ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

30/09/2011

မစ္စစ္စပီနှင့် ဧရာဝတီ

1. စီးဆင်း ရင်ခွင် | 9/30/2011 | 2. 3. 4. 5. 6. Best Blogger Tips



 ” မစ္စစ္စပီနှင့် ဧရာဝတီ ” ကံထွန်းသစ်
 
လူအပြည့်နှင့် နှစ်ထပ်သင်္ဘောကြီးသည် ရေလွှာကို တွန်းကာ ရွေ့ရွေ့သွားနေသည်၊

အောက်ထပ်တွင် လူတွေပြည့်နေသကဲ့သို့ အပေါ်ထပ် မှာလည်း ထိုင်ခုံမလပ်၊ မတ်တတ်ရပ်သူ

အချို့၊ လှေကားမှာထိုင်သူ အ၀က်၊ ကိုယ်ကတော့ အချို့နှင့်အတူ

သင်္ဘောဦးလက်ရန်းကိုကိုင်၍ ရပ်ရင်း လိုက်ပါလာခဲ့သည်။ ဓာတ်ပုံရိုက်သူက ရိုက်၊

ကမ်းနှစ်ဖက်ကို ငေးသူကငေးနှင့် အားလုံးကတော့ မစ္စစ္စပီမြစ်၏ အလှကိုခံစားရန်

ခရီးသွားသူတွေချည်းသာ။

ငယ်စဉ်က စာပေထဲမှာရင်းနှီးခဲ့သော ကမ္ဘာကျော်မြစ်၊ အခုတော့ သူ့ကျောပေါ်

ကိုယ်တိုင်ရောက်ရှိနေပါပေါ့လား။ အများနည်းတူ ကမ်းနှစ် ဖက်ကိုမျှော်မိတော့ ယာဖက်တွင်

စိန်ပေါလ်မြို့၏တိုက်တာအဆောက်အအုံများ၊ အစီအရီ ခမ်းနားတင့်တယ်စွာဖြင့်

မြစ်ကိုမိုးလျက်၊ ၀ဲဘက် တွင်မူ သဘာဝပေါက်ပင်တို့ဖြင့် စိမ်းညို့နေသော

တောအုပ်။

အမေရိကန်တွေ မြတ်နိုးဂုဏ်ယူကြသည့်မြစ်၊ ပြည်နယ်တော်တော်များများကို

ဖြတ်သန်းစီးဆင်းသွားသော မြစ်မကြီး၊ သူဖြတ်သန်းရာ

မင်နီးဆိုးတားပြည်နယ်သို့ရောက်ခိုက်၊ ကိုဝင်းဗိုလ်+မသန်းသန်းအေး မိသားစုတို့က

လိုက်ပါပို့ဆောင်ကြသည့် ဒေသန္တရခရီး၊ ကိုယ် တို့နှယ်ပင်၊ အနယ်နယ်အရပ်ရပ်မှ ဧည်သည်တွေကလည်း မနည်း။ ခုလို

Summer ရာသီတိုင်း စည်းကားမြဲတဲ့၊ မစ္စစ္စပီ၏အလှကို ခံစားရန် အေးအေးလူလူသင်္ဘောစီးလျက်

မြစ်ကြောင်းစုန်ဆန်မြဲ၊ အသွားအပြန် တစ်နာရီလေးဆယ်ခန့်ခရီးကို တစ်ဦးလျှင် ဒေါ်လာ

နှစ်ဆယ်သည် သူတို့အတွက် ၀န်မဟုတ်။ ထိုနှုန်းထားနှင့် လူဦးရေ ခေါက်ရေတို့ကို

မြှောက်ပွားကြည့်နေမိသည်။ ပြီး သဘာဝကို ထိန်းလည်းထိန်းသိမ်း၊

ခိုင်းလည်းခိုင်းစားတတ်တဲ့လူတွေပါကလားဟု အံ့သြလိုက်မိသည်။

ပြေးတလှည့် နှေးတလှည့်နှင့် ခရီးမှာ ရင်ခုန်ဖွယ်ကောင်းသည်က အမှန်။

သင်္ဘောအရှိန်ကြောင့် ရေပန်းတွေက ဖွာကနဲ ဖြန်းကနဲ တက်လာတတ်သည်။ ထိုအခါ

“အိုး….မိုင်ဂေါ့” အသံတွေ ညံသွားတတ်ပြန်သည်။ ရေတို့စွတ်စိုသွားသည့်တိုင်

အရယ်အမောမပျက်၊ စကားပြောမပျက်ကြ။ တစ်ခါတစ်ရံ တံတားမြင့်မြင့်ကြီးအောက်မှ

ဖြတ်သန်းသွားပြန်သည်။ တစ်ခါတစ်ရံ ခရီးစဉ် အဆုံးကပြန်လှည့်လာသော သင်္ဘောနှင့်ဆုံသည်။

တစ်ခါတစ်ရံတော့ အပျော်စီးစပီဘုတ်လေးတွေ လက်ပြနှုတ်ဆက်ရင်း ကျော်တတ်သွားတာ တွေ့ရသည်။

တစ်ခါ တစ်ရံ ကမ်းနားပေါ်က လူအချို့လက်ပြနေတာတွေ့ရသည်။ ထိုအခါ …

ဒါ မြင်းမူးဆိပ်ကမ်းက လူတွေလား၊ ဆီမီးခုံ ဆိပ်ကမ်းက လူတွေလား၊

သာထွန်းရွာဆိုတဲ့ ကိုယ့်ကျေးလက်က နွားကျောင်းသားလေးတွေလား၊ အို… မဟုတ်ဘူး

….မဟုတ်ဘူး။ သူတို့မှာ ဈေးဗန်းလေးတွေမတွေ့ရဘူး၊ အကြော်စုံရမယ်၊ ပဲပေါက်စီ ရမယ်၊

အုံးသကြားပေါက်စီ ရမယ် ဆိုတဲ့အသံလေးတွေ မကြားရဘူး။ နွားအုပ်တွေ မတွေ့ရဘူး။

နောက်ပြီး ကုန်းမို့အထက်က စေတီဖွေးဖွေးတွေ မတွေ့ရဘူး။အော်… ဒါမစ္စစ္စပီပဲ။

ကိုယ့်ဧရာဝတီမှ မဟုတ်တာ။ သူက ကမ္ဘာကျော်မြစ်တစ်စင်းပေပဲ။

ကမ္ဘာကျော်ခြင်းအကြောင်းတွေကို ကိုယ်စေ့ငုရင်း

ရေပြင်ကိုငုံ့ကြည့်လိုက်သည့်အခါမှာတော့ ညိုညစ်ညစ်ရေလွှာပြင်၊ စီးနေသလား တန့်နေသလား

မသဲကွဲ။

“ကြည့်ပါဦးဆရာ ငြိမ့်ငြိမ့်လေးစီးနေလိုက်တာ၊ ၀န်းကျင်ကလည်း ဘယ်လောက်သာယာလဲ။

ဟိုး …. ကမ်းပေါ်နဲ့ ကမ်းစပ်က ပေါက်ရောက် နေတဲ့သစ်ပင်ကိုင်းပင်တွေရဲ့အရိပ်ကလည်း

ရေပြင်မှာဟတ်လို့ ပနံရနေလိုက်တာ”မော်တော်ငယ်လေး တစ်စင်းပေါ်ကိုယ်ရောက်နေပြန်သည်၊

ကိုယ့်ခရီးဖော်တွေကတော့ စာပေဝေဖန်ရေးပညာရှင် ဆရာဦးအောင်သင်းနှင့် ကသာမြို့ က

စာပေလုပ်သားအဖွဲ့၊ ၂၀၀၀ခုလွန် နှစ်တွေဆီက စာပေဟောပြောပွဲခရီး၊ ကသာကို ဗဟိုပြုပြီး

မိုးတား၊ ကျောက်ထုံးကြီး၊ ထီးချိုင့်၊ ကမ်းနီ၊ အင်းရွာ စသည့်ဒေသတွေမှာ

နေ့ပွဲညပွဲဆက်ကာ ကိုယ်တို့နှစ်ဦး ဟောပြောခဲ့ကြသည်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက်

ခရီးစုန်ဆန်။

“ဟိုး … မြစ်ဖျားကနေ မြို့စဉ်တစ်လျှောက် နိုင်ငံခြားသားဧည့်သည်တွေကို

လိုက်လံပြသလိုက်ရင် ဘယ်လောက်သဘောကျလိုက်မလဲနော် ”

“ကျပြီးလား ဦးဇင်းရာ။ သူတို့တစ်တွေ သဘာဝအလှတွေနဲ့ ရိုးရာယဉ်းမှုအလှတွေကို

သိပ်တန်ဖိုးထားကြတာ။ ခုတော့ ဒါတွေရှိမှန်းတောင် မသိပဲ

ထိုင်းကနေလှည့်ပြန်နေကြရတာ”၀န်ဆောင်မူနှင့် ဧည့်ဝတ်ကျေပြွန်စွာ ဖိတ်ခေါ်လျက်၊

ပြသလိုက်ရလျှင် တစ်ယောက်ကို ဒေါ်လာတစ်ရာထားဦး၊ အယောက်တစ် ထောင် ဆိုလျှင်၊

ကိုယ်စိတ်ကူးနှင့် ဒေါ်လာတွေ သယ့်ယူနေမိသည်။

“အဲဒါကန်တော့ပါရဲ့။ ဒီက အကျဉ်းအကျယ်နေရာလွဲနေတဲ့လူတွေက ကိုယ့်ရှိတဲ့သဘာဝအလှကို

တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ ကွန်ကရိအဆောက်အဦးတွေမှ ခေတ်မှီတယ်ထင်ပြီး

ကမျောကသော လိုက်ဆောက်နေလိုက်ကြတာ။ လှပြီးသား အဆောက် အဦးဟောင်း တွေလည်း ဖျက်လိုဖျက်

ထုံးသုတ်လိုသုတ်နဲ့ ထင်ရာမြင်ရာလုပ်နေကြတော့ “Visit Myanmar Year” နှစ်မှာတောင်

ဧည့်မလာဘူး။ ဒီအထဲ …” ဟုတ်သည်၊ ဧည့်ဆိုတာ အိမ်သာမှ လာပေမည်။ အိမ်က သာစေဦးတော့

ကိုက်တတ်သည့်ခွေးတွေမွေးထား ပြန်လျှင်လည်း အင်း …။

“ဆရာကံ ဘယ့်နှယ်လဲ”

ရုတ်တရက် နံဘေးမှပေါ်လာသောမေးခွန်းကြောင့် ကိုယ်စဉ်းငယ်ကြောင်နေသည်။

ဘာကိုမေးတာပါလိမ့်ဟု ပြန်ကြည့်နေမိသည်။ ကင်မရာ ဖြင့် ဓာတ်ပုံတွေရိုက်နေရာမှ

မေးလာသူက ဓမ္မဘေရီဆရာတော်။

“မစ္စစ္စပီ မြစ်နဒီဝယ်” ဆိုတာ မှတ်မိသေးလား။ ငယ်ငယ်ကတည်းက

နာမည်ကိုရင်းနှီးခဲ့တဲ့ မြစ်လေ။ ဘယ့်နှယ်လဲ လှရဲ့လား”

“အင်း …”

ကိုယ် အင်းရှည်ကြီး ဆွဲလိုက်မိသည်။အလှတရားနှင့် တန်ဖိုး၊ အလှတရားနှင့်

ခံစားသူ၊ နှိုင်းယှဉ်စဉ်းစားရင်း အတွေးအာရုံကိုဆန့်မိတော့၊ ပွင့်တံတကားကား

ဆံမြိုတ်တဖွားဖွားနှင့် ပြောင်းဖူးခင်းတွေအလယ် ကိုယ်ရောက်သွားပြန်သည်။ ကြက်သွန်၊

နံနံ၊ ငရုတ် စသည့် သီး ထပ် သီးညှပ်တွေနှင့်ဝေဆာနေသော နူန်းမြေစိုက်ခင်းများ၊ မြေပဲ၊

ပဲကြီးခင်း၊ စားတော်ပဲ စသည့် ပဲခင်းတွေကလည်း တမျှော်တခေါ် အစိမ်းရောင်

ကမ္ဗလာဖြန့်ခင်းထားသည်သို့။ အမေနှင့် မကြာခဏလိုက်ပါတတ်ခဲ့သည်၊ စိုက်ခင်းတွေ

ဖူးပွင့်ဝင်စ နွေဦးရာသီမှာဆို “ပုန်းမကြည်” တင်ပွဲ ကျင်းပကြတော့သည်။

မြေဆီကြွယ်အောင်၊ သီးထွက်ကောင်းအောင်၊ မိုးမထောင့်အောင်၊ ပိုးမနှောင့်အောင်၊

တိုးစောင့်ပါမည့်အကြောင်း၊ ပုန်းမကြည်နတ် တင်ကြ ပကြ ဆုတောင်းကြသည့်ပွဲလေ။ ကိုယ်တို့

ညီကိုမောင်နှမတွေကတော့ မုန့်ဖြူ မုန့်နီလေးတွေနှင့် ပုန်းမကြည်ရုပ် လေးတွေကို

တပျော်တပါး လိုက်လံကောက်ကြသည်။ ဟိုယာခင်းဝင် ဒီယာခင်းထွက် အနှံ့ပင်။

ဒီမစ္စစ္စပီမြစ်ရိုးမှာရော အဲဒီအလှတွေ ရှိနိုင်ပါ့မလား။ အင်း …

ကိုယ့်ဧရာဝတီတရိုးမှာကော ရှိမှရှိသေးရဲ့လား။

တကယ်လို့ တစ်ချိန်ချိန်မှာကိုယ်ပြန်ရောက်ခဲ့လျှင် ရင်ခုန်ခံစားချင်ပါသေးသည်။

ကိုယ့်အမေ မျက်ကွယ်ပြုသွားသည့်တိုင် အမတွေ နှမတွေ နှင့် စိုက်ခင်းတွေအလယ်မှာ



“ဒီမြေတွေက မြေနုကျွန်းပေါ်လို့၊ သားရဲ့အဖိုးအဖွားတွေ

ဓားမဦးချလုပ်ခဲ့ကြတာကွယ့်”

အမေပြောပြသည့် ကျွန်းဦးပုံပြင်တွေကို ပြန်ကြားယောင်ချင်သေးသည်။ ဧရာဝတီက

ရေတက်လိုက်၊ နုန်းမြေတွေ ချန်ထားလိုက်၊ စိုက်ကြ ပျိုးကြလိုက်နှင့်

ရိုးသားမှုသံသရာလည်ရင်း ပျော်ရွှင်အေးချမ်းစွာနေထိုင်သွားကြသော

ဆွေဟောင်းမျိုးဟောင်းများ၏ ဧရာဝတီကမ်းမှ ငြိမ်းချမ်းသည့် ပုံရိပ်တွေ။ ဧရာကလည်း

သူ့အလုပ်သူလုပ်၊ သူတို့ကလည်း ကိုယ့်အလုပ်ကိုယ်လုပ်နှင့်

ငြိမ်းချမ်းလိုက်သည့်ဖြစ်ခြင်း။ တစ်နှစ်တစ်လေတွေမှာတော့ ဧရာဗွေဖောက်၍ ရေကြီးတိုးကာ

စိုက်ခင်းတွေ ပျက်ကိန်းနှင့် ကြုံရသည်။ မဖြုံ၊ ပြန်လည် ကြိုးကြမြဲ။

“တစ်နှစ်ဟာ ဆေးရွက်ကြီးခင်းတွေကလည်း ကောင်းလိုက်တာ ညို့လို့။ ပဲခင်းတွေကလည်း

သီးလိုက်တာ ခဲလို့။ အဲဒါ မထင်မှတ်ပဲ မြစ် ရေကြီးလိုက်တာ အကုန်ကိုပျက်ကရော။ ဒါပေမဲ့

အဲဒီတုန်းက အင်္ဂလိပ်မင်းက တစ်ဧကကို တစ်ကျပ်ခွဲလျှော်တယ်လေ”

တစ်ကျပ်ခွဲဆို၍ ရယ်မောလိုက်မိစဉ် …

“မရယ်နဲ့ သားရဲ့၊ အဲဒီတုန်းက ရွှေတစ်ကျပ်သားမှ လေးငါးဆယ်ကျပ်တဲ့” ၊ လွန်ခဲ့သော

နှစ်များစွာဆီက အမိမြန်မာသည် ကိုယ့်ကိုပြုံးရယ်၍ ပြန်ကြည့်နေသည်ဟု

ခံစားလိုက်ရသည်။

ကိုယ်တို့ အရွယ်ရောက်သည့်အခါမှတော့ ရေဘယ်လိုလွှမ်းလွှမ်း၊ သူ့ဟာသူလွှမ်းတာ

တို့နှင့်မဆိုင်။ စိုက်ခင်းတွေ ဘယ်လောက်ပျက်ပျက်၊ သူ့ဟာသူပျက်တာ

တို့နှင့်မပတ်သက်ဆိုသည့် ခေတ်ကြီးကိုရောက်ခဲ့ပြီ။ သို့သော် ထွက်သမျှသီးနှံနှင့်

ကျန်သမျှကောက်ပဲတို့ကိုတော့ သူတို့ထံ မဖြစ်မနေအပ်ရန် ပတ်သက်ကြရပြန်သည်။

တလင်းသိမ်းတိုင်း စကောနှင့် ကောက်ဆွသာကျန်ခဲ့သောဘ၀တွေကို ဧရာဝတီ အသိဆုံးဖြစ်ပေမည်။

ထိုကာလဆိုးကြီးကို ရုန်းကြွပယ်ရှားခဲ့သည့်အရေးအခင်းကြီးကိုလည်း

ဧရာဝတီသက်သေပင်။

“အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယံလာတုန်းက ဒီမြစ်ကြီးကိုသိပ်အားကျတာ။

ဒီမြစ်ကြီးသာ သူတို့ပြည်မှာရှိရင်ဆိုပြီး … တောင်းတောင်းတတ ပြောသွားခဲ့တာ”

ဆရာဦးအောင်သင်းက ကိုယ့်ကိုလှမ်းပြောသံ ကြားလိုက်ပြန်သည်။ ဟုတ်ပေမည်။

ကျောက်တောင် သဲပြင်နှင့် ညွှန့်ဘွက်အိုင်တွေ သာတည်ရှိသော သူတို့တိုင်းပြည်အတွက်

ဧရာဝတီကိုသွားရည်ကျရှာလိမ့်မည်။ သူတို့၏အသိဉာဏ် နည်းပညာတွေနှင့် ဧရာဝတီ

ကိုပေါင်းစပ်လိုက်လျှင် “ပန်းလည်း လှ၊ ပျားလည်း ၀” စေသည့်စီးမံကိန်းကြီးတွေ

ပေါ်ပေါက်လာပေမည်။ သူတို့တိုင်း ပြည်လေးသည်လည်း…။

အို … တို့မြန်မာတွေလည်း မညံ့ပါဘူး။ တစ်ချိန်

ပညာတတ်မျိုးဆက်တွေများလာတဲ့ခေတ်မှာ …။ ကိုယ့်အတွေးသည် သည်မှာတင်တန့်ခဲ့ပေါ့။

လူငယ်တွေ၏ ပညာရေးအခန်းကဏ္ဍကိုတွေးရင်း ကိုယ့်ရင်သည် လေးပင်သွားတော့သည်။ အပင်ကို

ရေမသွန်း အညွှန့်ကိုသာ ဆိတ်သူ၊ စိုက်ခင်းကို မပျိုး မျိုးဥတွေကို ပြုတ်စားသူ၊

ဒီပုံတွေနဲ့ မိုးကြီးချုပ်ခဲ့ပါပေါ့လား။ ဘုရား ဘုရား …။ ခုတော့

ကိုယ်မျှော်တဲ့အချိန်ကိုရောက်မှ ရောက်ပါဦးမလား။ “ဆင်သတ် အရပ်ဝေ” သူတို့လက်သို့

အမိဧရာဝတီ ကျရောက်နေပါပေါ့လား။ ဘိုးဘေးတို့ပိုင်ခဲ့သော၊ အဖိုးအဘွားတို့

ပိုင်ခဲ့သော၊ အမိအဖတို့ ပိုင်ခဲ့သော၊ ကိုယ်တို့ပိုင်နေသော၊ သားမြေးတို့

ပိုင်ကြဦးမည်ဖြစ်သော ဧရာဝတီ၊ ထိုဧရာဝတီသည် တစ်ဦး တစ်ယောက်ပိုင်မဟုတ်၊

တစ်ဖွဲ့တစ်စည်း ပိုင်မဟုတ်။

ဟိုး… ပဝေဏီကပင် ရေနေ ကုန်းနေသတ္တ၀ါတို့၏ မှီခိုရာအဖြစ် လှပစွာစီးဆင်းခဲ့သော

ဧရာဝတီ၊ သူ့ရင်ခွင်ထဲမှာ အလှတရားတို့ ပြည့်နှက်နေခဲ့သည်။ ဧရာဝတီလင်းပိုင်ခေါ်

ရှားပါးသည့် ရေချိုလင်းပိုင်များသည် မင်းကွန်းတ၀ိုက်တွင် သုံးဆယ့်ခြောက်ကောင်ခန့်သာ

တွေ့ရတော့ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်ကို ကြားယောင်လာမိပြန်သည်။ ခုလို

ရေခြားမြေခြားအမေရိကန်တစ်ဦးက တကူးတက တန်းဖိုးထားပြပေမယ့် သူတို့တတွေကတော့

ရေနေသတ္တ၀ါတွေကိုမဆိုထားနှင့် မြစ်မကြီးတစ်စင်းလုံးကိုပင် တန်းဖိုးထားရကောင်းမှန်း

မသိကြတော့ပြီ၊ “ကိုယ့်ကျိုးနည်းပါး သူ့ကျိုးများမည့်” အရေးတွင်

ဧရာဝတီကိုစတေးကြတော့မည်တဲ့။ ဧရာဝတီသာ ဆုံးပါးသွားခဲ့လျှင်…။

“ကိုင်း … ဆင်းကြမယ်”

အော် …. သင်္ဘောတောင် ဆိပ်ကမ်းပြန်ကပ်နေပါပေါ့လား၊ ကိုယ့်အာရုံဟာ ဧရာနဲ့မစ္စစ္စပီ

ပူးတုံခွာတုံရှိနေခဲ့ပါလား။ Sorry ပဲ မစ္စစ္စပီ၊ ကိုယ် မင်းအလှကို

တန်းဖိုးမထားလို့မဟုတ်ပါဘူး။ ကိုယ်တို့ဧရာဝတီကို တန်းဖိုးထားနေမိလို့ပါ။

တီးတိုးဆိုရင်း အများနည်းတူ သင်္ဘောပေါ်က ဆင်းခဲ့သည်။ကမ်းပေါ်ကနေ

ကိုယ်လည်ပြန်ကြည့်မိတော့ မစ္စစ္စပီနှင့် ပြုံးရယ်စွာဆင်းလာကြသော သူ့၏ချစ်သူများ။

ကိုယ်ထင်လိုက်မိသည် ထိုအပြုံးရှင် တို့သည် တစ်စုံတစ်ယောက်က မစ္စစ္စပီ၏အသရေကို

ညှိုးအောင်ပြုခဲ့လျှင် ဆန်ကျင်ကြလိမ့်မည်၊ ကာကွယ်ကြလိမ့်မည်ဆိုတာ ထိုအပြုံး တွေက

ပြနေသည်ဟု။

ကားပေါ်ရောက်သည့်တိုင် အတွေးက မရပ်ချင်။ ကားစထွက်သည့်နှင့် စိတ်အာရုံသည်

ဧရာကမ်းက ဆွေမျိုးတွေထံ ပျံ့လွင့်သွားပြန်သည်၊ ဧရာဝတီ နာမကျန်းဖြစ်နေတာကို သိမှ

သိကြပါလေစ၊။ အို… သိကြမှာပါလေ။ ရုတ်ချည်း ငယ်ငယ်ကသင်ခဲ့ရသော ဝေဿန္တရာဇာတ်တော်ကို

အမှတ်ရလိုက်သည်။ လောင်းဝေသန်၊ ဘုရားဆုပန်၊ သားတွေ သမီးတွေ ဇနီးတွေကို

လှူဒါန်းခဲ့သူ၊ ထိုအတွက် ဘာမျှပြဿနာ မကြုံရ သော်ငြား

အများဆိုင်ဆင်ဖြူတော်ကိုပေးလှူလိုက်သောအခါတွင်မူ ပြည်သူတို့

အုံကြွဟစ်ကြွေးဆန္ဒပြသည့်အရေးကြောင့် ထွက်တော်မူ နန်းကခွာ၍ ၀င်္ဂဘာတောင်သို့

မြန်းခဲ့ရပါရောလား။

ဒါတင်မက ၀ိဓူရသုခမိန်ကို ဘုရင်ကြွေအန်ရှုံးလို့ ပုဏ္ဏကထံအပ်လိုက်ရတော့လည်း

ပြည်သူစုဝေးဟစ်ကျွေး ဆန္ဒပြခဲ့ကြတာပါပဲကလား။

ဒီဇာတ်တော်တွေ

ဒီရင်ငွေ့တွေနှင့်ကြီးပြင်းခဲ့ကြသည့် ကိုယ်တို့တတွေဟာလည်း ဧရာဝတီရဲ့သားမြေးတွေပဲလေ

…၊ တစ်နေ့…။

ကံထွန်းသစ်

စက်တင်ဘာ ၂၆၊ ၂၀၁၁

(ထာဝရ သူငယ်ချင်းများ ဘလော့ဒ်မှ ကူးယူသည်)

No comments:

Post a Comment