ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

03/01/2015

ထိုင်းမှတ်တမ်း (၂)

1. စီးဆင်း ရင်ခွင် | 1/03/2015 | 2. 3. 4. 5. 6. Best Blogger Tips
                        ဇွန်လ (၉)ရက်နေ့တွင် လာအိုနိုင်ငံသို့ ခရီးဆက်သည်။ မဟာချူလာလောင်ကွန်တွင် BA တက်နေသော အရှင်သုဝဏ္ဏ(ယော)က မိမိ၏ ခရီးစဉ်အတွင်း လိုအပ်ရာရာ သုံးစွဲရန် ဘတ် (၁၅၀၀) လှူဒါန်း၏။ နေ့ခင်းပိုင်းတွင် ညီမောင်သြသဓက Morsith (Chatuchak) အမည်ရသော ဗန်ကောက် ပြည်တွင်း အဝေးပြေးဘတ်စ်ကားဂိတ်သို့ လိုက်ပို့သည်။ ထိုင်းနိုင်ငံအတွင်း သွားလိုသည့်မြို့တိုင်းသို့ ဤနေရာမှ လွယ်ကူစွာ သွားရောက်နိုင်သည်။ ကားဝင်းမှာ ကျယ်ဝန်းပြီး သေသပ်မှုရှိသည်။ သို့သော် နာမည်များကို ထိုင်းဘာသာဖြင့်သာ ရေးထားကြသဖြင့် ထိုင်းဘာသာမတတ်လျင် လက်မှတ် ဖြတ်ရန်ပင် ခက်ခဲ၏။


     လာအို၊ထိုင်း နယ်စပ်မြို့လေးဖြစ်သည့် NONGKHAI မြို့သို့ သွားရန် ကားလက်မှတ်ကို အငှားကားဆရာက လိုက်ပါကာ ဖြတ်ပေးသဖြင့် အဆင်ပြေသည်။ VIP နှစ်ထပ် ကားဖြစ်ပြီး ကားအတွင်း မွှေးကြိုင်သန့်ပြန့်မှုရှိသည်။ ထိုင်ခုံတို့မှာ သက်တောင့်သက်သာ ရှိသည်။ အဲယာကွန်း အအေးများပါက အသင့်ခြုံရန် ပေးထားသော ခြုံထည်တို့မှာ ကောင်းမွန်သန့်ရှင်းသည်။ ခရီးသည်များ အတွက် ညစာထမင်းနှင့်မုန့်တို့ကိုလည်း ဝေငှသည်။ ကားအောက်ထပ်တွင် အိမ်သာ တစ်လုံး ပါရှိ၏။ လက်မှတ်ခအတွက် ဘတ် (၃၆၀) ကုန်ကျ၏။ ကားထွတ်ချိန် စောင့်နေရင်း အပေါ့စွန်ချင်သဖြင့် အိမ်သာနေရာကို အင်္ဂလိပ်လို မေးရင်း လိုက်ရှာခဲ့၏ ။ ထိုင်းလူမျိုး လူကြီး၊ လူငယ် (၅) ယောက်တို့ကို မေးမိသည်။ မည်သူမျှ နားမလည်ကြပေ။ နောက်တော့ ညီမောင်က အိမ်သာအသုံးအနှုန်း ထိုင်းဘာသာကို သတိရပြီးမေးမှ အဆင်ပြေတော့၏။ အိမ်သာကို ထိုင်းဘာသာ ဖြင့် သုခ(ဆုခ) ဟူလေ၏။ သုခဟူသော ပါဠိ၏ အနက်မှာ ချမ်းသာခြင်း ဖြစ်၍ ထိုင်းဘာသာဖြင့် အိမ်သာကို သုခဟု ခေါ်ခြင်းမှာလည်း အနွတ္ထအမည် သင့်ပါပေ၏။ 

        လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် သုံးရက်နေဖြစ်ခဲ့သည်။ ယင်းခရီးစဉ်ကို သီးသန့် မှတ်တမ်းပြုပါမည်။ ဇွန်လ(၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်ခဲ့သည်။ အပြန်ကို လာအိုသူငယ်ချင်းရဟန်းတော်၏ ရဟန်းဒါယိကာမကြီးက သူ၏ကားဖြင့် Udon thani မြို့အထိ လိုက်ပို့၏။ ယင်းမြို့တွင် အဆင်မြင့် ဗန်ကောက်ဆေးရုံ၊ အဆင့်မြင့် ဈေးကြီး လေးခုတို့ ရှိပြီး သန့်ရှင်း၏။ အချိန်ရသဖြင့် Big C Mall အမည်ရှိ ဈေးကြီးသို့ဝင်ကာ လေ့လာဖြစ်သည်။ လာအို သူငယ်ချင်းက ဗုဒ္ဓဂယာရှိ လာအိုကျောင်း အတွက် ကျောင်းတံဆိပ်လိုဂို ပြုလုပ်သည်။ ဈေးအတွင်း လှည့်ပတ်ကာ အချိန်အတော်ကြာ ကြည့်ဖြစ်သော်လည်း အထွေအထူး မ၀ယ်ဖြစ်ခဲ့ပေ။ ယင်းနောက် ဥဒေါင်းဌာနီ တစ်မြို့လုံးကို ကားဖြင့်ပတ်ကာ လေ့လာဖြစ်သည်။ Makro ဟူသော ဈေးကြီးကိုလည်း ၀င်ဖြစ်ခဲ့၏။ 

        ညနေ ၅-နာရီ ၁၅ မိနစ် VIP နှစ်ထပ်ကားကြီးဖြင့် ဗန်ကောက်သို့ ပြန်ဖြစ်ခဲ့၏။ ကားမှာ ခုံတိုင်းတွင် တီဗွီတစ်လုံးစီဖြင့် ပို၍ အဆင့်မြင့် ကောင်းမွန်သကဲ့သို့ ကားခမှာ ဘတ် (၄၆၇) ဘတ်ပေးရသည်။ ည ၁-နာရီခွဲတွင် ဗန်ကောက်သို့ ပြန်ရောက်သည်။ တက္ကစီးသမားအများစုမှာ အင်္ဂလိပ်စကား နားမလည်ကြသဖြင့် ကားငှားရန် အခက်အခဲဖြစ်ရ၏။ ညီမောင် သြသဓထံ ဖုန်းခေါ်ပြီး ပြောခိုင်းရ၏။ သူက ဘရာဇီး၊ ကမ္ဘာ့ဖလားဖွင့်ပွဲ ကြည့်ရန် စောင့်နေသည်မို့ တော်သေး၏။ နို့မဟုတ်က အိပ်ရာနိုးပြီး ဒုက္ခပေးရတော့မည်။

       ဇွန်လ (၁၃)ရက်နေ့ တစ်ရက်လုံး သင်္ကန်းများလျှော်ဖွတ်ပြီး အနားယူဖြစ်သည်။ ဇွန်လ (၁၄)ရက်နေ့တွင် ပင်လယ်ကမ်းခြေမြို့ ပတ္တယားသို့ ခရီးဆက်သည်။ ယင်းခရီးစဉ်ကို ဗန်ကောက်တွင် နေထိုင်ကြသော ကလေးမြို့မှ ဒေါ်မာလာ၊ ဒေါ်ရှီလာဟူသော ညီမနှစ်ယောက်တို့နှင့် မိုးကုတ်မှ ဒေါ်မျိုးတို့က လိုက်ပါပို့ဆောင်ကာ ကုသိုလ်ယူကြသည်။ မိမိနှင့်အတူ အရှင်သုဝဏ္ဏ၊ အရှင်သြသဓ၊ အရှင်ဇ၀နတိက္ခ၊ အရှင်ဇောတိကတို့လည်း လိုက်ပါကြသည်။ ပတ္တယားမြို့အနီး Sriracha Tiger Zoo ကို ဦးစွာ ၀င်ရောက်လေ့လာကြသည်။ ၀င်ကြေးမှာ ဘတ်(၄၀၀)ဖြစ်၍ များလွန်းသည်။ ယင်းဥယျာဉ်တွင် အတောင် ဖြန့်ကျက်ကာ ကခုန်နေဟန် ထုဆစ်ထားသော ဒေါင်း၊ လိပ်ပြာ စသည်တို့ကို ရောင်စုံပန်းပင်မျိုးစုံတို့ဖြင့် ဆန်းကျယ်စွာ ပုံဖော်ထားသည်။ စိမ်းစိုအုန့်မှိုင်းနေသော ပန်းပင်၊ သစ်ပင်မျိုးစုံတို့၏ အကြားတွင် ထုဆစ်ထားသော မိကျောင်းရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ကျားရုပ်ကြီးတို့မှာ ရှုးမငြီးနိုင်အောင်ရှိသည်။ အလှမွေး ငါးကန်၊ ၀က်ပြပွဲ၊ မိကျောင်းပြပွဲ၊ ကျားပြပွဲတို့မှာ တိုးမပေါက်အောင် စည်းကားသည်။ အသဲထိပ်စရာ အကောင်းဆုံးပြပွဲမှာ မိကျောင်းပြပွဲဖြစ်၏။ ရေကန်စပ်၊ ရေထဲတို့တွင် မှိန်းနေကြသော မိကျောင်းတို့ကို နှိုးရသည်မှာ အလှဲလှဲ အပြိုပြိုဖြင့် ခက်ခဲလှသည်။ ယင်းနောက် တီးလုံးနှင့်အညီ မိကျောင်းပါးစပ်ကို ဟကာ လက်သွင်းသော ပြကွက်များ၊ ခေါင်းကို သွင်းသော ပြကွက်များကို ပြသသည်။ မိကျောင်းပါးစပ်အတွင်း လူ၏ဦးခေါင်းသွင်းကာ ပြသနေချိန် မိကျောင်းပါးစပ်ပိတ် လိုက်ပါက အသက်နှင့် ခန္ဓာ အိုးစားကွဲနိုင်သည်။ အသဲငယ်သူ၊ နှလုံးရောဂါ ရှိသူတို့ မကြည့်ရဲသော ပြကွက်ဖြစ်၏။ မိကျောင်းပြပွဲအပြီး ကျားပြပွဲကို ကြည့်ရှု့ကြသည်။ ကျားများကို လိမ်မာရေးခြား ရှိအောင် သင်ကြားပြသပေးထားသဖြင့် ခိုင်းစေသည်အတိုင်း ကြိုးတန်းလျှောက်ခြင်း၊ မီးကွင်းခုံခြင်း၊ ပရိသတ်ကို အရိုအသေပြုခြင်း၊ လူနှင့်အတူ ကခုန်ခြင်းတို့ကို ကျွမ်းကျင်စွာ ပြုလုပ်နိုင်သည်။ Tiger Zoo နာမည်နှင့် ညီအောင်ပင် လှောင်အိမ်အတွင်း ကျားတို့မှာလည်း များပြလှပေ၏။ ယင်းဥယျာဉ် အတွင်းရှိ ဆိုင်တွင် နေ့ဆွမ်းစားဖြစ်သည်။

      နေ့ဆွမ်းစားပြီးနောက် ပတ္တယား၊ NONG NOOCH ဥယျာဉ်သို့ လေ့လာကြသည်။ ဥယျာဉ် အတွင်း ဂိတ်ဝတွင် လူ၏ မျက်နှာမျိုးစုံကို ပုံဖော်ထားသော မြေအိုးများ၊ မြေအိုးခွက်ကလေးများဖြင့် တန်ဆာဆင်ထားသော ဗိတာန်မျက်နှာကျက်များနှင့် အရုပ်မျိုးစုံတို့ကို တွေ့မြင်ရသည်။ ထိုနေရာလေး ၏ မျက်နှာချင်းဆိုင်တွင် ကြီးမားလှသော ရေကန်ကြီးတစ်ကန်ရှိ၏။ ရေကန်ဘေးတို့တွင် အထပ် အဆင့်ဆင့်ရှိ အစိမ်းရောင် ပန်းအုပ်တို့ကို မြင်ကွင်းတစ်ဆုံး စိုက်ပျိုးထားသည်။ ထိုပန်းစိမ်းပင်တို့ဖြင့် ငှက်ရုပ်၊ ဒေါင်းရုပ်၊ စသည့် အနုအရွတို့ကို ပုံဖော်ထားလိုက်သေးသည်။ ဆက်လက်သွားသောအခါ ဖြောင့်တန်းညီညာစွာ စိုက်ပျိုးထားသော အုန်းပင်တန်း၊ စက္ကူပန်းတို့နှင့် အရောင်သွေးစုံ အလှပန်း များစွာ၊ ယင်းတို့အလယ်တွင် ထုဆစ်ထားသော ဆင်ရုပ်၊ မြင်းရုပ်၊ကျားရုပ်၊ သမင်ရုပ်၊ ဗျိုင်းရုပ် စသည်၊ သစ်ပင်မျိုးစုံ၊ အလှမျိုးစုံ။ စိမ်း၊ ညို၊ ဖြူ၊ ၀ါ၊ ပြာ၊ နီ။ ၀န်းကျင်တစ်ခွင်လုံး စာဖွဲ့၍ မမှီအောင် အရောင်အသွေးစုံ လှပလွန်းသဖြင့် အံ့သြဘနန်း ဖြစ်ရ၏။ စိတ်ကြည်နူးရ၏။ မိမိလို ဦးပြည်းကတုံး သည်ပင် ဓာတ်ပုံဖြင့် မှတ်တမ်းတင်ရသည်မှာ မ၀။ ဆယ်ကျော်သက် မိန်းကလေး တို့သာ ဤဥယျာဉ်ထဲ ရောက်လာပါက ဓာတ်ပုံရိုက်လို့ ပြီးနိုင်မည် မထင်ပေ။ ဥယျာဉ်အတွင်း အားရကျေနပ်အောင် လှည့်ကြပြီးနောက် ထိုင်းရိုးရာ ယဉ်ကျေးမှုပြပွဲကို ကြည့်ရှုသည်။ ကပြဖျော်ဖြေသူတို့သည် ထိုင်းရိုးရာ နန်းဝတ်တန်ဆာများ၊ ဆုလစ်မွန်းချွန် အထွဋ် ခေါင်းစွပ်၊ မကိုဋ်များကို ၀တ်ဆင်ထားကြသည်။ ထိုင်းရိုးရာအက၊ လက်ဝှေ့၊ ဓားသိုင်း၊ အယုဒ္ဓယဘုရင် နရဲစွမ် ခေတ်က စစ်ချီ စစ်တိုက်ဟန်၊ ဘုရင်ခစားဟန် ပြကွက်၊ ထိုင်းတိုင်းရင်းသားလူမျိုး သရုပ်ဖော်၊ ထီးကိုဝှေးရမ်းကာ ဖျော်ဖြေသောအက စသည်ဖြင့် စုံလင်လှသည်။ မြန်မာ ချင်းတိုင်းရင်းသားတို့မှ မိတ္တူကူးထားဟန်တူသော ၀ါးညှပ်အကကိုလည်း မြင်တွေ့ရသည်။ မောင်းသံ တတုံတုံ၊ ခြူသံ တချွန်ချွန်ဖြင့် မြည်လာသော ထိုင်းရိုးရာ တီးလုံးသံစဉ်မှာ တရုတ်တီးလုံးနှင့် တူဆင်စွာ နားပျော်ဖွယ် ရှိ၏။ စစ်တိုက်ဟန်ပြကွက်ကို ဆင်အစစ်(၂)ကောင်ဖြင့် အသက်ဝင်အောင် ဖျော်ဖြေ၏။ လာရောက်ကြည့်ရှုသူ ကမ္ဘာလှည့် ခရီးသည်တို့က လက်ခုပ်တဖျောင်းဖျောင်းတီးကာ အားပေးကြပြီး နာရီဝက်အချိန်ကို ခဏသာဟု ထင်ခဲ့ကြရသည်။

        ထိုယဉ်ကျေးမှုဖျော်ဖြေပွဲပြီးနောက် ဆင်တို့၏ ဖျော်ဖြေမှုပွဲသို့ သွားရောက်ကြသည်။ ဆင်ပွဲမစတင်မှီ ကြည့်ရှုလာသူ ပရိသတ်တို့က ဆင်တို့ဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ ဆင်တို့က လူတို့ကို နှာမောင်းဖြင့် ပွေ့ချီပေးခြင်းစသည် ဟန်ပါပါ စတိုင်တို့ဖြင့် ဓာတ်ပုံရိုက်ယူနိုင်သည်။ ဆင်ထိန်းတို့က သေချာစွာ သင်ကြားပေးထားသဖြင့် ဆင်ထိန်းခိုင်းသမျှ သေသပ်စွာ ပြုလုပ်ေ ပးနိုင်သည်။ ဖျော်ဖြည့်သည့် ဆင်အရေအတွက်မှာ အကောင် (၂၀)ခန့် ဖြစ်မည်။ စီတန်းကာ လမ်းလျှောက်ခြင်း၊ ပန်းချီဆွဲခြင်း၊ မြားပေါက်ခြင်း၊ ဘတ်စဘော၊ ဘိုးလင်း ကစားခြင်း၊ စက်ဘီးနင်းခြင်း၊ ဘောလုံးကန်ခြင်း၊ အခွေ ၀င့်ခြင်းဟူသော ဖျော်ဖြေမှု တစ်မျိုးစီဖြင့် မရိုးအောင် ပြသသည်။ ပရိသတ်တို့က လက်ခုတ်တဖျောင်းဖျောင်းဖြင့် ငှက်ပျော်သီးတို့ ကျွေးမွေးကာ ဆုချကြသည်။ ဆင်ပြပွဲပြီးမှ ထိုဥယျာဉ်မှ ထွတ်ခဲ့ကြသည်။ ဥယျာဉ်ဝင်ခနှင့် ဖျော်ဖြေပွဲ ကြည့်ခတို့မှာ တစ်ယောက်လျှင် ဘတ် (၇၀၀) ကုန်ကျ၏။ 

      ထို့နောက် ထိုင်းဘုရင်၏ အိပ်မက်အရ ကျောက်တောင်နံရံပေါ်တွင် ရေးဆွဲ ပူဇော်ထားသော Golden Mountain Pagoda ဗုဒ္ဓရုပ်ပွားတော်မြတ်ကို သွားရောက်ဖူးမျှော်ကြသည်။ ရုပ်ပွားတော်မှာ ကြီးမားသပ္ပါယ်လှပြီး ဘူမိဖဿမုဒြာ ထိုင်တော်မူ ပုံဟန် ဖြစ်၏။ ဘုရားရင်ပြင်တော်ကို မျက်ခင်းပြင် စိမ်းစိမ်းတို့ဖြင့် ကျယ်ဝန်း သေသပ်စွာ တည်ဆောက်ထားသောကြောင့် ဖူးရသည်မှာ ပိုမို စိတ်ကြည်လင်ရသည်။ ဘုရားဖူးအပြီး ပင်လယ်ကမ်းခြေသို့ ထွတ်ကာ လေညှင်းခံကြသည်။ လေညှင်းခံသူ၊ ပင်လယ်ရေလှိုင်းများ တက်ချိန်ဖြစ်၍ လှိုင်းစီးကာ ရေချိုးနေသူတို့ဖြင့်လည်း စည်ကား နေ၏။ ပင်လယ် ကမ်းခြေမို့ ဖြစ်မည်ထင်၏။ အုန်းရေသောက်ရသည်မှာ ချိုမြိန်လှသည်။ လေညှင်းခံပြီးနောက် ပတ္တယားမြို့ အလှရှုခင်းတို့ကို ခံစားရန် တောင်ပေါ်သို့ သွားရောက်သည်။ တောင်ပေါ်အထိ ကားသွားနိုင်သဖြင့် အဆင်ပြေသည်။

     တောင်ပေါ်ရှု့ခင်းသာတွင် ထိုင်းဘုရင် တစ်ပါး၏ ရုပ်တုကို ထုလုပ်ထားသည်။ ထိုနေရာရောက်ခိုက် နိုင်ငံတော်အလံ အလေးပြုရန် နိုင်ငံတော်သီချင်း ဖွင့်ချိန် ဖြစ်၍ ငြိမ်သက်စွာ နေကြ ရသေးသည်။ ထိုနေရာမှာနေ၍ ပင်လင်ပြင်အလှ၊ ကမ်းခြေ ပတ္တယားမြို့ တစ်ခုလုံး၏ အလှအပတို့ကို ပြည့်ဝစွာ ခံစားနိုင်သည်။ ပင်လယ်ပြင်ကို ကျော်ဖြတ်တိုက်ခတ်လာသော လေအေးအေးကို အ၀ရှုရှိုက်ရင်း သဘာဝပတ်ဝန်းကျင်အလှတို့ကို ခံစားရသည်မှ အရသာရှိလှသည်။ အေးချမ်းလှသည်။ စိတ်ကြည်နူးရသည်။ ပတ္တယားမြို့မှာ အဆင့်မြင့် ဟိုတယ်ကြီးများ၊ အထပ်ထပ် အဆင့်ဆင့်ရှိ မိုးထိတိုက်ကြီးများဖြင့် ဖြူဖွေး ပြည့်နှက်နေသည်။ ပင်လယ်ပြင် ကမ်းခြေတွင် သင်္ဘောများ၊ လှေငယ်များ ဟိုတစ်စ ဒီတစ်စ ရပ်တစ ရပ်နားထားသည်ကို တွေ့မြင်ရသည်။ ပတ္တယားမြို့သည် ကမ္ဘာ့လှည့်ခရီးသည်များ လာရောက်ပျော်ပါးရာ ပင်လယ်ကမ်းခြေ မြိုကြီးတစ်မြို့ ဖြစ်သည်ဟု သိရသည်။ ပါတ်စပို့၊ ဗီဇာ အစစ်အဆေးမရှိ လွပ်လပ်စွာ လည်ပတ်ခွင့်ပေးထားသော မြို့ဟု ကြားသိရ၏။ ဘား၊ နိုက်ကလပ်၊ ညည့်ငှက်မယ်၊ လေဒီဘွိုင်းတို့ဖြင့် ကြက်ပျံမကျ စည်ကားလှပြီး ပိုက်ဆံရှိသူတို့ သီးသန့်လာရောက်ပျော်ပါးရာ ကာမဂုဏ်မြို့တော်ကြီး တစ်ခုဖြစ်သည်။

        တောင်ပေါ်မှ ဆင်းတော့ နေမင်းကြီးသည်ပင် ပင်လယ်ရေထဲ တစ်ဝက်ဝင်စ ပြုပြီ၊ ဆည်းဆာရှုခင်း ကမ်းခြေသဲသောင်ပြင်တွင် အနားယူတော့မည့် နေမင်းကြီးကို နှုတ်ဆက်နေသူ ကမ္ဘာလှည့်ခရီးသည်တို့ဖြင့် စည်ကားနေပြန်၏။ ကားခဏရပ်ကာ ပင်လင်ရေပြင်ထဲ ငုတ်ဝင် တော့မည့် နေမင်းကြီး ကို နှုတ်ဆက်ဖြစ်သည်။ ညနေဆည်းဆာအလှကို မှတ်တမ်းတင်ဖြစ်သည်။ နေရာစုံပြီမို့ ပတ္တယားမြို့ထဲ ဖြတ်ကာ ဗန်ကောက်သို့ ပြန်ခဲ့ကြသည်။ လမ်းဘေးတစ်လျှောက် မီးရောင်မှိန်မှိန်အောက်တွင် အတို အပြတ် ၀တ်ထားသော ညည့်ငှက်မလေးတို့ကို ဟိုတစ်စု ဒီတစ်စု မြင်ရသည်။ ဘီယာဆိုင်တို့တွင် စားသုံးဖြင့် ပြည့်သိပ်နေလေ၏။ ဆီဒိုးနားဟိုတယ်ကဲ့သို ကြီးကျယ် သော အဆောက်အဦကြီးတို့တွင် လေဒီဘွိုင်း ရှိုးဟု ရေးထားသည်ကို တွေ့ရသည်။ လေဒီဘွိုင်း ရှိုး ကြည့်ရန်အတွက် တစ်ယောက်ဝင်ကြေးမှာ ဒေါ်လာ (၅၀)ဟူ၏။ ပွဲချိန်နီးပြီထင်သည်။ နောက်ဆုံးပေါ် ဇိမ်ခံကားကြီးတို့ဖြင့် လာရောက်ကာ ၀င်ရောက်သွားသူ လူတစ်ချို့ကိုလည်း တွေ့ရ၏။ 

     ပတ္တယားမြို့၏ အလှ အပ အနုအရွတို့သည် ပုထုဇဉ်ရဟန်းတစ်ပါး၏ရင်ကို ခပ်ပါးပါးလေး ၀င်ဆောင့်သည်။ အပြန်ခရီးတွင် တပ်ဖွဲ့ဝင်အားလုံး ခြေကုန်လက်ပန်း ကျလေပြီ။ စကားပင် ဖောင်ဖွဲ့ကာ မပြောနိုင်ကြတော့ဘဲ ငိုက်မြည်းကာ လိုက်ပါကြလေ၏။ တစ်နေ့တည်း၌ နေရာစုံကို ပြီးအောင် လည်ပတ်ခဲ့သဖြင့် ပင်ပန်းကြ၏။ တစ်နေ့တာ ခရီးစဉ်၏ လိုက်ပါသူ ငါးပါးလုံးအတွက် ကားစင်းလုံးခ၊ နေ့ဆွမ်း၊ အဖျော်၊ ဥယျာဉ်ခ၊ ဖျော်ဖြေပွဲ အားလုံး၏ ကုန်ကျမှုကို ဒကာမကြီးသုံးယောက်က လှူဒါန်းလေ၏။ အကုန်အကျ များသဖြင့် အားနာကာ ပြန်စွန့်သော်လည်း မယူကြ၊ ၀မ်းမြောက်ဝမ်းသာစွာ ကုသိုလ်ပြုလေ၏။ သူတို့၏ ကုသိုလ်ယူမှုကြောင့် နာမည်ကျော် ပတ္တယားမြို့ကို စုံလင်စွာ လေ့လာခွင့် ရခဲ့သည်။ လှပသော သဘာဝ အလှအပ ရှုခင်းတို့ကြောင့် စိတ်ကြည်နူး ခဲ့ရသည်။ ဒကာမကြီး သုံးယောက်တို့အား ကျမ္မာချမ်းသာကြပါစေဟု ကြည်နူးသော စိတ်ဖြင့် မေတ္တာ ပို့ဖြစ်ခဲ့သည်။ ည ၁၀-နာရီလောက်မှ ဗန်ကောက်သို့ ပြန်ရောက်လေ၏။ 

သိမ်မွေ့ဦး (BHU)
(ဆက်လက်ဖော်ပြပါမည်)


No comments:

Post a Comment