ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

14/02/2012

အမှတ်တရများနှင့် ဤခရီး ( ၈ )

1. စီးဆင်း ရင်ခွင် | 2/14/2012 | 2. 3. 4. 5. 6. Best Blogger Tips
 
ဖေဖော်ဝါရီ ၁၁-ရက် ညနေ ၅-နာရီမိနစ် ၂၀ ကားဖြင့် မလေးရှားသို့ ပြန်ခဲ့သည်။ ကားဂိတ်သို့ ကိုဝင်းနိုင် နှင့် မနေ့ကမှ စင်္ကာပူသို့ အလည်လာရောက်ကြသော အရှင်သုမန ( ဓနု )တို့ လိုက်ပို့ ပေး ကြသည်။ ကိုဝင်းနိုင်ကား ကျွန်ုပ် စင်္ကာပူနေထိုင်စဉ် ၅ ရက်အတွင်း နေ့စဉ် လိုက်ပါ ပို့ဆောင်ပေးသည်။ ကျွန်ုပ်နှင့် စင်္ကာပူ ရောက်မှ သိပြီး မလေး ဗီဇာကြေး စင်္ကာပူ ဒေါ်လာ ၂၀ နှင့် တက္ကစီခတို့လဲ လှူဒါန်းပေသည်။ ကျေးဇူးများလှပေသည်။ ကျမ္မာချမ်းသာပါစေကြောင်း မေတ္တာပို့သဖြစ်ပါသည်။ မလေးသို့ ပြန်လာစဉ် ကားပေါ်တွင် လိုက်ပါရင်း စင်္ကာပူအကြောင်း စဉ်းစားဖြစ်သည်။ စင်္ကာပူတွင် ကားလမ်းများ လမ်းကြိုလမ်းကြားမကျန် အထူးကောင်းမွန်လှသည်။ ကားလမ်း ကူးရာတွင်လည်း စည်းကမ်း ရှိလှသည်။ လူကူးမျဉ်းကြားများတွင် လူလမ်းလျှောက်နေပုံ မီးအစိမ်းပြလျှင် လူများကူးကြပြီး ကားအတွက် ထို့အတူ မီးစိမ်းပြမှ မောင်းကြသည်။ မီးပွိုင့် မထားသော အချို့လမ်းကြားတို့တွင် ကားများအလိုက် သိစွာ ဖြေးဖြေးမောင်းကြသည်။


မြန်မာနိုင်ငံကား ကားလမ်းကူးရာတွင် လုပ်ထားသောစနစ်မှာ စည်းကမ်းမရှိသဖြင့် ဒုက္ခရောက်လှသည်။ ကျွန်ုပ်နေထိုင်ရာ ကျောင်းအနီး မြောက်ဥက္ကလာ အ၀ိုင်းဆိုလျှင် ကားလမ်းဖြတ်ကူးဖို့ တစ်ခါတစ်ရံ နာရီဝက်ခန့် စောင့်ရသည်။ ထိုကြောင့် မလိုလားအပ်သော ယာဉ်တိုက်မှုများ အမြဲတွေ့နေ ကြားနေရသည်။


စင်္ကာပူတွင် လိုင်းကားခ မြေအောက်ရထားခ ပေးရာတို့တွင် ATM ကတ်ဖြင့် သုံးကြသဖြင့် ပိုက်ဆံကောက်ရန် ကားစပါယ်ယာ မပါပေ။ ကားပေါ်တက်ရာတွင် ကတ်ကိုပြကာ တက်ကြပြီး ဆင်းလျှင်လည်း ကတ်ကိုပြကာ ဆင်းကြသည်။ ကားမောင်းသူ တစ်ယောက်သာလျှင် အေးအေး လူလူ မောင်းသည်။ ပန်းခြံ ပတ်ကားတို့တွင်လည်း မိမိဆင်းချင်သည့်နေရာ ခလုတ်နှိတ်လိုက်လျှင် ကားရပ်ပေးသည်။ စီးသူ မောင်းသူ အေးအေးချမ်းချမ်း ရှိလှပါဘိ။ အချို့ဆိုင်တို့တွင် ဈေးရောင်းသူ မထား ကိုယ်လိုချင်သော ပစ္စည်းကို ပိုက်ဆံထည့်ပြီး ၀ယ်ရသည်။ ပစ္စည်းနှင့် အမ်းသောငွေ သူအလိုလို စက်မှ ထွတ်လာသည်။




ကျွန်ုပ်တို့ အမိနိုင်ငံမှာကား ကားခ အမ်းရန် အကြွေကိစ္စအတွက် ကားစပါယ်ယာ နှင့် စကားများကြသည်။ ဆင်းလိုသည့် မှတ်တိုင်ကို အော်၍ ပြောကြရသည်။ ကားစပါယ်ယာတို့မှာလည်း မသက်သာ။ တစ်နေကုန် အြော်ကရသဖြင့် အသံများ ၀င်နေကြသည်။ စင်္ကာပူကဲ့သို့ အရသာမျိုး အမိနိုင်ငံသားများ ခံစားစေချင်မိသည်။


မလေးရှား ကွာလာလမ်ပူသို့ ည ၁၀ နာရီ မိနစ် ၄၀ တွင် ရောက်ရှိသည်။ မိုးကလဲ သဲသဲမဲမဲ ရွာနေ၏။ ရွာသားများဖြစ်ကြသော ကိုကျော်ထွန်းနိုင် နှင့် ကိုအောင်ကျော်စိုးတို့ လာကြိုကြသည်။ ပူချုန်း ၇-ရပ်ကွက်ရှိ သိရီမင်္ဂလာဓမ္မာရုံကျောင်းတွင် တည်းခိုသည်။



ဖေဖော်ဝါရီ ၁၂-ရက်နေ့တွင် ကွာလာလမ်မြို့ကို လည်ကြသည်။ မလေးတွင် လာရောက်အလုပ်လုပ်နေကြသော ရွာသား/သူ ဖြစ်ကြသည့် ကိုကျော်ထွန်းနိုင်+ မရီရီလွင် နှင့် ကိုအောင်ကျော်စိုးတို့က လိုက်ပို့ပေးကြသည်။ ကိုကျော်ထွန်းနိုင်က ကားဝယ်ထားသဖြင့် သူ့ကားလေးဖြင့် လိုက်ပို့ပေးခြင်းဖြစ်သည်။

Petronas twin Tower ဟု နာမည်ကြီးသည့် မျှော်စင်ညီနောင် တိုက်ကြီးတို့သို့ သွားရောက်လေ့လာကြသည်။ ဒီဇိုင်းဆန်းဆန်းဖြင့် တည်ဆောက်ထားပြီး မြင့်မား လှပလှသော မျှော်စင်ကြီးဖြစ်သည်။ မျှော်စင်ဘေးတွင် ရေပန်းများ ဖွင့်ထားပြီး ရေကန် ပန်းခြံတို့ဖြင့် ရှု့မငြီးဖွယ်ပင် ဖြစ်သည်။ တိုက်ကြီးထဲတွင် ဈေးဆိုင်တန်းများ စုံလင်စွာ ဖွင့်ထားသည်။

ယင်းမှ ထွတ်လာပြီးနောက် KL Tower ဟု ခေါ်သည့် မှိုပွင့်ကြီးကဲ့သို့ တည်ဆောင်ထားသော အဆောက်အဦးကြီးသို့ သွားရောက်ကြသည်။ အပေါ်ဆုံးထပ်သို့ ဓာတ်လှေခါးဖြင့် တက်ရပြီး တက်ခအဖြစ် ၅-ရင်းဂစ် ပေးရသည်။ အပေါ်ဆုံးထပ်မှ ကွာလာလမ်ပူမြို့၏ အလှတို့ကို ပြည့်ဝစွာ ခံစားနိုင်သည်။ မှန်ဘီလူးဖြင့် မိမိစိတ်ဝင်စားသည့် နေရာတို့ကို အနီးကပ်ဗြူးဖြင့် ကြည့်ရှုနိုင်သည်။ ကျွန်ုပ်လဲ စိတ်ဝင်စားသည့် တောင်တန်းများနှင့်မျှော်စင်ကြီးတို့ကို အနီးကပ် ကြည့်ဖြစ်သည်။

ခပ်ရေးရေးသာမြင်ရသည့် တောင်တန်းကြီးတစ်ခု၏ ထိပ်တွင် နတ်ဘုံဗိမာန်ကြီးများကဲ့သို့ တည်ဆောက်ထားသော ဟော်တယ် ကြီးတို့မှာ လှပပေသည်။ မလေးရှား သူဌေးတစ်ဦးက တောင်ကြီးသုံးလုံးကိုဝယ်ကာ ဟော်တယ်များ ပန်ခြံများ ကာဆီနိုဆိုင်များ ဖွင့်ထားသည်ဟု သိရသည်။ ၄င်းတောင်ထိပ်သို့ ကောင်းကင်ကေဘယ်ကြိုး ရထားဖြင့် သွားလာရသည်။ ဝေးသဖြင့် မရောက်ခဲ့ပေ။ အနီးကပ်ဖြူးဖြင့်သာ လှမ်းမျှော်ကြည့်ခဲ့သည်။ ကွာလာလမ်ပူမြို့မှာ တော်တော် ကျယ်ဝန်းပေသည်။

ကုန်တိုက်ကြီးတစ်ခုကို ၀င်ကာ လက်ဆောင်ပစ္စည်းအချို့ ၀ယ်ဖြစ်ခဲ့သည်။ ပစ္စည်းများကို ဈေနှုန်းကပ်ထားပြီး နှစ်သစ်က ယူကာ ငွေရှင်းကောင်တာတွင် သွားရှင်းရသည်။ ပစ္စည်းစုံလင်သဖြင့် အလကားပေးနေသကဲ့သို့ ၀ယ်ယူသူများ စည်းကားပေ၏။ ကိုကျော်ထွန်းနိုင်+ မရီရီလွင်တို့က လက်ဆောင်ပစ္စည်းတို့ကို ၀ယ်ကာ လှူသည်။ ယင်းနောက် ကျောင်းသို့ပြန်ကာ ခဏ နားသည်။

ညပိုင်း ၈-နာရီခွဲတွင် ကိုကျော်ထွန်းနိုင်က သူတို့အိမ်သို့ အလည်ပင့်သည်။ မိုးကလဲ သဲသဲမဲမဲ ရွာနေပြန်သည်။ ရွာသားတို့နှင့် စကားလက်ဆုံပြောဖြစ်သည်။ ကိုကျော်ထွန်းနိုင်+မရီရီလွင် ရင်းဂစ် ၁၀၀၊ ကိုအော်ကျော်စိုး ရင်းဂစ် ၁၀၀၊ ကိုနိုင်းလင်း ရင်းဂစ် ၈၀၊ ကိုဇော်မင်းထွန်း ရွာစည်ရွာသာ ကလေးမြို့က ရင်းဂစ် ၅၀ န၀ကမ္မဒါန ပြုသည်။

ဖေဖော်ဝါရီ ၁၃-ရက်နေ့ကား မြန်မာနိုင်ငံသို့ ပြန်တော့မည်ဖြစ်သည်။ အချိန်သိပ်မရ၍ ထွေထွေထူးထူး သွားမလည်တော့ပေ။ မနက်ပိုင်း ဥူးကောသလ္လနှင့် ဆွမ်းစားတစ်ခု လိုက်ဖြစ်သည်။ နေ့လည် ပြန်ခါနီးတော့ ဥူးကောသလ္လက ပညာသင်ရာ သုံးစွဲရန်အတွက် ကျွန်ုအား န၀ကမ္မဒေါ်လာ တစ်ရာ လှူသည်။ ကျွန်ုပ်လဲ သူ ရန်ကုန်ကျောင်း ဆောက်နေရာ အတွက် ရင်းဂစ် ၁၃၀ လှူဒါန်းဖြစ်သည်။

နေ့လည်ပိုင်း ငွေချိန်းကောင်းတာသို့ ခေတ္တ၀င်ပြီး ရင်းဂစ်တို့ကို ဒေါ်လာ ချိန်းဖြစ်သည်။ လေဆိပ်သို့ ကိုကျော်ထွန်းနိုင်က လိုက်ပို့သည်။ ပစ္စည်းချိန်ခြင်းစသည့် ကိစ္စအားလုံးပြီးဆုံးမှ နှုတ်ဆက်ကာ ပြန်သွားသည်။

ဤသို့ဖြင့် မလေးရှား စင်္ကာပူ ခရီးစဉ် ပြီးဆုံးခဲ့သည်။ ခရီးစဉ်တစ်လျှောက် အမှတ်တရများဖြင့် ပြည့်နေခဲ့၏။ အိပ်ပျော်နေခဲ့သော ကျွန်ုပ်၏ ဦးနှောက်များ နိုးထလာသကဲ့သို့ ခံစားမိသည်။ စင်္ကာပူတွင် မြေမရှိ သယံဇာတမရှိပါ။ ရေကိုပင် အခြားနိုင်ငံက ၀ယ်သောက်ရ၏။ သို့သော်လည်း ခေါင်းဆောင်ကောင်းသဖြင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်ပြီး နာမည်နှင့် လိုက်အောင်ပင် အဆင့်မြင့် လှပ စည်းကမ်းကျပေ၏။

မလေးရှားနိုင်ငံကား ကျယ်ဝန်းပြီး စားအုန်းဆီ နှင့် ရေနံစသော သယံဇာတတို့ ထွတ်ရှိ၏။ နိုင်ငံလည်း ကျယ်ဝန်းမှု ရှိ၏။ သို့သော် စင်္ကာပူလောက်တော့ အဆင်မြင့် လှပမှု မရှိပေ။ ကျွန်ုပ်အနေနှင့် အခက်အခဲအချို့ ကြုံခဲ့သော်လည်း ဤခရီးစဉ်ကို အားရကျေနပ်ခဲ့ပါသည်။ ဤခရီးဖြစ်အောင် တိုက်တွန်းကူညီပေးခဲ့သော အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရကို အထူးကျေးဇူးတင်မိသည်။ သူကား ကျွန်ုပ်ခရီးစဉ်တလျှောက် အစစအရာရာ အဆင်ပြေစေရန် ကာယအား ဥာဏအား ငွေအားတို့ဖြင့် လိုသေးသည်မရှိအောင် ကူညီပေးခဲ့ပါသည်။ စိတ်ချမ်းသာ ကိုယ်ကျမ္မာဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ပါစေဟု မေတ္တာပို့သဖြစ်သည်။

ဖေဖော်ဝါရီ ၁၃-ရက်နေ့တွင် ကျွန်ုပ်၏ မလေး စင်္ကာပူ ခရီးစဉ် ပြီးဆုံးခဲ့သည်။သို့ဖြစ်၍ အမှတ်တရများနှင့် ဤခရီး မှတ်တမ်းကို ဤနေရာတွင် အဆုံးသတ်လိုက်ရပေသည်။

သိမ်မွေ့ဦး ( BHU )

No comments:

Post a Comment