ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

14/01/2015

ကမ္ဘောဒီယားခရီးသွားမှတ်တမ်း (၁)

1. စီးဆင်း ရင်ခွင် | 1/14/2015 | 2. 3. 4. 5. 6. Best Blogger Tips
         ကမ္ဘောဒီယားနိုင်ငံသို့ အလည်သွားရန် စိတ်ကူးခဲ့သည်မှာ ကြာခဲ့လေပြီ။ အထူးသဖြင့် ကမ္ဘာကျော် အန်ကောဝတ်သို့ ရောက်ချင်မိသည်။ စိတ်ကူးများ ခုမှ အကောင်ထည်ပေါ်ခဲ့လေ၏။ ၂၀၁၄-ခု၊ ဇွန်လ (၁၇)ရက်နေ့ ၊ နံနက် ၂-နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ တဆင့် ထိုင်း၊ ကမ္ဘောဒီယားနယ်စပ်သို့ ထိုနေ့ နံနက် (၁၀)နာရီခွဲခန့်တွင် ရောက်ရှိလေ၏။ ထိုင်းဘက်တွင် အထူးသန့်ရှင်းလှပသော်လည်း ကမ္ဘောဒီယားဘက်ခြမ်းမှာ ညစ်ပတ်လှ၏။ စည်းကမ်းရှိမှု မရှိမှု၊ သန့်ရှင်းမှု မသန့်ရှင်းမှုတို့မှာ စည်းရိုးတစ်ဘက်ကို ဖြတ်ကျော်သည်နှင့် ပိုမိုထင်ရှား၏။ ကမ္ဘောဒီယား နယ်စပ်ဘက်ခြမ်းတွင် အလုပ်နားချိန် ဖဲရိုက်နေကြသော အလုပ်သမများ၊ များပြားလှသော ကာဆီနိုဝိုင်း အဆောက်အဦးကြီးတို့ကို တွေ့ရသည်။ နယ်စပ်ကို ဖြတ်ကျော်ပြီး ကမ္ဘောဒီယား ဘက်ခြမ်း ဆိုင်တစ်ဆိုင် တွင် နေ့ဆွမ်းစားဖြစ်သည်။ 


    ထိုအချိန်က ထိုင်းတွင် စစ်တပ်အာဏာသိမ်းပြီး ပြည်ပ တရားမ၀င် အလုပ်သမားများ မောင်းထုတ်နေချိန်ဖြစ်၏။ အထူးအားဖြင့် နိုင်ငံချင်း တင်းမာမှုဖြစ်နေသော ကမ္ဘောဒီယား အလုပ်သမားများကို စစ်ဆေးဖမ်းဆီး၏။ နယ်စပ်ဂိတ်တွင် ထိုင်းစစ်သားများက ပတ်လည်ဝိုင်းကာ ဖမ်းဆီးထားသဖြင့် မျက်နှာငယ်လေးဖြင့် အစုလိုက် အပြုံလိုက်ထိုင်နေကြသော ခမာနီလူမျိုး တို့ကို မြင်ရသည်မှာ ဆင်းရဲသားနိုင်ငံအချင်းချင်း ကိုယ်ချင်းစာမိပြီး စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရသည်။ ကမ္ဘောဒီယားအစိုးရကလည်း သူ့နိုင်ငံသားများ ဌာနေပြန်လာကြရန်နှင့် အလုပ်များ ဖန်တီးပေးမည်ဟု ဖိတ်ခေါ်ထားသောကြောင့် ပြန်လာကြသူ ကမ္ဘောဒီယားနိုင်ငံသားများဖြင့် နယ်စပ်ဂိတ်တွင် ပြည့်နေလေ၏။ ကမ္ဘောဒီယားဘက်ခြမ်းတွင် လာရောက်ကြိုဆိုနေသော စစ်ကားတန်းကြီးကို တွေ့ရသည်။ ကားအစီးပေါင်း (၄၀)ခန့် ရှိမည်ထင်သည်။ ကားတို့တွင် ပို့ပေးမည် နယ်မြို့နာမည်တို့ကို ရေးထားသည်။ ကိုယ်နိုင်ငံ အဆင်မပြေ၍ သူများနိုင်ငံ သွားရောက်ကျွန်ခံအလုပ်လုပ်ရာမှ မောင်းထုတ်ခံရသည့် အဖြစ်တို့ကို မြင်ရသည်မှာ စိတ်မကောင်းလှ။ ကိုယ့်နိုင်ငံလည်း ထို့အတူမို့ စာနာမိကာ ၀မ်းနဲရပါ၏။ 

       မိမိနှင့် ညီမောင်သြသဓတို့ နယ်စပ်မှ အန်ကောဝတ်ကျောင်းရှိရာ Siem Reap မြို့သို့ ကားလေးတစ်စီးငှားရာ ဘတ်တစ်ထောင်ပေးရသည်။ ၂-နာရီကျော် မောင်းပြီးနောက်သို့ Siem Reap သို့ ရောက်ရှိသည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်၍ သွားရသည်မှာ စိတ်ချမ်းသာသည်။ လမ်းခရီးတွင် ကားသမားက ကားရပ်နားစဉ် အသက် (၆၀)ကျော်ခန့် ခမာနီအမျိုးသမီးကြီးတစ်ဦးက မိမိတို့ နှစ်ပါးကိုမြင်ပြီး အအေးဗူးဝယ်ကာ ကပ်လှူသည်။ ကိုယ့်နိုင်ငံလိုပါလားဟု ကြည်နူးရသည်။ လမ်းဘေးတစ်လျှောက် အိမ်များကို သတိထားမိသည်။ အပေါ်တက်သည့်လှေခါးကို အိမ်ရှေ့တည့်တည် အလည်မှ ထုတ်ထား၏။ ကြည့်ရသည်မှာ ပသာဒမဖြစ်လှသော်လည်း သူ့နိုင်ငံ သူ့ယဉ်ကျေးမှု သူ့ဓလေ့ဖြစ်မည်ထင်သည်။ 

  Siem Reap သည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ် ကြသည့်နေရာဖြစ်၍ ဟော်တယ်ဇုန် ဖြစ်နေ၏။ မြို့တစ်ခုလုံး ဟော်တယ်တို့ဖြင့် ပြည့်နှက်နေ၏။ Neak Pean Hotel တွင် တည်းခိုသည်။ တည်းခိုသည့်အခန်းမှာ ပျင်ပြားတို့ဖြင့် ကာရံထားပြီး ကျယ်ဝန်းသည်၊ သေသပ်သည်၊ သန့်ရှင်းသည်။ တစ်ညတည်းခိုခ ဒေါ်လာ (၅၀) ပေးရသည်။ ဟော်တယ်မှ ထွတ်ပြီး အန်ကောဝတ်သို့ သွားကြရာ (Toto) သုံးဘီးကားငှားခ (၇)ဒေါ်လာ ပေးရသည်။ နောက်ရက် အန်ကောဝတ်အတွင်းလည်ရန် လက်မှတ်ဖြတ်ရာ တစ်ယောက်အတွက် ဒေါ်လာ (၂၀) စီ ပေးရသည်။ အချိန်ရသေးသဖြင့် အန်ကောဝတ်ကျောင်း အ၀င်ဝထိ ရောက်ခဲ့သည်။ ပိတ်ချိန်နီးပြီ ဖစ်၍ ကျောင်းတော်အတွင်းထိဝင်ခွင့် မပေးဘဲ အ၀င်ဝထိသာ အခမဲ့ ၀င်ခွင့်ပေး၍ အတွင်းပိုင်း အ၀င်ဝထိ ၀င်ကာ ဓာတ်ပုံရိုက်ဖြစ်ခဲ့သည်။ ကမ္ဘာအံ့ဘွယ်နေရာကို ရောက်ခဲ့ပြီဖြစ်၍ စိတ်ကျေနပ်ရသည်။ 

      ဇွန်လ (၁၈)ရက်နေ့တွင် အန်ကောကျောင်းများသို့ သွားရောက်လည်ပတ်ကြသည်။ မနေ့က ငှားခဲ့သော ကားဆရာသည် စိတ်သဘောထားကောင်းသဖြင့် သူ့ကိုပင် ဆက်ငှားဖြစ်သည်။ တစ်နေကုန်လည်ပတ်ခ (၁၅)ဒေါ်လာ ပေးရသည်။ အန်ကောကျောင်းတစ်ဝိုက်ကို သစ်ပင် တော ရေကန်များဖြင့် သဘာဝအတိုင်း ထိန်းသိမ်းထားသဖြင့် စိမ်းစိုအေးချမ်းနေ၏။ စိမ်းစိမ်းစိုစို အုန့်အုန့်ဆိုင်းဆိုင်း တောအုပ်ကြီးထဲ သန့်ရှင်း သပ်ရပ်သော လမ်းကလေးအတိုင်း အကာအရံမပါသော သုံးဘီးကားလေးဖြင့် လည်ပတ်ရသည်မှာ ကြည်နူးစရာကောင်းသည်။ ပတ်ဝန်းကျင်ရှုခင်းတို့ကို ရှု့မြင်ရသည်။ သန့်ရှင်းလတ်ဆတ်သော လေကို တစ်ဝကြီး ရှုရှိုက်ရသည်။ သစ်ပင်များ နက်နဲထူထပ်သဖြင့် ရာသီဥတု အေးမျှ ကောင်းမွန်သည်။ 

      ဦးစွာ အန်ကောထောင်း (Angkor Thom)ကို သွားရောက်လေ့လာသည်။ ဘယွန် (Bayon) ကျောင်းမှာ ကြီးကျမ်းခန့်နားလှသည်။ ကြီးမားသော ကျောက်တုံးကြီးများဖြင့် ဆင့်ကာဆင့်ကာ တည်ဆောက်ထားခြင်းဖြစ်၍ အံ့မခန်း ကျောင်းတော်ကြီးဖြစ်နေ၏။ အောက်ထပ်ကျောက်နံရံတွင် ထွင်းထုထားသော ပန်းပုများကလည်း အမျိုးမျိုး အဖုံဖုံ ဆန်းကျယ်လှသည်။ အပေါ်ထပ် အထွဋ်တို့တွင် ကျောက်တုံးများဖြင့် ဆက်ကာ လေးဘက်လေးတန် ထွင်းထုထားသော အ၀ိလောကိတေသျွာရ ဘုရားလောင်းနတ်ရုပ်တုများ၊ အခြားနတ်ရုပ်တုမျက်နှာများမှာ ကြီးကျယ်ခန့်ငြား လက်ရာ မြောက်လွန်းသဖြင့် အံ့သြရသည်။ ကျောင်းတော်ကြီး အတွင်းပိုင်းတွင် ထိုင်တော်မူ မြတ်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမြော်ရသည်။ ဟိန္ဒူဘုရားကျောင်းဟု သိရ၏။ ၉-ရာစုနှင့် ၁၂-ရာစုကြား တည်ဆောက်ထားခဲ့သောကျောင်းတော်ကြီးဟု သိရသည်။

    Angkor Thom အတွင်း လေ့လာစရာ ကျောင်းတော်များမှာ များပြားလွန်းလှ၏။ Angkor Thom အတွင်း တစ်ကျောင်းပြီး တစ်ကျောင်း တစ်နေရာပြီး တစ်နေရာ လေ့လာကြရာ နံနက်ခင်း ကုန်သွား၏။ တစ်နေရာပြီး တစ်နေရာ သွားရောက်လေ့လာ ဓာတ်ပုံရိုက်လိုက်၊ မောလာလျှင် သစ်ပင်ရိပ် နားလိုက်ဖြင့် ပျော်စရာကောင်းသည်။ လာရောက်လေ့လာသူ ကမ္ဘာလှည့်ခရီးသည် တို့ဖြင့် ပြည့်သိပ်နေသော နေရာလည်း ဖြစ်၏။ နေ့ဆွမ်းကို Ta Prohm Temple အနီးက စားသောက်ဆိုင်တစ်ဆိုင်တွင် စားဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ စားသုံးသောဆိုင်ဖြစ်၍ သန့်ရှင်းသည်။ စားဘွယ်စုံစုံလင်လင်ဖြင့် ကောင်းမွန်သည်။ သဘောကောင်းသော ကားဆရာကိုလည်း ထမင်းကျွေးဖြစ်သည်။ ဈေးကြီးသည့် အစားအစာကို မှာမစားဘဲ တန်သင့်ရုံသာ မှာစားသဖြင့် အလိုက်သိလှသည်။ အိန္ဒိယမှာ ကားဆရာ၊ စပါယ်ယာများစွာကို အစားအစာ ကျွေးခဲ့ဘူးသည်။ ဆိုင်ရောက်၍ မှာစားပါဟုပြောလိုက်လျှင် မိမိတောင် မစားသော တန်ဖိုးအကြီးဆုံး စားဘွယ်တို့ကိုမှ မှာစားတတ်ကြ၏။ အလိုက်မသိမှု အတ္တကြီးမှုတို့ကြောင့် ဒါနရှင်တို့ စေတနာပျက်ကြရသည့် ဖြစ်ရပ်မျိုး မကြာခဏတွေ့ရလေ၏။ 

      ဆွမ်းစားပြီးနောက် Ta Prohm Temple ကျောင်းသို့ ၀င်ရောက်လေ့လာကြသည်။ ကျောင်းတော်ဝအနီး သစ်ပင်တို့အောက်တွင် မျက်မမြင်အဖွဲ့က တူရိယာဖြင့် ဖျော်ဖြေကာ အလှူခံနေသည်ကို တွေ့ရသည်။ ကမ္ဘာလှည့်ခရီးသည်တို့သည် တူရိယာကို ခံစားပြီး သစ်ပင်အရိပ်တွင် ခေတ္တအပန်းဖြေကာ အလှူငွေ ထည့်ကြ၏။ Ta Prohm Temple ကျောင်းသည် အခြားကျောင်းများကဲ့သို့ ကျောက်တုံးကြီးတို့ဖြင့် အဆောင်ပေါင်းများစွာ တည်ဆောက်ထား၏။

     ပို၍ အံ့သြစရာကောင်းသည်မှာ ကျောင်းဆောင် ကျောက်တုံးကြီးတို့အပေါ်တွင် ပေါက်နေသော သစ်ပင်အနွယ်အမြစ်တို့ပင်ဖြစ်၏။ ကျောက်တုံးတို့အပေါ် တွန့်လိမ်ကောက်ကွေးလျှက် ပေါက်နေကြသော သစ်ပင်နွယ်မြစ်တို့လုံးပတ်မှာ လူနှစ်ယောက်ဘက်စာ ပမာဏရှိ၏။ ဖြူဖွေးသောအရောင်ရှိပြီး အချို့နေရာမှာ မွေအောက်ပါးပျဉ်းကြီးကဲ့သို့ ပြားနေ၍ အချို့နေရာမှာ လုံးနေ၏။ သစ်ပင်ကြီးတို့၏ သက်တမ်းမှာ ရာစုနှစ် ငါးခုခန့်နီးပါး ရှိလောက်ပြီဟု မိမိခန့်မှန်းမိသည်။ ရုက္ခဗေဒပညာရှင်မဟုတ်၍ အတိကျတော့ မခန့်မှန်းတတ်ပေ။ သေချာသည်က သက်တမ်းရင့် သစ်ပင်နွယ် သစ်မြစ်ကြီးတို့ဖြင့် နွယ်ယှက်ထားသော Ta Prohm Temple သည် ကမ္ဘာလှည့်ခရီးသည် တို့အား ရသမျိုးစုံ ပေးစွမ်းနိုင်၏။ 

(ဆက်လက်ဖော်ပြပါမည်)

သိမ်မွေ့ဦး (BHU)

1 comment:

  1. Thank you for your informative post!!!
    Village Talkies a top-quality professional corporate video production company in Bangalore and also best explainer video company in Bangalore & animation video makers in Bangalore, Chennai, India & Maryland, Baltimore, USA provides Corporate & Brand films, Promotional, Marketing videos & Training videos, Product demo videos, Employee videos, Product video explainers, eLearning videos, 2d Animation, 3d Animation, Motion Graphics, Whiteboard Explainer videos Client Testimonial Videos, Video Presentation and more for all start-ups, industries, and corporate companies. From scripting to corporate video production services, explainer & 3d, 2d animation video production , our solutions are customized to your budget, timeline, and to meet the company goals and objectives.
    As a best video production company in Bangalore, we produce quality and creative videos to our clients.

    ReplyDelete