ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

06/02/2012

အမှတ်တရများနှင့် ဤခရီး ( ၄ )

1. စီးဆင်း ရင်ခွင် | 2/06/2012 | 2. 3. 4. 5. 6. Best Blogger Tips


      ဖေဖော်ဝါရီ ၂-ရက်နေ့တွင် ပီနန်မြို့ ကောင်တာ-ဟု နာမည်ကြီးလှသော မိုးထိုးတိုက် ဈေးကြီးသို့ သွားရောက်ကြသည်။ ဆယ်ထပ်အထိ ဈေးဆိုင်တန်းများ ဖွင့်လှစ်ထားပြီး အခြားအထက်ထပ် များကို ဟော်တယ် စသည် ဖွင့်လှစ်ထားသည် ဟု သိရသည်။ ဈေးကြီးအပြင် ကားရပ်ရန် ပါကင်နေရာ ကို နှစ်ခေါက်ပတ်ပြီး ရှာကြသော်လည်း နေရာတိုင်း ပြည့်နေသဖြင့် ကားရပ်ခွင့် မရခဲ့ကြပေ။ သုံးခေါက်မြောက်ပတ်ကာ ရှာဖွေသောအခါမှ ကောင်တာအဆောက်အဦးအတွင်း ကားပါကင်နေရာ လေး ထပ်မြောက်တွင် ကားရပ်ရန် နေရာရသည်။ ဤနိုင်ငံတွင် ကားများကို လစဉ်ငွေချေ စနစ်ဖြင့် ၀ယ်ယူ၍ရသောကြောင့် ကားများပေါများလွန်းလှသည်။  

      နာမည်ကြီး ကောင်တာတွင် ကုန်ဆိုင် ၊ အလှပစ္စည်းဆိုင်၊ အ၀တ်အထည်ဆိုင်၊ ကွန်ပျူတာပစ္စည်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ စားသောက်ဆိုင် စသည်ဖြင့် အထူးစုံလင်လှသည်။ တစ်နေရာတည်းတွင် မိမိဝယ်ယူချင်သောပစ္စည်းကို ၀ယ်ယူလို့ ရသော နေရာလဲ ဖြစ်သည်။ မြန်မာစာဖြင့်ရေးထားသော မြန်မာ ဆိုင်များလဲ ပေါများလှပြီး မြန်မာဂျာနယ်၊မြန်မာအစားအသောက်၊ မြန်မာပစ္စည်းမျိုးစုံတို့ ရောင်းချသည်ကို တွေ့ရသည်။ ဆိုင်ပိုင်ရှင် အများစုမှာ မြန်မာမွန်စလင်တို့ ဖြစ်ကြသည်။
        အနီးနားရှိ ကုန်တိုက်ကိုလဲ ရောက်ခဲ့သည်။ ကားဖြင့် လိုက်ပို့ပေးသော ကျောင်းသားက မိုဘိုင်းဖုန်းနှင့် အင်တာနက်တွဲသုံးသည့် USB အချောင်းလေးကို ၀ယ်သည်။ ကျွန်ုပ်ကမူ အရှင်ဝိဇ္ဇာနန္ဒမှာလိုက်သော Hard disk တစ်လုံးနှင့် တိုလီမိုလီ ပစ္စည်းအချို့ကိုသာ ၀ယ်ဖြစ်ခဲ့သည်။
 
   ဖေဖော်ဝါရီ ၅-ရက်နေ့သည် တနင်္ဂနွေနေ့ဖြစ်သည်။ အရှင်ဝိဇ္ဇာနန္ဒာလင်္ကာရက တနင်္ဂနွေနေ့တိုင်း အင်္ဂလိပ်သင်တန်း သင်ကြားပေးသဖြင့် တက်ရောက်ကြသူ သင်တန်းသား/သူတို့ ရောက်လာကြပြီး အင်္ဂလိပ်စာ သင်ယူကြသည်ကို မြင်တွေ့ရသည်။ နေ့လည်ပိုင်းတွင် ပီနန်တွင် အလုပ်လုပ်နေသော ကျွန်ုပ် ရွာသား မောင်လင်းပု ရောက်လာသဖြင့် အလ္လာပသလ္လာပ ပြောဖြစ်ခဲ့သည်။ ရင်းဂစ် တစ်ရာလဲ လှူဒါန်းသွားသည်။
   ညနေ ၃-နာရီခွဲတွင် သင်တန်းကို စောစောပိတ်လိုက်ပြီးနောက် ကျွန်ုပ် ၊အရှင်ဝိဇ္ဇာနန္ဒာ လင်္ကာရ နှင့် ကျောင်းသားနှစ်ယောက်တို့သည် ပီနန် မှ အတော်လှမ်းသေးသော Taiping မြို့သို့ သွားရောက်လည်ပတ်ကြသည်။ ၁၃-မိုင် ရှည်လျားသော ပီနန်တံတားကြီးကို နောက်တစ်ခေါက် ဖြတ်ခွင့် ရခဲ့ခြင်း ဖြစ်သည်။ ပင်လယ် ရေပြင်ပြာကြီးဖြင့် ပနံတင့်လျှက်ရှိသော မိုးထိုးတိုက်ဖြူကြီးတို့ကို တစ်ဖန် မြင်တွေ့ခွင့်ရခဲ့သည်။ လမ်ဘေး ၀ဲယာတွင် စီတန်းလျှက် စိုက်ပျိုးထားသော စားအုန်ဆီပင်ကြီးများ နှင့် အုန်းဆီထုတ်စက်ရုံကြီးတို့ကို သတိထားမိခဲ့သည်။ နေရာတိုင်းတွင် ကားလမ်းမကြီးများ အထူးသန့်ရှင်း ကောင်းမွန်လှပေသည်။



 
     ကား ၁-နာရီ မိနစ် ၄၀ ခန့် မောင်းပြီးနောက် Taiping မြို့သို့ ရောက်ရှိသည်။ ယင်းမြို့ရောက်မှ မိုးကလဲ သဲသဲမဲမဲ ရွာသည်။ ဤအရပ်ဒေသသည် နှစ်ရက် သုံးရက်လျင် တစ်ကြိမ်ခန့် မိုးရွာသည်။ထိုကြောင့် သစ်ပင်တိုင်း စိမ်းစိုလန်းဆန်းလျက် ရှိသည်။ မိုးကောင်းသောကြောင့် သစ်ပင် ပန်းပင်တို့ကို သီးသန့် ရေလောင်းပေးစရာ မလိုတော့ပေ။ ပင်လယ်နှင့် နီးသောကြောင့် ဖြစ်မည်ထင်သည်။
     Taiping မြို့သည် ကျယ်ဝန်းသော်လည်း ပီနန် ကဲ့သို့ မိုးထိုး တိုက်ကြီးများ မတွေ့ရပေ။ အထူးသဖြင့် တောင်ကြောတလျှောက် တောင်ပေါ်မြေပြန့် တပြင်လုံး မြက်ခင်းပြင်များ သစ်ပင်ရှည်ကြီးများဖြင့် နုပျိုစိမ်းလန်းလျက် ရှိသည်။ မည်သည့်အရပ်ကြည့်ကြည့် စိမ်းစိုနေသဖြင့် အစိမ်းရောင်မြို့တော်ဟု သမုဒ်ရတော့မလိုပင် ။ ရှု့မြင်ရသည့် သဘာဝရှု့ခင်းမှာ သာယာလွန်းလှပေသည်။
   တနင်္ဂနွေ အပန်းဖြေရက်ဖြစ်သောကြောင့် ပန်းခြံ ရေကူးကန် တိရိစ္ဆာန်ဥယျာဉ်တို့တွင် လူစည်းကားနေသည်။ ကျွန်ုပ်တို့ သွားလည်ကြမည့် တောင်ပေါ်ကျောင်းတက်မည့်လမ်းကို မေးမြန်း ရှာဖွေကြရာ မတွေ့နိုင်ကြပေ။ ယင်းကျောင်းရုံးခန်းမှ တာဝန်ကျ အမျိုးသ္မီးကြီးထံ ဖုန်းဆက်ကြည့်ကြရာ ၅ -နာရီ ပိတ်ပြီဖြစ်၍ လာလို့မရဟု ဖြေကြားသည်။
          ထိုကြောင့် ကျွန်ုပ်တို့လဲ ပီနန်ပြန်ကြတော့မည်ဟု စဉ်းစားကြပြီး တောင်တစ်လုံး၏ အတက်တွင် ရှိသော ပန်းခြံ တစ်ခုကို ခေတ္တ ၀င်ကြသည်။ ထိုပန်းခြံသို့ လမ်းလျှောက်ရန်လာသော Taiping တရုတ်အမျိုးသားတစ်ဦးကို တောင်ပေါ် ထေရ၀ါဒကျောင်း သိသလားဟု မေးကြည့်ကြသောအခါ သဘောကောင်းသော ထိုအမျိုးသားက လမ်းမလျှောက်တော့ဘဲ ကျွန်ုပ်တို့ကားကို သူ့ကားနောက်က လိုက်စေ၍ တောင်ခြေအရောက် လိုက်ပို့ပေးသည်။
 
        တောင်ခြေတွင် ဘုန်းကြီးကျောင်းမှ ကားတစ်စီးအကြိုလွတ်လိုက်၍ ထိုကားဖြင့် တက်ကြရသည်။ ကျိုက်ထီးရိုးတောင်အတက်ကဲ့သို့လမ်းမှာမတ်စောက်ပြီးနက်ရှိုင်းသည်။ ၅-မိနစ်ခန့် မောင်းနှင်းပြီး တောင်ပေါ် သာသနာရက္ခ ထေရ၀ါဒ ဘုန်းတော်ကြီးသို့ ရောက်ရှိသည်။
        တောရကျောင်းဝိုင်းတွင် သရက်၊ အင်ကြင်း၊ ဒူးရင်း၊ ကုက္ကို၊ သပြေ၊ တမာ၊ စက္ကူ၊ ကြာပန်း စသော သစ်ပင်ပန်းမာလ်တို့ စုံလင်လှပသည်။ တောင်ကျရေကို ရေကန်ပြုလုပ်ထားပြီး ရေကန်လည်တွင် သိမ်ကျောင်းဆောက်လုပ်ထားသည်။ တောင်ကျရေ အမြဲစီးဆင်းနေသဖြင့် ရေကန်ရေသည်လည်း ကြည်လင်သန့်ရှင်းသည်။ ရေကန်ထဲတွင် အလှရွှေငါးများ မွေးမြူထားသည်။
       တစ်ပါးနေ ကမ္မဌာန်းကျောင်းငယ်လေးများ၊ ဓမ္မာရုံ တို့နှင့် နားနေဆောင်တို့ကို ကျောင်းဝန်းအနှံ့ စီတန်းကာ ဆောက်လုပ်ထားသည်။ ကျောင်းဝိုင်းအကျယ် ၁၀-ဧက ကျယ်ဝန်းသည်ဟု သိရပြီး တည်ထောင်ပြီးခဲ့သည်မှာ ၁၂-နှစ် ရှိပြီဟု သိရသည်။ တစ်ကျောင်းလုံး ကျေးငှက်သာရကာတို့၏ တွန်ကြူးသံမှ အပ မည်သည့်အသံမှ မကြားရလောက်အောင် တောင်ထိပ်ပန်းဝတ်ကျင် တောနက်ထဲတွင် ဖန်တီးတည်ဆောက်ထားသည်။
    ထိုကျောင်းဆရာတော်မှာ ထိုင်းနိုင်ငံ မြန်မာဆရာတော်ကြီး ဥူးဓမ္မာနန္ဒထံတွင် နှစ်နှစ် ပညာသင်ယူခဲ့ခြင်း၊ မြန်မာနိုင်ငံ မဟာစည်ရိပ်သာ ဖားအောက်ရိပ်သာတို့တွင် နှစ်ပေါင်းများစွာ ကမ္မဌာန်း နည်းနာယူ အားထုတ်ခဲ့မှုတို့ကြောင့် မြန်မာစကားကို ကျွမ်းကျင်စွာ မြန်မာ တစ်ယောက် ကဲ့သို့ ပြောဆိုနိုင်သည်။ ကျွန်ုပ်တို့ကို တွေ့သောအခါ ၀မ်းသာအားရ ဖြင့် သူ၏ ကမ္မဌာန်းချိန်ကို ဖြုတ်၍ အချိန်ပေးကာ ပြောဆိုနှုတ်ဆက်သည်။ ကျောင်းဝိုင်းထဲတွင်လည်း Burmese Park ဟု အမည်ပေးပြီး သက္ကယ်မိုး နားနေဆောင်တို့ဖြင့် ပန်းခြံတစ်ခု ဖန်းတီးထားသည်။



   မလေးရှားနိုင်ငံတွင် အောင်မြင်ကျော်ကြားနေသော ရိပ်သာတစ်ခုဖြစ်သည်ဟုသိရသည်။ ကမ္မဌာန်းကျောင်းဆောင်လေးတို့ကိုလည်း မြန်မာရိပ်သာရှိ ကမ္မဌာန်းကျောင်းလေးများကဲ့သို့ အလားသဏ္ဍာန် တူစွာ တည်ဆောက်ထားသည်။ ဘာသာခြားနိုင်ငံတစ်ခုတွင် ယင်းကဲ့သို့ ကြီးကျယ်သော တရားရိပ်သာကြီးတစ်ခုကို မြင်တွေ့ရသဖြင့် များစွာ ၀မ်းမြောက်မိပေသည်။ သာသနာစိတ်ဓာတ် ထက်သန်စွာဖြင့် တည်ထောင်ထားသော မလေးရှားနိုင်ငံသား ဆရာတော်ကိုလည်း ကြည်ညိုမိပေသည်။ ယခု လက်ရှိတွင် သံဃာလေးပါးနှင့် တရားအားထုတ်နေကြသော ယောဂီအချို့ ရှိနေသည်ဟု သိရသည်။ လုပ်အားဒါနပေးလှူနေကြသော မြန်မာအမျိုးသားကြီးနှစ်ဦးတို့ကိုလည်း တွေ့ရသည်။ သူတို့မှာ ဆရာတော် မြန်မာနိုင်ငံမှာ လာရောက်နေထိုင်စဉ်ကတဲက ရင်းနှီးနေသည်ဟု ပြောပြသည်။
  ကျောင်းဝိုင်းတစ်ဝန်းလုံးကို ပတ်ကာ ကြည့်ရှု့လေ့လာကြပြီးသောအခါ အတော်ပင် မှောင်ရိပ်သန်း လာလေပြီ။ အိမ်တန်းတက် ငှက်တို့၏ အသံမှတစ်ပါး မည့်သည့်အသံ မကြားရတော့ပေ။ တစ်ကျောင်းလုံး တိတ်ဆိတ်ငြိမ်သက်နေပေ၏။ လိုက်ပါပို့ဆောင်ပေးသောမြန်မာ ဒကာကြီးနှင့် ရုံးတာဝန်ခံ မလေးရှားဒကာမတို့ကို နှုတ်ဆက်ပြီး ကျွန်ုပ်တို့ ပီနန်သို့ပြန်ခဲ့ကြသည်။ လာတုံးကကဲ့သို့ မိုး မရွာတော့ပေ။ ပီနန် မေတ္တာနန္ဒ ၀ိဟာရသို့ ည ၁၀-နာရီအနီးမှ ရောက်ရှိတော့သည်။
                                                               သိမ်မွေ့ဦး (BHU)

No comments:

Post a Comment