ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

16/07/2015

အဉ္ဇလီဖြင့် နှုတ်ဆက်ခြင်း

1. စီးဆင်း ရင်ခွင် | 7/16/2015 | 2. 3. 4. 5. 6. Best Blogger Tips

         အော်.. ရှစ်နှစ်တောင် ရှိခဲ့ပြီပဲ။ 

       သူ ဒေါက်တာဘွဲ့ ယူခဲ့သည့်ရက်က မဇ္ဈိမမှာ ကုန်လွန်ခဲ့သည့်အချိန်တို့ကို ပြန်လည်ရေ တွက်မိသည်။ ရှစ်နှစ်နီးပါး ရှိခဲ့ပြီ။ ငါးနှစ်ဟုခန့်မှန်းပြီး အိန္ဒိယကို ထွတ်လာခဲ့သည်။ တကယ်နေခဲ့ရသည်က ရှစ်နှစ်ပြည့်လုနီးပါး။ အချိန်တွေ ငွေတွေ အရွယ်တွေ စသည် စသည် ပေးဆပ်ခဲ့ရမှု များစွာ.. များစွာ..။  


  ခုတော့ ရှစ်နှစ်မျှ ခိုလှုံခဲ့ရသည့် တက္ကသိုလ်ကြီးကို အပြီးပိုင် ခွဲခွဲရတော့မည်၊ တကယ်ခွဲရမည်ဆိုတော့လည်း လွမ်းမောမိသည်။ ၀မ်းနည်းမိသည်။ နှုတ်ဆက်အမှတ်တရ အဖြစ် တက္ကသိုလ်ဝန်းကြီးတစ်ခုလုံးကို လှည့်ပတ်ကာ ဓာတ်ပုံရိုက်သည်၊ စိမ်းစိုအေးမြသော သစ်ပင်ကြီးတို့အောက်တွင် အေးချမ်းစွာ အနားယူသည်။ ကြီးကျယ်ခန့်နားသော ၀ိဇ္ဇာ သိပ္ပံ အဆောက်အအုံ ကြီးတို့၏ အလှတို့ကို တမေ့တမော ငေးမောသည်။ ဘုရားကျောင်းတွင် ဒိန်ချဉ်သောက်ကာ အပန်းဖြေသည်။ သူငယ်ချင်းများနှင့် ပျော်ရွှင်စွာ ပညာသင်ယူခဲ့ရသည့် ပါဠိနှင့် ဗုဒ္ဓဘာသာဌာနတို့ကို လွမ်းမောတသ ကြည့်ဖြစ်သည်။ ကျမ်းပြုစဉ် နေ့စဉ် လက်မှတ်ထိုးခဲ့သည့် ဆန်စကရက်စ်ဌာနက လက်မှတ်ထိုးစာအုပ် ခပ်နွမ်းနွမ်းလေးကို အောက်မေ့တသ လှန်ကြည့်ဖြစ်သည်။ အော်… ကိုယ့်နာမည်လေးကိုတောင် မင်နီချက်ထားခဲ့ပြီပဲ။ မကြာခဏ ၀င်ရောက်အနားယူကာ စာဖတ်ခဲ့ရသည့် ရီဆာ့ခ်ျစကောလားသီးသန့် စာဖတ်ခန်းလေးကို ငဲ့ကြည့်ဖြစ်သည်။ စာတမ်းပြုစုသူတွေ တိတ်ဆိတ်စွာ စာဖတ်လို့ပါလား..။ နေခဲ့စဉ်က အမှတ်တမဲ့ဖြစ်ခဲ့သော်လည်း တကယ်ခွဲရမည်ဆိုသောအခါ အရာအာလုံးသည် အမှတ်တရတွေ လွမ်းစရာတွေချည်း ဖြစ်နေခဲ့သည်။ သူ BHU တက္ကသိုလ်မှာ ပျော်ရွှင်နေခဲ့ပြီပဲ။

   လွန်ခဲ့သည့် ရှစ်နှစ်က…။ 

    သူ ဒီတက္ကသိုလ်သို့ တစ်ပါးတည်း ရောက်လာခဲ့သည်၊ အများတကာ အပေါင်းအသင်းများနှင့် တပျော်တပါး ပညာသင်သွားခွင့်ရခဲ့သော်လည်း သူကား အဖော်မမှီး တစ်ကိုယ်တည်း။ တက္ကသိုလ်သို့ ရောက်သည့်အခါမှ PhD ကျမ်းပြု စီနီယာ နောင်တော်ကြီး နှစ်ပါး ရှိနေသေး၍ အားတက်ရသည်။ 

 သူ တက္ကသိုလ်ကို စရောက်ချိန်က ခုလိုပင် ရွက်ဟောင်းတွေ ကြွေ ရွက်သစ်တွေ ဝေနေသည့် အချိန် ဖြစ်သည်။ တက္ကသိုလ်တစ်ဝန်းလုံး သစ်ပင်ပန်းမန်ကြီးတို့ဖြင့် စိမ်းစို ညို့မှိုင်းနေသည်။ သန့်ရှင်း ညီညာသော အဓိပတိလမ်းမကြီးပေါ် လမ်းလျှောက်ရင်း ကြီးကျယ်လှသော တက္ကသိုလ် အဆောက်အအုံကြီးတို့ကို ငေးမောရသည်မှာ ပသာဒဖြစ်ရသကဲ့သို့ ကိုယ့်ကိုယ်ကို အလိုလို အားငယ်စိတ်များ ဖြစ်ခဲ့ရသည်။ Capital of Knowledge ဟူသော တက္ကသိုလ်ဆိုင်းဘုတ်ကြီးက ပို၍ပင် ချောက်ချားစေသည်။

 သစ်ပင်တွေပေါ်က ကျေးငှက်သာရကာတို့၏ အလှမျိုးစုံတို့ကို ငေးမောကြည့်ရှုသည်မှာ အကောင်းဆုံးသော မြင်ကွင်းဖြစ်သည်။ ကျောင်းစတင် တက်ရောက်ရသည့်နေ့က ဆယ်ကျော်သက် လူငယ်တစ်ယောက်လိုပင် ရင်ခုံခဲ့ရသည်။ ပါဠိ ပရော်ဖက်ဆာကြီး တစ်ယောက်က အတန်းသားတွေကို ဘောပေါ်မှာ ရေးချပြလျှက် သေချာကျန သင်ပေးနေသည်။ အတန်းသားများကို တစ်ယောက်မှ သူမသိသကဲ့သို့ သူကိုလည်း တစ်ယောက်မှ မသိကြ။ မြန်မာဟူ၍ သူတစ်ပါးတည်းသာ။ သူသင်ယူရမည့်အတန်းဟု သိသော်လည်း မ၀င်ရဲဘဲ အပေါက်ဝမှပင် ငေးကြည့်နေဖြစ်သည်။ ထိုအဖြစ်ကို သိသော အမ်အေ ဒုတိယနှစ် ထိုင်းကျောင်းသား တစ်ယောက်က သူအား အခန်းတွင်းသို့ တွန်းပို့လိုက်၏။ ထိုအချိန်မှ စ၍ အတန်းပျော် ကျောင်းသားကြီး ဖြစ်ခဲ့ရသည်။

 တက္ကသိုလ်ကျောင်းသားဘ၀ ပျော်ရွှင်စရာတော့ အတော်ကောင်းသည်။ စက်ဘီးတစ်စီးကို အားကိုးကာ ဈေးသွားသည်၊ ကျောင်းတက်သည်။ အတန်းချိန်ကား နံနက် (၁၁)နာရီခွဲမှ ညနေသုံးနာခွဲ ထိဖြစ်၍ အချိန်မှီ ဈေးပြေး ချက်ပြုတ်စားသောက်သည်၊ ချက်ပြုတ်ဆိုသော်လည်း တစ်ပါးတည်း ဖြစ်သော သူ့အတွက် ဖွယ်ဖွယ်ရာရာ ဟင်းဟူ၍ မရှိသလောက်ပင် ၊ ခရမ်းချဉ်သီးသုတ် သည် သူ၏ လက်စွဲတော်ဟင်းဖြစ်ခဲ့ရသည်။ 

   အတန်းပြီးလျှင် ထိုင်း လာအိုသူငယ်ချင်းတို့နှင့် ၀ိသျှဝနဘုရားကျောင်းသို့ မကြာခဏ သွားကြကာ အအေးသောက်ကြသည်။ မိုးတွင်းအခါတွင်လည်း တက္ကသိုလ်လယ်ကွင်း စိုက်ခင်းတွေထဲ ကန်ဇွန်းရွက် သွားခူးကြသည်။ ဈေးသွားလိုက် ကျောင်းသွားလိုက် စာတွေ အတူလုပ်လိုက်ဖြင့် တက္ကသိုလ်ကျောင်းသား ဘ၀ စာလုပ်ရသည်မှာ ပျော်ရွှင်စရာကောင်းလှသည်။ 

   စာသင်ချိန် ပထမအချိန်သည် သူ၏ အိပ်ငိုက်ဆုံး အချိန်ဖြစ်သည်။ အပြေးအလွှား ဆွမ်းစားပြီး ကျောင်းလာတက်ရခြင်းဖြစ်၍ ထမင်းဆီယစ်တော့သည်။ ထိုအချိန် ဆရာ မသိစေရန် မျက်မှန်အနက်ကို သူအမြဲတတ်ထားသည်။ သူအိပ်ငိုက်လျှင် အတန်းဖော်သူငယ်ချင်းက ပြုံးစိစိဖြစ်နေကြပြီ။ လူကဲခတ်ကျွမ်းကျင်သော ဆရာကလည်း မျက်မှန်အနက်ကို ထိုးဖောက်ကာ မြင်သည်။ ဆရာက ဘန္တေ အိပ်နေတာလားဟု ပြုံးရယ်ကာ မေးလျှင် မအိပ်ဘူးဆရာဟုဖြေပြီး စာအုပ်ကို ပြန်လှန်ရသည်။ ဆရာကို အားနာလှသော်လည်း ဆွမ်းစားပြီး အနားယူအိပ်တတ်သည့် အကျင့်ကို ခဲယဉ်းစွာ ဖျောက်ယူခဲ့ရသည်။

   တစ်နှစ်တစ်ခါ နိုင်ငံခြားသားကျောင်းသား၊ကျောင်းသူများ စုပေါင်းပြီး လက္ခဏိယ ရေတံခွန်သို့ ရေချိုး သွားကြသည်၊ တစ်နေကုန် ရေချိုးပျော်ကြပြီး ပြန်သောအခါ လမ်းမဘေးတွင်တည်ရှိသော သုသုမာရ ဂိရတောင်ကို ၀င်ရောက်ဖူးမျှော်ကြသည်။ ရေချိုးကြ ဘုရားဖူးကြဖြင့် ပျော်စရာကောင်းလှပေ၏။

     သူ အမ်အေအပြီးမှာတော့ မြန်မာကျောင်းသား အတော်များများ ရောက်လာကြသည်။ တစ်ပါးနှင့် တစ်ပါး ကူညီရိုင်းပင်းကြ၊ တိုင်ပင်ဆွေးနွေးကြဖြင့် ပို၍ ပျော်စရာကောင်းလာသည်။ မြန်မာအစား အသောက်များလည်း စုံစုံလင်လင်ဖြစ်၍ ကိုယ့်နိုင်ငံနေရသကဲ့သို့ပင် အဆင်ပြေလှ၏။ ကံမကောင်းခြင်းကား ကမျင်းကြောထ အားကစားဝါသနာမက်လှသော သူက ကစားရင်း လက်တစ်ချောင်းကျိုးတော့၏။ ကျောက်ပတ်တီး သုံးလစီးခဲ့ရ၏။ ထိုအခါ သီတင်းသုံးဖော် မြန်မာ ရဟန်းတော်များက မညီးမညူ ကူညီကြသည်။ ဆေးခန်း လိုက်ပို့ကြသည်။ ဆွမ်းချက်ကြွေးကြသည်။ အ၀တ်လျှော်၊ ရေချိုးစသည် ဝေယျာဝစ္စကအစ အစစအရာရာ ကူညီပေးကြသည်။ အားလုံးကို ကျေးဇူးအနန္တအမှတ်ရမိပါသည်။ 

   အမ်အေအပြီး ဒေါက်တာခုံရရန် အမ်အေကျောင်းတက်ဖက် သူငယ်ချင်းများနှင့် အတူတကွ ကြိုးစားခဲ့ကြသည်။ voice-chancellor အထိ မေတ္တာရပ်ခံကာ ကြိုးစားခဲ့ကြသည်။ သို့သော် ကံမကောင်းခဲ့ကြပေ။ နိုင်ငံခြားကျောင်းသား (၁၅)ရာခိုင်နှုံးသာ ခွင့်ပြုသည်ဟူသော တင်းကြပ်သော တက္ကသိုလ်စည်းကမ်းက သူငယ်ချင်းများကို တကွဲတပြား ဖြစ်သွားစေခဲ့သည်။ သူသာ ကံကောင်းထောက်မစွာဖြင့် ဆန်စကရစ်ဌာနပြောင်းပြီး Research Scholar တစ်ယောက်ဖြစ်ခဲ့သည်။ ဆန်စကရစ်ဌာနရောက်တော့ ရောက်ခါစတွင် နေရာသစ် ဆရာသစ် အပေါင်းအသင်းသစ် တွေနှင့် အသားကျအောင် ကြိုးစားရသည်။ ဆရာသစ် သူငယ်ချင်းသစ်တို့၏ ကူညီဖေးမမှုတို့ဖြင့် ပြောင်း၍ မကြာမီမှာပင် သူ ထိုဌာနမှာ အနေကျလာခဲ့သည်။ နေ့စဉ် လက်မှတ်သွားထိုးသည့် အချိန်တွင် စိတ်ရင်းကောင်းသည့် ဌာနစာရေးတို့က မိထား ( အချို ) လက်ဆောင်ပေးအုံးဟု မကြာခဏ စတတ်သည်။ ကျမ်းပြုနည်းသင်တန်း ခြောက်လတက်ရင်း ကျမ်းပြုနည်းနှင့် မိတ်ဆွေသစ်တို့ ရခဲ့သည်။ ကျမ်းပြုကာလ သုံးနှစ်တာ ကာလအတွင်း မဂ္ဂဇင်းထဲတွင် မိမိကျမ်းပါ ဆောင်းပါးနှစ်ပုဒ်တို့ကို ထည့်ခြင်း၊ Dissertation, presentation, Course work တို့ကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သည်။ အခန်းကဏ္ဍ ခြောက်ပိုင်းခွဲပြီး သူ၏ကျမ်းကို အောင်မြင်စွာ တင်နိုင်ခဲ့သည်။

   ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေ ဝေခဲ့ပြီမို့ တက္ကသိုလ်တစ်ခုလုံး စိမ်းစိုနေကြလေပြီ၊ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးစွာ ထိန်းသိမ်းထားသောကြောင့် တက္ကသိုလ်ကြီး တစ်ခုလုံး သစ်ပင်မျိုးစုံတို့ဖြင့် စိမ်းစိုအုံ့ဆိုင်းနေ၏။ စိမ်းစိုညို့မှိုင်းနေသော သစ်ပင်များပေါ်တွင် ကျေးငှက် သာရကာတို့သည် ပျော်ရွှင်စွာ တွန်ကြူးနေကြသည်။ ဗာရာဏသီနွေသည် ခပ်ကြမ်းကြမ်း ပူစပြုပြီ။ အေးမြသော သဘာဝပတ်ဝန်းကျင်တို့ဖြင့် လွှမ်းခြုံထား၍သာ နေသာထိုင်သာ ရှိတော့၏။ သို့မဟုတ်ပါက အပူဒဏ် ခံနိုင်ဖို့ မလွယ်။ 

     စာမေးပွဲတွေ ဖြေဆိုကြရသည့် မတ်လကိုပင်ရောက်ခဲ့ပြီပဲ။ ဒီအပူဒဏ်ကို သူကျော်ဖြတ်ခဲ့သည်မှာ ခုနှစ်နှစ် ခုနှစ်ကြိမ် ရှိခဲ့ပြီ။ ရှစ်နှစ်ထဲပင် ရောက်ခဲ့ပြီဖြစ်၍ ပြည်ဗာရာ၏ ရာသီဥတုသည် သူ့အတွက်ကျင့်သားရနေခဲ့ပြီ။ ယခုနှစ် ပြည်ဗာရာနွေဦးသည် ယခင်နှစ်များထက် ထူးမပူခဲ့သော်လည်း သူ့အတွက်တော့ ပိုပူသလို ခံစားရသည်။

 ပညာသင်နှစ် ရှစ်နှစ်ထဲအရောက်တွင် သူကျမ်းတင်နိုင်ခဲ့သည်။ ဘွဲ့ရခဲ့သည်၊ ဘွဲရခဲ့ပြီမို့ ကျေနပ်ပီတိဖြစ်မိသော်လည်း ဒီနေရာ ဒီဝန်းကျင်နှင့် ခွဲခွါရတော့မည်ဖြစ်၍ သူဝမ်းနည်းမိသည်။ မိတ်ဆွေအပေါင်းအသင်း ဆရာသမားတို့၏ ကွန်ဂရက်ကျူလေးရှင်းဟု ထောမနာမှုကို ၀မ်းသာဝမ်းနဲအပြုံးဖြင့် ဿင့်(ခ်)ယူ ဟု သူတုန့်ပြန်ဖြစ်ခဲ့သည်။ ကျမ်းတင်ပြီးအချိန်က “ဒီနေ့ကစပြီး လက်မှတ်လာထိုးဖို့ မလိုတော့ဘူး”ဟု ပြောလိုက်သော ဌာနမှုး၏ စကားသည် သူ့အတွက် လမ်းခွဲစကားလို အထီးကျန်စေခဲ့သည်။ ရှစ်နှစ်သာ သမုဒယသည် သူ့အား ဥပါဒါန်ဖြစ်စေခဲ့သည်။

   တက္ကသိုလ်ကြီးအား ခွဲခွါချိန်တွင် သူ့အားပြင်းထန်စွာ ပူလောင်စေခြင်းမဟုတ်သော်လည်း ၀မ်းနည်းသလို ဖြစ်မိပေသည်။ လွမ်းမောတသ ဖြစ်ခဲ့ရသည်။ သက်ရှိသက်မဲ့ အရာအာလုံးကို တစ်နေခွဲခွါရမည်နားလည်ခဲ့သော်လည်း ခွဲခွါအပြီး တက္ကသိုလ်ကြီးကို သမင်လှည်ပြန်ကြည့်မိခြင်းက သူ၏ သောကခပ်ပါးပါးကို ပေါ်ထင်စေခဲ့သည်။

 အမိတက္ကသိုလ်ရင်ခွင်မှာ ပျော်ရွှင်စွာ ပညာသင်ယူခဲ့ရပါသည်။ ကူညီခဲ့သူ ကျေးဇူးရှိခဲ့သူ အားလုံးကို ကျေးဇူးတင်ပါသည်။ ကျမ္မာချမ်းသာကြစေကြောင်း မေတ္တာပို့သပါသည်။ အမှားရှိက ခွင့်လွှတ်ကြဖို့ တောင်းပန်စကား ဆိုပါသည်။ 

သိမ်မွေ့ဦး (BHU)
 20/05/2015

No comments:

Post a Comment