ဘ၀အမောတွေ ပြေစေဖို့အတွက် စီးဆင်းရင်ခွင်မှာ နေ့စဉ် စီးဆင်းကြစို့လား.....။

28/12/2012

ပါဠိစာပေ နှင့် သင်ကြားနည်းစနစ်

1. စီးဆင်း ရင်ခွင် | 12/28/2012 | 2. 3. 4. 5. 6. Best Blogger Tips
    “အမျိုးသားပညာရေးအစ…ဘုန်းတော်ကြီးကျောင်းက”…ဟူ၍ဆိုရိုးစကား သမိုင်းများ ရှိခဲ့ကြသ ကဲ့သို့…ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်သည် ဟိုတောကြိုအုံကြား ရပ်/ ရွာများမှ မြို့နယ်တိုက်ကြား ရွှေနန်းတော်များအထိ ခရီးပေါက်မြောက်ခဲ့ပေသည်။ ထိုဘုန်းတော်ကြီး  သင်ပညာရေးစနစ်သည် အမိမြန်မာပြည်ကြီး သူ့ကျွန်ဘဝကိုလိုနီ နယ်ချဲ့အောက် ကျရောက်သည်မှစ၍ တစတစနှင့်အနှိမ်နင်းခံ နင်းကြမ်းဘဝသို့ ရောက်မှန်းမသိ ရောက်ရှိသွားကာ ပစ္စုပ္ပန် မျက်မှောက် ကျောင်းတော်ကြီး၏ ခေါင်းလောင်းသံသည်ကား….တိတ် ဆိတ်ငြိမ်သက်ခြင်းကို အဖော်ပြုပြီး အနာဂါတ်၏ရင်သွေးငယ်များအတွက် တာဝန်မဲ့သယောင် ယောင် အသွင်ဆောင်၍နေ ခဲ့လေပြီတကား………။ 

      ယင်းကဲ့သို့ အနှိမ်ခံနင်းကြမ်းဘဝသို့ ကျရောက်သွားခြင်း၏အကြောင်းရင်းမှာ…ဘာသန္တရစာပေများကို အားပေးမှုနည်းသောရှေးဆရာများ၏ရှေးရိုးစဉ်လာ ပညာသင်ကြားရေးနည်း စနစ်ကို မပြောင်း လဲလိုခြင်း….လောကီနှင့်လောကုတ္တရာကိုမရောထွေးခြင်း…ဟူသောအကြောင်း တရားနှစ်ရပ်ကို ယေဘုယျ အားဖြင့် ရှုမြင်သုံးသပ်တွေ့ရှိပေသည်။

 

        ရှေးရိုးစဉ်လာပညာသင်ကြားရေးနည်းစနစ်ကို မကောင်းဘူးဟူ၍ကား မဆိုလိုပေ… ကောင်းပါပေ၏။ သို့သော် ခေတ်ရေစီးကြောင်း၏တောင်းဆိုမှုနှင့်ကား…အနည်းငယ်ကွဲလွဲနေပေ၏။ ထို့ကြောင့် ရှေးနည်း ကိုလည်းမပယ်…ခေတ်ရေစီး၏တောင်းဆိုမှုကိုလည်း လျက်လျူမရှုပဲ အ သစ်နှင့်အဟောင်းပေါင်းစပ် ကာ ကောင်းမွန်သောနည်းစနစ်“ စံမူ”တစ်ခုကို သင်ကြားရေးလမ်း မပေါ်တွင် ခြေချခွင့်ပေး သင့်ပြီဟူ၍ထင်မြင်ယူဆမိပါတော့သည်။
      လောကီနှင့်လောကုတ္တရာ မရောထွေးစေလိုခြင်းဟူသောရှေးဆရာများ၏အစွဲတရား သည်ကား…သောတုဇနများအတွက် အသိဥာဏ်ကို အမှောင်ချခြင်းခံရသကဲ့သို့ဖြစ်စေခဲ့ပါသည်။ ထိုအစွဲတရားသည် ဆရာအရှင်တို့၏ ကိုယ်သန္တာန်တွင်ပင် ရပ်တန့်မနေပဲ လူပုဂ္ဂိုလ်များသို့ပင် ကူး ဆက်ဝင်ရောက်ကာ ရဟန်းတော်များ ဘာသန္တရစာပေများကို လိုက်စားသင်ယူကြလျှင်…ယခုပင် လူထွက်သွားမတတ် အတွေးစောင်းပြီး အမြင်ကျဉ်းကာ တွေးထင်တတ်ကြပေ၏။ ယင်းအတွေး လွန်…အမြင်ဆွေးများကြောင့် မြန်မာရဟန်းတော်များသည် အမြင်မဆန်း တစ်ဖက်ကန်းကာလုံးစုံ မမြင်နိုင်သောကြောင့်…ကမ္ဘာ့အလယ်ရဲ့ ထိုင်ခုံများမှာ နောက်ဆုံးကသာလျှင် ထိုင်ရခဲ့ပေါင်းများ ခဲ့ပါပြီ….။ 

      မြင်သောတစ်ဖက်မူလည်း…အမြင်ရှင်းကာကြည်လင်သလားအတွေးများဖြင့် ဆန်းစစ် ဝေဖန် သုံးသပ်ပြန်သော်….ကျွန်ုပ်ကိုယ်တိုင်ပင် သဒ္ဒါဉာဏ်မွဲ…အမြင်တွေဆင်းရဲနေတယ်ဆိုတာ ဝမ်းနည်းစွာပင် သိလိုက်ရပေသည်။ အကြောင်းမူ….ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ သင်အံ ကျက်မှတ်လေ့လာခဲ့ရသောပါဠိစာပေဘာသာစကားကို ဒူးတွေ့နဖူးတွေ့ ပြောကြစတမ်းဆိုလျှင် ခပ်ရေးရေးပင် ပြော ဆိုနိုင်/ရေးနိုင်ခြင်း မရှိသည်မှာ ဒုတိယအကြိမ်ဝမ်းနည်းခြင်းပင်ဖြစ်ပေသည်။ အင်္ဂလိပ်စာသင်ကြားပုံနည်းစနစ်မှာကား……

 (verb)တစ်လုံးကိုတွေ့ရုံနှင့်ဝါကျတစ် ကြောင်းကိုလက်တန်းပြောနိုင်ဆိုနိုင်-ရေးသားနိုင်ခြင်းမှာ…သင်ကြားပုံ နည်းစနစ်ကြောင့်ဟုထင် မြင်ယူဆမိပါသည်။ရဟန်းလောကသားတို့၏ဒုတိယအဆင့်(ဒီဂရီ)အဖြစ်  သတ်မှတ်ခံထားရသော (စာချတန်း)ဓမ္မာစရိယ အောင်မြင်ပြီးသည့်တိုင် ပါဠိစာပေ/ပါဠိစကားကို လက်တန်းမပြောဆိုနိုင် ကြခြင်းမှာ သင်ကြားနည်းစနစ်လိုအပ်ချက်ကြောင့်ဟုမှတ်ချက်ချရပေမည် ဖြစ်ပါသည်။ 

  ရဟန်းတော်များ၏ပါဠိပထမပြန်စာမေးပွဲများ၌လည်းဆန်း/အလင်္ကာ/အဘိဓါန်စာ ဝါများပြဌာန်းမည့် အစားဓမ္မပဒ/ဇာတကနိပါတ်နှင့် ပါဠိစကားပြောအခန်းကဏ္ဍများကို ထည့်သွင်း ပြဌာန်းသွားပါလျှင် ရဟန်းလောကသားတို့အတွက်ပို၍ ကျေးဇူးအကျိုးများမည်ဟုထင်ပါသည်….။ ဥပမာ=တောင်မြို့-မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး-စီရင်ရေးသားတော်မူခဲ့သော… “ပါဠိ+သိက္ခာ”..စာအုပ်ငယ်သည် ပါဠိစာပေစကားပြောကိုသင်ကြားရာ၌အခြေခံအုဌ်မြစ်တစ်ခု အဖြစ်အသုံးဝင်လှပေသည်။ယင်းနောက်-နာဂလှိုဏ်ဂူဆရာတော်ဘဒ္ဒန္တဇာဂရာဘိဝံသ၏ “ပါဠိ စကားပြောလေ့လာနည်း” စာအုပ် သည်လည်းပါဠိစာပေလောကမှာကျင်လည်နေကြသော ရဟန်း တော်များအတွက် အမှီပြုအသုံးဝင်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပေသည်။
     ဘုန်းတော်ကြီးပညာသင်ကျောင်းတော်များ၏ ခေတ်ရေစီးကြောင်းတောင်းဆိုမှုကို လက်လှမ်းမကြိုဆို ဥပေက္ခာပြုခြင်းကြောင့်…အရိပ်နားခို-ကျောင်းတော်ပျော်သည့် ကျောင်းသား/ သာမဏေနှင့်ရဟန်းတော် များသည် ကျောင်းခေါ်ခေါင်းလောင်းသံနှင့်အတူလွင့်မျောပျောက် ကွယ်ကာ…ဘာသန္တရစာပေများကို သင်ကြားပေးနေသော…ဘာသန္တရကျောင်းတော်များရှိရာသို့ သူ့ထက်ငါ့လျှင်-အသော့နှင်ကာ ပြေး သွားနေကြလေပြီ…….။ 

   ဘာသန္တရကျောင်းတော်များသို့ မျှော်လင့်ချက်ကိုယ်စီဖြင့် လှမ်းကြွနေကြသော အနှီ သောတု ဇနတို့၏ခြေအစုံကို ရပ်တန့်စေခြင်းငှာ တခုတည်းသော အကြောင်းတရားသည်ကား…. အသစ်နှင့်အဟောင်းပေါင်းစပ်ကာ(ပါဠိနှင့်အင်္ဂလိပ်စာပေါင်းစပ်ကာ)ကောင်းမွန်သော… စံမူ..တရပ်ကို စာသင်တိုက်ကြီးများ၌ မျိုးစေ့ချအကောင်အထည်ဖော်ရန် ချိန်ခါသင့်မြတ်နေပြီ ဟု ယူဆမိပါသည်။ အသစ်နှင့်အဟောင်းပေါင်းစပ်ပြီး ကောင်းမွန်သော စံမူတရပ်ကိုချမှတ်ရာ တွင်အင်္ဂလိပ်စာနှင့်ပတ်သက်၍ကား သင်ကြားပုံနည်းစနစ်ကို အထူးမပြောလိုစေကာမူ….ပါဠိ စာပေကို သင်ကြားရာ၌ အနည်းငယ်မျှ အကြံပြုလိုပါသည်….။ 

         ယင်းပါဠိစာပေကိုလေ့လာသင်ကြား၌“philological”ခေါ်ဘာသာဗေဒ(သဘာဝ. နိရုတ္တိနည်း)ဖြင့် သင်ကြားပေးလျှင် ကာလတိုအချိန်တွင်းမှာ နားလည်တတ်မြောက်နိုင်ပြီး ကမ္ဘာ့ ပညာရေးလောက အလယ်မှာ ပညာရဲရင့်-ပွဲလည်တင့်စေနိုင်ပါသည်။ယင်းဘာသာဗေဒနည်းဖြင့် သင်ကြားနည်းစနစ်ကို ရန်ကုန်/မန္တလေး(န.ပ.သ)တက္ကသိုလ်များနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ကြီး၌ပင်သင်ကြားပို့ချအသုံးပြုနေပြီဖြစ်ပါသည်။ 

   ယင်းအပြည်ပြည်ဆိုင်ရာထေရဝါဒတက္ကသိုလ်ကြီးသို့ ပညာရင်နို့ သောက်စို့နိုင်ရန် ပြည်ပမှရောက် ရှိလာကြသော နိုင်ငံခြားသားရဟန်းတော်များနှင့်သီလရှင်များအား သဒ္ဒါကျမ်းဆိုင် ရာ ပါဠိစာပေများကိုသင်ကြားပေးရာ၌….ပြည်တွင်းရဟန်းတော်များနှင့် သီလရှင်းများကို သင်ကြား သကဲ့သို့. .ပုဗ္ဗ…ဝိယောဇယေ။သရာသရေ လောပံ။ နယေပရံ ယုတ္တေ…စသည်ဖြင့်သုတ်စဉ်များ ရွတ်ဆိုစေပြီး ခွင်း/ချေ/ကပ်-ပြုလုပ်ကာသင်ကြား၍ကားမရနိုင်ပါ…။   

    ထို့ကြောင့်…ပြည်ပရဟန်းတော်များနှင့်သီလရှင်များအား ပါဠိဆိုင်ရာသင်ကြားရာ၌ တွေ့ကြုံရ သည့်အခက်အခဲကိုကျော်လွားဖြေရှင်းနိုင်ရန်တခုတည်းသောဖြေရှင်းနည်းမှာပါဠိစာ ပေကိုဘာသာဗေဒ (သဘာဝ.နိရုတ္တိနည်း)ဖြင့် ချဉ်းကပ်လေ့လာသင်ကြားနည်းပင်ဖြစ်ပါသည်။ 

   ယင်းသို့ ပါဠိဘာသာကို ချဉ်းကပ်လေ့လာရာ၌ ပါဠိပုဒ်များကိုရုပ်တွက်ရာတွင် သက္ကတပုဒ်များကို မူတည်၍ ဘာသာဗေဒနည်းဖြင့် ရုပ်တွက်သွားလျှင် တိကျမှန်ကန်သော ပါဠိပုဒ်ပြီး/ရုပ်ပြီးများကို ရရှိမည်ဖြစ်ပါသည်။ ပါဠိဆိုင်ရာသဒ္ဒါကျမ်းကြီးများ/အဖွင့်ဋီကာကျမ်းများထဲပါ တစ်ကျမ်းနှင့်တစ်ကျမ်းအ လွန်ကွဲလွဲနေသော ရုပ်တွက်နည်းများကိုကြည့်ရှု၍ ခေါင်းရှုပ်မခံရတော့ပဲ သဒ္ဒါအတွက်အချိန်တွေ ပေးရ ခြင်းမှ အလွန်ပင်သက်သာသွားမည်ဖြစ်ပါသည်။ ပါဠိပုဒ်များကိုရုပ်တွက်ရာ၌ သက္ကတပုဒ် များကို..မူတည်၍..ဟုဆိုစကားရှိလေသောကြောင့် သက္ကတဘာသာ၌ အသုံးပြုသည့်သရများကို အနည်းငယ်တင်ပြသွားမည်ဖြစ်ပါသည်။သက္ကတဘာသာ၌အသုံးပြုသည့်သရများမှာ ( ၁၄ ) လုံးရှိပါသည်။ ယင်းတို့မှာ….“a,ā/ i,ī/ u,ū/ṛ,ṝ/lṛ,lṝ /(မူလသရ)”။e/o(ဂုဏသရ)။ai/au(ဝုဒ္ဓိ သရ)တို့ဖြစ်ကြပါသည်။ ((စကားချပ်=ယင်းသရတို့ကို..အ/အာ။ဣ/ဤ။ဥ/ဦ။ရိ/ရီ။လရိ/ လရီ(မူလသရ)။ဧ/သြ။(ဂုဏသရ)။အဣ/ အဥ (ဝုဒ္ဓိသရ)တို့ဟူ၍ ဖတ်ကြပါကုန်))။ 
(၁) ။ မူလ သရ(၁၀)လုံး တွင်- i.ī သည်‘y’= ယ သို့၎င်း ၊‘u.ū’ သည်‘v’=(ဝ)သို့၎င်း၊ ṛ.ṝ-သည်‘r’=(ရ)သို့၎င်း၊ lṛ.lṝ သည်‘ l ’=(လ)သို့၎င်းပြောင်းသွားတတ်၏။ (ထို့ကြောင့် ယ.ဝ.ရ.လ-တို့သည်ဆိုင်ရာသရတို့မှ ပြောင်းလဲလာသည့်ဗျည်းများဖြစ်၍-ဗျည်းအ စစ်မဟုတ်ဟုမှတ်ရာ၏)။ 
(၂)။ ‘ i –ī ’သည်‘e’သို့၎င်း၊‘u.ū’သည်‘o’သို့၎င်း၊‘ṛ.ṝ ’သည်‘ar’သို့၎င်း၊‘lṛ.lṝ ’သည် ‘al’သို့၎င်း ဂုဏသရအဆင့်သို့တိုးချဲ့ပြောင်းသွားတတ်၏။(ထို့ကြောင့် ဗျည်းမဖက်သရသက်သက် ဖြစ်သော‘e/o’တို့ကိုသာဂုဏသရဟုခေါ်ဆို၏)။ 
(၃) ။ တဖန်- ‘e’သည်‘ai’သို့၎င်း၊‘o’သည်‘au’သို့၎င်း၊‘ar’သည်‘ār’သို့၎င်း၊‘al’သည် ‘āl’သို့၎င်း-ဝုဒ္ဓိသရအဆင့်သို့ထပ်တိုးချဲ့၍ပြောင်းသွားတတ်၏။(ထိုတွင်-ဗျည်းမဖက်သရသက် သက်ဖြစ်သော‘ai/au’တို့ကိုသာ ဝုဒ္ဓိသရဟုမှတ်ယူရမည်)။

ဤသို့လျှင်…. 
(၁) ။ မူလသရမှ ဂုဏသရသို့၊ ဂုဏသရမှ ဝုဒ္ဓိသရသို့ တိုးချဲ့ပြောင်းသွားတတ်ပုံကို၎င်း။
 (၂) ။ ဝုဒ္ဓိသရမှ ဂုဏသရသို့၊ ဂုဏသရမှ မူလသရသို့ နောက်ပြန်ကျုံ့၍ပြောင်းတတ်ပုံကို၎င်း၊ 
(၃) ။ တဖန်- ‘a.ā’သရမှတစ်ပါးသော မူလသရ-၄-စုံမှ‘y.v.r.l ’ဗျည်းတု-၄လုံးသို့၎င်း၊‘e/o’မှ ‘ay/av’သို့၎င်း၊‘ai/au’ မှ‘āy/āv’သို့ပြောင်းသွားတတ်ပုံကို၎င်း နားလည်ထားရမည်ဖြစ်ပေ သည်။ စကားလုံးတို့မှ ဓာတ်တို့ကိုထုတ်နုတ်တီထွင်-ကြံဆရာတွင် အာချာတ်ပုဒ်နှင့်ကိတ်ပုဒ် (၂)မျိုးလုံးကိုထောက်ရှု့၍တစ်မျိုးမျိုး၌ မူလသရပါနေလျှင်-ထိုပုဒ်တို့၏ဓာတ်မှာ မူလသရနှင့်သာ ထားရှိရပေမည်။(ဥပမာ)= “karoti, kṛta,(pāli=kata)”စသည်တို့၌‘ṛ’ပါရှိနေသဖြင့် ထိုပုဒ်တို့ ၏ဓာတ်ကို‘√kṛ ’ဟုယူရာ၏။ ထို့အတူ-nayati,neti,nīta,nayana-စသည်တို့၌‘ī ’ ပါရှိနေသ ဖြင့် ထိုဓာတ်တို့၏ပုဒ်ကို‘√nī ’ဟုယူရာ၏။ Bhavati,bhoti,bhūta,-စသည်တို့၌‘ū ’ပါရှိနေသဖြင့် ထိုပုဒ်တို့၏ဓာတ်ကို‘√bhū’ ဟုယူရာ၏။‘jayati,jeti’-စသည်တို့၌‘ I ’ပါရှိနေသဖြင့် ထိုပုဒ်တို့၏ဓာတ်ကို‘√ji ’ ဓာတ်ဟု ယူရာ၏။‘ravati,ruta,ravana’-စသည်တို့၌‘u’ ပါရှိနေသဖြင့် ထိုပုဒ်တို့၏ဓာတ်ကို‘√ru’ဓာတ် ဟုယူရာ၏။ သို့ရာတွင်- ‘sevati,sevita,sevana’-စသည်တို့၌ မူလသရလုံးဝမပါရှိပဲ-‘e’ဂုဏသ ရသာပါရှိသဖြင့် ယင်းဓာတ်ကို‘√sev’ဟုကြံဆတီထွင်ရာ၏။ 

     အားလုံးသော အာချာတ်ပုဒ်၊ကိတ်ပုဒ်၊ရိုးရိုးနာမ်ပုဒ်တို့ကို ဓာတ်များမှထုတ်နုတ်ယူ အပ်၏-ဟူသော သက္ကတဘာသာ၏“ဘာသာဗေဒ” မူအရ….. 
(၁) ။ ဓာတ်များထဲမှာပါရှိသော မူလသရများကို ချဲ့၍ ပစ္စည်း,ဝိဘတ်များဆက်လိုက်လျှင် အာ ချာတ်ပုဒ်၊ကိတ်ပုဒ်၊နာမ်ပုဒ်တွေဖြစ်လာပေ၏။တဖန်-ထိုပစ္စည်း,ဝိဘတ်များကိုဖယ်ထုတ်၍ ချဲ့ ထားသည့် သရများကို မူလသရသို့ ပြန်ကျုံ့လိုက်လျှင် မူရင်းဖြစ်သည့်ဓာတ်များကို ပြန်ရရှိပေ မည်။ ဥပမာ= √nī>ne>ay+a+ti=nayati။ √nī>ne>ay+ana=nayana။ √Bhū>bho>bhav+a+ti=bhavati။
 (၂) ။ တဖန်-nayati-မှ‘a+ti’ကိုဖယ်ထုတ်‘naya’မှ‘ay’ကို မူလသရသို့ ပြန်ကျုံ့လိုက်လျှင် √nī-ဓာတ်ကိုရရှိပေသည်။ထို့အတူ-bhavati-မှ-a+ti-ဖယ်ထုတ်၍‘bhav’မှ‘av’ကို မူလသ ရသို့ ပြန်ကျုံ့လိုက်လျှင် √bhū-ဓာတ်ကိုရရှိပေသည်။ ဤသို့အားဖြင့် အလွန်စနစ်ကျလှသော ဓာတ်မှပုဒ်သို့/ပုဒ်မှဓါတ်သို့(ရှေ့တိုး နောက် ဆုတ်)လွန်းပြန်ပြောင်းလဲသွားပုံကို နားလည်ထားရပေ သည်။ဤသည်ကား….ပါဠိဘာသာစာပေ ကို သက္ကတနယ်ပယ်ထဲဝင်၍ ဘာသာဗေဒ ရှုထောင့်မှ ချဉ်းကပ်လေ့လာနည်းကို အမြွက်မျှတင်ပြ ဆွေးနွေးခြင်းသာဖြစ်ပါသည်။ 

  အချုပ်အားဖြင့်ဆိုရသော်…ပါဠိနယ်ပယ်မှာ နှစ်ရှည်လများ လေ့လာကျက်မှတ်သင်ယူ နေကြရသော်လည်း ပါဠိဘာသာကို ကောင်းစွာလိမ္မာ ကျွမ်းကျင်ခြင်းမရှိရကား ၊ ပါဠိမှ-မြန်မာ/ မြန်မာမှ-ပါဠိသို့ လွယ်လင့်တကူမကူးခတ်နိုင်သော ဘဝတူသောတုဇနများသို့ အကျိုးများမည်အ ထင်ရှိ၍ ခေတ်ကာလ၏နည်းစနစ်တခုကို မျှဝေလိုက်ရခြင်းသာဖြစ်ပါသည်။ အကျိုးလို၍- အကြံ ပြုလိုသည်မှာ… နာမ်ဂိုဏ်း/အာချာတ်ကြိယာဂိုဏ်းစဉ်တွေကိုသာ အရကျက်မှတ်စေပြီး…ကိတ်ပုဒ် တည်ဆောက်ပုံကိုနားလည်အောင် သင်ကြားပေးပြီးနောက်-ပါဠိဝါကျများကို မြန်မာသို့ပြန်စေခြင်း /မြန်မာဝါကျများကို ပါဠိသို့ပြန်ဆိုစေခြင်း-ပါဠိဘာသာဖြင့် ရေးနည်း-ပြောနည်းတွေကို လက်တွေ့ များများ လေ့ကျင့်ပေးရန်အကြံပြုလိုက်ပါသည်။ ယင်းသို့ပါဠိဘာသာကို သင်ကြားပေးပြီးနောက် တဆင့်တက်၍ ပါဠိဘာသာနှင့်ဘာ သာမျိုးရိုးတူကာ သဒ္ဒါစည်းကမ်းတိကျတင်းကျပ်လှသော သက္ကဘာသာကိုခေတ်မှီနည်းစနစ်ဖြစ် သော ဘာသာဗေဒ(သဘာဝ.နိရုတ္တိ)နည်းဖြင့် ပါဠိ+သက္ကတနှိင်းယှဉ်လေ့လာသင်ကြားခြင်းဟူ သော နှစ်လမ်းသွားနည်းစနစ်ဖြင့်“သင်ကြားပုံ-စံမူ’’ကိုဖော်ဆောင်ကျင့်သုံးသွားကြလျှင်.ကမ္ဘာ ကြီးသည် ငါတို့နှင့်မဆိုင်သလိုငြိမ်သက်တိတ်ဆိတ်ခြင်းကို အဖော်ပြုနေကြရသော , ဆယ်စုနှစ် များစွာတို့၏ဥပေက္ခာပြုခြင်းကိုခံစားရလျက်…ဝိညာဉ် ကင်းပြတ်လုနီးနီးဖြစ်နေကြရှာသောဘုန်း တော်ကြီးကျောင်းများ၏ အနာဂါတ်ခေါင်းလောင်း သံသည်ကား….မြန်မာမှသည်…ကမ္ဘာသို့၊ ကမ္ဘာ မှသည်…လောကသားတို့အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး ဓမ္မတေးတစ်ပုဒ်အသွင်ဆောင်ကာ ပျံ့နှံ့ သွားပေလိမ့်မည်…ဟူ၍ တင်ပြယင်း ဤစာတမ်းကို နိဂုံးချုပ်အပ်ပါတော့သည်ဘုရား……..။

းးးအနေရိုး၍-အမြင်ဆန်းသစ်နိုင်ကြပါစေးးးးးး 
 အရှင်ဥာဏောဘာသ ( M.A) 
ဆန်စကရစ် တက္ကသိုလ်
 ဗာရာဏသီ။

 (ကျမ်းကိုး=ဆရာကြီးဦးမြင့်ဆွေ-၏သက္ကတ-သဒ္ဒါကျမ်းကိုမှီငြမ်းပါသည်။)

No comments:

Post a Comment