ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

03/10/2011

နာလန္ဒာ အလွမ်းပြေ

1. စီးဆင်း ရင်ခွင် | 10/03/2011 | 2. 3. 4. 5. 6. Best Blogger Tips



နာလန္ဒာ အလွမ်းပြေ
သမဂ္ဂါနံ တပေါ သုခေါ။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။
(ဓမ္မပဒ- ၁၉၄)
မိသားစုတခုမှာပဲဖြစ်စေ အသင်းအဖွဲ့တစ်ဖွဲ့မှာပဲဖြစ်စေ အဖွဲ့ဝင်တွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် နေထိုင်ကြပြီဆိုလျှင် ဒီမိသားစု ဒီအသင်းအဖွဲ့သာမက ပါဝင်ပတ်သက် နေကြသူတွေပါ ပျော်ရွင်ချမ်းမြေ့စွာ နေထိုင်ကြရပါတယ်။ ဒီလိုနေထိုင်နိုင်ကြဖို့ဆိုတာလဲ မေတ္တာတရားက အဓိကမဟုတ်လား၊ မေတ္တာခြုံမှ လုံခြုံကြတာပါ။ တစ်ယောက်နှင့်တစ်ယောက် စာနာနားလည်မှုတွေ များများထားနိုင်ကြရင် မေတ္တာတရားဟာ မွေးမြူရလွယ်ကူပါတယ်။ လောကမှာ စိတ်တူကိုယ်တူ တသားတည်းကျသူ နှစ်ယောက်ရှိဖို့ ခက်ခဲတယ်ဆိုတဲ့ ဘုရားဟောဒေသနာတောင် ရှိသေးတာပဲလေ၊ တစ်ဦးနှင့်တစ်ဦး ရာနှုံးပြည့် တသားတည်းကြဖို့ဆိုတာ သိပ်ခက်ခဲမှာပါ။ နားလည်မှုတွေများများပေးပြီး ကြည်ဖြူမှု များစွာနဲ့ ညီညွတ်မှုကို တည်ဆောက်ကြရတာပါ။
မကြာသေးခင်က အလည်ရောက်ခဲ့တဲ့ နာလန္ဒာကို သတိရမိလို့ ဒီစာပျိုးကို ရေးနေမိတာပါ၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ပျော်ရွင်စွာ ပညာဆည်းပူနေကြတဲ့ နာလန္ဒာရဲ့ပုံရိပ်တွေဟာ တကယ့်ကို လွမ်းစရာကောင်းလှပါတယ်။
မိမိအနေနဲ့ နာလန္ဒာကို မရောက်ဖြစ်တာ တစ်နှစ်ခွဲရှိပါပြီ၊ စိတ်သာရောက်ပေမဲ့ ကိစ္စအထူးမရှိလို့ လူကတော့ မရောက်ဖြစ်တာပါ။ ဒီလမှာတော့ ဗုဒ္ဓဂါယာ မြန်မာကျောင်းသား ပညာရေးဗိမာန်မှာ ဖွင့်လှစ်တဲ့ Leadership & Management သင်တန်းတက်ဖြစ်ပါတယ်။ မြန်မာပြည်က ဆရာကြီး ဒေါက်တာနေဇင်လတ် သင်ကြားပို့ချတာပါ။ သင်တန်းငါးရက်အပြီးမှာတော့ သုံးရက်အနားပေးပါတယ်။ ဆရာကြီးလည်း ဘုရားဖူးထွက်သွားပြီး ခက်ခဲပြီး ရင်းနှီးမှုမရှိသေးတဲ့ ဘာသာရပ်တစ်ခုကို သင်ကြားရင်း ငါးရက်တိတိ ပင်ပန်းထားတာကြောင့် မိမိတို့လည်း ပြည့်ပြည့်၀၀နားကြရပါတယ်။
နားရက်ပထမနေ့မှာပဲ နာလန္ဒာတက္ကသိုလ်က ဦးဇင်းလေးတွေရဲ့ စီစဉ်ပေးမှုကြောင့် နာလန္ဒာကို အလည်တစ်ခေါက် ရောက်ဖြစ်ပြန်ပါတယ်။ မိမိအပါအ၀င် နာဂဇုနမှ ဦးသီဟဥာဏာ ဘိဝံသ ဒေလီမှ ဦးဝိဇယာဘိဝံသ တို့နဲ့ပါ။ ဆွဲထားတဲ့ အစီအစဉ်ကတော့ ရာဇဂြိုလ် နာလန္ဒာ တစ်လျှောက် နေရာစုံ လှည့်ဖူးပြီး နေ့ချင်းပြန် ကြဖို့ပါ။ နာလန္ဒာက ညီနောင်တွေရဲ့ ဧည့်ဝတ် ကျေပွန်မှု ဖော်ရွှေရင်းနှီးစွာ ဆက်ဆံမှုတွေ ကြောင့် အစီအစဉ်တွေလဲပြောင်းကုန်ပါတယ်။
မိမိတို့ နာလန္ဒာရောက်တော့ မနက်၉-နာရီလောက်ရှိပါပြီ။ မိတ်ဟောင်းမိတ်သစ် တွေနဲ့စကားပြောကြ ရေမိုးချိုးကြပြီး ခေတ္တ ခဏ အနားယူကြပါတယ်၊ အဆောင် ဟောင်းက ညီမောင်များက ကော်ဖီ ဘီစကစ်တို့နဲ့ ဧည့်ခံပါတယ်။နေ့ဆွမ်းအတွက်လဲ အနက်ရောင် ဘုရားဆင်းတုတော်
ဆိတ်သားဟင်းချက်နေပါသတဲ့။ ကြားရတာနဲ့တင် ဗိုက်ဝချင်လောက်အောင် ဧည့်ဝတ်ကျေပွန်ကြ တာပါ။ ပီတိတွေနဲ့ ပြည့်နေတုံး အဆောင်သစ်က ဆွမ်းစားဖို့ လာခေါ်ပါတယ်။အဆောင်သစ်မှာ မိမိတို့လို လာလည်ကြတဲ့ အာဂန္တုလေးပါးနှင့် အတူ နေ့ဆွမ်းစီစဉ်ပြီးပြီတဲ့လေ။ ဗုဒ္ဓဂါယာမှာထဲက ကြိုတင်ပြီး ဆွမ်းကပ်ဖို့ ပြောထားပြီးသားပါ။ အဆောင်သစ် အဆောင်ဟောင်း မကွဲတော့ နှစ်ခုကြီးဖြစ်ရော။ အားနာနာနဲ့ပဲ ဆိတ်သားချက်ကို ကျောခိုင်းပြီး အဆောင်သစ်မှာ လိုက်စားဖြစ်ကြတယ်။
ကြက်သားချက် မဲဇလီဖူးသုပ် ငံပြာရည်ကြော် အတို့အမြုတ်တွေ စုံစုံလင်လင်နဲ့ စားရတာ မြိန်ရည်ယှက်ရည် ရှိလှပါတယ်။ ဆာကလည်းဆာ လက်ရာကလည်း ကောင်းဆိုတော့ ခေါင်းမဖော်နိုင်လောက်အောင်ပါပဲ။ ဦးဇင်းလေးတွေကလည်း ဆွမ်းဟင်းတွေ ထပ်ခါထပ်ခါ လိုက်နေကြတာ။ အားနဲနာတယ် ခင်လည်းခင်တယ် ဆိုသလိုပေါ့။ အားနာနာနဲ့ တွယ်ပစ်လိုက်တာ နောက်လူအတွက်တောင် သတိမရတော့ဘူး။ ဦးသုတရဲ့လက်ရာ မဲဇလီဖူးသုပ်ကတော့ တကယ်ထိတာ။ အိန္ဒိယ ရောက်နေတဲ့ သုံးနှစ်ကျော်အတွင်း ဒါ ပထမဆုံးအကြိမ် စားဖူးတာပါ။ မဲဇလီဖူးသုပ်နဲ့ အတူ အညာမြေကို ပြေးပြီးတော့ လွမ်းမိသေးတယ်။
နေ့ဆွမ်းစားအပြီး ခဏနားကာ နာလန္ဒာ တက္ကသိုလ်ဟောင်ကြီးဘက်ကို စက်ဘီးကိုယ်စီနဲ့ သွားလည်ကြတယ်။ ဦးဇနက(ချိုတား)နှင့် ဦးဣန္ဒ၀ံသ တို့က လိုက်ပို့ကြပါတယ်။ ကမ္ဘာကျော်လှတဲ့ နာလန္ဒာ တက္ကသိုလ်ဟောင်းကြီးကတော့ အခုချိန်ထိ ခန့်ခန့်ညားညား တည်ရှိနေတုံးပါ။ အဆောက်အဦဟောင်းကြီးတွေ ကြီးကြီးမားမားနှင့် ရဲတိုက်ခံတယ်ကြီး တစ်ခုလို ထင်ရလောက်အောင် ကြီးကျယ်လှပါတယ်။ အဆောက်အဦးကြီးတွေကလည်း စေတီနှင့် ဇရပ်များအတန်း တက္ကသိုလ်ကျောင်းဆောင်ကြီးများအတန်း နှစ်တန်းခွဲကာ ဆောက်လုပ်ထားလို့ လွန်စွာ စနစ်ကြလှပါတယ်။ များပြားလှတဲ့ အဆောက်အဦးကြီးတွေမှာ ဘုရားခန်း သံဃာတွေ သီတင်းသုံးတဲ့ အခန်း စာသင်တဲ့အခန်း ရေချိုးရာရေတွင်း စသည်ဖြင့် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ ဒီတက္ကသိုလ်ကြီးကပဲ ကမ္ဘာကျော် ပညာရှင်များစွာ မွေးဖွားပေးခဲ့ပါတယ်။ သမိုင်းကောက်ကြောင်းတွေ ပြန်လည်တူးဖော်ကြည့်ရင် ၀မ်းသာစရာ ၀မ်းနဲစရာတွေနှင့် ပြည့်နေတဲ့ တက္ကသိုလ်ကြီးပါ။ ဤတက္ကသိုလ်ကြီးကို မဟာယာန၀ါဒကို စတင်တီထွင်သူ ပထမဆုံးတိုက်အုပ်ဆရာတော် နာဂအဇ္ဇုန ဆရာတော်က စတင်တည်ထောင်ခဲ့ပါတယ်။ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဂုတ္တမင်းဆက် အစဉ်ဆက်တို့ စောက်ရှောက်လှူဒါန်းခဲ့ကြပါတယ်။ ဘုရင်နန်းတော်ထက်တောင် ဒီတက္ကသိုလ်ကြီးက ကြီးကျယ်ပြီး လူသိများခဲ့ပါတယ်။ မင်းအဆက်ဆက်တို့ဟာ မိမိတို့လက်ထက် ကောင်းသထက်ကောင်းအောင် တက္ကသိုလ်ကြီးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြတာပါ။ အိမ်ခြေနှစ်ထောင်ကျော်ရှိတဲ့ ရွာပေါင်း(၁၀၀)ကိုတောင် ကျောင်းတော်ကြီးကို လှူဒါန်းခဲ့ကြပါတယ်။ စာသင်ရဟန်း တစ်သောင်းကျော်အထိ ရှိခဲ့ပါတယ်။ သူတို့ရဲ့ ပညာရေးနှင့် နေထိုင်စားသုံးစားရိတ်စတဲ့ ကုန်ကျစားရိတ် အားလုံးကို မင်းအဆက်ဆက်တို့က ထောက်ပံ့ပေးခဲ့ကြတာပါ။
မဂိုဘုရင်များလက်ထက်မှာတော့ ရဟန်းတော်များကို ရက်ရက်စက်စက် သတ်ဖြတ်ကာ တက္ကသိုလ်ကြီးကိုလည်း မီးရှို့ဖျက်စီးခဲ့ကြပါတယ်။ ရဟန်းတော်ပေါင်းထောင်ပေါင်းများစွာ သွေးမြေကျခဲ့ကြတယ်။ တက္ကသိုလ်ကြီးကို ခံတပ်လုပ်ကာ တာခ်စစ်သားတွေက ကျောင်းတော်ကြီးမှ ရွှေငွေ ရတနာတွေကိုလည်း ယူငင်သွားကြတယ်လို့ မှတ်သားဖူးပါတယ်။ ၀မ်းသာစရာ ၀မ်းနဲစရာတွေနဲ့ ပြည့်နေတဲ့ တက္ကသိုလ်ကြီးရဲ့ ပုံရိပ်တွေပါ။
အခုချိန်ထိ မားမားမတ်မတ်နဲ့ ခန့်ညားနေတဲ့ စေတီတော်ကြီးကတော့ အရှင်သာရိပုတ္တရာ စေတီတော်ကြီးပါ။

                                 ဒေသခံတို့ ယူဆကြတဲ့ အရှင်သာရိပုတ္တရာ မွေးရာမြေ 
 
သီရိဓမ္မာသောကမင်းကြီးရဲ့ ကုသိုလ်ဖြစ်ပါတယ်။ ပညာအရာ အသာဆုံးဧတဒက်ရ လက်ယာတော်ရံ မထေရ်မြတ်ကြီးဟာ ဒီနေရာမှာ မွေးဖွားပြီး ဒီနေရာမှာပဲ ပရိနိဗ္ဗာန်စံခဲ့ပါတယ်။ မိမိ သားသ္မီးတွေ ခုနှစ်ယောက်တောင် သာသနာဘောင်မှာ ရဟန္တာ ဖြစ်နေကြပေမဲ့ မိခင်သာရီပုဏ္ဏေးမကြီးဟာ ဗုဒ္ဓဘာသာတောင် မဖြစ်သေးပါဘူး။ မထေရ်မြတ်ကြီးဟာ နောက်ဆုံးမိခင်ကြီးကို ကျေးဇူးဆပ်ဖို့ ဆိုပြီး မိမိ မွေးဖွားရာတိုက်ခန်းကို အရောက်ပြန်ခဲ့ပါတယ်။ ကြမ်းတမ်းလှတဲ့ သွေးသွန်ရောဂါ ခံစားနေရင်းက မိခင်ကြီးကို ကျေးဇူးဆပ် တရားဟောကာ သောတာပန်ဖြစ်စေခဲ့ ပါတယ်။ ဒီစေတီတော်ကြီး ရှေ့မှာပဲ သံဃာဂုဏ်ကို အာရုံပြုပြီး ပူဇော်ဖြစ်ခဲ့ ပါတယ်။
ရှေ့ဆက်ပြီး အေဒီ ၇-ရာစုက ဤတက္ကသိုလ်ကြီးမှာ ခုနစ်နှစ်ကြာ ပညာသင်ယူခဲ့တဲ့ ဟူယင်ဆန် အထိမ်း အမှတ် ကျောင်းဆောင်ကြီးကို ဒေသခံတို့ယူဆတဲ့ အရှင်သာရိပုတ္တရာဖွားရာမြေ သွားရောက် လေ့လာကြတယ်။ တရုတ် ယဉ်ကျေးမှု လက်ရာတွေနဲ့ သားသားနားနား သာသာယာယာ ရှိလှပါတယ်။ အနက်ရောင် ဘုရားကိုလည်း သွားရောက်ဖူးမျှော်ခဲ့ကြတယ်။ နေရာကလည်း အစွန်ကျတဲ့ အတွက် ဘုရားဖူးတွေ မြန်မာဘုရားဖူးတွေက ရောက်တဲ့နေရာက ဖူးရတဲ့ ဘုရားတိုင်း ရွှေအပြည့် မဟုတ်ရင်တောင် တတ်နိုင်သလောက် ကပ်လှူတတ်ကြတာပါ။ ဒါကြောင့် ရွှေရောင်ကြိုးတိုးကြဲတဲနဲ့ ဘုရားအရောင်ပျက်ပါသတဲ့။ ပုံပြင်တစ် ပုဒ်လို ကြားဖူးနေလို့ပါ။ အခုလည်း အနက်ရောင်ဘုရားမှာ ရွှေသင်္ကန်း အချို့ ကပ်လှူထားတာ တွေ့ရလို့ မြန်မာ ဘုရားဖူးတွေ ရောက်သွားပြီလို့ မှန်းဆမိ တာပါ။ အချိန်ရသေးတဲ့အတွက် ဂျိန်း ကျောင်းကိုလည်း ၀င်ရောက်လေ့လာ ဖြစ်ခဲ့ကြတယ်။
ညပိုင်းမှာတော့ အဆောင်သစ် ရှေ့က မျက်ခင်းပြင်မှာ ကုတင်တွေချခင်းပြီး အချင်းချင်းအမြင်တွေ ဆွေးနွေးဖလှယ်ဖြစ်ခဲ့ကြတယ်။ နောက်ရက် တစ်မနက်လုံးမှာ တောင်ငါးလုံး ကာခိုထားတဲ့ ရာဇဂြိုဟ်မြို့ရဲ့ ရှုခင်းတွေ၊ ဘုရားရှင်နှင့်ဆိုင်တဲ့နေရာတွေကို လှည့်လည်ဖူးမျှော်ကြတယ်။ နေ့ဆွမ်းကိုတော့ ဦးသုတာစာရာ လင်္ကာရက ဆက်ကပ်ပါတယ်။ မျှစ်ချဉ်ဖောဖောသီသီနဲ့ အရေဆမ်းစားလို့ရအောင် ချက်ထားတဲ့ ငါးဟင်း၊အစိမ်းကြော် ၊ငါးပိသုပ်၊ အတို့အမြုပ်တွေနဲ့ ဘုန်းကြီးပွဲလို့ ပြောရလောက်အောင် ဟင်းတွေက စုံလင်လှပါတယ်။ ခပ်လေးလေးနဲ့ မစားရတာ ကြာပြီဖြစ်တဲ့ မျှစ်ချဉ်ဟင်းကတော့ အားလုံးရဲ့ လက်စွဲပေါ့။
သွားလည်စရာ နေရာတွေလည်း စုံပြီဆိုတော့ ညနေမှာ ဗုဒ္ဓဂါယာကို ပြန်မလို့ စဉ်းစားနေတုံး အရှင်အာနန္ဒာက သူနောက်တစ်ရက်ဆွမ်းကပ်ချင်လို့ တစ်ရက်ထပ်နေပေးဖို့ တောင်းဆိုလာတော့ နေဖြစ်လိုက်ပြန်ပါတယ်။ ဒီလိုနဲ့ နေ့ချင်းပြန်ဖို့ စီစဉ်လာခဲ့တဲ့ နာလန္ဒာမှာ သုံးရက်တောင် ကြာခဲ့တာပါ။
အဲဒီနေ့ ညပိုင်းမှာ အဆောင်နေညီနောင်တွေ စည်းဝေးပြီး ပေါ့ပေါ့ပါးပါး ဆွေးနွေးပွဲလေး လုပ်ဖြစ်ကြတယ်။ မိမိတို့ အဖွဲ့ကြီးရဲ့ အားသားချက် အားနဲချက်တွေ တင်ပြဆွေးနွေးကြလို့ တကယ့်ကို ပျော်စရာကောင်းခဲ့ပါတယ်။တစ်ယောက်ရဲ့ တင်ပြချက်ကို တစ်ယောက်က ဖြည့်စွက်ဆွေးနွေးကြလို့ ကြည်နူးစရာ ကောင်းလှတဲ့ သမဂ္ဂ မြင်ကွင်းလေးတွေပါ။ ဆွေးနွေးပွဲ အပြီးမှာတော့ ကဗျာဆရာ ဆွေသုဝဏ်က ကိုယ့်တွေ့ဇာတ်စုံ ဟာသ အဖုံဖုံနဲ့ ဧည့်ခံတယ်လေ။ တ၀ါးဝါး တဟားဟားနဲ့။ တစ်ချို့ဆို ရီရလွန်းလို့ မျက်ရည်တွေတောင် လည်လို့။ ည ၁၂-နာရီရောက်တာတောင် အရှိန်က မရပ်ချင်ကြဘူး။
နောက်တစ်ရက် မနက်ခင်းပိုင်း အချိန်ရနေတာဆိုတော့ ဒေသခံလူတွေ ယူဆတဲ့ သာရိကျရွာ အနီးက အရှင်သာရိပုတ္တရာ မွေးဖွားတဲ့နေရာကို သွားရောက်လေ့လာကြတယ်။ နာလန္ဒာ တက္ကသိုလ် ဟောင်းကြီးနဲ့ မနီးမဝေးမှာ တည်ရှိတာပါ။ စက်ဘီးတွေကိုယ်စီနဲ့ လိုက်ပါပို့ဆောင်ကြတဲ့ ညီနောင်တွေကလဲ အများသားပဲ။ ယာခင်း တွေထဲ စက်ဘီးဖြတ်စီးရတာဆိုတော့ စကြ နောက်ကြနဲ့ တကယ့်ကို တပျော်တပါးကြီး။ မိမိတို့သိထားတဲ့ မထေရ်မြတ်ကြီး မွေးဖွားတဲ့ နေရာမဟုတ်ဘဲ အခြားတစ်နေရာကို အမြင် တစ်မျိုးနဲ့ လေ့လာခွင့်ရတော့လည်း ဗဟုဿုတ နာလန္ဒာ ပြတိုက်ရှေ့ အမှတ်တရ တိုးကြရတာပေါ့။ နှုစ် ၂၅၀၀- ကျော်ပြီးဆိုတော့လည်း အစစ်အမှန်နေရာကို မှန်းဆရ အခက်သား မဟုတ်လား။
ဆက်လက်ကာ နာလန္ဒာပြတိုက်ကြီးကို ၀င်ရောက်လေ့လာကြတယ်။ ရှေးဟောင်းလက်ရာ အမျိုးမျိုးနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းအမွေအနှစ်တွေ မြောက်များစွာပါပဲ။ နာလန္ဒာကြီး မီးအရှို့ခံရတုံးက ကျန်ခဲ့တဲ့ ဆန်ကျိုးလေးတွေကို အခုချိန်ထိ မြင်တွေ့ခွင့်ရတာကိုတော့ အံ့သြမိသား။
နေ့ဆွမ်းကိုတော့ အလှူရှင်ကိုယ်တိုင် လက်စွမ်းပြပြီးချက်ထားပါတယ်။ ဟင်းတွေကလည်း စုံစုံလင်လင်ပါပဲ။ လတ်လတ်ဆတ်ဆတ် ရှိလှတဲ့ ငါးဟင်း၊ဟင်းရည်ချို၊ချဉ်စပ်ကလေးချက်ထားတဲ့ ချဉ်ပေါင်ရွက်ချက်၊ငါးပိကြော် ။ စက်ဘီးနင်းထားရတာဆိုတော့ ဗိုက်ကလည်း တော်တော် ဆန္ဒပြနေပြီ။ ဆာဆာနဲ့ စားလိုက်ရတာ ကောင်းမှကောင်းပဲ။ ချဉ်ပေါင်ရွက်ချက်က ကောင်းလွန်းလို့ ငါးဟင်းတောင် သိပ်မတိုးချင်တော့ဘူး။ ဒေလီက နောင်တော်ကြီးကတော့ ချဉ်ပေါင်ရွက်ကောင်းလွန်းလို့ ကြော်ပြီးတော့တောင် ယူသွားချင်တာတဲ့လေ။ ဒီမှာသာ ချဉ်ပေါင်ရွက် လွယ်ကူပေမဲ့ အခြားနေရာတွေမှာတော့ ၀ယ်လို့တောင် မရတဲ့ တန်ဖိုးရှိ ရတနာတွေပေါ့။ မြန်မာတွေဆိုတော့လည်း ချဉ်ပေါင်ရွက်နဲ့ ကြီးခဲ့ကြရတာ မဟုတ်လား။ မစားရတာ ကြာပြီဖြစ်တဲ့ ဒီဟင်းကိုတော့ လွမ်းကြသားလေ။
”ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း“လို့ ဆိုကြတယ် မဟုတ်လား။ နာလန္ဒာက ညီနောင်တွေရဲ့ နွေးထွေးမှုတွေကြောင့် ဆွေမျိုးတွေရဲ့ အရိပ်တွေလို သိပ်ကို အေးမြခဲ့တာပါ။ စားစရာဆိုလဲ တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် စီမံပေးခဲ့ကြတယ်။ ပထမနေ့က မဲဇလီဖူးသုပ်၊ ဒုတိယနေ့က မျှစ်ချဉ်၊ တတိယနေ့က ချဉ်ပေါင်ရွက်ချဉ်စပ် ၊ မေ့မရနိုင်လောက်အောင် အရမ်းကို ဟတ်ထိခဲ့တယ်။ နာလန္ဒာကို လွမ်းမိတိုင်း ယှဉ်တွဲပြီးကို သတိရနေမိခဲ့တာ။
ဒီလိုနဲ့ သုံးရက်လဲ ပြည့်ခဲ့ပြီပေါ့။ ပျော်စရာကောင်းတဲ့ နေရာဆိုတော့လည်း အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ဧည့်သည်တွေဆိုတော့လည်း အချိန်တန် အိမ်ပြန်ကြရမှာ ဓမ္မတာ မဟုတ်လား။ ရင်တွင်းက လာတဲ့ စစ်မှန်တဲ့ပီတိအပြုံးတွေနဲ့ လှိုက်လှိုက်လှဲလှဲ ခင်မင်ခဲ့ကြတဲ့ ညီနောင်တွေနဲ့ ၀မ်းနဲစွာ လမ်းခွဲခဲ့ရတာပါ။ လက်ပြပြီး ကျန်ရစ်ခဲ့တဲ့ ပုံရိပ်ကလေးတွေကို မေ့ဖျောက်လို့ မရနိုင်အောင်ပါပဲ။ မယူချင်ဘူးလို့ ငြင်းတာတောင် မရဘူး။ လက်ဆောင်တွေလဲ အတင်းထည့်ပေးလိုက်ကြတာ။
နာလန္ဒာမှာ နွေးထွေးမှုတွေ ခင်မင်မှုတွေ ဖော်ရွှေမှုတွေ စည်းလုံးမှုတွေ ညီညွတ်မှုတွေ စေတနာမေတ္တာတွေ ပြည့်နေပါတယ်။ မိမိတို့လို ခေတ္တခဏ နားခိုမိတဲ့သူအတွက်တောင် အေးမျှမှုတွေနဲ့ ပျော်ရွှင်ကြည်နှုးခဲ့ရတာပါ။ ချစ်ခင်စွာနေထိုင်ရင်း ပညာသင်ကြားနေကြတဲ့သူတို့ရဲ့ ဘ၀ဟာ ဘယ်လောက်ပျော်စရာကောင်းလိုက်ကြမလဲ။ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးတရားတွေနဲ့ ၀မ်းသာနေကြရမှာပါ။
အပြန်ခရီးမှာတော့ ကားပေါ်မှာ လိုက်ပါရင်း မျက်စိမှိက်ကာ တစ်ယောက်တည်း တွေးနေမိတယ်။ ရင်ထဲမှာလဲ ဟာတာတာ လေးတေးတေးကြီး။ ၀မ်းနဲသလိုလို ၀မ်းသာနေသလိုလို။ နှုတ်ကလည်း တိုးတိုးလေး ရွက်ဆိုနေမိတယ်။ ”သမဂ္ဂါနံ တပေါ သုခေါ“ တဲ့။

သိမ်မွေ့ဦး (BHU)

No comments:

Post a Comment