ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

04/01/2015

ထိုင်းမှတ်တမ်း (၃)

1. စီးဆင်း ရင်ခွင် | 1/04/2015 | 2. 3. 4. 5. 6. Best Blogger Tips
         ဇွန်လ(၁၅) ရက်၊ တနင်္ဂနွေနေ့တွင် ဗုဒ္ဓဘာသာဝင် ဂေါရခါးလူမျိုးတို့၏ မင်္ဂလာဆွမ်းကျွေး တစ်ခုသို့ ကြွဖြစ်သည်။ ဇွန်လ (၁၆) ရက်သည် တနင်္လာနေ့ဖြစ်၍ ကျောင်းဖွင့်သည်။ နံနက်စောစော၌ အယုဒ္ဓယမြို့၊ မဟာချူလာလောင်ကွန်တက္ကသိုလ်တွင် ပညာသင်ကြားနေကြသော မြန်မာရဟန်းတော် များအတွက် ကျောင်းကြို ဖယ်ရီဘတ်စ်ကားကြီး နှစ်စီးတို့က ၀ပ်တလုံးကျောင်းသို့ လာကြိုသည်။ ထိုကားကြီးဖြင့် မိမိသည်လည်း တက္ကသိုလ်သို့ အလည်လိုက်ခဲ့၏။ 


  တက္ကသိုလ်မှာ ထိုင်းဘုရင် မင်းမြတ်ဖွင့်ထားသော ဗုဒ္ဓတက္ကသိုလ်ဖြစ်၏။ ခြောက်ထပ်တိုက် စာသင်ဆောင်ကြီးတို့ကို စက်ဝိုင်းပတ်လည် တည်ဆောက်ထားပြီး ဌာနကြီး၊ ဌာနငယ်တို့ဖြင့် အသီးသီး ခွဲခြားထားသည်။ ဘွဲနှင်းသဘင်ဆောင်၊ ပါမောက္ခချုပ်အဆောင်၊ နိုင်ငံခြားကျောင်းသား အဆောင် စသည်ဖြင့် စနစ်တကျ ရှိသည်။ တက္ကသိုလ် မုဒ်ဦးကြီးနှင့် တက္ကသိုလ်အလယ် ရေကန်ကြီးက ပို၍ ပနံရသည်။ ရေကန်ဘေးထိုင်ကာ လေကောင်းလေသန့် ရှုရှိုက်ရင်း တက္ကသိုလ်အလှ တို့ကို ငေးမောရသည်မှာ လွမ်းစရာကောင်းသည်။ စာသင်သားများ အာရုံဆွမ်း၊ နေ့ဆွမ်းကို ဆွမ်းကျောင်းတက်ကာ ဘုန်းပေးနိုင်သဖြင့် ဆွမ်းကိစ္စ အဆင်ပြေသည်။ ထိုင်းသံဃာအများစုမှာ ထိုင်းဘာသာဖြင့် တက်ရောက်ကြပြီး နိုင်ငံခြားသံဃာများကတော့ နိုင်ငံခြားဘာသာရပ်ဖြင့် သင်ယူကြသည်ဟု သိရသည်။ အခြားနိုင်ငံတက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားပြီး နိုင်ငံစုံမှ အဆင်မြင့် ဆရာများကို ငှားရမ်းနိုင်သဖြင့် ကောင်းမွန်သော ပညာရေးရှိသည့် တက္ကသိုလ်ကြီး ပင် ဖြစ်၏။

    နေ့လည်ခင်းတွင် ညီမောင်သြသဓနှင့်အတူ အယုဒ္ဓယမြို့ဟောင်းသို့ သွားရောက်လေ့လာ သည်။ လျောင်းတော်မူရုပ်ပွားတော်၊ အယုဒ္ဓယဘုရင် နရဲစွမ် တည်ထားခဲ့သော ၀ိဟန် ဖရဖုတ္ထစိုင်ယတ် (Wihan Phraphutthasaiyat) စေတီတော်၊ ယင်းဘုရားဝင်းအတွင်း များပြား လှစွာသော ထိုင်တော်မူ ရှေးဟောင်း ဆင်းတုတော်များကို ဖူးမျှော်ခဲ့သည်။ ထိုစေတီတော်၏ မျက်နှာချင်းဆိုင်တွင်ရှိသည့် ဘုရင်နရဲစွမ်၏ ရုပ်တုဆောင်ကို လေ့လာခဲ့သည်။ မြန်မာဘုရင်နှင့် ကြက်တိုက်ရာတွင် ဘုရင်နရဲစွမ်က ယင်းနေရာတွင် နိုင်ခဲ့သည်ဟူ၏။ ထိုကြောင့် အောင်မြေအဖြစ် သတ်မှတ်ကာ ယင်းနေရာတွင် ထိုဘုရင်၏ ရုပ်ထုဆောင် လုပ်ခဲ့၏။ ရုပ်ထုဆောင်ဘေးပတ်လည် တစ်လျှောက်လုံး ကြက်ရုပ်တို့ကို အရွယ်အမျိုးမျိုး၊ ဆိုဒ်အစုံဖြင့် ထောင်သောင်းချီ ထွင်းထုထား၏။ ဟုတ်၊မဟုတ်မှာ သမိုင်းမဖတ်နိုင်သဖြင့် မတိကျသော်လည်း ကြားဖူးသမျှ မှတ်တမ်းတင်ခြင်းဖြစ်၏။ 

    ထို့နောက် အယုဒ္ဓယမြို့ဟောင်း၊ Wat Maha That ကျောင်းကို လေ့လာသည်။ ထိုကျောင်းကို အေဒီ-၁၇၆၇ က အယုဒ္ဓယ ဗမာ စစ်ပွဲတွင် ဖျက်စီးခံရသည်ဟု သမိုင်းမှတ်တမ်းရေးထားသည်ကို ဖတ်ရသည်။ ညောင်ပင်မြစ်အတွင်းမှ မြတ်ဘုရား ဦးခေါင်းတော်ကျိုးကို ဖူးမြှင်ရသကဲ့သို့ စေတီတော်ပျက် များစွာကိုလည်း ဖူးမြှင်ရ၏။ စစ်ပွဲအတွင်း ဖျက်စီးခံရသည်မှာ မသေချာသော်လည်း နှစ်ပရိစ္ဆေဒ ကြာပြီဖြစ်သောကြောင့် ယင်းကဲ့သို့ ပျက်စီးမည်မှာ သေချာလှ၏။ ယခုအခါ ထိုင်းအစိုးရက အပျက်ကို မပြင်ဘဲ ပြစားထားသဖြင့်၊ ပြင်သော်လည်း ရှေးမူ မပျက် ပြုပြင်ထားသဖြင့် ကမ္ဘာလှည်ခရီးသည်များ ကြိတ်ကြိတ်တိုး စည်ကားကြကာ ၀င်ငွေကောင်းလှ၏။ ဘုရားဖူးအပြီး ပြန်ထွတ်လာသောအခါ ဓာတ်ပုံဆရာက မိမိ၏ ဓာတ်ပုံကို ရွှေးလိုက ရွှေးရန် လာပြ၏။ ယင်းဘုရားဝင်းအတွင်းသို့ ၀င်လျင်ဝင်ခြင်း မိမိကို ဓာတ်ပုံဆရာက ဖြတ်ကနဲ ဓာတ်ပုံ ရိုက်ယူထားခဲ့၏။ လျှတ်တစ်ပြက် ရိုက်ယူထားသော ထိုပုံကို အယုဒ္ဓယရှုခင်းနောက်ခံ ကြွေလင်ဗန်းလေး၏ အလယ်တည့်တည့်တွင် ထည့်ပေးထား၏။ ကြွေဗန်းလေးမှာ တင်စရာပါ ပါရှိပြီး အမှတ်တရ နောက်ခံရှုခင်းအလယ်တွင် မိမိပုံကို မြင်ရသဖြင့် ရွှေးချင်စရာ ကောင်း၏။ တစ်ပုံကို ဘတ်တစ်ရာဖြင့် ရွှေးယူရ၏၊ စီးပွားရှာတတ်သော ထိုင်းလူမျိုးများပါပေဟု ချီးကြူးမိသည်။ 

       ထိုင်းနိုင်ငံ၏ အကြီးဆုံး ကြေးဆင်းတုတော်တစ်ဆူဖြစ်သည့် Phra Mongkhon Bophit ဘုရားကို ဖူးခဲ့သည်။ စေတီတော်အ၀င်ဝ မဏ္ဍပ်တွင် ကြီးမားလှသော ၀ါဆိုဖယောင်းတိုင်ကြီး ကိုးတိုင် သွန်းလောင်းနေသည်ကို မြင်ရသည်။ ဖယောင်းတို့ကို ဒယ်အိုးကြီးဖြင့် အဆင်သင့် အပူပေးထားပြီး ဘုရားဖူးလာရောက်သူတို့က တတ်နိုင်သမျှ ငွေးကြေးလှူဒါန်းကြကာ ဖယောင်းရည်ကို ခွက်ဖြင့် ကော်၍ အသင့်လုပ်ထားသော ပုံစံခွက်ထဲသို့ ထည့်သွင်းကြ၏။ ယင်းဖယောင်းတိုင်ကြီးတို့ကို ၀ါဆိုမည့်ရက်တွင် ဘုန်းကြီးကျောင်းတို့သို့ သွားရောက်လှူဒါန်းမည်ဟု သိရပေ၏။ စေတီတော်အတွင်း ထိုင်တော်မူ ကြေးဆင်းတုတော်မှာ ဘူမိဖဿမုဒြာ ရုပ်ပွားတော်မြတ်ဖြစ်၏။ ယင်းအပြင် ရှေးဟောင်း ဆင်းတုတော်များစွာကိုလည်း ဖူးမြှင်နိုင်သည်။ ထိုစေတီအနီးက ဘုရင်ရမထိဗောဒိ တည်ထားခဲ့သော Wat Phra Si Sanphet ဘုရားကျောင်း ကို ဖူးခဲ့ရ၏။ ထိုဘုရားကျောင်းတွင် စေတီတော်ကြီးသုံးဆူကို အတန်းလိုက် တည်ထားပြီး ကျောင်းဆောင်၊ ဘုရားဆောင် စသည် အဆောင်များစွာတို့ဖြင့် ခြံရံထား၏။ တော်ဝင် နန်းတော်၏ ဥပစာတွင် တည်ထားကိုးကွယ်ခဲ့သော ဘုရားကျောင်းဟု သိရ၏။ 

       ယင်းနောက် အယုဒ္ဓယမြို့က အခြားဘုရားများ၊ နန်းတော်ရာများကို ကားပေါ်မှနေ၍ ငေးမောဖြစ်သည်။ တကယ်တော့ အယုဒ္ဓယမြို့သည် မြန်မာ၏ ပုဂံနှင့် ယှဉ်လျှင် မခန့်ညား မကြီးကျယ်ပါ။ သို့သော် လာရောက်သူ ကမ္ဘာလှည့် ခရီးသည်တို့ကား များပြားလှ၏။ လှည့်လည်အပြီး တက္ကသိုလ် ခဏ၀င်ကာ ဗန်ကောက်သို့ ပြန်ခဲ့၏။ 

     ဇွန်လ (၁၇)ရက်နေ့ နံနက် ၂-နာရီခွဲကားဖြင့် ကမ္ဘောဒီယားသွားရန် ထိုင်းနယ်စပ်မြို့သို့ ခရီးဆက်သည်။ ကားမှာ မှန်လုံ အလတ်စားဖြစ်ပြီး ကျောင်းအရောက်လာကြို၏။ ဇွန်လ(၁၈) ရက်နေ့ နေ့လည် ၁၀နာရီခွဲခန့်တွင် ထိုင်း-ကမ္ဘောဒီယား နယ်စပ်ဂိတ်သို့ ရောက်ရှိလေ၏။ ကမ္ဘောဒီယားတွင် သုံးညအိပ် လေးရက်ကြာခဲ့သည်။ ကမ္ဘောဒီယား မှတ်တမ်းကို သီးသန့်ရေးပါမည်။ ကမ္ဘောဒီယား မြို့တော် ဖနွမ်းပင်မှ ဗန်ကောက်သို့ ဇွန်(၂၀)ရက်နေ့ နေ့လည် ၂-နာရီခွဲတွင် ရောက်ရှိသည်။ ဇွန်လ (၂၁)ရက်နေ့တွင် ဗန်ကောက်နာမည်ကြီး ဈေးကြီးဖြစ်သော MBK center သို့ သွားရောက်ခဲ့သည်။ မြို့လယ်သည် နှစ်ထပ် ကောင်းကင်ရထားလမ်း၊ လူသွား ဂုံးကျော်လမ်းတို့ဖြင့် စနစ်ကျ၏။ ထိုကြောင့် ကားလမ်းတွင် ကားများ လွတ်လပ်စွာ မောင်းနှင်နိုင်သကဲ့သို့ လူများလည်း ကောင်ကင်လမ်းမှ လွတ်လပ်စွာ ဖြတ်ကူးနိုင်သည်။ ဈေးတစ်ခုနှင့် တစ်ခုကို လူသွားစင်္ကြ လမ်းတို့ဖြင့် ဆက်ပေးထား၏။ MBK Center သို့ မ၀င်ဖြစ်ခဲ့။ Siam Center သို့ ၀င်ရောက်လေ့လာဖြစ်သည်။ 

     စင်တာကြီး၏ အ၀င်ဝတွင် စက်ရုပ်ကြီးတစ်ရုပ်က တိုက်ပွဲထွတ်တော့မည်ဟန်ဖြင့် မာန်ပါပါ ကြိုဆိုနေလေ၏။ စင်တာမြေညီထပ် အ၀င်တံခါးအနီးတွင် ရေကန်ကြီးတစ်ခုကို ရေအမြဲကျစေလျှက် အလှသစ်ပင်များဖြင့် ဖန်တီးထား၏။ အပေါ်ထပ်သို့ စက်လှေကား ဓာတ်လှေကားတို့ဖြင့် တက်ရောက် နိုင်ပြီး လာရောက်ကြသူ လူတို့ဖြင့် ပြည့်သိပ်နေလေ၏။ ဘုန်းကြီးဟူ၍ မိမိတို့သာ။ မိမိတို့ကို မြင်လျှင် လူတို့က အဝေးမှ ကွင်းသွားကြသည်။ အပေါ်ထပ် စက်လှေခါးတက်လျှင်ပင် မိမိတို့ အကွာ နှစ်ဆင့်ကျော်လောက်က လိုက်ပါကြသည်။ ရောက်ဖူးလို၍ သွားရသော်လည်း သူတို့၏ ရိုသေလေးစားမှုတို့ကြောင့် ခပ်ရှိန်းရှိန်း ဖြစ်ရ၏။ ထိုင်းတွင် ဘုန်းကြီးများက ဈေးဝယ်ပြီး ပိုက်ဆံပေးသော အခါ အရောင်းအမျိုးသမီး၏ လက်သို့ တိုက်ရိုက် မပေးရပေ။ နီးစပ်ရာ နေရာသို့ ပိုက်ဆံကို တင်ပေးရ၏။ ပြန်အမ်းငွေကို ဘုန်းကြီး၏ အနီးနေရာသို့ ပြန်တင်ပေး၏။ ရဟန်းနှင့် အမျိုးသမီး မထိစေလို၍ လုပ်ထားသော ဓလေ့ဖြစ်သည်။ အတုယူစရာ လေးစားစရာကောင်းသည့် ယဉ်ကျေးမှုဓလေ့တစ်ခုပါပေ။ ထိုဈေးမှ ပြန်ထွတ်လာချိန် ထိုင်းလူငယ်စုံတွဲတစ်တွဲက မိမိတို့ကို ခဏစောင့်စေပြီး အအေးပြေးဝယ်ကာ ဆက်ကပ်၏။ ထိုလူငယ်စုံတွဲကပင် မိမိတို့ သွားချင်သော ဖယောင်းရုပ်တုတို့ရှိရာ Siam tower သို့ လိုက်ပို့ပေးသည်။ Siam tower တွင် ကမ္ဘာကျော် မဟတ္တမဂန္ဒီ၊ ဒလိုင်းလားမား၊ ဒေါ်အောင်ဆန်းစုကြည်၊ အိုဘားမား၊ ဘန်ကီးမွန်း စသည့် နိုင်ငံရေးသမားများ၊ ရိုနယ်ဒို၊ မက်ဆီ၊ ဘက်ခမ်း၊ ဂျရတ် စသော ဘောလုံးသမားများ၊ တိုက်ဂါးဝုဒ် စသော ကမ္ဘာကျော် အားကစားသမားများ၊ အိုင်းစတိုင်း၊ ဒိုင်ယာနာ၊ မိုက်ကယ်ဂျပ်ဆင်၊ ဂျက်ကီချမ်း စသည့် အကျော်အမော်များတို့နှင့် ကမ္ဘာကျော် မင်းသား၊ မင်းသမီးတို့၏ ပုံရိပ်လွှာတို့ကို ဖယောင်းဖြင့် ပီပြင်စွာ ထုဆစ်ပြသထားသည်။ ဓာတ်ပုံများကို အကြိမ်ကြိမ် မြင်ဘူးသော်လည်း ၀င်ကြေးမြင့်သဖြင့် အတွင်းသို့ မ၀င်ဖြစ်ခဲ့။ ၀င်ကြေးမှာ တစ်ဦးလျှင် ဘတ်(၇၀၀) ဖြစ်၏။ အပြန်တွင် သင်္ကန်း ပရိက္ခရာဆိုင်ဝင်ပြီး လက်ဆောင်ပေး၇န် လွယ်အိပ်၊ အံသကိုက်တို့ ၀ယ်ဖြစ်ခဲ့သည်။ ထိုနေ့တွင် အရှင်စန္ဒာဝရ (ကလေး)က KFC ကြက်သားကျော်ဖြင့် ဆက်ကပ်၏။ ညနေခင်းတွင် ကလေးမြို့သူ မသဲအိတို့ ဇနှီးမောင်နှံ လာရောက်ကန်တော့ကြသည်။

    ဇွန်လ (၂၂)ရက်နေ့တွင် နံနက်အာရုံဆွမ်းစားတစ်ခုလိုက်ပြီး အရှင်စန္ဒာဝရနှင့်အတူ တိပိဋက ပရောဂျတ်ကို သိလိုသဖြင့် ဗန်ကောက်မှ အတော်ဝေးသော ဓမ္မကာယကျောင်းသို့ သွားရောက် ကြသည်။ အရှင်စန္ဒာဝရ၏ ကပ္ပိယ ဇနီးမောင်နှံတို့ကလည်း လေ့လာရေးအဖြစ် လိုက်ပါ ကြသည်။ အငှားကားဖြင့် ငါးနာရီကျော်ကြာ မောင်းနှင်းရ၏။ ဓမ္မကာယကျောင်းတော်ကြီးမှာ ဧက တစ်ရာ ကျယ်ဝန်းသည်ဟု ကြားသိရပြီး လုံးပတ် စေတီတော်ကြီးများကို တည်ထားလေ၏။ စေတီတော်ကို ပတ်လည်ဝိုင်း၍ အဆောက်အဦကြီးတို့ကို ထုထည်ကြီးမားစွာ တည်ဆောက်နေလေ၏။ အဆောက်အဦးကြီး တို့မှာ ဆောက်လုပ်နေဆဲဖြစ်ပြီး ကျောင်းဝန်းအတွင်း အသုံးပြုရန် ဘတ်စ်ကား များစွာကိုလည်း တွေ့ရသည်။ ကျယ်ဝန်းသော ရေကန်ကြီးတစ်ခု တည်ရှိပြီး ဘောင်တစ်ဘက်တွင် များပြားလှသော ထင်ရှုးပင်တန်းတို့က စိမ်းစို အုံ့ဆိုင်းနေ၏။ ကန်တစ်ဘက်တွင် လေညှင်းခံရန် လေဟာပြင်ကျယ်ကို ကျောက်ပြားကပ်ကာ တည်ဆောက်ထားသည်။ ရေကန်ကြီးဘေးတွင် လုံးပတ်စေတီတော်ကြီးတစ်ဆူကို တည်ထားသဖြင့် ပိုမို ကျက်သရေရှိလှ၏။ ကျောင်းကြီး၏ ယခုလက်ရှိ ကျောင်းထိုင်ဆရာတော်မှာ တတိယမြောက်ဟု သိရ၏။ ယင်းကျောင်းကြီးတွင် ဆွမ်းလောင်းပွဲကြီးများ၊ ရှင် ရဟန်းတစ်ထောင်ပြုပွဲများ ကျင်းပလေ့ရှိသည်ဟု သိရသည်။

    ထိုင်းရဟန်းတော်များ၏ ဖေ့ဘွတ်ခ်စာမျက်နှာတို့တွင် ထိုကျောင်းတော်၏ပုံရိပ်များ မကြာခဏ မြင်ခဲ့ဘူးသည်။ တိပိဋက ပရောဂျက်အတွက် ကူညီနေကြသော အရှင်တို့၏ အဆောင်ကို ရှာရသည်မှာ ခက်ခဲလှသည်။ ကားသမားက ဤဒေသသို့ မကျွမ်းကျင်သဖြင့် လမ်းမှားကာ တစ်နာရီကျော် ကြာသွားခဲ့သည်။ ကျောင်းတော်ကြီး၏ အပြင်ဘက်တွင် ကျမ်းပြု၊ ကျမ်းကြီးကြပ် မြန်မာရဟန်းတော် (၇)ပါး သီတင်းသုံးရန် နှစ်ထပ်တိုက် နှစ်လုံးကို စီစဉ်ပေးထားသည်။ ထိုအရှင်တို့ အဆောင်သို့ ရောက်သောအခါ ၁၁-နာရီပင် ကျော်လေပြီ။ အလုပ်ပိတ်ရက်တွင် မြန်မာလူမျိုးများ ဆွမ်းလာ ကပ်ကြသဖြင့် ဆွမ်းခဲဖွယ်စုံလင်သည်။ မိမိနှင့်အတူ စာသင်သားဘ၀ အတူနေဘူးသော အရှင်သောပါကာလင်္ကာရကို မထင်မှတ်ဘဲ တွေ့ခွင့်ရသည်။ မွန်၊မြန်မာပေစာမူကို ရိုမာန်ဘာသာ ပြန်ရာ၌ ကြီးကြပ်ခြင်း မှား၊မှန် ပြင်ခြင်းတို့ကို ပြုလုပ်ပေးရသည်ဟူ၏။ သိလိုသည်များ စုံလင်စွာ မေးပြီး ဗန်ကောက်သို့ ပြန်ကြရာ ညနေ ၂-နာရီကျော်မှ ရောက်လေ၏။

     ခေတ္တနား ပစ္စည်းများပြင်ဆင်ပြီးနောက် မြန်မာနိုင်ငံ ပြန်ရန် ဗန်ကောက်၊ ဒွန်မောင်းလေဆိပ်သို့ သွားကြသည်။ လေဆိပ်သို့ ယောသားများဖြစ်ကြသော အရှင်စန္ဒာဝရ၊ အရှင်သုဝဏ္ဏ၊ အရှင်သြသဓ တို့က လိုက်ပို့ကြ၏။ ဒွန်မောင်းလေဆိပ်သည် ပြည်တွင်းလေကြောင်းလိုင်းဖြစ်သော်လည်း ရန်ကုန်၊ နိုင်ငံတကာလေဆိပ်ထက် အဆများစွာ သာလွန်ပေ၏။ ထိုင်းစံတော်ချိန် ည ၇-နာရီခွဲ အချိန်တွင် လေယာဉ်ထွတ်ခွါခဲ့ပြီး ရန်ကုန်လေဆိပ်သို့ မြန်မာစံတော်ချိန် ည ၈-နာရီ ၁၅ မိနစ်အချိန်တွင် ရောက်ရှိခဲ့သည်။ အချိန်တို နှစ်ပတ်အတွင်း သုံးနိုင်ငံခရီးကို ခရီးဆက်ခဲ့ရသော်လည်း ယင်းခရီးသည် မိမိဘ၀အတွက် တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ၊ ဗဟုသုတများစွာကို ရရှိစေခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်၍ VIP နှစ်ထပ်ကားကြီးတို့ဖြင့် နေရာအနှံ့ကို လွယ်ကူစွာ သွားရောက်နိုင်သည်။ လမ်းများမှာ အထူးကောင်းမွန်လှပြီး သန့်ရှင်းသပ်ရပ်လှ၏။ ဆီဆိုင်တိုင်းတွင် ဈေးများ၊ စားသောက်ဆိုင်များ၊ ATM ဘဏ်များကို တည်ဆောက်ထား၏။ ပိုက်ဆံ မကိုင်ဘဲ ATM ဘဏ်ကတ်ကိုင်ကာ ခရီးသွား နိုင်သဖြင့် အန္တရာယ်ကင်းသည်။ ဆီဆိုင်ရှိ လမ်းဘေး စားသောက်ဆိုင် များမှာ ခြင်၊ယင်မနား သန့်ရှင်းသပ်ရပ်သကဲ့သို့ အိမ်သာတို့မှာလည်း အထူးသန့်ရှင်း၏။ ဆီဆိုင်တိုင်းကို အလှပန်း၊ အလှသစ်ပင်တို့ဖြင့် တန်ဆာဆင်ထားသောကြောင့် နားခိုရသည်မှာ အမောပြေ၏။ ဘုရင်ချစ်သောနိုင်ငံဖြစ်၍ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့၏ ပုံတို့ကို စုလစ်မွန်းချွန် အထွဋ်မုဒ်ဦးတို့ဖြင့် တောရောမြို့ပါ မကျန် ချိတ်ဆွဲထားကြသည်။ အထူးသဖြင့် ထိုင်းဘုရင်၏ပုံကို နေရာတိုင်းလိုပင် မြင်တွေ့ရသည်။ လူနေမှုအဆင့်အတန်း မြင့်မားသကဲ့သို့ ဘာသာတရား ရိုသေကိုင်းရှိုင်းမှုမှာလည်း စံပြုလောက်သည်။ သို့သော် ထိုင်းလူမျိုး အများစု၏ အင်္ဂလိပ်စာပေမှာ စိတ်ပျက်စရာကောင်းလောက်အောင် ညံ့ဖျင်းသည်။ ထိုင်းစကား အနည်းငယ်ကိုမျှ မတတ်ပါက ထိုင်းနိုင်ငံအတွင်း ခရီးသွားရသည်မှာ အတော်ပင် ခက်ခဲပေသည်။ မိမိ၏ ခရီးစဉ်အတွင်း အရှင်သုဝဏ္ဏ၊ အရှင်စန္ဒာဝရတို့က စေတနာ မေတ္တာ အပြည့်ဖြင့် န၀ကမ္မတို့ကိုပင် လှူဒါန်းကာ ကူညီခဲ့ကြသည်။ အထူးသဖြင့် ညီမောင် အရှင်သြသဓက မိမိ၏ ခရီးစဉ် တစ်လျှောက် တစ်ကောက်ကောက် လိုက်ပါရင်း အချိန်ကုန် ငွေကုန် လူအပန်းခံကာ ကူညီပေးခဲ့သည်။ ထိုင်းခရီးစဉ်ကို အမှတ်ရတိုင်း ဤအရှင်တို့၏ ကျေးဇူးတရားကို သတိရ နေမိပါသည်။ ကျမ္မာချမ်းသာစွာဖြင့် လောက၊သာသနာ နှစ်ဖြာကောင်းကျိုးကို ဆောက်ရွက်နိုင်ကြ ပါစေ ဟုလည်း မကြာခဏ မေတ္တာပို့သဖြစ်သည်။ 

သိမ်မွေ့ဦး (BHU) 
(28/07/14)

No comments:

Post a Comment