ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

28/02/2015

လာအိုခရီးသွားမှတ်တမ်း ( ၂ )

1. စီးဆင်း ရင်ခွင် | 2/28/2015 | 2. 3. 4. 5. 6. Best Blogger Tips
           နေ့လည်စာပြီးနောက် ဗီယန်ကျင်းမှ အနည်းငယ်ဝေးသောအရပ် မဲခေါင်မြစ်ကမ်းဘေးတွင် တည်ရှိသော ဗုဒ္ဓပန်းခြံသို့ သွားရောက်ခဲ့ကြသည်။ ပန်းခြံကို အနုပညာအင်ဂျင်နီယာ MR. Bounleua က တည်ဆောက်ခဲ့သည်။ ပန်းခြံအတွင်းတွင် လျောင်းတော်မူ မြတ်ဗုဒ္ဓဆင်းတုတော်ကြီး၊ ဘုရားရှင်၏သမိုင်း၊ ဟိန္ဒူသမိုင်းရုပ်တုတို့ကို ထုဆစ်ကာ ပုံဖော်ခဲ့သည်။ ပန်းခြံမပြီးခင် အင်ဂျင်နီယားဆုံးခဲ့သဖြင့် ပန်းခြံမပြီးခဲ့ပေ။ ပန်းခြံကို ကြိုးစားကာပြုလုပ်သဖြင့် ပင်ပန်းသော ဒဏ်ကြောင့် ဆုံးသည်ဟု ဆိုစမှတ်ပြုကြ၏။ သူသည် မြစ်တစ်ဘက်ကမ်း ထိုင်းနိုင်ငံ၊ နောင်ခိုင်းမြို့ (Nongkhai)တွင် Keoku park အမည်ဖြင့် ပန်းခြံကို ဦးစွာ ဖန်တီးတည်ဆောက်ခဲ့၏။ ယင်းပန်းခြံကား ပြီးစီးခဲ့သည်။


  ထိုမှတဆင့် Thanalang အမည်ရသည့် ရွာကလေးသို့ သွားရောက်ကြသည်။ ယင်းရွာ၏ ရထားလမ်းကို လေ့လာရန် သွားရောက်ခဲ့သည်။ ယင်းရထားလမ်းသည် လာအိုနိုင်ငံ Thanalang ရွာမှ ထိုင်းနိုင်ငံ၊ နောင်ခိုင်းမြို့ (Nongkhai )သို့သာ ဖောက်လုပ်ထားခြင်းဖြစ်သည်။ သုံးကီလိုမီတာမျှသာ ရှည်လျှားသည်။ ကမ္ဘာအတိုဆုံး ရထားလမ်းဟု လာအိုသူငယ်ချင်းက ပြောပြသည်။

     ဗီယန်ကျင်းမြို့အတွင်း ပြန်ဝင်လာကာ နိုင်ငံတကာလေယာဉ်ကွင်း၊ မြန်မာသံရုံးသို့လည်း ရောက်ခဲ့သည်။ ထို့နောက် သဟဿကျောင်း (Sahassa Temple) သို့ သွားခဲ့သည်။ Vat Sisaket ဟုလည်း ခေါ်ဝေါ်ကြ၏။ လာအိုနိုင်ငံတွင် မီးလောင်းခြင်း မခံခဲ့ရသော တစ်ခုတည်းသော ကျောင်းဖြစ်သည်။ ရှေးက ထိုင်းသည် လာအိုသို့ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း ယင်းကျောင်းကား မီးမလောင်ခဲ့ပေ။ ထိုအချိန်က စစ်သားများ ထိုကျောင်းနေရာ၌ ပုံးခိုခဲ့ကြသည်။ ယင်း Vat Sisaket ကျောင်းကို လာအိုနောက်ဆုံးဘုရင် အနုဝုန် (Anou Vong)က ၁၈၁၉-ခုနှစ်နှင့် ၁၈၂၄-ခုနှစ်ကြားတို့တွင် တည်ထားပူဇော်ခဲ့သည်။ လာအိုနိုင်ငံရှိ အခြားကျောင်းများမှ ဘုရားများကို ပင့်ဆောင်ပြီး ထိုကျောင်း၌ တစ်စုတစ်ဝေးတည်း ပူဇော်ထားခဲ့သည်။ ဆင်းတုတော်ပေါင်း တစ်ထောင်ကျော်ရှိ၏။ ထို့ကြောင့် တစ်ထောင် (သဟဿ)ကျောင်း ဟု ခေါ်ဝေါ်ကြခြင်းဖြစ်၏။ ယခုအခါ အစိုးရ၏ ပြတိုက်အဖြစ် ဖွင့်လှစ်ထားသည်။ ဘုန်းတော်ကြီးများက စောက်ရှောက်ကြ၏။

    ရှေ့ဘက် အနီးတွင် ဟောပခ စေတီတော်နှင့် အစိုးရအုပ်ချုပ်ရေးယန္တယား အဓိကလည်ပတ်ရာ သမ္မတနန်းတော် တည်ရှိ၏။ လမ်းတစ်ဘက်ရှိ ဟောပခ (Horparkeo)ဘုရားကို ၀င်ရောက် ဖူးမျှော်ကြသည်။ အတွင်းပိုင်းတွင် ရှေးဟောင်းဘုရားတို့ကို ပူဇော်ထား၏။ ထိုဘုရားဆောင် ကို စေတီတော်၏ စိန်ဖူးတော်ကဲ့သို အချွန်ပုံစံ ထုလုပ်ထားသည်။ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှ မြဘုရားသည် ရှေးအခါက ယခုစေတီအတွင်း၌ နှစ်ပေါင်းများစွာ သီတင်းသုံးခဲ့သည်။ စေတီဆောင်စင်္ကြန်လမ်းတွင် ကျောက်စရစ်အမဲရောင်ဖြင့် ထုလုပ်ထားသော ထိုင်တော်မူ ရှေးဟောင်း ဆင်းတုတော် ခြောက်ဆူသည် ပိုမိုသပ္ပါယ်သည်။ ဖူးရသည်မှာ ပို၍ စိတ်ကြည်နူးရသည်။

   အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ်ကလင်တန်လာတုံးက ထိုဆင်းတုတော် ခြောက်ဆူရှေ့တွင် ရိုက်ထားသော ဓာတ်ပုံတို့ကို အင်တာနက်မှ မြင်ခဲ့ဘူးသည်။ ခုတော့ ကိုယ်တိုင်ကိုယ်ကျ ဖူးခွင့်ရသည်။ လာအိုဘုရင် Say Settha သည်ပင် ထိုစေတီကို That Laugang စေတီနှင့် တစ်ချိန်တည်း တည်ထားခဲ့၏။ ထိုဘုရားတွင် တစ်ယောက်တည်း လည်ပတ်သော အသက် (၇၇)နှစ်အရွယ် အမေရိကန် နိုင်ငံသား တစ်ယောက်နှင့် စကားပြောခွင့်ရခဲ့သည်။ 

   သူက မိမိကို မြန်မာဟု သိသည်နှင့် သူ့ဘ၀အတွေ့အကြုံကို ပြောပြသည်မှာ ပိုမိုစိတ်ဝင်စား စရာကောင်းသည်။ သူ ၇-နှစ်အရွယ်တွင် သူ၏အဖေက မင့်ကြီးလာလျှင် မြန်မာဆိုတဲ့ နိုင်ငံကို မဖြစ်မနေအရောက်သွားပါ၊ သိပ်ရိုးသားပြီး သိပ်ပျော်စရာကောင်းတဲ့နိုင်ငံပဲ-ဟုမှာခဲ့ကြောင်း၊ ထို့ကြောင့် သူ (၄၄)နှစ်အရွယ်တွင် သွားရောက်ခဲ့ ကြောင်း၊ ဗိုလ်နေ၀င်းခေတ်ဖြစ်၍ ၀င်ခွင့်မပေးကြောင်း၊ ပိုက်ဆံပေးကာ နားလည်မှုရယူ၍ သုံးရက်လည်ခွင့်ရခဲ့ကြောင်း၊ အမေရိကန်ခရီးသွားထဲတွင် မြန်မာနိုင်ငံသို့ သူအစဆုံး လည်ဖူးသူဖြစ်မည်ထင်ကြောင်း၊ သိပ်ကောင်းသည့်နိုင်ငံဖြစ်ကြောင်း စသည်ဖြင့် ပြောပြသည်။ ခုအခါ မြန်မာသို့ သူသုံးခေါက်ရောက်ခဲ့ဘူးပြီ။ သူပြောပြချင်သော မြန်မာနိုင်ငံအကြောင်းအရာများမှာ များပြားလှသည်။

    သူငယ်ချင်း လာအိုမိတ်ဆွေတို့က စောင့်နေသဖြင့် သူ့ကို နှုတ်ဆက်ခဲ့ရသည်။ နိုင်ငံကြီးသားတို့၏ ရင်ထဲတွင် ရိုးသားသော မြန်မာ့ပုံရိပ်များ ရှိနေသေးသဖြင့် ဂုဏ်ယူမိခဲ့၏။ တစ်နေကုန် လည်ပတ်ကြရာ အချိန်ကား ညနေအချိန်သို့ ရောက်ခဲ့၏။ နောက်ဆုံး လည်စရာအဖြစ် မဲခေါင်မြစ်ကမ်းဘေးတွင် ရှိသည့် အနုဝန် ပန်းခြံ (Anou vong )သို့ သွားခဲ့သည်။ လာအိုနိုင်ငံ နောက်ဆုံးဘုရင်၏ ရုပ်တုကို ပန်းခြံ ပြုလုပ်ထားခြင်းဖြစ်၏။ မကြီးကျယ်သော်လည်း မြစ်ကမ်းဘေး လေညှင်းခံရင်း ဓာတ်ပုံရိုက်သူတို့ဖြင့် စည်းကား၏။

      မဲခေါင်မြစ်ကမ်းလမ်းအတိုင်း ကားမောင်း၍ ပြန်ခဲ့ကြရာ မြစ်ကမ်းတစ်လျှောက် အပန်းဖြေနေသူတို့ဖြင့် စည်းကားနေ၏။ လာအိုသူငယ်ချင်း ရဟန်းဒါယိကာမအိမ်သို့လည်း အလည်ရောက်ခဲ့၏။ ဇွန်လ (၁၂) ရက်နေ့ နေလည့်ခင်းတွင် ထိုင်းနိုင်ငံ ၊ ဗန်ကောက်သို့ ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ၊ ဥဒေါင်းဌာနီမြို့အထိ လာအို သူငယ်ချင်းနှင့် ရဟန်းဒါယိကာမတို့က ကားဖြင့်လိုက်ပို့သည်။ 

   လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်လည်း သန့်ရှင်းသည်။ လှပသည်။ ထိုင်းနှင့်တရုတ်ကို အဓိက မှီခိုရသော နိုင်ငံဟု မြင်မိသည်။ တရုတ်မြို့ဟူသော အမည်ဖြင့် အိမ်ရာစီမံကိန်းကြီး တစ်ခု တည်ဆောက်နေသည်ကို တွေ့ခဲ့ရသည်။ ဆိုင်ကယ်ပေါများပြီး လာအို၊ ထိုင်း၊ တရုတ်ထုတ် ဆိုင်ကယ်တို့ကို သုံးစွဲကြသည်။ ယာဉ်ကြောပိတ်ဆို့မှု သိပ်မရှိဘဲ လွယ်ကူစွာ သွားလာနိုင်သည်။ ကွန်မြူနစ်နိုင်ငံဖြစ်၍ မိမိနိုင်ငံကဲ့သို့ပင် လမ်းတို့မှာ လက်ရာမောင်းဖြစ်၏။ သယံဇာတမရှိသော်လည်း မိမိတို့နိုင်ငံထက် များစွာတိုးတက်နေသည့် အရာများစွာကို တွေ့ခဲ့ရသည်။ ကောက်ညှင်းစားကာ အမြဲ လှပနေသောနိုင်ငံလေး အဖြစ် မေ့မရဘဲ ရှိနေပါသည်။ 

 သိမ်မွေ့ဦး (BHU)
 (15-01-15)

No comments:

Post a Comment