ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

14/02/2012

အမှတ်တရများနှင့် ဤခရီး ( ၈ )

1. စီးဆင်း ရင်ခွင် | 2/14/2012 | 2. 3. 4. 5. 6. Best Blogger Tips
 
ဖေဖော်ဝါရီ ၁၁-ရက် ညနေ ၅-နာရီမိနစ် ၂၀ ကားဖြင့် မလေးရှားသို့ ပြန်ခဲ့သည်။ ကားဂိတ်သို့ ကိုဝင်းနိုင် နှင့် မနေ့ကမှ စင်္ကာပူသို့ အလည်လာရောက်ကြသော အရှင်သုမန ( ဓနု )တို့ လိုက်ပို့ ပေး ကြသည်။ ကိုဝင်းနိုင်ကား ကျွန်ုပ် စင်္ကာပူနေထိုင်စဉ် ၅ ရက်အတွင်း နေ့စဉ် လိုက်ပါ ပို့ဆောင်ပေးသည်။ ကျွန်ုပ်နှင့် စင်္ကာပူ ရောက်မှ သိပြီး မလေး ဗီဇာကြေး စင်္ကာပူ ဒေါ်လာ ၂၀ နှင့် တက္ကစီခတို့လဲ လှူဒါန်းပေသည်။ ကျေးဇူးများလှပေသည်။ ကျမ္မာချမ်းသာပါစေကြောင်း မေတ္တာပို့သဖြစ်ပါသည်။ မလေးသို့ ပြန်လာစဉ် ကားပေါ်တွင် လိုက်ပါရင်း စင်္ကာပူအကြောင်း စဉ်းစားဖြစ်သည်။ စင်္ကာပူတွင် ကားလမ်းများ လမ်းကြိုလမ်းကြားမကျန် အထူးကောင်းမွန်လှသည်။ ကားလမ်း ကူးရာတွင်လည်း စည်းကမ်း ရှိလှသည်။ လူကူးမျဉ်းကြားများတွင် လူလမ်းလျှောက်နေပုံ မီးအစိမ်းပြလျှင် လူများကူးကြပြီး ကားအတွက် ထို့အတူ မီးစိမ်းပြမှ မောင်းကြသည်။ မီးပွိုင့် မထားသော အချို့လမ်းကြားတို့တွင် ကားများအလိုက် သိစွာ ဖြေးဖြေးမောင်းကြသည်။


မြန်မာနိုင်ငံကား ကားလမ်းကူးရာတွင် လုပ်ထားသောစနစ်မှာ စည်းကမ်းမရှိသဖြင့် ဒုက္ခရောက်လှသည်။ ကျွန်ုပ်နေထိုင်ရာ ကျောင်းအနီး မြောက်ဥက္ကလာ အ၀ိုင်းဆိုလျှင် ကားလမ်းဖြတ်ကူးဖို့ တစ်ခါတစ်ရံ နာရီဝက်ခန့် စောင့်ရသည်။ ထိုကြောင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ အမြဲတွေ့နေ ကြားနေရသည်။


စင်္ကာပူတွင် လိုင်းကားခ မြေအောက်ရထားခ ပေးရာတို့တွင် ATM ကတ်ဖြင့် သုံးကြသဖြင့် ပိုက်ဆံကောက်ရန် ကားစပါယ်ယာ မပါပေ။ ကားပေါ်တက်ရာတွင် ကတ်ကိုပြကာ တက်ကြပြီး ဆင်းလျှင်လည်း ကတ်ကိုပြကာ ဆင်းကြသည်။ ကားမောင်းသူ တစ်ယောက်သာလျှင် အေးအေး လူလူ မောင်းသည်။ ပန်းခြံ ပတ်ကားတို့တွင်လည်း မိမိဆင်းချင်သည့်နေရာ ခလုတ်နှိတ်လိုက်လျှင် ကားရပ်ပေးသည်။ စီးသူ မောင်းသူ အေးအေးချမ်းချမ်း ရှိလှပါဘိ။ အချို့ဆိုင်တို့တွင် ဈေးရောင်းသူ မထား ကိုယ်လိုချင်သော ပစ္စည်းကို ပိုက်ဆံထည့်ပြီး ၀ယ်ရသည်။ ပစ္စည်းနှင့် အမ်းသောငွေ သူအလိုလို စက်မှ ထွတ်လာသည်။




ကျွန်ုပ်တို့ အမိနိုင်ငံမှာကား ကားခ အမ်းရန် အကြွေကိစ္စအတွက် ကားစပါယ်ယာ နှင့် စကားများကြသည်။ ဆင်းလိုသည့် မှတ်တိုင်ကို အော်၍ ပြောကြရသည်။ ကားစပါယ်ယာတို့မှာလည်း မသက်သာ။ တစ်နေကုန် အြော်ကရသဖြင့် အသံများ ၀င်နေကြသည်။ စင်္ကာပူကဲ့သို့ အရသာမျိုး အမိနိုင်ငံသားများ ခံစားစေချင်မိသည်။


မလေးရှား ကွာလာလမ်ပူသို့ ည ၁၀ နာရီ မိနစ် ၄၀ တွင် ရောက်ရှိသည်။ မိုးကလဲ သဲသဲမဲမဲ ရွာနေ၏။ ရွာသားများဖြစ်ကြသော ကိုကျော်ထွန်းနိုင် နှင့် ကိုအောင်ကျော်စိုးတို့ လာကြိုကြသည်။ ပူချုန်း ၇-ရပ်ကွက်ရှိ သိရီမင်္ဂလာဓမ္မာရုံကျောင်းတွင် တည်းခိုသည်။



ဖေဖော်ဝါရီ ၁၂-ရက်နေ့တွင် ကွာလာလမ်မြို့ကို လည်ကြသည်။ မလေးတွင် လာရောက်အလုပ်လုပ်နေကြသော ရွာသား/သူ ဖြစ်ကြသည့် ကိုကျော်ထွန်းနိုင်+ မရီရီလွင် နှင့် ကိုအောင်ကျော်စိုးတို့က လိုက်ပို့ပေးကြသည်။ ကိုကျော်ထွန်းနိုင်က ကားဝယ်ထားသဖြင့် သူ့ကားလေးဖြင့် လိုက်ပို့ပေးခြင်းဖြစ်သည်။

Petronas twin Tower ဟု နာမည်ကြီးသည့် မျှော်စင်ညီနောင် တိုက်ကြီးတို့သို့ သွားရောက်လေ့လာကြသည်။ ဒီဇိုင်းဆန်းဆန်းဖြင့် တည်ဆောက်ထားပြီး မြင့်မား လှပလှသော မျှော်စင်ကြီးဖြစ်သည်။ မျှော်စင်ဘေးတွင် ရေပန်းများ ဖွင့်ထားပြီး ရေကန် ပန်းခြံတို့ဖြင့် ရှု့မငြီးဖွယ်ပင် ဖြစ်သည်။ တိုက်ကြီးထဲတွင် ဈေးဆိုင်တန်းများ စုံလင်စွာ ဖွင့်ထားသည်။

ယင်းမှ ထွတ်လာပြီးနောက် KL Tower ဟု ခေါ်သည့် မှိုပွင့်ကြီးကဲ့သို့ တည်ဆောင်ထားသော အဆောက်အဦးကြီးသို့ သွားရောက်ကြသည်။ အပေါ်ဆုံးထပ်သို့ ဓာတ်လှေခါးဖြင့် တက်ရပြီး တက်ခအဖြစ် ၅-ရင်းဂစ် ပေးရသည်။ အပေါ်ဆုံးထပ်မှ ကွာလာလမ်ပူမြို့၏ အလှတို့ကို ပြည့်ဝစွာ ခံစားနိုင်သည်။ မှန်ဘီလူးဖြင့် မိမိစိတ်ဝင်စားသည့် နေရာတို့ကို အနီးကပ်ဗြူးဖြင့် ကြည့်ရှုနိုင်သည်။ ကျွန်ုပ်လဲ စိတ်ဝင်စားသည့် တောင်တန်းများနှင့်မျှော်စင်ကြီးတို့ကို အနီးကပ် ကြည့်ဖြစ်သည်။

ခပ်ရေးရေးသာမြင်ရသည့် တောင်တန်းကြီးတစ်ခု၏ ထိပ်တွင် နတ်ဘုံဗိမာန်ကြီးများကဲ့သို့ တည်ဆောက်ထားသော ဟော်တယ် ကြီးတို့မှာ လှပပေသည်။ မလေးရှား သူဌေးတစ်ဦးက တောင်ကြီးသုံးလုံးကိုဝယ်ကာ ဟော်တယ်များ ပန်ခြံများ ကာဆီနိုဆိုင်များ ဖွင့်ထားသည်ဟု သိရသည်။ ၄င်းတောင်ထိပ်သို့ ကောင်းကင်ကေဘယ်ကြိုး ရထားဖြင့် သွားလာရသည်။ ဝေးသဖြင့် မရောက်ခဲ့ပေ။ အနီးကပ်ဖြူးဖြင့်သာ လှမ်းမျှော်ကြည့်ခဲ့သည်။ ကွာလာလမ်ပူမြို့မှာ တော်တော် ကျယ်ဝန်းပေသည်။

ကုန်တိုက်ကြီးတစ်ခုကို ၀င်ကာ လက်ဆောင်ပစ္စည်းအချို့ ၀ယ်ဖြစ်ခဲ့သည်။ ပစ္စည်းများကို ဈေနှုန်းကပ်ထားပြီး နှစ်သစ်က ယူကာ ငွေရှင်းကောင်တာတွင် သွားရှင်းရသည်။ ပစ္စည်းစုံလင်သဖြင့် အလကားပေးနေသကဲ့သို့ ၀ယ်ယူသူများ စည်းကားပေ၏။ ကိုကျော်ထွန်းနိုင်+ မရီရီလွင်တို့က လက်ဆောင်ပစ္စည်းတို့ကို ၀ယ်ကာ လှူသည်။ ယင်းနောက် ကျောင်းသို့ပြန်ကာ ခဏ နားသည်။

ညပိုင်း ၈-နာရီခွဲတွင် ကိုကျော်ထွန်းနိုင်က သူတို့အိမ်သို့ အလည်ပင့်သည်။ မိုးကလဲ သဲသဲမဲမဲ ရွာနေပြန်သည်။ ရွာသားတို့နှင့် စကားလက်ဆုံပြောဖြစ်သည်။ ကိုကျော်ထွန်းနိုင်+မရီရီလွင် ရင်းဂစ် ၁၀၀၊ ကိုအော်ကျော်စိုး ရင်းဂစ် ၁၀၀၊ ကိုနိုင်းလင်း ရင်းဂစ် ၈၀၊ ကိုဇော်မင်းထွန်း ရွာစည်ရွာသာ ကလေးမြို့က ရင်းဂစ် ၅၀ န၀ကမ္မဒါန ပြုသည်။

ဖေဖော်ဝါရီ ၁၃-ရက်နေ့ကား မြန်မာနိုင်ငံသို့ ပြန်တော့မည်ဖြစ်သည်။ အချိန်သိပ်မရ၍ ထွေထွေထူးထူး သွားမလည်တော့ပေ။ မနက်ပိုင်း ဥူးကောသလ္လနှင့် ဆွမ်းစားတစ်ခု လိုက်ဖြစ်သည်။ နေ့လည် ပြန်ခါနီးတော့ ဥူးကောသလ္လက ပညာသင်ရာ သုံးစွဲရန်အတွက် ကျွန်ုအား န၀ကမ္မဒေါ်လာ တစ်ရာ လှူသည်။ ကျွန်ုပ်လဲ သူ ရန်ကုန်ကျောင်း ဆောက်နေရာ အတွက် ရင်းဂစ် ၁၃၀ လှူဒါန်းဖြစ်သည်။

နေ့လည်ပိုင်း ငွေချိန်းကောင်းတာသို့ ခေတ္တ၀င်ပြီး ရင်းဂစ်တို့ကို ဒေါ်လာ ချိန်းဖြစ်သည်။ လေဆိပ်သို့ ကိုကျော်ထွန်းနိုင်က လိုက်ပို့သည်။ ပစ္စည်းချိန်ခြင်းစသည့် ကိစ္စအားလုံးပြီးဆုံးမှ နှုတ်ဆက်ကာ ပြန်သွားသည်။

ဤသို့ဖြင့် မလေးရှား စင်္ကာပူ ခရီးစဉ် ပြီးဆုံးခဲ့သည်။ ခရီးစဉ်တစ်လျှောက် အမှတ်တရများဖြင့် ပြည့်နေခဲ့၏။ အိပ်ပျော်နေခဲ့သော ကျွန်ုပ်၏ ဦးနှောက်များ နိုးထလာသကဲ့သို့ ခံစားမိသည်။ စင်္ကာပူတွင် မြေမရှိ သယံဇာတမရှိပါ။ ရေကိုပင် အခြားနိုင်ငံက ၀ယ်သောက်ရ၏။ သို့သော်လည်း ခေါင်းဆောင်ကောင်းသဖြင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်ပြီး နာမည်နှင့် လိုက်အောင်ပင် အဆင့်မြင့် လှပ စည်းကမ်းကျပေ၏။

မလေးရှားနိုင်ငံကား ကျယ်ဝန်းပြီး စားအုန်းဆီ နှင့် ရေနံစသော သယံဇာတတို့ ထွတ်ရှိ၏။ နိုင်ငံလည်း ကျယ်ဝန်းမှု ရှိ၏။ သို့သော် စင်္ကာပူလောက်တော့ အဆင်မြင့် လှပမှု မရှိပေ။ ကျွန်ုပ်အနေနှင့် အခက်အခဲအချို့ ကြုံခဲ့သော်လည်း ဤခရီးစဉ်ကို အားရကျေနပ်ခဲ့ပါသည်။ ဤခရီးဖြစ်အောင် တိုက်တွန်းကူညီပေးခဲ့သော အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရကို အထူးကျေးဇူးတင်မိသည်။ သူကား ကျွန်ုပ်ခရီးစဉ်တလျှောက် အစစအရာရာ အဆင်ပြေစေရန် ကာယအား ဥာဏအား ငွေအားတို့ဖြင့် လိုသေးသည်မရှိအောင် ကူညီပေးခဲ့ပါသည်။ စိတ်ချမ်းသာ ကိုယ်ကျမ္မာဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ပါစေဟု မေတ္တာပို့သဖြစ်သည်။

ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ကျွန်ုပ်၏ မလေး စင်္ကာပူ ခရီးစဉ် ပြီးဆုံးခဲ့သည်။သို့ဖြစ်၍ အမှတ်တရများနှင့် ဤခရီး မှတ်တမ်းကို ဤနေရာတွင် အဆုံးသတ်လိုက်ရပေသည်။

သိမ်မွေ့ဦး ( BHU )

11/02/2012

အမှတ်တရများနှင့် ဤခရီး ( ၇ )

1. စီးဆင်း ရင်ခွင် | 2/11/2012 | 2. 3. 4. 5. 6. Best Blogger Tips


   စင်္ကာပူအထိမ်းအမှတ် ခြသေ့င်္ရုပ်ကြီးကား ကြီးမားလှသည်။ ခြသေ့င်္ရုပ်အငယ်ကဲ့သို့ ပါးစပ် ထဲမှ ရေများကျမနေပေ။ ယင်းရှေ့တွင်ပန်းမဏ္ဍပ်၊ ရေကန်၊ အလှပန်းမျိုးစုံတို့ကို မျက်တောင်မခတ်ဘဲကြည့်ချင်လောက်အောင်လှပစွာ ပြုပြင်ထားသည်။ ခြသေ့င်္ကြီး၏   နောက်ကြော ရေထွတ်လမ်းကိုကား  ရေဘ၀ဲရှည်ကြီးတည်ဆောက်ပြီး ရေစီးလမ်းကြောင်းပြုလုပ်ထားသည်။ ခြသေ့င်္ကြီး၏ ဘေးတွင် တောင်ကုန်လေးပေါ်မှ စမ်းရေများ တသွင်သွင် စီးကျလျှက်ရှိသည်။
        တောင်ကုန်လေးကို သဘာဝ သစ်ပင် ပန်းပင် ဥယျာဉ်ကြီးပမာ စီမံထားသည်။ တောင်ကုန်လေးထိပ်သို့ စက်လှေခါးဖြင့် အဆင့်ဆင့် တက်ရပြီး ရောင်စုံ ပန်းမျိုးစုံတို့ကို ပုံဖော်ကာ နာမည်မျိုးစုံပေးထားသည်။ စက်လှေခါးဖြင့် လေးဆင့်တက်မှ တောင်ကုန်းလေးထိပ်သို့ ရောက်ရှိသည်။ ပြတိုက်ကြီး နှင့် အသဲပုံတို့ဖြင့် တည်ဆောက်ထားသော ပန်းဥယျာဉ်လေးက ကဗျာ ဆန်လှသည်။ ကောင်းကင်စီး မှန်လုံပိတ် ရထားကြီး စီးနေကြသည်ကိုလဲ တွေ့ရသည်။


 
    ယင်းနောက် ရေအောက်ကမ္ဘာကို ၀င်ကြသည်။ ၀င်ကြေး တစ်ယောက်လျှင် စင်္ကာပူဒေါ်လာ ၂၅-ဒေါ်လာ ပေးရသည်။ ကိုအောင်သိန်းက လှူသည်။ မြေကြီးထဲတွင် ကျောက်တုံးနံရံ မျက်နှာစာ မှန်ကပ်တို့ဖြင့် ရေကန်၊ ရေမြောင်းများ တည်ဆောက်ထားပြီး ပင်လယ်သတ္တ၀ါ စုံလင်လှသည်။ ဘေးနှစ်ဘက် အပေါ်နံရံတို့ကို ဖန်ရောင် မှန်များတပ်ဆင်ထားပြီး ရေမြောင်းပြုလုပ်ထားကာ ရှားပါး ငါးမျိုးစုံ တို့ကို ပြသထားသည်။ စက်ဖြင့် လည်ပတ်စေပြီး မတ်တပ်ရပ်ကာ လိုက်သွားရုံဖြင့် ရေထဲဝင်ကာ ကြည့်ရှုနေရသကဲ့သို့ ထင်ရသည်။ နံရံကပ် မှန်ဗွီယိုများထဲတွင် ရွှေရောင် ရေဘ၀ဲ၊ ရွှေငါး၊ အလှငါးလေးတို့ကလဲ လှပလွန်းသည်။
 
     ငါးကမ္ဘာက ထွတ်ခဲ့ပြီးနောက် ပင်လယ်ကန်းခြေဘက်ကို လမ်းလျှောက်ကြသည်။ ပင်လယ်ကမ်းဘေး သဲသောင်ပြင်တွင် နေရောင်လှုံနေသူများ၊ ဘောလီဘော ကစားသူများ၊ ရိုးရာကစားနည်းကို စိတ်ဝင်စားစွာ ကစားသူများဖြင့် အသက်ဝင်လျက်ရှိသည်။ ယင်းနောက် ကျွန်းပတ်ကားကို စီးကြပြီး တစ်ကျွန်းလုံးကို လှည့်လည်ကြည့်ရှု့ကြသည်။ ကျွန်းပတ်ကားကို စီးလျှက် ရောင်စုံဖြစ်နေသော တောတောင်အလှအပ များ နှင့် မြေအောက် casino ကားပါကင်တို့ကို လေ့လာခွင့်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ညနေပိုင်းမှ ပြသမည်ဖြစ်သော Song of the sea  ကို မစောင့်ခဲ့ကြပေ။ ပင်လယ်ရေကို ရေပန်းဖြာ ထွတ်စေကာ နောက်ခံပိတ်ကားပြုပြီး ဆလိုက်မီးထိုးလျှက် အမျိုးမျိုးသော စိတ်ဝင်စားဖွယ် ထိတ်လန့်ဖွယ်ပြကွက်တို့ကို ပြသခြင်းခြင်းဖြစ်သည်။
 
     ယင်းနောက် အာရှတိုက်၏ တောင်အရပ်အကျဆုံးဖြစ်သော အငူ လေးသို့ ကြိုးတံတားကူးကာ သွားရောက်ကြသည်။ ယင်းကျွန်းပေါ်တွင် မျှော်စင်ကြီးတို့ကို ခိုင်ခန့်စွာ ဆောက်လုပ်ထားပြီး ယင်းမျှော်စင်မှ နေ၍ ပင်လယ်ပြင် ကျွန်းလေးများပေါ်မှ မီးခိုးတထောင်းထောင်း ထနေသော ရေနံချက်စက်ရုံများ၊ စင်္ကာပူဆိပ်ကမ်းသို့ ဆိပ်ကပ်လာသော ပင်လယ်သင်္ဘောကြီးများကို လှမ်းမြင်ရသည်။ လေကောင်းလေသန့်တို့ကို ရှုရှိုက်ရသဖြင့် လန်းဆန်းရသည်။ Sentosa ကျွန်းသည် စာဖွဲ့လို့မသီနိုင်လောက်ပင် လှပလွန်းလှပါသည်။ ဟော်တယ်ကြီးများ၊ casino ကစားဝိုင်း အဆောက်အဦးကြီးများလဲ ပေါများပေ၏။
           ညနေ ၆-နာရီကျော်တွင် ကျွန်ုပ်တို့ ကျွန်းမှ ပြန်ခဲ့ကြသည်။ အပြန်တွင် ကလပ်ကွေး ဆိုသည့် နေရာသို့ သွားရောက်ကြပြီး စင်္ကာပူမြစ်ဘေးတလျှောက် လမ်းလျှောက်ကြကာ စင်္ကာပူမြို့၏ ညအလှတို့ကို ခံစားကြသည်။ လီကွန်ယု ငယ်ရွယ်စဉ်က ဂျပန်က သူ့ကို ပါးရိုက်ခဲ့သည်ဟု သမိုင်းရှိခဲ့သော တံတားလေးသို့လဲ ရောက်ခဲ့သည်။ လာရောက် အပန်းဖြေကြသူတွေလဲ များပြားလွန်းလှသည်။ တည်းခိုသည့် ကျောင်းသို့ ၉-နာရီထိုးခါနီးမှ ပြန်ရောက်တော့၏။



 
    ဖေဖော်ဝါရီ ၁၀-ရက်နေ့တွင် လည်ချင်သောနေရာ စုံပြီဖြစ်၍ ဘယ်မှ မသွားဖြစ်ပေ။ ညနေပိုင်းတွင် မလေးဗီဇာ လျှောက်ခိုင်းထားသည်ကို ရ မရ သိရန် Paninsula Plaza သို့ သွားမေးသည်။ မလေးဗီဇာ ရသည်ဟု သိရ၍ ၀မ်းသာရသည်။ သို့မဟုတ်လျှင် ကျွန်ုပ်လေယာဉ်လက်မှတ် ငွေ အလိုက်ပေးကာ ရက်ချိန်းရအုံးမည်။ မလေးရှားမှ ရန်ကုန်သို့ ဖေဖော်ဝါရီ ၁၃-ရက်ပြန်ရန် ကြိုတင်လက်မှတ်ယူထားခဲ့၏။ ဗီဇာရပြီးနောက် မလေးကားလက်မှတ်ယူဖြစ်သည်။ စင်္ကာပူ ၂၅-ဒေါ်လာ ပေးရသည်။
   ၅-နာရီခွဲတွင် ကိုဝင်းနိုင်ကို ခေါ်၍ ဈေး၆-ထပ်လုံး ကွန်ပျူတာ စသည် အိုင်တီ ပစ္စည်းများ သာရောင်းချသည့် ဈေးကြီးသို့ သွားရောက်လေ့လာဖြစ်သည်။ ယင်းနောက် အိန္ဒိယဈေးဘက် ကို ရောက်ခဲ့သည်။ ကျောင်းသို့ ၈-နာရီကျော်တွင် ပြန်ရောက်သည်။ ကျွန်ုပ် ရွာမှ စင်္ကာပူတွင် အလုပ်လုပ်နေကြသော မောင်မျိုးမောင်ထွန်း၊ မဗျိုင်းတို့ ရောက်လာကြသဖြင့် အချိန်အတော်ကြာ စကားပြောဖြစ်ခဲ့သည်။ စင်္ကာပူဒေါ်လာ ၅၀-စီ လှူသွားကြသည်။


                                                              သိမ်မွေ့ဦး ( BHU )

10/02/2012

အမှတ်တရများနှင့် ဤခရီး ( ၆ )

1. စီးဆင်း ရင်ခွင် | 2/10/2012 | 2. 3. 4. 5. 6. Best Blogger Tips


           ဖေဖော်ဝါရီ ၈-ရက်နေ့တွင် vivo city သို့ သွားရောက်ကြသည်။ ကိုဝင်းနိုင် က သူအားသောအချိန်ကို လုကာ ပို့ပေးခြင်းဖြစ်သည်။ မြေအောက်ရထားစီးကာ သွားကြရသည်။ မြေအောက်ဘူတာတို့မှာ နက်နဲပြီး ကျယ်ဝန်းသည်။ မြေအောက်တွင် မြို့ကြီးတစ်မြို့ ဖန်တီးထားသည့်အလား ထင်ရ၏။ မြေပေါ်ကို စက်လှေခါးဖြင့်တက်ကြရသည်ပင် သုံးထပ် တက်ရသည်။ မိမိတို့ သွားလိုသော ဈေး စသည် အထင်ကရ နေရာတို့သို့ မြေအောက်လမ်းဖြင့် ဆက်သွယ်ထားခြင်းဖြစ်၍ နေပူမခံဘဲ သွားလာနိုင်သည်။


   Vivo city တွင် ရှေးဟောင်းပြခန်း၊ လက်ဆောင်ပစ္စည်းဆိုင်၊ ကွန်ပျူတာ မိုဘိုင်း တီဗွီ စသောဆိုင်များကို တွေ့ရသည်။ ယင်း cityမှာ လေးထပ်ဖြစ်၏။ အပေါ်ဆုံးထပ် အမိုးပေါ်တွင် မြေများခင်းကာ အုန်းပင် ပန်းပင် မြက်ခင်းပြင် လှပစွာဖြင့် ပန်းခြံ ရေကန်တို့ကို ဖန်တီးထားသည်။ ၄င်းအပြင် ဖျော်ဖြေရေး စင်တာများ စားသောက်ဆိုင်များကိုလည်း တည်ဆောက်ထားသည်။ ယင်းနေရာမှ လေညှင်းခံရင်း ပင်လယ်ပြင်အလှကို ခံစားနိုင်သည်။ နံရံကပ် တီဗွီကြီးများကား နှစ်သစ်စရာ ဖြစ်၏။ လေ့လာရန် တီဗွီကြီးရှေ့ အခန်းသေးလေးဖွဲ့ကာ ဆိုဖာခုံများ ချပေးထားသဖြင့် စိတ်ကြိုက် လေ့လာနိုင်သည်။


 
      ယင်းနေရာကို လည်ကြပြီးနောက် ကိုဝင်းနိုင်က အလုပ်ဝင်ရမည်ဖြစ်၍ ပြန်သွားသည်။ ကျွန်ုပ်တစ်ယောက်တည်း မြေအောက်လမ်းဖြင့် ဒူရင်းသီးဈေးဟု ခေါ်ကြသည့် ဈေးကြီးသို့ လာခဲ့သည်။ ဈေးကြီးတစ်ခုလုံးကို လိုက်လံ ကြည့်ခဲ့သည်။ ပြီးနောက် စင်္ကာပူမြစ်ဘက်ထွက်ကာ တိုက်ကြီးတို့အပေါ်တွင် သဘောင်္ကြီးဖန်တီးထားသည့်အဆောက်အဦ၊ စင်္ကာပူ အထိမ်းအမှတ် ခြသေ့င်္ရုပ် တို့ကို ကြည့်သည်။ ယင်းသင်္ဘော အဆောက်အဦးကြီးကား ပင်လယ်စပ်တွင် သဲများ ဖို့ကာ ဆောက်လုပ်ထားသည်ဟု သိရသည်။
 
      မြစ်ဘေး ပတ်လည်တွင် မြစ်ပတ်လမ်းများ စတိုင်မျိုးစုံဖြင့် မိုးမျှော်တိုက်ကြီးတို့ကို ဆောက်လုပ်ထားသည်။ အပျော် မော်တော်စီးကာ လှည့်နေကြသော ကမ္ဘာလှည့် ခရီးသည်တို့ကို တွေ့ရသည်။ မြစ်ဘေးထိုင်ခုံတွင် လေညှင်းခံရင်း စင်္ကာပူမြို့၏ အလှအပတို့ကို တစ်နေခင်းလုံး ခံစားလိုက်သည်။ အလုပ်နားရက် အပန်းဖြေကြသော မောင်မြတ်ထွန်းမင်း နှင့် မစံစစ်သွေးနီ တို့ကို တွေ့ကာ စကားအချိန်ကြာ ပြောဖြစ်ခဲ့သည်။
              နေအေးသောအခါ ခြသေ့င်္ရုပ်ဘေးသွားပြီး ဓာတ်ပုံ ရိုက်ဖြစ်သည်။ ကျွန်ုပ်ကဲ့သို့ပင် လာရောက် အပန်းဖြေကြသော ကမ္ဘာလှည့်ခရီးသည်များ အထူးပင် များပြားစည်းကားလှသည်။ အုပ်စုလိုက် လာကြသော ကျောင်းသား/သူများကိုလဲ တွေ့ရသည်။ ဤနေရာသည် ပင်လယ်ပြာကို ဖြတ်ဝင် လာသော လေညှင်းတို့ကို ရှုရိုက်ပြီး ပတ်ဝန်းကျင် အလှအပတို့ကို ခံစားလို့ အကောင်းဆုံး နေရာထဲတွင်တစ်ခုအပါအ၀င် ဖြစ်မည်ထင်သည်။ လာရောက်ကြသူတိုင်းလဲ အပြုံးပန်းတို့ ဝေနေခဲ့ကြသည်။ကျွန်ုပ်လဲအနောက်ဂေါယာကျွန်းသို့ နေမင်းကြီး မေးတင်မှ ကျောင်း သို့ပြန်ဖြစ်ခဲ့သည်။



 
         ဖေဖော်ဝါရီ ၉-ရက်နေ့တွင် စင်္ကာပူတွင် နာမည်ကြီး sentosa ကျွန်းသို့ သွားရောက်ကြသည်။ ကိုဝင်းနိုင် က အလုပ်နား၍ သူ၏ သူငယ်ချင်း ကိုအောင်သိန်းနှင့်အတူ လိုက်ပို့သည်။ အလည်လာရောက်သော ရန်ကုန် အသောကသီတဂူ ကျောင်းတိုက်မှာ အရှင်ဝိမလလည်း လိုက်လည်သည်။ ဦးစွာ မြေအောက်ရထားစီးပြီး vivo cityသို့ လာရသည်။ ထိုမှတဆင့် ရထားစီးကာ sentosa ကျွန်းသို့ သွားကြရသည်။ ရထားခက တစ်ယောက်လျှင် စင်္ကာပူ ၃-ဒေါ်လာပေးရသည်။ ကိုအောာင်သိန်းက လှူသည်။
       
           Sentosa ကျွန်းကား ကမ္ဘာလေးတစ်ခု ကဲ့သို့ အလှမျိုးစုံ ဖန်တီထားသည်။ ရေပန်းများ ဖြာကျစေလျှက် lake of Dreams ဟူသော ရေကန်ကို တည်ဆောက်ထားသည်။ ရေကန်ထဲတွင် ပုံမျိုးစုံ ထုဆစ်ထားသည်။ ရေကန်ရှေ့တွင် လေ့လာရေး လာရောက်ကြသော ကျောင်းသားတစ်စုကို ဆရာက အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြနေသည်ကိုတွေ့ရသည်။
 
         Universal Studios ဘက်သို့ ရောက်သောအခါ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ကြီးကျယ်လှသော နဂါးရုပ်ကြီး၊ နံရံတွင် ပုံကြီးဖြင့် ကပ်ထားသော သက္ကရာဇ်အလိုက် ဗေဒင်ဟောစာတမ်းတို့ကို တွေ့ရသည်။ အက်ရှင်မျိုးစုံပြလျှက် သီးလုံးတို့ကို ကျယ်လောင်စွာ ဖွင့်ထားသော ဒစ်ဂျစ်တယ် ရုပ်ရှင်ပြင်ကြီးတစ်ခုကို မြင်ရသည်။ ၄င်းရှေ့တွင် တီးလုံးအလိုက် ရေပန်းများက လှပစွာ ဖြာဆင်း လျက်ရှိသည်။ ယင်းနောက် တဖြေးဖြေး လည်ပတ်နေသော နဂါးပုံကြီးနှင့် ကမ္ဘာလုံးကြီးတို့ကို ကြည့်ကြသည်။ ကမ္ဘာလုံးကြီးရှေ့တွင် ရေပန်းလေးများကိုဖွဖွလေး ကျဆင်းစေသည်။ အာဒမ် နှင့် ဧ၀ ရုပ်တုကြီး၊ ယင်းရုပ်တုကြီးတို့ထားရာ မီးပေါင်းရောင်စုံတို့ ထွန်းညှိထားသော အလှပြတိုက် တို့ကို လေ့လာခဲ့ရသည်။

                                                                  သိမ်မွေ့ဦး ( BHU )

09/02/2012

အမှတ်တရများနှင့် ဤခရီး ( ၅ )

1. စီးဆင်း ရင်ခွင် | 2/09/2012 | Best Blogger Tips


           ဖေဖော်ဝါရီ ၆-ရက်နေ့တွင် စင်္ကာပူ E-Visa ရသဖြင့် ညကားဖြင့် ပီနန်မှ စင်္ကာပူသို့ သွားရန် စီစဉ်သည်။ ကားဂိတ်သို့ အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရ နှင့်အတူ မောင်မင်းသူတို့ ဇနီးမောင်နှံတို့ လိုက်ပါ ပို့ဆောင်ကြသည်။
             ၁၁-ရက်မျှ နေခဲ့ရသော ဤနေရာလေးကို ခွဲခွါရတော့မည်ဆိုတော့လည်း ရင်ထဲမှာ ၀မ်းနဲသလို ခံစားရသည်။ ခင်ရာဆွေမျိုး ဆိုသကဲ့သို့ ခင်မင်သူတို့နှင့် နေထိုင်ခဲ့ရသည်မှာ ညီအကို ရင်းချာတို့နှင့် အတူနေခဲ့ရသကဲ့သို့ ပျော်ရွှင်စရာ ကောင်းခဲ့ပါသည်။ အော်- မတတ်နိုင်ပြီ၊ အလွမ်းဓာတ်ခံ ရှိသော သူဆိုတော့လဲ ခက်လှပါဘိသည်။ အချိန်တန် အိမ်ပြန်ကြရသည်မှာ ဓမ္မတာပင် မဟုတ်ပါလား..။
       
        ည ၁၀-နာရီကျော်တွင် ပီနန်မှ ကားစတင်ထွတ်ခွါသည်။ ကားတစ်စီးလုံး ၁၈-ခုံသာ ပါသော အထူးကားကြီးဖြစ်သည်။ ကားဆိုဖာထိုင်ခုံများမှာ ဟော်တယ် ဧည့်ခန်း ခုံများကဲ့သို့ အထူးကောင်းမွန် ကျယ်ဝင်းလှသည်။ တစ်ယောက်လျှင် ၇၅-ရင်းဂစ် ပေးရသည်။ ကျွန်ုပ်တို့ စီးသောကားတွင် ခရီးသည် ၈-ယောက်သာ လိုက်ပါသဖြင့် ၁၀ -ခုံလွတ်နေသည်။ ခရီးလမ်းအကြား ခဏမျှ ရပ်နားသော သန့်စင်ခန်းများမှာ သန့်ရှင်းလှပြီး ဈေးဆိုင်များမှာလည်း ကုန်တိုက်တို့ကဲ့သို့ ပစ္စည်းစုံလင်လှသည်။
   
      စင်္ကာပူသို့ နံနက် ၉-နာရီတွင် ရောက်ရှိသည်။ မလေး စင်္ကာပူ ရှိ လူဝင်မှုကြီးကြပ်ရေး ၂-နေရာလုံးကို ချောမွေ့စွာ ကျော်ဖြတ်ခဲ့ရသည်။ အဆင်သင့်တွေ့သော အငှားကား တစ်စီးကို စီးကာ တည်းခိုမည့် ဓာတ်တော်တိုက် ကျောင်းသို့ လာခဲ့သည်။ အငှားကားများမှာ မီတာကို မှန်ကန်စွာ ရေတွက်ပြီး မောင်းခြင်းဖြစ်၍ ဈေးပြောစရာမလိုဘဲ စီးလိုက်ရုံသာ ဖြစ်၏။ စည်းကမ်းရှိသော နိုင်ငံဖြစ်၍ မီတာပိုကာ ရေတွက်ခြင်းမျိုးလဲ မရှိဟု သိရသည်။


 
          နေ့ဆွမ်းစားပြီးနောက် ကိုဝင်းနိုင်က လိုက်ပို့ပေးသဖြင့် Peninsula Plazaသို့ ရောက်ခဲ့သည်။ စင်္ကာပူကား နာမည်ကြီးလောက်အောင်ပင် သန့်ရှင်းလှပလွန်းလှသည်။ လမ်းဘေးတလျှောက် သပြေနုကဲ့သို့ အရွှက်ဖျားနီရဲရဲဖြင့် ပန်းပင်အုပ်၊ ရောင်စုံစက္ကူ၊ ချယ်ရီ၊ ကုက္ကို စသည် သစ်ပင်ပန်းပင် မျိုးစုံတို့ဖြင့် တန်ဆာဆင်ထားသည်။ ဒီဇိုင်းမျိုးစုံဖြင့် ကောင်းကင်ထိလုမျှဖြစ်သော တိုက်ကြီးများကို ငေးရသည်မှာ ဇက်ကြောများပင် ညောင်းလာခဲ့သည်။ လိုင်းကားတို့မှာလည်း နှစ်ထပ်ကား တစ်ထပ်ကားတို့ဖြင့် စုံလင်လှသည်။ အမိုးဖွင့် ဘတ်စ်ကားတို့ဖြင့် လှည့်ပတ်ကြည့်ရှုနေကြသော ကမ္ဘာလှည့် ခရီးသည် တို့ကိုလဲ တွေ့မြင်ရသည်။
 
          Peninsula Plaza ကား ၅-ထပ်လုံး မြန်မာဆိုင်များချည်း ဖြစ်၏။ အတက်အဆင်းတို့ကို စက်လှေခါးတို့ဖြင့် တက်ဆင်းရပြီး ဘုရားပစ္စည်းဆိုင်၊ သင်္ကန်းပရိက္ခရာဆိုင်၊ ကွန်ပျူတာစသော အိုင်တီဆိုင်၊ အ၀တ်အထည်ဆိုင်၊ခရီးသွားကုမ္ပဏီ စသည်ဖြင့်ဆိုင်စုံ၏။ မြန်မာစကားတို့ဖြင့်သာ ပြောဆိုရောင်း ၀ယ်နေကြသဖြင့် စင်္ကာပူဟုသာ နှလုံးမသွင်းလျှင် မြန်မာနိုင်ငံ ဈေးကြီးတစ်ခုကျို ရောက်နေသကဲ့သို့ မှတ်ထင်ရသည်။ ဤကဲ့သို့ ကြီးကျယ်လှသည့် မြန်မာဈေးကြီးတစ်ခု စင်္ကာပူတွင် ရှိလိမ့်မည်ဟု မထင်မိခဲ့ပေ။ တကယ်ရောက်တော့မှ အံ့သြရတော့သည်။ စင်္ကာပူတွင် မြန်မာနိုင်ငံသား နှစ်သိန်းကျော်ရှိသည်ဟု သိရသည်။
       လိုက်ပို့ပေးသော ကိုဝင်းနိုင်က အချိန်မရသဖြင့် ဆင်းရမည့် ဘတ်စ်ကား မှတ်တိုင်ကို ပြောပြီး ပြန်သွားသည်။ ကျွန်ုပ်လဲ Peninsula Plaza ဈေးရှိ ဆိုင်ခန်း များကို လေ့လာကြည့်ရှု့ပြီး ကျောပိုးအိပ်တစ်လုံး ၀ယ်ဖြစ်ခဲ့သည်။ စင်္ကာပူ ဒေါ်လာ ၃၅-ဒေါ်လာ ပေးရသည်။ ယင်းနောက် အနီးနားပတ်ဝန်းကျင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ ဘောလုံးကွင်း၊ အဆောက်အဦးများကို လိုက်လံကြည့်ရှု့ဖြစ်သည်။


                                             သိမ်မွေ့ဦး (BHU)

06/02/2012

အမှတ်တရများနှင့် ဤခရီး ( ၄ )

1. စီးဆင်း ရင်ခွင် | 2/06/2012 | 2. 3. 4. 5. 6. Best Blogger Tips


      ဖေဖော်ဝါရီ ၂-ရက်နေ့တွင် ပီနန်မြို့ ကောင်တာ-ဟု နာမည်ကြီးလှသော မိုးထိုးတိုက် ဈေးကြီးသို့ သွားရောက်ကြသည်။ ဆယ်ထပ်အထိ ဈေးဆိုင်တန်းများ ဖွင့်လှစ်ထားပြီး အခြားအထက်ထပ် များကို ဟော်တယ် စသည် ဖွင့်လှစ်ထားသည် ဟု သိရသည်။ ဈေးကြီးအပြင် ကားရပ်ရန် ပါကင်နေရာ ကို နှစ်ခေါက်ပတ်ပြီး ရှာကြသော်လည်း နေရာတိုင်း ပြည့်နေသဖြင့် ကားရပ်ခွင့် မရခဲ့ကြပေ။ သုံးခေါက်မြောက်ပတ်ကာ ရှာဖွေသောအခါမှ ကောင်တာအဆောက်အဦးအတွင်း ကားပါကင်နေရာ လေး ထပ်မြောက်တွင် ကားရပ်ရန် နေရာရသည်။ ဤနိုင်ငံတွင် ကားများကို လစဉ်ငွေချေ စနစ်ဖြင့် ၀ယ်ယူ၍ရသောကြောင့် ကားများပေါများလွန်းလှသည်။  

      နာမည်ကြီး ကောင်တာတွင် ကုန်ဆိုင် ၊ အလှပစ္စည်းဆိုင်၊ အ၀တ်အထည်ဆိုင်၊ ကွန်ပျူတာပစ္စည်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ စားသောက်ဆိုင် စသည်ဖြင့် အထူးစုံလင်လှသည်။ တစ်နေရာတည်းတွင် မိမိဝယ်ယူချင်သောပစ္စည်းကို ၀ယ်ယူလို့ ရသော နေရာလဲ ဖြစ်သည်။ မြန်မာစာဖြင့်ရေးထားသော မြန်မာ ဆိုင်များလဲ ပေါများလှပြီး မြန်မာဂျာနယ်၊မြန်မာအစားအသောက်၊ မြန်မာပစ္စည်းမျိုးစုံတို့ ရောင်းချသည်ကို တွေ့ရသည်။ ဆိုင်ပိုင်ရှင် အများစုမှာ မြန်မာမွန်စလင်တို့ ဖြစ်ကြသည်။
        အနီးနားရှိ ကုန်တိုက်ကိုလဲ ရောက်ခဲ့သည်။ ကားဖြင့် လိုက်ပို့ပေးသော ကျောင်းသားက မိုဘိုင်းဖုန်းနှင့် အင်တာနက်တွဲသုံးသည့် USB အချောင်းလေးကို ၀ယ်သည်။ ကျွန်ုပ်ကမူ အရှင်ဝိဇ္ဇာနန္ဒမှာလိုက်သော Hard disk တစ်လုံးနှင့် တိုလီမိုလီ ပစ္စည်းအချို့ကိုသာ ၀ယ်ဖြစ်ခဲ့သည်။
 
   ဖေဖော်ဝါရီ ၅-ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။ အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရက တနင်္ဂနွေနေ့တိုင်း အင်္ဂလိပ်သင်တန်း သင်ကြားပေးသဖြင့် တက်ရောက်ကြသူ သင်တန်းသား/သူတို့ ရောက်လာကြပြီး အင်္ဂလိပ်စာ သင်ယူကြသည်ကို မြင်တွေ့ရသည်။ နေ့လည်ပိုင်းတွင် ပီနန်တွင် အလုပ်လုပ်နေသော ကျွန်ုပ် ရွာသား မောင်လင်းပု ရောက်လာသဖြင့် အလ္လာပသလ္လာပ ပြောဖြစ်ခဲ့သည်။ ရင်းဂစ် တစ်ရာလဲ လှူဒါန်းသွားသည်။
   ညနေ ၃-နာရီခွဲတွင် သင်တန်းကို စောစောပိတ်လိုက်ပြီးနောက် ကျွန်ုပ် ၊အရှင်ဝိဇ္ဇာနန္ဒာ လင်္ကာရ နှင့် ကျောင်းသားနှစ်ယောက်တို့သည် ပီနန် မှ အတော်လှမ်းသေးသော Taiping မြို့သို့ သွားရောက်လည်ပတ်ကြသည်။ ၁၃-မိုင် ရှည်လျားသော ပီနန်တံတားကြီးကို နောက်တစ်ခေါက် ဖြတ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ ပင်လယ် ရေပြင်ပြာကြီးဖြင့် ပနံတင့်လျှက်ရှိသော မိုးထိုးတိုက်ဖြူကြီးတို့ကို တစ်ဖန် မြင်တွေ့ခွင့်ရခဲ့သည်။ လမ်ဘေး ၀ဲယာတွင် စီတန်းလျှက် စိုက်ပျိုးထားသော စားအုန်ဆီပင်ကြီးများ နှင့် အုန်းဆီထုတ်စက်ရုံကြီးတို့ကို သတိထားမိခဲ့သည်။ နေရာတိုင်းတွင် ကားလမ်းမကြီးများ အထူးသန့်ရှင်း ကောင်းမွန်လှပေသည်။



 
     ကား ၁-နာရီ မိနစ် ၄၀ ခန့် မောင်းပြီးနောက် Taiping မြို့သို့ ရောက်ရှိသည်။ ယင်းမြို့ရောက်မှ မိုးကလဲ သဲသဲမဲမဲ ရွာသည်။ ဤအရပ်ဒေသသည် နှစ်ရက် သုံးရက်လျင် တစ်ကြိမ်ခန့် မိုးရွာသည်။ထိုကြောင့် သစ်ပင်တိုင်း စိမ်းစိုလန်းဆန်းလျက် ရှိသည်။ မိုးကောင်းသောကြောင့် သစ်ပင် ပန်းပင်တို့ကို သီးသန့် ရေလောင်းပေးစရာ မလိုတော့ပေ။ ပင်လယ်နှင့် နီးသောကြောင့် ဖြစ်မည်ထင်သည်။
     Taiping မြို့သည် ကျယ်ဝန်းသော်လည်း ပီနန် ကဲ့သို့ မိုးထိုး တိုက်ကြီးများ မတွေ့ရပေ။ အထူးသဖြင့် တောင်ကြောတလျှောက် တောင်ပေါ်မြေပြန့် တပြင်လုံး မြက်ခင်းပြင်များ သစ်ပင်ရှည်ကြီးများဖြင့် နုပျိုစိမ်းလန်းလျက် ရှိသည်။ မည်သည့်အရပ်ကြည့်ကြည့် စိမ်းစိုနေသဖြင့် အစိမ်းရောင်မြို့တော်ဟု သမုဒ်ရတော့မလိုပင် ။ ရှု့မြင်ရသည့် သဘာဝရှု့ခင်းမှာ သာယာလွန်းလှပေသည်။
   တနင်္ဂနွေ အပန်းဖြေရက်ဖြစ်သောကြောင့် ပန်းခြံ ရေကူးကန် တိရိစ္ဆာန်ဥယျာဉ်တို့တွင် လူစည်းကားနေသည်။ ကျွန်ုပ်တို့ သွားလည်ကြမည့် တောင်ပေါ်ကျောင်းတက်မည့်လမ်းကို မေးမြန်း ရှာဖွေကြရာ မတွေ့နိုင်ကြပေ။ ယင်းကျောင်းရုံးခန်းမှ တာဝန်ကျ အမျိုးသ္မီးကြီးထံ ဖုန်းဆက်ကြည့်ကြရာ ၅ -နာရီ ပိတ်ပြီဖြစ်၍ လာလို့မရဟု ဖြေကြားသည်။
          ထိုကြောင့် ကျွန်ုပ်တို့လဲ ပီနန်ပြန်ကြတော့မည်ဟု စဉ်းစားကြပြီး တောင်တစ်လုံး၏ အတက်တွင် ရှိသော ပန်းခြံ တစ်ခုကို ခေတ္တ ၀င်ကြသည်။ ထိုပန်းခြံသို့ လမ်းလျှောက်ရန်လာသော Taiping တရုတ်အမျိုးသားတစ်ဦးကို တောင်ပေါ် ထေရ၀ါဒကျောင်း သိသလားဟု မေးကြည့်ကြသောအခါ သဘောကောင်းသော ထိုအမျိုးသားက လမ်းမလျှောက်တော့ဘဲ ကျွန်ုပ်တို့ကားကို သူ့ကားနောက်က လိုက်စေ၍ တောင်ခြေအရောက် လိုက်ပို့ပေးသည်။
 
        တောင်ခြေတွင် ဘုန်းကြီးကျောင်းမှ ကားတစ်စီးအကြိုလွတ်လိုက်၍ ထိုကားဖြင့် တက်ကြရသည်။ ကျိုက်ထီးရိုးတောင်အတက်ကဲ့သို့လမ်းမှာမတ်စောက်ပြီးနက်ရှိုင်းသည်။ ၅-မိနစ်ခန့် မောင်းနှင်းပြီး တောင်ပေါ် သာသနာရက္ခ ထေရ၀ါဒ ဘုန်းတော်ကြီးသို့ ရောက်ရှိသည်။
        တောရကျောင်းဝိုင်းတွင် သရက်၊ အင်ကြင်း၊ ဒူးရင်း၊ ကုက္ကို၊ သပြေ၊ တမာ၊ စက္ကူ၊ ကြာပန်း စသော သစ်ပင်ပန်းမာလ်တို့ စုံလင်လှပသည်။ တောင်ကျရေကို ရေကန်ပြုလုပ်ထားပြီး ရေကန်လည်တွင် သိမ်ကျောင်းဆောက်လုပ်ထားသည်။ တောင်ကျရေ အမြဲစီးဆင်းနေသဖြင့် ရေကန်ရေသည်လည်း ကြည်လင်သန့်ရှင်းသည်။ ရေကန်ထဲတွင် အလှရွှေငါးများ မွေးမြူထားသည်။
       တစ်ပါးနေ ကမ္မဌာန်းကျောင်းငယ်လေးများ၊ ဓမ္မာရုံ တို့နှင့် နားနေဆောင်တို့ကို ကျောင်းဝန်းအနှံ့ စီတန်းကာ ဆောက်လုပ်ထားသည်။ ကျောင်းဝိုင်းအကျယ် ၁၀-ဧက ကျယ်ဝန်းသည်ဟု သိရပြီး တည်ထောင်ပြီးခဲ့သည်မှာ ၁၂-နှစ် ရှိပြီဟု သိရသည်။ တစ်ကျောင်းလုံး ကျေးငှက်သာရကာတို့၏ တွန်ကြူးသံမှ အပ မည်သည့်အသံမှ မကြားရလောက်အောင် တောင်ထိပ်ပန်းဝတ်ကျင် တောနက်ထဲတွင် ဖန်တီးတည်ဆောက်ထားသည်။
    ထိုကျောင်းဆရာတော်မှာ ထိုင်းနိုင်ငံ မြန်မာဆရာတော်ကြီး ဥူးဓမ္မာနန္ဒထံတွင် နှစ်နှစ် ပညာသင်ယူခဲ့ခြင်း၊ မြန်မာနိုင်ငံ မဟာစည်ရိပ်သာ ဖားအောက်ရိပ်သာတို့တွင် နှစ်ပေါင်းများစွာ ကမ္မဌာန်း နည်းနာယူ အားထုတ်ခဲ့မှုတို့ကြောင့် မြန်မာစကားကို ကျွမ်းကျင်စွာ မြန်မာ တစ်ယောက် ကဲ့သို့ ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့ကို တွေ့သောအခါ ၀မ်းသာအားရ ဖြင့် သူ၏ ကမ္မဌာန်းချိန်ကို ဖြုတ်၍ အချိန်ပေးကာ ပြောဆိုနှုတ်ဆက်သည်။ ကျောင်းဝိုင်းထဲတွင်လည်း Burmese Park ဟု အမည်ပေးပြီး သက္ကယ်မိုး နားနေဆောင်တို့ဖြင့် ပန်းခြံတစ်ခု ဖန်းတီးထားသည်။



   မလေးရှားနိုင်ငံတွင် အောင်မြင်ကျော်ကြားနေသော ရိပ်သာတစ်ခုဖြစ်သည်ဟုသိရသည်။ ကမ္မဌာန်းကျောင်းဆောင်လေးတို့ကိုလည်း မြန်မာရိပ်သာရှိ ကမ္မဌာန်းကျောင်းလေးများကဲ့သို့ အလားသဏ္ဍာန် တူစွာ တည်ဆောက်ထားသည်။ ဘာသာခြားနိုင်ငံတစ်ခုတွင် ယင်းကဲ့သို့ ကြီးကျယ်သော တရားရိပ်သာကြီးတစ်ခုကို မြင်တွေ့ရသဖြင့် များစွာ ၀မ်းမြောက်မိပေသည်။ သာသနာစိတ်ဓာတ် ထက်သန်စွာဖြင့် တည်ထောင်ထားသော မလေးရှားနိုင်ငံသား ဆရာတော်ကိုလည်း ကြည်ညိုမိပေသည်။ ယခု လက်ရှိတွင် သံဃာလေးပါးနှင့် တရားအားထုတ်နေကြသော ယောဂီအချို့ ရှိနေသည်ဟု သိရသည်။ လုပ်အားဒါနပေးလှူနေကြသော မြန်မာအမျိုးသားကြီးနှစ်ဦးတို့ကိုလည်း တွေ့ရသည်။ သူတို့မှာ ဆရာတော် မြန်မာနိုင်ငံမှာ လာရောက်နေထိုင်စဉ်ကတဲက ရင်းနှီးနေသည်ဟု ပြောပြသည်။
  ကျောင်းဝိုင်းတစ်ဝန်းလုံးကို ပတ်ကာ ကြည့်ရှု့လေ့လာကြပြီးသောအခါ အတော်ပင် မှောင်ရိပ်သန်း လာလေပြီ။ အိမ်တန်းတက် ငှက်တို့၏ အသံမှတစ်ပါး မည့်သည့်အသံ မကြားရတော့ပေ။ တစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။ လိုက်ပါပို့ဆောင်ပေးသောမြန်မာ ဒကာကြီးနှင့် ရုံးတာဝန်ခံ မလေးရှားဒကာမတို့ကို နှုတ်ဆက်ပြီး ကျွန်ုပ်တို့ ပီနန်သို့ပြန်ခဲ့ကြသည်။ လာတုံးကကဲ့သို့ မိုး မရွာတော့ပေ။ ပီနန် မေတ္တာနန္ဒ ၀ိဟာရသို့ ည ၁၀-နာရီအနီးမှ ရောက်ရှိတော့သည်။
                                                               သိမ်မွေ့ဦး (BHU)

02/02/2012

အမှတ်တရများနှင့် ဤခရီး ( ၃ )

1. စီးဆင်း ရင်ခွင် | 2/02/2012 | 2. 3. 4. 5. 6. Best Blogger Tips


              ဇန်န၀ါရီ ၂၉-ရက်နေ့တွင် မေတ္တာနန္ဒ ၀ိဟာရကျောင်း၏ ၇- ရက် တရားစခန်း ပြီးဆုံးသည်။ ဒုလ္လဘ ရဟန်းတော်များ သီလရှင်ဆရာလေးများ သိက္ခာချ လူဝတ်လဲကျပြီး မိမိတို့ လုပ်ငန်းခွင်သို့ ပြန်ကြသည်။ ညဥ့်ပိုင်းရောက်တော့ အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရ၊ ကျွန်ုပ်နှင့် ဒုလ္လဘ တစ်ပါးသာ ကျန်တော့သည်မို့ တစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။ လေပြင်းများ တိုက်ခတ်မှုကြောင့် သစ်ပင်ကြီးငယ် အသွယ်သွယ်တို့၏ တရှဲရှဲ မြည်သံနှင့် ကျေးငှက်သာရကာတို့၏ တွန်ကြူးသံမှ တပါး မည်သည့် အသံမျှ မကြားရပေ။ တရားရိပ်သာ၏ ၀ိဝေကဂုဏ်နှင့် အထူးပြည့်စုံနေပေ၏။  
    
        ကျွန်ုပ်အတွက် မလေး ရောက်နေသကဲ့သို့ မခံစားရတော့ဘဲ မြန်မာနိုင်ငံရှိ တောရကျောင်း တစ်ကျောင်းကို ရောက်နေသကဲ့သို့ ခံစားမိတော့သည်။ ဤကျောင်းကို စရောက်သည့်ရက်က ပရိသတ်အသံဗလံတို့နှင့် ရင်းနှီးခဲ့တာကြောင့် ခုလို လူရှင်းသွားတော့ မနေတတ် မထိုင်တတ်သလိုပင်။ တရုတ်နှစ်သစ်ကူးနောက်ဆုံးရက်များဖြစ်သဖြင့် မြို့ထဲမှ ဗျောက်အိုးဖောက်သံ မီးကျည် မီးပန်း ပစ်လွှင့်သံတို့ကိုလဲ ဆူညံစွာ ကြားရသည်။
            ဇန်န၀ါရီ ၃၀-ရက်နေ့က နှစ်သစ်ကူးအချိန်၏ နောက်ဆုံးရက် အထူးရက်ဖြစ်သည်ဟု သိရပြီး တညလုံး တမြို့လုံးပင် ဗျောက်အိုးသံတို့ဖြင့် ဆူညံနေတော့၏။ အိန္ဒိယနိုင်ငံတွင် ကမ္ဘာ့ ခရက်ကတ်ဖလား ရသည့်ညက တညလုံး ဗျောက်အိုးသံတို့မစဲသည်ကို သတိရမိခဲ့သည်။ ယခုလဲ ယင်းကဲ့သို့် ဆူညံနေပြီး တမြို့လုံး၏ ကောင်းကင်ယံတွင် မီးကျည်မီးပန်းတို့၏ ရောင်စုံတို့က တောက်ပနေခဲ့သည်။ ဆူညံလှသော အသံတို့ကြောင့် ညဥ့်နက်သည်အထိ အိပ်မပျော်ခဲ့ပေ။




       ဇန်န၀ါရီ ၃၁-ရက်နေ့တွင် ပီနန်ကို တစ်ခေါက်ပတ်ကြပြီး သန့်ရှင်းသာယာလှသော မြို့ပြကြီး၏အလှတို့ကို တဖန် ပြန်လည် ခံစားခွင့်ရခဲ့သည်။ အရှင်ဝိဇ္ဇာနန္ဒက ကားစီစဉ်ပေးသဖြင့် သွားလာရသည်မှာ အဆင်ပြေ လှပေသည်။ ဦးစွာ ပီနန်တောင်ကို ရောက်ခဲ့သည်။ တောင်ပေါ်တက်သည့် ရထားပျက်နေ သဖြင့် တောင်ပေါ်မတက်ခဲ့ရပေ။ တရုတ်နှစ်သစ်ကူး ရက်အတွင်း အသွားများခဲ့သဖြင့် စက်ခဏ ပျက်နေ သည်ဟု သိရသည်။ စိမ်းစိုနက်မှောင်နေသော ပီနန်တောင်ကြီးကို တောင်အောက်ကပင် လှမ်းမျှော်ကာ ကြည့်ရှု့ခဲ့သည်။
         
         ကွမ်ယင်မယ်တော်တောင်ကိုလည်းရောက်ခဲ့သည်။ တောင်ပေါ်တွင် လာရောက်ကြသူ တရုတ်လူမျိုးများ စည်းကားလှသည်။ ဘုရားကျောင်းဆောင်များ၊ ပန်းခြံများ၊ ဈေးဆိုင်တန်းများ၊ ထွန်းညှိ့ထားသေား ဖယောင်းတိုင်ကြီးများဖြင့် ပြည့်နှက်နေသည်။ ရွတ်ဆို ၀တ်ပြု တီးမှုတ်နေကြသော မဟာယာန ဘုန်းတော်ကြီးတို့၏ ဓမ္မသံတို့သည်လည်း ဖူးမျှော်လာကြသူတို့ကို အေးမျှစေသည်။ အလှပန်းမျိုးစုံ တို့ဖြင့် ပုံဖော်ခြယ်သ ထားသောကြောင့် ရောက်ခဲ့ကြသူတိုင်း တောင်၏အလှတို့ကို ကြည့်ရှု့ခံစားလို့ မ၀နိုင်ကြပေ။
       ကွမ်ယင်မယ်တော်တောင်မှဆင်းပြီး မြွေဘုရားကျောင်းသို့ ဆက်လက် သွားရောက်ကြသည်။ အရှင်ဝိဇ္ဇာနန္ဒလဲ အချိန်ရသဖြင့် လိုက်ပါပို့ဆောင်ပေးသည်။ ထိုမြွေဘုရားကျောင်းမှာ ခရီးအနဲ ငယ် ဝေးသည်။ ကျောင်းတော်မှာ အခြားနေရာများကဲ့သို့ သာသာယာယာတော့ မရှိလှပေ။ ဘုရားဆင်းတုတော်ရှေ့ သစ်ပင်ငယ်တို့တွင် မြွေငယ်လေးများရစ်ခွေနေသည်ကို တွေ့ရသည်။ လှောင်အိမ် ထဲထည့်ထားသော မြွေကြီးတို့ကိုလဲ မြင်ခဲ့ရသည်။ အချိန်နောက်သောကြောင့် ကျောင်းတော် ပိတ်သွားပြီဖြစ်၍ အခြားမြွေများကို မမြင်ခဲ့ရပေ။ ပီနန်မြို့ နာမည်ကြီးနေရာတို့တွင် တစ်ခု အပါအ၀င်ဟု သိရသည်။ ပီနန်မြို့ရှိ ဘုရားကျောင်းဆောင်တိုင်း ဖယောင်းဆီမီးတိုင်များ ဆီမီးခွက်များ ဆီမီးပုံများ ပြည့်နှက်စွာ ချိတ်ဆွဲ ထွန်းညှိ့သည်တို့ကို တွေ့ရသည်။
    ပီနန်တွင် မြန်မာနိုင်ငံမှာကဲ့သို့ ရာသီဥတု ခွဲခြားမှုမရှိ ဟု သိရသည်။ ထိုကြောင့် ထင်သည်။ လျှောက်လည်ကြအပြီး ကျောင်းသို့ ပြန်လာသောအခါ မိုးများ သဲသဲမဲမဲ ရွာချခဲ့သည်။ သာယာလှပလှသော ပတ်ဝန်းကျင် မြင်ကွင်းတို့ကို ကြည့်ရှု့ပြီး လန်းဆန်းသော လေတို့ကို ရှုရိုက်လိုက်ရသောကြောင့် ဖြစ်မည်ထင်သည်။ ကျွန်ုပ်၏ စိတ်ဓာတ်တို့လဲ လန်းဆန်းတက်ကြွနေသလို ခံစားမိသည်။



                                                                                သိမ်မွေ့ဦး ( BHU )