သက္ကရာဇ်တွေလဲ
လောကဓံတွေနဲ့အတူ
အရွယ်ရောက်ပြီးသား။
ရင်ဘတ်တွေလဲ
အချစ်တွေနဲ့ အတူ
ထွန်ရေးညက်ပြီးသား..။
ကဗျာမှန်သမျှကို ကျွန်တော် နှစ်သစ်မြတ်နိုးသည်။ ကဗျာမှန်လျှင် ကာရန်ဖြင့် ဖွဲ့ရသော သံပေါက်၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုးမှစ၍ မော်ဒန်ကဗျာများမကျန် ခုံမင်စွာ ဖတ်ရှုခံစားသည်။ ’၀ါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်’ ‘ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းထွတ်မယ်’ စသော ကလေးကဗျာများသည် ရသမျိုးစုံကို ရရှိသဖြင့် နှစ်ခြိုက်လှသည်။ ယခုခေတ် ဖွဲ့သီနေကြသော မော်ဒန်ကဗျာများသည် ဖတ်ရှုသူတို့၏ စိတ်ကူးဥာဏ်ကို ကွန့်မြူးစေကာ ရှု့ထောင့်မျိုးစုံမှ ရသခံစားမှုတို့ကို ပေးစွမ်းနိုင်ပေ၏။
ကျွန်တော် ဆယ်ကျော်သက်အရွယ်က ၀ါသနာတူ ကဗျာအိုးလေးများ စုစည်းကာ ဥသြနွေ လူငယ်ကဗျာဝိုင်းကို ဦးဆောင်ကာ ဖွဲ့ခဲ့ဘူးသည်။ ကွန်ပျူတာ မရှိသေးသော အချိန်ဖြစ်၍ လက်ရေးမူတို့ဖြင့် မိတ္တူကူးကြကာ ကဗျာစာအုပ်လေး နှစ်အုပ်တော့ အောင်မြင်စွာ ထုပ်ဖြစ်ခဲ့ကြသည်။ ထိုကဲ့သို့ ကဗျာတို့ကို ရှုးသွပ်စွာ စွဲမက်ခဲ့သော်လည်း အနုပညာမြောက်အောင် ကဗျာတို့ကို ရေးဖွဲ့သီကုန်းရန် ကျွန်တော်တွင် ပါရမီမပါခဲ့။ ထိုကြောင့် ကဗျာချစ်သူ အဖြစ်သာ ကျေနပ်ရတော့သည်။
ကျွန်တော်တွင် ရင်နှီးခင်မင်သည့် မော်ဒန်ကဗျာဆရာတစ်ယောက်၊ ကာရန်ဖြင့် ဖွဲ့သော ကဗျာဆရာတစ်ယောက်ရှိခဲ့ဘူးသည်။ သူတို့နှင့်ကျွန်တော် တွေ့လျှင် ထမင်းမေ့၊ဟင်းမေ့ ကဗျာအကြောင်း၊ စာအကြောင်းတို့ကို ဆွေးနွေးကြသည်။ ဆွေးနွေးဆိုသော်လည်း ကျွန်တော်ဘက်က ဆွေးနွေးခြင်းက အနဲငယ်သာ။ သူတို့ ရှင်းပြသမျှကို အံ့သြဘနန်း နားထောင်ရသည်က များသည်။ ကာရန်ကဗျာဆရာက မောင်စိန်ဝင်း ကဗျာတို့ကို အခြေခံကာ သူစပ်သမျှ ကဗျာတို့ကို ရွက်ပြကာ ခံစားစေသည်။ သူ့ကဗျာအများစုကို ကျွန်တော် နှစ်သစ်သည်က များသည်။ အထူးသဖြင့် သိဒ္ဓတ္တမင်းသား ၏ တောထွတ်ကာ ပစ်ခွါသွားသဖြင့် ယသော်ဓရာ၏ အထီးကျန် ခံစားချက်ကို ဖွဲ့သီသောကဗျာနှင့် မြတ်ဘုရားသာသနာကို ချစ်မြတ်နိုးကာ သာသနာဘောင်တွင် အရိုးထုတ်တော့မည့် ရဟန်းငယ်တစ်ပါး၏ ခံစားချက်ကို ရေးစပ်သော ‘ဘ၀မိုးမြေ’ ဟူသော ကဗျာတို့ကို မှတ်မှတ်ရရ ရှိနေခဲ့သည်။
‘ဘ၀မိုးမြေ’
ရီဝေပိန်းပိတ်
ဟိုး…အတိတ်က
အရိပ်သည်ပင်
ပီပြင်ထင်ခဲ့။
ငယ်စဉ်ကကျွမ်း
သဲဦးပန်းနှင့်
ချစ်ခန်းပြန်ကာ
ဖွင့်လိုပါလည်း…
သာသနာအတွက်
ပေးအသက်မို့
ဆက်စပ်မရ
ပစ္စက္ခသည်
ဘ၀မိုးမြေ
ခြားပြီတည်း..။
မိတ်တွေ မော်ဒန်ကဗျာဆရာကတော့ ထိုသို့မဟုတ်။ သူ၏ ခံစားမှု တို့ကို မော်ဒန်ဝါကျလှလှလေးတို့ဖြင့် ရေးခြစ်သည်။ တစ်ခါတွင် သူ မန္တလေး မဟာမြတ်မုနိ ဘုရား သွားဖူးရင်း ဘုရားရင်ပြင်မှ အလှပန်းပင်တို့ကို ကပ်ကြေးဖြင့် ညှပ်ပြီး ပြုပြင်နေသည်ကို မြင်ခဲ့ရသည်။ ယင်းနောက် တောသစ်ရိုင်း ဟူသော မော်ဒန်ကဗျာ တစ်ပုဒ် သူ့ရင်မှ ထွတ်ကျလာသည်။
ကဗျာစာသားတို့ကို မမှတ်မိသော်လည်း တောထဲက တောသစ်ရိုင်းပင်တို့မှာ ပြုပြင်သူမရှိ၊ သူ့ဘာသာသူ လွတ်လွတ်လပ်လပ်ဖြင့် အစွမ်းကုန် ရှင်သန်နိုင်ပေသည်။ သူ့ကိုလဲ မည်သူမျှ သတိမထားပေ။ သို့သော် သူ၏ လွတ်လပ်မှုဖြင့် သူ့ဘ၀သူ ကျေနပ်နေသည်မှာတော့ သေချာသည်။
အလှသစ်ပင်တို့ကတော့ ထို့သို့မဟုတ်၊ နေ့တိုင်းပြုပြင်ခံနေကြရသည်။ သူ့ဘ၀သူ လွတ်လပ်စွာ ရှင်သန်ခွင့်မရကြ။ သူ၏ အလှကြောင့် သူနှင့်အတူ တွဲဖက်ကာ ဓာတ်ပုံရိုက်နေကြသူတွေလည်း များမှများ။ သို့သော် သူ၏ တစ်ကိုယ်ရေ လွတ်လပ်မှု ကတော့ အားလုံးဆုံးရှုံးသွားတော့၏။ ထိုသစ်ပင်နှစ်ပင်တွင် သူ့ဘ၀ကို မြို့မှ အလှသစ်ပင်လို မဖြစ်လိုဘဲ တောသစ်ရိုင်းပင်လို ဖြစ်ချင်၏ဟု ရေးဖွဲ့ခြင်းဖြစ်၏။
ကျွန်တော်မှာ ထိုကဗျာကို ကြိုက်လိုက်ရတာ အရှုးအမူး။ ကျွန်တော်ကဲ့သို့ပင် နိုင်ငံရေးအမြင် ရှိသူတို့ကလဲ စစ်အာဏာအောက်တွင် ပြားပြားဝပ် နေရသော သူတို့၏ဘ၀နှင့် ခံစားကာ နှစ်သစ်ကြသည်။ လူကြီးတို့၏ ထိန်းချုပ်အောက်တွင်နေရသော ဆယ်ကျော်သက် တို့ကလည်း သူတို့၏ လွတ်လပ်မှုအတွက် ခံစားကာ နှစ်သစ်ကြလေ၏။
သူ၏ ကဗျာတို့တွင် အများစုကို ကျွန်တော် နှစ်သစ်သည်။ သူ၏ ကဗျာတစ်ပုဒ်လုံးကို အမှတ်မရသော်လည်း အမြဲ စွဲမက် အမှတ်ရနေသည့် ကဗျာပိုဒ်လေး တစ်ပိုဒ်ရှိသည်။ ယင်းပိုဒ်လေးကို ကျွန်တော်ရင်မှာ အမြဲသိမ်းထားဖြစ်သည်။
‘သက္ကရာဇ်တွေလဲ လောကဓံတွေနှင့်အတူ အရွယ်ရောက်ပြီးသား’ တဲ့။ မှန်လိုက်လေ။ ကျွန်တော်အရွယ် ဆယ်စုနှစ် သုံးခု ကျော်ခဲ့ပြီမို့ ကျွန်တော်သက္ကရာဇ်တွေ အရွယ်ရောက်ခဲ့ပြီးပြီ။ ထိုသက္ကရာဇ်များအတွင်း ကျွန်တော်လည်း လောကဓံမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရပြီးပြီ။ တစ်ခါတစ်ရံ လောကဓံကို အနိုင်ယူနိုင်ခဲ့သလို အရှုံးပေးခဲ့ရတာလည်း အကြိမ်ကြိမ်ပင် ဖြစ်သည်။
‘ရင်ဘတ်တွေလဲ အချစ်တွေနှင့်အတူ ထွန်ရေးညက်ပြီသား’ တဲ့။ အင်..ဒါတော့.. ဒါတော့..။ ဘ၀ကံတရား၏ ဖေးမမှုအရ ကျွန်တော်မှာ ငြိမ်းချမ်းသောနေရာတွင် ကြီးပြင်းခဲ့ရသည်။ ရပ်တည်နေ ရသည့် နေရာ၊ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တို့က လျှပ်ပေါ်လော်လီမှုကို ခွင့်မပြု။ ထိုကြောင့် မခုတ်တတ်သော ကြောင်ကလေး ကဲ့သို့ သိုသိပ်စွာ နေထိုင်ခဲ့ရသည်။ သို့သော် ကျွန်တော်နှလုံးသားသည် သံမဏိကဲ့သို့ မာကျောသော အသဲနှလုံးကား မဖြစ်ခဲ့ပေ။ ထိုကြောင့် ဖွင့်ပြောခွင့် မရခဲ့သော်လည်း တစ်ဘတ်သတ်နှင့် ကြိတ်ဆွေးခဲ့ရသည်မှာ အကြိမ်ကြိမ်။ သောကတွေ ပွေ့ဖက်ခဲ့ရသည်မှာ အအိပ်ပျက် အစားပျက်။ ဖြေဆေးအဖြစ် ၀ဋ်ရှိသမျှ ခံပေတော့ဟု ဖြေတွေးလေး တွေးပြီးတော့လည်း နေခဲ့ဘူးသည်။
သေချာသည်က ကျွန်တော်၏ ရင်ဘတ်မှာ အချစ်ထွန်သွားတွေနှင့် ကြိမ်ဖန်များစွာ ထွန်ခဲ့ဘူးပြီ။ ကျွန်တော်မိတ်ဆွေကတော့ ထွန်ရေးညက်ပြီသားတဲ့။ ကျွန်တော် ရင်ဘတ်တွေရော..။ ဟင်… မညက်သေး. မညက်သေး..၊ စိုက်ပျိုးရန် အဆင်သင့် မဖြစ်သေးဟု ပွင်းလင်းစွာ ၀န်ခံရတော့မည်။
ယခုဆိုလျင် ပြည်ပရောက်နေသည်မို့ ကျွန်တော်မိတ်ဆွေ ကဗျာဆရာတွေနှင့် မတွေ့ရသည်မှာ ခြောက်နှစ်ပင် ကျော်ခဲ့ပေပြီ။ ခုလောက်ဆိုလျင် သူတို့လည်း ကဗျာပုဒ် များစွာ မွေးဖွားပြီးလောက်ပေပြီ။ နောက်တစ်ခါ ပြန်တွေ့လျင် သူတို့၏ကဗျာတို့ကို နားထောင်ကာ တ၀ကြီး ခံစားရပေအုံးမည်။ ပြီးတော့ ထွန်ရေးမညက်သေးသည့် မိမိ၏ ရင်ဘတ်ကြီး အကြောင်းကို လည်း ပြောပြရပေအုံးမည်။ စာရှု့သူ.. မိတ်ဆွေတို့၏ ရင်ဘတ်တွေရော ထွန်ရေးညက်ကြပြီလား.။ ထွန်ရေးညက်ပြီး ကုသိုလ်မျိုးစေ့များ အမြန်စိုက်ပျိုးနိုင်ကြစေဟု မျှော်လင့်မိပေသည်။
သိမ်မွေ့ဦး (BHU)
(၀၇-၀၃-၂၀၁၃)
No comments:
Post a Comment