လွန်ခဲ့သည့် ၃-ရက်က ဖေ့ဘွတ်ခ်တွင် ဒကာတစ်ယောက်က “အဖေရင်းက သမီးကို အဓမ္မကျင့်တာတွေ ခဏခဏတွေ့နေရလို့ ကျူးလွန်တဲ့ အဖေက ဘယ်လို အပြစ်များ ကျရောက်နိုင်ပါသလဲဘုရား၊ ကာမေသုကံထက် ပိုနိုင်ပါသလားဘုရား၊ သံသရာငရဲမှာ ဘယ်လိုခံစားရနိုင်ပါသလဲဘုရား” ဟု မေးလျှောက်လာပါသည်။
ထိုမေးခွန်းကို မိမိလက်လှမ်းမှီသော ပိဋကတ်စာအုပ်အချို့နှင့် အမရပူရ၊ မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်နှင့် သင်္ဂြိုဟ်ဘာသာဋီကာတို့ကို ဖတ်ရှုကာ ဖြေလိုက်ပါသည်။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းကို ကာမေသုမိစ္ဆာစာရ ဟုခေါ်ပါသည်။ ယောင်္ကျားများသည် မိမိ၏ ဇနီးမှတစ်ပါး အခြားပိုင်ဆိုင်သူ အုပ်ထိန်းသူရှိသည့် မိန်းမတို့နှင့် ဖောက်ပြန်လျှင်၊ ထို့အတူ မိန်းမသည်လည်း မိမိ၏ ယောင်္ကျားမှတစ်ပါး အခြားပိုင်ဆိုင်သူ အုပ်ထိန်းသူရှိသည့် ယောင်္ကျားတို့နှင့် ဖောက်ပြန်လျှင် ကာမေသုမိစ္ဆာစာရ ဖြစ်သည်ဟု ယေဘုယျ မှတ်သားထားရပါမည်။
ထိုသို့ ဆက်ဆံပျော်ပါးရာတွင်-
(၁) မသွားလာထိုက်သော မိန်းမ- ယောင်္ကျားဖြစ်ခြင်း။
(၂) ထို မသွားလာထိုက်သော မိန်းမ-ယောင်္ကျား၌ မှီဝဲသောလိုသော စိတ်ရှိခြင်း။
(၃) မှီဝဲမှု လုံ့လပြုခြင်း။
(၄) မဂ်အချင်းချင်း ဆက်ဆံခြင်းကို သာယာခြင်း။
ဟူသော အင်္ဂါလေးပါးစုံမှ ကာမေသုမိစ္ဆာစာရကံ မြောက်ပါသည်။
ထိုတွင် မဂ်အချင်းချင်း ဆက်ဆံဆိုရာ၌ ပါးစပ်၊ ကျင်ငယ်ပေါက်၊ ကျင်ကြီးပေါက် သုံးခုတို့တွင် တစ်ခုခု၌ ဆက်ဆံပါက ကံမြောက်၏။
ထိုတွင် မသွားလာထိုက်သော မိန်းမ (၂၀)တို့မ
(၁) မာတုရက္ခိတ - မိခင်စောင့်ထိန်းသော မိန်းမ၊
(၂) ပိတုရက္ခိတ - ဖခင်စောင့်ထိန်းသော မိန်းမ၊
(၃) မာတုပိတုရက္ခိတ - မိဘနှစ်ပါး စောင့်ထိန်းသော မိန်းမ
(၄) ဘာတုရက္ခိတ - မောင်ကြီးမောင်ငယ် စောင့်ထိန်းသော မိန်းမ၊
(၅) ဘဂိနီရက္ခိတ - အစ်မ၊ ညီမ စောင့်ထိန်းသော မိန်းမ၊
(၆) ဉာတိရက္ခိတ - သွေးသားတော်စပ်သူ ဆွေမျိုး စောင့်ထိန်းသော မိန်းမ၊
(၇) ဂေါတ္တရက္ခိတ - အမျိုးအနွယ်တူ လူတို့က စောင့်ထိန်းသော မိန်းမ၊
(၈) ဓမ္မရက္ခိတ - တရားကျင့်ဖော်ချင်း စောင့်ထိန်းသော မိန်းမ၊
ဤရှစ်ယောက်သော မိန်းမတို့သည် မိမိကာမကို မိမိပိုင်ဆိုင်သည့်အတွက် မိမိကာမကို သူတစ်ပါးအား ပေးသော်လည်း ကာမေသုကံမဖြစ်။ မိဘစသည်တို့ စောက်ရှောက်ဆိုသော်လည်း မစော်ကားနိုင်ရုံသာ စောက်ရှောက်ခြင်းဖြစ်၏။ ကာမကို မပိုင်။ ထို့ကြောင့် လွန်ကြူးကြရာတွင် မိန်းမမှာ ကာမေသု မဖြစ်၊ ယောင်္ကျားကား ကာမေသုကံ ဖြစ်သည်။ မိန်းမအား ကာမေသုကံ မထိုက်သော်လည်း အရှက်ကွဲခြင်း အကျိုးနဲခြင်း ဟူသော အပြစ်ကား ကာမေသုအပြစ်ထက် ကြောက်ဖွယ်ကောင်းရုံသာမက ပူပန်စိတ်ဖြင့် အပါယ်သွားရမည်မှာ သေချာနေ၏။
(၉)သာရက္ခ -ကိုယ်ဝန်ကတည်းက မှတ်သားသိမ်းဆည်းခံရသော မိန်းမ၊ (လက်မထပ်သေးသော်လည်း စေ့စပ်ထားပြီးသော မိန်းမ။)
(၁၀) သပရိဒဏ္ဍ - ဤ မိန်းမကို သွားလာလျှင် ဒဏ်သင့်စေဟုမင်းမိန့် ထုတ်ခံရသော မိန်းမ
(၁၁) ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ယူပေါင်းသင်းသော မိန်းမ၊
(၁၂) ဆန္ဒ၀ါသိနီ- အလိုတူ၍ ပေါင်းသင်းသော မိန်းမ၊
(၁၃) ဘောဂ၀ါသိနီ- ပစ္စည်းအသုံးအဆောင်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၄) ပဋ၀ါသိနီ- အ၀တ်အထည်ပေး၍ ပေါင်းသင်းသော မိန်းမ၊
(၁၅) သြဒပတ္တကိနီ- ရေခွက်၌ လက်ဆုံနှိုက်၍ လက်ထပ်ပေါင်းသင်းသော မိန်းမ၊
(၁၆) သြဘဋစုမ္ဗဋာ- ထင်းခွေရေခတ် လုပ်ကိုင်ရသော အမျိုးသမီးအား ယင်းအလုပ်တို့ကို မလုပ်စေတော့ဘဲ ခေါင်းမှခေါင်းခုကို ချစေ၍ပေါင်းသင်းသော မိန်းမ၊
(၁၇) ဒါသီ- ကျွန်လည်းဟုတ် ၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၈) ကမ္မကာရီ - အလုပ်သမားလည်းဟုတ်၊ မယားလည်းဟုတ်သော မိန်းမ၊
(၁၉) ဓဇာဟဋာ- သုဥ့်ပန်းအမျိုးသမီးအား မယားအဖြစ်သို့ ပေါင်းသင်းသော မိန်းမ၊
(၂၀) မုဟုတ္တိကာ- ခေတ္တငှားရမ်း ပေါင်းသင်းသော မိန်းမ။
ထို (၁၂) ယောက်တို့၌ လွန်ကြူးလျှင် ယောင်္ကျားရော မိန်းမပါ ကာမေသု မိစ္ဆာစာရကံမြောက်သည်။ ယောင်္ကျားအတွက် မိမိ၏မယားမှ တစ်ပါး အထက်ပါ မိန်းမ (၂၀)လုံးတွင် ကာမေသုကံမြောက်သည်။
မိမိ၏ ဇနီးပင် ဖြစ်လင့်သော်လည်း
(၁) မိမိမိန်းမ၏ ကိုယ်ဝန်အလွန်ရင့်သောအခါ၊
(၂)မိဘဆရာလူများတို့ မြင်ရသဖြင့် မသင့်တော်သည့်နေရာ၊
(၃) ကျင့်ရိုးမဟုတ်ဘဲ ဆန်းပြားသောနည်းဖြင့် လွဲမှားစွာပြုကျင့်သောအခါ၊
(၄) ဆေးဝါးသုံးပြီး ရှိမြဲအင်္ဂါထက် လွန်သောအခါ၊
ထိုအခါတို့တွင် ကာမေသုကံ ထိုက်သည်ဟု ရှင်းပြကြသည်။
ကာမေသုမိစ္ဆာစာရ ကျူးလွန်ခြင်း၏ အပြစ်များ-
(၁) မလိုမုန်းထားသူ ပေါများခြင်း၊
(၂) မုန်းရုံမက ရန်သူလည်းများခြင်း၊
(၃) လာဘ်ပစ္စည်းများ ရှားပါးတိတ်ဆိတ်ခြင်း၊
(၄) ချမ်းသာမှ ကင်းဆိတ်ခြင်း၊
(၅)မိန်းမဖြစ်ရခြင်း၊
(၆) မိန်းမမဟုတ်၊ ယောင်္ကျားမဟုတ် ပဏ္ဍုက်ဖြစ်ရခြင်း၊
(၇) ယောင်္ကျားဖြစ်လျှင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း၊
(၈)မျက်နှာပျက်၍ အရှက်ကွဲရတတ်ခြင်း၊
(၉)အင်္ဂါလက္ခဏာ ဣနြေ္ဒတို့ ယွင်းချို့သေးသိမ်ခြင်း၊
(၁၀)စိုးရိမ်ကြောင့်ကြ အားကြီးရခြင်း၊
(၁၁)ချစ်သူနှင့် ကွေကွင်းကွဲကွာရခြင်း၊
ဤပြခဲ့သောအပြစ်တို့သည် ၀ဋ်လိုက်သောအားဖြင့် ဖြစ်ရာဘ၀၌ တွေ့ကြုံရ တတ်သော အပြစ်များသာတည်း။ ထိုအပြစ်များအပြင် ငရဲ၌လည်း ဖြစ်ကြရသေး၏။ ယောင်္ကျားဖြစ်ပြန်ရင် လည်း ယောင်္ကျားတစ်ယောက်ကဲ့သို့ တည်ငြိမ်မှုမရှိဘဲ မိန်းမ တစ်ယောက် ကဲ့သို့ ဟိုစပ်စပ်ဒီစပ်စပ်ဖြင့် နေထိုင်ရသူသည် ကာမေသု၏ ဆိုးကျိုး ပင်ဖြစ်သည်။
ကာမေသု မိစ္ဆာစာရကံ၏ အကျိုးရင်း, အကျိုးဆက်တို့ကို အဋ္ဌကထာထိုထိုမှ ထုတ်နုတ်၍ သုတေသန သရုပ်ပြ အဘိဓာန်တွင် `ကာမေသုကံ ကျိုးပြစ်ဒဏ် ထိမှန် ၁၅ပါး´ ဟူသော ခေါင်းစဉ်ဖြင့် အပြစ် ၁၅-ပါး ပြပါသည်။
ထို ၁၅-ပါးမှာ -
၁။ အပါယ်လေးပါး လားရခြင်း၊
၂။ မိန်းမ,ပဏ္ဍုက်ဖြစ်ရခြင်း၊
၃။ ရန်သူနှင့်တွေ့ရခြင်း၊
၎။ လူအများမုန်းခြင်း၊
၅။ အစား အသောက်, အ၀တ် အထည်, အိပ်ရာနေရာ ရခဲခြင်း၊
၆။ ဆင်းဆင်း ရဲရဲ အိပ်ရ, နိုးရခြင်း၊
၇။ အမျက် ဒေါသကြီးခြင်း၊
၈။ လောကုတ္တရာတရား မရနိုင်ခြင်း၊
၉။ စည်းစိမ်ဥစ္စာ ပျက်ပြုန်းရခြင်း၊
၁၀။ ယုံကြည်မှု ကင်းမဲ့ခံရခြင်း၊
၁၁။ ဘေးတွေ့ရခြင်း၊
၁၂။ ယုံမှား သံသယများခြင်း၊
၁၃။ ချစ်သူတို့နှင့် ခွဲနေရခြင်း၊
၁၄။ အသက်တိုခြင်း၊
၁၅။ ဆင်းရဲကြီးစွာ တွေ့ရခြင်း၊ ဟူ၍ ဖြစ်ပါသည်။
ထိုကာမေသုမိစ္ဆာစာရကံသည် သီလမရှိသူကို ကျူးလွန်ခြင်းထက် သီလရှိသူကို ကျူးလွန်းခြင်းက သာ၍ အပြစ်ကြီးသည်။ နန္ဒလုလင်သည် ဥပ္ပလ၀ဏ် ရဟန္တာမကို ကျူးလွန်မိ၍ ချက်ချင်း အ၀ီစိငရဲ၌ ကျရ၏။
ဒကာတော် သိလိုသော သမီးရင်းကို ဖခင်က ကျူးလွန်ရာ၌ သမီးကို မိခင်က တစ်ဖက်တစ်လမ်း စောက်ရှောက်လျက်ရှိသေးလျှင် ဖခင်အား ကာမေသုမိစ္ဆာစာရ ဖြစ်သည်။ မိခင်မရှိသော်လည်းကောင်း, သို့မဟုတ် မစောက်ရှောက်ဘဲ ထားသော် လည်းကောင်း ကာမေသု မဖြစ်။ သို့သော် စေတနာကား ယုတ်မာလှချေ၏။ မိခင်မရှိ၍ အခြားညီအကို မောင်နှမ ဆွေမျိုး များက စောက်ရှောက်နိုင်သော်လည်း အဖအိမ်မှာ နေလျှင် အဖ၏ အစောက်အရှောက်က လိုရင်းဖြစ်သည်။ အစောက်အရှောက်တစ်မျိုးရှိနေလျှင် အခြားတစ်မျိုးက အစောက်အရှောက်မဖြစ်နိုင်။ အကယ်၍ အဖေနှင့် အတူမနေဘဲ အမ စသည်တို့ အစောက်အရှောက်ခံနေသူ၊ သီလရှင်ဖြစ်၍ ဓမ္မရက္ခိတဖြစ်နေသူကို အဖေက ကျူလွန်းပါက ကာမေသုမိစ္ဆာစာရဖြစ်သည်။
သီလဟူသည် စာရိတ္တသီလ-လိုက်နာရမည့်သီလ၊ ၀ါရိတ္တသီလ- ရှောင်ကြည်ရမည့်သီလ ဟု နှစ်မျိုးရှိပါသည်။ မြတ်ဗုဒ္ဓဟောကြားသည့် သိင်္ဂါလောဝါဒသုတ်တွင် မိဘကျင့်ဝတ်တို့ကို ပြဆိုပြီးဖြစ် သည့်အတွက် ယင်းကျင့်ဝတ်တို့ကို မိဘများ မဖြစ်မနေလိုက်နာကြရပါမည်။ အဖသည် သမီးအပေါ်၌ ကျင့်ရမည့် ၀တ္တရားကို မကျင့်ဘဲ ဇနီးအပေါ်ကျင့်သကဲ့သို့ ကျင့်နေပါက လောက၀တ် ဖောက်ပြန်နေ သဖြင့် စေတနာ ယုတ်မာလှပေသည်။ လွန်ကျူးပြီးနောက် သမီးရင်းဟူသော အသိဖြင့် ပူပန်နေမည်သာဖြစ်၍ အချို့စည်းကမ်းအရ ကာမေသုမှ လွတ်နိုင်သော်လည်း အပါယ်သွားရမည် မှာ သေချာပေသည်။
အပြစ်ဟူသည် လောကအပြစ် ပညတ်အပြစ် ဟု နှစ်မျိုးရှိရာတွင် အချို့သောအရာတို့သည် ပညတ်ချက်အားဖြင့် အပြစ် မမြောက်နိုင်သော်လည်း လောက၀တ်အားဖြင့် ကြီးလေသော အပြစ်ဖြစ်သဖြင့် လိုက်နာစောင့်ထိန်းကြရပေမည်။ ဘုရားရှင် ခေတ်တွင်လည်း သားရဟန်းနှင့် အမေ ရဟန်းမတို့ အတူနေ တရားအားထုတ်ကြရာ အချင်းချင်းတတ်မက်မှုကြောင့် သိက္ခာမကျဘဲ လွန်ကျူးမိကြကြောင်း အဂုင်္တ္တိုရ် မာတာပုတ္တသုတ်တွင် တွေ့ရပေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကာမဂုဏ်၏ အပြစ်တို့ကို များစွာ ဟောကြားခဲ့ပါသည်။ ပုထုဇဉ်လူသားတို့အနေဖြင့် ဣမသ္မိံ လောကေ ကာမသဒိသံ ဗန္ဓနံ နတ္ထိ- ဤလောက၌ ကာမနှင့်တူသော နှောင်ဖွဲ့ခြင်းမည်သည် မရှိဟူသော ဘုရားဟော ဒေသနာကို သတိပြုဆင်ခြင်ကြကာ မဖြစ်သင့်သော မှားယွင်းမှုများ မဖြစ်စေရန်အတွက် စောင့်ထိမ်းကြရပေမည်။
သိမ်မွေ့ဦး (BHU)
(၂၁-၀၅-၁၃)
No comments:
Post a Comment