ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

09/05/2013

ဒီနေ့ တွေးမိတွေးရာ

1. စီးဆင်း ရင်ခွင် | 5/09/2013 | Best Blogger Tips
          မန္တလေးမှာတော့ မိုးတွေရွာပြီး မိုးသီးတွေ ကျသတဲ့..။ ကိုယ်တို့ ဗာရာဏသီတော့ ပူလိုက်တာ၊ အပူချိန် ၄၃ စင်တီဂရိတ်တောင် ရှိတယ်။ ပူလွန်းလို့ ညနေ ၆- နာရီကျော်လောက်မှပဲ အပြင်ထွတ်နိုင်တာ.။ ပူလွန်းတော့လဲ ကိုလာ(လေအေး)စက် ဖွင့်ပြီး အခန်းထဲ အောင်းပေတော့ပေါ့.။ 

          ဒီနေ့ သိပ်ပူပါတယ်ဆိုမှ အိပ်ရေးက မ၀ချင်တော့ သိပ်မကြည်လင်ချင်ဘူး။ မနက်က အလိုက်မသိတဲ့ ဥသြငှက် တစ်ကောင်ကြောင့် အိပ်ရေးပျက်တယ်။ မနက်စောစော ၃-နာရီခွဲလောက်ကြီး ခေါင်းရင်းဘက် အပင်ပေါ်ကနေ ဥသြ ဥသြဆိုပြီး အဆက်မပြတ် တွန်နေတော့တာ.။ သူ့အသံကြောင့် ဆက်အိပ်လို့ မရတော့ဘူး။ အိပ်ရာဝင်နောက်ကျခဲ့တာမို့ အိပ်ရေးပျက်တော့တာပေါ့။ နွေရာသီနဲ့ ဥသြငှက် လွမ်းစရာ ကောင်းပေမဲ့ အချိန်မဲ့ တွန်တော့လဲ မုန်းစရာ ကောင်းနေပြန်တယ်။


           နွေအပူကြောင့် အခန်းထဲတွင်သာ နေပြီး အင်တာနက်သုံးမိပြန်တော့ အမိမြေ သတင်းတွေက ရင်အပူဖြစ်စေပြန်တယ်။ ဆရာတော်ကြီးတွေကတော့ သူများအပူ ကိုယ့်အပူမဖြစ်စေနဲ့လို့ ဆုံးမတာ အကြိမ်ကြိမ် နာခံဘူးပါရဲ့။ သက်လုံ မကောင်းသေးတော့လဲ ကိုယ့်အပူဖြစ်ရော..။ 

    သတင်းတွေ ကြည့်ပါအုံး။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပန်းတနော် ရဲတွေကို လာဘ်စား တယ် ပြောလို့ ထောင်သုံးလ ချသတဲ့။ ပြီးတော့ ထောင်အကြွေးကျန် ၆-နှစ်ရော တိုးချ လိုက်ပြန်သတဲ့။ အော်- ဘုရားတောင် ဂေါပကထံ အကြွေးကျန်တဲ့ခေတ်… ဆန်းဆန်းပြားပြားတွေကလဲ တယ်.. ကြားရသကိုး..။

        ကိုယ်တော့ ဒကာကိုနေမျိုးဇင်ကို မသိပါဘူး။ အပြင်မှာလဲ တစ်ခါမှ မတွေ့ဘူးပါဘူး။ ဒါပေမယ့် သူရဲ့ ရိုးသားတဲ့ စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေကို မြင်နေရ၊ ကြားသိနေရလို့ သာဓု အဖန်ဖန် ခေါ်နေမိတယ်။ အတိတ်က သူ ဘယ်လိုလူ ဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်တော့ စိတ်မ၀င်စားဘူး။ သူ အခု လုပ်နေတာတွေဟာ သိပ်မွန်မြတ်တယ်။ တောရွာတွေကို သွားပြီး ရေတွင်းတွေ တူးပေးသတဲ့၊ ကွန်ပျူတာ သင်တန်းတွေ ဖွင့်ပေးသတဲ့၊ လယ်သမားတွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေသတဲ့၊ စသဖြင့် အများကြီး အများကြီး..။ 

        ကိုယ်လို ရဟန်းတစ်ပါးတောင် မလုပ်နိုင်သေးတဲ့ မွန်မြတ်တဲ့ ပရဟိတအလုပ်တွေ သူက လုပ်ပြနေတာ..။ သူနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုတောင် ပြန်ရှက်နေခဲ့မိတာ။ ခုတော့ ကြည့်ပါအုံး။ ထောင် ၆-နှစ် ချလိုက်သတဲ့။ ပြောင်းလဲဖွံဖြိုးဆဲ ကိုယ်တို့ နိုင်ငံမှာ သူလို လူတွေ အများကြီး လိုနေတဲ့ အချိန်၊ ခုတော့ သွားပေးအုံးတော့..။ တိုင်းပြည်အတွက် အသုံးပြုပေးရ အလုပ်လုပ်ပေးရမဲ့ အချိန်တွေ အလဟဿ ဖြုန်းပေအုံးတော့။

   နောက်ပြီး တက်ကြွလူငယ် မောင်ရဲမင်းဦးကိုလဲ ဘာသာရေးအရ သွေးထိုး လှုံဆော်တယ်ဆိုပြီး ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၅၃(က)နဲ့ သာကေတ ရဲစခန်းက တရားစွဲထားပြန်သတဲ့။ အဘဆိုတဲ့ စာဖတ်နေသူကြီးရဲ့ မြေးကတော့ မော်တော်ပီကယ်ရဲကို ပါးရိုက်လိုက်တာတောင် အမှု မဖြစ်တဲ့အပြင် ရဲက ပြန်တောင်းပန်ရသတဲ့လေ။ ဘာတွေလဲ..။ ကိုယ်တော့ ဥပဒေတွေ ဘာတွေဆိုတာကို နားမလည်နိုင်တော့ဘူး။ မျိုးချစ်စိတ် ရှု့ထောင့်ကနေ ကြည့်ပြီး သူတို့ အတွက် စိတ်မကောင်းဖြစ်မိတာကတော့ သေချာတယ်။ 

      ဒေါ်အောင်ဆန်းစုကြည်ကတော့ မကြာခဏ ပြောတယ်။ “ဒီမိုကရေစီ လမ်းလျှောက်ရင် အများသဘောကို လေးစားရမယ်။ လူနည်းစု ခံစားချက်ကို လေးစားရမယ်။ အပေးအယူတော့လုပ်ရမယ်၊ ခု ဒီမိုကရေစီ လမ်းရောက်ပြီဆိုတာ လမ်းစဘဲရှိသေးတယ်။ ကိုယ့်လမ်းကို ဖေါက်ရဦးမယ်၊ ခက်ခဲမယ်။ ရဲဘော်ရဲဘက်စိတ်နဲ့ချီတက်ရမယ်” တဲ့ ။

   လက်ပံတောင်းတောင်ကိစ္စ၊ တောသူ တောင်သားတွေရဲ့ လယ်တွေကို မတရား သိမ်းပြီးတဲ့အပြင် တောင်ကိုပါ ဖြိုသတဲ့။ သံဃာတွေကို မီးလောင်ဗုန်းကပ်သတဲ့။ ကိုယ်လဲ တောသားဖြစ် တဲ့အပြင် သံဃာတွေကို ထိလာတော့ ပိုပြီး နာခဲ့တာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီကိစ္စထဲ ၀င်ပါလာတော့ လိုချင်တဲ့ အဖြေ ရမလားဆိုပြီး ၀မ်းသာအားရ မျှော်လင့်မိခဲ့တာပေါ့။

       ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူကို ချစ်တဲ့သူကတောင် ပြည်သူ လိုချင်တဲ့ အဖြေကို မပေးနိုင်ဘဲ အညာနွေ နေပူပူထဲမှာ လုပ်ငန်းကို ဆက်လုပ်ရမဲ့ အကြောင်း ပြည်သူတွေကို ရှင်းပြ နှစ်သိမ့်ခဲ့တယ်။ မျက်ရည်လည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြည့်တွေဟာ သာမန်မဖြစ်နိုင်တာမို့ ကိုယ်တော့ လက်ပံတောင်းစာချုပ် သမိုင်းအကြောင်းတွေ သေချာဖတ်ဖြစ်ခဲ့တယ်။

         ဒီတော့မှ လယ်တွေအတွက် လျော်ငွေပေးတာ၊ ကျမ္မာရေးကုသဖို့အတွက် အာမခံချက်ပေးတာ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေအောင် ပြုလုပ်ဖို့ ကတိပေးတာ၊ ဆန္ဒပြခွင့် ပေးတာ စတဲ့ ပြည့်သူအခွင့်အရေးတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်မိခဲ့တယ်။

     ပြီးခဲ့တဲ့ သုံးနှစ်နီးပါးက ဗုဒ္ဓဂယာမှာ ဆရာဒေါက်တာနေဇင်လတ်က ကိုယ့်စာရိတ်နဲ့ ကိုယ် လာပြီး ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု အတတ်ပညာ သင်တန်းကို (၁၀) တိတိ သင်ကြားပေးခဲ့ဘူးတယ်။ စေတနာ ဗရပွနဲ့ (၁၀)ရက်လုံးလုံး အချိန်ပြည့် သင်ပေးခဲ့ တာပါ။ မေးခွန်းချိန်မှာ မေးချင်တာ ပွင့်ပွင့်လင်းလင်း မေးခွင့်ပြုတာမို့ သိချင်တာတွေ မေးကြတာပေါ့။ များသောအားဖြင့် နိုင်ငံရေးမေးခွန်းတွေ မေးကြတယ်။ ဆရာလဲ သူပြောပြနိုင်တဲ့ အတိုင်းအတာထိ ပြောပြ ဖြေဆိုခဲ့တယ်။ 

    သူပြောပြခဲ့တဲ့ စကားတစ်ခွန်း အခုချိန်ထိ အမှတ်ရနေတုံးပဲ။ ‘ အရှင်ဘုရားတို့ လိုချင်တဲ့ လမ်းကြောင်းပေါ် ၂- နှစ်အတွင်းမှာ ရောက်လာပါလိမ့်မယ်။ အရှင်ဘုရားတို့ လိုချင်တဲ့ အတိုင်းအတာထိတော့ မဖြစ်သေးဘူး၊ လမ်းကြောင်းပေါ် ရောက်ရုံလေးပဲ ရှိအုံးမှာပါ’ တဲ့။ အဲဒီအချိန်က ရွှေးကောက်ပွဲ မလုပ်ရသေးသလို၊ ဒီမိုကရေစီခေတ်ကိုလဲ မပြောင်းသေးပါဘူး။ ဆရာကြီးက သိလို့ ပြောတာလား၊ ခန့်မှန်းတာလား မသိပေမဲ့ အဲဒီအချိန်ကတော့ လုံးဝ လက်မခံနိုင်တဲ့ စကားပါ။ 

     ဘာပဲဖြစ်ဖြစ် ခုတော့ မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပါတယ်။ ပြည်ပနေတဲ့သူတွေ ကိုယ့်နိုင်ငံကြောင့် မျက်နှာပွင့်ရသလို၊ ပြည်တွင်းပြည်သူတွေလဲ ကျေနပ်ခဲ့ကြရပါတယ်။ ဒီမိုကရေစီသက်တန်း သုံးနှစ်သား အရွယ်လေးမို့ ကျောက်ခေတ်ကို သွားချင်တဲ့ အတ္တသမား တချို့ အာဏာရှုးကြီးတွေက ခုထိ အကျင့်ဟောင်းတွေကို မစွန့်နိုင်ကြသေးဘူး။ သူတို့ကြောင့် ဒီမိုကရေစီ လမ်းကြောင်းဟာ နှေးကွေးနေအုံးမှာပါ။

     ကိုယ်ကတော့ ကိုယ့်အလုပ် ၂-ခုကို ဆောက်ချမလုပ်နိုင်သေးတဲ့အတွက် ခေတ်ရေစီးကြောင်းထဲ စီးမျှောနေမိအုံးမှာပါ။ ဒီလို အလားတူအပူတွေကို မတွေ့ချင် မမြင်ချင်ပေမဲ့ တွေ့မြင်နေရအုံးမယ်လို့ ထင်မိပါတယ်။ အပူတွေကို ခံနိုင်ရည်ရှိဖို့တော့ လေ့ကျင့်ယူရအုံးမှာပေါ့..။ 

      လတ်တလော ဖြစ်နေတဲ့ သတင်းများကို ဖတ်ရင်း အတွေးပွားကာ ကိုယ်တော့ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောခဲ့တဲ့စကားကိုပဲ ကြားရောင်နေမိတယ်။” ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ခါစပဲ ရှိသေးတယ်။ ရှေ့ဆက်ပြီး ခက်ခက်ခဲခဲ ချီတက်ရအုံးမယ်” တဲ့။ 
  
သိမ်မွေ့ဦး (BHU )
(09-05-2013)

No comments:

Post a Comment