ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

17/10/2014

ထိုင်းမှတ်တမ်း

1. စီးဆင်း ရင်ခွင် | 10/17/2014 | 2. 3. 4. 5. 6. Best Blogger Tips
                မှတ်တမ်းဆိုတာ မှတ်မှ တမ်းတာကွဲ့ ဟု၎င်း၊ မှတ်တမ်းဆိုတာ တမ်းပြီး မှတ်ရတာ ရမ်းမှတ်လို့ မရဘူး ဟု၎င်း ဆရာ့ဆရာကြီးများ၏ စကားတို့ကို မှတ်ခဲ့ဘူးသည်။ ကျွန်ုပ်မှာ တမ်းပြီး မမှတ်ခဲ့ မိသဖြင့် ပျက်ခဲ့ရသည့် မှတ်တမ်းတွေ များခဲ့ပြီ။ လွန်ခဲ့သည် နှစ်က သီရိလင်္ကာသို့ နှစ်ပတ်ကြာ ဘုရားဖူးသွားခဲ့သည်။ ခရီးစဉ်အတွင်း ဘုရားဖူးပြီးမှ မှတ်တမ်းကို တ၀ကြီး ထိုင်ရေးမည်ဟု အားခဲခဲ့၏။ ခရီးစဉ်အပြီး ကီးဘုတ်ကိုကိုင်၍ မှတ်တမ်း ရေးလေသောအခါ ရောက်ခဲ့ ဖူးခဲ့သည့်နေရာများက ၀ိုးတိုးဝါးတား၊ မကွဲမပြား။ တိကျ သေချာစွာ မှတ်မိသောနေရာက အနည်းငယ်မျှသာ ပေါ်တော့၏။ ထိုကြောင့် မှတ်တမ်းဆက်မရေးဖြစ်တော့။ မှတ်တမ်းကောင်းတစ်ခု မမှတ်နိုင်ခဲ့သဖြင့် နှမြောတသ ဖြစ်ခဲ့ရ၏။  


         လွန်ခဲ့သည့် တစ်လကျော်က ထိုင်း၊ လာအို၊ ကမ္ဘောဒီယား သုံးနိုင်ငံသို့ ခရီး ထွတ်ခဲ့ သည်။ ရောက်ခဲ့သည့် နေရာများကို စိတ်ဖြင့် မှတ်ခဲ့သော်လည်း မှတ်တမ်းမရေးဖြစ်ခဲ့။ ယခုမှသာ မရေးဖြစ်မှာ စိုးရိမ်သဖြင့် ချရေးဖြစ်သည်။ တစ်လကြာခဲ့ပြီမို့ မပြည့်စုံမှာတော့ သေချာနေ၏။ ထိုင်းကို သွားရောက်လည်ပတ်ရန် ယခင်နှစ်ကတဲက ထိုင်း၊ မဟာချူလာလောင်ကွန်တက္က သိုလ်တွင် ပညာသင်ကြားနေသော ညီမောင် သြသဓနှင့် တိုင်ပင်ကာ စီစဉ်ခဲ့၏။ သို့သော် အလုပ်များ ရှုပ်ကာ အခွင့်အရေးမပေးသဖြင့် မသွားဖြစ်ခဲ့။ 

           ယခုနှစ်တော့ မြန်မာပြည်အပြန် ထိုင်းဖက်မှ ပတ်ပြန်ရန် စီစဉ်ခဲ့၏။ ခရီးစဉ်အတွက် ကြိုတင်ကာ နယူးဒေလီ-ဗန်ကောက် အင်ဒီဂို လေကြောင်းလိုင်း လက်မှတ်ကို ၀ယ်ဖြစ်ခဲ့၏။ လက်မှတ်ဝယ်ပြီးနောက် နယူးဒေလီသို့ သွားကာ ထိုင်းဗီဇာကိစ္စ ပြုလုပ်သည်။ ထိုင်းဗီဇာမှာ သံရုံးသို့ တိုက်ရိုက်မသွားရဘဲ မြို့ထဲရှိ တာဝါတစ်ခုတွင် ဖွင့်လှစ်ထားသော ထိုင်းဗီဇာရုံးသို့ သွားရသည်။ ထိုင်းစပွန်ဆာကို မန္တလေး၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် (၇)နှစ်ကြာ ပညာသင်ကြားခဲ့ဘူးသော ထိုင်းရဟန်းတော် ဥူးဝီရိယဓရက ကူညီသည်။ 

          ပထမတစ်ရက် ဗီဇာ လျှောက်သောအခါ အချက်အလက် မပြည့်စုံ၊ စပွန်ဆာပေးသောသူ၏ သာသနာဝင်ကတ် မိတ္တူ နှင့် မိမိ၏ ဘဏ်အကောင့်တွင် ဒေါ်လာ(၇၀၀) နှင့်ညီမျှသော ရူပီးရှိသည့် ဘဏ်စတိတ်မန့် စာရွက်ပါ ပူးတွဲတင်မှ ဗီဇာရမည်ဟု ပြောပြီး ပယ်ချလေ၏။ ထိုကြောင့် မိမိဘဏ်အကောင့်တွင် ဒေါ်လာ(၇၀၀) နှင့် ညီမျှသော ရူပီးမပြည့်သဖြင့် နယူးဒေလီတက္ကသိုလ်တွင် ကျမ်းပြုနေသော နောင်တော်ဥူးဝိဇယာ ဘိဝံသနှင့် တိုင်ပင်ကာ ဖြည့်ရလေ၏။ ထို့နောက် ဘဏ်အကောင့်စတိက်မန့်ကို ဘဏ်မှ ထုတ်ယူပြီး စပွန်ဆာပေးသော ထိုင်းရဟန်းတော်၏ သာသနာဝင်ကတ်မိတ္တူကို အင်တာနက်မှ ထုတ်ယူရသည်။ အချက်အလက် အပြည့်အစုံဖြင့် နောက်ရက် သွားတင်သောအခါမှ ဗီဇာကိစ္စ အဆင်ပြေသည်။ ဗီဇာကြေးမှာ ရူပီး နှစ်ထောင်ဖြစ်ပြီး ရွေးခအဖြစ် ရူပီး သုံးရာ့ငါးဆယ် ကုန်ကျသည်။ တင်ပြီး သုံးရက်အကြာမှ ဗီဇာရသည်။ 

       သို့ဖြင့် ၂၀၁၄-ခု ဇွန်လ ၇-ရက်နေ့ နံနက်စောစောတွင် ဂေါတမ် ဗုဒ္ဓတက္ကသိုလ် မှ ဒေလီ နိုင်ငံတကာလေဆိပ်သို့ သွားခဲ့သည်။ လေဆိပ်သို့ ဂေါတမ် ဗုဒ္ဓတက္ကသိုလ်တွင် ပညာဆည်းပူ နေကြသော အရှင်စန္ဒိမာနှင့် အရှင်သဇ္ဇနတို့က လိုက်ပို့ကြသည်။ အိန္ဒိယစံတော်ချိန် နံနက် (၅)နာရီ (၃၅)မိနစ်တွင် ဒေလီမှ လေယာဉ်စတင်ထွတ်ခွါပြီး ဗန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ထိုင်းစံတော် ချိန် နံနက် (၁၁)နာရီ မိနစ် (၂၀) အချိန်တွင် ရောက်ရှိသည်။ လေဆိပ်တွင် ညီမောင်သြသဓက အသင့်ကြိုစောင့်နေ၏။ အိန္ဒိယ၏ ရာသီဥတုမှာ အဆမတန် ပူပြင်းနေသော်လည်း ဗန်ကောက်မှာကား မိုးအုံ့အုံ့မို့ သိပ်မပူလှပေ။ နေသာသဖြင့် ရာသီဥတုကောင်းကြောင်း ညီမောင်ကို ပြောပြရာ ဗန်ကောက်မှာလည်း အရင်ရက်များက အလွန်ပင် ပူပြင်းလှကြောင်း ပြောပြလေ၏။ တည်းခိုရာ ၀ပ်တလုံးကျောင်းသို့ ရောက်သောအခါ နေ့ဆွမ်းစားပြီးနောက် ကျိန်းစက် အနားယူဖြစ်၏။ ဒေလီမှာ ကတဲက အိပ်ေ၇းပျက်ခဲ့သမို့ ထိုနေ့တွင် လုံလောက်စွာ အနားယူဖြစ်ခဲ့၏။

                ညနေခင်းတွင် ညီမောင်နှင့် အရှင်သုဝဏ္ဏတို့ လိုက်ပို့ကြသဖြင့် The Mall Bangkel Market သို့ သွားဖြစ်သည်။ ထွေထွေထူးထူး ဘာမှ မ၀ယ်ဖြစ်ခဲ့သော်လည်း ဈေး၏ ကြီးကျယ်မှု၊ လှပခန့်ငြားမှုတို့ကို လေ့လာ ခွင့်ရခဲ့သည်။ ဈေး၏ အလယ်တည့်တည့်တွင် အလှပန်း သစ်ပင်တို့ဖြင့် ခြံရံပုံဖော်လျက် အထက်ဆုံးထပ်မှ အောက်ဆုံးထပ် အထိ စီးဆင်းနေသော ရေတံခွန်ကား ပို၍ လှ၏။ 

       ဇွန်လ ၈-ရက်နေ့ကား တနင်္ဂနွေ အလုပ်ပိတ်ရက်ဖြစ်ရက်ဖြစ်၍ ထိုင်းတွင် အလုပ်လုပ်နေ ကြသော မြန်မာလူမျိုးများက မြန်မာသံဃာများ သီတင်းသုံးရာ ၀ပ်တလုံးကျောင်းသို့ ရောက်လာ  ကြ၏။ ကျောင်းတွင် တတ်စွမ်းသမျှ လှူဒါန်းကြကာ အေးဆေးစွာ အနားယူကြပြီး ပြန်လေ့ရှိသည်ဟု သိရသည်။ ထိုနေ့တွင် ညီမောင်၏ နှိုးဆော်မှုဖြင့် ကလေးသူ/ကလေးသား အချို့ လာရောက် နှုတ်ဆက်ကြကာ န၀ကမ္မ လှူဒါန်းကြ၏။ ဆွမ်းစားပြီးနောက် မမာမာဝင်းတို့ သူငယ်ချင်းသုံးဦး၏ ယာဉ်ဒါန လှူဒါန်းမှုဖြင့် မြဘုရားသို့ သွားရောက်ကာ ဖူးမျှော်ကြသည်။ သူတို့လဲ အတူလိုက်ပါကြ၏။ 

         ညီမောင်သြသဓက သိသမျှ ဘုရားသမိုင်းကို ရှင်းပြပေးပြီး အမှတ်တရ ဓာတ်ပုံလည်း ရိုက်ဖြစ်ခဲ့သည်။ ဗန်ကောက်၊ မြဘုရားဟု နာမည်ကြီးလှသော်လည်း ထင်သလောက် မကြီးကျယ်ဟု ခံစားမိသည်။ မြဘုရားဝင်းအတွင်း သုံးထပ်ဆောင်ကြီးကတော့ မြက်ခင်းပြင်၊ အလှပန်းအုပ်တို့ဖြင့် ကြီးကျယ်သည်။ ခန့်နားသည်။ လှပသည်။ အစောင့်တာဝန်ကျသူတို့၏ စစ်ဟန် စစ်သံတို့ဖြင့် တာဝန်ကူးပြောင်းဟန်မှာ လည်း စိတ်ဝင်စားစရာ ကောင်းသည်။ ဘုရားဝင်းအတွင်း စုံလင်အောင် လှည့်လည်ပြီးနောက် သူတို့ သုံးဦးကို အိပ်ပြန်စေကာ မိမိနှင့် ညီမောင်တို့က ထိုင်းရဟန်းတော် ဥူးဝီရိယဓရ၏ ကျောင်းသို့ သွားရောက်လည်ပတ်ကြသည်။ သူ့ကျောင်းဝင်း အတွင်းသို့ ၀င်ရောက်သောအခါ ဧည့်သည်ရဟန်း ရှင်လူများ အသီးသီး ပြန်ထွတ်လာသည်ကို တွေ့ရသည်။ စာအောင်ပုဂ္ဂိုလ်များကို လက်မှတ်ကပ်ပွဲဟု သိရသည်။ 

       သူ့အဆောင်ရောက်တော့ စာပေစိတ် ထက်သန်သော ထိုင်းရဟန်းတော်က ဖန်သား ပြင်ကျယ် ကွန်ပျူတာကြီးတစ်လုံးဖြင့် အလုပ်များ နေလေ၏။ တိပိဋက အဘိဓာန် မြန်မာကျမ်းစာကို ထိုင်းဘာသာဖြင့် ဘာသာပြန်ကျမ်းပြုစုနေခြင်းဟု သိရ၏။ ထိုင်းရဟန်းတော်၊ ထိုကျောင်းတွင် သီတင်းသုံးနေသော မြန်မာ ရဟန်းတော် ဥူးဇုတိန္ဓရတို့နှင့် စကားအတန်ကြာ ပြောဖြစ်သည်။ ထို့နောက် ကျောင်းဝင်းအတွင်း တည်ရှိသည့် သပ္ပါယ် မြင့်မားလှသော စေတီတော်ကြီး နှင့် ဓမ္မာရုံ ကျောင်းဆောင်တို့ကို လေ့လာ ခွင့်ရခဲ့သည်။ ဒုတိယ သာသနာပိုင်ဆရာတော်၏ ကျောင်းဖြစ်၍ စေတီ၊ ကျောင်းဆောင်၊ ကျောင်းဝင်းတို့မှာ ခန့်နားသေသပ်ပေသည်။ ညပိုင်းမှ ၀တ်တလုံးကျောင်းသို့ ပြန်ရောက်၏။ 

(ဆက်လက်တင်ပြပါမည်)
သိမ်မွေ့ဦး (BHU)

No comments:

Post a Comment