ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

24/07/2015

စီးဆင်းနေသော စမ်းချောင်းကလေး

1. စီးဆင်း ရင်ခွင် | 7/24/2015 | 2. 3. 4. 5. 6. Best Blogger Tips
         ရွာအနီးက စမ်းချောင်းကလေးသည် တသွင်သွင် စီးဆင်းလျက်ရှိသည်။ စမ်းချောင်းကလေးမှ ရေသည် ကြည်လင်သည်၊ အေးမြသည်၊ လတ်ဆတ်သည်၊ သန့်ရှင်းသည်။ အမြဲစီးဆင်း နေသောကြောင့် ညစ်ကြေးကင်းကာ စင်ကြယ်နေ၏။ ကြည်လင်လှသော စမ်းချောင်းကလေးအတွင်း မျိုးမည်စုံသော ငါးငယ်လေးတို့သည် ဟိုဒဟို သွားလာကျက်စားနေကြသည်။ ထို့အပြင် ချောင်းကလေး၏ ကြမ်းပြင်မှ အဖြူရောင် အမဲရောင် ကျောက်စရစ်ခဲလေးတို့ကို တိုးရှိုးပေါက် မြင်တွေ့နိုင်သည်။


             ချောင်းကမ်းဘေးရှိ မြက်ခင်းပြင်တို့မှာ စိမ်းစိုလန်းဆန်းနေ၏။ စမ်းချောင်းလေး တစ်ဘက် တစ်ချက်ရှိ လက်ပံပင်ကြီးတို့မှ လက်ပံပွင့်တို့သည် တစ်ပင်လုံးနီရဲစွာ ပွင့်နေကြ၏။ တိမ်ဖြူ လွှာ အထပ်ထပ်တို့ဖြင့် တောက်ပနေသော ကောင်းကင်းပြာပြာကြီး၏ အောက်မှ တစ်ပင်လုံး နီရဲနေကြသော လက်ပံပင်နှင့်ပေါက်ပင်ကြီးများ၊ ထိုအပင်ကြီးတို့အောက်မှ ညိမ့်ညောင်းစွာ စီးဆင်းနေသော စမ်းချောင်းကလေး၊ ချောင်းကလေးအတွင်းမှ ဘဲငန်းတစ်အုပ်..။ သဘာဝပန်းချီ ဆရာ၏ အလှကား ကြည့်ရှုငေးမော၍ မ၀အောင် လှပနေဘိ၏။ 

      ညနေခင်းရောက်လျင် ထိုစမ်းချောင်းလေးသို့ ယောလုံမပျိုတစ်သိုက် ရေခပ်ဆင်းလေ့ရှိသည်။ သူတို့သည် ယောယက်ထည် လုံချည်အကျီင်္ကို သေသပ်စွာ ၀င်ဆင်ထားကြပြီး ပါးပြင်ပေါ်တွင် သနပ်ခါးပါးကွက်ကြားကို ထင်းနေအောင် လိမ်းချယ်ထားကြသည်။ ယောသံဝဲ၀ဲဖြင့် မာမာအေးသီချင်းကို သံပြိုင်သီဆိုလေ့ရှိကြပြီး ရေအိုးကို ကိုယ်စီရွက်လျက် စမ်းရေအေးအေးကို ခပ်ယူကြသည်။ ထိုအချိန် စမ်းချောင်းလေးအတွင်း၌ ဘဲငန်းတစ်အုပ်သည် စုန်ချည်ဆန်ချည် ကူးခတ်လျက် ပျော်မြူးနေကြ၏။ လေအဝှေ့တွင် ကြွေကျလာသော လက်ပံပွင့်တိုသည် စမ်းချောင်းလေး ၏ ရေယာဉ်ကျောဝယ် စက္ကူလှေများပမာ မျှောပါနေကြသည်။

       ထိုအချိန် စားကျက်မှ အိပ်တန်းပြန်လာကြသော ကျွဲအုပ်၊နွားအုပ်တို့သည် စမ်းချောင်းမှ ရေအေးအေးကို အ၀သောက်ကြကာ ကိုယ့်သခင်အိမ်သို့ ပြန်နေကြပြီ။ ကိုယ့်နေရာကို တန်းတန်းမတ် ပြန်လာတတ်သော သူတို့၏ အကျင့်သည် သခင်တို့ကို များစွာ တာဝန်ပေါ့စေသဖြင့် ချစ်စရာကောင်းလှသည်။ သူကြီးအိမ် အသံချဲ့စက်မှ ထွတ်ပေါ်လာသော တွံတေးသိန်းတန်သီချင်းကို ယက္ကန်းခတ်သံတို့နှင့်အတူ စမ်းချောင်းကလေးမှ အရှင်းသား ကြားနေရသည်။ ပွင့်လင်းရိုးသားသော ယောရွာလေး၏ တောဓလေ့ တောစရိုက်တို့သည် ဖွဲ့သီလို့ မကုန်အောင် များပြား၏။ သာယာကြည်နူးစရာကောင်းလှ၏။ မြို့ကြီးတွေမှာ ခံစားခွင့်မရနိုင်သော သဘာဝအလှတရားများတို့ကို ထိုနေရာလေးမှာ ပြည့်စုံစွာ ခံစားခွင့်ရနေကြသည်။

             (၂)

     “၀ဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့ ကြွလာခြင်းငှါ ကြွရောက်လာပြီးသော ရဟန္တာတို့ ချမ်းသာစွာ နေထိုင်နိုင်ခြင်းငှါ စောင့်ရှောက်ကာကွယ်ပေးနေသမျှကာလပတ်လုံး ၀ဇ္ဇီမင်းတို့အား ကြီးပွားရန်သာ ရှိ၏။ လုံးဝ မဆုတ်ယုတ်နိုင်ပေ။” 
                                                      (မဟာပရိနိဗ္ဗာနသုတ်) 

       သူတို့ အသက် (၂၅)နှစ် ရှိခဲ့ပြီ။ ယောတိုက်သားတို့ အရွယ်ရောက်ခဲ့ကြပြီ။ သုံးအိမ်ဖြင့် စခဲ့သော သူတို့နေရာလေးသည်ပင် အိမ်ပေါင်း သုံးဆယ်ပြည့်ခဲ့လေပြီ။ အိမ်ခြေများပြားလာသည်တိုင် စည်းလုံးညီညွတ်မှုက ပျိုကွဲမသွား။ ပို၍ ပို၍ စည်းရုံးလာသည်။ လူများလေ အင်အားများလေ ဖြစ်လာသည်။ အရေအတွက်နှင့်အတူ အရည်အချင်းတို့ပါ တိုးတက်လာခဲ့ကြ၏။ ထိုယောရပ်ကွက် လေးအတွက် ပို၍ ဂုဏ်ယူစရာ ကောင်းသည်မှာ မေတ္တာရေ မှန်မှန်သောက်နေကြသဖြင့် ယောသံ ယောဟန် မပျောက်ကြခြင်းပင်ဖြစ်၏။ ယောသူ ယောသားတို့၏ ပင်ကိုယ်ဂုဏ်ဖြစ်သော ရိုးသားသည့်ဂုဏ်၊ ကြိုးစားသည့်ဂုဏ်၊ ပွင့်လင်းသည့်ဂုဏ်တို့မှာ သူတို့၌ တင်းပြည့်ကျပ်ပြည့် ရှိနေကြသေးသည်။ အေးမြသော စမ်းရေကို သောက်ကာ ယောသားတို့ စိတ်ကူးယဉ်ခဲ့ကြသည်။ မေတ္တာရေ သစ္စာရေကို မှန်မှန်သောက်ကာ စေတနာ သဒ္ဓါတို့ ထက်သန်ခဲ့ကြသည်။ ထိုစေတနာ သဒ္ဓါတို့ကြောင့် ညိမ့်ညောင်းသာယာစွာ စီးဆင်းနေသော စမ်းချောင်းလေးဘေးတွင် တောရကျောင်းလေးနှင့် ထုံးဖြူဖြူစေတီလေးကို ဖူးမြှော်ခွင့်ရရန် သူတို့ အိပ်မက် မက်ကြတော့သည်။ ထုံးဖြူဖြူစေတီလေးမှ တစ်ချွင်ချွင်မြည်နေသည့် ဆည်းလည်းသံလေးကို ကြားရောင်မိကြသည်။ တောရကျောင်းတွင် သူတို့၏ ဘ၀တွေကို အနီးကပ် ပဲ့ပြင်မည့် ပဲ့ကိုင်ရှင် ဆရာကောင်းကို ပင့်ကာ ကိုးကွယ်ကြမည်။ တောရကျောင်းကလေးဖြစ်ပြီးနောက် စမ်းချောင်းကို ဖြတ်ကူးမည် တံတားလေး တစ်စင်းကို တည်ဆောက်ကြမည်။ ယောတိုက်သူ ယောတိုက်သားများသည် တံတားလေးကို ဖြတ်ပြီးနောက် တောရကျောင်းသို့ သွားကာ အလှူဒါနတွေ ပေးလှူကြမည်။ တရားတွေ နာယူကြမည်။ ကုသိုလ်တွေ တစ်ဝကြီး ပြုကြမည်။

          ညိမ့်ညောင်းသာယာစွာ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းကလေး..။ 
           ထိုချောင်းကလေးဘေး ထုံးဖြူဖြူစေတီလေးဖြင့် ပနံတင့်လှသော တောရကျောင်းလေး..။
   နွားရိုင်းသွင်းချိန် လုံမပျိုတို့ ရေခပ်ဆင်းချိန်တိုင်း ကြားရတော့မည့် တောရစေတီမှ ဆည်းလည်းသံလေး..စသည်။ 

           သဘောဖြူသော ယောတိုက်သူ ယောတိုက်သားတို့၏ အတွေးတို့သည် များပြားလှ၏။ သို့နှင့် စိတ်ကူးကို အကော်အထည်ဖော်ရန် ကြိုးစားကြသည်။ သဒ္ဓါရွက်လှေကို တက်ညီလက်ညီ လှော်ခတ်ကြကာ အခက်အခဲတို့ကို ကျော်ဖြတ်ခဲ့ကြသည်။ စည်းလုံးညီညွတ်စွာ ကြိုးစားခြင်းကြောင့် စမ်းချောင်းကလေး၏ ကမ်းစပ်တွင် မေးတင်ထားသော တောရကျောင်းလေးကို ပုံဖော်နိုင်ခဲ့ကြသည်။ ထိုကျောင်းလေး၏အမည်ကို စမ်းချောင်းလေးကို အကြောင်းပြုကာ စမ်းချောင်းတောရကျောင်းဟု ကင်ပွန်းတပ်ခဲ့ကြသည်။ ထို့နောက် ယောတိုက်တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး သာသနာ့ရိပ်မြုံတွင် အပြီး ခိုလှုံနေသော ဥုးဝဏ္ဏကို မာလိန်မှုးအဖြစ် တင်မြောက်ပူဇော်ကြ၏။ ဥုးဝဏ္ဏကား နယ်နယ်ရရပုဂ္ဂိုလ် မဟုတ်ပေ။ သာသနာ့ဘောင်ရောက်သည်မှာ နောက်ကျခဲ့သော်လည်း ကန်တော်ရာဆရာတော်ဘုရားကြီးများ၏ မူကို နည်ဿးရည်းကျကျ သင်ယူတတ်မြောက်ခဲ့သော တပည့်ကောင်းတစ်ပါးဖြစ်သည်။ ယောတိုက်သားတို့သည် ဆွေမျိုးသံယောဇဉ်ပဓာနဖြင့် ဥုးဝဏ္ဏကို ဆရာအဖြစ်ရွှေးချယ်ခဲ့ကြသော်လည်း ရွှေးချယ်မှု မှန်ကန်ခဲ့ကြသည်။ ဆရာကောင်းကို ရခဲ့ကြသည်။ တောရဆရာတော် တင်မြောက်ပွဲနေ့သည် သာစည် ယောတိုက်သူ ယောတိုက်သားတို့၏ လိုအင်ဆန္ဒ ပြည့်ဝသော နေတစ်နေ့ပင် ဖြစ်သည်။ အကြိမ်ကြိမ်မက်ခဲ့ကြသော အိပ်မက်တို့ကို လက်တွေ့ဘ၀ထဲရောင်အောင် ပုံဖော်နိုင်ခဲ့ကြ၏။ ထိုနေ့၌ ယောတိုက်သက်တမ်း သည် ငွေရတု ကာလသို့ပင် ရောက်ခဲ့လေပြီ။ 

       မတည်မြဲသော သြကာသလောကကြီး၏ လောကဓံလှိုင်းအပုတ်တွင် တောရကျောင်းကလေး လည်း အလူးအလဲခံခဲ့ရသည်။ ကျောင်းနေရာ ပြောင်းရွှေ့ခဲ့ရသည်။ နှစ်ကြိမ်သုံးကြိမ်မက ပြုပြင်ကာ ကျောင်းဆောက်ခဲ့ကြရသည်။ ကျောင်းဆောင်အသစ်အသစ်တို့ကို ဆောက်လုပ်လှူဒါန်းကာ နတ်လမ်း ဖောက်ခဲ့ကြသည်။ ယခုအခါ ထိုစမ်းချောင်းကျောင်းသည် လောကဓံတို့နှင့်အတူ တည်ငြိမ် ရင့်ကျက်လာခဲ့ပြီး စိန်ရတုကာလသို့ပင် တိုင်ခဲ့လေပြီ။ ဖြတ်ကျော်ခဲ့ရသည့် စိန်ရတုကာလအတွင်း ဥူးဝဏ္ဏ ၊ ဥုးစာရိတ္တ၊ ဥုးကေသရိန္ဒ၊ ဥုးပညာနန္ဒဟူသော ဥယျာဉ်မှုးအဆက်ဆက်တို့ကို ဆည်းကပ် ကိုးကွယ် ခွင့်ရခဲ့ကြသည်။ ဥုးဝါယာမ၊ ဥုးခေမာစာရ စသော ဆရာတော်တို့၏ မေတ္တာရိပ်တို့ကို လုံခြုံစွာ ခိုလှုံခွင့် ရခဲ့ကြသည်။ သဒ္ဓါတရားထက်လှသော ယောတိုက်သူ ယောတိုက်သားတို့ကို သူတော်ကောင်း ပုဂ္ဂိုလ်ကြီးများက ချီးမြှောက်စောက်ရှောက်ခဲ့ကြသည်။ 

        ဆရာဒကာ ညီညွတ်လက်တွဲကာ သာသနာပြုခဲ့ကြသဖြင့် ဆရာတော် ဥုးစာရိတ္တ လက်ထက်တွင် ကလေးနယ်လုံးဆိုင်ရာ စာတော်ပြန်ပွဲကြီးကို သုံးကြိမ်တိတိ အောင်မြင်စွာ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ကြသည်။ ထိုအချိန်က စမ်းချောင်းကျောင်းတိုက်တွင် ဓမ္မဆည်းလည်းသံတို့ဖြင့် ညံစီနေခဲ့သည်။ အရပ်လေးမျက်နှာမှ စာပြန်ကြွရောက်တော်မူလာကြသည့် သံဃာတော်တို့ကို ကိုယ့်ရွာ ကိုယ့်ကျောင်း၌ တစ်စုတစ်ဝေးတည်း ဖူးမျှော်ပူဇော်ခဲ့ကြရသည်။ ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့လှူဒါန်းခွင့် ရခဲ့ကြသည်။ ကလေးခရိုင်၌ ယောတိုက်၏ဂုဏ်ကို ဆရာကောင်းတပည့် ပန်းကောင်းပန်ကာ ဖော်ထုတ်ပြသခဲ့ကြသည်။ မှတ်ကျောက်တင်ခဲ့ရသော ယောတိုက်သာသနာ မှတ်တမ်းတစ်ခုပင် ဖြစ်၏။

     ယောတိုက်မှ နှစ်တစ်ရာပြည့်အတွင်း သာသနာ့အာဇာနည် အရှင်မြတ်တို့နှင့် အဘက်ဘက်မှ ထူးချွန်သည့် လူပုဂ္ဂိုလ်တို့ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထို့တွင် အမေရိကန်၌ သီတင်းသုံးနေကြသည့် ဥုးသြသဓ၊ ဥုးအစ္ဆရိယ၊ တောင်ဖီလာတွင် စာချသာသနာပြုနေသည့် ဥုးဝိသုဒ္ဓနှင့် ဥုးဝါယာမိန္ဒတို့ကား ထင်ရှားသော အာဇာနည်အရှင်မြတ်တို့ပင်ဖြစ်သည်။ ဘုန်းကြီးဥုးသြသဓသည် ကမ္ဘာပတ်ကာ အောင်မြင်စွာ သာသနာပြုနေသကဲ့သို့ မိမိရပ်ရွာ၌ စာသင်ကျောင်းဆောင် ဆောက်လုပ် လှူဒါန်းခြင်း၊ ပညာသင်ဆု၊ စာကြည့်တိုက်စသောပရဟိတအလုပ်တို့ကို ရွက်ရွက်ချွံချွံ ဆောင်ရွက်ပေး လျှက်ရှိ၏။ ယောတိုက်ဇာတိဖွားတစ်ပါးမှ ကမ္ဘာပတ်ကာ မြတ်ဓမ္မကို ဖြန့်ဝေပေးနိုင်သဖြင့် အထူးပင် ဂုဏ်ယူစရာကောင်းလှသည်။ ယခုအခါ စမ်းချောင်းကျောင်းတိုက်တွင် လက်ရှိဆရာတော်၏ ဦးဆောင်မှုဖြင့် ယဉ်ကျေးမှုသင်တန်း၊ ဓမ္မစကူးလ်သင်တန်းတို့ကို သင်ကြားပေးလျှက်ရှိ၏။ တနင်္ဂနွေနေ့တိုင်း ဆည်းလည်းသံလေးတို့ကို ကြည်နူးစွာ ကြားနေကြရသည်။ သူတော်ကောင်းတို့၏ အဆုံးအမဖြင့် ရင့်ကျက်ပြည့်ဝခဲ့ကြသော ယောတိုက်သူ ယောတိုက်သားတို့က ဤသို့ပင် ယုံကြည် ခံယူထားကြပေပြီ။ 

    “သာစည် ယောတိုက်သို့ မကြွလာသေးသော သူတော်ကောင်းတို့ ကြွလာခြင်းငှါ ကြွရောက်လာပြီးသော သူတော်ကောင်းပုဂ္ဂိုလ်များ ချမ်းသာစွာ နေထိုင်နိုင်ခြင်းငှါ စောင့်ရှောက်ကာကွယ်ပေးနေသမျှကာလ ပတ်လုံး ယောတိုက်သူ ယောတိုက်သားတို့အား ကြီးပွားရန်သာ ရှိ၏။ လုံးဝ မဆုတ်ယုတ်နိုင်ပေ။” 

          (၃) 

     “၀ဇ္ဇီမင်းတို့ အညီအညွတ် စည်းဝေးတိုင်ပင်ကုန်လျက် ဆောင်ရွက်နေသမျှကာလပတ်လုံး ကြီးပွားရန်သာ ကြီး၏။ ဆုတ်ယုတ်ရန် အလျှင်းမရှိ။” 
                                (မဟာပရိနိဗ္ဗာနသုတ်) 

   ယခုအခါ သာစည်ယောတိုက်ရပ်ကွက်သည် နှစ်တစ်ရာတင်းတင်း ပြည့်ခဲ့ပြီ။ စမ်းချောင်း ကျောက်တိုက် သည်လည်း နှစ် (၇၅)နှစ်တိတိ ပြည့်ခဲ့ပါပြီ။ အတွေ့အကြုံများခဲ့ပြီဖြစ်သကဲ့သို့ အရွယ်အားဖြင့်လည်း ရင့်ကျက်တည်ငြိမ်ခဲ့လေပြီ။ ယောတိုက်သည် မိမိ၏ အတွေ့အကြုံတို့ကို သင်္ဃန်းစာယူကာ အနာဂတ်ကို လျှောက်လှမ်းကြရပေမည်။ ပစ္စက္ခအောင်မြင်မှု၌ သာယာယစ်မှုးမနေဘဲ ဆက်လက် ချီတက်ကြရပါမည်။ ပို၍ ညီညွတ်မှုရှိအောင် ကြိုးစားနေထိုင်ကြဖို့ လိုပါမည်။ 

       ထိုသို့ဖြစ်ရန် မကြာခဏ စည်းဝေးတိုင်ပင်ကြရမည်။ အချိန်မှီ အစည်းအဝေးသို့ တက်တက်ကြွကြွ သွားရောက်ကြရမည်။ အကြောင်းအမျိုးမျိုးပြ၍ အစည်းအဝေးကို မလွဲချော်သင့်ပေ။ ထိုသို့ စည်းဝေးခြင်းဖြင့် သတင်းစုံတို့ကို ကြားသိရသည်။ သို့ဖြင့် ရှောင်ရန် ဆောင်ရန်တို့ကို တိုင်ပင်ဆွေးနွေးနိုင်ကြသည်။ ကိုယ့်ရပ်ရွာ၏ အန္တရာယ်ကို ကာကွယ်နိုင်၏။ ကိုယ့်ရပ်ရွာ၏ ကောင်းကျိုးကို ဆောင်ရွက်နိုင်၏။ အစည်းအဝေး၌ လူကြီးသူမတို့၏ အတွေ့အကြုံတို့ကို လိုက်နာ မှတ်သားကြရမည်။ လူငယ်တို့၏ အတွေးအခေါ်သစ်တို့ကို ဖော်ထုတ်တိုင်ပင်ကြရမည်။ လူကြီး လူငယ် အမြင်ချင်း ဖလှယ်ကြကာ ကိုယ့်ရပ် ကိုယ့်ဘာသာ ကိုယ်သာသနာအတွက် အလုပ်လုပ်ကြရမည်။ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို လက်တွေ့အကောင်အထည် ဖော်ထုတ်ကြရမည်။ ဆုံးဖြတ်ချက်သာ ချ၍ အကောင်အထည် မဖော်သော အစည်းအဝေးမျိုးများ မဖြစ်သင့်ပေ။ အစည်းအဝေးများလေ ရပ်ရွာကောင်းကျိုးများလေလေဟု ယုံကြည်စွာ ခံယူထားဖို့လိုပါသည်။ 

    စမ်းချောင်းကလေးသည် ယခုအခါ တသွင်သွင် စီးဆင်းနေပါသည်။ စီးဆင်းနေသောကြောင့် စမ်းရေအေးအေးသည် သန့်ရှင်းနေသည်။ ကြည်လင်နေသည်။ လတ်ဆတ်နေသည်။ အေးမြနေ  သည်။ ချောင်းနားဘေးတွင် ဓမ္မဆည်းလည်းသံတို့ဖြင့် ညံစီလျက်ရှိပါသည်။ စမ်းချောင်းရိပ်ကို ခိုနားရောက် သူတိုင်း အေးမြ ချမ်းမြေ့မှုကို ခံစားနေကြသည်။ အအေးဓာတ်တို့ကို ကူးစက်ခံယူကြရသည်။ ထိုစမ်းချောင်းကလေး အမြဲစီးဆင်းပါစေသတည်း..။ 

သိမ်မွေ့ဦး (BHU) 
(15-7-15)

No comments:

Post a Comment