ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

27/07/2015

သူတို့ချစ်တဲ့ မြန်မာပြည်

1. စီးဆင်း ရင်ခွင် | 7/27/2015 | 2. 3. 4. 5. 6. Best Blogger Tips
          လောကကြီးမှာ မရသေးတဲ့ဂုဏ် ရရှိအောင် ကြိုးစားရတာထက် ရရှိပြီးသားဂုဏ်ကို ထိန်းသိမ်းဖို့က သာခက်တယ်။

      In this word it is more difficult to keep one’s prestige than to achieve it. 
(မဟာဂန္ဓာရုံဆရာတော်ဗရားကြီး)


  မြန်မာနိုင်ငံကို မြတ်နိုးစွာ တမ်းတနေကြသော နိုင်ငံကြီးသား နှစ်ယောက်ကို မိမိဆုံခဲ့ဖူးသည်။ တစ်ယောက်ကို မိမိကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့ပြီး တစ်ယောက်ကတော့ သတင်းတို့ဖြင့် သိခွင့်ရခဲ့သည်။ မိမိ မသိရှိသော်လည်း သူတို့လိုပင် မြန်မာနိုင်ငံကို တန်ဘိုးထားသူ နိုင်ငံခြားသား များစွာ ရှိနိုင်ပါသည်။

  အမေရိကန်နိုင်ငံသား အဘိုးကြီးတစ်ယောက်နှင့် မိမိဆုံခဲ့ရသည်။ အဘိုးကြီးသည် ဒူးဆစ်လောက်ထိသာရှည်သော ဘော်ဘီတိုပွပွနှင့် အင်္ကျီလက်ပြတ်ကိုဝတ်ဆင်ထားပြီး အရွယ်နှင့် မလိုက်အောင်ပင် ဖြတ်လတ်တက်ကြွလှ၏။ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ Vat Sisaket ကျောင်းပြတိုက်အ၀င်ဝတွင် သူနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။ မိမိက ထိုပြတိုက်သို့ အ၀င်တွင် ရေးကြီးသုတ်ပြာဖြင့် ပြတိုက်အတွင်းမှ ပြန်ထွတ်လာသော သူနှင့်ထိပ်တိုက် ဆုံတွေ့ကြခြင်းဖြစ် သည်။ သူက ထိပ်တိုက်တွေ့သော မိမိတို့အား သတိမထားနိုင်သေးဘဲ တစ်စုံတစ်ခုကို သဲကြီးမဲကြီး ရှာဖွေနေလေ၏။ ထို့နောက် ကျောင်းလက်ရန်းဘောင်ပေါ်တွင် တင်ထားခဲ့သော သူ၏ အိုင်းဖုန်းကို ပြန်တွေ့ကာ ကံကောင်းတယ်ဟု တဖွဖွပြောလျက် ကျေနပ်ပီတိဖြစ်နေလေ၏။ ထိုအခါမှ ပြတိုက်အတွင်းဝင်ဖို့ ဘိနပ်ချွတ်ရန် တင်ထားတုန်း မေ့ကျန်ခဲ့တာဟု မိမိအား ပြောပြလေ၏။ မိမိက မပူပါနဲ့ ဖြူစင်တဲ့ ဗုဒ္ဓနယ်မြေ မပျောက်ပါဘူးဟု စကားထောက်လိုက်ရာ အဲဒီလို မဟုတ်ဘူး၊ ပျောက်တယ်၊ အလွယ်ရရင် ယူမဲ့သူတွေ အများကြီးရှိတာဟု ပြန်ပြောလျက် သူ့စကားသူ သဘောကျနေလေ၏။ မိမိတို့နှစ်ယောက်၏ နှုတ်ဆက်စကားကား ထိုမျှသာ။ ထို့နောက် ကိုယ်စီခရီးဆက်ခဲ့ကြသည်။

      မိမိသည် Vat Sisaket ကျောင်းပြတိုက်ကို လေ့လာပြီးနောက် လမ်းတစ်ဘက်ရှိ ဟောပခ (Horparkeo)ဘုရားကို ၀င်ရောက်ဖူးမျှော်သည်။ ထိုနေရာတွင် သူနှင့် ပြန်ဆုံသည်။ သူက လိုလားနှက်ချိုက်စွာ ပြုံးပြလျက် မင့်က မြန်မာက မဟုတ်လားဟု စကားဆိုသည်။ မိမိက ဟုတ်မှန်ကြောင်းပြန်ဖြေရာ ၀မ်းသာအားရဖြင့် ကြီးမြတ်သောနိုင်ငံဟု လက်မထောင်ကာ ထောမနာ ပြု၏။ ယင်းနောက် သူ၏ရင်တွင်းစကားတို့ကို အားရပါးရ ဖွင့်ပြလေ၏။ 

     “ငါ (၇)နှစ်သား အရွယ်ကပေါ့။ ငါ့အဖေက ငါ့ကို သေသေချာချာကို မှာခဲ့တာ။ မင့်ကြီးလာရင် အရှေ့တောင်အာရှက မြန်မာဆိုတဲ့နိုင်ငံကို မရောက်ရောက်အောင်သွားပါ။ သိပ်ရိုးသားသိမ်မွေ့ကြပြီး သိပ်ပျော်စရာကောင်းတဲ့နိုင်ငံ၊ အဲ့ဒီနိုင်ငံရောက်ရင် မင့်စိတ်ကျေနပ်ပျော်ရွှင်မှုတွေ အများကြီး ရလိမ့်မယ်။”

  သူ့ထံမှ မမျှော်လင့်သောစကားသည် မိမိအား ပိုမိုစိတ်ဝင်စားစေသည်။ 

   “ဒါနဲ့ ငါအသက် (၄၄)နှစ်မှာ မြန်မာပြည် အရောက်သွားခဲ့တယ်။ ဗိုလ်နေ၀င်းခေတ်ဆိုတော့ ၀င်ခွင့်မပေးဘူး။ ပိုက်ဆံပေးပြီး နားလည်မှုရယူလို့ (၃)ရက် လည်ခွင့်ရတယ်။ သိပ်ပျော်စရာ ကောင်းတာပဲ။ လူတွေက ရိုးသားကြပြီး ချစ်စရာကောင်းတယ်။ သိပ်အံ့သြခဲ့တာပေါ့။ အခုတော့ ငါ့အသက် (၇၇)နှစ်ရှိပြီ။ မြန်မာပြည်ကို သုံးခေါက်ရောက်ခဲ့ပြီ။ နောက်နှစ်ကို တစ်ခေါက် သွားလည်အုံးမယ်။” 

  လိုက်ပို့သော လာအိုရဟန်းတော်တို့ကို အားနာသဖြင့်သာ သူနှင့်စကားဖြတ်ခဲ့ရသည်။ သူ၏စကားတို့ကား ပြောလို့ မပြီးဆုံးသေး။ စိတ်ပါလက်ပါဖြင့် တက်ကြွစွာ ပြောပြနေ ၏။ မြန်မာလူမျိုးကို တွေ့၍ မြန်မာအကြောင်း ချီးမွမ်းခန်းထုတ်နေခြင်းမဟုတ်သည်မှာ သေချာသည်။ ပွင့်လင်းစွာ ရင်ဖွင့်ပြနေသော သူ၏အမူအရာတို့က ပေါ်လွန်၏။ မထင်မှတ်ဘဲ မြန်မာလူမျိုး ကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံကြီးသား တစ်ယောက်ကို တွေ့ဆုံခွင့်ရသဖြင့် မိမိ ကျေနပ်ခဲ့ရသည်။

   မြန်မာနိုင်ငံကို ချစ်သော နောက်တစ်ယောက်မှာ ကမ္ဘာကျော် ကမ္ဘာ့ဝိပဿနာဆရာကြီး ဦးဂိုအင်ကာပင်ဖြစ်သည်။ မန္တလေးမြို့မှာ မွေးခဲ့သော အိန္ဒိယနိုင်ငံသားဖြစ်သည်။ ဆရာကြီး၏ ဂုဏ်သတင်းမှာ ချီးမွမ်းလို့ မကုန်အောင် များပြားထုံသင်းလှသည်။ အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ် မွန်ဘိုင်းမြို့၌ ရွှေတိဂုံစေတီတော်ကြီး၊ အီဂတ်ပူရီ၌ ဓမ္မဂီရိ တရားရိပ်သာကြီး စသည်တို့ကို အောင်မြင်စွာ တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် နိုင်ငံ(၇၀)ကျော်တို့၌ တရားရိပ်သာပေါင်း (၁၇၀)ကျော်တို့ကို တည်ထောင်နိုင်ခဲ့သည်။ သူ၏ကျေးဇူးကြောင့် ဗုဒ္ဓဘာသာတရားတော်များမှာ ကမ္ဘာကို အထူးပျံ့ခဲ့သည်။ အိန္ဒိယနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတို့၌ တရားစခန်းများကို ဖွင့်လှစ်ပြသကာ အကျဉ်းသားတို့ကို ယဉ်ကျေးစေခဲ့သည်။ ငြိမ်းအေးသော မြတ်ဓမ္မ၏ အမြိုက်ရေကို သောက်စို့စေခဲ့သည်။ ဗုဒ္ဓ၏ ၀ိပဿနာတရားတော်တို့ကို ကမ္ဘာသို့ အထူးဖြန့်ဝေပေးနိုင်ခဲ့သော ပုဂ္ဂိုလ်ထူးကြီး တစ်ယောက်ဖြစ်သည်။

 သူ၏ အဘိုးဖြစ်သော ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီး ဖြစ်ရပ်ကလည်း စိတ်ဝင်စားစရာ ကောင်းသည်။ ဘဆေဆ်လာလ်ဂျီးသည် မန္တလေးမြို့တွင် အခြေချနေထိုင်လျက် အထက် မြန်မာပြည်အနှံ့ အရောင်အ၀ယ်လုပ်သည်။ တစ်ခါက သူသည် မြင်းငါးကောင်း တို့ဖြင့် မြန်မာမြင်စီးသမား ငါးယောက်ကို အသွားအပြန် ငှားကာ အထက်မြန်မာပြည်အနှံ့ ခရီးဆန့်လေ၏။ ထိုစဉ် ဘဆေဆ်လာလ်ဂျီးသည် ညအိပ်တည်းခိုရာဇရပ်တစ်ခု၌ ရောင်းဝယ်ရင်း စုဆောင်းသိမ်းဆည်း ထားသော ငွေဒင်္ဂါးပြားအိပ်ကြီးကို မေ့ထားခဲ့သည်။ သူ၏ပိုက်ဆံများဆုံးပြီဟူသော အသိဖြင့် ပူပင်ခဲ့ရ၏။ ငါးရက်ခန့်အကြာ ရောင်းဝယ်ကိစ္စများပြီးမှ ထိုဇရပ်သို့ ပြန်ရောက်လေ၏။ ထိုအခါ မေ့ကျန်ခဲ့သော သူ၏ငွေအိပ်ကြီးမှ ပိုက်ဆံများသည် တစ်ပြားတစ်ချပ်မှ မလျှော့ပေ။ သူမေ့ခဲ့စဉ်ကအတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရလေ၏။ 

   ထို့ကြောင့် ကုန်သည် ဘဆေဆ်လာလ်ဂျီးက သူ့၏မြေးလေး ဂိုအင်ကာကို ကမ္ဘာမှာ သူခိုးမရှိတဲ့နိုင်ငံဆိုလို့ မြန်မာတစ်နိုင်ငံပဲ ရှိတယ်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောပြခဲ့လေ၏။

   ဆရာကြီး ဦးဂိုအင်ကာသည် မြန်မာပြည်အပေါ် အတော်သံယောဇဉ်ကြီးသည်။ ကျမ္မာရေး မကောင်းသည့်အချိန်က အခြားဧည့်သည်များကို အတွေ့မခံသော်လည်း မြန်မာရဟန်းတော်များ ကြွလာပါက တွေ့ဆုံကာ ၀မ်းပန်းတသာ ကြိုဆိုဖူးမျှော်လေ၏။ သူ၏နောက်ဆုံးအချိန်ကို မြန်မာပြည် ၌သာ နေလိုသည် မြန်မာပြည်၌သာ အဆုံးသတ်လိုသည်ဟု သိခဲ့ရသည်။ သို့သော် မွန်ဘိုင်းမြို့မှာ သူကွန်လွန်ခဲ့ပါသည်။ သူ့ဆန္ဒအတိုင်း သူ၏အရိုးပြာကို မြန်မာပြည်သို့ သယ်ဆောင်ကာ ဧရာဝတီမြစ်၌ မျှောပေးခဲ့ကြသည်။ 

  ဤသို့ မြန်မာကိုချစ်သော နိုင်ငံကြီးသား နှစ်ယောက်ကို မိမိသိခဲ့ဘူးပါသည်။ မိမိမသိရှိသောမြန်မာကိုချစ်သူ လူမျိုးများစွာ ရှိပါမည်။ ရှေးခေတ်က မြန်မာလူမျိုးတို့၏ ရိုးသားသည့်ဂုဏ်၊ ကြိုးစားသည့်ဂုဏ်၊ တည်ကြည်ဖြောင့်မတ်သည့်ဂုဏ်တို့နှင့် ကောင်းမွန်သော အကျင့်စာရိတ္တ တို့ကြောင့် မြန်မာကို ကမ္ဘာက သိခဲ့ကြသည်။ မြန်မာကို ကမ္ဘာက ချစ်ခဲ့ကြသည်။ ရုပ်ဝတ္တုနှင့် စပ်လျဉ်း၍ အတိုးတက်ကြီး မဟုတ်သော်လည်း နာမ်ပိုင်းဆိုင်ရာ၌မူ အတိုးတက်ဆုံး ဖြစ်ခဲ့သည်။ မြန်မာလူမျိုး တို့သည် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များ အတိုင်း မှန်ကန်စွာ လိုက်နာကျင့်သုံးခဲ့ကြသည်။

  ယခုခေတ် မြန်မာနိုင်ငံသည် ကမ္ဘာနှင့်ယှဉ်လျင် အရာရာတိုင်းတွင် နောက်ကျကျန်ရစ်ခဲ့လေပြီ။ ရုပ်ဝတ္ထုတိုးတက်မှုအနေဖြင့် ခါးပြတ်ကျန်ခဲ့သည်မှာ ငြင်းမရသောအချက်ပင်ဖြစ်သည်။ နာမ်ဝတ္ထုတိုးတက်မှု အနေဖြင့် မည်မျှ တိုးတက်နေသနည်း၊ ကောင်းမွန်ဖြောင့်မတ်သော အကျင့်စာရိတ္တများ မည်မျှ ပြည့်စုံနေသနည်း၊ ထိုကိစ္စကို ယနေ့ခေတ် မြန်မာလူမျိုးများက ကိုယ့်ကိုယ်ကိုယ် မညှာတမ်း ဆန်းစစ်ဝေဖန်ကြဖို့ လိုပေပြီ။ 

    မရှိသေးသော ဂုဏ်ကို ရှိအောင်လုပ်ဖို့ထက် ရှိပြီးသား ဂုဏ်ကို ထိန်းသိမ်းဖို့က ပို၍ ခက်ပါသည်။ ထိုဂုဏ်တို့ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ယနေ့ခေတ် မြန်မာလူမျိုးများ အစွမ်းကုန် ကြိုးစားကြရပါမည်။ သို့မှသာ မြန်မာလူမျိုးများသည် ကမ္ဘာအလယ်တွင် ၀င့်ထည်နိုင်ပေမည်။ မြန်မာလူမျိုးကို ကမ္ဘာက သိကြပေမည်။ မြန်မာလူမျိုးကို ကမ္ဘာက ချစ်ကြပေမည်။ သို့မဟုတ်ပါက…..။ 

သိမ်မွေ့ဦး (BHU)
 26/07/2015

No comments:

Post a Comment