လောကမှာ နာမည်ကြီး ပစ္စည်းပေါတယ်ဆိုတာ အလကားပါ၊ သေတော့ ကိုယ့်ရဲ့ သီလ, သမာဓိ, ပညာကိုပဲ အားကိုရမှာပါ။
Fame and wealth are after all nothing. When you die you have to depend on Sila (precept), Samadhi (stability) and Pañña (wisdom).
(တောင်မြို့၊ မဟာဂန္ဓာရုံ ဆရာတော်)
‘ထိကေ အာချာ တူးယီးယား’ ဟူသော စကားသည် အိန္ဒိယနေ အရှင်တို့အတွက် ဗန်းစကား တစ်ခုလို ဖြစ်နေခဲ့သည်။ သဘောမှာ- ဟိန္ဒီစကား အများကြီး မတတ်ချင်နေပါစေ၊ ထိကေ-အိုကေ၊ အာချာ- အိုကေ, ကောင်းပြီ ဟူသော ကုလားစကားနှစ်ခွန်းဖြင့် အမ်အေ နှစ် နှစ်အတွက် ကုလားနိုင်ငံတွင် နေနိုင်သည်ဟု ဆိုလို ၏။ ဟိန္ဒီစကားကို စိတ်မ၀င်စားသော မိမိအတွက် မဇ္ဈိမတွင် နေခဲ့သည်မှာ ငါးနှစ်ရှိခဲ့ သည်တိုင် ကုလားစကားကို များစွာ မပြောတတ်ခဲ့ပေ။ ထို့ကြောင့် မိမိအတွက် ‘ထိကေ အာချား တူးယီးယား’ ကို ‘ ထိကေ အာချာ ဖိုက်ယီးယား’ ဟု ပြင်ရ မလိုပင် ဖြစ်နေတော့သည်။ ငါးနှစ်ကို စွန်းလာသော ယခုအခါမှ ခရာ့ပ်ဟိုးဂယား ဟူသော ဟိန္ဒီစကား အသစ် တစ်ခွန်းကို ကောင်းမွန်စွာ နားလည်ခဲ့ရသည်။
ဤဒေသတွင် ကျောင်းတက်နေကြသော ရဟန်းတော်များအတွက် သွားရေး လာရေး လွယ်ကူစေရန် စက်ဘီး သို့မဟုတ် ဆိုင်ကယ် တစ်စီးစီးတော့ ရှိမှ အဆင်ပြေကြသည်။ ထိုသို့မဟုတ်ပါက ကျောင်းသွား၊ ဈေးသွားရာတွင် ပေးရမည့် ဆိုက်ကား (ရက်ရှော) ဖိုးမှာ မထောင်းတာပေ။ ထို့ကြောင့် မြန်မာအမြင်ဖြင့် မသင့်တော်ဟု ထင်ရသော်လည်း ပညာသင်ခရီး အဆင်ပြေချောမွေ့စေရန်အတွက် တစ်ခုခုကိုတော့ စီးကြရသည်။
မိမိသည် ဤမှာ နေခဲ့စဉ်ကာလ အစ သုံးနှစ်အတွင်း စက်ဘီးလေးဖြင့် အဆင်ပြေခဲ့သည်။ သို့သော်လည်း အလှူခံကုလားတို့၏ ချီးမြှောက်မှုကြောင့် စက်ဘီးသုံးစီးကိုတော့ ပြောင်းလှဲကာ ၀ယ်စီးခဲ့ရသည်။ ကြာလာတော့ စက်ဘီးစီးရသည်ကို ပင်ပန်းသလို ထင်လာသည်။ အထူးသဖြင့် နွေရာသီရောက်လျင် ဗာရာဏသီအပူ နှင့် စက်ဘီးနင်းရသည်မှာ ဘယ်လိုမှ သဟဇာတ မဖြစ်၊ ထို့ကြောင့် သက်တောင့်သက်သာ ဖြစ်စေမည့် ဆိုင်ကယ်တစ်စီးဝယ်ရန် စိတ်ကူးရသည်။ အသစ်ဝယ်စီးပါက ဈေးကလဲ များပြီး ထပ်မံနေရမည့်နှစ်ကလည်း နှစ်နှစ်ကျော်မျှမို့ သိပ်မကိုက်လှ၊ ထို့ကြောင့် ဈေးသင့်သည့် အဟောင်းလေး တစ်စီးကိုသာ ၀ယ်စီးဖြစ်သည်။ ဆိုင်ကယ်နှင့်မို့ သွားရလာရသည်မှာ သက်သာသကဲ့သို့ ဣနြေ္ဒမပျက်လည်း ရှိသည်။
စကူတီ ခေါ်သည့် ဆိုင်ကယ်လေးကို ရှုပီး ရှစ်ထောင်ဖြင့် ၀ယ်ဖြစ်သည်။ ၀ယ်လျှင် ၀ယ်ပြီးချင်း အတွင်းက မကောင်းတော့သည့် မီးလုံးစသည်တို့ကို အသစ် လဲလည်ရသဖြင့် ရှုပီး နှစ်ထောင်ကုန်သွားသည်။ ပြင်ဆင်ကာစီး၍ နှစ်ပတ်ခန့် ကြာသောအခါ အတွင်းက တဒုတ်ဒုတ်မြည်ပြီး စီးရသည်မှာ ခုန်နေ၏။ ဆိုင်ကယ်ပြင်ဆိုင် ကို သွားပြသည့်အခါ အတွင်းကို ဖွင့်ပြီး မကောင်းတော့သည့်အရာတို့ကို ပြသကာ ခရာပ့်ဟိုးဂယားဟု ပြောလေ၏။ ထိုစကားကြောင့် ဆိုင်ကယ်အတွင်းက တစ်ချို့အရာတို့ကို အသစ်ဝယ်ကာ လဲတပ်လိုက်ရသည်။
လအတန်ကြာသောအခါ စီးရသည်မှာ အဆင်မပြေပြန်၊ ထို့ကြောင့် ဆိုင်ကို ထပ်ပြရပြန်၏။ ဆိုင်ကယ်ပြင်ကုလားက ရှေ့ဘီး နောက်ဘီးတို့ကို ပြကာ ခရာ့ပ်ဟိုးဂယား ဟုဆိုပြန်လေ၏။ ထို့ကြောင့် သံခွေနှင့် တာရာ အားလုံးကို အသစ်ချိန်းလိုက်ရ၏။
ထိုကဲ့သို ပြင်လိုက်သော်လည်း ဆိုင်ကယ်သည် အကောင်းပကတိတော့ မဖြစ်။ အနှေး အမြန်လုပ်ရသည့် ညာဘက် လက်ကိုင်က ကြပ်လွန်းလှ၏။ လူရှုပ်သည့်နေရာ ရောက်ပါက မောင်းရ သည်မှာ ခက်ခဲလှ၏။ ထို့ကြောင့် ဆိုင်ကို ထပ်ပြရပြန်သည်။ အတွင်းက ဘရိတ်ကြိုးများကို ပြကာ ခရာ့ပ်ဟိုးဂယား ဟုကြားရပြန်၏။ ထုံးစံအတိုင်း အသစ်ဝယ်ကာ လဲခဲ့ရ၏။
ပြင်ရဖန် များလာသောအခါ မိမိအနေဖြင့် ဆိုင်ကယ်ကို စိတ်ကုန်စပြုပြီ။ စီးရတာကိုပင် သိပ် မနှစ်သစ်ချင်တော့။ နောက်ထပ် တစ်စီး ပြန်ဝယ်ဖို့ဆိုလျင်လည်း ငွေကြေးက မတတ်နိုင်။ သည်းခံပြီး ဒီအစုတ်ကိုပင် ငဲ့ညာကာစီးရတော့သည်။
သိပ်မကြာပါ။ လက်ဖြင့် နှိပ်ကာ နိုးရသည့် စတာ့(ထ်)က မရတော့။ ဆိုင်ကို သွားပြရပြန်သည်။ ဘတ္တရီ ခရာ့ပ်ဟိုးဂယား ဖြစ်နေပြီဟု ဆိုလာသဖြင့် (၁၈) လ အာမခံ ပါသည့် ဘတ္တရီ အသစ်ချိန်းလိုက်ရသည်။
ဘတ္တရီ အသစ်ချိန်းပြီးသောအခါ စတာ့(ထ်)က အဆင်ပြေနေသော်လည်း ရာသီဥတု အေးသောအခါ ချက်ခြင်းအဆင်မပြေ။ ထို့ကြောင့် ခြေထောက်ဖြင့် အားပြုကာ နှိုးရသည်။ ခက်သည်က ထိုခြေထောက်နှိုးသည့်နေရာက အလုပ်မလုပ်ပြန်။ ထုံးစံအတိုင်း ဆိုင်ကိုသွားပြတော့ မိမိအကြောက်ဆုံးစကား ထပ်ကြားရသည်။ ခရာ့ပ် ဟိုးဂယား.။ အတွင်းက ပစ္စည်းတစ်ချို့ အသစ်ဝယ်ကာ တပ်လိုက်ရသည်။
ဆိုင်ကယ်ဆိုင်သွားပြသည့်အခါတိုင်း ခရာ့ပ်ဟိုးဂယား စကားကို ကြားရသောအခါ အသစ် လဲရသည်မို့ ထိုစကား ကြားရမည်ကို မိမိ ကြောက်လာသည်။ အဓိပ္ပါယ်ကို ဂဃနဏ မသိသော်လည်း ထိုစကားကို ကြားရပြီးလျင် အသစ်ဝယ်လဲရပြီ။ ဟိန္ဒီစကားကို ကျွမ်းကျင်သည့် အရှင်အား ယင်းစကား၏ အဓိပ္ပါယ်ကို မေးကြည့်သောအခါ ပျက်သွားပြီ၊ကုန်ခန်းသွားပြီဟု သိရလေ၏။
တကယ်တော့ မိမိ၏ ဆိုင်ကယ်သည် အပြင်ပန်းအမြင်ဖြင့်မူ အနက်ရောင်လေးဖြင့် လှပသလို ရှိလှသည်။ အတွင်းပိုင်းကမူ ခရာ့ပ်ဟိုးဂယားကြောင့် အင်ဂျင်မှလွဲ၍ အကုန် အသစ် လဲထည့်လိုက်ရပြီ။ ၀ယ်စဉ်က ရှုပီး ရှစ်ထောင်၊ ပြင်ခ ကိုးထောင်ငါးရာမို့ နှစ်နှစ်အတွင်း ရှုပီး (၁၆၅၀၀) ကုန်ခဲ့လေပြီ။ ဆီခ ပါ ထည့်တွက်လျင် မသက်သာ၊ ခုတော့ မိမိဆိုင်ကယ်လေး အလုပ်လုပ်ဆဲ ရှိနေသေးသည်။ ဆိုင်ကယ်နှင့်ဆက်စပ်ပြီး နောက်ထပ် ခရာ့ပ်ဟိုးဂယား မကြားရပါစေနဲ့ဟုသာ ဆုတောင်းနေရတော့သည်။
တစ်ရက် .. ဆိုင်ကယ်လေးကို ကြည့်ပြီး မိမိဘ၀ကို မိမိ ပြန်လည်ကာ သုံးသပ်နေမိ သည်။ မိမိသည် သာသနာဘောင် ၀င်ရောက်လာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ၀တ်စားဆင်ယင်မှု စသည်မှာ အချိုးတကျ ဖြစ်နေခဲ့ပြီ။ ကိုယ့်ဓာတ်ပုံ ကိုယ်ကြည့်ပြီး ကြည်ညိုစရာကောင်းလောက်အောင် အသွင်သဏ္ဍာန်အားဖြင့် စနစ်တကျဖြစ်နေခဲ့ပြီဟု ယူဆမိလေ၏။
အဇ္ဈတ္တမှာရော သီလ၊သမာဓိ၊ပညာဟူသော အဆင်တန်ဆာတိုဖြင့် လှပနေပြီလား။ ယင်းတရားတွေ တိုးတက်နေပြီလား-ဟု မိမိကိုယ်မိမိ ပြန်လည်မေးမြန်းဖြစ်သည်။ ဆရာသမားတို့၏ ထိန်းချုပ်မှုအောက်တွင် နေခဲ့ရစဉ်အချိန်က မနက်စောစောထကာ ၀တ်တက်၊၀တ်ကပ်၊ တရားထိုင်ခြင်းတို့ကို ပုံမှန် ပြုလုပ်ကြရသည်။ ယင်းနောက် ဆွမ်းခံဝတ်၊ သေနာသန-ကျောင်းကန် သန့်ရှင်းရေးဝတ်တို့ကို ပျော်ရွင်စွာ ဖြည့်ခဲ့ကြသည်။ စာတက်လိုက်၊ စာအံလိုက်၊ အဆုံးအမတွေ ခံယူလိုက်ဖြင့် ဘ၀ကို ကုသိုလ်တို့ဖြင့်သာ တစ်နေကုန် ကုန်လွန်ခဲ့ကြရသည်။
အရွယ်ရောက်ပြီ၊ပညာစုံပြီဟု သတ်မှတ်ခံရပြီးသည့်နောက်တွင် ဆရာသမားများက ယခင်ကကဲ့သို့ မကြပ်မတ်တော့။ လွတ်လပ်ခွင့်လေးတွေ ရလာတော့သည်။ ထို့နောက် မအားသေးဟူသော အကြောင်းပြဖြင့် ၀တ်တက်ခြင်း၊ တရားထိုင်ခြင်း စသော ကုသိုလ်ရေးရာတို့ကို ပျက်ကွက်တော့သည်။ အကြောင်းရှာတော့လည်း မည်မည်ရရ ဘာမှ မရှိ၊ ကြီးလေသာသည့် ကိလေသာတို့ နောက်ကို လိုက်ကာ အကုသိုလ်တွေ များလာတော့သည်။ ရေပန်းစားနေသည့် လောကီအရာတို့ကို ပိုင်ဆိုင်ခွင့်ရလျင် ကျေနပ်လာသည်။ ဂုဏ်ယူလာသည်။ အဓိကအရာဖြစ်သည့် သီလ၊သမာဓိ၊ပညာ တို့နှင့်တော့ ဝေးသထက်ဝေးလာလေ၏။
ခုတော့ အကောင်းဆုံးမဟုတ်သေးသော်လည်း ပျက်ယွန်းလာသည့် စာရိတ္တ၊ ကိုယ်ကျင့်တရားတို့ကို သတိတရားဖြင့် ထိန်းမတ်ကာ ပြင်ဆင်နေရသည်။ သို့မဟုတ်ပါက မိမိဆိုင်ကယ်ကဲ့သို့ ခရာ့ပ်ဟိုးဂယားဖြစ်သွားမှာကို စိုးရိမ်ရသည်။
မိမိဆိုင်ကယ်လေးသည် အသွင်အပြင်အားဖြင့် လှပသော်လည်း အတွင်းပိုင်း ပျက်စီးကုန်ဆုံးသွားသောကြောင့် ပြုပြင်လိုက်ရသည်။ အချိန်မှီ ပြင်ဆင်နိုင်သေးသဖြင့် ယခုချိန်ထိတော့ အသုံးဝင်ဆဲဖြစ်သည်။ မိမိသည်လည်း အပြင်သဏ္ဍာန်အားဖြင့် ခေါက်ရိုးကျိုးနေပြီဖြစ်၍ ကြည်ညိုဖွယ် ပါသာဒိကဂုဏ်ရှိနေပေမည်။ အဇ္ဈတ္တမှာတော့ အနှစ်သာရတို့ အားနဲလာသည်၊ ပျက်စီးယိုယွင်းလာသည်ဟု ရှက်ရွံ့စွာ သုံးသပ်မိသည်။ ထိုကြောင့်လည်း ကြိုးစားကာ ပြုပြင်နေရဆဲ ဖြစ်သည်။ အကောင်းကြီး မဖြစ်ခဲ့ရင်တောင် မိမိ၏ ဆိုင်ကယ်လေးလောက်တော့ အသုံးဝင်ချင်သေးသည်။
ယခုတော့ မိမိသည် ဆိုင်ကယ်လေးထံမှ ထွတ်ပေါ်လာမည့် ခရာ့ပ်ဟိုးဂယား ဟူသော အသံကို ကြောက်နေမိသကဲ့သို့ မိမိ၏ အတွင်း အနှစ်သာရနှင့် ပတ်သက်၍ ကိုယ်စောင့်နတ်များ သတိပေးမည့် ခရာ့ပ် ဟိုးဂယား ဟူသော အသံကိုလည်း ထိန့်လန့်နေမိပေသည်။
သိမ်မွေ့ဦး (BHU)
(၁၁.၀၃.၁၃)
No comments:
Post a Comment