နွေဂိမှာန် မာန်ဟုန်ပြောင်းလို့
ဟောင်းရွက်ကယ် ညှာကြွေ ……..
နှောင်းချက်ရယ် ဗျာပွေ
လေရူးစွေ ရွက်ဝါတွေလွင့်
အသွင်မတင့် ကိုင်းခြောက်ဆင့်တဲ့
ပင်မြင့်သဏ္ဍာန် အထီးကျန်စွ ………
သမယ နွေအငူ
လေပူဝဲမှာ
ဥသြကူချွဲ တစ်ကောင်ထဲနဲ့
အဖော်ကွဲငှက်ပင်ကိုင်းထက်ဝယ်
နွေဆက်တေးဆို လွမ်းရေးပိုလို့
နွေကို ကြိုလေသလား …….
သနားဖွယ့် ရွက်ဝါ
ကြွေတစ်ခါ လေမှာဝဲ
ဆွေသဟာ မြေမှာလဲရှာ
ရိုးတံကျဲ ပင်အိုကို
အငိုမျက်လုံး အပြုံးတချက်နဲ့
နှုတ်ဆက်လို့ ခွဲထွက်ပြီ …….
ငှက်ငယ်ဥသြ သံချိုနှောလဲ
လွမ်းဇောနဲ့နွမ်း မောပန်းလို့ထင်
ပျံလျင်အဝေး ရှောင်ထွက်ပြေးတော့
ဖေးကူမဲ့ငို သည်ပင်အိုမှာ
နေကိုအံတု အရိုးစုနှယ်
သိမ်ငယ်စွာနှင့် ဆွေးတော့၏ ……..
ဘိုရဲ (၂၀၊၂၊၁၄ )
No comments:
Post a Comment