ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

30/01/2012

အမှတ်တရများနှင့် ဤခရီး ( ၂ )

1. စီးဆင်း ရင်ခွင် | 1/30/2012 | 2. 3. 4. 5. 6. Best Blogger Tips





    ဘတ်စ်ကားဟူ၍ ကျွန်ုပ်တို့ မြန်မာပြည် ဘတ်စ်ကားများကဲ့သို့ တိုးဝှေ့စီးရသော ဘတ်စ်ကားများမဟုတ်ပေ။ အဲယားကွန်း လုံလောက်စွာ ဖွင့်ထားပြီး မှန်လုံ နှစ်ထပ်ဘတ်စ်ကားကြီးများဖြစ်၏။ ကျွန်ုပ် အတွက် ယင်းကဲ့သို့ ကားကြီးများကို ဗွီဒီယို ထဲမှ လွဲ၍ အပြင်မှာ မြင်လည်း မမြင်ဘူး စီးလည်းမစီးဘူးပေ။ ခုမှ စတင်စီးဖူးခြင်းဖြစ်၍ အပေါ်ထပ်တွင် ကျနစွာ နေရာယူပြီး မလေး ရှု့ခင်းများကို တ၀ကြီး ခံစားပစ်လိုက်၏။  
     လမ်းများမှာ ကတ္တရာ ထူထပ်စွာ ခင်းထားပြီး ညီညာဖြောင့်ဖြူးလှ၏။ လမ်းဘေး မြင်ကွင်းများမှာလည်း ဘယ်နေရာကြည့်ကြည့် သစ်ပင်တော တောင်များဖြင့် စိမ်းစိုအုန့်ဆိုင်းနေ၏။ လမ်းဘေးတစ်လျှောက် စီတန်းလျှက်ရှိသော တောင်တန်းကြီးများ အုန်းပင်များမှာလည်း မြင်ရသူတို့ စိတ်ကို လန်းဆန်း တက်ကြွစေသည်။ မလေးရှား အစိုးရ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုကို ချီးကြူးမိသည်။ လေးစားမိပေသည်။


          မလေးစံတော်ချိန် ၂ နာရီခွဲလောက်တွင် ပီနန်မြို့သို့ ရောက်ရှိသည်။ မေတ္တာနန္ဒ ၀ိဟာရ ကျောင်းဒကာ တရုတ်ဒကာကြီးမိသားစုတို့က သူတို့၏ ကားဖြင့် လာရောက်ကြိုကြသည်။ အရှင်ဝိဇ္ဇာနန္ဒာလင်္ကာ ရ နှင့် တွေ့ဖြစ်ပြီး ၇- ရက်တရားစခန်း ဖွင့်နေသည်ကို တွေ့မြင်ရသည်။ တရားလာရောက်အားထုတ်ကြသော ဒုလ္လဘ ရဟန်းတော် ၃၇-ပါး၊ သီလရှင် ၁၁-ပါး အမျိုးသ္မီးယောဂီများ ဝေယျာဝစ္စ ပြုလုပ်နေကြသူတို့ဖြင့် စည်ကားလျှက်ရှိသည်။ တရုတ်နှစ်သစ်ကူးချိန် အလုပ်ပိတ်၍ မြန်မာ အလုပ်သမားများ စုပေါင်းကာ အားထုတ်ကြခြင်းဖြစ်သည်။ မလေးရောက်မှ အမိမြန်မာပြည် ပြန်ရောက်နေသကဲ့သို့ ခံစားမိသည်။
      ကျွန်ုပ် နယူးဒေလီ နေခဲ့စဉ် ရက်အတွင်း ရာသီဥတုမှာ အေးလွန်းလှသည်။ အနွေးထည်ကို ထူထပ်စွာ ၀တ်ဆင်ပြီး အခန်းကို အလုံပိတ်၍ အပူငွေ့ပေးစက် ဖွင့်ကာ နေရသည်။ တစ်ချို့ရက်များတွင် တစ်နေကုန် နေရောင်မမြင်လိုက်ရ။ ဆီးနှင်းများက ပိတ်ဖုံးထား၏။ မလေးရှားရောက်တော့ ရာသီဥတုက တစ်ခြားစီဖြစ်နေပေ၏။ အိုက်လွန်း ပူလွန်းသဖြင့် အဲယားကွန်းဖွင့်ကာ နေရ၏။ အေးမှာစိုး၍ လုံလောက်စွာ ယူခဲ့သော အနွေးထည် ခြုံထည်တို့ကို ခေါက်ကာ သိမ်းထားရတော့သည်။



    ဇန်န၀ါရီ ၂၈-ရက်နေ့တွင် မေတ္တာနန္ဒ ၀ိဟာရ ကျောင်းဒကာ မိသားစုက ပီနန်မြို့ အနှံ့ လိုက်ပို့ပေးသည်။ မြန်မာကျောင်းကြီးကျောင်းကိုလည်းဝင်ရောက်လေ့လာခဲ့သည်။ မြန်မာလက်ရာ သေသပ်စွာဖြင့် ဗုဒ္ဓဆင်းတုတော်ကြီးများ မဟာဗုဒ္ဓ၀င် ပြခန်းများဖြင့် စုံလင်လှသည်။ ကျောင်းဝန်းမှာ ကျယ်ဝန်းသန့်ရှင်းလှပြီး မျက်နှာချင်းဆိုင် တည်ရှိသော ထိုင်းကျောင်းထက် အများကြီး သာယာကောင်းမွန်လှသည်။ ဘုရားဖူးလာရောက်ကြသော တရုတ်ဘုရားဖူးများဖြင့် ပြည့်နက်နေပြီး မေတ္တာပို့ပေးနေကြသော မြန်မာ ရဟန်းတော်များကိုလည်း ဖူးမျှော်ခဲ့ရသည်။
     ပီနန် မြို့သည် ပင်လယ်ကမ်းဘေး ကျွန်းမြို့လေးဖြစ်၏။ ပီနန်ကျွန်းသို့ ဖြတ်ဖောက်ထားသော တံတားကြီးမှာ ရှည်လျားပြီး ခိုင်ခန့်ကောင်းမွန်လှသည်။ နောက်ထပ်တံတားတစ်စင်း အသစ် တည်ဆောက်နေသည်ကိုလဲ မြင်ခဲ့ရသည်။ ပင်လယ်ကမ်းဘေး တည်ဆောက်ထားသော မိုးထိုးတိုက်ကြီးများ၊ တိုက်ကြီးများ နောက်တွင် စိမ်းစိုညို့မှိုင်းနေသော တောင်တန်းကြီးများဖြင့် ပနံတင်လှသည်။ ပင်လယ်ကမ်းဘေး လေညှင်းခံရင်း လေအဝှေ့ တိုးခွေ့လာကြသော လှိုင်းကြက် ခွပ်ကလေးများ ကမြင်ရသူရင်ကို ခံစားမှုတစ်မျိုးဖြစ်စေသည်။ သစ်ပင်များကို ခုတ်လှဲခွင့်မပြုခြင်းက မြို့ကို ပို၍ သာယာလှပစေသည်။ တရုတ်လူမျိုး ၇၀-ရာခိုင်နှုံး နေထိုင် ကြသည်ဟု သိရသည်။ အင်္ဂလိပ်လူမျိုးများ အုပ်စိုးခဲ့ဖူး၍ ပင်လယ်ကမ်းဘေး နေရာကောင်းမှ တိုက်များမှာ အင်္ဂလိပ်လူမျိုးပိုင် နေရာအများစုဖြစ်ကြ၏။ သူတို့၏ အနုပညာလက်ရာဖြင့် တည်ဆောက်ထားသော ရှေးဟောင်းတိုက်များ ချတ်ကျောင်း ကိုများလဲ တွေ့မြင်ခဲ့ရသည်။
   လိုက်ပါပို့ဆောင်သော တရုတ်ဒကာကြီးသည် သဘောစေတနာ ကောင်းမွန် လှသည်။ ရောက်သည့်နေရာတိုင်းကို သမိုင်းချီ၍ ဂဃနဏ ရှင်းပြသည်။ သူတို့ဆောက်လုပ်လှူဒါန်း ထားသော မေတ္တာနန္ဒ၀ိဟာရကျောင်းမှာ တောင်ကုန်းစောင်းဖြစ်၍ ကျောင်းဆောင်များကို တောင်နံရံမှီကာ
ဆောက်လုပ်ထားကြသည်။ ကျောင်းဝင်းကို ၀င်လျှင်ဝင်ခြင်း သပ္ပါယ်လှစွာသော ကျောက်ဆင်းတုတော်ကြီး ကို ဖူးမျှော်ကြရသည်။ ကျောင်းနေရာသည် ဆိတ်ငြိမ်လှပြီး တရားအားထုပ်ရန် ကောင်းမွန်သော နေရာ လဲဖြစ်ပေသည်။ ကျောင်းမှ နေ၍ မြို့၏အလှတို့ကို အပေါ်ဆီးမှ လှမ်းမြင်ရသည်။

                                                             သိမ်မွေ့ဦး ( BHU )

No comments:

Post a Comment