ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

27/02/2015

လာအိုခရီးသွားမှတ်တမ်း ( ၁ )

1. စီးဆင်း ရင်ခွင် | 2/27/2015 | 2. 3. 4. 5. 6. Best Blogger Tips

        ၂၀၁၄-ခု၊ ဇွန်လ (၁၀)ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းသို့ အလည်ရောက်ခဲ့သည်။ မဲခေါင်မြစ်ကမ်းဘေးတွင် တည်ရှိသည့် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သည်။ လာအိုနိုင်ငံသည် ပြည်နယ် (၁၇)နယ်တို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ (၆)သန်း နေထိုင်သည်။ တစ်နိုင်ငံလုံး သံဃာဦးရေ (၂၄၇၄)ပါး ရှိသည်။ နူးညံ့အိစက်သော ကောင်းညှင်းပျော့ကိုသာ အမြဲစားသုံးကြပြီး လာအိုလူမျိုး အများစုမှာ ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ်ဖြင့် ချောမောလှပကြသည်။ ကောင်းညှင်းကိုသာ စားသုံးလေ့ရှိသဖြင့် ကောင်ညှင်းဆန်က ဈေးချိုပြီး ရိုးရိုးဆန်က ဈေးကြီးသည်။


  ထိုနေ့ နံနက် ၉-နာရီလောက်တွင် ဗီယန်ကျင်း( Vientiane)မြို့၊ Inpeng Temple ကျောင်းသို့ ရောက်ရှိသည်။ ကျောင်းဝန်းမှာ သန့်ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်နေ၏။ မိမိ၏ မိတ်ဆွေရဟန်းတော်ကို မေးလိုသဖြင့် မေးရမည့်သူ လိုက်ရှာရာ တစ်ပါးတစ်လေမျှ မတွေ့ပေ။ ကျောင်းသို့ လာရောက်ကန်တော့သော လာအိုအမျိုးသားတစ်ဦးထံမှ ဖုန်းငှားပြီး ဖုန်းဆက်ခေါ်မှ တွေ့ရ၏။ ထို အင်ဖန်းကျောင်းတွင် စုပေါင်းသံဃာ (၁၄)ပါးခန့်မျှသာ ရှိ၏။

    ထိုနေ့ ကျောင်းတွင်းဘုရားဆောင်ကို ဖူးဖြစ်၏။ ဘုရားဆောင်အတွင်း ရှေးဟောင်း ဘုရားဆင်းတုေ တ်ာများ၊ ဘုန်းကြီးကိုင်ယပ်တောင်၊ ဖယောင်းတိုင်များ၊ ရဟန်းခံပွဲတွင် ရဟန်းသစ်အား လှူဒါန်းသော အရောင်မျိုးစုံဖြင့်စီခြယ်ထားသော ကျောက်စီကုဋင်များ ကို တွေ့ရသည်။ ဘုရားဆောင်အနီးတွင် သမိုင်းဝင် မြန်မာနိုင်ငံ ဘုရင့်နောင်မိဖုရားရုပ်တုနှင့် လာအိုဘုရင် Saysettha thiraj ၏ မိဘုရားရုပ်တုတို့ကို ယှဉ်တွဲ၍ ထုဆစ်ထားသည်။ ညနေပိုင်းတွင် ထိုအင်ဖန်းကျောင်းအနီးက Ongteu temple ကျောင်းသို့ သွားရောက်ခဲ့သည်။ တစ်ထောင်ကီလိုဂရမ်ရှိဘုရားကျောင်းတိုက်ဟု အဓိပ္ပါယ်ရသည်။ ထိုကျောင်းတွင် ကီလိုဂရပ် တစ်ထောင်ရှိပြီး သပ္ပါယ်လှသော ရှေးဟောင်းထိုင်တော်မူ မြတ်ဗုဒ္ဓဆင်းတုတော်ကို ဖူးမျှော်ရသည်။ 

  လာအိုသံဃာ့ရာဇာ မထေရ်မြတ် သီတင်းသုံးသော ကျောင်းတိုက်ဖြစ်၏။ ကျောင်းဝင်း အတွင်းတွင် နှစ်ထပ်စာသင်ဆောင်များ စီတန်းလျှက် သံဃာတက္ကသိုလ်ကြီးကို ဖွင့်လှစ်ထား သည်။ ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသားတို့ကို မတွေ့ခဲ့ရပေ။ တာဝန်ခံတို့နှင့် တွေ့ခွင့်ရ၍ သိချင်သည် တို့ကို မေးမြန်းခွင့်ရသည်။ ယခု လက်ရှိ ကျောင်းသားသံဃာဦးရေ (၃၉၀)ပါး ရှိသည်ဟုသိရသည်။ သံဃာ့တက္ကသိုလ်တွင် Buddhist Study, Education, languagestige, English, Social Science ဌာနတို့ကို ဖွင့်လှစ်ထားသည်။ ဌာနတိုင်း ဘာသာရပ်တစ်ခုအဖြစ် ပါဠိဂရမ်မာ၊ အဘိဓမ္မာ၊ သုတ္တန္တ၊ ပါဠိဘာသာပြန်တို့ကို မဖြစ်မနေ သင်ရသည်။ အင်္ဂလိပ်ဌာနမှတစ်ပါး အခြားဌာနတို့၌ အင်္ဂလိပ်ဘာသာကို တစ်ပတ် သုံးနာရီသင်ယူရသည်။ Social Science ဌာန၌ သင်္ချာဘာသာကိုလည်း သင်ရသည်။ တစ်ပတ်ကို ငါးရက်မျှ နေ့လည် ၁၂-နာရီခွဲမှ ညနေ ၅-နာရီထိ ကျောင်းဖွင့်သည်။ 

     ယခုတက္ကသိုလ်နှင့် လာအိုတောင်းပိုင်းတွင် တက္ကသိုလ်ဟု တစ်နိုင်ငံလုံးတွင် သံဃာတက္ကသိုလ်နှစ်ခု ရှိသည်။ ဗီယန်ကျင်းမြို့တွင် ဘုန်းကြီးကျောင်း (၃၀၀)ကျော်ရှိသည်ဟု သိရသည်။ တစ်နိုင်ငံလုံး သံဃာအပါးတစ်ရာရှိကျော်ရှိသောကျောင်းတိုက် ငါးကျောင်းခန့် ရှိသည်။ ထိုကျောင်းတို့မှာ ဗီယင်းကျင်းမြို့နှင့် လာအိုနိုင်ငံ အနောက်အရပ် လွန်းဖရန်ဗန်း (Louangphabang) မြို့တို့တွင် တည်ရှိ၏။ 

    ဇွန်လ (၁၁)ရက်နေ့တွင် ဗီယန်ကျင်းတစ်ဝိုက်လည်ပတ်ကြသည်။ နံနက်စောစောတွင် မိမိ၏ သူငယ်ချင်းရဟန်းတော် Hongsa ၏ စီစဉ်မှုကြောင့် သူ၏ရဟန်းဒကာမကားဖြင့် လိုက်ပို့သည်။ Hongsa နှင့် သူ၏ တပည့်နှစ်ပါးတို့ လိုက်ပါပို့ဆောင်ကြသည်။ မြို့လည်က ပသုဆိုင်း (Patousay Victory gate) သို့ ဦးစွာလေ့လာကြသည်။ ပြင်သစ်နိုင်ငံနှင့် အခြားနိုင်ငံများ၏ သိမ်းပိုက်ခြင်းဘေးမှ လွတ်လပ်သော အောင်ပွဲအထိမ်းအမှတ်အဖြစ် တည်ထားသော လွတ်လပ်ရေးဂိတ်ဖြစ်သည်၊ မြို့တော်၏ အလယ်ဂိတ်ဟုလည်း သိကြ၏။ ထိုဂိတ်၏မြောက်အရပ်၌ ၀န်ကြီးချုပ်ရုံး တည်ရှိ၏။ ဂိတ်၏ အပေါ်ထပ်သို့ တက်ရောက်ကြသည်။ အဆင့်ဆင့် အထပ်တိုင်းတွင် လာအိုနိုင်ငံအမှတ်တရပစ္စည်းများ ရောင်းချသည်။ ဘုရားပုံအမှတ်တရပစ္စည်း ၀ယ်ဖြစ်ခဲ့သည်။ အပေါ်ဆုံးထပ်မှမြင်ရသော ဗီယန်ကျင်း ရှုခင်းသည် လှပသန့်ရှင်း၏။ လူဦးရေနည်းသော မြို့တော်ဖြစ်၍ လမ်းများကျယ်ဝန်းသန့်ရှင်းပြီး ယာဉ်ကြောပိတ်ဆို့မှု နည်း၏။ ကျိုးတိုးကျဲတဲသွားလာနေကြသော စက်ဘီး ဆိုင်ကယ် ကားတို့ကို တွေ့မြင်ရသည်။ လူနှင့်ကားတို့ ထူထပ်သည့် အိန္ဒိယတွင် အနေကြာခဲ့သော မိမိအတွက် မြင်ကွင်းအားလုံးက ရှင်းနေ၏။ 

    ထို့နောက် That laugng Stupa သို့ သွားရောက်ဖူးမျှော်ကြသည်။ ဘုရားသမိုင်းနှင့်ပတ်သက် ၍ မိမိ၏လာအိုသူငယ်ချင်းရှင်းသမျှ မှတ်သားရသည်။ သိရီဓမ္မာသောကမင်းကြီး ကိုးတိုင်းကိုးဌာန တို့သို့ သာသနာပြုစေလွှတ်ရာ၌ အရှင်သောဏနှင့် အရှင်ဥတ္တရတို့သည် လာအိုသို့ ရောက်ခဲ့ကြပြီး ဓာတ်တော်တို့ကို စေတီငယ်လေးတစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ အရှင်ဗုဒ္ဓ၀ံသ (Buddhavongsa) ဦးဆောင်သော လာအိုသံဃာ ရဟန္တာငါးပါးတို့သည် အိန္ဒိယမှ ပညာသင်ကြားပြီးနောက် လာအိုသို့ပြန်လာကာ ဗုဒ္ဓ၀ံသကျောင်းတိုက်ကို တည်ထောင်ပြီး ထိုစေတီငယ်ကို ပူဇော်ကာ စောက်ရှောက်ကြသည်။ ယခုအခါ ထိုဗုဒ္ဓ၀ံသကျောင်းတိုက်သည် လာအိုနိုင်ငံ၏ နာမည်ကြီး ၀ိပဿနာဌာနဖြစ်ပြီး သံဃာ့အထက်တန်းကျောင်းကိုလည်း တွဲဘက်ဖွင့်လှစ်ထားသည်။

       နှစ်ပေါင်းများစွာကြာပြီးနောက် AD1560 တွင် လာအိုဘုရင် SaySettha Thiraj သည် လာအိုနိုင်ငံ အနောက်အရပ် လွန်းဖရန်ဗန်း (Louangphabang)မှ ဗီယန်ကျင်းသို့ မြို့တော်ကို ပြောင်းရွှေ့တည်၏။ AD 1566 တွင် စေတီငယ်ကို ငုံကာ ကြီးမားသော That laugng stupa ကို တည်ထားခဲ့သည်။ ပညာပါရမီတော် သုံးဆယ်ကို ရည်စူးကာ စေတီငယ်အထွဋ် သုံးဆယ်တို့ကို တည်ထားကိုးကွယ်ခဲ့သည်။ ရွှေပြားတွင် ယေဓမ္မာ ဟေတုပ္ပဘ၀ါ-စသောဂါထာကို ရေးထွန်း၍ ဌာပနာ ထားခဲ့၏။ လာအိုနိုင်ငံ ဘုရင်အဆက်ဆက် စောက်ရှောက်ကိုးကွယ်ခဲ့ကြသည်။ လောကစူဠာ မဏိစေတီဟု ရှေးက ခေါ်ဝေါ်ကြ၏။ အလွန်ကြီးသော ဓာတ်တော်စေတီဟု အဓိပ္ပါယ်ဖြင့် နားလည်ပူဇော်ကြ၏။ စေတီတော်တွင် ရင်ပြင်တွင် သံဃာ့ရာဇာသီတင်းသုံးရာအဆောင်၊ သံဃာကောင်စီ ရုံးစိုက်ရာ အဆောင်တို့ကို ခန့်ငြားစွာ ဆောက်လုပ်ထားသည်။

      နေ့လည်စာကို Rose Hotel တွင် သုံးဆောင်ကြသည်။ လာအိုရဟန်းတော်၏ ရဟန်းဒါယကာမက ဆက်ကပ်လှူဒါန်း၏။ အဆင့်မြင့် ဟော်တယ်စာဖြစ်၍ စားဘွယ်စုံလင်၏။ လာအိုရိုးရာ ၀ါးချင်းလေးထဲတွင် ထည့်ထားသော ကောက်ညှင်းပူပူလေးကို ဘုန်းပေးခွင့်ရသည်။ ကောင်းညှင်းထမင်းတွင် ၀ါးရနံ့လေးက သင်းနေသဖြင့် ပိုမို စားချင်စဖွယ်ဖြစ်သည်။ 
  
သိမ်မွေ့ဦး (BHU)

(ဆက်လက်ဖော်ပြပါမည်)

1 comment:

  1. Golden Nugget Casino - MapyRO
    Golden 경산 출장샵 Nugget Casino features 804 gaming machines including more than 50 의왕 출장샵 table games. The slot machines are decorated in a beautiful style 양산 출장샵 and 김천 출장샵 have a modern look. 구리 출장샵

    ReplyDelete