ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

17/08/2012

မျက်ဖြေ

1. စီးဆင်း ရင်ခွင် | 8/17/2012 | 2. 3. 4. 5. 6. Best Blogger Tips


သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း၊၊

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျှာတည်း၊၊

ကြင်နာသနား၊ ငါ့အားမသတ်၊ ယ္ခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကြည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည်း၊၊

ရှိခိုးအကျွန်၊ ပန်ခဲ့တုန်၏၊ ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လက်တွန်မူ၊ တုံ့မယူလို၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျင်ပေးသည်၊ သွေးသည်အနိစ္စာ၊ငါးခန္ဓာတည်း၊၊ ၊၊
                                                               အနန္တသူရိယအမတ်ကြီး
  Type rest of the post here

08/08/2012

ရှစ်ဆယ့်ရှစ် နှင့် ဤအရှင်

1. စီးဆင်း ရင်ခွင် | 8/08/2012 | 2. 3. 4. 5. 6. Best Blogger Tips


          ရှစ်လေးလုံး အရေးတော်ပုံ ( ၂၄ )နှစ်ပြည့် အထိမ်းအမှတ်ပွဲများအကြောင်းကို ဖေ့ဘွတ်တွင် ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖတ်ရှု့နေရသည်။ ၈၈- ကျောင်းသား ခေါင်းဆောင်များက ဦးဆောင်ကာ မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်တွင် ကျင်းပကြပုံ၊ သံဃာတော်များကို ၀ါဆိုသင်္ကန်းများ ဆက်ကပ်နေကြပုံတို့ကို ကြည်နူးဖွယ် တွေ့မြင်ရသည်။ မနေ့ကလဲ ၀န်ကြီး နှစ်ဦးလာရောက်ကြပြီး အလှူငွေများ ပေးအပ် ခဲ့ကြပုံတို့ကို မြင်တွေ့ခဲ့ရသည်။ တစ်ဦးနှင့်တစ်ဦး အာဃာတမထားဘဲ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တွေ့မြင်ရသောကြောင့် အမှောင်ထဲက ထွတ်ပေါ်ခါစ ဖြစ်သော အမိနိုင်ငံတော်ကြီးအတွက် အားတက်မိတော့သည်။ တွေးမိတိုင်း ကြည်နူးနေ မိတော့သည်။ 

         ၈၈- အရေးအခင်း ကာလတုံးက ဤအရှင် ၁၀ -နှစ်သား အရွယ် ဖြစ်သည်။ ဇာတိ ချက်ကြွေ မွေးရပ်မြေရွာ၌ အတန်းပညာ ၅-တန်းကို စတင်တက်ရောက်ခါစဖြစ်၏။ ကလေးသဘာဝ နိုင်ငံရေးကို နားမလည် စိတ်မ၀င်စားသော်လည်း လူကြီးများ၏ ပြောစကားကို ကြားရသောကြောင့် ဆန္ဒပြပွဲများ ဖြစ်နေကြောင်း နှင့် တီဗွီမှ ဗိုလ်ချုပ်နေ၀င်း နောက်ဆုံးပြောကြားခဲ့သော သေနပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး ဟူသော မိန့်ခွန်းကို ကောင်းမွန်စွာ မှတ်မိနေခဲ့သည်။


        မြို့တွင် ကျောင်းတက်နေကြသော ရွာမှ ၁၀-တန်း ကျောင်းသားကြီးများက ဦးဆောင်ကာ ရွာတွင် နိုင်ငံရေးဟောပြောပွဲများ ပြုလုပ်ကြသည်။ ဟောပြောကြသူများတွင် သံဃာတော်များ၊ နိုင်ငံရေးသမားများ၊ကျောင်းသားများ စုံလင်သည်။ ဘာရယ်ဟု ဂဃနဏ မသိသော်လည်း လက်ခုပ်များတီးကာ အားပေးကြရင်း သူငယ်ချင်းစုံကာ ကစားခွင့် ရကြသဖြင့် ပျော်ခဲ့ရသည်။


         တစ်နေ့ ကျောင်းတက်ရန်သွားကြရာ ဆရာများ မရောက်သေးသဖြင့် ဆော့ရင်း စောင့်နေကြရသည်။ ၈-တန်း ကျောင်းသားကြီးများ ၏ ပြောစကားများအရ ကျောင်းများ ပိတ်တော့မည်ဟုလဲ သတင်း ကြားနေ ရသည်။ ရောက်လာကြပြီးသော ဆရာများကလဲ စာမသင်သေးဘဲ ဆရာများစုံလင်ရန် သာ စောင့်နေကြသည်။ ဆရာများစုံညီသောအခါ အစည်းအဝေးထိုင်ကြ၏။ ယင်းနောက် ဆရာ တစ်ယောက်ထွတ်လာကာ “ ကဲ…တပည့် တို့ အားလုံး နားထောင်ကြ၊ ကျောင်းတွေကို ရက် အကန့်အသန့် မရှိ ပိတ်တယ်၊ နောက်မှ ကျောင်းဖွင့်ရက်ကို ထပ်မံကြေညာပေးမယ်”ဟု အော်ပြောလေ၏။ ဝေး…ဟူသော အသံကြီးကို ကျောင်းသားများ ပျော်ရွှင်စွာ အော်ကြရင်း ခုန်ပေါက်ပြေးလွှားကာ အိမ်ပြန် ကြတော့၏။ ဤအရှင်လဲ အများနည်းတူပင် ကျောင်းပိတ်ပြီဆိုသဖြင့် အပျော်ကြီး ပျော်ခဲ့တော့၏။


         ထို့နောက် ဆန္ဒပြပွဲများက ပို၍ စည်းကားလာသည်။ ဤအရှင်တို့ ရွာမှ မြို့ပြန်ကျောင်းသားကြီး၏ ဦးဆောင်မှုဖြင့် တစ်ရွာလုံးနီးပါး ဆန္ဒပြရန် ထွတ်လာကြသည်။ ကလေးမြို့သို့ သွားကာ ဆန္ဒပြကြရန် ကားများစီးစဉ်ထားသဖြင့် ကြွေးကြော်သံများ ဟစ်ကြွေးကြရင်း တစ်ရွာလုံးက တက်ကြွနေတော့သည်။


        ခက်သည်က ဤအရှင်တို့ ကလေးတစ်သိုက်၊ ဟစ်ကြွေးသံများ ကြားရသောကြောင့် ပျော်နေကြပြီ။ လူကြီးများနှင့် အတူ ကလေးမြို့သို့ လိုက်ကာ ဆန္ဒပြချင်ကြသည်။ လူကြီးများက ကလေးများ မလိုက်ရဟု တားမြစ်ထားသဖြင့် လိုက်ခွင့်မရကြပေ။ ဤအရှင်တို့ ကလေးငယ်အုပ်စုတွင် ကလေးမြို့ကို ရောက်ဖူးသော သူငယ်ချင်းတစ်ယောက်ရှိ၏။ သူက မြို့သို့ သွားရန် လမ်းသိသည်၊ ကြိုတင် သွားနှင့်ကြမည် ဟုအကြံပြု သဖြင့် အားလုံးသဘောတူကြကာ ခြေလျဉ် နှင်ကြတော့သည်။

          ဤအရှင်တို့ အုပ်စု အတော်လေး ခရီးပေါက်မှ ရွာမှ ထွတ်လာကြသော ဆန္ဒပြကားများ ထွတ်လာကြသည်။ လမ်းတွင် ဤအရှင်တို့ ကလေးများကို တွေ့သောအခါ ဆူပူပြီး ကားပေါ်သို့ တင်ပေးကြသည်။ ငယ်ငယ်က လူကြီးများကို အမြင်ကတ်ခဲ့သော်လည်း ကြီးလာမှ ကလေးများ ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် တားမြစ်သည်ကို နားလည်မိတော့သည်။


        ဆန္ဒပြသွားရာတွင် အသံချဲ့စက်ဖြင့် ကိုယ့်ရွာမှ ကလေးများကို လူစုမကွဲစေဘဲ စောက်ရှောက် ကြရန် နှိုးဆော်ပေးနေသည်။ ထို့ကြောင့် ဤအရှင်တို့ အုပ်စုက လူကြီးများရှေ့တွင် နေရာယူရသည်။ တစ်မြို့လုံးကို လှည့်ပတ်ကာ ကြွေးကြော်သံတွေ ကြွေးကြော်ကြရသည်။ ဒါနရှင်များက မုန့်ပဲသရေစာ၊ စားစရာများ ဝေငှကြသောအခါ ကလေးများက ဗိုက်ဆာနေမည်၊ ကလေးများကို အရင်ကျွေးပါဟု ကရုဏာကြီးလှသော လူကြီးများ၏ စေတနာကြောင့် ဤအရှင်တို့အုပ်စု ဗိုက်ကားအောင် တီးကြရသည်။ အော်ခဲ့ကြရသော ကြွေးကြော်သံများကိုလည်း ယခုအချိန်ထိ မှတ်မိနေသေးသည်။ ယခင်က နားမလည်ခဲ့သော်လည်း ယခုတော့ နားလည်လာမိပြီ။


“၂၆ နှစ်ကာလ စစ်အစိုးရ ဘာတွေလုပ်ခဲ့သလဲ”
“ပြည်သူတွေကို သတ်၊ ခေါင်းပုံဖြတ်၊ အမြတ်ကြေးငွေတွေထုပ်ခဲ့တယ်”
“မဆလ ပါတီ ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”
“အိမ်စောင့်အစိုးရ ဖွဲ့စည်းရေး ချက်ခြင်းပေး ချက်ခြင်းပေး။”
“ဒီမိုကရေစီတိုက်ပွဲ အောင်ရမည်။”
“နေ၀င်း စိန်လွင် ခုံရုံးတင်စို့၊ မောင်မောင် အစိုးရ ဒို့ဖြုတ်ကြစို့။”
“သပိတ် သပိတ် မှောက်မှောက်၊ ဆန္ဒ ဆန္ဒ ပြပြ။”
“အရေးတော်ပုံ အောင်ရမည်။”
“စစ်သားတွေမှာ ချိုင်းထောက် ချိုင်းထောက်”
“ပြည်သူတွေမှာ ဗိုက်မှောက် ဗိုက်မှောက်”
“ သပိတ် သပိတ် မှောက် မှောက်။”
“ဆန္ဒ ဆန္ဒ ပြပြ။”


         နှစ်တွေ ကြာခဲ့ပြီမို့ ယင်းလောက်ပဲ မှတ်မိတော့သည်။ ဟောပြောပွဲကြီးကို လေယာဉ်ကွင်းဘေးက လမ်းမကြီးတွင် ပြုလုပ်သည်။ ဗိုလ်ချုပ် နေ၀င်း၏ ဓာတ်ပုံ ကို ဇောက်ထိုးပြုကာ ကြိုးကွင်းတပ်ဆွဲ ထားပြီး ခေါင်းတလားတစ်ခုကို ကျောင်းသားများက ထမ်းလာကြသည်။ ခေါင်းတလားတွင် ဗိုလ်နေ၀င်းနာမည်နှင့် အသက်ကိုလည်း ရေးထားသည်။ ဘုန်းကြီးတစ်ပါးက သရဏဂုံတင်ပေးသည်။ ဤအရှင် ငယ်သေးသမို့ ဗိုလ်နေ၀င်း၏ တကယ်သေသော အလောင်းကို သရဏဂုံတင်ပေးသည်ဟု ထင်ခဲ့သည်။ ယခုရေးနေသည့် အချိန်ထိ မျက်စိထဲတွင် ယင်းမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရောင်နေ မိသေးတော့သည်။


          သပိတ်များခေါင်းစွက်ကာ ချီတက်လာကြသော ကိုရင်များကို သဘောကျခဲ့သည်။ ကလေးမြို့တွင် လမ်းမဘေး ၀ဲယာ တစ်လျှောက် ကုက္ကိုလ်ပင်များ စီတန်းလျက်ရှိသည်။ ယင်းကုက္ကိုလ်ပင် တိုင်းတွင် တော်လှန်ရေးတိုက်ပွဲ အောင်ရမည်၊ ရာဇပလ္လင် ခွေးတက်လို့ သားတို့ သေကြရတယ် အမေ..စသော စာတမ်းများကပ်ထားသည်ကို မြင်တွေ့ရသည်။ ဤအချိန်က စစ်ကား ဇာတ်လမ်းများ သဘောကျချိန်မို့ တိုက်ပွဲဟူသော စာတမ်းကို ဘ၀င်မတွေ့ခဲ့။ တစ်ယောက်နှင့် တစ်ယောက် မတိုက်ရဘဲ ကြွေးကြော်သံ လှည့်ပတ်အော်နေရသည်ကို တိုက်ပွဲဟု ဘာကြောင့် ခေါ်ရတာလဲ ဟု နုနယ်သော ဦးနှောက်ဖြင့် စဉ်းစားခဲ့မိသေးတော့သည်။ မြို့အာဏာပိုင် လူကြီးများနှင့် ကျောင်းသား ပြည်သူ များ သတ်ကြဖြတ်ကြသောအခါမှ တိုက်ပွဲကို ရေးတေးတေး နားလည်သလို ဖြစ်ခဲ့သည်။ ဆန္ဒပြပွဲအတွင်း “ဒီမိုကရေစီဈေး ဦးထုပ်တစ်လုံး တစ်ကျပ်”ဟု ရောင်းချသဖြင့် မောင်နှမ နှစ်ယောက် တစ်ယောက် တစ်လုံး စီ ၀ယ်ကာ ဆောင်းခဲ့ ကြရသည်။


       ကျောင်းတွေလည်း မတက်ရတော့သဖြင့် တစ်နေကုန် သူငယ်ချင်းများနှင့် ကစားရင်း အချိန်ကုန်ကြသည်။ ထိုအချိန် ဦးကြီးတော်စပ်သူ ဦးဖိုးငိုက နေပူထဲ ဆော့နေတဲ့ အတူတူ ဘုန်းကြီးကျောင်းထားတာမှ စာတတ်ပြီး လိမ်မာအုံးမယ်ဟုဆိုကာ ဘုန်းတော်ကြီးထံ အပ်နှံပေးခဲ့သည်။

        ထိုအချိန်မှ စတင်၍ ကိုရင် ၀တ်ကာ ဤအရှင်လဲ သာသနာ့ဘောင်သို့ ရောက်ခဲ့တော့၏။ စာသင်ကျောင်းများ ပြန်ဖွင့်ချိန်တွင် ရှင်လိင်ပြန်ကာ စာသင်ကျောင်းကို ဆက်တက်ချင်သော်လည်း ဆရာ ဘုန်းကြီး၏ အဆုံးအမကြောင့် သာသနာဘောင်တွင် ပျော်ပိုက်ခဲ့တော့၏။ ကိုရင်ဘ၀ဖြင့် စာသင်တိုက်တို့တွင် ပညာသင်နေချိန် သီတင်းသုံးဖော်များက သင်္ကန်းဝတ်တာ ဘယ်လောက်ကြာပြီလဲ ဟုမေးလျှင် “နအဖ နှင့် သက်တန်းအတူတူပဲ။ သူတို့ စစ်အာဏာပြုတ်သွားရင် တပည့်တော်လဲ လူထွတ် တော့မယ်”ဟု စနောက်ကာ ဖြေခဲ့ဘူးသည်။


         ယခုတော့ ဤအရှင်၏ သင်္ကန်းသက် ၂၄ -နှစ်နီးပါး ရှိခဲ့ပေပြီ။ စစ်အာဏာရှင် လည်း ပြုတ်သွားပေပြီဟု ယူဆရပေသည်။ ဤအရှင်လည်း သင်္ကန်းဝတ်နှင့် ပျော်နေဆဲပင်ဖြစ်ပေသည်။ မိမိ စွမ်းနိုင်သမျှ သာသနာ့တာဝန်ကို ဆက်လက် ထမ်းဆောင်နေမည်ဟု ယုံကြည်နေမိလေတော့သည်။
                                                                         သိမ်မွေ့ဦး (BHU )
                                                                           (၀၈-၀၈-၂၀၁၂)


07/08/2012

အလွမ်း

1. စီးဆင်း ရင်ခွင် | 8/07/2012 | 2. 3. 4. 5. 6. Best Blogger Tips


အခါတစ်ပါးမှာလ
တိုင်းခြားကိုရောက်ခဲ့တယ် ..။
ကိုယ့်ဝတ်စုံ အသာချွတ်ကာပ..
သူ့ ဝတ်စုံ အသာစွပ်လို့ ရယ်..
ဝတ်ဆင်ရတယ်..။

သူ့ စကားကိုလည်း
နှုတ်ဖျား တလှိုင်လှိုင်နဲ့ 
မမောနိုင် စာဆိုပြောကာပ
ရောနှောလို့  ဟန်ရေးကြွယ်
သူတို့ နှယ် ထင်ယောင်မှား ..။

သို့ ပေမယ့်လျှင်
သူ့ အသွင် အစာစားပြန်တော့
သူ့ အစား ဘယ်လိုမြိုင်လည်း
မမြိန်နိုင် လျှာမတွေ့ လေဘု
ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်
တို့ စရာ ဆန်ထမင်းရယ်နဲ့ 
ငပိကြော် ချဉ်ပေါင်းဟင်းကိုလ
ချက်ချင်းပင် စားလိုက်ချင်ရဲ့ 
စာဆိုရှင် မျှော်ယောင်တပါလို့ 
အမိမြေ ကိုယ့်ဒေသကိုကွယ်
လွမ်းရသည် တကား …။

မင်းယုဝေ ( ခေတ္တ အမေရိကန် )
    ၁၀.၁၁.၁၉၇၆
Type rest of the post here

02/08/2012

ရွှေပြည်ဌာန သာချင်စွ

1. စီးဆင်း ရင်ခွင် | 8/02/2012 | 2. 3. 4. 5. 6. Best Blogger Tips


“ရွှေပြည်ဌာန သာချင်စွ”


အိပ်ရာဝင် ဘုရားဖူးစဉ်
တရားဦး ဓမ္မစကြာကို
မြတ်စွာ ဗုဒ္ဓ ဟောညွှန်ပြရာ
မိဂဒါဝုန် သားမျိုးစုံသည့်
ရဂုံမြိုင်တလျှောက်
ငါ ကိုယ်တိုင် ရောက်ဘိသကဲ့သို့
တအောက်မေ့မေ့ ချမ်းမြေ့မြေ့နှင့်
လွမ်းငွေ့ဝေရ လပြည့်ည။

ဗုဒ္ဓ ဓမ္မ သံဃာ့ အရိပ်
မိရိပ် ဖရိပ် ဆရာရိပ်၌
အိပ်စက်ခဲ့ဖူး ထိုကျေးဇူးကို
ကြည်နူး ချမ်းမြ သတိရ
သြကာသ သြကာသ။

အခွင့်ပန်၍ မာန်ကို လျှော့ဖြေ
မေတ္တာဝေခိုက်
ကိုယ့်မြေရှိရာ ဦးချကာ
ကျန်းမာ ချမ်းသာ ပန်းပမာ
သဗ္ဗေ သတ္တာ အဝေရာ
မင်္ဂလာသုခ အရကြီး ရ
အဆိပ်မှန်သမျှ လျှောကာကျ
သားရွှေအိုးထမ်း အိမ်ပြန်လှ
ရွှေပြည်ဌာန သာချင်စွ။

             တင်မိုး  


Type rest of the post here

01/08/2012

တကယ့်လူ

1. စီးဆင်း ရင်ခွင် | 8/01/2012 | 2. 3. 4. 5. 6. Best Blogger Tips



        တစ်နေ့ တက္ကသိုလ်ဝင်တန်းရှိ ကျွန်တော့်သူငယ်ချင်းကို တွေ့ဆုံရန် သူ့အခန်းသို့ ရောက်လာသည်။ ကျွန်တော် ထိုအခန်းအတွင်းသို့ ဝင်လိုက်ချိန်မှာပင် ဆရာ မစ္စတာ ၀ါရှင်တန်ကလည်း နောက်မှ လိုက်ဝင် လာသည်။ ပြီးနောက် ကျွန်တော့်ကို ကျောက်သင်ပုန်းကြီးဆီသို့သွားပြီး တစ်ခုခုသွားရေး ရန် ပြောလိုက်သည်။ ကျွန်တော်က မလုပ်နိုင်ကြောင်း ပြောသည့်အခါတွင် ဆရာက "ဘာကြောင့်လဲကွ" ဟု ပြန်မေးလိုက်သည်။

         "ကျွန်တော် ဆရာ့တပည့်မဟုတ်ပါဘူး"

         "ကိစ္စမရှိဘူး။ မင်းရေးချင်တာ သွားရေးခဲ့"

           "မရေးနိုင်ဘူးဆရာ"

  "ဘာကြောင့်လဲကွ"
   ကျွန်တော်က ခေတ္တငြိမ်နေမိလိုက်သည်။ စိတ်ထဲတွင်လည်း အတော်လေးကသိကအောက်ဖြစ်နေမိသည်။ ကျွန်တော်က

   "ကျွန်တော် စိတ်ဖွံ့ဖြိုးမှုအားနည်းသူအဖြစ် သတ်မှတ်ခံထားရလို့ပါ"

ဆရာက သူ့စားပွဲဆီသို့ ပြန်သွားပြီး ကျွန်တော့်ကို စိုက်ကြည့်ကာ

   "မင်းဘယ်တော့မှ အဲဒီလိုမပြောနဲ့။ တစ်ယောက်ယောက်က သတ်မှတ်လိုက်တာနဲ့ မင်းကိုယ်မင်း အဲဒီလို ဖြစ်နေပြီလို့ ဘယ်တော့မှ မသတ်မှတ်နဲ့"

    ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်လေးသည် ကျွန်တော့် စိတ်ကို ပေါ့ပါးသွားသလို ခံစားလိုက်မိ သည်။ ကျွန်တော်စိတ်ထဲတွင် အခြားကျောင်းသားတွေက ဝိုင်းလှောင်ကာ အရှက်ခွဲခံရလိမ့်မည်ဟု ထင်ထားရာမှ မမျှော်လင့်သော စကားကိုကြားလိုက်ရခြင်းလည်းဖြစ်သည်။

       သူတို့က ကျွန်တော့်ကို အထူး ပညာပေးခြင်းခံနေရသူတစ်ယောက်အနေဖြင့် သိသွားသော်လည်း ကျွန်တော့်စိတ်ထဲတွင် လွတ်လပ်ပေါ့ပါး နေမိသည်။ အဘယ်ကြောင့်ဆိုသော် ဆရာပြောလိုက်မှ ကျွန်တော်သည် အခြားသူတစ်ယောက်၏ ပြောစကားနှင့် မှတ်ချက်အောက်တွင် မရှင်သန်နေသင့်ကြောင်း သိမြင်ခွင့်ရသွားသောကြောင့်ဖြစ်သည်။

      ထိုအချိန်မှစပြီး ကျွန်တော်သည် ဆရာ့ကို ကျွန်တော့်ဆရာအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ကျွန်တော် စာမေးပွဲနှစ်ကြိမ်တိုင် ကျရှုံးခဲ့သည်။ ထို့ကြောင့် ၅ တန်းအရောက်တွင် ပညာရေးဖွံ့ဖြိုးမှုချွတ်ယွင်းသည့် စာရင်း အသွင်းခံရပြီး ၄ တန်းသို့ပြန်ချခြင်း ခံရသည်။ နောက်တစ်ကြိမ် ၈ တန်းအရောက်တွင် စာမေးပွဲထပ်ကျပြန်သည်။ အရှုံးတွေကြောင့် စိတ်ပျက်နေသည့်ကျွန်တော့်ကို ဆရာပြောလိုက်သည့်စကား တစ်ခွန်းက ဘဝပြောင်းသွားစေလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။

        ဆရာက ကျွန်တော့်ကို စာဆိုကြီး ဂိုသီ၏ စကားတစ်ခွန်းကို ပြောပြခဲ့သည်။

   "လူတစ်ယောက်ဟာ၊ သူ့ဘဝကို သူလျှောက်လှမ်းနိုင်ရမယ်၊ အဆိုးဆုံးတွေနဲ့ ရင်ဆိုင်နေရ လည်း လျှောက်လှမ်းရမယ်၊ အဲဒီလိုလျှောက်နိုင်မှသာ လူဖြစ်တယ်" ဆိုသည့်စကား ဖြစ်သည်။

        နောက်ပြီး ဆရာက ကယ်လ်ဗင် လွိုက်၏ စကားတစ်ခွန်းကိုလည်း ပြောခဲ့သေးသည်။

   "မျှော်လင့်ချက် ကင်းမဲ့နေပြီဆိုတဲ့ကောင်တွေဟာ ဘယ်တော့မှ နာလန်မထူနိုင်ဘူး" ဟူ၍ဖြစ်သည်။

     ဆရာက ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ အမြဲထားခိုင်းသည်။ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေရသည့်ပုံစံဖြစ်စေရန် အမြဲတိုက်တွန်းတတ်သည်။

    တစ်နေ့တွင် ဆရာသည် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားများအတွက် နှုတ်ဆက်ပွဲတွင် စကားပြော မည်ဆိုသည့် သတင်းကြားလိုက်ရသည်။ ထိုစဉ်က ကျွန်တော်သည် တက္ကသိုလ်ဝင်တန်း မအောင်သေး။ ဆရာက ကျောင်းသားကြီးများကို

        "မင်းတို့ဟာ ကြီးမြတ်သူတွေဖြစ်တယ်။ မင်းတို့ဟာ တကယ့်လူတွေဖြစ်တယ်။ မင်းတို့ကိုယ်မင်းတို့ ငါဘာ ကောင်လဲဆိုတာ တစ်ချက်လောက် ပြန်ကြည့်စမ်းပါ။ မင်းတို့ ဟောဒီလောကမှာ သမိုင်းဝင်လောက်အောင် စွမ်းဆောင်ပြသင့်တာတွေ လုပ်ဆောင်ပြနိုင်ခဲ့ပါပြီ။ မင်းတို့မိဘတွေကို ဂုဏ်တက်အောင် မင်တို့လုပ်ဆောင် ပေးနိုင်ခဲ့တယ်။ ခုဆိုရင် လူသန်းပေါင်းများစွာနဲ့ မင်းတို့ ထိတွေ့ဆက်ဆံခွင့်ရတော့မယ်" ဆရာက ကျောင်း သားကြီးများကို ရည်စူးပြီးပြောနေသော်လည်း ထိုစကားများသည် ကျွန်တော့်ကို တိုက်ရိုက်ရည်ညွှန်းပြော သလိုဖြစ်နေသည်။

     ကျောင်းသားတွေအားလုံး မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာပေးနေကြသည်။ ကျွန်တော်က ဆရာ့နောက်သို့ အပြေးလေးလိုက်သွားမိသည်။ ဆရာ့ကို ကားရပ်သည့်နေရာတွင်မီသည်။ ကျွန်တော်က

     "ဆရာ ကျွန်တော့ကို မှတ်မိသလားဟင်၊ ဆရာ ခမ်းမကြီးထဲမှာ စီနီယာတွေကို စကားပြောနေတုန်းက ကျွန်တော် အဲဒီအခန်းထဲမှာရှိနေတယ်"

        "မင်းဘာလာလုပ်နေတာလဲ။ မင်းက ဂျူနီယာပဲကွ"

   "ဟုတ်ပါတယ်ဆရာ၊ ဒါပေမယ့် ဆရာပြောတဲ့စကားတွေကို ကျွန်တော် ခမ်းမရဲ့ တံခါးကနေ ကြားခဲ့ရတာပါ။ အဲဒီ မိန့်ခွန်းက ကျွန်တော့်ကို ရည်ညွှန်းပြောနေသလို ခံစားရတယ်ဆရာ။ ဆရာပြောခဲ့သလိုပဲ ကြီးမြတ်မှုဆို တာ တခြားမှာ သွားရှာနေစရာမလိုပါဘူး။ ကိုယ့် ကိုယ်ထဲမှာပဲရှိနေတာ။ ကျွန်တော် ခမ်းမကြီးထဲရောက်ခဲ့ တယ်ဆရာ။ ကျွန်တော့်ဆီကိုလည်း ကြီးမြတ်မှုတွေရောက် လာခဲ့ပါတယ်ဆရာ"

        "ဟုတ်တာပေါ့ မစ္စတာ ဘရောင်း"

     "ကျွန်တော် အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သမိုင်းဘာသာရပ်တွေမှာ ကျရှုံးခဲ့တယ်။ ဒါနဲ့ နွေရာသီမှာ ကျောင်းပြန် တက်ရတယ်။ ဘာကြောင့်လဲဆရာ။ ကျွန်တော် အခြားသူတွေထက် ပိုပြီးတော့ သင်ယူနိုင်စွမ်းအားနည်း တယ်ဆိုတာ သိပါတယ်။ ကျွန်တော်ဟာ ကျွန်တော့်ညီနဲ့ ညီမထက်လည်း ပိုညံ့တယ်။ သူတို့က ခုဆိုရင် မီယာမီတက္ကသိုလ်မှာတောင် တက်နေကြပြီ"

        "အဲဒါ ပြဿနာမဟုတ်ဘူးကွ။ အဲဒါ မင်းပိုကြိုးစားဖို့ လိုသေးတယ်လို့ ပြောနေတာ။ မင်းအတန်းနဲ့ မင်း အဆင့်က မင်းဘယ်လိုလူဆိုတာ ပြောတာမဟုတ်ဘူး။ မင်းကို ဘာဖြစ်လာမယ်ဆိုတာလည်း မသတ်မှတ် ပေးနိုင်ဘူး"

    "ကျွန်တော် အမေ့ကို အိမ်တစ်လုံးလောက် ဝယ်ပေးချင်တယ်ဆရာ"

 "ဖြစ်နိုင်တာပဲ မစ္စတာဘရောင်း။ ဝယ်ပေးလို့ရတာပဲ" ဆရာက ပြောပြောဆိုဆိုနှင့် လမ်းဆက်လျှောက်သွား သည်။

   "ဆရာ .."

   "ဘာလဲကွ"

   "ဆရာ ကျွန်တော့်ကို မှတ်မိတယ်နော်။ ကျွန်တော့်နာမည်ကိုလည်းသိတယ်။ ကြည့်နေပါဆရာ။ တစ်နေ့မှာ ဆရာဂုဏ်ယူလောက်တဲ့ လူတစ်ယောက်ဖြစ်အောင် ကျွန်တော်လုပ်မှာပါ။ ကျွန်တော်က အဲဒီလိုလူဆိုတာ သိထားပါဆရာ"

     ကျောင်းဆိုသည် ကျွန်တော့်အတွက် တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေရသလိုဖြစ်ပါသည်။ ကျွန်တော်သည့် အညံ့ ဆုံးစာရင်းဝင်မဟုတ်သဖြင့် တစ်တန်းပြီးတစ်တန်း တက်ခွင့်ရခဲ့ပါသည်။ ကျွန်တော်က ပျော်ပျော် ရွှင်ရွှင်နှင့် လူတွေကို လိုက်လျောအောင်ပေါင်းသင်ပြီး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ပါသည်။ အားလုံးနှင့် အဆင်ပြေအောင်နေထိုင်သဖြင့် ဆရာတွေက ကျွန်တော့်ကို နောက်ဆုံးတွင် အတန်းတင်ပေးခဲ့ပါသည်။ ဆရာ ဝါရှင်တန်ကတော့ ကျွန်တော့်အပေါ်တွင်တာဝန်ခံပြီး ညွှန် ကြားပြသခဲ့ပါသည်။ သို့သော် ကျွန်တော့် ကို အားနည်းသည့်သူတစ်ယောက်အနေဖြင့် ပစားပေးသည့်သဘောတော့မဟုတ်။ ကျွန်တော် အကောင်း ဆုံးလုပ်နိုင်အောင်တော့ ကြိုးစားခဲ့ရသည်။

      ကျွန်တော် တက္ကသိုလ်ဝင်တန်းရောက်တော့ ဆရာဝါရှင်တန်သည် ကျွန်တော့်ဆရာဖြစ်လာပါသည်။ သို့သော် ကျွန်တော့်မှာ အထူးပညာရေးဆိုသည့် သတ်မှတ်ချက်အတွင်းမှာပင် ရှိနေပါသေးသည်။ ပုံမှန်အရ ဆိုလျှင် အထူးကျောင်းသားများသည် စကားပြောနှင့် ပြဇာတ်တို့ကို မသင်ရပါ။ သို့သော် ဆရာကထောက်ခံ ပေးသဖြင့် ကျွန်တော်သင်ကြားခွင့်ရခဲ့သည်။ ကျောင်းအုပ်ကြီးကလည်း ကျွန်တော်နှင့် ဆရာတို့ ရင်းနှီး ကျွမ်းဝင်မှုကို သိထားသည်။ ဆရာ့ကြောင့် ပညာရေးတွင် တိုးတက်လာကြောင်းကိုလည်းနားလည်ထားကြ သည်။ ကျွန်တော့်ဘဝတွင် ပထမဦးဆုံးအနေဖြင့် ရှေ့ဆုံး အတန်းတွင် နေရာပေးခြင်းခံရသည်။ ပြဇာတ်အဖွဲ့ နှင့်အတူ ခရီးအတူထွက်ခွင့်ရလာသည်။ ခရှီးစဉ်တစ်လျှောက်လုံးလည်း ကျွန်တော့်ကို နေရာပေးပြီး တစ်လေးတစ်စားဆက်ဆံကြသည်။ ကျွန်တော့်အတွက်တော့ အံသြဖွယ်ရာတွေနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။

  ဆရာ ဝါရှင်တန်သည် ကျွန်တော့်ဘာကောင်ဖြစ်သည်ဆိုခြင်းကို အကောင်းဆုံး ပြန်လည် ပုံဖော်ဆောင်ပေးခဲ့ သူဖြစ်သည်။ ဆရာက ကျွန်တော့်စိတ်အခြေအနေ၊ ကျွန်တော့်ဘဝမည်သို့ရှိနေ သည်ဆိုစေ ကျွန်တော့် အမြင်တွေကို ပြောင်းလဲသွားအောင်လုပ်ဆောင်ပေးခဲ့သည်။

    နှစ်အနည်းငယ်ကြာသောအခါတွင် ကျွန်တော်သည် ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် အထူးအစီအစဉ် ငါးခုခန့်ကို ထုတ်လွှင့်တင်ဆက်ရသူဖြစ်လာသည်။ ကျွန်တော်က ရင်းနှီးသည့် မိတ်ဆွေများကို ကျွန်တော့်ထံ ဖိတ်ခေါ်ကာ အစီအစဉ်တစ်ခုဖြစ်သည့် "သင့်ဘဝ" အစီအစဉ်တွင် ပါဝင်စေခဲ့ပါသည်။ ထိုအစီအစဉ်သည် မီယာမီတွင် ပညာရေးရုပ်သံလိုင်းမှ ထုတ်လွှင့်နေရသော အစီအစဉ်တစ်ခုလည်းဖြစ်သည်။

တစ်နေ့ ကျွန်တော် ဒက်ထရွိုက်သို့ရောက်စဉ် ဖုန်းလာပါသည်။

"ကျွန်တော် မစ္စတာဘရောင်းနဲ့စကားပြောချင်လို့ပါခင်ဗျာ"

"ဘယ်သူပါလဲခင်ဗျာ"

"ခုဘယ်သူခေါ်နေသလဲဆိုတာ မင်းသိပါတယ်"

"အလို ဆရာ ၀ါရှင်တန်လား၊ ဟုတ်ပါတယ်နော်"

"ဟုတ်ပြီ၊ မင်းပဲ၊ တကယ့်လူပဲကွ"

"ဟုတ်ပါတယ်ဆရာ၊ ကျွန်တော် တကယ့်လူဖြစ်နေပါပြီဆရာ"

Mr. Washington, by Les Brown

                                                                 တင်ညွန့် 

                                          မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။