ရုန်းရကန်ရ ဤဘဝ
လေထန်တိုင်းသာ လွင့်ကြွေပါမူ,
ဘယ်မှာပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ,
ဘယ်မှာမြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ,
ဘယ်မှာမျက်ရည် ကျန်မည်နည်း။
အမှောင်တစ်ဝက် လင်းတစ်ဝက်နှင့်,
တစ်ရက်တစ်ခါ ကြုံမြဲသာတည်း။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ,
မျက်ရည်ပမာ တွေ့မြဲသာတည်း။
ဘ၀သည်ကား တိုက်ပွဲများပင်,
လှုပ်ရှားရသော လူ့ရွာတောဝယ်,
လင်းသော မှောင်သော, အောင်သော ရှုံးသော
မုန်းသော ချစ်သော, သစ်သော ဟောင်းသော
ပူသော အေးသော, နုသော ကြမ်းသော
စောကြောစိတ်ဖြာ မနေသာပေ,
လဲရာကထ ကျရာကတက် ပျက်ရာကဆောက်
ရှေ့သို့လျှောက်၍ ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရ ကန်ရ မည်တကား။
ဦးအောင်သန်းထွန်း (မုံရွာ)
No comments:
Post a Comment