ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

16/01/2015

ကမ္ဘောဒီယား ခရီးသွားမှတ်တမ်း (၂)

1. စီးဆင်း ရင်ခွင် | 1/16/2015 | 2. 3. 4. 5. 6. Best Blogger Tips
       ထို့နောက် အန်ကောနယ်မြေအတွင်း အဓိကကျောင်းဖြစ်သည့် ကမ္ဘာ့အံ့ဘွယ် နံပါတ် ၇-ဖြစ်သည့် အန်ကောဝတ်ကျောင်းတော်သို့ ၀င်ကြသည်၊ ကျယ်ဝန်းလှသော အန်ကောဝတ် ကျောင်းတော်ကြီးကို အပြင်မှ ရေကန်ကြီးတို့ဖြင့် ကျုံးခတ်ထား၏။ အတွင်းမှ နန်းမြို့ရိုးတံတိုင်းကဲ့သို့ စင်္ကြံဆောင်တို့ဖြင့် ကာရံထားသည်။ ယင်းစင်္ကြံဆောင်ကြီးတို့ကို ကျောက်တုံးတို့ဖြင့် သေသပ်ခိုင်မာစွာ ပြုလုပ်ထားပြီး ပန်းချီ ပန်းပု ကနုတ်လက်ရာမျိုးစုံဖြင့် ထုဆစ်ထားသည်။ အတွင်း၌ အန်ကောဝတ်ကျောင်းဆောင်ကို စင်္ကြံ နတ်လမ်းဆောင် နှစ်ဆင့်တို့ဖြင့် ထပ်မံကာ ကာရံထားပြန်၏။ ပတ်လည်ဝိုင်းထားသည့် အဆောင်တို့မှာ မြင့်မားသည့် ကျောက်တုံးဖြင့် တည်ဆောင်ထားသော နှစ်ထပ်အဆောင်တို့ဖြစ်၍ မြင်ရသူတို့ကို အံ့သြစေ၏။


 အလယ်က အထပ်အဆင့်ဆင့်ရှိ အန်ကောဝတ်ကျောင်းဆောင်ကြီးကား အထူးပင် မြင့်မား လှပြီး ကျောက်တုံးတို့ဖြင့်သာ တည်ဆောက်ထား၏။ ကျောက်နံရံတို့တွင် ပန်းပုမျိုးစုံကိုလည်း ထုဆစ်ထား၏။ ကျောင်းတော်ကြီးကို ဖြူဖွေးသော ကျောက်တုံးအထွဋ်ပြသာဒ်တို့ဖြင့် တည်ထားသောကြောင့် အဝေးမှကြည့်လျှင် ပို၍ လှပခန့်ညား၏။ ကျောင်းအပေါ်ဆုံးထပ် ရောက်အောင်တက် ရသည်မှာ မြင့်မားလှသဖြင့် ဒူးတုန်၏။ အပေါ်ဆုံးထပ်မှ နေ၍ ပတ်ဝန်းကျင် ရှုခင်းအလှအပတို့ကို တစ်ဝကြီး ခံစားနိုင်သည်။ အပေါ်ဆုံးထပ်တွင် ရပ်တော်မူမြတ်ဘုရားဆင်းတုတော်နှစ်ဆူနှင့် ထိုင်တော်မူတစ်ဆူတို့ကို သူ့ဘုရားခန်းမဆောင်နှင့်သူ ဖူးဖွင့်ရခဲ့သည်။ 
   
   အန်ကောဝတ်ဘုရားကျောင်းရှေ့တွင် ရေကန်ကြီးနှစ်ကန်ရှိသဖြင့် ရေကန်ဘေးတွင် ဓာတ်ပုံရိုက်သူတို့ဖြင့် စည်းကားနေသည်။ ကျောင်းတော်ကြီးကို မြေပြင်မှာရော ရေကန်ထဲပါ နှစ်ထပ်မြင်ကွင်း နောက်ခံဖြင့် ဓာတ်ပုံ ရိုက်ယူကြသည်။ ရှု့မ၀အောင် လှပသော ရှုခင်းဖြစ်ပါ၏။ သမိုင်းကြောင်းကို သေချာမလေ့ လာဖြစ်သော်လည်း ထိုအန်ကောဝတ်သည် ၉-ရာစုနှင့် ၁၅-ရာစုကြား မင်းနေပြည်ဖြစ်ခဲ့သည်ဟု မှတ်သားရသည်။ ၁၂-ရာစုတွင် King Suryavarman က တည်ဆောက်ခဲ့သည်။ ဟိန္ဒူ နှင့် မဟာယာနဗုဒ္ဓဘာသာတို့ ရာစုနှစ်ပေါင်းများစွာ လွှမ်းမိုးခဲ့ပြီး ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များမှ ထေရ၀ါဒဗုဒ္ဓဘာသာတို့ ထိန်းသိမ်းစောက်ရှောက်ခဲ့သည်ဟု မှတ်သားရ သည်။ ကြီးကျယ်လျှက်ရှိသော ပစ္စက္ခအလှအပတွင်သာ နက်မြောစီးဝင်ခဲ့သဖြင့် သမိုင်းကြောင်းကို ဂဃနဏ မမေးဖြစ်ခဲ့ပေ။ ကြေးဖြင့်ထွင်းထုထားသော အန်ကောဝတ်ကျောင်းတော်ကြီး၏ အလှပုံရိပ်ကို ထိုကျောင်း၏ ဈေးတန်းမှ အမှတ်တရ ၀ယ်ဖြစ်ခဲ့သည်။ 

    အန်ကောဝတ်၊ Siem Reap မြို့ ၀န်းကျင်တစ်လျှောက် လည်ပတ်ရမည့်နေရာများသို့ ကားဆရာက စေတနာ အပြည့်ဖြင့် လိုက်ပို့ပေးသဖြင့် စုံလင်ခဲ့သည်။ နေရာစုံပြီးနောက် ညနေ ၄-နာရီခွဲ ကားဖြင့် ဖနွမ်းပင်မြို့သို့ ခရီးဆက်ကြသည်။ ည ၁၂-နာရီ ကျော်တွင် ဖနွမ်းပင်မြို့သို့ ရောက်ရှိသည်။ ကားဂိတ်နှင့် နီးသော ဟော်တယ်တွင် တည်းခိုဖြစ်သည်။ တစ်ရက်အတွက် (၁၅)ဒေါ်လာ ပေးရသည်။ ဇွန်လ (၁၉)နေ့ နံနက်စောစောတွင် အိန္ဒိယ၊ ဗာရာဏသီတက္ကသိုလ်တွင် ပညာသင်ယူဘက်ဖြစ်သော ကမ္ဘောဒီယား ရဟန်းတော် Horn Hong က ဖနွမ်းပင်မြို့တွင်း အလည်ပို့ပေးရန် ဟော်တယ်သို့ လာရောက်ခေါ်သည်။ Horn Hong ကပင် နံနက်စာကို ကမ္ဘောဒီယား စားဘွယ်မျိုးစုံမှာ၍ ပြုစုသည်။ ညီမောင်သြသဓရော မိမိပါ ကမ္ဘောဒီယား အစားအစာကို သိပ်မကြိုက်ကြ။ ကမ္ဘောဒီယား၏ နေရာတိုင်းတွင် ဒေါ်လာကို တရားဝင်သုံးစွဲကြသဖြင့် နိုင်ငံခြားသားတို့အတွက် လွယ်ကူသည်။ ကမ္ဘောဒီယားပိုက်ဆံကို အသုံးပြုနည်းလာသဖြင့် ကမ္ဘောဒီယားလူမျိုးတို့ ကိုယ်တိုင်ပင် အစိုးရစနစ်ကို စိတ်ပျက်နေကြရသည်ဟု မိတ်ဆွေ ခမာနီတစ်ပါးက ရင်ဖွင့်ခဲ့ဘူး၏။ 

   နံနက်စာ စားပြီးနောက် ဖနွမ်းပင် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြ သည်။ ပြတိုက်ကို လေ့လာပြီးနောက် တော်ဝင်နန်းတော်ရာနေရာသို့ သွားရောက်လေ့လာကြသည်။ နန်းတော်ရာအတွင်း အဆောက်အအုံတို့မှာ ကြီးကျယ်ကောင်းမွန် သည်။ ကမ္ဘောဒီယား ယဉ်ကျေးမှုရိုးရာ စုလစ်မွန်းချွန် အထွဋ်ပြသာဒ် ပန်းချီ ပန်းပုတို့ဖြင့် ပုံဖော်ထားသည်။ အဆောင်တို့ကို ခွဲခြားကာ သမိုင်းကြောင်းတို့ဖြင့် ရှင်းလင်းပြသထား၏။ နန်းတော်ရာအလယ် မြတ်ဗုဒ္ဓသီတင်းသုံးရာ ဘုရားဆောင်မှာ ပို၍ကောင်းမွန်သကဲ့သို့ မြတ်ဗုဒ္ဓဆင်းတုတော်မှာလည်း ဖူးမြော်မ၀ဖြစ်ရသည်။ အဆောင်အသီးသီးတွင် ကမ္ဘောဒီယားတို့၏ ယဉ်ကျေးမှု ထုံတန်းဓလေ့မျိုးစုံ၊ ၀တ်စားဆင်ယဉ်ပုံ၊ လက်ရှိဘုရင်၏ အဘိသိတ်ခံနေသည့်ဓာတ်ပုံ စသည်တို့ဖြင့် ရှု့မငြီးအောင် ပြသထား၏။ အင်းကြင်းပင်ကြီး တစ်ပင်အောက်၌ ဘုရားလောင်း သိဒ္ဓတ္ထဖွားတော်မူဟန် ရုပ်တုတော်မှာ ပိုမိုအသက်ဝင်သည်။ အင်းကြင်းပန်းတို့လည်း ဝေေ၀ဆာဆာပွင့်နေကြ၏။ အင်းကြင်းပင်အစစ်၏ အရင်း ဖွားတော်မူဟန် ရုပ်တုကို ဤတစ်နေရာမှာသာ တွေ့ဘူး၏။ နန်းတော်ရာကို Chatumuk (ဆတုမုခ)မြစ်ဆုံ ကမ်းဘေးတွင် တည်ဆောက်ထားခြင်းဖြစ်၍ လေကောင်းလေသန့်ရသကဲ့သို့ မြင်ကွင်းလည်း လှပသည်။ မြစ်ကမ်းဘေး နန်းတော်ရာ ရှေ့တွင် အပန်းဖြေရန် ပန်းခြံလဟာပြင်နှင့် သံဃကောလိပ်၊ သံဃာ့တက္ကသိုလ်တို့ကိုလည်း တည်ထောင် ထား၏။ ကျောင်းတက်လာကြသော ရဟန်းငယ်တို့ကိုလည်း မြင်တွေ့ရသည်။ ကမ်းဘေးတစ်လျှောက် နိုင်ငံတကာ၏ အလံများကို လွင့်တင်ထား၏။ 

   နန်းတော်ရာတစ်ဝိုက် ပြည့်စုံအောင် လေ့လာပြီးနောက် Horn Hong သီတင်းသုံးသည့် Wat Sompovmeas Temple ကျောင်းတိုက်သို့ သွားကြသည်။ နေ့ဆွမ်းစားခါနီးတွင် ကျောင်းသို့ ရောက်ရှိသည်။ တစ်လ တစ်ခါ စုပေါင်း ဆွမ်းကပ်သည့် အခါကြီးရက်ကြီး ဖြစ်၍ ကျောင်းတွင် ဆွမ်းကပ်သည့် ဒကာ၊ ဒကာမတို့ဖြင့် ပြည့်နေ၏။ ခရီးဆောင်အိပ်များ အခန်းအတွင်း ချပြီးနောက် ဆွမ်းစားချိန်ဖြစ်၍ ဆွမ်းစားကျောင်းသို့ အမြန်သွားကြရသည်။ ဆွမ်းစားကျောင်းတွင် သံဃာအပါးတစ်ရာခန့်ကို ဖူးတွေ့ရသည်။ ကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရားဟောပြီးနောက် နေ့ဆွမ်းဆက်ကပ်၏။ ဆွမ်းဝိုင်းတိုင်း ဂစ်ငွေ့သုံးမီးဖိုးအသေးလေးများ ချကာ ဟင်းရည်များကို ကြိုချက်၏။ ယင်းနောက် ခေါက်ဆွဲများ၊ ဟင်းသီးဟင်းရွက်များထည့်ကာ ခွက်ငယ်ကလေးတို့ဖြင့် ကော်ခတ်ကာ ပူပူနွေးနွေး ဘုန်းပေးရ၏။ အခြားစားဘွယ်များ၊ အချိုပွဲများလည်း စုံလင်သည်။ ထိုသို့စုံလင်သော်လည်း ဆွမ်းဟင်းတို့မှာ မိမိတို့မြန်မာပါးစပ်ဖြင့် ခံတွင်းမတွေ့လှပေ။ ဆွမ်းစားအပြီး ခရီးပန်းထားသဖြင့် အနားယူကြသည်။

    နေ့လည်ခင်းတွင် အိန္ဒိယတွင် ပညာသင်ရင်း ရင်းနှီးခင်မင်ခဲ့ရသော ကမ္ဘောဒီယားရဟန်းတော် Norn Nim လည်း သူ၏ ရွာမှ ပြန်ရောက်လာသည်။ မိမိတို့နှစ်ပါး၊ ကမ္ဘောဒီယား Horn Hong နှင့်Norn Nim နှစ်ပါး၊ Norn Nim ၏ အဖေနှင့်ညီ ပေါင်း (၆)ယောက်တို့ အတူတကွ ဖနွမ်းပင်မြို့ Tuol Sleng Genocide Museum (အဆိပ်ပင်များနှင့် တောင်ကုန်းပြတိုက်) သို့ သွားရောက်ကြသည်။ ခမာနီကွန်မြူနစ် ခေါင်းဆောင် ပိုပေါ့တို့ အာဏာရသည့် ၁၉၇၅-ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အထက်တန်းကျောင်းကို အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုအကျဉ်းထောင်တွင် ခမာနီလူမျိုး နှစ်သောင်းကျော်အသတ်ခံခဲ့ရသည်ဟု သိရသည်။ စာသင်ခန်းများကို အခန်းလေး များဖွဲ့ပြီး အကျဉ်းခန်းအဖြစ်အသုံးပြုခဲ့သည်၊ အကျဉ်းကျ အသတ်ခံရသူတို့၏ သွေးကွက်များကား ခုချိန်ထိ ရှိနေသေးသည်။ သံကုဋင်တွင် ခြေထောက်ကို သံခြေကျင်းခတ်ကာ အစာမကျွေး နှိတ်စက်သည့်နေရာ အခန်း၊ ရေပြည့်စဥ့်အိုးထဲ ကြိုးဖြင့် ဇောက်ထိုးဆွဲချကာ ရေနှစ်သတ်သည့်နေရာ၊ ကလေးငယ်တို့ကို ခြေထောက်မှကိုင်၍ သစ်ပင်ဖြင့် ရိုက်သတ်ခဲ့သည့်နေရာ သစ်ပင်၊ အဖမ်းခံရပြီး အသတ်ခံရသူတို့၏ ဓာတ်ပုံများ၊ နှိတ်စက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်မျိုးစုံများ၊ အသတ်ခံခဲ့ရသူတို့၏ ဦးခေါင်းခွံ အရိုးများ၊ နောက်ဆုံး အသတ်ခံရသူ (၁၄) ယောက်တို့၏ ဂူများ စသည်ဖြင့် စုံလင်စွာ ပြသထားသည်။ အသက် (၇၀)ကျော်အရွယ် Norn Nim ၏ အဖေက သူကိုယ်တိုင် နှိတ်စက်ခံခဲ့ရပြီး ကံကောင်းလို့ မသေခဲ့ကြောင်း၊ သူ၏ ညီနှင့်အကိုတို့လည်း အသတ်ခံရသဖြင့် သေဆုံးခဲ့ရကြောင်း ပြောပြသည်။ ဒကာကြီးကား မိမိကို နားလည်စေချင်သဖြင့် တစ်ချို့လက်နက်တို့ဖြင့် မည်သို့ နှိတ်စက်ကြောင်း သရုပ်ပြကာ ရှင်းပြသည်။ လိုက်လံရှင်းပြရင်း Norn Nim နှင့် သူ့၏ အဖေ နှစ်ယောက်လုံး မျက်ရည်လည်ကြသည်။ မိမိလည်း စိတ်မကောင်းပါ။ နောက်ဆုံးအချိန်တွင် အထီးကျန်စွာ သေရပြီး အဆုံးအချိန်ထိ နောင်တ မရခဲ့သည့် ခေါင်းဆောင်ပိုပေါ့၏ စိတ်ဓာတ်ကိုလည်း အံ့သြခဲ့ရသည်။ လူအချင်းချင်း မေတ္တာ ကရုဏာ မထားနိုင်အောင် အထူးပင် ရက်စက်ခဲ့ပါပေသည်။ 

    ပိုပေါ့ (Pol Pot) ခေါင်းဆောင် အာဏာရခဲ့သည့် ၁၉၇၅-ခုနှစ် ဧပြီလ (၁၇)ရက်မှ အာဏာလက်လွတ်ခဲ့ရသည့် ၁၉၇၉-ခုနှစ် ဇန်န၀ါရီလ (၇)က်နေ့ အထိ သုံးနှစ်ကျော်ကာလအတွင်း ကမ္ဘောဒီယားပြည်သူပေါင်း ၁.၇ သန်း (၂-သန်းနီးပါး) အစာရေစာ ငတ်ပြတ်မှု၊ ညှင်းပန်းနှိပ်စက်ခံရမှု၊ အတင်းအဓမ္မစေခိုင်းခံရမှုနှင့် အသတ်ခံရမှုတို့ကြောင့် သေဆုံးခဲ့ရသည်။ ပြတိုက်ကို လေ့ လာပြီးနောက် မြင်ခဲ့ရသည့် အနိဌာရုံမြင်ကွင်းဓာတ်ပုံတို့ကား အာရုံထဲက မထွတ်ပါ။ စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရသည်။ လူမိုက်တို့ကြောင့် ပညာသင်ရာ အထက်တန်းကျောင်းသည် အကျည်းတန် ရက်စက်ယုတ်မာရာ အကျဉ်းထောင်ဖြစ်ခဲ့ရသည်။

      ထို့နောက် မြို့လယ် Victory Gate နှင့် တောင်ကုန်လေးပေါ်တွင် တည်ထားသည့် Wat Phnom ဘုရားသို့ ရောက်ခဲ့သည်။ ရှေးဟောင်းဘုရားများ ဖူးမြင်ခွင့်ရသည်။ ဘုရားရောက်တုံး မိုးသည်လည်း သဲသဲမဲမဲ ရွာချ၏။ ဘုရားတောင်ကုန်းဆင်း မြင်ခင်းပြင်ပေါ်တွင် နာရီလက်တံများ တပ်ဆင်လျှက် မြက်ခင်းပြင်နာရီကြီး ပြုလုပ်ထား၏။ အမြင်တစ်မျိုး ဆန်းပါပေ၏။ အချိန်မရတော့သဖြင့် ဖနွမ်းပင်မှာ (၁၅)ကီလိုမီတာ ဝေးသော Killing field နေရာသို့ မသွားဖြစ်တော့ပေ။ ဖနွမ်းပင်မြို့တွင်း နာမည်ကြီးနေရာများ စုံလင်ပြီဖြစ်၍ ဗန်ကောက်ပြန်ရန် ကားလက်မှတ်ဖြတ်ကာ ကျောင်းသို့ ပြန်ကာ အနားယူဖြစ်သည်။ ထိုအချိန် ဖနွမ်းပင်၊ သံဃာ့တက္ကသိုလ်တွင် ဆရာလုပ်နေသော ဗာရာဏသီတက္ကသိုလ်တွင် အတူနေဖူးသည့် သူငယ်ချင်း ကမ္ဘောဒီယား အမျိုးသား Khemara Khem က လာရောက်တွေ့ဆုံသည်။ 

    ည ၉-နာရီခွဲ ဘတ်စ်ကားဖြင့် ထိုင်းနယ်စပ် poi pet မြို့သို့ ပြန်ကြသည်၊ ကားမှာ နှစ်ထပ်ကားဖြစ်ပြီး ကျဉ်းလွန်း၏။ အများစု အရပ်ပုပြီး သေးသေးသွယ်သွယ်ဖြစ်သော ကမ္ဘောဒီယား လူမျိုးအတွက် အဆင်ပြေသော်လည်း အရပ်ရှည်သူတို့အတွက် အဆင်မပြေပေ။ အထက်အောက် နိမ့်လွန်းသဖြင့် ထိုင်လိုက်လို့မရ၊ လဲလျောင်းကာ လိုက်ရ၏။ မိမိတို့စီးသော ကားတွင် ဥရောပလူတစ်ယောက်က အရပ်ဆန့်မရဖြစ်ကာ ကွေးလိုက်ရသောကြောင့် ပင်ပင်ပန်းပန်းဖြစ်နေ၏။ ပါးစပ်ကလည်း အတော်ကြီးကို သက်တောင့်သက်တာ မဖြစ်ဘူးဟုညီးညူသံ ကြားရသည်။ မိမိက ညီမောင်သြသဓအား ကမ္ဘောဒီယားလူမျိုးတို့အတွက် သီးသန့်ထုတ်တဲ့ ကားထင်တယ်ဟုပြောကာ နှစ်ယောက်သား ရယ်ကြရ၏။ ဇွန်လ (၂၀)ရက်နေ့ နံနက်စောစောတွင် နယ်စပ်ဂိတ်သို့ ပြန်ရောက်၏။

    နယ်စပ်တွင် ဗာရာဏသီတက္ကသိုလ်တွင် အတူနေခဲ့သည့် ကမ္ဘောဒီယား ကျောင်းသား Tha channy က တွေ့ဆုံရန် လာစောင့်နေ၏။ သူ၏မြို့မှာ နယ်စပ်နှင့်နီးကြောင်း၊ ဆိုင်ကယ်နှင့်စောစောကတဲက လာစောင့်နေကြောင်းပြောပြ၏။ သူ့အား စကားခဏပြောကာ နှုတ်ဆက်ပြီး ထိုင်းဘက်သို့ ၀င်ခဲ့သည်။ ဗန်ကောက်သို့ လိုက်ကားအသေးစီးကာ ပြန်ခဲ့ကြသည်။ နှစ်ယောက်အတွက် ဘတ်ခြောက်ရာ ပေးရသည်။ ကားနားသော ဆီဆိုင်တွင် ထိုင်းအစားအစာဖြင့် နေ့လည်စာ စားကြရာ ခံတွင်းမြိန်လှ၏။ ကမ္ဘောဒီယားတွင် အစားအသောက် ပျက်ခဲ့ကြရသဖြင့် ပိုစားလို့ကောင်းသည်။ နေ့လည်ခင်းတွင် ဗန်ကောက်သို့ ပြန်ရောက်၏။

     ကမ္ဘောဒီယားသည် ဆင်းရဲသည်။ နိုင်ငံအနှံ့ ဖွံ့ဖြိုးမှု နည်းသေးသည်။ ဖနွမ်းပင်မြို့တော်မှာပင် ကားထက် ဆိုင်ကယ် စက်ဘီးက ပိုများ၏။ ချမ်းသာသူထက် ဆင်းရဲသူဦးရေက ပိုများ၏။ သို့သော် နိုင်ငံတကာနှင့် ချိန်ဆက်ကာ ကူညီမှုများစွာရရှိနေသဖြင့် အားကောင်းလျင်မြန်သော မြင်းရိုင်းတစ်ကောင်နှယ် လျင်လျင်မြန်မြန် တိုးတက်တော့မည် လက္ခဏာကိုမြင်ရသည်။ ဒေါ်လာကို တရားဝင် သုံးစွဲကြ၏။ မြို့တော်တွင် ဘဏ်များစွာရှိပြီး ATM စနစ်တို့ဖြင့် မြန်ဆန်စွာ ထုတ်ယူသုံးစွဲနိုင်သည်။ အများစု အင်္ဂလိပ်စကား ပြောနိုင်နေကြပြီ။ မြန်မာ၊လာအိုတို့တွင် မရှိသေးသည့် အဆင့်မြင့် KFC စားသောက်ဆိုင် တို့ကိုလည်း မြင်ခဲ့ရသည်။ နှစ်တိုအတွင်း မြန်ဆန်စွာ တိုးတက်ပြောင်းလဲတော့မည့် နိုင်ငံအဖြစ် ရှုမြင်မိသည်။ နိုင်ငံရေးသာ ကောင်းလိုက်ပါက ပို၍ တိုးတက်ပေမည်။ ကမ္ဘောဒီယားရောက်ခိုက် မိမိနိုင်ငံနှင့် ယှဉ်မိသဖြင့် အားမရ၊ အလိုမကျမှုများစွာ ဖြစ်ခဲ့ရသည်။ မြန်မာစစ်ဗိုလ်ကြီးများ၊ ယူနီဖောင်းချွတ်ကြီးများ အတ္တတွေ မြန်မြန်လျှော့ ချနိုင်ပါစေဟုသာ ဆုတောင်းမိခဲ့သည်။ 

သိမ်မွေ့ဦး (BHU)
 (14-01-15)

No comments:

Post a Comment