ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

07/01/2015

တုန်ယင်သောလက်များ

1. စီးဆင်း ရင်ခွင် | 1/07/2015 | 2. 3. 4. 5. 6. Best Blogger Tips
     လက်နှစ်စုံလုံး တုန်ယင်နေခဲ့သည်မှာ တူညီခဲ့ကြသည်။ ပေးလှူသူ၏လက်နှင့် အလှူခံသူ၏လက်၊ အဘွားအို၏လက်နှင့် ရဟန်းပျို၏လက်။ လက်တုန်ခါမှုခြင်း တူညီနေခဲ့ကြ သော်လည်း ခံစားချက်တို့ကတော့ တူညီမနေခဲ့ကြပေ။ ခံစားချက်ကိုယ်စီဖြင့် သူတို့လက်တွေ တုန်ခါနေခဲ့ကြ၏။  


      အဘွားအို၏နာမည်မှာ ဒေါ်တင်ဖြစ်သည်၊ အသက် (၈၄)နှစ်ရှိပြီဖြစ်သော်လည်း မျက်စိမမွဲ နားမထိုင်း၊ ခါးမကိုင်း၊ ကျမ္မာရေး အထူးကောင်းမွန်၏။ အဘွားတင်၏အိမ်သို့ ရဟန်းပျို ဆွမ်းခံကြွ သည်မှာ ခြောက်နှစ်ရှိခဲ့သည်တိုင် နေ့စဉ် ဆွမ်းလောင်းဝတ်မပျက်။ တက်တက်ကြွကြွဖြင့် ကိုယ်တိုင်ချက်ပြုတ်ကာ လောင်းလှူ၏။ တစ်ခါက အရွယ်နှင့်မလိုက်အောင် ကျမ္မာသန်စွမ်းလှသော အဘွားတင်ကို ရဟန်းပျို အားကျလှသဖြင့် အမြဲသုံးစွဲသော ဆေးကို ပြောပြရန် မေးခဲ့ဘူး၏။

       ထိုအခါ အဘွားတင်က ပြုံးပြီး “တပည့်တော် အမြဲသုံးစွဲတဲ့ ဆေးကတော့ ထမင်းရေကို နံနက်တစ်ခွက်၊ ညတစ်ခွက် ဆားလေးနည်းနည်းခတ်ပြီး ပုံမှန် သောက်တာပဲဘုရား။ တပည့်တော် အသက် (၇၅)နှစ်က ကျမ္မာရေးမကောင်းဖြစ်ဖြစ်ပြီး ဆရာဝန်ကို သွားပြတော့ ဆရာဝန်က အဘွားရယ် ထမင်းရေထက် ကောင်းတဲ့ဆေးမရှိပါဘူး၊ ထမင်းရေကို ပုံမှန်သာ သောက်ပေး၊ အဘွား ကျမ္မာရေး ဒေါင်ဒေါင်မြည်သွားလိုက်မယ်လို့ ပြောတာ။ အဲဒီကတဲကစပြီး ပုံမှန်သောက်တာပဲ ဘုရား။ နောက်ပိုင်း ဘာရောဂါမှ မဖြစ်တော့ဘူး” ဟု လျှောက်ထား၏။ ရိုးရှင်းလွယ်ကူသောနည်းဖြစ်၍ အားကျအတုယူစရာ ကောင်းလှသည်။ အဘွားတင်ကဲ့သို့ ထမင်းရေသောက်ခြင်း၏အကျိုးတရားကို ရရှိစေချင်သဖြင့် ရွာရောက်သည့်အခါ ထမင်းရေသောက်ကြရန် တိုက်တွန်းဖြစ်သည်။ ရွာဓလေ့မှာကား ထမင်းကို ထင်းဖြင့်မီးမွှေးချက်ကာ ငှဲ့ရသဖြင့် ထမင်းရေရရန်လွယ်ကူသည်။ သို့သော်လည်း ရွာကလူအများစုမှာ ထမင်းရေ မသောက်ချင်ကြ၊ အနည်းစုသာ သောက်ကြသော်လည်း အများစုကား သောက်လေ့သောက်ထ မရှိကြပေ။ ထမင်းချက်စားရန် မလုံလောက်သူတို့သာ ထမင်းရည်သောက်ရသည်ဟူသော လွဲမှားသောအစွဲလေးတို့လည်း ရှိတတ်ကြပြန်သေး၏။ မြို့မှာကား ပေါင်းအိုးဖြင့် ထမင်းချက်ကြသဖြင့် ထမင်းရေရရန် အနည်းငယ် ခက်ခဲနိုင်ပေသည်။ အဘွားတင်ကို အမှတ်ရတိုင်း ထမင်းရေသောက်ခြင်း၏ အကျိုးတရားကို သတိရ မိသည်။ 

         မန်းမြေကို ကျောခိုင်းကာ မဇ္ဈိမဒေသသို့ ရဟန်းပျို ပညာသင်ထွတ်ခွါခဲ့သည်။ ထွတ်ခါနီး အဘွားတင်ထံ သွားရောက်နှုတ်ဆက်ခဲ့သည်။ ထိုအခါ အဘွားတင်၏ မျက်နှာမှာ ညိုးနွမ်းသွားသည်။ အကြောင်းမှာ နိုင်ငံရပ်ခြားသို့ ပညာသင်ကြွမည်ဖြစ်သော ဆွမ်းခံကိုယ်တော်လေးအတွက် တတ်စွမ်းသမျှ ထောက်ပံ့ချင်သည်၊ သို့သော် အဘွားတင်မှာ သဒ္ဓါတရားသာ ရှိ၍ ငွေကြေးမရှိ။ ရှိသမျှလေးတော့ လှူဒါန်းလိမ့်မည်ဟု အတွေးဖြင့် အင်္ကျီအိတ်ကပ်အတွင်းသိမ်းဆည်းထားသော ပိုက်ဆံတို့ကို ထုတ်ယူလိုက်သည်။ အိတ်ကပ်အတွင်းမှ နွမ်းကြေနေသော တစ်ထောင်တန် နှစ်ရွက် ထွတ်လာသည်။ ထိုတစ်ထောင်တန် နှစ်ရွက်ကို ရဟန်းပျိုအား လှူဒါန်းလေ၏။ ရဟန်းပျို မယူရက်ပါ။ နည်း၍ မဟုတ်သော်လည်း အဘွားတင်၏ ရှိစုမဲ့စုလေးကို မသုံးစွဲရက်ပါ။ အိမ်မီးလောင်သောကြောင့် ၀မ်းနဲပက်လက်ဖြစ်ပြီး တစ်ဘက်တစ်ထည် လွှမ်းခြုံကာ ငိုပြေးလာသော မယ်တော်ကြီးထံမှ တစ်ဘက်ကို အလှူခံသော ဆရာတော်ဦးဗုဓ်ကဲ့သို့ အလှူခံရဲသော သီလ သမာဓိ ပညာစွမ်းရည်များလည်း ရဟန်းပျိုထံ ရှိမနေသေးပါ၊ ထို့ကြောင့် ရဟန်းပျိုက ငြင်းသည်၊ အဘွားတင်က ထပ်လှူသည်။ ထပ်ကာထပ်ကာ လှူဒါန်းနေသောကြောင့် အဘွားတင်၏ သဒ္ဓါတရားကိုငဲ့ကွက်ကာ ရဟန်းပျိုလက်ခံလိုက်ရသည်။ ထိုအချိန် ကပ်လှူသူ အဘွားတင်၏ လက်ရော အလှူခံသူ ရဟန်းပျို၏ လက်ပါ တုန်တုန်ယင်ယင် ဖြစ်နေခဲ့ကြသည်။ 

     အဘွားတင်၏ မျက်လုံးမှာ မျက်ရည်တို့ ဝေ့သီနေခဲ့သည်။ လှူပြီးနောက် ပီတိသောမနဿတို့ဖြင့် ၀မ်းသာနေခြင်းမဟုတ်ပဲ လှူချင်သလောက် မလှူနိုင်လေခြင်း၊ နိုင်ငံရပ်ခြားကို ပညာရှာသွားမည့် ဦးဇင်းလေးအတွက် ထိုက်တန်အောင် မလှူနိုင်လေခြင်းဟူသော ကြေကွဲခြင်းတို့ဖြင့် ခံစားနေခဲ့သည်။ ရဟန်းပျို၏ မျက်နှာမှာလည်း ညိုးနွမ်းနေခဲ့သည်။ အဘွားတင်လှူသော လှူသော နှစ်ထောင်ကို ပြည့်စုံသူများ လှူသော နှစ်သိန်းထက် တန်ဖိုးထားမိသော်လည်း ထိုနှစ်ထောင်ကို မိမိသုံးစွဲရန် ထိုက်တန်ပါရဲ့လားဟူသော အတွေးဖြင့် စိတ်လေးနေခဲ့သည်။ သီဟိုဠ်ဝတ္ထုမှာတော့ အရှင်နာဂသေနမထေရ်သည် ဆွမ်းဒကာ သားအမိနှစ်ယောက်တို့၏ သူတို့ကိုယ်တိုင်က ဆန်ကွဲထမင်းကိုသာ ဖြစ်သလိုစားပြီး ရဟန်းတော်အတွက် ဆန်ကောင်းကို နေ့စဉ်ချက်ကာ လောင်းလှူနေကြသည်ကိုသိပြီး သံဝေဂဖြစ်ကာ အားထုတ်သဖြင့် ရဟန္တာဖြစ်ခဲ့၏။ ယခု ရဟန်းပျိုအနေဖြင့် အဘွားတင်လှူသောနှစ်ထောင်ကျပ်ကို သုံးစွဲပြီး ပညာတွေ မည်မျှရအောင် သင်ယူနိုင်မည်နည်း၊ သာသနာကို မည်မျှကျေးဇူးပြုနိုင်မည်နည်း၊ စသည် စသည် အတွေးတို့ဖြင့် စိတ်တို့သည် လေးသည်၊ ပင်ပန်းသည်၊ နွမ်းသည်။ အဘွားတင်ကို နှုတ်ဆက်ပြီးနောက် ခြေလှမ်းတို့သည် မဟာမြတ်မုနိဘုရားကြီးထံသို့ ဦးတည်လှမ်းဖြစ်ခဲ့ သည်။ မဟာမြတ်မုနိ ဘုရားကြီးအား ရွှေသင်္ကန်းနှစ်ထောင်ဖိုး ဆက်ကပ်လှူဒါန်းပြီး အဘွားတင်ကို ဦးတည်ကာ ဆုတောင်းသည်၊ မေတ္တာပို့သည်။ ထိုအခါမှ ရဟန်းပျို၏စိတ်တို့ လန်းဆန်းသွားခဲ့၏။

       နွေမိုးဆောင်းတို့ အကြိမ်ကြိမ် ကူးပြောင်းခြင်းနှင့်အတူ မဇ္ဈိမဒေသတွင် ရဟန်းပျို အသားကျခဲ့၏။ တစ်ခါတစ်ရံ အဘွားတင်ကို သတိရကာ မေတ္တာပို့ဖြစ်သော်လည်း အဆက်အသွယ် မရှိခဲ့ပေ။ ကျေးဇူးများ ခဲ့သော အဘွားတင်ကို မကြာခဏ သတိရမိ၏။ 

       ပညာရေးခရီးပြီးဆုံး၍ အမိမြေကို ပြန်ရောက်သောအခါ အဘွားတင်အိမ်သို့ အလည် သွားဖြစ်ခဲ့သည်။ အဘွားတင် သက်ရှိထင်ရှားပင် ရှိသေးပါလေစဟူသော အတွေးဖြင့် စိတ်ပူမိသည်။ အိမ်သို့ရောက်သော အခါ မြေးမြစ်တွေ သိုင်းသိုင်းဝိုင်းဝိုင်းဖြင့် အဘွားတင်ကို ကျမ္မာစွာ တွေ့ရ၍ ၀မ်းသာရသည်။ အဘွားတင် အသက်(၉၀) တင်းတင်း ပြည့်ခဲ့ပြီ။ အနည်းငယ် လေးလံသွားသည်မှ လွဲ၍ ယခင်ပုံစံအတိုင်းပင် မပြောင်းမလဲ။ ရဟန်းပျိုကို တွေ့သောအခါ အဘွားတင် ၀မ်းသာအားရ ကြိုဆို၏။ ဒီဦးဇင်းလေးလဲ ကြွမလာတော့ဘူး ဆိုပြီး သတိရနေတာဟု ရင်တွင်းစကား လျှောက်ကြား၏။ အရင်တစ်ခေါက်က မလှူနိုင်လို့ စိတ်မကောင်းဖြစ်နေတာ၊ ဦးဇင်းလေး ကြွလာရင် လှူဖို့ဆိုပြီး ချန်ထားတာ ရှိတယ်ဘုရား၊ ခုတော့ လှူဖို့ဆန္ဒပြည့်ပြီဘုရား ဟုလျှောက်ပြီး သိမ်းဆည်းထားသော အလှူငွေ တစ်သိန်းကျပ်ကို ရဟန်းပျိုအား လှူဒါန်းလေ၏။ မလှူရန် ငြင်းပယ်သော်လည်း မရ၊ ရည်မှန်းထားတာမို့ လက်ခံပါဘုရားဟု အတင်းအကြပ် လှူဒါန်းလေ၏။ ယခုလည်း အရင်တစ်ခါကဲ့သို့ပင် အဘွားတင်၏လက်ရော ရဟန်းပျို၏လက်ပါ တုန်ယင် နေခဲ့ကြပြန်သည်။ 

    အဘွားတင်၏မျက်နှာမှာ ပြုံးလျက် မျက်ရည်တို့ပင် ဝေ့သီနေ၏။ ရည်ရွယ်ထားသော အလှူပြည့်မြောက် ခဲ့ပြီဖြစ်၍ ကျေနပ်အားရရှိနေခဲ့၏။ အလှူငွေတစ်သိန်းကို ရဟန်းပျို လက်ခံရင်း သူ၏စိတ်သည် လေးလံထိုင်းမှိုင်း နောက်ကျုနေခဲ့၏။ မစားရက် မသောက်ရက်ဖြင့် ကျစ်ကျစ်ပါအောင် စုဆောင်းသိမ်းဆည်းခဲ့ရသော အဘွားတင်၏ အလှူငွေတစ်သိန်းသည် ရဟန်းပျိုအတွက် အမှန်ပင် ထိုက်တန်ပါရဲ့လားဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ ရဟန်းတစ်ပါးသည် အလှူခံထိုက်သော သံဃာအဖွဲ့ဝင်တစ်ပါးပင် ဖြစ်၏။ ထိုသို့ သမ္မုတိသံဃာစာရင်းဝင် ရဟန်းတစ်ပါးဖြစ်သော် လည်း ပြည့်စုံမှုမရှိသော အဘွားအို တစ်ယောက်၏ သဒ္ဓါထက်၍ လှူသော ထိုတစ်သိန်းကို ရဟန်းပျို မသုံးစွဲရက်ပါ။ သဒ္ဓါကိုငဲ့၍ ရဟန်းပျို အလှူခံခဲ့ရသော်လည်း ကိုယ့်ရေးကိုယ်တာကိစ္စ သုံးစွဲရန် မ၀ံ့မရဲ ဖြစ်ခဲ့ရသည်။ ထိုကြောင့် ထိုတစ်သိန်းကို မသုံးစွဲတော့ပဲ အဘွားတင် အကျိုးများစေ ရန် ကျောင်းဆောင်သစ်ဆောက်လုပ်ရာ၌ ထည့်ဝင်လှူဒါန်းခဲ့သည်။ ထို့နောက် အဘွားတင် ကျမ္မာပြီး ရာကျော်အသက်ရှည်စေရန် မေတ္တာ ပို့သဖြစ်သည်။ ထိုအခါမှ ရဟန်းပျို၏ စိတ်တို့ ပေါ့ပါးလန်းဆန်းခဲ့၏။ 

      လက်နှစ်စုံလုံး တုန်ယင်နေခဲ့သည်မှာ တူညီခဲ့ကြသည်။ ပေးလှူသူ၏လက်နှင့် အလှူခံသူ၏လက်၊ အဘွားအို၏လက်နှင့် ရဟန်းပျို၏လက်။ တုန်ခါမှုနောက်တွင် ခံစားချက်တို့ကား တူညီမနေခဲ့ကြပေ။ ၀မ်းနည်းခြင်းနှင့် ၀မ်းသာခြင်း၊ မကျေနပ်ခြင်းနှင့် ကျေနပ်ခြင်း၊ မရဲရင့်ခြင်းနှင့် ရဲရင့်ခြင်း စသည် ခံစားချက်ကိုယ်စီ ကွဲပြားခဲ့ကြသည်။ အဘွားတင်၏ ကျေးဇူးကြောင့် အလှူခံရာ၌ ရဟန်းပျိုလက်တုန်ခြင်းကို သတိထားမိခဲ့သည်။ သီလ၊ သမာဓိ၊ ပညာ ကိုယ်ခံအား မကောင်းသေး သောကြောင့် ချီးမြှောက်ရန် မ၀ံ့ရဲဘဲ တုန်လှုပ်ခဲ့၏။ တုန်ယင်သောလက်များ တည်ငြိမ်သွားရန် ကြိုးစားရအုံးမည်။ နောက်တစ်ခါ အဘွားတင်၏ အလှူကို တည်ငြိမ်သောလက်များဖြင့် လက်ခံချင်မိသည်။ 

သိမ်မွေ့ဦး (BHU) 
(2.1.15)

No comments:

Post a Comment