ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

20/07/2015

ဆုံခွင့်မရတဲ့ အိပ်မက်များ

1. စီးဆင်း ရင်ခွင် | 7/20/2015 | 2. 3. 4. 5. 6. Best Blogger Tips
          သူ့ဘ၀တွင် အိပ်မက်များစွာကို မက်ခဲ့ဘူးသည်။ ထိုအိပ်မက်တို့သည် ပျော်ရွှင် ကြည်နူးခြင်း၊ ပျင်းရိ ရှုပ်ထွေးခြင်း၊ ရင်ခုံချောက်ခြားခြင်း၊ ထိန့်လန့် တုန်လှုပ်ခြင်း၊ ပေါ့ပါးသွက်လက်ခြင်း၊ လက်တွေ့ကျခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်း၊ ငြိမ်းချမ်းအေးမြခြင်း စသည်ဖြင့် ရသတို့ စုံလင်လှသည်။ 


         မည်သို့ပင်ဖြစ်စေ အိပ်မက်သည် အိပ်မက်မျှသာဖြစ်၍ လက်တွေ့ဘ၀ မဟုတ်ခဲ့ပေ။ လက်တွေ့ဘ၀နှင့် တစ်ထပ်တည်းကျသော အိပ်မက်တို့ရှိခဲ့သကဲ့သို့ တစ်ထပ်တည်းမကျသော အိပ်မက်တို့ကလည်း များလှပေသည်။ အကောင်အထည်ဖော်နိုင်သော စိတ်ကူးယဉ်အိပ်မက်တို့ ရှိနေခဲ့သလို ပုံမဖော်နိုင်ခဲ့သော အိပ်မက်တို့လည်း ရှိနေခဲ့၏။ သူ့ဘ၀တွင် အကြိမ်ကြိမ် မက်ခဲ့ပြီးမှ လွဲချော်ခဲ့သော အိပ်မက်တို့ကလည်း များခဲ့ပေ၏။ ထိုအနက် အိပ်မက်နှစ်ခုကိုတော့ တခုတ်တရ သတိရနေမိသည်။ အောက်မေ့တသ ဖြစ်နေမိ၏။ 
    ******************************************************* 

        ထိုနေ့က ရန်ကုန်မိုးသည် ခပ်စွေစွေလေး ရွာနေသည်။ မိုးရေဆွတ်ဖျန်းထားသောကြောင့် သစ်ပင်ပန်းမန်တို့သည် စိမ်းစိုလန်းဆန်းနေကြ၏။ ရန်ကုန်ရာသီဥတုသည် အေးအေးမြမြ ရှိ၏။ မဇ္ဈိမအပူတွင် အသားကျနေခဲ့သော သူ့အတွက် စိတ်ကြိုက်ရာသီပင် ဖြစ်သည်။ ကိုလာ အဲယားကွန်းမလိုဘဲ သက်သောင့်သက်သာ နေထိုင်ခွင့်ရလေ၏။ အေးချမ်းသာယာသော ရာသီဥတုသည် သူ၏ ကိုယ်စိတ်နှစ်ပါးလုံးကို လန်းဆန်းတက်ကြွ စေ၏။ 

      သူ့အား အားလပ်ကာ အချိန်ရနေသောကြောင့် မကြည့်ဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သော စာအုပ်ဗီရိုကို ဖွင့်ကာ ရှင်းလင်းဖြစ်သည်။ သူ၏စာအုပ်ဗီရိုထဲတွင် စာအုပ်စာပေတို့ကား အထိုက်အလျှောက် များပြား၏။ သုတ ရသ စာပေစုံလင်၏။ ငယ်ရွယ်စဉ်မှ စတင်ကာ စာအုပ်တို့ကို စုဆောင်းခဲ့သောကြောင့် စုံလင်နေ၏။ ကဏ္ဍအလိုက် စနစ်တကျ သိမ်းဆည်းထားခဲ့သောကြောင့် စာကြည့်တိုက်ငယ်လေးကဲ့သို့ ဖတ်ချင်စရာပင် ဖြစ်၏။ 

    ရှင်းလင်းနေရင်း စာအုပ်ဗီရိုထဲမှ တွေ့ရှိသော စာရွက်နှစ်ရွက်ကို သူသတိထားမိသည်။ စာရွက်တစ်ရွက်မှာ ဒိုင်ယာရီစာအုပ်တစ်အုပ်အတွင်းမှ ထွတ်ကျလာခြင်းဖြစ်ပြီး ငယ်သူငယ်ချင်းတို့၏ ပေးစာတစ်စောင်ဖြစ်သည်။ သင်္ခါရကြောင့် စာရွက်အဖြူမှာ အ၀ါရင့်ရောင်နွမ်းရိရိ ဖြစ်နေပြီး အပြာရောင် မင်လက်ရေးတို့သည်ပင် ခပ်မွဲမွဲလေး ဖြစ်နေခဲ့ပြီ။ စာရွက်တစ်ရွက်မှာ အောင်လက်မှတ်ဖိုင်တွဲများကြားမှ တွေ့ရှိခြင်းဖြစ်ပြီး သီတဂူအဓိပတိ ဆရာတော်ကြီး ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် အထူးပင့်ဖိတ်စာတစ်စောင် ဖြစ်သည်။ သီတဂူဗုဒ္ဓ၀ိဟာရ၊ အမေရိကန်၏ လက်တာဟတ် စာရွက်ပေါ်တွင် အကြောင်းအရာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး သီတဂူ ဆရာတော်ကြီး၏ ခန့်ညားသေသပ်သော လက်မှတ်နှင့်အတူ ကာလာစုံ တောက်ပနေသည့် A4 ဆိုက်စာရွက်တစ်ရွက်ဖြစ်သည်။ အသွင်မတူ အရွယ်မတူသည့် စာရွက်နှစ်ရွက်ကို ကိုင်ကာ သူ၏အတွေးတို့သည် အတိတ်၌ နစ်မျှောသွား၏။

                   ********************************************************** 

“သီတဂူဗုဒ္ဓတက္ကသိုလ်မှာ ပြန်ဆုံကြမယ်” 
မင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းများ

       ဟောင်းနွမ်းနေသော စာရွက်လေး၏ အဆုံးစာကြောင်းကို ဖတ်ကာ သူ၏ လက်တို့ တုန်ယင်လာသည်။ သူ၏စိတ်သည် အတိတ်တို့ကို သတိရမိသွား၏။ သတိရမှုနှင့်အတူ မျက်ရည်တို့ပင် ဝေ့သီလာသည်။ ပေးစာမှာ ကျမ္မာရေး ဂရုစိုက်ဖို့၊ စာကြိုးစားဖို့၊ နေရာသစ်မှာ မိတ်ဆွေသစ်တွေနှင့် အဆင်ပြေအောင်နေဖို့ မှာနေကြ မရိုးနိုင်သော မှာတမ်းတို့ သာဖြစ်ပြီး ပြန်လည်ဆုံတွေ့ကြရန် မျှော်လင့်ချက်စာကြောင်းလေးဖြင့် စာကို အဆုံးသတ်ထားသည်။ 

  စာရွက်ဟောင်းလေးကို ဖတ်နေရင်း စာရွက်ပေါ်က အတိတ်တို့ကို လွမ်းမောဖွယ် ပြန်လည် မြင်ရောင်နေမိသည်။ ငယ်စဉ်က သူတို့သူငယ်ချင်းတစ်တွေ တစ်အူထုံ့ဆင်း ညီအကိုရင်းပမာ ချစ်ခင်ခဲ့ကြသည်။ အေးအတူ ပူအမျှ စာနာ ပေါင်းသင်းခဲ့ကြသည်။ တစ်ဦးအပေါ်တစ်ဦး စေတနာ မေတ္တာ အနစ်နာတို့ဖြင့် ပြုမှုပြောဆို ဆက်ဆံခဲ့ကြသည်။ စာပေကို အတူသင်ယူခဲ့ကြသည်။ လူငယ်ပီပီ စာပေ၌ တက်ကြွစွာ ပျော်မွေ့ခဲ့ကြပြီး အနာဂါတ်အတွက် စိတ်ကူးတွေ ယဉ်ခဲ့ကြသည်။ အိပ်မက်တွေ တသီတသန်းကြီး မက်ခဲ့ကြသည်။ 

       သူ၏ ရှင်ငယ်ဘ၀က စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်တွင် သုံးနှစ်တိုင်တိုင် ပညာသင်ခဲ့ရသည်။ ထို့ကြောင့် သီတဂူကို ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့၏။ ထိုစဉ်က သီတဂူ အာယုဒါနဆေးရုံတော်ကြီးသည် ယခုကဲ့သို့ ပြည့်စုံမှုမရှိသေးဘဲ မိုးတွင်းရောက်လျင် မြက်ချုံတို့ဖြင့် အနည်းငယ် ရှုပ်ထွေးနေတတ်၏။ ဆေးရုံနှင့် မျက်နှာချင်းဆိုင်တည်ရှိသော ကွင်းပြင်ကျယ်ကြီး၏ ခြံစည်ရိုးတွင် သီတဂူဗုဒ္ဓတက္ကသိုလ်စီမံကိန်း ဟူသော ဆိုင်းဘုတ်ကလေး ကို ထောင်ထားပြီး မြောက်ဘက်အနီးတွင် သုသာန်တစ်ခု ရှိသည်။ မှတ်မှတ်ရရ ထိုသုသာန်သို့ ဘုန်းကြီးပျံ နှစ်ခါ လိုက်ပါပို့ဆောင်ခဲ့ဘူးသည်။ သီတဂူဆေးရုံဝင်းအတွင်း မိုးကျ၍ အမှိုက်သရိုက်ထလျင် သူတို့စာသင်သားများက သွားရောက်ကာ ရှင်းလင်းကြရသည်။ မဟာသုဗောဓာရုံ၊ ရွှေဟင်္သာနှင့် ဟံသာဂီရိကျောင်းတိုက်ဟူသော စာသင်တိုက် သုံးတိုက်တို့ အလှည့်ကျ သွားရောက်ကုသိုလ် ယူကြရသည်ဟု မှတ်ခဲ့ဘူးသည်။ မဟာသုဗောဓာရုံကျောင်းတိုက် အလှည့်ရောက်လျင် အမှိုက်ရှင်းသွားရမည့် သံဃာစာရင်းတွင် သူ့နာမည်ပါစေရန် ဆုတောင်းရသည်။ စည်းကမ်းကြပ်သော ကျောင်းတိုက်ဖြစ်၍ သီတဂူသွားရမည့် သံဃာစာရင်းထဲ နာမည်ပါဝင်ပါက အပြင်ထွတ်ခွင့်ရပြီး သီတဂူဆရာတော်ကြီး ကျွေးမွေးသည့် မုန့်တို့ကိုပါ အ၀စားခွင်ရသဖြင့် စာသင်သားဘ၀က ကြီးမားသော အခွင့်အရေးပင်ဖြစ်သည်။ သူတို့အား သီတဂူဆရာတော်ကြီးက မင့်တို့က စာသင်သားတွေဆိုတော့ ငါပါဠိလို ခိုင်းမယ်ကွာဟု မိန့်ပြီး ပေါက်ပြားပေါက်ကာ မြက်ရှင်းသူက ရှင်းပြီး တောင်းကိုင်ကာ အမှိုက်ကျုံးလွင့်ပစ်သူတို့က လွင့်ပစ်ရန် ခိုင်းသည်။ ပြီးလျင် မုန့်ပုံးတို့ကို ချကျွေးသည်။ ပျော်ပျော်ပါးပါး ဘုန်းပေးကြရပြီး ဆရာတော်ကိုလည်း ဖူးရ၊ ဆရာတော်ကို လာရောက်ဖူးမျှော်သော ဦးဂိုအင်ကာ ကိုလည်း တွေ့ခွင့်ရဘူးသဖြင့် ကျေနပ်ခဲ့ရသည်။ 

      စာသင်သားဘ၀က ကျမ္မာရေးကိစ္စဖြင့် သီတဂူဆေးရုံသို့ မကြာခဏရောက်ခဲ့သည်။ ထိုအခါ စစ်ကိုင်းတောင်အလှတို့ကို ငေးမောပြီးနောက် ဆေးရုံကြီးအလှ နောက်ခံဖြင့် မုခ်ဦးထိပ်တွင် ရပ်ကာ ဓာတ်ပုံရိုက်ဖြစ်ကြသည်။ ဓာတ်ပုံ၏နောက်ခံရှုခင်းတွင် ဆေးရုံကြီးသာမက စစ်ကိုင်းတောင်အလှပါ သိမ်းကျုံးပါဝင်နေသောကြောင့် ရိုက်ပြီးဓာတ်ပုံတို့ကို ကြည့်မ၀ဖြစ်ရသည်။ လမ်းတစ်ဘက် ဗုဒ္ဓတက္ကသိုလ်စီမံကိန်း ဟူသော ဆိုင်းဘုတ်ကို ဖတ်ကာ အနာဂါတ်အတွက် အိပ်မက်မက်ကြသည်။ စိတ်ကူးတွေ တစ်ဝကြီး ယဉ်ကြမြဲဖြစ်သည်။ သူငယ်ချင်းများနှင့် စကားလက်ဆုံကျတိုင်း သီတဂူတက်မည်   ဟူသော အနာဂါတ် ရည်ရွယ်ချက်တို့သည်လည်း ကိုယ်စီ ခိုင်မြဲခဲ့ကြ၏။

       နောက်တော့ သူ့ဘ၀အလှည့်အပြောင်းကြောင့် စစ်ကိုင်းမှ ရန်ကုန်သို့ ရောက်ခဲ့သည်။ သူငယ်ချင်းများထံ အကြိမ်ကြိမ် စာရေးပို့သကဲ့သို့ သူငယ်ချင်းများကလည်း သူ့ထံသို့ စာရေးစာပြန်ကြသည်။ ရေးလိုက်သည့် ပေးစာတိုင်း၏ အဆုံးတွင် သီတဂူ ဗုဒ္ဓတက္ကသိုလ်မှာ ပြန်ဆုံကြမယ် ဟူသော စာကြောင်းလေးကို မပျက်မကွက်ထည့်ရေးကာ အနာဂါတ်ရည် ရွယ်ချက်ကို ယုံကြည်ခဲ့ကြသည်။ မပြောင်းလဲသော အိပ်မက်တို့ကို အဖန်ဖန် မက်ခဲ့ကြသည်။ သို့သော်လည်း အိပ်မက်သည် အိပ်မက်မျှသာ ဖြစ်၍ လက်တွေ့ဘ၀ မဖြစ်ခဲ့ပါချေ။

       ဖိုင်တွဲများကြားမှ ပြန်လည်တွေ့ရှိရသည့် အထူးဖိတ်ခေါ်စာလေးမှာ သစ်လွင်နေဆဲဖြစ်ပြီး ဖြစ်ပြီး စာလုံးနှင့်ဓာတ်ပုံတို့မှာ ကာလာစုံတောက်ပလျက်ရှိသည်။ စာရွက်ထိပ်ပိုင်းတွင် အမေရိကန်၊ တက္ကဆက်ပြည်နယ်၊ အော်စတင်၊ သီတဂူ ဗုဒ္ဓဗုဒ္ဓ၀ိဟာရ၏ လိပ်စာကို ရေးထား၏။ လိပ်စာ၏ တစ်ဘက်တစ်ချက်တွင် သီတဂူလိုဂိုတံဆိပ်နှင့် အမေရိကန်တွင် တည်ထားပြီးစီး သည့် ရွှေစည်းဂုံ စေတီတော်ဘုရားပုံတော်ကို ထည့်သွင်းထားသည်။

        အထူးပင့်စာပါ အကြောင်းအရာမှာ ၂၀၁၂-ခုနှစ် နိုဝင်ဘာလ (၂၄-၂၅) ရက်များတွင် အမေရိကန်၊ သီတဂူဗုဒ္ဓ၀ိဟာရတွင် ကျင်းပမည့် ရွှေစည်းဂုံ ဘုရားထီးတော်တင်လှူပွဲသို့ ကြွရောက်ရန် ဖိတ်ကြားခြင်းဖြစ်သည်။ ဖိတ်ကြားသည့်ရက်မှာ သြဂုတ်လ (၂၆)ရက် ဖြစ်သည်။ သီတဂူ ဆရာတော်ကြီးသည် ပြည်ပတွင် ပညာသင်ကြားနေသော မြန်မာရဟန်းတော်များအား မိမိ၏ တပည့်ရင်းများပမာ တတ်စွမ်းသမျှ ချီးမြှောက်လေ့ရှိသည်။ အိန္ဒိယရောက် မြန်မာရဟန်း တော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့တွင် ပြည်ပသြ၀ါဒါစရိယအဖြစ်ဆောင်ရွက်ပေးပြီး နှစ်စဉ်ကြွလာကာ သြ၀ါဒပေး၏။ ဆရာတော်သြ၀ါဒချီးမြှင့်တိုင်း သာသနာအတွက် လိုအပ်ချက်တို့ကို ထောက်ပြပြီး အကျင့်ကို အသိဖြင့် ထိန်းရန် အရည်အသွေးပြည့် ဘွဲ့ရများဖြစ်အောင် ကြိုးစားကြရန် ဦးတည်ကာ မိန့်မှာတတ်သဖြင့် တပည့်သံဃာများ အားတက်ကြရသည်။ ဆရာတော်ကြွလာတိုင်း ပျော်ကြရသည်။ ဗုဒ္ဓဂယာတွင် ပညာသင်ရဟန်းတော်များအဖွဲ့ပိုင် ကျောင်းတော်ကြီးတည်ဆောက်ရာတွင်လည်း ဆရာတော် ကိုယ်တိုင် မတည်လှူဒါန်းကာ နောက်ပါ ဒကာ ဒကာမတို့အားလည်း လှူဒါန်းစေခဲ့သည်။ ယခုအခါ ထိုကျောင်းတော်ကြီးသည် ပြီးစီးခဲ့ပြီဖြစ်၍ ပရိယတ် ပဋိပတ်လုပ်ငန်းခွင်တို့ဖြင့် နေ့စဉ် လည်ပတ်လျှက်ရှိသည်။ 

  ဆရာတော်သည် ယခင်နှစ်များက အိန္ဒိယတွင် ပညာသင်ယူနေသော မြန်မာရဟန်းတော်များအား တစ်ပါးလျင် ဒေါ်လာတစ်ရာစီဖြင့် နှစ်စဉ်နီးပါး လှူဒါန်းခဲ့၏။ ဆရာတော်ကြီး၏ ပညာသင်စရိတ် ဒေါ်လာ တစ်ရာ ထောက်ပံ့မှုကို သူက ငါးနှစ်တိုင်တိုင် ရရှိခဲ့သည်။ ယခု အမေရိကန်၊ ရွှေစည်းဂုံဘုရား ထီးတော်တင်လှူပွဲတွင်လည်း အိန္ဒိယရောက် တပည့်များအား အားပေးချီးမြှောက်လိုသဖြင့် အိန္ဒိယရောက် မြန်မာပညာသင်ရဟန်းတော်များအဖွဲ့၏ကိုယ်စား ငါးပါးကို ဖိတ်ကြားဖြစ်သည်။ ထိုငါးပါးတွင် သူပါဝင်ခဲ့သောကြောင့် ဆရာတော်၏ အထူးပင့်ဖိတ်စာကို ရခဲ့ခြင်းဖြစ်သည်။

     လောကနိဗ္ဗာန်ဟု တင်စားကြသည့် အမေရိကန်နိုင်ငံသို့ သွားခွင့်ရတော့မည်ဟု သိရ၍ သူ ပျော်မိသည်။ ရောက်ရတော့မည်ဟူသော အတွေးဖြင့် အကြိမ်ကြိမ် ကြည်နူးရသည်။ ထို့နောက် ရန်ကုန်၊ အမေရိကန်သံရုံးသို့ ဗီဇာဝင်ရမည့် ရက်နှင့် နာမည်စာရင်းတို့ အတိအကျ ထွတ်လာခဲ့သည်။ ထို့ကြောင့် သူ မြန်မာနိုင်ငံသို့ ပြန်ရန် စီစဉ်သည်။ တက္ကသိုလ်တွင် ခွင့်စာတင်ပြီး ရထားလက်မှတ် လေယာဉ်လက်မှတ်တို့ ကြိုတင်ဝယ်ယူသည်။ ခွင့်ရက်ကား နှစ်လခွဲသာခွင့်ပြုသဖြင့် ရန်ကုန်သံရုံးတွင် ဗီဇာယူရမည့်ရက်နှင့်နီးကပ်စွာ ပြန်မည့်ရက်ကို စီစဉ်သည်။

      သူပျော်သကဲ့သို့ သူ၏ အပေါင်းအသင်း များလည်း ပျော်ကြသည်။ ထိုနေ့က အပြန်ခရီးအတွက် ဗာရာဏသီမှ ကာလကတ္တားသို့ ရထားစီးရမည်ဖြစ်သည်။ ကာလကတ္တားမှ ရန်ကုန်သို့ လေယာဉ် စီးရပေမည်။ သူစီးမည့် ရာဇဌာနီ အထူးရထားသည် ည ၁-နာရီခွဲအချိန်တွင် ထွတ်ခွါမည်။ တိတိကျကျဆိုရလျင် ထိုနေ့သည် ၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ ၂၆-ရက်နေ့ဖြစ်၏။ ခရီးစဉ်အတွက် ပြင်ဆင်စရာအားလုံးပြင်ဆင်ပြီး၍ သွားရန် အသင့်စောင့်နေ၏။ မိတ်ဆွေများက လာရောက်နှုတ်ဆက်ကြသည်။ ကမ္ဘောဒီယား ကျောင်းသားများက ပါတီလုပ်ပေး ရမည်ဟု တောင်းဆို သဖြင့် ပိုက်ဆံထုတ်ပေးလိုက်၏။ ရေချိန်ကိုက်လာကြသောအခါ သူအခန်းတံခါးကို တစ်ပြိုင်တည်း လာဖွင့်ပြီး သူ့အတွက် ဟဲ့ပီး ဂျားနီဟု ဆုတောင်းပေးကြသည်။ သွားရမည့်ခရီးစဉ်အတွက် သူရော မိတ်ဆွေများပါ ကျေနပ်အားရဖြစ်နေကြသည်။

      ရထားဘူတာသို့ သွားရန် အချိန်စောသေး၍ အင်တာနက်ကို ဖွင့်ကာ မေးလ်တို့ကို စစ်ဖြစ်သည်။ ထိုစဉ် မထင်မှတ်သည့် မေးလ်တစ်စောင်က သူ့အထံသို့ ရောက်နေခဲ့၏။ ထိုနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသော သီတဂူမှ အကြောင်းကြားစာဖြစ်၏။ ရွှေစည်းဂုံဘုရားထီးတော် တင်လှူပွဲကို ၂၀၁၃-ခုနှစ် ဧပြီလ ၆၊ ရ ရက်တို့သို့ ရက်ရွှေ့ဆိုင်းကြောင်း အသိပေးခြင်းဖြစ်သည်။

     အကြောင်းမှာ အမေရိကန် မီးလုံခြုံရေးဌာန၏ စည်းကမ်းသစ်ကြောင့်ဖြစ်ကြောင်း၊ တက္ကဆက်ပြည် နယ် ရွှေစည်းဂုံဘုရားတည်ရှိရာ သီတဂူဗုဒ္ဓ၀ိဟာရသည် တောဧရိယာဖြစ်၍ တောမီး ကာကွယ်ရန် ရေသိုလှောင်ရာ တိုင်ကီ၊ ရေပိုက် ၊ ရေဖျန်းသတ်သည့် ပိုက်ခေါင်းစသည်တို့ တတ်ဆင်ရမည် ဖြစ်ကြောင်း၊ ထိုသို့ တတ်ဆင်ရာတွင် အနည်းဆုံး သုံးလကြာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရက်ရွှေ့ရခြင်းဖြစ်ကြောင်း၊ ပင့်ဖိတ်စာကို ၂၀၁၃-ခု၊ ဇန်န၀ါရီလအတွင်း ပြန်ပို့မည်အကြောင်း စသည်ဖြင့် ပြည့်စုံစွာ ရှင်းပြထားသည်။

     မေးလ်ကို ဖတ်ပြီးသည်နှင့် ရထားလက်မှတ်၊ လေယာဉ်လက်မှတ်တို့ကို ချက်ချင်းကန်ဆယ်လုပ်ရသည်။ အိန္ဒိယမှ ငါးပါးတွင် လေးပါးသည် မြန်မာပြည်သို့ရောက်နေခဲ့ကြပြီး သူတစ်ပါးတည်းသာ ကျန်တော့ခြင်းဖြစ်သည်။

  မျှော်လင့်ချက်ဖြင့် အမေရိကန် အိပ်မက်တို့ မက်ခဲ့ပါသော်လည်း နောက်ထပ်ပင့်ဖိတ်စာ မှာ ရောက်မလာခဲ့တော့ပါချေ။ ထို့ကြောင့် သူ၏ အမေရိကန်စိတ်ကူးတို့သည်လည်း ပျက်ခဲ့ရတော့၏။ သီတဂူဆရာတော်ကြီး အိန္ဒိယသို့ နောက်တစ်ခေါက်ကြွလာသောအခါ ထိုကိစ္စနှင့်ပတ်သက်၍ ဒို့က လှူဘွယ်ဝတ္ထူတွေတောင် အားလုံးစီစဉ်လို့ပြီးနေပြီ၊ အမေရိကားက အိန္ဒိယမဟုတ်တော့ ခက်တယ် ကွာဟု နှမြောတသ မိန့်ကြားပေ၏။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်သူကဲ့သို့ သူလည်း အမေရိကားစိတ်ကူးနှင့် ဝေးခဲ့ရပါသည်။ 

   ဘ၀ကံအခြေအနေအရ သူသည် သီတဂူဗုဒ္ဓတက္ကသိုလ်၌ ပညာသင်ယူခွင့်မရခဲ့ပါ။ သီတဂူ ဗုဒ္ဓတက္ကသိုလ်သို့ ရောက်ဖြစ်တိုင်း အတိတ်ခြေရာတို့ကို ပြန်ကောက်မိဆဲဖြစ်သည်။ သီတဂူမှာ ပြန်ဆုံကြ မယ်ဟူသော အတွေးဖြင့် စိတ်ကူးယဉ်ခဲ့ကြသော သူငယ်ချင်းတို့သည် ခုတော့ လောကီလူ့ဘောင်တွင် ကလေးအဖေများ ဖြစ်နေကြပါပြီ။ အတိတ်က အိပ်မက်တို့အကြောင်း သတိရဖို့ အချိန်ပင် ပေးနိုင်ကြတော့မည် မဟုတ်ပေ။

    ကိုသစ် (သီတဂူ)၏ ဖေ့ဘွတ်ခ်ကုသိုလ်ကြောင့် ရွှေရောင်းတ၀င်းဝင်းဖြင့် သပ္ပါယ်လှသော အမေရိကန် ရွှေစည်းခုံဘုရားကြီးကို မကြာခဏ ဖူးခွင့်ရပါသည်။ သာယာသန့်ရှင်းသော သီတဂူဗုဒ္ဓ ၀ိဟာရကျောင်းဝင်းနှင့် ကျောင်းဝိုင်းအတွင်း စိတ်နှလုံးမွေ့လျော်ဖွယ်ကောင်းသော ကမ္မဋ္ဌာန်းကျောင်း ဆောင်တို့ကိုမြင်ကာ ကြည်နူးရသည်။ တစ်ခါတစ်ရံ ဓာတ်ပုံတို့ကို ဖူးမြင်ရင်း မရောက်ဖူးသော နေရာကို လွမ်းတတ်သော အမည်မသိ ဝေဒနာတစ်ရပ်ကို ခံစားမိပါသည်။ 
            ******************************************************* 

     သူ့ဘ၀တွင် အိပ်မက်များစွာကို မက်ခဲ့ဘူးသည်။ အိပ်မက်အတိုင်း ဆုံနိုင်ခွင့်ရသည့် အိပ်မက်များရှိခဲ့သကဲ့သို့ ဆုံနိုင်ခွင့်မရ လွဲချော်ခဲ့သော အိပ်မက်တို့လည်း များခဲ့ပါသည်။ သူ့မှာ ဆုံနိုင်ခွင့်မရခဲ့သည့် ထိုအိပ်မက်နှစ်ခုကိုတော့ တခုတ်တရ သတိရနေမိသည်။ အောက်မေ့သတ လွမ်းမောနေမိသည်။

 သိမ်မွေ့ဦး (BHU)

No comments:

Post a Comment