ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

21/12/2012

ပညာတတ်တစ်ယောက်၏ တန်ဘိုး

1. စီးဆင်း ရင်ခွင် | 12/21/2012 | 2. 3. 4. 5. 6. Best Blogger Tips
        ပညာဟူသော ဝေါဟာရမှာ မြန်မာစာပေနယ်ပယ်မှ များစွာ အသုံးပြုခဲ့ကြ၊ အတိတ်ခေတ်များကပင် တွင်ကျယ်ခဲ့ကြသောကြောင့် မြန်မာဝေါဟာရကဲ့သို့ဖြစ်နေကြသည်။ လူအများ နားလည်းသော အဓိပ္ပါယ်မှာ ငယ်စဉ်မှတက္ကသိုလ်အထိဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံပညာ ဘာသာရပ်များကို ကျောင်းဆရာ၊ ဆရာမတို့မှ တပည့်ကျောင်းသားများကို စာသင်ခန်းထဲမှာ သင်ပြ ပို့ချပေးချက်များ ဟု ဖြစ်ပေသည်။ ပညာဟူသည် ကျောင်း ကျောင်းစာများ နှင့် မကင်းနိုင်ပါ ဆရာ ဆရာမများ နှင့် သက်ဆိုင်လေ့ရှိရာ ဤအနက် အဓိပ္ပါယ် ပေါ်လွင်စေပါသည်။ ပါဠိ အဋ္ဌက ထာကျမ်းဂန်များ၌ ပ+ပ်ဥာ (ဥာ)ဓာတ်၊ ပါရှိသည်။ (ပ)ကရှေ့ဆက် ပစ္စည်းဖြစ်၍ ထူးထူး ခြားခြား အနက် အများအပြားမှုရှိနေသလို(ဥာ)ဓာတ်က သိခြင်း၊ နားလည်ခြင်း၊ ခံယူခြင်းတို့ကို ထွန်းပြ သည်။ ထို့ကြောင့် အသိတစ်ခုခု ပညာရပ် ဘာသာရပ် အတတ် တစ်ခုခုကိုကွဲကွဲ ပြားပြားစုံလင်စွာ တတ်သိ နားလည်၍ သဘောပေါက် ခြင်းကို ပညာဟူ၍ ဆိုကြသည်။  

 

          ပညာသမာ အာဘာနတ္ထိ၊ ပညာနှင့်တူသော (ဝါ) ယှဉ်ပြိုင်နိုင်သော အလင်းရောင် ဟူ၍ လောကမှာ မရှိဟု သံယုတ်ပါဠိတော်မှာ မြတ်စွာဘုရား ဟောတော်မူသည်။ သို့ဖြစ်ရာ နယ်ပယ် ကျဉ်းကျဉ်းမယူဆဘဲ မည်သည့် အသိပညာ အတတ်ပညာမဆို (၁) အပြစ်ကင်းလျှင် (၂) လက်တွေ့အသုံးချအကျိုးပြုလျှင် (၃) အများချမ်းသာကောင်းကျိုး ပြုနိုင်လျှင် ပညာပင်ခေါ်ရ သည်။ ကျောင်းစာတက္ကသိုလ်စာသာမက- ဘဝပညာ သဘာဝတ္တ ပညာစရဏ သိက္ခာဂုဏ်ရည်တို့ကို ပညာဟု အနက်အဓိပ္ပါယ် ရရှိပေသည်။ 

       ယခုအခါ ပညာတတ် တစ်ယောက်ဆိုတာ ဘာလဲ ဘယ်သူလဲ။ ပညာတက် တစ်ယောက် ဖြစ်ပုံအင်္ဂါရပ် Factors, qualities, components တွေက ဘာလဲ ဆက်လက် စဉ်းစား စီစစ် ရပေ လိမ့်မည်။ အများအားဖြင့် (B.A,M.A,PhD,M.Sc,B.Sc) ဘွဲ့များရယူထားလျှင် ပညာတတ်ဟု သတ်မှတ်လေ့ရှိကြသည်။ လောကထုံးစံအများ၏ အမှန်အရ ဤသို့ပင် ယူဆထားသင့်ပါသည်။ ပညာရွှေအိုး လူမခိုး။ ပညာသာလျှင် လူ၏ ဂုဏ်၊ ပညာတတ်မှအောက်မကျ ဟူသော စကားပုံများလည်းရှိရာ မှန်တတ်ပါသည်။ လူကြီး ဆရာ မိဘများကလည်း ဥစ္စာရဖို့ထက် ပညာရဖို့ကို ပိုမိုအရေးထားပြီးကာ - ဥစ္စာ ဟူသည် မျက်လှည့်မျိုး ပညာဟူသည် မြတ်ရွှေအိုး - ဟု မှာကြား သတိပေးလေ့ရှိရာ လူငယ် လူလက် လူကြီး အားလုံးလိုက်နာရမည်သာ ဖြစ်ပါသည်။ ပညာသင်ကြားခြင်းမှာ ရွှေအိုးမြုပ်ရသလို Human Resource လူသား၏ စစ်မှန်သော အရင်းအမြစ်ဖြစ်ပေသည်။ 

         ထို့ကြောင့် နိုင်ငံတိုင်းမှာပင် (Information Age Knowledge and Science, Science and Technology) ဟုခံယူနားလည်ကြပြီး အသိဥာဏ် ဗဟုသုတ ကြွယ်ဝစေရန် ပညာရပ်များကို အချင်းချင်း Fax,Telex,IDD, Computer ,Informationsystem များအရ သိပ္ပံ နှင့် နည်းပညာပိုမို ထွန်းကားအောင် ကြိုးပမ်းလျက် ရှိကြပေသည်၊ ဆက်သွယ်ရေးသွားလာမှု့ပိုမိုလျှင်မြန်ကောင်းမွန် လွယ်ကူလာမှု့ကြောင့် (GlobalVillage) ကမ္ဘာ့ရွာကြီး တစ်စုတစ်စည်းတည်း ဖြစ်နေပြီး ဟု သမိုင်းဆရာများမှ ပြောဆိုနေကြသည်။ ပဏ္ဍိတနဉ္စသေဝနာ ဟု မင်္ဂလာသုတ်တွင် ဘုရားရှင် ဟောကြားတော်မူခဲ့သည် အတိုင်း ပညာရှိ နှင့် ဆက်ဆံပေါင်းသင်းခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပေသည်၊ (၃၈) ဖြာ မင်္ဂလာ တရားတော်ထဲ တွင် ပေါင်းသင်းအပ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မင်္ဂလာတရားတော် စာရင်းထဲမှာ ထည့်သွင်းထားသော ပဏ္ဍိတသည် ပေါင်းသင်းဆက်ဆံထိုက် ဆည်းကပ်ထိုက်သင့်သောဂုဏ် အင်္ဂါများနှင့် ညီညွတ်ပြည့်စုံဘို့ လိုသည်၊ ပဏ္ဍိတကို ပညာရှိဟူ၍ အနက် မြန်မာပြန်ဆိုထားပေ သည်။ 

       ပညာရှိဟူသော စကားလုံး၌ ပညာသည် လောက်ီပညာ လောကုတ္တရာပညာ နှစ်မျိုးလုံး နှင့် သက်ဆိုင်ပေသည်။ လောကီပညာသည် လူ့လောက၌ အသုံးပြုသော စာပေကျမ်းဂန်များ ၌ ဖော်ပြထားသော အသိပညာဘာသာရပ် အမျိုးမျိုးဖြစ်ပေသည် ၊ လောကုတ္တရာ ပညာသည် ဗုဒ္ဓစာ ပေကျမ်းဂန်များ၌ ဓမ္မ နှင့် ပတ်သက်ပြီး လိုက်နာ ကျင့်သုံးရန် ညွှန်ကြား ပြောပြထားသော အသိပညာများဖြစ်ကြသည်။ 

        ပညာရှိဟူသော စကားလုံး၌ ပညာသည် လောကီ လောကုတ္တရာ ပညာနှစ်ခုလုံးနှင့် ဆက်နွယ်နေရသောကြောင့် ယင်းပညာများကို သူ့အတိုင်အတာနှင့် သူရရှိထား သော အရည် အချည်းတို့ကို ပညာရှိ ပညာတက်ဟု ခေါ်ထိုက်သင့်ပါသည်။ သို့ရာတွင် တကယ့်ပညာရှိ ဖြစ်ဖို့ရန် အတွက် မိမိတို့ တတ်မြောက်ထားသော ပညာကို ပြည့်သူအတွက် အသုံးချဘို့ လိုအပ်သင့်သည်။ ကြက်တူရွေး စကားပြောတတ်သလို ကြက်တူရွေး စာဖတ်တတ်သလို စာအုပ်ထဲတွင်ရေးထားသော စာများကို ဖတ်ရုံ သိရုံမျှနှင့် မလွယ်ပေ။ ပညာ တက် အဆင့်ရောက်ဖို့ရန် အတွက် အတွေး အခေါ်ရှိဖို့လိုသည်။ မိမိတတ်သိထားသော ပညာရပ် သည်ပြည်သူ့အတွက်ဖြစ်ရမည်။ ရွှေစစ်မစစ်မှတ်ကျောက်တင်မှ အဖြေထွက်သလို ပညာရှိ၏ ပညာသည်လည်း ပြည်သူ့အကျိုးပြု မှတ်ကျောက်တင်ကြည့်ပြီး အဖြေထွက်မှသာလျှင် ပညာစစ် ပညာမှန်ဖြစ်နိုင်ပေသည်။ ပညာစစ် ပညာမှန် မဟုတ်သော ပညာကို ပညာဟုခေါ်နေကြသော် လည်း ပညာအတုအရောင်သာဖြစ်သည်။ ထိုနည်းအတိုင်းပင် ပညာအတုရှိသော ပုဂ္ဂိုလ်သည်လည်း ပညာရှိအတုသာ ဖြစ်မည်။ ပညာစစ် ပညာမှန် ရှိမှသာ ပညာရှိအစစ် ဖြစ်နိုင်သည်။ 

       ပညာရှိအစစ်နှင့် ပညာရှိအတုကို ခြားနားထားသော တံတိုင်းများရှိသည်။ ယင်းတံတိုင်းများထဲမှ တစ်ခုမှာ ပညာရှိအတုသည် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လုပ်ခြင်းကိုတွေ့ရလေသည်၊ ပညာရှိအစစ်က နှိမ့်ချနေပြီး ပညာရှိအတုက ဦးမော့လျှက်ရှိသည်။ လောက၌ မျက်မြင်ကိုယ်တွေ့ အရလည်း ပညာရှိအစစ်သည် အရိပ်ကွယ်ရာ၌နေပြီး ပညာရှိအတုက ရှေ့တန်းထွက်၍ လူလုံးပြနေသည်ကို မကြာခဏတွေ့ရတတ်သည်။ ဗူးတောင်နစ် လို ဇောင်ကြမ်းပေါ်ဆိုသည့် စကားမှာပညာရှိအစစ် နှင့် အတုကိုခွဲခြား ပြောပြထားသော စကားဖြစ်သည်။ ရှေ့တန်း ထွက်ပြီးရပ်နေပြသော ပညာရှိအတု များသည်၊ လူပိန်းများအမြင် ၌ ခေတ်စားချင်စားနေ မည်ဖြစ်သော်လည်း အကဲဖြတ်တတ်သူများ၏ အ မြင်မှာမူ သိက္ခာမဲ့ သူစာရင်း ၀င်အဖြစ်သာ အကဲဖြတ်ခြင်းခံရသည်။ ပညာရှိအစစ်ကို မူ မှောင်ထဲတွင်အ ရိပ်ခိုနေသောာလည်း အကဲဖြတ်တတ် သူများက လူပုံအလယ်ဆွဲခေါ်လာလိမ့်မည်။ 
        မည်သည့်ခေတ် မည်သည့်လူမှုအဖွဲ့အစည်းမှာမဆို ပညာသင်ကြားမှု ရှိစမြဲဖြစ်သည်။ လူ့အဖွဲ့ အစည်းတိုင်းတွင် ပညာသင်ကြားမှုရှိသည်ဆိုသော်လည်း အတိုင်းအတာ ပမာဏချင်း ကွာခြားကြပါသည်၊ ရှေးက ရှိနှင့်သည့် အမဲလိုက်သူ သစ်ဥသစ်ဖုရှာကြသော အဖွဲ့စည်းများ၌ ပညာ သင်ကြားမှုသည်ရိုး စင်းလွယ်ကူသည်။ ကလေးများသည် မိသားစု သို့မဟုတ် အုပ်စုနှင့်အတူ လိုက်ပါရင်းသားကောင်းကြီးငယ်များ ရှာဖွေဖမ်းဆီးသောအတတ် စားကောင်းသောသစ်ဥ သစ်ဖုတို့ကို ရှာဖွေတူးဆွသော် အတတ်တိုကို သင်မှန်းမသိ သင်ယူတတ်မြောက်ကြသည်။ သူတို့အဖို့ မိဘတို့သည်ဆရာပင်ဖြစ်ခဲ့ကြသည်။ အတတ်ပညာတိုးတက်ကျယ်ဝန်းလာပြီ လူဦးရေလည်း ထူထပ်များပြားလာသော လူအဖွဲ့အစည်း များ၌ ပညာသင်ကြားပေးကြသော အလုပ်ကိုအထူးပြုလုပ်ကိုင်သည့် ဆရာ ဆရာမများနှင့် စာ သင်ကျောင်းများပေါ်ပေါက်လာသည်။ ယနေ့ခေတ်ကာလ၌ ကမ္ဘာ့နိုင်ငံအများ အပြား၌ပင် လူတိုင်း လူတိုင်း အနိမ့်ဆုံး အသက်(၁၈)နှစ် လောက်အထိတော့ ပညာသင်ကြားသင့်သည်ဟူသော ခံယူမှု မျိုးရှိလာကြသည်အထိ ပညာရေး၏ အခန်းကဏ္ဍ ကြီးမားခဲ့ပြီဖြစ်သည်။ 

      လူအဖွဲ့အစည်းအတွင်း ပညာရေးဆိုသော အခြင်းအရာ ပေါ်လွင်လာသည့် အချိန်မှစတင်ကာ၊ ယင်းနှင့်စပ်လျဉ်း၍ရူထောင့် ဖုံဖုံမှ သုံးသပ်ပြောဆိုမှုများ ရှိလာခဲ့သည်။ အမေရိကန် ပညာရေးသမားတစ်ဦးဖြစ်သူ ဟော်ရေစ်မန်း (Horace Mann 1769-1859) ပြောခဲ့သော စကားတစ်ခွန်းက အောက်ပါအတိုင်းဖြစ်သည်။ A human being is not, in any proper sense, a human being till he is educated. တကယ့်အစစ်အမှန် သဘောပြောကြမည် ဆိုလျှင် လူတစ်ယောက်သည် ပညာတတ်မြောက်ပြီး မှသာတကယ်အရည်မှီသောသူ၊ လူဟူ၍ ထိုက်ထိုက်တန်တန်ခေါ်ဆိုလောက်သူဖြစ်သည်။ သည်သဘောကိုပင် အင်္ဂလိပ်အက်ဆေး ဆရာ ဂျိုးဇက် အက်ဒီဆင် (Joeseph Addison1672-1719) က ယခုလိုတင်စားရေးဖွဲ့ဆို၍ပြောပြသည်။ What sculpture is to a block of match, education is to the human soul? The Philosopher, the saint, the hero, the wise, and the good, of the great, very often lie hid and concealed in a plebeian, which a proper education might have disinterred and brought to light. ပန်းပုဆရာသည် ကျောက်တုံးအပြင်သားကို ခွာပြီး သူ့စက္ခုအာရုံတွင် မြင်ယောင်တည်ရှိနေ သည့် ပန်းပုရုပ်ကိုဖော် ထုတ်ယူသကဲ့သို့ သင့်တင့်လျှောက်ပတ်သော ပညာရေးသည်လည်း သာမန်လူတယောက်၏ ကိုယ်ထဲတွင် ပုန်းခိုကိန်းအောင်းနေသည့် တွေးခေါ်ရှင်၊ သူတော်စင် လူစွမ်းကောင်း၊ ပညာရှိ၊ လူကောင်းလူမွန်၊ ဧရာမပုဂ္ဂိုလ်ကျော် စသည်များကို မြုပ်နေရမှ ဖော်တူး ကာ အလင်းရောင်အောက်သို့ ပို့ဆောင်းပေးပေသည်။ လူသားအရိုင်းသည် ပညာနှင့်ပေါင်းစပ်မှ တန်းဘိုးရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာနိုင်သည် ဟု သူဆိုလိုသည်။ အထက်က ပုဂ္ဂိုလ်နှစ် ယောက်လုံးပင် ပညာရေး၏ တန်ဘိုးတို့ကို အလေးထား ပြောဆိုနေကြသည်။ 

        ပညာရေးဟူသည် နှင့် စပ်လျဉ်း၍ ဖွင့်ဆိုမှုများပြုလုပ်ကြသကဲ့သို့ ပညာသင်ကြားခြင်း၏ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်သင့်သည်၊ လူငယ်လေးများအား ပညာသင်ကြားပေးရာတွင်မည် သို့သော် ဦးတည်ချက်မျိုးထားရှိသင့်သည် ဟူ၍ စဉ်းစားဝေဖန်ပြောဆိုမှုများလည်း အများအပြားရှိ သည်။ အမေရိကန် စာပေပညာရှင်တစ်ဦးဖြစ်သူ ထရိုင်ယွန်အက်ဒဝပ်(စ်) 1809-94 က The great end of education is, to discipline rather than to furnish the mind, to train it to the use of its own powers, rather than fill it with the accumulations of others. ပညာရေး၏ ပဓာနရည်မှန်းချက်သည် ပညာသင်ယူသူ၏ စိတ် (ဦးနှောက်)ထဲသို့ အချက်အလက် များဖြည့်တင်းပေးရန် ထက်သူ့အား စည်းစနစ်ပေး လေ့ကျင့်ရန်အတွက်သာဖြစ်သည်။ ဟုဆိုသည်။ အများပြည်သူတို့ ပညာတတ်ရန် အရေးကြီးပုံအကြောင်းနှင့်စပ်လျဉ်း၍ ဂျာမန်လူမျိုး ပြုပြင်ပြောင်း လဲရေး သမားကြီး မာတင်လူသာ 1483-1546 က လည်း- The prosperity of a country depends, not on the abundance of its revenues, nor on the strength of its fortifications, not on the beauty of its public buildings: but it consists in the numbers of tits cultivated citizens, in its men of education. Enlightenment and character. တိုင်းပြည်တစ်ပြည်ရဲ ဖွံဖြိုးစည်ပင်မှုဟာ အခွန်ဘဏ္ဍာပေါများကြွယ် ဝမှုပေါ်မူတည်တာ မဟုတ်ပေ၊ ရဲတပ်ကြီးခံတပ်ကြီး တောင့်တင်းခိုင်မာမှုပေါ်မှာလည်းမတည်ပေ။ မြို့ပြတိုက်တာ အဆောက် အဦးတွေရဲ့လှပခမ်းနားမှုပေါ်မှာလည်း တည်တာမဟုတ်ပေ။ အဲ့ဒီတိုင်းပြည်မှာ ယဉ်ကျေးတတ် ကျွမ်းတဲ့ နိုင်ငံသားတွေ ဘယ်လောက်ရှိသလဲ ပညာတတ်သော၊ ဥာဏ်အမြင်ပွင့်လင်းသော ဖြောင့်မတ်တည်ကြည်သော ပုဂ္ဂိုလ်တွေ ဘယ်လောက်များရှိသလဲ ဆိုတဲ့ အချက်ပေါ်မှာသာ မူတည်တယ်ဟူ၍ ဆိုခဲ့သည်။ 

       အင်္ဂလိပ်လူမျိုး လူမှုပြုပြင်ရေးသမားကြီး ဂျွန်ရပ်စကင်း1819-1900 က Education is the leading of human souls to what is best, and making what is best out of them; and these two objects are always attainable together, and by the same means. The training which makes men happiest in them also makes them most service able to others. ပညာသင်ကြားခြင်းဟူသည် လူ့နုလုံးသားကို အကောင်းဆုံးအရာများဆီသို့ လမ်းပြခေါ် ဆောင်သွားခြင်း၊ ထို့နောက် ထိုနုလုံးသားများအား အကောင်းဆုံးအနေအထားများ ဖြစ်ပေါ်လာ အောင် ဖန်တီးပေးခြင်းဖြစ်သည်။ အဆိုပါ ဦးတည်ချက် နှစ်ရပ်လုံးသည် တစ်ခုတည်းသောနည်း လမ်းဖြင့်ပင် တစ်ပြိုင်နက်ရရှိနိုင်သော အရာများဖြစ်သည်။ လူတို့အား မိမိကိုယ်တိုင် အတွက် စိတ်ချမ်းသာမှုအများဆုံး ရရှိစေသည့် ထိုလေ့ကျင့် သင်ကြားမှုသည် မိမိသူတပါး အတွက် အများဆုံး အသုံးဝင် အကျိုးပြုနိုင်သူများ ဖြစ်လာစေသည် ဟု ရှင်းလင်းပြောဆိုခဲ့သည်။ ပညာတတ်ဟူသည် မည်သို့ပညာသင်ယူရမည် ကို သင်ယူတတ်မြောက်ပြီးသူ၊ (An educated person is one who has learnt how to learn) ဟူသော အနက်ကောက် ရှိပါသည်။ ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်အရ ကျောင်းမနေရသော်လည်း ကျောင်းပြင်ပ ပညာရေး (informaleducation) နှင့်တတ်မြောက်သူကို လည်း ပညာတတ်များတွင် ထည့်နိုင်သည်။ မည်သည့် ပုဂ္ဂိုလ်မျိုးကို ပညာတတ်ဟုခေါ်ဆိုနိုင် ကြောင်း အကဲဖြတ် မှတ်ချက်ပေးသော အဆိုအမိန့်တစ်ခုကို ဖော်ပြလိုပါသည်။ 

     ပညာတတ်ဟူ သည် ကျောင်းသင်ခန်းစာများကို ကျေညက်ရုံသာမက အခြားမည်သို့သော အရည်အချင်း အစွမ်း သတ္တိများပါရှိအပ်ကြောင်း ၊ အမေရိကန်ပညာရေးသုတေသီနစ်ကလတ်(စ်)လတ္တလာ 2862-1947 ကပြောကြားခဲ့ပါသည် ။ ဘတ္တလာက-There are five testes of the evidence –correctness and prediction in the use of the mother tongue; refined and gentle manners, the results of fixed habits of thought and action; sound standards of appreciation of beauty and of worth, and a character based on these standards; power and habit of reflection; efficiency or the power to do. ပညာတက်ဖြစ်ကြောင်း မှတ်ကျောက်တင်နိုင်သည့် ထင်ရှားသော လက္ခဏာ(၅)ရပ် ရှိသည်။ 
    ယင်းတို့မှာ မိခင်ဘာသာစကားတို့ကို တိကျမှန်ကန်စွာ သုံးစွဲတတ်ခြင်း၊ ကျင့်သားရနေ သော တွေ့အကြုံနှင့် အလုပ်ကိုဆောင်ရွတ်ပုံတို့ကို အခြေခံ၍ ဖြစ်ပေါ်လာသည့် ရည်မွန်သိမ်းမွေ့ သော အမူအရာရှိခြင်း၊ အလှရသနှင့် တန်ဘိုးအဆင့်အတန်းတို့ကို မှန်ကန်စွာ ဝေဖန်ပိုင်ခြားသိမြင် နိုင်စွမ်းရှိခြင်းနှင့် ယင်စံနှုန်းတန်ဘိုး အဆင့်အတန်းတို့ကို အခြခံသည့် စိတ်ဓာတ်စရိုက်ရှိခြင်း၊ ပြန် လည်း သုံးသပ်ဆင်ခြင်နိုင်သော စွမ်းအားနှင့် ယင်းသို့ သပ်ဆင်ခြင်တက်သည့် အလေ့အထရှိခြင်း ကိစ္စရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်သော အရည်အချင်း သို့မဟုတ် စွမ်းရည်သတ္တိ ရှိခြင်းစသည်တို့ဖြစ်သည်ဟူ၍ ဆိုခဲ့ပါသည် ။ ပညာတတ်တစ်ယောက်ဖြစ်လျှင်(Academic) အရဖြစ်စေ၊ ပင်ကိုယ်ဝါသနာ စေတနာ အလုပ်သဘောအရ ဖြစ်စေ (Professional) လုပ်ငန်းအရဖြစ်စေ၊ တန်ဘိုးထားရ၏။ တန်ဘိုး (value) ဟူသည်အဘယ်နည်း၊ (၁) ထိုက်ထိုက်တန်တန်ဖြစ်နေခြင်း၊ သင့်တင့်ကောင်းမွန်စွာအ ဆင်ရှိရခြင်း၊ (၂) လူများစုမြတ်နိုးလိုလားရယူ အရေးထားသောအရာ၊ အလုပ်၊ အဆင့်၊ အယူဝါဒ၊ ယုံကြည်ချက်ကို တန်ဘိုး (value) ဟုအနက်အဓိပ္ပါယ်ဖော်ရာ (subjectiveindividual) တစ်ဦးချင်း၏မူဝါဒမဟုတ် (objective) လူအများတွက်မူဝါဒထားရှိရသော၊ အကျိုးရှိသော လက်တွေ့ကျသောကိစ္စကိုသာ တန် ဘိုးဟုသတ်မှတ်ရမည်။ အားလုံးတွက်ထားရမည့် တန်ဘိုးမှာ ကာယ၊ ၀ိဇ္ဇာ၊ ဥာဏ၊ ဘောဂ၊ မိတ္တ၊ စိတ္တဟူသောဗလ ငါးတန်တန်ဘိုးကြီး (၅) ခုတို့ကိုဆိုလိုပါသည်။ ကျန်းမာရေးသည် တန်ဘိုး၊ စိတ်ဓာတ်ကြံခိုင်သမာဓိ ရှိသည်တန်ဘိုး၊ ဗဟုသတများပြီး ဥာဏ်အသိအမြော်မြင်မူ ထက်မြက်ခြင်းသည်တန်ဘိုး၊ ပေါင်း သင်းဆက်ဆံမူလည်းတန်ဘိုး၊ အကျင့် စရဏကောင်းမွန်မူလည်း တန်ဘိုးဟူ၍ သိရပါသည်။ ပညာသည် တန်ဘိုးရှိသောကြောင့် ပညာကို ရယူပိုင်ဆိုင်ထားသော ပညာတတ်သည်လည်း တန်ဘိုးရှိပါသည် ။ 

        နိဂုံးချုပ်ပြောရလျှင်…ပညာရဲ့တန်ဘိုးဆိုတာ သို့မဟုတ်သဘောတူထားပြီး ပြောရင် ပညာတတ်တစ်ယောက်ရဲ့တန်ဘိုးဆိုတာ လူအဖွဲ့အစည်းကို လူသားတို့ရဲ့ အမြင့်ဆုံး တန်ဘိုးများဖြစ်တဲ့ တရားမျှတခြင်း လွတ်လပ်ခြင်း ငြိမ်းချမ်းခြင်း ခွင့်တူညီမျှရခြင်း ဖြူစင်ခြင်းတွေနဲ့ပြည့်စုံအောင် တည်ဆောက်ထူထောင်ရာမှာ ပညာတတ်တယောက်အနေနဲ့ ဘယ်လောက် ဘယ်ပုံ ဘယ်နည်း ပါဝင်နိုင်တယ် ။ ပါဝင်တယ်ဆိုတဲ့ အပေါ်မှာ မူတည်ပါကြောင်း-- 

          ကျမ်းကိုး--------- စာရေးဆရာပါရဂူ ၊ ဦးဟန်ဌေး (သုတေသန) မောင်ခင်မင်း (ဓနုဖြူ) ၊ဖေမြင့်၊----- ပညာတတ်တစ်ယောက်၏တန်ဘိုး---- မြန်မာဖိုရမ်မိသားစု--- ဧပြီလ-၂၀၀၉။ 
 အရှင်သုန္ဒရ (Research Scholar) 
A.I.H.C & Archaeology Deptt, 
BHU,Varanasi, India 

No comments:

Post a Comment