ရှစ်လေးလုံး အရေးတော်ပုံ ( ၂၄ )နှစ်ပြည့် အထိမ်းအမှတ်ပွဲများအကြောင်းကို ဖေ့ဘွတ်တွင် ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖတ်ရှု့နေရသည်။ ၈၈- ကျောင်းသား ခေါင်းဆောင်များက ဦးဆောင်ကာ မန္တလေးမြို့၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်တွင် ကျင်းပကြပုံ၊ သံဃာတော်များကို ၀ါဆိုသင်္ကန်းများ ဆက်ကပ်နေကြပုံတို့ကို ကြည်နူးဖွယ် တွေ့မြင်ရသည်။ မနေ့ကလဲ ၀န်ကြီး နှစ်ဦးလာရောက်ကြပြီး အလှူငွေများ ပေးအပ် ခဲ့ကြပုံတို့ကို မြင်တွေ့ခဲ့ရသည်။ တစ်ဦးနှင့်တစ်ဦး အာဃာတမထားဘဲ အချင်းချင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တွေ့မြင်ရသောကြောင့် အမှောင်ထဲက ထွတ်ပေါ်ခါစ ဖြစ်သော အမိနိုင်ငံတော်ကြီးအတွက် အားတက်မိတော့သည်။ တွေးမိတိုင်း ကြည်နူးနေ မိတော့သည်။
၈၈- အရေးအခင်း ကာလတုံးက ဤအရှင် ၁၀ -နှစ်သား အရွယ် ဖြစ်သည်။ ဇာတိ ချက်ကြွေ မွေးရပ်မြေရွာ၌ အတန်းပညာ ၅-တန်းကို စတင်တက်ရောက်ခါစဖြစ်၏။ ကလေးသဘာဝ နိုင်ငံရေးကို နားမလည် စိတ်မ၀င်စားသော်လည်း လူကြီးများ၏ ပြောစကားကို ကြားရသောကြောင့် ဆန္ဒပြပွဲများ ဖြစ်နေကြောင်း နှင့် တီဗွီမှ ဗိုလ်ချုပ်နေ၀င်း နောက်ဆုံးပြောကြားခဲ့သော သေနပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး ဟူသော မိန့်ခွန်းကို ကောင်းမွန်စွာ မှတ်မိနေခဲ့သည်။
မြို့တွင် ကျောင်းတက်နေကြသော ရွာမှ ၁၀-တန်း ကျောင်းသားကြီးများက ဦးဆောင်ကာ ရွာတွင် နိုင်ငံရေးဟောပြောပွဲများ ပြုလုပ်ကြသည်။ ဟောပြောကြသူများတွင် သံဃာတော်များ၊ နိုင်ငံရေးသမားများ၊ကျောင်းသားများ စုံလင်သည်။ ဘာရယ်ဟု ဂဃနဏ မသိသော်လည်း လက်ခုပ်များတီးကာ အားပေးကြရင်း သူငယ်ချင်းစုံကာ ကစားခွင့် ရကြသဖြင့် ပျော်ခဲ့ရသည်။
တစ်နေ့ ကျောင်းတက်ရန်သွားကြရာ ဆရာများ မရောက်သေးသဖြင့် ဆော့ရင်း စောင့်နေကြရသည်။ ၈-တန်း ကျောင်းသားကြီးများ ၏ ပြောစကားများအရ ကျောင်းများ ပိတ်တော့မည်ဟုလဲ သတင်း ကြားနေ ရသည်။ ရောက်လာကြပြီးသော ဆရာများကလဲ စာမသင်သေးဘဲ ဆရာများစုံလင်ရန် သာ စောင့်နေကြသည်။ ဆရာများစုံညီသောအခါ အစည်းအဝေးထိုင်ကြ၏။ ယင်းနောက် ဆရာ တစ်ယောက်ထွတ်လာကာ “ ကဲ…တပည့် တို့ အားလုံး နားထောင်ကြ၊ ကျောင်းတွေကို ရက် အကန့်အသန့် မရှိ ပိတ်တယ်၊ နောက်မှ ကျောင်းဖွင့်ရက်ကို ထပ်မံကြေညာပေးမယ်”ဟု အော်ပြောလေ၏။ ဝေး…ဟူသော အသံကြီးကို ကျောင်းသားများ ပျော်ရွှင်စွာ အော်ကြရင်း ခုန်ပေါက်ပြေးလွှားကာ အိမ်ပြန် ကြတော့၏။ ဤအရှင်လဲ အများနည်းတူပင် ကျောင်းပိတ်ပြီဆိုသဖြင့် အပျော်ကြီး ပျော်ခဲ့တော့၏။
ထို့နောက် ဆန္ဒပြပွဲများက ပို၍ စည်းကားလာသည်။ ဤအရှင်တို့ ရွာမှ မြို့ပြန်ကျောင်းသားကြီး၏ ဦးဆောင်မှုဖြင့် တစ်ရွာလုံးနီးပါး ဆန္ဒပြရန် ထွတ်လာကြသည်။ ကလေးမြို့သို့ သွားကာ ဆန္ဒပြကြရန် ကားများစီးစဉ်ထားသဖြင့် ကြွေးကြော်သံများ ဟစ်ကြွေးကြရင်း တစ်ရွာလုံးက တက်ကြွနေတော့သည်။
ခက်သည်က ဤအရှင်တို့ ကလေးတစ်သိုက်၊ ဟစ်ကြွေးသံများ ကြားရသောကြောင့် ပျော်နေကြပြီ။ လူကြီးများနှင့် အတူ ကလေးမြို့သို့ လိုက်ကာ ဆန္ဒပြချင်ကြသည်။ လူကြီးများက ကလေးများ မလိုက်ရဟု တားမြစ်ထားသဖြင့် လိုက်ခွင့်မရကြပေ။ ဤအရှင်တို့ ကလေးငယ်အုပ်စုတွင် ကလေးမြို့ကို ရောက်ဖူးသော သူငယ်ချင်းတစ်ယောက်ရှိ၏။ သူက မြို့သို့ သွားရန် လမ်းသိသည်၊ ကြိုတင် သွားနှင့်ကြမည် ဟုအကြံပြု သဖြင့် အားလုံးသဘောတူကြကာ ခြေလျဉ် နှင်ကြတော့သည်။
ဤအရှင်တို့ အုပ်စု အတော်လေး ခရီးပေါက်မှ ရွာမှ ထွတ်လာကြသော ဆန္ဒပြကားများ ထွတ်လာကြသည်။ လမ်းတွင် ဤအရှင်တို့ ကလေးများကို တွေ့သောအခါ ဆူပူပြီး ကားပေါ်သို့ တင်ပေးကြသည်။ ငယ်ငယ်က လူကြီးများကို အမြင်ကတ်ခဲ့သော်လည်း ကြီးလာမှ ကလေးများ ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် တားမြစ်သည်ကို နားလည်မိတော့သည်။
ဆန္ဒပြသွားရာတွင် အသံချဲ့စက်ဖြင့် ကိုယ့်ရွာမှ ကလေးများကို လူစုမကွဲစေဘဲ စောက်ရှောက် ကြရန် နှိုးဆော်ပေးနေသည်။ ထို့ကြောင့် ဤအရှင်တို့ အုပ်စုက လူကြီးများရှေ့တွင် နေရာယူရသည်။ တစ်မြို့လုံးကို လှည့်ပတ်ကာ ကြွေးကြော်သံတွေ ကြွေးကြော်ကြရသည်။ ဒါနရှင်များက မုန့်ပဲသရေစာ၊ စားစရာများ ဝေငှကြသောအခါ ကလေးများက ဗိုက်ဆာနေမည်၊ ကလေးများကို အရင်ကျွေးပါဟု ကရုဏာကြီးလှသော လူကြီးများ၏ စေတနာကြောင့် ဤအရှင်တို့အုပ်စု ဗိုက်ကားအောင် တီးကြရသည်။ အော်ခဲ့ကြရသော ကြွေးကြော်သံများကိုလည်း ယခုအချိန်ထိ မှတ်မိနေသေးသည်။ ယခင်က နားမလည်ခဲ့သော်လည်း ယခုတော့ နားလည်လာမိပြီ။
“၂၆ နှစ်ကာလ စစ်အစိုးရ ဘာတွေလုပ်ခဲ့သလဲ”
“ပြည်သူတွေကို သတ်၊ ခေါင်းပုံဖြတ်၊ အမြတ်ကြေးငွေတွေထုပ်ခဲ့တယ်”
“မဆလ ပါတီ ဖျက်သိမ်းပစ် ဖျက်သိမ်းပစ်”
“အိမ်စောင့်အစိုးရ ဖွဲ့စည်းရေး ချက်ခြင်းပေး ချက်ခြင်းပေး။”
“ဒီမိုကရေစီတိုက်ပွဲ အောင်ရမည်။”
“နေ၀င်း စိန်လွင် ခုံရုံးတင်စို့၊ မောင်မောင် အစိုးရ ဒို့ဖြုတ်ကြစို့။”
“သပိတ် သပိတ် မှောက်မှောက်၊ ဆန္ဒ ဆန္ဒ ပြပြ။”
“အရေးတော်ပုံ အောင်ရမည်။”
“စစ်သားတွေမှာ ချိုင်းထောက် ချိုင်းထောက်”
“ပြည်သူတွေမှာ ဗိုက်မှောက် ဗိုက်မှောက်”
“ သပိတ် သပိတ် မှောက် မှောက်။”
“ဆန္ဒ ဆန္ဒ ပြပြ။”
နှစ်တွေ ကြာခဲ့ပြီမို့ ယင်းလောက်ပဲ မှတ်မိတော့သည်။ ဟောပြောပွဲကြီးကို လေယာဉ်ကွင်းဘေးက လမ်းမကြီးတွင် ပြုလုပ်သည်။ ဗိုလ်ချုပ် နေ၀င်း၏ ဓာတ်ပုံ ကို ဇောက်ထိုးပြုကာ ကြိုးကွင်းတပ်ဆွဲ ထားပြီး ခေါင်းတလားတစ်ခုကို ကျောင်းသားများက ထမ်းလာကြသည်။ ခေါင်းတလားတွင် ဗိုလ်နေ၀င်းနာမည်နှင့် အသက်ကိုလည်း ရေးထားသည်။ ဘုန်းကြီးတစ်ပါးက သရဏဂုံတင်ပေးသည်။ ဤအရှင် ငယ်သေးသမို့ ဗိုလ်နေ၀င်း၏ တကယ်သေသော အလောင်းကို သရဏဂုံတင်ပေးသည်ဟု ထင်ခဲ့သည်။ ယခုရေးနေသည့် အချိန်ထိ မျက်စိထဲတွင် ယင်းမြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရောင်နေ မိသေးတော့သည်။
သပိတ်များခေါင်းစွက်ကာ ချီတက်လာကြသော ကိုရင်များကို သဘောကျခဲ့သည်။ ကလေးမြို့တွင် လမ်းမဘေး ၀ဲယာ တစ်လျှောက် ကုက္ကိုလ်ပင်များ စီတန်းလျက်ရှိသည်။ ယင်းကုက္ကိုလ်ပင် တိုင်းတွင် တော်လှန်ရေးတိုက်ပွဲ အောင်ရမည်၊ ရာဇပလ္လင် ခွေးတက်လို့ သားတို့ သေကြရတယ် အမေ..စသော စာတမ်းများကပ်ထားသည်ကို မြင်တွေ့ရသည်။ ဤအချိန်က စစ်ကား ဇာတ်လမ်းများ သဘောကျချိန်မို့ တိုက်ပွဲဟူသော စာတမ်းကို ဘ၀င်မတွေ့ခဲ့။ တစ်ယောက်နှင့် တစ်ယောက် မတိုက်ရဘဲ ကြွေးကြော်သံ လှည့်ပတ်အော်နေရသည်ကို တိုက်ပွဲဟု ဘာကြောင့် ခေါ်ရတာလဲ ဟု နုနယ်သော ဦးနှောက်ဖြင့် စဉ်းစားခဲ့မိသေးတော့သည်။ မြို့အာဏာပိုင် လူကြီးများနှင့် ကျောင်းသား ပြည်သူ များ သတ်ကြဖြတ်ကြသောအခါမှ တိုက်ပွဲကို ရေးတေးတေး နားလည်သလို ဖြစ်ခဲ့သည်။ ဆန္ဒပြပွဲအတွင်း “ဒီမိုကရေစီဈေး ဦးထုပ်တစ်လုံး တစ်ကျပ်”ဟု ရောင်းချသဖြင့် မောင်နှမ နှစ်ယောက် တစ်ယောက် တစ်လုံး စီ ၀ယ်ကာ ဆောင်းခဲ့ ကြရသည်။
ကျောင်းတွေလည်း မတက်ရတော့သဖြင့် တစ်နေကုန် သူငယ်ချင်းများနှင့် ကစားရင်း အချိန်ကုန်ကြသည်။ ထိုအချိန် ဦးကြီးတော်စပ်သူ ဦးဖိုးငိုက နေပူထဲ ဆော့နေတဲ့ အတူတူ ဘုန်းကြီးကျောင်းထားတာမှ စာတတ်ပြီး လိမ်မာအုံးမယ်ဟုဆိုကာ ဘုန်းတော်ကြီးထံ အပ်နှံပေးခဲ့သည်။
ထိုအချိန်မှ စတင်၍ ကိုရင် ၀တ်ကာ ဤအရှင်လဲ သာသနာ့ဘောင်သို့ ရောက်ခဲ့တော့၏။ စာသင်ကျောင်းများ ပြန်ဖွင့်ချိန်တွင် ရှင်လိင်ပြန်ကာ စာသင်ကျောင်းကို ဆက်တက်ချင်သော်လည်း ဆရာ ဘုန်းကြီး၏ အဆုံးအမကြောင့် သာသနာဘောင်တွင် ပျော်ပိုက်ခဲ့တော့၏။ ကိုရင်ဘ၀ဖြင့် စာသင်တိုက်တို့တွင် ပညာသင်နေချိန် သီတင်းသုံးဖော်များက သင်္ကန်းဝတ်တာ ဘယ်လောက်ကြာပြီလဲ ဟုမေးလျှင် “နအဖ နှင့် သက်တန်းအတူတူပဲ။ သူတို့ စစ်အာဏာပြုတ်သွားရင် တပည့်တော်လဲ လူထွတ် တော့မယ်”ဟု စနောက်ကာ ဖြေခဲ့ဘူးသည်။
ယခုတော့ ဤအရှင်၏ သင်္ကန်းသက် ၂၄ -နှစ်နီးပါး ရှိခဲ့ပေပြီ။ စစ်အာဏာရှင် လည်း ပြုတ်သွားပေပြီဟု ယူဆရပေသည်။ ဤအရှင်လည်း သင်္ကန်းဝတ်နှင့် ပျော်နေဆဲပင်ဖြစ်ပေသည်။ မိမိ စွမ်းနိုင်သမျှ သာသနာ့တာဝန်ကို ဆက်လက် ထမ်းဆောင်နေမည်ဟု ယုံကြည်နေမိလေတော့သည်။
သိမ်မွေ့ဦး (BHU )

(၀၈-၀၈-၂၀၁၂)
No comments:
Post a Comment