သွားမှုကို ခံရကာ အရှုံးနောင်တတို့သာ ကြွင်းရစ်ပေလိမ့်မည်။
တာဝန်ကျေသူတို့အတွက်မူ ---- နေမင်းဝင်သွားသော အခါ ပျိုရွယ်ခြင်းများကို ယူဆောင်သွားခဲ့သော်ငြား ’’သမိုင်း’’ ဆိုသည့် အရာကိုမူ ချန်ထားခဲ့မည်သာ။
ကံထွန်းသစ်
4/12/2012 4 30am
မေတ္တာများဖြင့်
အရှင်သိရိန္ဒ
မေတ္တာဥယျာဉ်
မှ ကူးယူဖော်ပြသည်။
No comments:
Post a Comment