ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

15/07/2012

"အိမ်မက်ထဲက မြစ်"

1. စီးဆင်း ရင်ခွင် | 7/15/2012 | 2. 3. 4. 5. 6. Best Blogger Tips


                                                     ( ၁ )
                                        “ရင်ထဲကို အေးမျှသွားတာပဲ”
      တိုးတိုးလေး ရောင်ရမ်းရင်း ကျွန်တော် အိမ်မက်မှ နိုးထခဲ့သည်။ မက်ခဲ့ပြန်လေပြီ ဒီအိမ်မက်၊ မက်ခဲ့သည့် အကြိမ်ပေါင်းလည်း မနဲတော့ပြီ။

   အိမ်မက်ထဲတွင် ကျွန်တော် ဧရာဝတီမြစ်ကမ်းဘေးက ရေချိုးဆိပ်တစ်ခုသို့ ရောက်နေခဲ့သည်၊ မြစ်ရေ ချိုကို အငမ်းမရ သောက်ရင်း မြစ်ရေပြင်ထဲ ကူးခတ်ကာ အားပါးတရ ရေချိုးနေခဲ့ သည်။ ပြီးတော့ မြစ်ရေပြင် ကို ကျော်ဖြတ်တိုက်ခတ်လာသော လေနုအေးတို့ကို တ၀ကြီး ရှုရှိုက်ပစ်လိုက်၏။ ပင်ပန်းနွမ်းနယ်နေသော ကျွန်တော် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းပြီး အားအင်တွေ ပြည့်ဝသွားသလို ခံစားလိုက် ရသည်။ ယင်းနောက် လက်နှစ်ဘက်ဖြင့် တစ်ဖန် ကော်ခတ်ကာ မြစ်ရေချိုကို တစ်ဝကြီး သောက်လိုက်ပြန်သည်။

         ဧရာဝတီမြစ်ရေသည် ကြည်လင်နေခဲ့သည်။ အေးမျှနေခဲ့သည်။ လတ်ဆတ်နေခဲ့ သည်။ ချိုနေခဲ့သည်။ ထို့ထက် မြစ်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေးနု အေးက ပို၍ပင် သန့်ရှင်းလတ်ဆတ်နေခဲ့ပေ၏။
                                      
                                                  ( ၂ )
                  ဒဏ္ဍာရီ ဆန်လှသော ရှေးဟောင်းမြို့တော်ကြီးသို့ ကျွန်တော် ရောက်နေခဲ့သည်မှာ ငါးနှစ် ငါးမိုး ရှိခဲ့ပြီ။ ဂင်္ဂါမြစ် တစ်ဘက်ကမ်းတွင် မေးတင်၍ တည်ဆောက်ထားသော ဗာရာဏသီမြို့ပင် ဖြစ်၏။ ကမ္ဘာ့ ရှေးဟောင်း အကျဆုံးမြို့ဟု သူတို့တွေ ဂုဏ်ယူနေ ကြသော်လည်း သမိုင်းဝင်ဖြစ်သော ရှေးဟောင်း အဆောက်အဦးများ များများစားစား မတွေ့ရပေ။ နေရာတိုင်းတွင် စွန့်ပစ် ပစ္စည်းမျိုးစုံတို့ကို စည်းကမ်းမဲ့ စွန့်ပစ်ကြသဖြင့် ညစ်ပတ်လွန်းလှ၏။ ထိုကြောင့် ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် အညစ်ညမ်းဆုံးမြို့ ဟု ဆိုက ပို၍ သင့်တော်မည်ထင်သည်။ ပညာသင်ဟူသော အကြောင်းပြ လှလှလေးသာ မရှိခဲ့ပါက ဤမျှလောက် ကြာအောင် ကျွန်တော် ဤနေရာမှာ နေနိုင်လိုက်မည် မထင်ပေ။
 
        အိန္ဒိယရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို တစ်စုတစ်ဝေးတည်း လေ့လာချင်သူ များအတွက် သင့်တော်သောနေရာပင် ဖြစ်၏။ ဤမြို့သည် ရိုးရာ ယဉ်ကျေးမှုဖြစ်သော အက အခုံ အတီး အမှုတ်၊ ယောဂ ကျင့်စဉ်၊ သက္ကဋပညာရပ်၊ တိုင်းရင်းဆေး၊ ကိုးကွယ်မှုဆိုင်ရာ ဓလေ့မျိုးစုံ စသည် ပညာရပ်မျိုးစုံတို့ကို လေ့လာဆည်းပူးနေကြသူ တို့ဖြင့် အမြဲပင် စည်းကားနေလေ့ရှိသည်။ ပညာသင်ကိစ္စ တစ်ခုတည်းကိုသာ အာရုံစိုက် ထားပါက နေရသည်မှာ ပျော်စရာပင် ကောင်းနေသေးတော့၏။
 
        ငယ်စဉ်တောင်ကျေး ကလေးဘ၀ ဘကြီးဘုန်းကြီးထံ ပညာသင်ကြားစဉ်ကတဲက ဂင်္ဂါ စသော မြစ်ကြီးငါးသွယ်တို့နှင့် ရင်းနှီးခဲ့သည်။ ကြီးမားလှသော ငါးကြီးတို့သည် အခြားမြစ်များတွင် မနေနိုင်ကြဘဲ ယင်းမြစ်ကြီးငါးစင်းတို့တွင်သာ ကျက်လည်ကျက်စားနိုင် ကြသည်။ ကမ္ဘာပျက်လျှင်တောင် သုံးစင်းမြောက်နေ ထွတ်လာမှ မြစ်ကြီးငါးစင်းရှိ ရေများ ခမ်းခြောက်မည်ဟူ၏။
         ဘကြီးဘုန်းကြီး တရားဟောလျှင်လည်း “ဂင်္ဂါဝါဠု ၊ သဲစုမက၊ ပွင့်တော်မူကြကုန် သော၊ ဘုရားရှင်တို့အား၊ ရှိခိုးပါ၏” ဟူသော ဘုရားရှိခိုးဖြင့် အမြဲပင် ၀တ်ပြုလေ့ရှိသည်။ ထိုကြောင့် ငယ်စဉ်ကတဲက ဂင်္ဂါမြစ်ကြီးကို ကျွန်တော် လေးစားခဲ့သည်၊ အထင်ကြီး ခဲ့သည်၊ ချစ်ခင်ခဲ့သည်။
 
          တစ်ခါတစ်ရံ အနံ့အသင့် မျိုးစုံကို ကြိတ်မှိတ်သည်းခံလျှက် ဂင်္ဂါမြစ်ကမ်း တစ်လျှောက် ကျွန်တော် လမ်းလျှောက်ခဲ့သည်။ လှေတစ်စင်းငှားပြီး မြစ်အတွင်း စုန်ချည် ဆန်ချည် လှော်ခတ်စေကာ မြစ်ဂင်္ဂါ အလှကို ခံစားခဲ့သည်။ ကမ်းတစ်လျှောက် စီရရီ ရှေးဟောင်း အဆောက်အဦးကြီးများနှင့် နာမည်အသီးသီးရှိ ရေချိုးဆိပ်တို့မှာ လှပသည်။ ကမ်းဘေးထိုင်ကာ ကျင့်နည်းစုံဖြင့် ကျင့်ကြံနေကြသော ဆာဒူကြီးများ၊ မြစ်ရေထဲ မိမိကိုယ်ကို နစ်မြုပ်စေလိုက် ပေါ်လာစေလိုက်လုပ်ပြီး ဂင်္ဂါမြစ်နတ်ကို လက်အုပ်ချီ၍ ပူဇော်နေသူများ၊ ပန်း ဆီးမီးခွက်တို့ကို မြစ်ရေထဲ မျှောချလျက် ပူဇော်နေ ကြသူများကို မြင်ခဲ့ရသည်။ တဘက်ကမ်းမှ ဖြူးဖွေးအိစက်နေသော သဲသောင်ပြင်သည် သာယာ လှပသည်။
 
        အထူးသဖြင့် ညနေခင်းတိုင်း ကျင်းပလေ့ရှိသည့် ဂင်္ဂါ မဟာအာရတီ ပူဇာပွဲသည် အထူးစည်းကား၏၊ ဗြဟ္မဏဘာသာဝင် ပုဏ္ဏားတို့က ရိုးရာ အ၀တ်အစားတို့ကို ၀တ်ဆင် ကြပြီး ဆီမီးခွက် ဖယောင်းတိုင် မွှေးတိုင်များ ထွန်းညှိ ဝှေ့ယမ်းကာ ပူဇော်ကြသည်။ ဂါထာမန္တာန်များ ရွှတ်ဖတ်ကြပြီး ခေါင်းလောင်းတို့ကိုလည်း အဆက်မပြတ် တီးခတ် ကြသည်။
       မြစ်ကမ်းဘေးတစ်ဝိုက်နှင့် မြစ်ရေပြင် လှေ,မော်တော်,သမ္ဗာန်များပေါ်တွင် လာရောက်ပူဇော်ကြသူတို့ဖြင့် ပြည့်နှက်နေ၏။ ပူဇော်ပွဲပြီးပါက အရောင်မျိုးစုံရှိ အမှုန့် တို့ကို မိမိတို့၏ နှဖူးပြင်တို့တွင် တို့စေကြပြီး ပူဇော်သည့် ရေ ပက်ဖြန်းကာ ဆုတောင်းကြသည်။ နေ့စဉ် ကျင်းပဆဲဖြစ်သော ယင်းပူဇာသည် ပွဲလမ်းသဘင်ပမာ အထူးပင် စည်းကားလှသည်။
 
          သေဆုံးပြီးသူတို့၏ ဦးခေါင်းခွံတို့ကို ကိုင်လျှက် ဆုတောင်းပေးနေကြသော ဆာဒူကြီးတို့၏ အသွင်သဏ္ဍာန်မှာလည်း အမြင်ဆန်းလှသည်။ ဤမြို့တွင် လူသေတို့ မီးရှို့ရာ သင်္ချိုင်းကို ဂင်္ဂါမြစ်ကမ်းတွင် ပြုလုပ်ထားသည်။ ရိုးရာ အယူအဆစွဲကြောင့် ဂင်္ဂါမြစ် ကမ်းဘေး တွင် ပြုလုပ်ထားခြင်းဖြစ်သည်။ နေ့စဉ် အလောင်းပေါင်း များစွာ မီးရှို့ကြပြီး ကြွင်းကျန်သော အလောင်း အပိုင်းအစတို့နှင့်တကွ ထင်းမီးစ ပြာတို့ကို မြစ်ရေထဲ မျှောပစ်လိုက်ကြသည်။
   ယင်းကဲ့သို့ စည်းကမ်းမဲ့စွာ အမှိုက်သရိုက်များ စွန့်ပစ်ကြသဖြင့် ဂင်္ဂါမြစ်ရေမှာ လည်း နှောက်ကျုနေလေတော့၏။ မြစ်ရေသန့်ရှင်းမှု မရှိတော့ခြင်း၊ မြစ်ရေပြင် တိမ်ကောလာခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုသူများ စိုးရိမ်လာကြသည်။ ထိုကြောင့် သတင်းစာ နှင့် တီဗွီလိုင်း ချန်နယ်တို့တွင် ဂင်္ဂါမြစ်ကို ထိန်းသိမ်းစောက်ရှောက် ကြရန် နှိုးဆော်နေရတော့၏။

       မြစ်ဧရာ ကမ်းနှဖူးတွင် မေးတင်ထားသော မန်းရွှေမြို့တော်၌် ကျွန်တော် ခုနှစ်နှစ်မျှ နေထိုင်ခဲ့ဘူးသည်၊ ထိုနှစ်များအတွင်း လေညှင်းခံကာ ကမ်းနားလမ်းတစ်လျှောက် အကြိမ်ကြိမ် လမ်းလျှောက်ရောက်ခဲ့သည်၊ နီရဲစွာ ပွင့်နေကြသော လက်ပံပွင့်တို့ကို ငေးမေားရင်း လက်ပံပင်ကြီးအောက်တွင် အနားယူခဲ့ရ၏။ မြစ်ဧရာတစ်ဘက်ကမ်း စစ်ကိုင်းတောင်မှ ဗျိုင်းတောင်တူညီ ဖွေးဖွေးစီနေကြသော စေတီ ပုထိုးတို့ကို လှမ်းမြှော်ကာ ဖူးခဲ့ရသည်။ ဂေါဝိန်ဆိပ်တွင် အပန်းဖြေရင်း ပါတော်မူ အရှင်နှစ်ပါးတို့ကို လွမ်းခဲ့ဘူး၏။
  
            မိခင်ဧရာသည်သမိုင်းအဆက်ဆက်တာဝန်ကျေခဲ့သည်။ ပြည်သူတို့ကို အေးမျှသော  ရေစင် ဖြင့်   နွေးထွေးစေခဲ့သည်။ ကောင်းကျိုးပြုခဲ့သည်။ သို့သော် သူမကိုလည်း အတ္တသမားတို့က မြစ်ဆုံစီမံကိန်းဖြင့် ချိန်းခြောက်ခဲ့သည်။ တသွင်သွင် စီးဆင်းနေသော ရေအလျှင် ရပ်ရမည့်ကိန်း ကြုံခဲ့ရသည်။ ကံကြီးပေသေးသည်။ မိခင်ကို ချစ်သူတို့ကြောင့် သူမလဲ ခုတော့ ပျော်ရွှင်စွာ စီးဆင်းနိုင်ခဲ့ပေပြီ။
                                                            
                                                         ( ၃ )
                                            “ရင်ထဲကို အေးမျှသွားတာပဲ”
           သဲ့သဲ့လေး ရောင်ရန်းရင်း အိမ်မက်မှ နှိုးထခဲ့သည်။ ထုံးစံအတိုင်း ဒီအိမ်မက်ကို ထပ်မက်ပြန်လေပြီ။ အမေမရှိမှ အမေကို လွမ်းနေရသူကဲ့သို မိခင်ဧရာနှင့် ဝေးခဲ့တော့မှ မိခင်ကို တမ်းတနေမိသည်။ ဒီတစ်ခါတော့ မြစ်ဧရာသည် ပို၍ အေးမျှနေသည်။ ပို၍ ကြည်လင်နေသည်။ လေအဝှေ့တွင် တရိပ်ရိပ်တက်လာသော လှိုင်းကြက်ခွပ်လေးများနှင့် ပို၍ပင် ပနံတင့်နေပေသည်။ မြစ်ဆုံ အန္တရာယ်မှ လွတ်မြောက်ခဲ့သောကြောင့် ၀မ်းသာအားရ တက်ကြွနေတော့သည် ထင်၏။
 
     မြစ်ဧရာ နှင့် အတူ ကျွန်တော်တို့ ယောနယ်က ပြောင်းပြန် စီးသော မြစ်၊ ယောနယ် ဂုဏ်ဆောင်ဖြစ် သည့် မြစ်သာမြစ်ကို လွမ်းမိသည်။ တောင်မှ မြောက်ကို စီးဆင်းသော မြစ်ဖြစ်သည်။ ငယ်စဉ်က တွံတေးသိန်းတန် သီချင်းကို အော်ဆိုရင်း မြစ်သာမြစ်ထဲတွင် ပျော်ရွှင်စွာ ပိုက်မျှောခဲ့ဘူး သည်။ မြစ်ရေပြင်ထဲ ရေစိမ်ချိုးရင်း ယောနယ်တောင်တန်း အလှတို့ကို ငေးမောခဲ့ရသည်။ လုံမပျိုတို့၏ ရက်ကန်းစင်မှ လွင့်ပျံ့လာသော ရက်ခတ်သံတို့ကြောင့် နားဝင်ချိုခဲ့ဘူးသည်။
 
            သို့ဆိုလျှင် ကျွန်တော်စိတ်ကို အမြဲ ညို့ယူဖမ်းစားနေသော မြစ်မှာ မြစ်ကြီးဂင်္ဂါ မဟုတ်တော့ပြီ။ မြစ်ကြီးဂင်္ဂါသည် ကျွန်တော့ကို မလွမ်းစေပါ။ ဇာတ်လမ်းများထဲတွင် မကြာခဏ တွေ့ရသည့် အင်္ဂလန်က နာမည်ကျော် သိန်းမြစ်နှင့် အမေရိကက မစ္စပီပီမြစ်တို့သည်လည်း ကျွန်တော့အိမ်မက်ကို မလွမ်းမိုးနိုင်တော့ပြီ။
 
      ကျွန်တော်၏ အိမ်မက်ထဲက မြစ်တို့မှာ ရာဇ၀င်များရဲ့ သတိုးသမီး၊ ငါတို့ရဲ့ မိခင်ဟု တင်စားကြသည့် မြစ်မင်းဧရာ နှင့် ကျွန်တော် မွေးရပ်မြေ ယောနယ်က မြစ်သာမြစ် ကလေးပင် ဖြစ်တော့သည်။ ခရေပင်အောက်က ပိတောက်ချစ်သူ ဟု ဆိုကြလျှင်လည်း ကျွန်တော် ကျေနပ်စွာ ခံယူမိတော့မည်။ ယောမြစ်ကလေးနှင့်အတူ တော်ပေါ်ကျောင်းမှ ဆွတ်ပျံ့လာသော အုန်းမောင်းခေါက်သံ သဲ့သဲ့ကိုလည်း ကြားရောင်နေမိတော့သည်။
                                                                     သိမ်မွေ့ဦး ( B.H.U )
                                                                    ဗာရာဏသီမြို့၊ အိန္ဒိယ။

No comments:

Post a Comment