ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

02/03/2013

လောကလွန်ကျင့်စဉ်

1. စီးဆင်း ရင်ခွင် | 3/02/2013 | 2. 3. 4. 5. 6. Best Blogger Tips
     ပွင့်တော် မူကြသည့် ဘုရားရှင်တိုင်း ဗာရာဏသီ မိဂဒါဝုန်ဝယ် ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့ကြသည်။ ထိုတရားဦးတွင် ကာမသုခလ္လိကာနုယောဂ- ကာမချမ်းသာကို ခံစားပျော်ပါးခြင်း၊ အတ္တကိလမထာနုယောဂ-မိမိကိုယ် မိမိ ပင်ပန်းဆင်းရဲအောင် အားထုတ်ခြင်း ဟူသော အစွန်းရောက် အကျင့်မှား လမ်းစဉ်နှစ် သွယ်တို့ကို စွန့်ပယ်ကာ မဇ္ဈိမ ပဋိပဒါ- အလယ်အလတ်ကျင့်စဉ် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံရန် ညွှန်ကြားခဲ့ပေသည်။ 

      ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဒုက္ခပေးလျက် ကျင့်ကြံသော အတ္တကိလမထ ကျင့်စဉ်သည် မြတ်ဗုဒ္ဓ ခေတ်ကတဲက အိန္ဒိယတွင် ရေပန်းစားခဲ့သည်။ မြတ်စွာဘုရားလောင်းသည်ပင် ပဲပြုတ်ရေ လက်တဆွမ်းမျှကိုသာ သုံးဆောင်၍ အစားအစာတို့ကို ဖြတ်တောက်ကာ ခြောက်နှစ်တိတိ ကျင့်ကြံခဲ့လေ၏။ အကျင့်မှားတို့ကို ပြုပြင်ပြီးနောက်မှသာ ဘုရားဖြစ်တော်မူခဲ့ပေသည်။ 


          ရှေးခေတ်ကတဲက ယုံကြည်ခဲ့သော ယင်းယဉ်ကျေးမှုဟောင်းသည် မဇ္ဈိမသား တို့အား ယခုအချိန်ထိ အမြစ်တွယ်ဆဲပင်ဖြစ်သည်။ ယုံကြည်ကျင့်သုံးနေကြဆဲပင် ဖြစ်ပေ ၏။  ပြီးခဲ့သည့်ရက်များအတွင်းက အလဟာဗာဒ်မြို့၊ ဂင်္ဂါ-ယမုနာဆုံစည်းရာ မြစ်ဆုံ၌ မဟာ ကုမ်မေလာ(Maha Kumbh mela) ရေချိုးပွဲတော်ကို ၅၅-ကြာ ကျင်းပပြီးစီးခဲ့လေ၏။ ထိုပွဲတော်မှ အပြန် ရေချိုးလာသူ အချို့တို့သည် ဗာရာဏသီမြို့သို့ ဆက်လာခဲ့ကြသည်။ ဗာရာဏသီ၊ ဂင်္ဂါမြစ်ကမ်းဘေးတစ်ဝိုက်တွင် သျှီဝဘုရား နေခဲ့ဘူးသဖြင့် ဆက်လက် ပူဇော်ဖို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ 

                                              ဂင်္ဂါမြစ်ကို ပူဇော်နေသူများ     
            ပူဇော်လာရောက်ကြသူတို့သည် ဂင်္ဂါမြစ်ကမ်းဘေးတစ်လျှောက် ပလတ်စတစ် အရွက်အကာမိုး ရွက်ဖျဉ်တဲလေးများကို စီတန်းကာ ဆောက်လုပ်ထားကြသည်။ ထိုမဏ္ဍပ်ငယ်လေးများ ထဲတွင် ဆာဒူးကြီးတို့သည် ထင်းမီးကို အမြဲဖိုထား၍ မန္တန်များရွက်ဖတ်ကာ ဂင်္ဂါမြစ်နှင့် နတ်ဘုရားကို ပူဇော်ကြသည်။ ဆာဒူကြီး အများစုသည် အ၀တ်မ၀တ်ကြဘဲ ဂင်္ဂါမြစ်ရေချိုးပြီး တစ်ကိုယ်လုံးကို ပြာဖြင့်လိမ်းကျံထားကြသည်။ ခေါင်းက ဆံပင်တို့ကို ရစ်ပတ်များစွာ ကျစ်ထားကြပြီး ပန်းများ၊ ပုတီးကုန်းကြီးများကို ပြွတ်သိပ်စွာ ပန်ဆင်ထားကြသည်။

       များပြားလှစွာသော ဆာဒူကြီးတို့သည် ယုံကြည်မှု ပြင်းပြင်းထန်ထန်ဖြင့် အ၀တ်မ၀တ်ကြဘဲ ကိုယ်တုံးလုံးတည်း နေထိုင်လျက် တစ်နေကုန် ပူဇော်ကြလေ၏။ လာရောက်ကြသူ ဟိန္ဒူဘာသာဝင်တို့က ထိုမဏ္ဍပ်ငယ်များကို တစ်ခုပြီး တစ်ခု လှည့်လည်ကာ တတ်နိုင်သမျှ အလှူငွေ ထည့်ဝင်၍ ပူဇော်ကြသည်။ ထိုအခါ ကိုယ်တုံးလုံး ဆာဒူးကြီးတို့က အသင့်ပူဇော်ထားသော ထင်းမီးဖိုမှ ပြာဖြင့် လာရောက်ကြသူတို့၏ နှဖူးကို တို့ပေးကာ ဆုတောင်းပေးကြသည်။ တစ်ခါတစ်ရံ မိမိ၏ ငယ်ပါ အင်္ဂါကို ၀ါးလုံးလေးဖြင့် ခပ်တင်းတင်း ရက်ပတ်ပြ၍ ပူဇော်ဟန်ဖြင့် ဂုဏ်ယူစွာ ကပြလေ၏။ ယိုသူမရှက် မြင်သူရှက်ကြရသည်ကတော့ သေချာလှ၏။ အချို့သူတို့က လက်အုပ်ချီပြီး ဂင်္ဂါမြစ်ရေထဲတွင် ထိုင်ထလုပ်လျက် ဂင်္ဂါမြစ်ကို ပူဇော်ကာ မကောင်းမှုကို မျှောကြ၏။ မတ်လ ၇-ရက်မှ ၁၂ ရက်နေ့ထိ ယဇ်မီးပူဇော်ပွဲကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်အုံးမည်ဟု ကြေငြာထားရသည်ကို တွေ့ခဲ့ရသည်။

                                                မီးဖြင့်ပူဇော်နေသည့် ဆာဒူးကြီး     
         မြတ်ဗုဒ္ဓသည် ထိုကဲ့သို့သော ကျင့်စဉ်ကို များစွာ ကဲ့ရဲ့ပေ၏။ အခါတစ်ပါး ရဟန်းတစ်ပါးသည် အ၀တ်မပါဘဲလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင်ဘုရား မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ခေါင်းပါးခြင်း ကိလေသာကို ခါထုတ်ခြင်း ကြည်ညိုဖွယ်ကိုဆောင်ခြင်း ကိလေသာကို ဖျက်ဆီးခြင်း လုံ့လကို အားထုတ်ခြင်း၏ ဂုဏ်ကို ချီးမွမ်းတော်မူလေ့ရှိ၏။

           အရှင်ဘုရား ဤအ၀တ်မ၀တ်ဘဲနေသောအကျင့်သည် များစွာသော အကြောင်း ဖြင့် အလိုနည်းခြင်းငှါ ရောင့်ရဲလွယ်ခြင်းငှါ ခေါင်းပါးခြင်းငှါ ကိလေသာကို ခါထုတ်ခြင်းငှါ ကြည်ညိုဖွယ်ကို ဆောင်ခြင်းငှါ ကိလေသာကို ဖျက်ဆီးခြင်းငှါ လုံ့လကို အားထုတ်ခြင်းငှါ ဖြစ်ပါ၏။ 
       အရှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် ရဟန်းတို့အား အ၀တ်မ၀တ် သောအကျင့်ကို ခွင့်ပြုတော်မူပါလော့”ဟု လျှောက်၏။ 

          ထိုအခါ မြတ်စွာဘုရားသည် “မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ဤအမှု သည် ရဟန်းတို့အား မလျော်ကန် မလျောက်ပတ်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မပြုသင့်။ မဂ်ဖိုလ်မမှီး အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် တိတ္ထိတို့ ဆောက်တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို ဆောက်တည် ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သောယောက်ျား ဤ(သင်ပြုမိသောအမှု)သည် မကြည် ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ၊ ကြည်ညိုပြီးသူတို့အား ကြည်ညိုတိုးပွားစေခြင်းငှါ မဖြစ်စသည်ဖြင့် ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် တိတ္ထိတို့ဆောက် တည်အပ်သော အ၀တ်မ၀တ်သော အကျင့်ကို မဆောက်တည်ရ၊ ဆောက်တည်သော ရဟန်းအား ထုလ္လစဉ်းအာပတ် သင့်၏ ဟု ပညတ်တော်မူလေ၏။(မဟာဝါ-၄၂၁) 

          တစ်ဖန် စူဠ၀ါ ပါဠိတော်တွင် အ၀တ်မ၀တ်သော ရဟန်းသည် အ၀တ်မ၀တ်သော ရဟန်းကို ရှိမခိုးရ၊ အ၀တ်မ၀တ်ဘဲ အလှူမခံရ၊ ဆွမ်း ဘောဇဉ် မသုံးရ၊ အ၀တ်မ၀တ်ဘဲ ထိုအမှုတို့ကို ပြုလုပ်ပါက ဒုက္ကဋ်အာပတ်သင့်၏ဟု ပညတ်တော်မူလေ၏။ (နှာ-၂၅၈) 

         ပါရာဇိကဏ်ပါဠိတော်တွင် မိုးရေခံ သင်္ကန်း ဟောင်းနွမ်းသဖြင့် အ၀တ်မ၀တ်ဘဲ မိုးရေချိုးကြသော ဆဗ္ဗဂ္ဂီ ရဟန်းတော်တို့ကို များစွာ ကဲ့ရဲ့တော်မူလေ၏။ ယင်းနောက် မိုးရေခံသင်္ကန်း ရှာမှီးရမည်အခါ၊ ၀တ်ရမည့်အခါ တို့ကို ပညတ်တော်မူ၏။ (နှာ-၃၆၄) 

       တစ်ရံရောအခါ မြတ်စွာဘုရားသည် ထူလုဇနပုဒ် ဥတ္တရကာနိဂုံးသို့ နောက်လိုက်ရဟန်း လိစ္ဆ၀ီမင်းသား သုနက္ခတ်နှင့် အတူ ဆွမ်းခံဝင်လေ၏။ ထိုအခါ သုနက္ခတ္တ ရဟန်းသည် အ၀တ်မ၀တ်သော ကောရက္ခတ္တိယ တက္ကတွန်း၏ ခွေးကဲ့သို လေးဖက်ထောက်သွားခြင်း၊ ပြာပုံဖို ခနောက်နေရာ၌သာ ၀ပ်ခြင်း၊ ခွေးလိုစားခြင်း ၊ ခွေးလိုဟောင်ခြင်း စသည်တို့ကို မြင်ရာတွင် ထိုတက္ကတွန်းကို များစွာ အထင်ကြီး လေးစားလေတော့၏။ 

    ထိုအခါ သုနက္ခတ္တရဟန်း၏ စိတ်အကြံကိုသိတော်မူသော မြတ်စွာဘုရားသည် ထိုရဟန်းကို သာကီဝင်မင်းသား ဘုရားရှင်၏ တပည့်သားရဟန်းဖြစ်လျက် သာသနာပ မိစ္ဆာအယူကို အထင်ကြီးရမည်လား-ဟု ကဲ့ရဲ့တော်မူလေ၏။ ထိုရဟန်းသည် မြတ်စွာဘုရားကို အဘယ်ကြောင့် အရဟတ္တဖိုလ်ကို ၀န်တိုရပါသနည်းဟု စွတ်စွဲလေ၏။ ထိုအခါ ဘုရားရှင်က “ မဂ်ဖိုလ်မမှီး အချည်းနှီးဖြစ်သော ယောင်္ကျား ငါသည် အရဟတ္တဖိုလ်ကို ၀န်မတို ၊ စင်စစ် သင့်အား ဤယုတ်မာသော အယူမှားသည် ဖြစ်ပေါ်နေ၏။ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်” ဟု မိန့်တော်မူ၏။ (ပါထိက၀ဂ္ဂ နှာ-၄) 

       ဥပရိပဏ္ဏာသပါဠိတော် ဒေ၀ဒဟသုတ်တွင် အ၀တ်မ၀တ်သည့် တက္ကတွန်းများကို ရည်ညွှန်းတော်မူကာ “ အို- ရဟန်းတို့ သတ္တ၀ါတို့သည် ဗြဟ္မာ( တန်ခိုးတော်ရှင်)၏ ဖန်ဆင်းမှုကြောင့်သာ ချမ်းသာခြင်း ဆင်းရဲခြင်းတို့ကို ခံစားရပါက ဤအ၀တ်မ၀တ်သည့် တက္ကတွန်းများကို ယုတ်မာ ဆိုးညစ်သည့် ဗြဟ္မာ (တန်ခိုးရှင်)က ဖန်ဆင်းသည် အမှန်ဖြစ်ပေလိမ့်မည်”ဟု   ဝေဖန်ထောက်ပြတော်မူလေသည်။ ( နှာ-၃၁)

                                          ဆာဒူးကြီးတို့နှင့် အမှတ်တရ            
     ထိုစာပေတို့ကို ထောက်ဆပါက အ၀တ်မ၀တ်သည့် အကျင့်ကို ဘုရားရှင် ကဲ့ရဲ့ကြောင်း ထင်ရှားလှပေသည်။ ဇာတ်စနစ်စွဲ ပြင်းထန်းလှသော မဇ္ဈိမသားတို့သည် ထိုအကျင့်ကို ယုံကြည်စွာ ကျင့်သုံးနေကြဆဲပင် ဖြစ်ပေ၏။ ငယ်စဉ် ပိဋကတ်စာပေတို့ကို သင်ယူခဲ့ရစဉ်အချိန်က စာပေတို့သည် ဒဏ္ဍာရီ စာပေတို့ကို သင်ယူရသကဲ့သို့ အရသာမတွေ့လှ၊ အလှမ်းကွာလွန်းလှ၏။ ယခု အိန္ဒိယတွင် နေထိုင်ရသည့်အခါမှ စာပေတို့နှင့် နီးစပ်ရတော့၏။ 


          လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀-ကျော်ကတဲက မြတ်ဗုဒ္ဓသည် ဤနေရာမှာပင် အတ္တကိလမထ ကျင့်စဉ်ကို အကျင့်မှားဟု ဖော်ထုတ်ပြခဲ့၏။ ယခုအချိန်ထိ ယင်းဒေသခံလူတို့က ဤကျင့်စဉ်ကို မှန်ကန်သောအယူဖြင့် ကျင့်သုံးနေဆဲပင်ဖြစ်၏။ ဟိရီသြတ္တပ္ပတို့ဖြင့် ထိန်းချုပ်ထားသော ဤကမ္ဘာဝယ် မဇ္ဈိမသားတို့သည် လောကလွန်ကျင့်စဉ်များကို ဆက်လက်ကျင့်သုံးနေကြပေ၏။ ထိုပုံရိပ်တို့ကို မြင်ရသော မိမိအနေဖြင့် အံ့သြမိသည်မှလွဲ၍ အခြားဆိုဖွယ်ရာစကား မရှိတော့ပါချေ..။


 သိမ်မွေ့ဦး (BHU) 
(၀၁-၀၃-၁၃)

No comments:

Post a Comment