(သာသနာတော်နှစ်၂၅၅၆-ခု ကောဇာသက္ကရာဇ်၁၃၇၄-ခု၊ခရစ်သက္ကရာဇ် ၂၀၁၂-ခု(၁၅-၁၂-၁၂) စနေနေ့ အိန္ဒိယနိုင်ငံ မဇ္စျိမဒေသ ဗာရာဏသီမြို့
B.H.Uတက္ကသိုလ်နှင့် ဆန်းစခရစ်တက္ကသိုလ်တို့ တွင် ပညာသင် ကြား နေကြသော
မြန်မာသောသတုဇနရဟန်းတော်များ၏ စာတမ်းဖတ်ပွဲတွင် ဘုရားတပည့်တော်အနေနှင့်
စာတမ်း ဖတ်ခွင့်ရသဖြင့် အင်မတန်မှ ၀မ်းမြောက်ပီတိဖြစ်ရပါသည် ဘုရား။
ဝါဆိုလပြည့်နေ့တွင် ဓမ္မစကြာရွတ်ဆိုပွဲကျင်းပ ပြုလုပ်ချိန်က
စာတမ်းဖတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု
ကြားသိရ၍သုတ မင်္ဂလာ ဖြစ်ရပါသည်ဘုရား။ ဗာရာဏသီတက္က သိုလ်နှစ်ခုမှ
သောတုဇနသံဃာအများသည် သာသနာအရေးသည်ဒို့အရေး၊ သာသနာ့တာဝန်သည်
ဒို့တာဝန်ဟူသော စိတ်ထားဖြင့် ကိုယ်ဆင်းရဲမှု-ကာယိကဒုက္ခ စိတ်ဆင်းရဲမှု-စေတ
သိကဒုက္ခများကို ပဓာနမထားကြပဲ စိတ်အားထက်သန်စွာ ကြွရောက်တော်မူလာကြတဲ့
သံဃာတော်များကို တွေ့ဆုံခွင့်ရပြီး စာတမ်းဖတ်ပွဲအထမြောက်အောင်မြင်ပါသဖြင့် ဒိဋ္ဌမင်္ဂလာဖြစ်ရပါသည်ဘုရား။
ယနေ့ သုတမင်္ဂလာ ဒိဋ္ဌမင်္ဂလာနှစ်ပါးစုံညီတဲ့နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်ဘုရား။
ဘုရားတပည့်တော် အနေနှင့် ဗဟုသုတနည်းသည်ဟုပင် ဆိုလေမလားစားတမ်းဖတ်ပွဲ ဆိုတာ ယခုအိန္ဒိယရောက်မှ သာ တွေ့ကြုံဖူးပါသည်ဘုရား။ သို့အတွက်ကြောင့် ပုထုဇဉ်ပီပီ
အမှားများပါနိုင်သည်ကို ခွင့်လွတ်တော်မူကြပါအရှင်မြတ်တို့ဘုရား။
ယနေ့စာတမ်းဖတ်ပွဲကျင်းပသည့်အတွက် အကျိုး(၃)မျိုး ရရှိလိမ့်မည်ဟု
ဘုရားတပည့်တော်ယုံကြည်ပါသည် ဘုရား။ အဲ့ဒီအကျိုးတရားတွေကတော့ -------
၁။ ခိုက်ရန်ကွဲပြားခြင်းဘေးမှကင်းလွတ်ပြီး အချင်းချင်းညီညွတ်မှုကို
ရရှိစေနိုင်ခြင်း။
၂။ အမှားအမှန်ကိုဝေဖန်ပိုင်းခြား စီစစ်သိမြင်နိုင်ကြ၍
အမှားကိုတော်လှန်ပြီး အမှန်ကိုရောက်အောင် ကျင့်ဆောင်နိုင်ခြင်း။
၃။ ဗာဟုဿစ္စမင်္ဂလာဖြစ်ထွန်း၍ ချမ်းသာကိုဆောင်ရွက်နိုင်ခြင်း။
စသောအကျိုးတရားများ ရရှိနိုင်လိမ့်မည်ဘုရား။)
တပည့်တော်လေ့လာမိသလောက် ၊သာသနာအပြား မျိုး ၃-ပါး ရှိသည်ကို ပါရာဇိကဏ်
။ဋ္ဌ။ ပ-အုပ် ၁၇-နှင့် သုတ်သီလက္ခန် ။ဋ္ဌ။ ၂၀-၌ အကျယ် ပြထားသည်။
ဆုံးမခြင်းအပြားသုံးပါးဟူ၍လည်းခေါ်ပါသည်၊
(၁) ပရိယတ္တိသာသနာ- စာပေပိဋကတ်သင်ကြားမှု၊
(၂) ပဋိပတ္တိ သာသနာ- ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု၊
(၃) ပဋိဝေဓ သာသနာ- မဂ် ဖိုလ် နိဗ္ဗာန်တရားမှန်ကို သိမှု။
သာသနာ ၃-ရပ်။ ။
ပိဋကတ်သုံးပုံကို သာသနာအားဖြင့် ၃-ရပ် ခွဲထားပါသည်။
(၁) ယထာ ပရာဓ သာသနာ- အပြစ်ရှိသူကို အပြစ်အလျောက်ဆုံးမပညတ်သော ၀ိနည်း ပိဋကတ်တော်၊
(၂) ယထာ နုလောမ သာသနာ- ထိုထို သတ္တ၀ါတို့၏အလို အဇ္ဈာသယ အားလျော်စွာ ဟောကြား ဆုံးမတော်မူအပ်သော သုတ္တန် ပိဋကတ်တော်၊
(၂) ယထာ နုလောမ သာသနာ- ထိုထို သတ္တ၀ါတို့၏အလို အဇ္ဈာသယ အားလျော်စွာ ဟောကြား ဆုံးမတော်မူအပ်သော သုတ္တန် ပိဋကတ်တော်၊
(၃) ယထာ ဓမ္မသာသနာ- အားလုံးသော ပုဂ္ဂိုလ်, သတ္တ၀ါ, ရေ, မြေ, တော,
တောင်ဟူသမျှတို့သည် ပရမတ္ထဓမ္မ အစုသာဖြစ်ရကား ရုပ် နာမ်
အားလျော်စွာဟောကြားဆုံးမတော်မူသော အဘိဓမ္မာ ပိဋကတ်တော်။
ဟူ၍ ခွဲပြထားပါသည်။
လောကမှာ သူတော်ကောင်းတရားကွယ်ပျောက်ခြင်း (ပဉ္စ၀ိဓ
အန္တရဓာန)ခေါ်တဲ့ သာသနာကွယ်ကြောင်းတရားများကိုလည်း အဂုင်္တ္တိုရ် အဋ္ဌကထာမှာ
အောက်ပါအတိုင်း ဖွင်ပြထားပါသည်။
၁။ အဓိဂမအန္တရဓာန
၂။ ပဋိပတ္တိအန္တရဓာန
၃။ ပရိယတ္တိအန္တရဓာန
၎။ လိင်္ဂအန္တရဓာန
၅။ ဓာတုအန္တရဓာန
၁။ အဓိဂမအန္တရဓာန (အဓိဂမသာသနာကွယ်ခြင်း)
မဂ်လေးပါး၊ ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊
အဘိညာဉ်ခြောက်ပါးတို့ကို အဓိဂမ သာသနာဟု ခေါ်ပါသည်။ ထိုတရားများသည်
အဆင့်ဆင့် ကွယ်ပျောက်ကြကုန်သည်။ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက်
နှစ်တစ်ထောင် အတွင်း၌သာ ပဋိသမ္ဘိဒါလေးပါးကို ရနိုင်ပါသည်။ ထိုနှစ်
ကျော်လွန်သောအခါ အဘိညာဉ်ခြောက်ပါးကိုသာ ရကြတော့သည်။ ထို့နောက်
ဝိဇ္ဇာသုံးပါးသာ ရကြတော့သည်။ ကာလကြာသော် ရဟန္တာမျှသာ ဖြစ်ကြတော့သည်။
ထိုမှ ဆင့်ကဲဆင့်ကဲ ယုတ်လျော့လာရာ အနာဂါမ်ခေတ်၊ သကဒါဂါမ်ခေတ်၊
သောတာပန်ခေတ်သို့ ရောက်သွားလေသည်။ အကြင်အခါ၌ နောက်ပိတ် ဆုံးသော သောတာပန်
သေလွန်သည်။ ထိုအခါတွင် အဓိဂမ သာသနာ ကွယ်ပျောက်လေတော့သည်။
၂။ ပဋိပတ္တိအန္တရဓာန(ပဋိပတ္တိသာသနာကွယ်ခြင်း)
သမထ ဝိပဿနာနှင့် စတုပါရိသုဒ္ဓိသီလ သည် ပဋိပတ္တိ သာသနာ ဖြစ်ပါသည်။
ထိုတရားများ ကွယ်ပျောက် ခြင်းကို ပဋိပတ္တိ သာသနာ ကွယ်သည်ဟု ခေါ်ဆိုပါသည်။
သာသနာတော် နောက်ပိုင်းသို့ ရောက်လာကြသောအခါ သဒ္ဓါဝိရိယတရားများ
ယုတ်လျော့လာသဖြင့် မဂ်ဖိုလ်ကို ရအောင် အားမထုတ်ချင်တော့ပေ။
စတုပါရိသုဒ္ဓိသီလ ကိုသာ ဖြည့်ကျင့်စောင့်စည်းကြကုန်သည်။ ကာလကြာသောအခါ
ထိုသီလကိုပင် မစောင့်စည်းကြတော့ဘဲ သိက္ခာပုဒ်များကို ငယ်ရာမှ စတင်၍ တစတစ
ကျူးလွန်လာတော့သည်။ ပါရာဇိက လေးပါးကိုသာ စောင့်စည်းကြကုန်သည်။ နောက်ဆုံး
ထိန်းသိမ်းစောင့်ရှောက်သော ရဟန်းတော်များ ကွယ်လွန်လျှင် လည်းကောင်း၊
သိက္ခာပုဒ်ဆောက်တည်ခြင်းကို ချိုးဖောက်လျှင် လည်းကောင်း ပဋိပတ္တိ
သာသနာကွယ်ပျောက်ခြင်း ဖြစ်လေတော့သည်။
၃။ ပရိယတ္တိအန္တရဓာန(ပရိယတ္တိသာသနာကွယ်ခြင်း)
ဘုရားဟော ပါဠိတော်များနှင့် အဋ္ဌကထာ စသည်တို့ကို ပရိယတ္တိသာသနာဟု ခေါ်ပါသည်။
ထိုကျမ်းစာများ ကွယ်ပျောက် ခြင်းကို ပရိယတ္တိသာသနာ ကွယ်သည်ဟု ခေါ်ပါသည်။
ဘုရားဟော ပိဋကတ်တော်များ ရှိနေသမျှ ကာလပတ်လုံး ပရိယတ္တိသာသနာ
မကွယ်နိုင်ပါ။ ကာလကြာသော ဆရာဒကာချို့ယွင်းမှုကြောင့် ပရိယတ္တိသာသနာ
စတင်ကွယ်ပျောက် လေတော့သည်။
ထိုအခါ အဘိဓမ္မာပိဋကတ် စတင်ဆုတ်ယုတ်ပါတော့သည်။ အဘိဓမ္မာ ပိဋကတ်တွင်လည်း
ပဋ္ဌာန်းက စတင်၍ ဓမ္မသင်္ဂဏီအထိ အစဉ်အတိုင်း ဆုတ်ယုတ်ပါသည်။ ထို့နောက်
အဂုင်္တ္တိုရ်၊ သံယုတ်ပါဠိတော် ဒီဃနိကာယ် အထိ ဆုတ်ယုတ်ပြီး ဒီယနိကာယ်
ကွယ်ပျောက်လျှင် သုတ္တန်ပိဋကတ်တော်နှင့် ဇာတ်တော်မျှ ကိုသာ
ဆောင်နိုင်ကြတော့ သည်။ ၀ိနည်းကို လဇ္ဇီ ရဟန်းတော်များ ဆောင်ကြသကဲ့သို့
ဇာတ်တော် ကိုလည်း လာဘ်လာဘကို အလိုရှိသော ပုဂ္ဂိုလ်များက ဆောင်ကြကုန်သည်။
ကာလကြာသော် ဇာတ်တော်ကို အာဂုံ မဆောင်နိုင် ကြတော့ဘဲ အထက်ဆုံး ဝေဿန္တရာ
ဇာတ်တော်မှစ၍ အပဏ္ဏကဇာတ်တိုင်အောင် ဆုတ်ယုတ်လာတော့သည်။ ဤသို့ဇာတ်တော် ကွယ်
ပျောက်သော် ၀ိနည်းပိဋကတ်ကိုသာဆောင်ကြတော့သည်။
ဝိနည်းဆောင် ရဟန်းတော်များ ရှိနေသဖြင့် ပရိယတ္တိသာသနာတော် တည်ရှိနေသေးသည်။
နောင်သော် ထိုရဟန်းတော်များ သဒ္ဓါ၊ သမာဓိ၊ ပညာ၊ ၀ီရိယ တရားတို့
လျော့နည်းလာကာ အထက် ပရိဝါပါဠိတော်မှစတင်၍ မဟာဝိဘင်းအဆုံးဆုတ်ယုတ်တော့သည်။
အခါတစ်ပါး၌ သဒ္ဓါတရားနှင့် ပြည့်စုံသော မင်းတစ်ပါးသည်
ဆင်ကျောက်ကုန်းပေါ် ရွှေစင်နှင့် မွှန်းခြယ်ထားသော တောင်းထဲတွင်
အသပြာထောင်ထုပ်ကို တင်ပြီး ဘုရားဟော ဂါထာတစ်ပုဒ် ရွတ်ဆိုနိုင်သူ သည်
ဤအသပြာကို ယူလော့ဟု သုံးကြိမ်တိုင်တိုင် စည်တီး၍ လှည့်လည်သည်။ ယူမည့်သူ
မရှိ၍ နန်းတော်သို့ ပြန်ပို့ရသောအခါ ပရိယတ္တိသာသနာ ကွယ်လေတော့သည်။
၎။ လိင်္ဂအန္တရဓာန(လိင်္ဂသာသနာကွယ်ခြင်း)
ရဟန်းအသွင်အပြင်ကို လိင်္ဂ ဟု ခေါ်ပါသည်။ ၀ိနည်း စည်းကမ်းများ
ချို့ယွင်းလာသဖြင့် ရဟန်း သံဃာတော် များ၏ သပိတ်၊ သင်္ကန်း သုံးစွဲပုံမှာ
ကြည်ညိုဖွယ် မရှိတော့။ ဖြစ်ကတတ်ဆန်း ဝတ်ရုံ သုံးစွဲကြကုန်သည်။ ထိုအခါ
ရဟန်း အသွင် ကွယ်ပျောက်ပြီး ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး
မှေးမှိန်သွားတဲ့အခါ သင်္ကန်းအရောင် အ၀တ်ကလေးကို လည်ပင်းမှာ ပတ်ထားရုံ၊
ဆံထိုးမှာပတ်ထားရုံမျှ မရှိကြတော့ဘဲ
ရဟန်းတော်များရဲ့အသွင်အပြင်ကွယ်ပျောက်၍ သွားတာ ကိုပင် လိင်္ဂအန္တရဓာန
လိင်္ဂသာသနာကွယ်ပျောက်ဟုခေါ်ဆိုရပါသည်။
၅။ ဓာတုအန္တရဓာန(ဓာတ်တော်ကွယ်ခြင်း)
ဓာတ်တော် ကွယ်ပျောက်ခြင်း ဆိုသည်မှာ ဓာတုပရိနိဗ္ဗာန်ပြုခြင်းကို
ခေါ်ဆိုပါသည်။ ဤနေရာတွင် ပရိနိဗ္ဗာန်ပြုခြင်း (၃)မျိုးကို ဖော်ပြရလျှင်
၁။
ကိလေသပရိနိဗ္ဗာန်ပြုခြင်း၊
၂။ ခန္ဓပရိနိဗ္ဗာန်ပြုခြင်းနဲ့
၃။ ဓာတုပရိနိဗ္ဗာန်
ပြုခြင်း တို့ပဲ ဖြစ်ပါတယ်။
ထိုသုံးမျိုးတွင် ဗောဓိပင်နှင့် ရွှေပလ္လင်ဝယ်
ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ ကိလေသာ အားလုံး
ချုပ်ငြိမ်းပျောက်ကွယ်သွား ခြင်းကို ကိလေသ
ပရိနိဗ္ဗာန်ပြုသည်ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး ကုသိနာရုံပြည် မလ္လမင်းတို့၏
အင်ကြင်းဥယျာဉ်တော်ဝယ်
စုတိကမ္မဇရုပ်များချုပ်ငြိမ်းတော်မူခြင်းသည်ခန္ဓပရိနိဗ္ဗာန်ပြုသည်ဟုခေါ်ဆိုပါသည်။
ဘုရားရှင်၏သရီရဓာတ်တော်များ အလိုအလျှောက် မီးတောက်ကာ
နောက်ဆုံးပိတ် ချုပ်ငြိမ်းကွယ်ပျောက်သွားခြင်းသည် ဓာတုပရိနိဗ္ဗာန်ပြုသည်ဟု
ခေါ်ပါသည်။ ဘုရားရှင်၏ ဓာတ်တော်များသည် မိမိတို့ တည်ရှိရာအရပ်၌
ကိုးကွယ်ပူဇော်မှု မခံရလျှင် ကိုးကွယ် ပူဇော်သူများ ရှိရာသို့ ကြွတော်မူ
ကြကုန်သည်။ ကာလကြာသော် အရပ်ဌာနအားလုံး တို့၌ ပူဇော် မြတ်နိုးမှု မရှိဘဲ
နေကုန်သည်။ ထိုသို့ အဘက်ဘက်မှ သာသနာတော် ဆုတ်ယုတ်လာသောအခါ အရပ်ရပ်မှ
ဓာတ်တော်များသည် သီဟိုဠ်ကျွန်း၌ စုပေါင်း၍
မဟာစေတီသို့ ကြွကုန်ကြလေသည်။ ထို့နောက် တစ်ဖန် နာဂဒီပကျွန်း၊
ရာဇာယတနစေတီသို့ ကြွတော်မူကုန်မည်။
ထိုမှတစ်ဖန် ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ရွှေပလ္လင်ရှိရာ အရပ်သို့
ကြွရောက်ကုန်ကြမည်။ အားလုံးသော ဓာတ်တော်တို့သည် မဟဗောဓိပလ္လင်သို့
စုပေါင်း ရောက်လာ တော်မူကြပြီး ရွှေတုံးရွှေခဲကြီး သဖွယ်ဖြစ်၍
ရောင်ခြည်တော်ခြောက်သွယ်ကို လွတ်တော်မူကြကုန်သည်။ (သုတ်ပါထေယျ၊သမ္ပသာဒနီယ)
ထို့နောက် သရီရ ဓာတ်တော်များမှ မီးထတောက်ကာ ထိုဓာတုနိမ္မိတ
ကိုယ်တော်မြတ်ကို အကြွင်းမဲ့လောင်ကျွမ်း လေမည်။ ထိုမီးညွှန့် မီးလျှံသည်
ဗြဟ္မာ့ပြည်တိုင်အောင် တက်လေသည်။ မုန်ညင်းစေ့လောက် ဓာတ်တော်လေး တစ်ဆူ
ကြွင်းကျန်နေသေးလျှင် မီးလျှံမစံသေးပေ။ ဘုရားရှင်၏ သရီရ ဓာတ်တော်များ
ကုန်ဆုံးမှသာလျှင် မီးလျှံစဲတော့သည်။
ဤသို့ဖြင့် ဓာတ်တော်များ စုဝေး၍ ကြီးကျယ်သော တန်ခိုးပြာဋိဟာကို
ပြတော်မူပြီး ဓာတ်တော်များ ကွယ်ပျောက်လေသည်။
ထိုနေရာသို့
စုဝေးရောက်လာကြသော နတ်ဗြဟ္မာ အပေါင်းတို့သည် ဘုရားရှင် ခန္ဓပရိနိဗ္ဗာန်
ပြုသောနေ့ကဲ့သို့ ပန်းနံ့သာ၊ တူရိယာ စသည်တို့ဖြင့် ပူဇော်ကာ လက်ျာရစ်
သုံးကြိမ်လှည့်ပြီး ရှိခိုး၍ နောင်အခါ ပွင့်လတ္တံ့သော ဘုရားရှင်ကို
ဖူးမျှော်ရပါစေသား ဆုများတောင်း၍ မိမိတို့၏ ဘုံဌာနသို့
ပြန်သွားကြလေတော့သည်။ ဤမှစ၍ ဓာတ်တော်သာသနာ ကွယ်ပျောက်တော့လေသည်။
ဤသို့ဖြင့် ဝေနေယျများစွာကို သနားတော်မူ၍ သဒ္ဓါတရားကို အခြေခံကာ
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး လူသာမန်ပုဂ္ဂိုလ်တို့ ပြုလုပ် ဖြည့်ကျင့်နိုင်ခဲသော
ပါရမီသုံးဆယ်၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ အရင်းခံကာ
တည်ထောင်ခဲ့သော ဘုရားရှင်၏ သာသနာတော်ကြီးသည် ကွယ်ပျောက်
ချုပ်ငြိမ်းရပါလိမ့်မည်။
သဒ္ဓမ္မသမ္မောသသုတ်တွင်လည်းသာသနာကွယ်ကြောင်းကို
အောက်ဖေါ် ပြပါ အတိုင်းဖွင့်ဆိုထားသေးပါသည်။
၁။ ရဟန်းများ တရားမနာခြင်း
၂။ စာမသင်ခြင်း
၃။ နှုတ်တက်အာဂုံ မဆောင်ခြင်း
၎။ သိအောင် မကြံစည်ခြင်း
၅။ ဓမ္မာနုဓမ္မကို မကျင့်ကြံခြင်း
(တစ်နည်း)
၁။ စာမသင်ခြင်း
၂။ တရားကို အကျယ်မဟောခြင်း
၃။ စာကို အကျယ်မပို့ချခြင်း
၎။ စာကို အကျယ်မပြန်ဆိုခြင်း
၅။ အနက်အဓိပ္ပာယ်ကို မကြံစည်ခြင်း
(တစ်နည်း)
၁။ အက္ခရာပုဒ်ပျက်တို့ဖြင့် သင်ယူခြင်း
၂။ အပြောအဆို ခက်ခဲခြင်း
၃။ စာချပုဂ္ဂိုလ်များ ရှားပါးခြင်း
၎။ လာဘ်ပေါများအောင် အားထုတ်ခြင်း
၅။ ခိုက်ရန်များ၍ သံဃာကွဲပြားခြင်း တို့ဖြစ်ပါသည်။
ပရိယတ္တိမေ၀ သာသနဿ မူလံ ပရိယတ္တိသည်သာလျှင် သာသနာတော်၏မူလအရင်းမြစ်ဟု
မိန့်ဆိုချက်ရှိသည်နှင့်အညီ ပရိယတ္တိသာသနာဆက်စပ်၍
ဆွေးနွေးတင်ပြချင်ပါသေးသည်။ ပရိယတ္တိ အန္တရဓာန
ပရိယတ္တိသာသနာကွယ်ခြင်းဆိုရာမှာ စာချန်းကြီးများခြားပါးလာခြင်း
အကြောင်းတရားက အဓိကပါဝင်နေသည်ကိုတွေ့ရှိရပါသည်။ အချို့အရပ်ဒေသတွင်
စာသင်တိုက် တည်ထောင်ပြီး သာသနာပြုလိုကြသော်လည်း
စာချဘုန်းကြီးမရှိသည့်အတွက် မဖြစ်မြောက်ကြပါ။ တပည့်တော်ကိုယ်
တွေ့ ဆရာတော်တစ်ပါးဆိုလျှင် စာသင်တိုက်ဖြစ်ချင်လို့ လခပေးပြီး
စာချဘုန်ကြီးလိုက် ပင့်ရာ တောမြို့ လေးဖြစ်နေ၍ စာချမည့်ပုဂ္ဂိုလ်တွေ
လိုက်ချင်သူမရှိပေ။ အိန္ဒိယနိုင်ငံမှာ ပညာသင်ကြားနေသော သံဃာတော်
၅၀၀ကျော်ရှိသည့်အနက် ၂၀၀ကျော်သည် နယ်ပယ်သီးသီးမှာ စာချပေးခဲ့ဖူးသောရဟန်း
တော်များဖြစ်ကြသည့်အလျောက် မိမိတို့ရယူလိုသောဘွဲ့ထူးဂုဏ်ထူးတွေ
ရရှိပြီးလျှင် အင်္ဂလိပ်စာနှင့် တွဲဖက်၍
ပရိယတ္တိစာပေးကိုသင်ကြားပေးနိုင်လျှင် အင်မတန်အကျိုးများနိုင်သည်ကို
အရှင်မြတ်တို့ သိရှိပြီးဖြစ်ပါသည်။
သံဃ မဟာနာယက ပညာရေးအဖွဲ့ငယ်
ချမှတ်ထားသောပြဋ္ဌာန်းစာများအပြင် အခြားဗဟုသုတရနိုင်သော စာများကိုလည်း
တွဲဖက်ပြီး သင်ကြားပေးသင့်ပါသည်ဘုရား။ ယခုခေတ် သာမဏေငယ်များအချို့သည်
ဗုဒ္ဓ၏ဖြစ်စဉ်အကြောင်းအရာများကိုပင် သိရှိသူနည်းလှပါသည်။ ဒါကြောင့်
ဗုဒ္ဓ၀င်အကျဉ်းကိုလည်း ပြဋ္ဌာန်းပေးသင့်သည်ဟုထင်မိပါသည်။ အချို့သာမဏေငယ်
ရဟန်းငယ်များ သည်လည်း အနက်တေးပြီးသားစာအုပ်များကိုကိုင်ဆောင်၍
ပုဒ်ဖြတ်ပုဒ်စပ်များမှားကာ ကျက်မှတ်နေ ကြသည်ကိုလည်းတွေ့ရှိနေရပါသည်။
အနက်တေးစာအုပ်များကို အနက်ဥာဏ်ရင့်သန်သော ပုဒ်ဖြတ် ပုဒ်စပ်နားလည်နိုင်သော
ပထမလတ်တန်းလောက်အဆင့်ရောက်မှသာလျှင် ကိုင်ဆောင် ခွင့်ပြုမည် ဆိုလျှင်
အင်မတန်မှသင့်လျှော်လှပါသည်ဘုရား။ အခြေပြုတန်းများတွင် စာဝါနည်းသည့်အတွက်
အခြားဗဟုသုတနှင့် ဗုဒ္ဓ၀င်များကိုပြဋ္ဌာန်းပေးနိုင်လျှင် သာမဏေများ
ကိုယ့်ဘာသာအကြောင်း အခြားသူမေး လာပါကကောင်းစွာရှင်ပြနိုင်ပါမည်။
“လောဓမ်အဋ္ဌ သဘာဝကြောင့် ဂေါတမဘုန်းခေါင် သာသနာရောင်လည်း မပြောင်မရွန်း
အမှောင် သန်းခဲ့”ဟု ဆီးဗန်းနီဆရာတော် မိန့်မှာတော်မူခဲ့သည့်သြ၀ါဒအတိုင်း
တပည့်တော်တို့သာသနာ တော် ဟာလည်း “ခေါက်ရှာငှက်ပျံ၊ ခင်ပုတ်ပျံနှင်၊့
ဘုတ်ပျံ ရှုးပျံ လောကဓံဟု ထုံစံတရား ဤရှစ်ပါးကား၊ ပိုင်းခြားလူမှာ
မမြဲစွာတည်း ” (မန်လည်ဆရာတော်) ဆိုသည့်တိုင်းဖြစ်နေပါသည်။
ဒါကြောင့် သာသနာတည်တံ့ရေးအတွက် တပည့်တော်တို့ရဲ့
ကျေးဇူးတော်ရှင်မြတ်စွာဘုရား၏ ၀ိနည်းပိဋ ကတ်တော်လာ သြ၀ါဒကထာတို့ကို
ရိုသေလေးစား သတိပြု၍ လိုက်နာကြပါလျှင် တပည့် တော်တို့သာသနာတော်ဟာ အမြဲ
သန့်ရှင်းစင်ကြယ် တောက်ပနေမည်မှာအရှင်မြတ် သိတော်မူပြီးဖြစ် ပါသည်။
ဆရာတော်သံဃာတော်မြတ်များကလည်း ဂန္ထဓုရ ၀ိပဿနာ ဓုရကိုဖြည့်ကျင်နေကြလျှင်
သာသနာတည်တံ့နိုင်ပြီး ဒီဃနိကာယ်၊ ပါထိက၀ဂ် သိင်္ဂါလောဝါရမှာပါသည့်အတိုင်း
အတိကျဆောင် ရွက်ပေးမည်ဆိုလျှင် သာသနာတော်ပြန့်ပွားလာပါမည်။
ယခုအခါ ရှေးရိုးကြီးအတိုင်း မိမိထံပူဇော်လာတဲ့သူတွေကိုသာ
တရားဟောနေရုံမျှနဲ့ မပြီးသေးပါ။ တရားတော်ကို
အိမ်တိုင်းအိမ်တိုင်းရောက်အောင် ပို့နိုင်မှသာလျှင်
မြတ်စွာဘုရားဟောကြားသော တရားစစ်တရားမှန်ကို သိနားလည်ကြမှာဖြစ်ပါသည်။
ယခုအခါ မိရိုးဖလာဗုဒ္ဓဘာသာများသည်ပင် ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်မျှ
မသိသူတွေအင်မတန်မှများလှနေပါပြီ။ ဒီအတွက်ကြောင့် အခြေခံကစပြီး
အဆင့်ဆင့်နားလည်အောင် အိပ်ပေါက်စေ့ သာသနာပြုရနအချိန်ဖြစ်နေပါပြီ
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ကြီးရွတ်နေရုံမပြီးပဲ
တကယ်လုပ်ဆောင်မှာသာလျှင်သာသနာမကွယ်ပျောက်ပဲ တည်တံ့လာ မည်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်ဘုရား။
တိဏ္ဏောဘာသ(ဥူး)
ဆန်းစခရစ်တက္ကသိုလ်
No comments:
Post a Comment