ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

17/07/2012

မရဏအိပ်ရာပေါ်မှာ နားတဲ့လိပ်ပြာ

1. စီးဆင်း ရင်ခွင် | 7/17/2012 | Best Blogger Tips


       အချိန်ကား ညနေ နေဝင်ရီတရောအချိန်ဖြစ်၏။ နေမင်း၏ မင်းမူစိုးမိုးမှု ရပ်တန့်ချိန်ဖြစ်၏။ နေ့မြင်ကွင်း မှုန်ရီဝေဝါးကာ အမိုက်မှောင်များ စတင်ကျဆင်းလာပြီဖြစ်သည်။ ဤအချိန်သည် နေ့တစ်နေ့၏ နိဂုံးဖြစ်သလို ညတစ်ည၏ နိဒါန်းဖြစ်ပြန်လေပြီ။ အဆုံးတစ်ခုသည် အစတစ်ခု၏ နိဒါန်းဖြစ်သည် ဟု ပြောလျှင်လည်း ရကောင်း ရနိုင်ပေမည်။ စက်ဝိုင်းသဘောမျိုးဆိုလျှင် အဆုံးသည် အစနှင့်အနီးဆုံး ဖြစ်နိုင်သလို အဆုံးမဲ့သဘော၊ အစမဲ့သဘောလည်း ဖြစ်နိုင်ပေမည်။ ဤအချိန်သည် နေ့ခင်းတစ်ခုလုံး ပင်ပမ်းနွမ်းလျသမျှ ဖြေလျော့ချကာ အနားယူ အားသစ်မွေးရမည့်အချိန်ဖြစ်၏။ 
     ညနေဆည်းဆာကို ပစ္စုပ္ပန်ဟုပြောလျှင် မနက်ခင်း နေ့လည်ခင်းကိုကော အတိတ်ဟု ပြောလို့မရပြီလော။ ညနေဆည်းဆာ၏ အောက်ဝယ် အရာဝတ္ထုတို့၏ အရိပ်တို့သည် ရှည်လျားလာခဲ့ချေပြီ။ တောရိပ်တောင်ရိပ် သစ်ပင်ရိပ်တို့သည် ညိုမှောင် မှေးမှိန်လာခဲ့ပြီ။ သစ်ပင်ချုံနွယ် တို့က စကား တိတ်ဆိတ် နှုတ်ပိတ်နေကြသည်။ နံဘေးပတ်ဝန်းကျင်က အုတ်ဂူတို့သည် ညနေဆည်းဆာ၏ မသတီစရာသဘောကို ပိုမိုပြောပြနေပေသည်။ တစ်ချို့အုတ်ဂူတို့မှာ ပြိုကျကွဲအက်နေသလို တစ်ချို့ အုတ်ဂူတို့မှာလည်း အိုမင်းဟောင်းမြေ့နေပေသည်။ တစ်ချို့အုပ်ဂူအသစ် တို့မှာကား သစ်လွင်လှပ ဆေးရောင်စုံခြယ်သထားပေ၏။ မြေပုံအသစ် အဟောင်းများလည်း ဟိုနားမို့မို့ ဒီနားစို့စို့နှင့် လောကတံထွာ သင်္ခါရဓမ္မတာကို သရုပ်သကန်အနေ ဖော်ပြနေချေသည်။ ဤနေရာကား လူကောင်း လူဆိုး ဆင်းရဲသားနင်းပြား သူဌေးသူကြွယ် ပညာရှိ ပညာမဲ့ အားလုံးသော လူများကို တစ်တန်းစားတည်း တန်းတူရည်တူ လက်ခံသော တစ်ခုတည်းသောနေရာဖြစ်၏။ လူတို့ဝေါဟာ အမည်နာမအားဖြင့် သုသာန်သင်္ချိုင်းဟူသတည်း။
 

       ဤသည့်အရပ်သို့ အရိပ်တစ်ခုသည် လူးလွန့်လှုပ်ရှားလျက် ဦးတည်လာနေပေသည်။ လူရိပ်တစ်ခုပေပဲ။ နှေးကွေးလေးလံသော အားမာန်ပြတ်တောက်နေသော ခြေလှမ်းများဖြင့် တစ်စုံတစ်ယောက်လာနေချေပြီ။ ညဥ့်ဦးယံ အမိုက်တိုက်ထဲမှာ မည်သူကများ ဒီလို မသတီစရာအရပ်သို့ မည်သည့်အကြောင်းဖြင့် လာနေချေသနည်း။ နေ့ခင်းသာဆိုလျှင် ယခုလာနေသူသည် အမေအို တစ်ယောက်ဖြစ်ကြောင်းကိုလည်းကောင်း၊ အမေအို၏ ဆွတ်ဆွတ်ဖြူနေသော ဆံနွယ်တို့ကိုလည်းကောင်း၊ တွန့်ရိလျော့ရဲ နေလောင်ဒဏ်ဖြင့်မဲနေသော အသားအရည်ကိုလည်းကောင်းတွေ့ရမည်ဖြစ်၏။ အမေအို၏ မျက်နှာပေါ်မှ အစင်းအကြောင်းများက ဘ၀ဒဏ်ရာများ၏ ခြေရာလက်ရာအဖြစ် သက်သေထူလျက်ရှိသည်။ အမေအိုသည် သရဲတစ္ဆေတို့ကို ကြောက်ရွံ့ဟန်မပြ။ နာနာဘာဝ မိစ္ဆာများကိုလည်း စိုးရွံ့ဟန်မတူ။ တိတ်ဆိတ်သော ထိတ်လန့်ဖွယ်ကောင်းသော သုသာန်လမ်းတစ်လျောက်လုံး အမေအို၏ ခြေသံကိုကား မကြားရချေ။ အဘယ်မှာ အမေအို့ခြေသံ ကြားရမည်နည်း။ အမေအိုသည် ဖိနပ်မပါ ဗလာထီးထီးသော ခြေထောက်အစုံဖြင့် ဖုန်ထူထူလမ်းမထက်မှာ နှေးကွေးလေးလံစွာ လျောက်လှမ်း လာခဲ့ရရှာသောကြောင့်ဖြစ်၏။ 

       ပိုမိုထူးခြားသည်ကား ရိုးသားမှုတို့ဖြင့် မဟာဆန်သော အမေအို၏ မျက်လုံးတို့မှာ မျက်ရည်စတို့ စွတ်စိုခိုတွဲနေသလို မယုံကြည်မှု၊ နာလိုခံခက်မှု၊ ဝမ်းနည်းကြေကွဲမှုတို့ ခိုဝင်ပေကျံနေခြင်းပင်တည်း။ အမေအို၏လက်ထဲ၌ ထမင်းအိုးတစ်လုံးကိုင်ထား၏။ ယောက်မတစ်ချောင်းပါလာ၏။ ဆန်ကွဲတစ်ကွမ်းစား ပါလာ၏။ နှမ်းမှုန့်ညက်တစ်ဆုပ်စာ ယူလာ၏။ အမေအို၏ ပါးစပ်မှ “သေပြီ”ဟူသော စကားသံတစ်ခု အန်ကျလာသည်ကိုလည်း တိုးတိုးလေး ကြားနေရ၏။ “သေပြီတဲ့” …။ မည်သူသေသနည်း။ မည်သည့်အကြောင်းကြောင့်သေသနည်း။ မေးခွန်းများစွာ ပေါ်လာချေပြီ။

      အမေအိုသည် သုသာန်ထဲသို့ ရောက်ခဲ့ပေပြီ။ ယူလာခဲ့သောပစ္စည်းများကို အောက်သို့ပစ်ချကာ အုတ်ဂူတွေအကြား၌ ထိုင်ကာ အမောဖြေနေသည်။ အမေအို၏ အသက်ရူသံသည် ပင်ပမ်းမောဟိုက်သံဖြင့် သနားစဖွယ်ဖြစ်နေ၏။ မည်သို့သော အနိဋ္ဌာရုံများက အမေအိုကို အလဲထိုးအနိုင်ကျင့်လိုက်ပါသနည်း။ မည်သို့သော တစိမ်းများက အမေအိုကို ယုတ်မာရက်စက်လိုက်ပါသနည်း။ မည်သို့သော ဆွေမျိုးများက အမေအိုကို မှောင်မိုက်သော ကြောက်ဖွယ်ကောင်းသော သုသာန်သင်္ချိင်းသို့ သွားစေခဲ့ပါသနည်း။ အမေအို၏ ဤအဖြစ်ဆိုးသည် ရန်သူကြောင့်လော။ မိတ်ဆွေကြောင့်လော။ လင်သားကြောင့်လော။ သားသမီးကြောင့်လော။ ရန်သူတစ်ယောက်ယောက်က ရက်စက်လိုက်ခြင်းလေလော။ လူယုံတစ်ယောက်ယောက်က အမှတ်မထင် လုပ်ကြံလိုက်ခြင်းလေလော။ အမေအို၏ ပြဿဒါး ရက်ဆိုးများကား ဆုံးပင် မဆုံးနိုင်တော့ပြီလော။
 

     အမေအိုသည် ခဏမျှ အမောဖြေပြီးလျှင် တစ်လှုပ်လှုပ်နှင့် တစ်စုံတစ်ခုကို လိုက်ရှာနေ ၏။ တွေ့ပါပြီကော…။ အမေအိုရှာနေသည်ကား လူသေဦးခေါင်းခွံတကား။ သုသာန်ထဲ၌ လူသေ ဦးခေါင်းခွံတို့ကား ဟိုနားဒီနား ပျံ့ကျဲနေဟန်တူ၏။ အမေအိုသည် လူသေဦးခေါင်းခွံ သုံးခုကို ကောက်ယူ လာပြီး တြိဂံပုံစံဖြင့် ထား၏။ အမေအိုသည် လူသေဦးခေါင်းခွံ သုံးခုကို ထမင်းချက်ရန် ဖိုခနောက်လုပ်ထားခြင်းပေတကား။ တဆက်တည်းပင် အမေအိုသည် ပါလာသော ဆီမီးခွက်ကို မီးထွန်းထားလိုက်သည်။ 

    ထို့နောက် ဖြေးညှင်းစွာပင် သုသာန်ထဲမှ ထွက်ကာ အနီးနားက မြစ်ကမ်းပါးတစ်ခုသို့ သွားခဲ့လေပြန်သည်။ ထိုမြစ်သည် မည့်သည့်အရပ်မှ စတင်စီးဆင်းခဲ့ကြောင်း အမေအို မသိ။ မည့်သည့်တောတောင်များကို ဖြတ်သန်းခဲ့ရကြောင်းလည်း အမေအို မသိ။ ဤမြစ်ရိုးတစ်လျောက် ဖြစ်ခဲ့ ပျက်ခဲ့ ချစ်ခဲ့ လွမ်းခဲ့ရသော ဘ၀ဇာတ်ခုံ အဖုံဖုံကိုလည်း အမေအို မသိ။ မြစ်တစ်စင်းအနေနှင့် ထိုအကြောင်းအရာများကို တစ်စုံတစ်ယောက်က သိသည် ဖြစ်စေ မသိသည်ဖြစ်စေ မြစ်ရေသည် သတ္တ၀ါတိုင်းအတွက် အေးစိမ့်နေ၏။ သက်ရှိသက်မဲ့ အရာအားလုံးအတွက် တသွင်သွင်စီးဆင်းနေ၏။ အမေအိုသည် မြစ်ထဲဆင်းကာ ရေချိုးခဲ့သည်။ ခေါင်းလျှော်ခဲ့သည်။ ပါးစပ်ဆေးခဲ့သည်။ အဖြူရောင် အ၀တ်အစားကို ပြောင်းလဲဝတ်ဆင်ခဲ့သည်။ မြစ်ရေအေးအေးကြောင့် တစ်ကိုယ်လုံး အပူအအိုက်ပျောက်ကာ အေးချမ်းလန်းဆန်းသွားခဲ့သည်။ ထွေပြားေ၀၀ါးနေသော စိတ်တို့ တည်ငြိမ်သွားခဲ့ပေသည်။ ရေချိုးအပြီး၌ လောကဓမ်မီးစတို့ တဒင်္ဂငြိမ်းသွားကြလေသည်။ သို့သော် အမေအို၏ နှုတ်မှကား “သေပြီ” ဟူသော စကားကို မန္တန်တစ်ခုလို တတွတ်တွတ် ရွက်ဆိုနေပေသေးသည်။ အမေအိုသည် အရေးကြီးသော ကိစ္စတစ်ခုခုကို ဆောင်ရွက်ရန်အတွက် ယခုကဲ့သို့ ကိုယ်လက် သန့်စင်ခဲ့ခြင်းပေလော။
 

   ထို့နောက် အမေအိုသည် သုသာန်ထဲသို့ ပြန်လာခဲ့သည်။ ဆံပင်ဖားလျားချထားသော အဖြူရောင်အ၀တ်အစားဝတ်ဆင်ထားသော အမေအို၏ အသွင်အပြင်မှာ နာနာဘာဝ တစ်ခုအလား ခြောက်ခြားစရာ ဖြစ်နေပြန်သည်။ ဖိုခနောက်အဖြစ် လုပ်ထားသော လူသေဦးခေါင်း ခွံနားသို့ ရောက်သောအခါ ပါးစပ်မှ “သေပြီ” ဟူသော စကားလုံးကို ထပ်မံအန်ချရင်း ယူလာသော ဆန်တစ်ကွမ်းစားကို ဆေးကြောနေသည်။
 

    ထိုစဉ်ကာလ၀ယ် အမေအို၏ နောက်ကျောဘက်မှ အသံချိုးချိုးခြောက်ခြောက်ပေါ်လာ၏။ အမေအိုသည် နှုတ်မဆက်ဘာမဆက် ရုတ်တရက် တမလွန်ခရီးထွက်သွားခဲ့သော သူမ၏ ချစ်လင် သက်ထားများ လာရောက်အသံပေးလေသလားဟု တွေးမိ၏။ သို့တည်းမဟုတ် လွန်ခဲ့သော သက္ကရာဇ်များစွာက မိုးညတစ်ညမှာ ရှေ့ဆင့်နောက်ဆင့် ထွက်ခွါတိမ်းပါးခဲ့လေသော မိခင်ဖခင်တို့ကများ အရိပ်ပြခဲ့လေသလားဟု ထင်မှားမိ၏။ အမေအိုသည် အသံဗလံတို့ကို အသေအချာ နားစိုက်ထောင်မိသည်။ 

    ဘာသံပါလိမ့်။ ဒီလို ညအချိန်မတော်မှာ ဘယ်သူကများ သုသာန်ထဲသို့ ၀င်လာရပါသနည်း။ ယခုကြားရသောအသံသည် သစ်ရွက်တို့ကို လေတိုက်ခပ်သောကြောင့် ထွက်လာသောအသံမဟုတ်။ နာနာဘာဝတို့၏ မြူးတူးငြီးငြူသော အသံလည်းမဟုတ်။ သက်ရှိသတ္တ၀ါတစ်စုံတစ်ယောက်၏ ခြေသံဖြစ်၏။ လူလော။ တိရိစ္ဆာန်လော။ မည်သူ၏ ခြေသံနည်း။ စင်စစ်ကား ခြေသံပိုင်ရှင်မှာ တည်ငြိမ်အေးချမ်းသော ပုဏ္ဏားတစ်ယောက်ဖြစ်၏။ သိကြားမင်းက အမေအိုထံ ပုဏ္ဏားယောင် ဖန်ဆင်းကာ လာခဲ့ခြင်းဖြစ်၏။ အမေအိုခမျာသည် သိကြားမင်းက ပုဏ္ဏားယောင်ဖန်ဆင်းကြောင်းကို မသိရှာ။ လူစိမ်းသူစိမ်းတစ်ယောက် ဟုသာ ထင်မိသည်။ အမေအိုသည် ပုဏ္ဏားကိုကြည့်ကာ “သေပြီ”ဟု ထပ်မံရေရွတ်လိုက်ပြန်၏။
 

     သိကြားမင်းသည် အမေအိုကို ကြည့်ကာ “အမယ်အို ကစ္စာနိ၊ လူသေတို့ရွာ ဟော့ဒီလို အမင်္ဂလာသုသာန်ထဲမှာ ဘယ်သူမှ တကူးတက လာပြီး ထမင်းချက်မစားဘူး။ သင်ကား အဖြူရောင်အ၀တ်အစား စိုစွတ်ဆံပင်ဖိုးရိုးဖားလျားနှင့်။ လူသေဦးခေါင်းဖိုခနောက်ပေါ်မှာ နှမ်းစေ့များ ဆန်စေ့များထဲ့ထားသော ထမင်းအိုးတည်လျက်။ ယခုသင်ချက်နေသော နှမ်းထမင်းကို ဘယ်သူအတွက် ဘာရည်ရွယ်ချက်နှင့် ချက်နေရပါသနည်း” ဟု မေး၏။
 

     အမေအိုသည် ဘွင်းဘွင်းသမား ရိုးသားသော သာမန်လူသားတစ်ဦးဖြစ်ဟန်တူသည်။ အမေအိုက သိကြားမင်းကို “ဒီနှမ်းထမင်းကို စားဖို့ ငါချက်နေတာ မဟုတ်ဘူး။ လောကမှာ “တရားသေ” လို့ သက်ပျောက်ဆွမ်းသွပ်ဖို့အတွက် အခုလို သုသာန်အလယ်မှာ ငါ နှမ်းထမင်း ချက်နေတာ”ဟု ပြန်ပြောလေ၏။
 
     သိကြားမင်းက “အမယ်အို ကစ္စာနိ၊ အလုပ်လုပ်ရင် စဉ်းစားဆင်ခြင်လုပ်ပါ။ တရားသေကြောင်း ဘယ်သူက သင့်ကို ပြောခဲ့သနည်း။ တန်ခိုးများမြောင် မျက်လုံးတစ်ထောင်ရှိတဲ့ တရားဆိုတာ ဘယ်တော့မှ မသေဘူး” ဟု ပြောပြန်၏။ (သိကြားမင်းက သူ့ကိုယ်သူ တရားဟူ၍ တင်စားကာပြောခဲ့ခြင်း ဖြစ်၏)။
     
     “သိကြားမင်း၊ တရားသေပြီဆိုတဲ့အကြောင်း ငါ့မှာ သက်သေအထောက်အထားအများကြီးရှိတယ်။ တရားသေပြီဆိုတာ ငါ့မှာ ယုံမှားသံသယမရှိဘူး။ ဟုတ်တယ်လေ။ သင့်မျက်လုံးတွေနဲ့ လောကကြီးရဲ့ ဖြစ်ပျက်နေပုံတွေကို ကြည့်လိုက်စမ်းပါ။ အခုအခါမှာ တကယ့်လူယုတ်မာတွေဟာ တကယ်ပဲ ကြီးပွားချမ်းသာနေကြပါတယ်။ လူကောင်းသူကောင်းတွေဟာ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တကယ်လို့ တရားမသေဘူးဆိုရင် လူသူတော်ကောင်းတွေ ချမ်းသာပြီးတော့ လူယုတ်မာတွေ ပျက်စီးဆုံးရှုံးကြရမှာမို့လား”။
 

      “ဒီမယ် သိကြားမင်း၊ ငါ့သားနဲ့ ငါ့ချွေးမက ငါ့ကို မိန်းမယုတ်ကြီးဆိုပြီး ရိုက်ပုတ်နှင်ထုတ်လို့ ငါဟာ သူတစ်ပါးအိမ်မှာ အိုကြီးအိုမနဲ့ နေ့ရက်ဆိုးတွေ ဖြတ်သန်းခဲ့ရတယ်။ တကယ်ဆိုရင် ငါ့ချွေးမဟာ အမြုံမ၊ သားမဲ့မိခင်။ အခုလေ သူက ငါ့ကို သတ်ပြီးတော့မှ ကလေးမွေးသတဲ့တော်ရေ…။ အခုတော့ သားမဲ့မိခင် ငါ့ချွေးမဟာ ယောက္ခမဖြစ်တဲ့ ငါ့ကို နှင်ထုတ်ပြီးတော့ သားတစ်ယောက်မွေးတယ်ဆိုပြီး အရပ်တကာကို လိုက်ပြောနေသတဲ့။ ဂုဏ်ယူနေသတဲ့။ ၀င့်ကြွားနေသတဲ့။ ငါ့ချွေးမဟာ ငါ့နဲ့ ငါ့ယောက်ျား မောင်တစ်ထမ်း မယ်တစ်ရွက် ကြမ်းတမ်းတဲ့ တောင်ကုန်းတွေပေါ်အထိတက်ပြီး ကြက်လင်မယားလို ရှာဖွေလို့ရခဲ့သမျှ စည်းစိမ်ချမ်းသာတွေရဲ့ သခင်မဖြစ်သွားပြီ။ ငါ အမယ်အိုတစ်ယောက်မှာတော့ အမှိုက်တစလို စွန့်ပစ်ခံရပြီကော”။
 

     ထိုအခါ သိကြားမင်းက “တရားဆိုတဲ့ ငါသိကြားဟာ အသက်ရှင်နေတယ်။ ငါဟာ မသေသေးဘူး။ သင့်ကို ရိုက်နှက်နှင်ထုတ်ခဲ့တဲ့ ချွေးမယုတ်ကို သူ့သားလေးပါ သတ်ပြီး ပြာချပစ်မယ်” လို့ ပြောပြန်လေသည်။
 
      သိကြားမင်း၏ ချွေးမနှင့် မြေးကလေးကို သတ်မည်ဆိုသော ဤစကားကို ကြားရသောအခါ အမေအိုခမျာ ရင်တုန်ပန်းတုန် ဖြစ်သွားရှာသည်။ တစ်ခါမျှ မကြောက်စဖူး ကြောက်ရွံ့သွားရှာသည်။ ချွေးမ အတွက်မဟုတ်။ မြေးကလေးအတွက်ဖြစ်၏။ ဤမြေးကလေးမှာ တစ်ဦးတည်းသောသားက မွေးခဲ့သော တစ်ယောက်တည်းသော မြေးကလေးဖြစ်၏။ သူ့မျိုးရိုးသစ်ပင်၏ ရှားရှားပါးပါး တစ်လုံးတည်းသော မျိုးဆက်အသီးကလေးဖြစ်၏။ ဤ မြေးကလေးကို သူမြင်ခွင့်မရသေး။ ပွေ့ချီထွေးပိုက်ခွင့်မရသေး။ နမ်းရှုပ်ကျီစယ်ခွင့်မရသေး။ ဒီသိကြားမင်းဆိုသူက ဒီမြေးလေးပါ သတ်မည်တဲ့။ အမေအိုခမျာ ရင်ထိတ်ခဲ့ရရှာပြီ။ အသတ်မခံနိုင်။ ဒီမြေးကလေးကို အသေမခံနိုင်။ ထိုအတွက် အမေအိုတစ်ယောက် သိကြားမင်းကို တောင်းပန်ရပြန်ချေပြီ။ အမေအိုသည် ဘ၀တစ်လျောက်လုံး ကိုယ့်မြေ ကိုယ့်ရေပေါ်တွင် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ်ထူကိုယ်ထ နေခဲ့၏။ ဘီလူးစည်း လူ့စည်းထားခဲ့၏။ အမှားအယွင်း နည်းအောင် နေထိုင်ခဲ့သလို အမှန်တရားအတွက်လည်း တတ်အားသမျှ သူပါဝင်ဆောင်ရွက် ခဲ့သည်ချည်းဖြစ်၏။ သူ့မြေကို မကျူးကျော်သလို ကိုယ့်မြေကို နယ်ကျွံလာလျှင်လည်း ကျားသစ်မ တစ်ကောင်အလား ခုခံကာကွယ်ခဲ့လေ၏။ အမေအိုသည် တောင်းပန်ခယခြင်းထက် ရင်ဆိုင်ဖြေရှင်း တွေ့ဆုံဆွေးနွေးခြင်းသာ များပြားခဲ့၏။ ယခုသော်ကား ချစ်ခွင့် မရသေးသော မြေးလေးအတွက် သိကြားမင်းထံ အသနားခံရချေပြီ။
 

     “အမလေး…မသတ်ပါနဲ့ အရှင်သိကြားမင်းရယ်။ သင်ဟာ ငါ့ကောင်းကျိုးအတွက် လာခဲ့တယ်လို့ ပြောခဲ့တယ်နော်။ ငါ့သား၊ ငါ့ချွေးမနဲ့ ငါ့မြေးကလေးဟာ မလိမ်မိုးမလိမ္မာ အမိုက်အမဲလေးတွေပါကွယ်။ သူတို့ကို ခွင့်လွှတ်လိုက်ပါတော့။ အခုအချိန်မှာ ငါအဖြစ်ချင်ဆုံးအရာက ငါ့သား၊ ငါ့ချွေးမ၊ ငါ့မြေးကလေးနဲ့ တစ်အိမ်ထဲမှာ အတူတူနေထိုင်ရင်း ငါ့ဘ၀ဆည်းဆာကို ဖြတ်သန်းချင်တာပါပဲ။ ငါ့သားမရှိရင် ငါ့ဘဝမရှိသလို ငါ မြင်ခွင့်မရသေးတဲ့ ငါ့မြေးပူတူတူးလေးမရှိရင်လည်း ငါအဖြစ်ဟာ ရှင်လျက်နဲ့ သေတာပဲပေါ့”။
 

      “ကောင်းပါလေ့ အမေအိုရယ်။ တော်ပါပေ့။ “ဟတာပိ သန္တာ န ဇဟာသိ ဓမ္မံ-- သူတော်ကောင်းတွေဟာ အသတ်ခံရမယ်ဆိုရင်တောင် အမှန်တရားကို မစွန့်လွှတ်ကြဘူး။ အမှန်တရားကို အသက်ထက် ပိုမိုဖက်တွယ်ထားကြတယ်တဲ့”။ သင်ကော သင့်သား သင့်ချွေးမ သင့်မြေးကလေးကော တစ်အိမ်ထဲနေ တစ်အိုးတည်းစားပြီး ခက်ခဲတဲ့ ဘ၀ရဲ့နေ့ရက်တွေကို အတူတူဖြတ်ကျော်နိုင်ပါစေဗျာ”။
 

    သိကြားမင်း၏ တန်ခိုးကြောင့် သားနှင့်ချွေးမတို့က အမေအို၏ ကြီးမားသော မေတ္တာတရားကို သတိရခဲ့ကြသလို အမေအိုကို လိုက်ရှာခဲ့ကြသည်။ သုသာန်ထဲမှ အမေအိုကို ထူမတွဲယူကာ အိမ်သို့ ခေါ်ဆောင်ခဲ့ကြသည်။ အမေအိုသည် လောက၏မာယာနှင့် လူသားတို့၏ အမှားအဖြာဖြာကို သည်းခံခွင့်လွှတ်ခဲ့သည်။ အခြားတစ်ဖက်မှလည်း အမေအိုသည် မကောင်းမှုဒုစရိတ်နှင့် စာရိတ္တခြစားမှုတို့ကို တံတွေးနှင့် ပစ်ခနဲ ထွေးတတ်သူဖြစ်၏။ ပီဘိတိတ်ဆိတ်မှုဖြင့် အိမ်နံရံကို မှီကာထိုင်နေရင်း လွန်လွန်ကျူးကျူး ရှိုးထုတ်ဝတ်ဆင်ပြီး မြင်မြင်တကာ အထင်သေးအနိုင်ကျင့်တတ်သူများကို စူးစူးဝါးဝါး ကြည့်နေကောင်း ကြည့်နေပေမည်။ လူ့အဖွဲ့အစည်း၏ နှလုံးသားကင်းမဲ့သော လုပ်ရပ်များကို စက်ဆုပ်ရွံရှာ ဆန့်ကျင်ကောင်း ဆန့်ကျင့်ပေမည်။ သတ်ဖြတ်ခြင်း လုယက်ခိုးယူခြင်း ကာမလွန်ကျူးခြင်း လိမ်ညာကတိပျက်ခြင်း သောက်စားရမ်းကားခြင်း အစရှိသော မတရားမှုများ၏ သေဆုံးချိန်ကို စောင့်ကြည့်ကောင်း စောင့်ကြည့်နေပေမည်။ အမေအိုတို့ကဲ့သို့သော လူကောင်းသူကောင်းများရှိနေသရွေ့ အမှန်တရားသည် ဤကမ္ဘာမြေပြင်မှာ ဘယ်တော့မှ မသေဆုံး မပျောက်ကွယ်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ မေတ္တာတရားတည်းဟူသော သူတော်ကောင်းတရားကို အသက်တမျှ မြတ်နိုးကိုးစားသော အမေအို၏ မရဏအိပ်ရာသည် ယခုအခါ သန့်ပြန့် နွေးထွေးမှုများ လျှံကျနေပေတော့မည်။ တစ်သက်လုံးလိပ်ပြာသန့်ခဲ့သော အမေအို၏ ညနေဆည်းဆာများသည် ထာဝရအေးချမ်းလုံခြုံတော့မည် ဖြစ်သည်။
 

                                                                 နိုဝင်ဘာ (တန့်ဆည် )
                                                                    ( 7/ 6/ 2012 )

No comments:

Post a Comment